အခန်း (၂၈၉-၂၉၁)
Vol. 20 Ch. 289-291
အခန်း ၂၈၉ - ဘယ်သူက ဗီလိန်လဲ၊ သိုင်းသူတော်စင်၏ လျှို့ဝှက်ရတနာ ( အပိုင်း ၃ )
~"မင်းတို့ ဘိုးဘေးတွေရဲ့ စွမ်းအားနဲ့... နောက်ဆုံး ဂုဏ်ရောင်ကို ပြသလိုက်စမ်း၊ဟားဟားဟားဟား…"
မဟာအကြီးအကဲက မိုးခွင်းသံပမာ ဟားတိုက်ရယ်မောရင်း အော်ဟစ်လိုက်လေ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင်...၊
ရတနာပုလဲသည် သွေးရောင်ပုလဲ တစ်လုံးအဖြစ် ပြောင်းလဲသွားလေတော့၏။
ထိုပုလဲအတွင်း၌ နင်ချီကိုပင် တုန်လှုပ်သွားစေနိုင်သော စွမ်းအားကြီး တစ်ခု ကိန်းအောင်းနေသည်ကို တွေ့လိုက်ရ၏။ နင်ချီ၏ မျက်လုံးထဲတွင် ရွှေရောင် အလင်းတန်းများ တောက်ပသွားပြီး ထိုပုလဲ၏ အနှစ်သာရကို ထိုးဖောက်ကြည့်ရှုလိုက်၏။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများက ထူးခြားဆန်းကြယ်သော နည်းလမ်းတစ်ခုဖြင့် ထိုပုလဲထဲသို့ စုစည်းပျော်ဝင်နေကြသည်ကို သူ တွေ့လိုက်ရပေသည်။
နင်ချီ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထသွားရလေ၏။
'ဒါ... သိုင်းသူတော်စင်ရဲ့ စွမ်းအားလား... ကောလာဟလတွေထဲက ပျောက်ဆုံးနေတယ်ဆိုတဲ့ သိုင်းသူတော်စင်ရဲ့ လျှို့ဝှက်ရတနာ ဆိုတာများလား'
သိုင်းသူတော်စင် အဆင့်နှင့် ပတ်သက်သော သတင်းအချက်အလက်များက အလွန်ရှားပါးလှ၏။ သို့သော် သိုင်းသူတော်စင် လျှို့ဝှက်ရတနာ ဆိုသည်မှာတော့ ဒဏ္ဍာရီများထဲတွင် ကျန်ရစ်ခဲ့သော အရာတစ်ခု ဖြစ်ပေသည်။ သိုင်းသူတော်စင်များ ပိုင်ဆိုင်ခဲ့သော ထိုရတနာများသည် သာမန်သိုင်းသမားများ အသုံးပြုသော လက်နက်များနှင့် လုံးဝ ကွာခြားသည်ဟု ဆိုကြ၏။ ယင်းတို့၏ စွမ်းအားသည် ဘုရားပေးလက်ဆောင်ဟု တင်စားကြသော လက်နက်များထက်ပင် အဆပေါင်းများစွာ သာလွန်သည်ဟု ဆိုစမှတ် ပြုကြလေ၏။
သို့ရာတွင် သိုင်းသူတော်စင်များ ပျောက်ကွယ်သွားချိန်မှစ၍ ထိုရတနာများသည်လည်း ပျောက်ကွယ်သွားခဲ့ရာမှ... ယခုအခါ မထင်မှတ်ဘဲ ပြန်လည် ပေါ်ထွက်လာခဲ့တော့၏။
'ဒီမိစ္ဆာဂိုဏ်းက... တကယ်တော့လည်း အတော်လေး အမြစ်တွယ်နေတာပဲ'
နင်ချီက အံ့သြနေသော်လည်း သူ့ခေါင်းထဲတွင် အကြံအစည်တစ်ခု ပေါ်လာလေ၏။
သူက ဓားချီများကို အသုံးပြု၍ အရပ်မျက်နှာ အသီးသီးမှ စုဝေးလာသော သွေးမြူစွမ်းအင်များကို ဖြတ်တောက် တားဆီးရန် ကြိုးစားလိုက်၏။ သို့သော် သွေးမြူများကို တားဆီးနိုင်သော်လည်း ၎င်းတို့ထဲတွင် ပါဝင်နေသော အတွင်းသဘော သဘာဝတရား အချို့ကိုမူ တားဆီး၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရပေသည်။
သွေးပုလဲထဲမှ စွမ်းအားများသည် တဖြည်းဖြည်း ပိုမို ပြည့်ဝလာနေတော့သည်။
နင်ချီသည် ရွှေရောင်မျက်လုံးကို အစွမ်းကုန် အသုံးပြုကာ သွေးမိစ္ဆာကြီးကို ဖိနှိပ်ထားရင်း အကြံထုတ်နေမိ၏။
'ဒီရတနာက မရိုးရှင်းဘူး... ကောင်းကင်နဲ့ မြေကြီး စွမ်းအားကို စုစည်းရုံ သက်သက် မဟုတ်ဘဲ ကြားခံနယ်တစ်ခု လိုအပ်နေတာပဲ... ဟိုအစေခံတွေရဲ့ သွေးထဲမှာ ထူးခြားတာ တစ်ခုခု ပါနေတာ သေချာတယ်... ဒီလူတွေက အဲ့ဒီလူတွေကို အပျော်သက်သက် မွေးထားတာ မဟုတ်ဘဲ ဒီရတနာအတွက် သက်သက် မွေးမြူထားတာကိုး'
'တားမရမှတော့... ဖြစ်လာအောင် လွှတ်ပေးလိုက်ပြီးမှ ငါ လေ့လာလိုက်ရင် မကောင်းဘူးလား... သိုင်းသူတော်စင် အဆင့်ကို တက်ဖို့ လမ်းစ ရှာမတွေ့တာ ကြာပြီ... ဒါက ငါ့အတွက် အခွင့်အရေးပဲ'
