မိစ္ဆာနတ်ဘုရားသားတော် vs လင်းထျန်း (၁)
Vol. 7 Ch. 90
ချီဖုန်းမှာ စိတ်ထဲတွင် ချီးကျူးလိုက်ပြီးနောက် ဆိုလိုက်သည်။
“လူကြီးမင်းတို့... ပါရမီရှင်တိုက်ပွဲကြီး စတင်ပြီ... လုပ်ငန်းစဉ်အတိုင်း စနစ်တကျ ဆောင်ရွက်ကြပါ…’’
ချီဖုန်း၏ အသံမှာ ကြီးမားပြီး သဘာဝအတိုင်း ဂုဏ်သိက္ခာရှိသော ခံစားမှုတစ်ခု ပါဝင်သဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်ကို တုန်လှုပ်စေသည်။
“ကျောင်းအုပ်ကြီးချီ... ကျွန်တော်တို့ နားလည်ပါပြီ…’’
ရှိနေသော ကျင့်ကြံသူအားလုံးမှာ ချီဖုန်းကို ကျယ်လောင်စွာ ပြန်ဖြေလိုက်ကြသည်။
“ကောင်းကင်ပါရမီရှင်စာရင်း ပထမ... ငါတို့ ယာယီ မတိုက်ခိုက်နိုင်သေးမှတော့ ပါရမီရှင်တိုက်ပွဲကြီး ပထမအဆင့်ရဲ့ ရလဒ်ကို ယှဉ်ပြိုင်ကြရင် ဘယ်လိုလဲ…’’
မိစ္ဆာနတ်ဘုရားသားတော်က လင်းထျန်းကို ကြည့်၍ ဤသို့ ဆိုလိုက်သည်။
သူသည် "ကောင်းကင်ပါရမီရှင်စာရင်း ပထမ" ဟူသော စကားလုံးများကို အထူးတလည် လေးနက်စွာ ဆိုလိုက်ပြီး သိသာထင်ရှားစွာပင် လှောင်ပြောင်ခြင်း၊ မထီမဲ့မြင်ပြုခြင်းများ ပါဝင်နေသည်။
“ဖြစ်တယ်..’’. လင်းထျန်းမှာ တစ်ဖက်လူကို နက်ရှိုင်းစွာ တစ်ချက်ကြည့်၍ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
စကားသံဆုံးသည်နှင့် နှစ်ဦးသားမှာ ထိုနေရာမှ တိုက်ရိုက် ပျောက်ကွယ်သွားပြီး အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ နတ်ဘုရားကျောင်းတော်ထဲမှ စမ်းသပ်မှု သုံးခုဆီသို့ ပျံသန်းသွားကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ ကျင့်ကြံသူအပေါင်းမှာ လိုက်ပါသွားကြပြီး ဤနှစ်ဦး၏ ယှဉ်ပြိုင်မှုတွင် မည်သူ အောင်နိုင်မည်ကို ကြည့်ရှုလိုကြသည်။
နှစ်ဦးသားမှာ ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်အဆင့် ဖြစ်တည်မှုများဖြစ်ကြပြီး တစ်ဦးမှာ အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်း၏ ပထမဖြစ်ကာ အခြားတစ်ဦးမှာမူ မိစ္ဆာနတ်ဘုရားနန်းတော်၏ ဆက်ခံသူဖြစ်နိုင်ခြေ အလွန်များသည်။
နှစ်ဦးသား၏ တိုက်ပွဲကို အခြားကျင့်ကြံသူများမှာလည်း သဘာဝအတိုင်း ကြည့်ရှုသူအဖြစ် နေလိုကြသည်။
နှစ်ဦးသား၏ အရှိန်အဝါမှာ အလွန် အားကောင်းပြီး သက်တူရွယ်တူများထက် များစွာ သာလွန်ကာ ကောင်းကင်တက်လှေကားအောက်တွင် ဖြည်းညင်းစွာ ဆင်းသက်လာကြသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် လေပြင်းနှစ်ခု ဖြစ်ပေါ်လာပြီး မူလက အောက်တွင် တန်းစီစောင့်ဆိုင်းနေသော ကျင့်ကြံသူများမှာ နှစ်ဦးသားအတွက် လမ်းဖွင့်ပေးလိုက်ကြသည်။