'ဒါပေမဲ့... သတိတော့ ထားရမယ်'
အတွေးဆုံးသည်နှင့် နင်ချီက ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်လေ၏။ ကောင်းကင်ဘုံ ဓားချီ ရာပေါင်းများစွာ ဆင်းသက်လာပြီး ဓားသွားများအဖြစ် ပြောင်းလဲကာ သွေးမိစ္ဆာကြီး၏ လက်သုံးဖက်ကို တိခနဲ ပြတ်တောက်သွားအောင် ခုတ်ပိုင်းပစ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် နင်ချီသည် ရွှေရောင်မျက်လုံးကို အသုံးပြုကာ ထိုလျှို့ဝှက်ရတနာ၏ လည်ပတ်ပုံ လမ်းကြောင်းကို တိတ်တဆိတ် လေ့လာနေလိုက်၏။ ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာပြီး ဖြစ်နိုင်ခြေ အားလုံးကို တွက်ချက် စစ်ဆေးနေလေ၏။
ရှန်ထျန်းရှင်း၏ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"မင်းတို့ ဘာလုပ်နေကြတာလဲ... မြန်မြန် မိစ္ဆာအသွင် ပြောင်းကြလေ"
ကျန်ရစ်ခဲ့သော မိစ္ဆာဂိုဏ်းသား တစ်ဒါဇင်ခန့်မှာ ဝမ်းနည်းပက်လက် ဖြစ်သွားကြရ၏။ သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိတော့ပေ။ အတူတူ ကြီးပွားခဲ့ကြသလို အတူတူ ပျက်စီးကြရမည့် ဘဝများ မဟုတ်ပါလား။ လျှို့ဝှက်ရတနာကို အားကုန်ခွန်အား စုစည်းနေသော မဟာအကြီးအကဲကို လှမ်းကြည့်လိုက်ကြပြီးနောက် အလကား အသေခံမည့်အစား အကျိုးရှိရှိ အသေခံရန် ဆုံးဖြတ်လိုက်ကြတော့သည်။ သူတို့ သေသွားရင်တောင် ဂိုဏ်းတော်ကြီးက သူတို့၏ ဆွေစဉ်မျိုးဆက်ကို ပစ်ပယ်ထားလိမ့်မည် မဟုတ်ဟု ယုံကြည်ကြလေ၏။
ကောင်းကင်ဘုံလူသား အဆင့် သုံးယောက် ရှေ့သို့ ထွက်လာကြ၏။
"စီနီယာထျန်းကျန့်... ခင်ဗျားနဲ့ ကျုပ်တို့ ကမ္ဘာမကြေဘူး"
နာကျည်းစွာ အော်ဟစ်လိုက်ပြီးနောက် ထိုသုံးယောက်၏ အသားစများသည် သွေးမိစ္ဆာကြီးနှင့် ပေါင်းစပ်သွားကြလေ၏။ စောစောက ပြတ်တောက်သွားသော လက်သုံးဖက်သည် ချက်ချင်းဆိုသလို ပြန်လည် ထွက်ပေါ်လာပြီး သွေးရောင်အလင်းတန်းများဖြင့် ဓားချီများကို ကာကွယ်လိုက်နိုင်ပြန်သည်။
နင်ချီ မျက်ခုံးပင့်လိုက်မိသည်။ မဟာအကြီးအကဲ၏ အရှိန်အဝါတွင် မသိမသာ ပြောင်းလဲမှု တစ်ခုခု ဖြစ်ပေါ်နေသည်ကို သူ အာရုံခံမိလိုက်သောကြောင့် ဖြစ်၏။ သူက တည်ငြိမ်စွာပင် လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။
နောက်ထပ် ကောင်းကင်ဘုံ ဓားချီ နှစ်ရာခန့် ဆင်းသက်လာပြန်လေ၏။ ထိုဓားချီများ၏ စွမ်းအားကို တောင့်ခံနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
ရှန်ထျန်းရှင်း ထိတ်လန့်သွားရ၏။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူ အော်ဟစ် အမိန့်ပေးစရာ မလိုလိုက်ပေ။
နောက်ထပ် ကောင်းကင်ဘုံလူသား အဆင့် လေးယောက်က ရဲရဲဝံ့ဝံ့ပင် ရှေ့ထွက်လာပြီး အသေခံလိုက်ကြလေ၏။
"စီနီယာထျန်းကျန့်... ခင်ဗျား သေချင်းဆိုးနဲ့ သေရပါစေ"
သွေးမိစ္ဆာကြီး၏ စွမ်းအားများက ထပ်မံ မြင့်တက်လာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ အစွမ်းထက်သော ကောင်းကင်ဘုံလူသား အဆင့်များ ပါဝင်သွားသောကြောင့် ဓားချီများကို အနည်းငယ် ပြန်လည် ဖိနှိပ်လာနိုင်သည်ကို တွေ့ရ၏။
သို့ရာတွင် နင်ချီကတော့ တည်ငြိမ်နေဆဲပင်။
နောက်ထပ် ဓားချီ သုံးရာ ထပ်မံ ဖိနှိပ်ချလိုက်ပြန်လေ၏။
ကျန်ရှိနေသော မိစ္ဆာဂိုဏ်းသား အနည်းငယ်မှာ မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေကြရှာသည်။ သူတို့အားလုံး မဟာအကြီးအကဲ မြန်မြန် ပြီးပါစေတော့ဟု ဆုတောင်းနေကြသော်လည်း မဟာအကြီးအကဲဆီမှ နိုးထလာမည့် အရိပ်အယောင် မတွေ့ရသေးပေ။
"ဒုဂိုဏ်းချုပ်... မဟာအကြီးအကဲကို ကာကွယ်ပေးထားပါ"
"စီနီယာထျန်းကျန့်... မင်းနဲ့ ငါတို့ သေအတူ ရှင်မကွာပဲ"
ကောင်းကင်ဘုံလူသား အဆင့်များ တစ်ယောက်ပြီးတစ်ယောက် ကျိန်ဆဲရင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနေကြ၏။ ငယ်ရွယ်သော သူတော်စင် မျိုးဆက်လောင်း နှစ်ယောက်ပင် မချွင်းချက် ပါဝင်သွားကြရရှာသည်။ နင်ချီ၏ မျက်နှာထားက တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ တစ်မျိုးကြီး ခံစားနေရလေ၏။
'ကြည့်ရတာ... ဇာတ်လမ်းက ပြောင်းပြန် ဖြစ်နေသလိုပဲ... ငါကပဲ လူဆိုးဗီလိန်ကြီး ဖြစ်ပြီး သူတို့က အသက်စွန့် ကာကွယ်နေတဲ့ သူရဲကောင်းတွေ ဖြစ်နေပါရောလား'
နင်ချီ ခေါင်းခါရင်း ရယ်မောလိုက်မိသည်။ ထို့နောက် ကျန်ရှိနေသေးသော နောက်ဆုံး နှစ်ယောက်ကို ကြည့်လိုက်လေ၏။
ရှန်ထျန်းရှင်းနှင့် မဟာအကြီးအကဲ။
ထိုအချိန်၌...၊
ရှန်ထျန်းရှင်း တစ်ယောက် ပြိုလဲလုနီးပါး ဖြစ်နေတော့၏။ သွေးမိစ္ဆာကြီးသည် ထပ်ခါတလဲလဲ ဒဏ်ရာရထားသလို၊ အခင်းအကျင်းကို ထိန်းချုပ်ထားရသော သူသည်လည်း ဒဏ်ရာ အကြီးအကျယ် ရထားပြီး ဖြစ်၏။ ကောင်းကင်ဘုံ ဓားချီများ၏ အရှိန်အဟုန် လျော့ကျသွားသည် ဆိုသော်ငြား၊ တစ်ယောက်တည်း ကျန်တော့သော သူ့အဖို့ တောင့်ခံနိုင်ရန် မဖြစ်နိုင်တော့ပေ။ သွေးမိစ္ဆာကြီးမှာလည်း ခန္ဓာကိုယ်အနှံ့ အပေါက်ဗရပွနှင့် ပြန်လည် ကုစားနိုင်စွမ်း မရှိတော့ချေ။
ကျန်ရှိနေသော ဓားချီများက အပေါ်စီးမှ ဖိနှိပ်ဆင်းသက်လာကြ၏။
ထိုဓားချီများ၏ ကြောက်မက်ဖွယ် စွမ်းအားက သူ့ကို စိတ်ဓာတ်ကျသွားစေသည်။
ရှန်ထျန်းရှင်း ခါးသီးစွာ ရယ်မောလိုက်ပြီး နောက်ဆုံးအကြိမ် အားကုန်ထုတ်ကာ သွေးမိစ္ဆာကြီးနှင့် ပေါင်းစပ်ရန် ပြင်ဆင်လိုက်တော့သည်။
ထိုစဉ် လက်တစ်ဖက်က သူ့ပခုံးကို လာရောက် ဆုပ်ကိုင်လိုက်လေ၏။
ဘယ်အချိန်ကတည်းက နိုးထလာမှန်း မသိသော မဟာအကြီးအကဲသည် လက်တစ်ဖက်တွင် သွေးပုလဲကို ကိုင်ထားလျက် ရှိနေ၏။ သွေးရောင်အလင်းတန်းများက သူ့မျက်နှာပေါ်သို့ ကျရောက်နေသော်လည်း ကြမ်းကြုတ်မနေဘဲ ထူးဆန်းစွာ နူးညံ့နေသည်ဟု ထင်မှတ်ရ၏။ သူက တိုးညှင်းစွာ ပြောလိုက်လေ၏။
"ထျန်းရှင်း... ကျန်တာ ငါ့တာဝန်ထားလိုက်"
မဟာအကြီးအကဲ၏ အသံက တိုးညှင်းသော်လည်း ထိုအသံထဲတွင် ပါဝင်နေသော အေးစက်မှုကို လူတိုင်း ကြားနိုင်ပေသည်။
လျှို့ဝှက်ရတနာကို အသက်သွင်းနေစဉ်တွင် သူသည် ပြင်ပလောကနှင့် အဆက်ပြတ်နေခဲ့ခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် အရာအားလုံးကို ရှင်းလင်းစွာ သိရှိနေခဲ့သည်။ ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားတိုင်း သူ့ရင်ထဲတွင် အသည်းနှလုံးကို ဓားနှင့် မွှန်းသကဲ့သို့ ခံစားခဲ့ရ၏။
ယခုအချိန်တွင် သွေးပုလဲ၏ အလင်းရောင်သည် ပြီးပြည့်စုံခြင်း မရှိသေးပေ။
သို့သော် သူ့တွင် ရွေးချယ်စရာ မရှိတော့။
သူ့အတွက် ကျန်ရှိသော အချိန်က ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ ဖြစ်၏။