“ထိပ်တန်းကောင်းကင်ပါရမီရှင်နှစ်ဦးကြားက ပြိုင်ပွဲ... ဘယ်သူ နိုင်မလဲ မသိဘူး…’’
ကျင့်ကြံသူတစ်ဦးက စပ်စုစွာ မေးလိုက်သည်။
“ငါတော့ ငါတို့ အလယ်ပိုင်းဒေသရဲ့ ကောင်းကင်ပါရမီရှင်စာရင်း ပထမလို့ ထင်တယ်... ဘာပဲဖြစ်ဖြစ် သူက နာမည်ကြီးပြီးသား... ခွန်အားကလည်း အားလုံးအမြင်ပဲ…’’
“ငါ့မှာတော့ မတူတဲ့ အမြင်တစ်ခု ရှိတယ်... အဲဒီ မိစ္ဆာချီနဲ့ လွှမ်းခြုံထားတဲ့ လူငယ်က လာရာက လျှို့ဝှက်ဆန်းကြယ်တယ်... အရှိန်အဝါက အရမ်းအားကောင်းတယ်... ငါ့ကိုတောင် အသက်ရှူကျပ်သွားစေတယ်... သူက လင်းထျန်းထက် အားမနည်းလောက်ဘူးလို့ ခံစားရတယ်…’’
နှစ်ဦးသားတွင် မည်သူ အနိုင်ရမည်ကို ကျင့်ကြံသူများမှာ အမြင်အမျိုးမျိုးဖြင့် ပြောဆိုနေကြသည်။
ယခုအခါတွင်မူ နှစ်ဦးသားမှာ ကောင်းကင်တက်လှေကားကို စတင် တက်လှမ်းနေကြပြီ ဖြစ်သည်။
တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ရာ လေထဲတွင် ယမ်းငွေ့များ ပျံ့နှံ့သွားသည်။
နှစ်ဦးသားမှာ တစ်ယောက်နှင့်တစ်ယောက် အကျောမခံပေ။
ရှပ်။
နှစ်ဦးသား၏ အရှိန်မှာ အလွန်လျင်မြန်ပြီး လျင်မြန်စွာ တက်လှမ်းသွားကြသည်။
ဆယ်ထစ်၊ နှစ်ဆယ်ထစ်၊ သုံးဆယ်ထစ်။
မကြာမီပင် နှစ်ဦးသားမှာ ငါးဆယ်ထစ်သို့ ရောက်ရှိသွားကြသည်။
ပထမစမ်းသပ်မှု၏ အောင်မြင်ရန် လိုအပ်ချက်ကို ပြည့်မီသွားပြီ ဖြစ်သည်။
အမ်...
ကျင့်ကြံသူများစွာမှာ အသက်ရှူမှားသွားကြပြီး သူတို့၏ မျက်နှာများတွင် မယုံနိုင်သော အမူအရာများ ပေါ်ထွက်လာသည်။
ဒါက ထိပ်တန်းကောင်းကင်ပါရမီရှင်တဲ့လား။
သူတို့သည် လေးဆယ်ထစ်ကိုပင် တက်လှမ်းရန် ခက်ခဲနေချိန်တွင် ၊ ဤနှစ်ဦးမှာမူ တစ်ခါတည်း ငါးဆယ်ထစ်သို့ တက်လှမ်းသွားခဲ့သည် ။
ကွာခြားမှုမှာ အလွန် ကြီးမားပြီး သူတို့ကို အနည်းငယ် စိတ်ပျက်အားငယ်သွားစေသည်။
ဤသည်မှာ နှစ်ဦးသား၏ အဆုံးစွန်မဟုတ်သည်မှာ သိသာထင်ရှားသည်။
တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ကြပြီး၊ ယခင်ကအတိုင်း တစ်ယောက်နှင့်တစ်ယောက် အကျောမခံပေ။
ထို့နောက် နှစ်ဦးသားမှာ ကျင့်ကြံသူများစွာ၏ ကြည့်ရှုမှုအောက်တွင် ဆက်လက် တက်လှမ်းသွားကြသည်။
ဤအခိုက်အတန့်တွင် နတ်ဘုရားတက္ကသိုလ်၏ ကျောင်းအုပ်ကြီး ချီဖုန်းပင်လျှင် စိတ်အားထက်သန်လာပြီး စိတ်ဝင်စားစွာဖြင့် နှစ်ဦးသား၏ အရိပ်များကို စူးစိုက်ကြည့်နေ၏။
ဤနှစ်ဦးမှာ အမှန်ပင် ပါရမီရှင်များထဲမှ ပါရမီရှင်များဖြစ်ကြပြီး သူ၏ တက္ကသိုလ်မှ ပထမပါရမီရှင်ထက်ပင် အားကောင်းကြသည်။
ငါးဆယ့်တစ်ထစ်၊ ငါးဆယ့်နှစ်ထစ်...