အကယ်၍ ရှန်ထျန်းရှင်းပါ ထပ်သေသွားလျှင် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မည်။ ထပ်စောင့်နေလည်း အပိုပင် ဖြစ်တော့မည်။ ဂိုဏ်းတော်ကြီးအတွက် ကောင်းကင်ဘုံလူသား အဆင့် တစ်ယောက်လောက် အသက်ရှင် ကျန်ရစ်ခဲ့တာက ပိုကောင်းပေလိမ့်မည်။
ရှန်ထျန်းရှင်းက အားကိုးတကြီးဖြင့် ခေါင်းကို အတင်းညိတ်လိုက်ရှာသည်။
သူက နင်ချီကို စားမတတ် ဝါးမတတ် ပြန်ကြည့်လိုက်၏။ မိဘက နောက်မှ အားပေးလိုက်သည့်အခါ အားတက်သွားသော ကလေးတစ်ယောက်လိုမျိုးပင်။
သူ နင်ချီကို အလွန်အမင်း မုန်းတီးနေမိသည်။ ဒီနေ့သည် မိစ္ဆာဂိုဏ်းအတွက် ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ ဖြစ်ခဲ့ရ၏။ ရင်းနှီးကျွမ်းဝင်သော ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် သူ့မျက်စိရှေ့တွင်ပင် သေဆုံးသွားခဲ့ကြရ၏။ ဒီအဘိုးကြီးက မိစ္ဆာထက်ပင် ပို၍ ကြောက်စရာ ကောင်းနေလေ၏။
မဟာအကြီးအကဲ အနေဖြင့် သူ့ရှေ့မှ အဘိုးကြီးကို နှိမ်နင်းနိုင်ပါစေဟု သူ ဆုတောင်းနေမိတော့သည်။
မဟာအကြီးအကဲ၏ စကားကို ကြားလိုက်ရသောအခါ ရှန်ထျန်းရှင်း ဝမ်းသာလွန်း၍ ငိုချင်သွားမိ၏။ သို့သော် မဟာအကြီးအကဲ လက်ထဲမှ သွေးပုလဲကို ကြည့်လိုက်မိသည့်အခါ စိုးရိမ်စိတ် အနည်းငယ် ဝင်လာရပြန်သည်။ သူ တစ်ခါမှ မမြင်ဖူးသော်လည်း ထိုပုလဲသည် မပြည့်စုံသေးကြောင်း သူ ခံစားမိနေသောကြောင့် ဖြစ်၏။
မဟာအကြီးအကဲက သူ့အတွေးကို နားလည်ဟန်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်လေ၏။
"ဒီလူ့ကို ရှင်းပစ်ဖို့အတွက်ကတော့... ဒီလောက်ဆို လုံလောက်ပါတယ်"
သူက ကောင်းကင်ယံမှ မရေမတွက်နိုင်သော ဓားချီများကို ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် ယုံကြည်မှုများ ပြည့်နှက်နေလေ၏။
သူ့မျက်ဝန်းထဲတွင် မောက်မာသော အရိပ်အယောင်များလည်း ပါဝင်နေ၏။ သိုင်းသူတော်စင် တစ်ပါး၏ စွမ်းအားကို တခြားလူတွေ ဘယ်နားလည်နိုင်ပါ့မလဲ။
အခန်း (၂၉၀) - လေဟာနယ်ကို ဆုတ်ဖြဲခြင်း၊ ပေါများသော အသီးအပွင့်များ ရရှိခြင်း
~မဟာအကြီးအကဲက ကောင်းကင်ကို မော့ကြည့်လိုက်လေ၏။
ကြောက်မက်ဖွယ် ကောင်းလှသော ကောင်းကင်ဘုံ ဓားချီများသည် ယခုအချိန်တွင် သူ့မျက်စိထဲ၌ သာမန် အရာဝတ္ထုလေးများသဖွယ် ဖြစ်နေတော့၏။ ၎င်းတို့က စွမ်းအား လျော့နည်းသွားခြင်းကြောင့် မဟုတ်ပေ။ သူ့ရင်ထဲတွင် အားကိုးစရာ ရှိနေသောကြောင့်သာ ထိုအရာများကို ဘာမှမဟုတ်သလို သဘောထားလိုက်ခြင်း ဖြစ်ပေသည်။
ရှန်ထျန်းရှင်းသည် မချိမဆံ့ ရုန်းကန်နေရသော်လည်း သွေးမိစ္ဆာကြီး၏ အကြွင်းအကျန်များကို ထိန်းချုပ်၍ ကောင်းကင်ပေါ်သို့ ခုန်တက်စေလိုက်၏။
ကျန်ရှိနေသော သွေးနှင့် အသားစွမ်းအင်များကို နောက်ဆုံးအကြိမ် စုစည်းပြီး ပေါက်ကွဲပစ်လိုက်တော့သည်။ သွေးမိစ္ဆာကြီးသည် နာကျင်စွာ ဟိန်းဟောက်နေရင်းမှ နောက်ဆုံးတွင် သွေးရောင် အလင်းတန်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။
"ဘုန်း"
ကမ္ဘာပျက်မတတ် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီးနောက် သွေးရောင် အလင်းတန်းကြီးသည် ကောင်းကင်ဘုံ ဓားချီ ထက်ဝက်ခန့်ကို ဝါးမြိုပစ်လိုက်လေ၏။ ကြီးမားသော စွမ်းအင် လှိုင်းဂယက်များကြောင့် စုတ်ပြတ်သတ်နေပြီ ဖြစ်သော မိစ္ဆာဂိုဏ်း၏ မြေအောက်နန်းတော်ကြီးမှာ ပို၍ပင် ပျက်စီးယိုယွင်း သွားရရှာသည်။
သို့သော် ကျန်ရစ်သော ကောင်းကင်ဘုံ ဓားချီများကမူ ညှာတာမည့်ပုံ မပေါ်ချေ။ အံ့မခန်း အရှိန်အဟုန်ဖြင့် ဆက်လက် ဖိနှိပ် ဆင်းသက်လာကြ၏။
နင်ချီသည် မျက်လုံးထဲမှ ရွှေရောင်အလင်းတန်းများကို ဖုံးကွယ်ထားလိုက်ပြီး မဟာအကြီးအကဲ လက်ထဲမှ သွေးပုလဲကိုသာ အာရုံစိုက် ကြည့်ရှုနေလိုက်၏။ သူက တစ်လှမ်းချင်း တိုးဝင်ကာ မဟာအကြီးအကဲကို ဖိအားပေးနေခြင်း ဖြစ်၏။ ယခု အချိန်ကိုက် ဖြစ်နေပြီ ဆိုသော်လည်း သတိတော့ ထားရဦးမည်။ ထို့အပြင် သွေးပုလဲ၏ လျှို့ဝှက်ချက်များကိုလည်း ဆက်လက် လေ့လာစူးစမ်းချင်သေးသည် မဟုတ်ပါလား။
ကျန်ရှိနေသော ဓားချီများ ဆိုသည်မှာလည်း စမ်းသပ်မှု သက်သက်သာ ဖြစ်ပေသည်။
ရှန်ထျန်းရှင်း တစ်ယောက် အသက်ရှူကျပ်ပြီး သေလုနီးပါး ဖြစ်နေရှာသည်။ သူ့မျှော်လင့်ချက် အားလုံးကို မဟာအကြီးအကဲ တစ်ယောက်တည်း အပေါ် ပုံအပ်ထားရုံမှတစ်ပါး တခြား မရှိတော့ပေ။
မဟာအကြီးအကဲ၏ ဝတ်ရုံရှည်ကြီး လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး၊ ငွေရောင် ဆံနွယ်များကလည်း ကခုန်နေကြ၏။
သူက လေထဲတွင် မျောလွင့်နေပြီး သွေးပုလဲကို လက်နှစ်ဖက်ဖြင့် ပင့်မထားကာ ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းနေသည့် ပုံစံဖြင့် ရှိနေလေ၏။
ရုတ်တရက် သူက အော်ဟစ်လိုက်သည်နှင့် သွေးပုလဲမှ အလင်းရောင်များ ဖြာထွက်လာပြီး သာမန်လောကကို ကျော်လွန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာတော့သည်။ ထိုစွမ်းအားသည် သက်တံရောင် အလင်းတန်းကြီး တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ဘုံ ဓားချီများကို ပိုင်းဖြတ်ပစ်လိုက်လေ၏။
နင်ချီ၏ မျက်လုံးများ ရွှေရောင် တောက်ပသွားပြန်သည်။ "ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံး" ကို အစွမ်းကုန် အသုံးပြုကာ ထိုထူးဆန်းသော စွမ်းအားကို လေ့လာလိုက်၏။
'တစ်ခါမှ မမြင်ဖူးတဲ့ စွမ်းအားမျိုးပါလား... သူ့ရဲ့ အနှစ်သာရက ကောင်းကင်နဲ့ မြေကြီး စွမ်းအားနဲ့ သိပ်မကွာပေမဲ့ ထုတ်ဖော်လိုက်တဲ့ စွမ်းအားကျတော့ မိုးနဲ့မြေလို ကွာခြားသွားတာပဲ... ဝါဂွမ်းနဲ့ သံမဏိလို ကွာခြားတယ်လို့ ပြောရင်တောင် ရတယ်... ဒါတင် မကသေးဘူး... ပုပ်သိုးဆွေးမြည့်နေတဲ့ အရာတွေကိုတောင် အံ့ဖွယ်အဖြစ် ပြောင်းလဲပစ်နိုင်တဲ့ လျှို့ဝှက်ချက်တွေ ပါနေသလိုပဲ'
'ဒါ.. သိုင်းသူတော်စင်ရဲ့ စွမ်းအားများလား'
သူ့ရင်ထဲတွင် တုန်လှုပ်သွားရလေ၏။
သွေးရောင် အလင်းတန်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ကြောက်ရွံ့တုန်လှုပ်နေသော အော်ဟစ်သံများ၊ နာကျင်စွာ ညည်းညူသံများကိုပါ ကြားလိုက်ရသလို ခံစားလိုက်ရ၏။
တစ်စုံတစ်ယောက်က မသွားချင်ပါဘူးဟု ငြင်းဆန်ကာ လက်လှမ်းနေသော်လည်း သွေးမြစ်ထဲသို့ အတင်းအဓမ္မ ဆွဲခေါ်ခံလိုက်ရသည့် မြင်ကွင်းမျိုး ဖြစ်၏။ သွေးကြာပန်းကြီး တစ်ပွင့် ပွင့်လာသည်ကို မြင်ရသလို၊ အရူးတစ်ပိုင်း ဖြစ်နေသော မိစ္ဆာ တစ်ကောင် ဟားတိုက် ရယ်မောနေသည်ကိုလည်း မြင်ယောင်လာမိသည်။
ကောင်းကင်ဘုံ ဓားချီများ ညည်းညူသွားကြ၏။
ပထမဆုံးအကြိမ်အဖြစ် တကယ့်ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံလိုက်ရပြီ မဟုတ်ပါလား။