ငါးဆယ့်ငါးထစ်...
ခြောက်ဆယ်ထစ်။
ခြောက်ဆယ်ထစ်သို့ ရောက်သောအခါ နှစ်ဦးသား၏ တက်လှမ်းနှုန်းမှာ သိသိသာသာ နှေးကွေးသွားသည်။
ကြီးမားသော ဖိအားကြောင့် နှစ်ဦးသားမှာ ဖြည်းညင်းစွာသာ တက်လှမ်းနိုင်တော့သည်။
ခြောက်ဆယ့်တစ်ထစ်၊ ခြောက်ဆယ့်နှစ်ထစ်၊ ခြောက်ဆယ့်သုံးထစ်...
နှစ်ဦးသား၏ ခြေလှမ်းများမှာ ပို၍ နှေးကွေးလာသည်...
နောက်ဆုံးတွင် နှစ်ဦးသားမှာ ခုနစ်ဆယ့်ငါးထစ်အမြင့်သို့ ရောက်ရှိသွားကြသည်။
ယခုအခါတွင် နှစ်ဦးသားလုံးမှာ မျက်နှာများ ဖြူဖျော့နေပြီး ချီနှင့်သွေးမှာ အတော်လေး မလုံလောက်တော့ဟန်ရှိသည်။
ကြီးမားသော ဖိအားကြောင့် သူတို့မှာ အနည်းငယ် အသက်ရှူမဝ ဖြစ်နေကြသည်။
နှစ်ဦးသားမှာ အဆုံးသို့ ရောက်ရှိသွားပြီဖြစ်သည်မှာ သိသာထင်ရှားသည်။
ဤသည်မှာ သူတို့၏ အဆုံးစွန်ပင် ဖြစ်သည်။
“နှစ်ယောက်စလုံးက အထွတ်အထိပ် ကောင်းကင်ပါရမီရှင်တွေ ဆိုတဲ့အတိုင်းပဲ... ခုနစ်ဆယ့်ငါးထစ်အမြင့်အထိ တက်လှမ်းနိုင်တာ တကယ်ကို အံ့ဩစရာပဲ...
“
“လေးဆယ်ထစ်မှာတောင် ငါ မခံနိုင်တော့ဘူး... ဒီနှစ်ယောက်က ခုနစ်ဆယ့်ငါးထစ်အထိ ခံနိုင်ရည်ရှိတယ်.... ဒါလုံးဝကို စိတ်ကူးမယဉ်နိုင်စရာပဲ…’’
“ငါတို့ မင်းဆက်မှာ ငါက နှစ်တစ်ထောင်မှာ တစ်ခါပေါ်တဲ့ ပါရမီရှင်ပဲ... ဒါပေမဲ့ ဒီကိုရောက်မှ ငါက ပုရွက်ဆိတ်တစ်ကောင်လိုပဲဆိုတာ သိလိုက်ရတယ်…’’
“ဟားဟား... ဘယ်သူက မဟုတ်လို့လဲ... ပါရမီရှင်ဆိုတာ သူတို့ကို တွေ့ဆုံဖို့ တံခါးခုံလေးပဲ ဖြစ်မှာပေါ့…’’