ယခင်က ပြိုင်ဘက်ကင်းခဲ့သော ကောင်းကင်ဘုံ ဓားချီများသည် သွေးရောင် အလင်းတန်းကြီး၏ ရှေ့တွင် အလွယ်တကူပင် ပြတ်တောက်ပျက်စီးကုန်ကြလေ၏။ စောစောက သွေးမိစ္ဆာကြီးကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့သော ဓားချီများသည် ယခုအခါ ပြောင်းပြန် အခြေအနေနှင့် ကြုံတွေ့လိုက်ရတော့၏။ စွမ်းအားကုန်သွားလို့ ပျက်စီးသွားခြင်း မဟုတ်ဘဲ အတင်းအဓမ္မ ချိုးဖျက်ခံလိုက်ရခြင်း ဖြစ်ပေသည်။
ထိုအခိုက်အတန့်၌၊ ရှန်ထျန်းရှင်း၏ မျက်လုံးများ ဝမ်းသာမှုကြောင့် အရောင်တောက်လာကြ၏။
မဟာအကြီးအကဲက မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးလိုက်လေ၏။ အားလုံးက သူ့တွက်ကိန်းထဲတွင် ရှိနေသည် မဟုတ်ပါလား။
သွေးရောင် အလင်းတန်းကြီးက တစ်ပတ်ပြန်လှည့်လာပြီး ကျန်ရှိနေသေးသော ဓားချီများကို ထပ်မံ ဖျက်ဆီးပစ်လိုက်၏။ သို့သော် အလင်းရောင် အနည်းငယ် မှိန်သွားရုံသာ ရှိသေးသည်။ မဟာအကြီးအကဲက လေထဲတွင် တစ်လှမ်းချင်း နင်းလျှောက်ကာ အပေါ်သို့ တက်လာပြီး ပထမဆုံးအကြိမ်အဖြစ် နင်ချီနှင့် မျက်နှာချင်းဆိုင် အနေအထားသို့ ရောက်ရှိလာလေ၏။ သူက တည်ငြိမ်စွာပင် ပြောလိုက်၏။
"စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်... ခင်ဗျားက တကယ်ပဲ ထူးချွန်လွန်းပါတယ်... နှစ်ထောင်ချီမှ တစ်ယောက် ပေါ်နိုင်ခဲတဲ့ ပါရမီရှင်ပါပဲ... ကောင်းကင်ဘုံလူသား အဆင့်ကို ကျော်လွန်ပြီး သိုင်းသူတော်စင် အဆင့်နဲ့ နီးကပ်နေပြီလို့ ပြောလို့ရတယ်... ဒါပေမဲ့... ခင်ဗျားက သိုင်းသူတော်စင်တွေရဲ့ စစ်မှန်တဲ့ စွမ်းအားကို နားမလည်သေးဘူး... ဒီလောက် ကြီးမားတဲ့ စွမ်းအားရှေ့မှာ ခင်ဗျား ဘယ်လောက်ပဲ မိစ္ဆာဆန်ဆန် ဒူးထောက်ရမှာပါပဲ"
သူက သွေးပုလဲကို စွမ်းအင်ထပ်ဖြည့်လိုက်ရာ သွေးရောင် အလင်းတန်းကြီးမှာ ပြန်လည် တောက်ပလာပြန်လေ၏။
နင်ချီက အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"တကယ့်ကို ယုံနိုင်စရာမရှိတဲ့ စွမ်းအားပါလား... သိုင်းသူတော်စင် အဆင့်ဆိုတာ သိုင်းသမားတိုင်း အိပ်မက်မက်ကြတဲ့ အဆင့်ဆိုတာ ဒါကို ပြောတာကိုး"
သူက ချီးကျူးဖို့ ဝန်မလေးပေ။ သူ့ရှေ့တွင် မြင်နေရသည်မှာ သိုင်းသူတော်စင် အစစ် မဟုတ်ဘဲ လျှို့ဝှက်ရတနာကို အသုံးပြုကာ စွမ်းအားကို အတင်း နှိုးဆွထားခြင်း ဖြစ်သော်လည်း ဤမျှလောက် အစွမ်းထက်နေပြီ ဖြစ်၏။
ကောင်းကင်ဘုံလူသား အဆင့်များ ယှဉ်နိုင်မည့် အနေအထား မဟုတ်ပေ။ နင်ချီ၏ ရင်ထဲတွင် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းလိုစိတ်များ ပိုမို ပြင်းပြလာရတော့သည်။ ဤထူးဆန်းသော စွမ်းအားကို ပိုင်ဆိုင်နိုင်မှသာ ထာဝရအသက်ရှင်ခြင်း လမ်းစကို ရှာဖွေနိုင်မည်ဟု သူ တွေးလိုက်မိလေ၏။
မဟာအကြီးအကဲက နင်ချီကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။
"ခင်ဗျားက ကျုပ်တို့ဂိုဏ်းက အစွမ်းထက်တဲ့ ပညာရှင်တွေကို အများကြီး သတ်ဖြတ်ခဲ့တယ်... တကယ်ဆို ခင်ဗျားရဲ့ ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်သင့်တာ... ဒါပေမဲ့ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့် ရောက်ဖို့ မလွယ်ကူတာကို ထောက်ထားပြီး အခွင့်အရေး တစ်ခု ပေးမယ်... ခင်ဗျားရဲ့ စိတ်ကို ဖွင့်ပေးလိုက်... ကျွန်တော် ဝိညာဉ်တံဆိပ် ခတ်နှိပ်တာကို လက်ခံပြီး ကျွန်တော့်ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုမယ် ဆိုရင် ခင်ဗျား အသက်ရှင်ခွင့် ရမယ်"
ဤသည်မှာ ဆုံးရှုံးသွားသော အင်အားများကို ပြန်လည် ဖြည့်ဆည်းလိုသော သဘောပင်။
ဒီတိုက်ပွဲမှာ မိစ္ဆာဂိုဏ်းက ကောင်းကင်ဘုံလူသား အဆင့် လေးဆယ်ကျော် ဆုံးရှုံးခဲ့ရ၏။ ဂိုဏ်း၏ အခြေခံအုတ်မြစ် အကြီးအကျယ် ထိခိုက်သွားခဲ့ပြီ ဖြစ်၏။
သို့သော် ဒီလို ပြိုင်ဘက်ကင်း မိစ္ဆာတစ်ကောင်ကို ကျွန်အဖြစ် ဖမ်းဆီးနိုင်ခဲ့လျှင် ဆုံးရှုံးမှု ထက်ဝက်ကျော်ကို ပြန်လည် ကုစားနိုင်မည် ဖြစ်၏။ အမြတ်တောင် ထွက်နိုင်သေးသည်။ စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင် ဆိုသော နာမည်တစ်ခုတည်းနှင့်ပင် ထျန်းဝူအင်ပါယာ တစ်ခုလုံးကို ခြိမ်းခြောက်နိုင်ပေလိမ့်မည်။
နင်ချီက သဘောတူမည် မဟုတ်ပေ။ ခေတ္တမျှ အနားယူပြီးနောက် နောက်ထပ် ကောင်းကင်ဘုံ ဓားချီများကို ဘေးပတ်လည်တွင် ထပ်မံ စုစည်းလိုက်လေ၏။ သူက သက်ပြင်းတစ်ချက်ချကာ ညည်းတွားလိုက်၏။
"နှမြောစရာပဲ... ခင်ဗျားက သိုင်းသူတော်စင် အစစ် မဟုတ်နေဘူး"
ယခုတစ်ကြိမ်တွင်မူ သိုင်းသူတော်စင် အစစ်အမှန်၏ စွမ်းအားကို သူ ခန့်မှန်းမိသွားတော့၏။
မဟာအကြီးအကဲက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေ၏။
"ခေါင်းခေါင်း မမြင်မချင်း မျက်ရည်မကျဘူး ဆိုတာ ဒါမျိုးကိုး... ကောင်းပြီလေ... သိုင်းသူတော်စင်ရဲ့ စွမ်းအား ဘယ်လောက်ကြီးမားလဲ ဆိုတာ ခင်ဗျား နောက်တစ်ကြိမ် မြင်အောင် ပြရသေးတာပေါ့"
လက်ထဲတွင် အစွမ်းထက်သော လက်နက် ရှိနေသဖြင့် သူ ယုံကြည်မှု လွန်ကဲနေ၏။ နင်ချီ အင်အားပြန်ဖြည့်နေတာကိုတောင် သူ ဂရုမစိုက်ပေ။ သူ့ရှေ့မှ ကောင်းကင်ဘုံ ဓားသခင်၏ မာနများကို အကြွင်းမဲ့ အင်အားဖြင့် ချိုးနှိမ်ပစ်လိုက်မည်။ ထို့နောက်မှ ကျွန်အဖြစ် လိုလိုလားလား အညံ့ခံလာအောင် လုပ်ဆောင်မည်ဟု ကြံရွယ်ထားလေ၏။
ကောင်းကင်ဘုံ ဓားချီများသည် လေကို ခွင်းလျက် ကောင်းကင်ယံတွင် ဓားမြစ်တစ်စင်းအလား ဖြစ်ပေါ်လာတော့သည်။
မဟာအကြီးအကဲက လက်ကို ဝှေ့ယမ်းလိုက်ရုံသာ ရှိသေးသည်။ သွေးရောင် အလင်းတန်းကြီးသည် ကောင်းကင်ဓားသွားကြီး တစ်လက်အလား ပြောင်းလဲကာ ပြိုင်ဘက်ကင်းသော အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းချလိုက်တော့သည်။
ထင်ထားသည့်အတိုင်းပင်...၊
ကောင်းကင်ဘုံ ဓားချီများ အားလုံး ကြေမွပျက်စီးသွားကြရလေ၏။
နင်ချီ၏ မျက်နှာပင် အနည်းငယ် ဖြူဖျော့သွားရရှာသည်။ ဆက်တိုက် တိုက်ခိုက်နေရသဖြင့် စွမ်းအင်ကုန်ဆုံးမှု များပြားနေပြီ ဖြစ်၏။ သူ့အခြေခံအုတ်မြစ်က သာမန်လူထက် သာလွန်သည် ဆိုသော်ငြား၊ ကုန်ဆုံးမှုက မသေးလှပေ။ သို့သော် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲပင်။
ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်ရင်း သွေးပုလဲ လျှို့ဝှက်ရတနာ၏ အစစ်အမှန် အခြေအနေကို သူ အကြမ်းဖျင်း သိရှိသွားခဲ့ပြီ ဖြစ်၏။
လျှို့ဝှက်ရတနာ ကိုယ်တိုင်၏ ကန့်သတ်ချက်ကြောင့်လား၊ မဟာအကြီးအကဲ၏ ထိန်းချုပ်နိုင်စွမ်း ညံ့ဖျင်းမှုကြောင့်လား မသိ။ သွေးရောင် အလင်းတန်းကြီး၏ စွမ်းအားက အကန့်အသတ် တစ်ခုမှာ ရပ်တန့်နေ၏။ ပုပ်သိုးဆွေးမြည့်နေသော အရာများကို အံ့ဖွယ်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည် ဆိုသော်လည်း၊ ပျော့ပြောင်းမှု မရှိဘဲ တောင့်တင်းနေသည်ကို တွေ့ရ၏။
"ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံး" အောက်တွင် ၎င်း၏ အားနည်းချက်များကို နင်ချီ မြင်တွေ့နေရပြီ ဖြစ်၏။
မဟာအကြီးအကဲက မိုးကောင်းကင်ကို အုပ်စိုးထားသူ တစ်ယောက်လို ဟိန်းဟောက်လိုက်လေ၏။
"မြန်မြန် အညံ့ခံစမ်း... ခင်ဗျားကို အသက်ရှင်ခွင့် ပေးမယ်"
သွေးရောင် ကောင်းကင်ဓားသွားကြီး နောက်တစ်ကြိမ် ဝဲပျံလာပြန်သည်။ သွေးပုလဲ စွမ်းအင်များ ထပ်ဖြည့်လိုက်သဖြင့် နောက်တစ်ကြိမ် တောက်ပလာပြန်၏။
နင်ချီ ရင်ထဲတွင် နှမြောတသ ဖြစ်သွားရ၏။ မဟာအကြီးအကဲက ရတနာကို တန်ဖိုးမထားဘဲ ဖြုန်းတီးနေသည်ကို မြင်ရသဖြင့် စိတ်မကောင်း ဖြစ်မိသည်။ သွေးပုလဲ၏ စွမ်းအင်များက သုံးလိုက်တိုင်း လျော့နည်းသွားနေသည် မဟုတ်ပါလား။
ဒါက အကန့်အသတ်ရှိသော အစွမ်းထက် စွမ်းအင်တစ်ခု ဖြစ်ပေသည်။
အခန်း (၂၉၁) - လေဟာနယ်ကို ဆုတ်ဖြဲခြင်း၊ ပေါများသော အသီးအပွင့်များ ရရှိခြင်း (အပိုင်း ၂ )
~နင်ချီကတော့ ထိုလျှို့ဝှက်ရတနာကို သူ့ပစ္စည်းအဖြစ် သတ်မှတ်လိုက်လေပြီ ဖြစ်၏။
ထို့ကြောင့် တွေဝေမနေတော့ဘဲ...။
စိမ်းပြာရောင် အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို အလွှာလိုက် လွှမ်းခြုံသွားပြီး တောက်ပသော ရတနာချပ်ဝတ် တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ယနေ့အချိန်တွင် သူ့၏ "စိမ်းပြာ နက်နဲ ခန္ဓာကိုယ် အကာအကွယ် ကျင့်စဉ်" သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ယခင်ကနှင့် လုံးဝ မတူညီတော့ပေ။ စိမ်းပြာရောင် အားလှိုင်းများ ဘေးပတ်လည်သို့ ပျံ့နှံ့ထွက်ပေါ်နေပြီး၊ သွေးရောင် ကောင်းကင်ဓားသွားကြီး ခုတ်ပိုင်းချလိုက်သော်လည်း ခုခံမှုကိုသာ တွေ့ကြုံလိုက်ရလေ၏။
ဓားသွားကြီးသည် နွားသားရေပြားထဲသို့ စိုက်ဝင်သွားသကဲ့သို့ တရွတ်တိုက် ဆွဲဖြတ်နေရပြီး ပြန်ကန်ထွက်လာသော အားများကြောင့် ရှေ့ဆက် မတိုးနိုင် ဖြစ်နေလေသည်။
မဟာအကြီးအကဲ၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။
ဒါ ဘယ်လို လျှို့ဝှက်ကျင့်စဉ်မျိုးလဲ ဆိုတာ သူ ဝေခွဲမရ ဖြစ်နေမိသည်။
သူ့ရှေ့မှ ကောင်းကင်ဘုံ ဓားသခင်၏ ကြောက်မက်ဖွယ် စွမ်းရည်များကို အံ့သြချီးကျူးမိလိုက်ပြန်သည်။
ကောင်းကင်ဘုံလူသား အဆင့်တစ်ယောက် အနေဖြင့် ဒီလောက်အထိ တိုက်ခိုက်နိုင်စွမ်း ရှိသည် ဆိုတာ တစ်ခါမှ မကြားဖူးခဲ့ပေ။
သူ့စိတ်ထဲတွင် နင်ချီကို သူ့လူဖြစ်လာအောင် စည်းရုံးဖို့ ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာသွားတော့သည်။
သူက အားကုန်ထုတ်ကာ သွေးပုလဲကို ခွန်အား စုစည်းလိုက်ပြန်၏။
သွေးရောင် ဓားသွားကြီးသည် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး နင်ချီကို ရစ်ပတ်ကာ ညှစ်သတ်ရန် ကြိုးစားလာလေ၏။
"ချလွမ်"
စိမ်းပြာနက်နဲ ရတနာ ချပ်ဝတ်သည် အက်ကွဲလုနီးပါး ဖြစ်သွားပြီး ကျိုးပဲ့သံများ ထွက်ပေါ်လာတော့သည်။
သို့သော် နင်ချီကတော့ နည်းနည်းလေးမှ တုန်လှုပ်ခြင်း မရှိပေ။
သူ့မျက်လုံးများ တောက်ပလာပြီး နဂါးကြီး၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိသွားလေ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင်...၊
သူ့ဝမ်းဗိုက်ထဲမှ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာပြီး၊ နှစ်လကြာအောင် မွေးမြူထားခဲ့သော ပြိုင်ဘက်ကင်း ဓားချီတစ်ခုသည် သတ္တုမြည်သံနှင့်အတူ၊ ထွက်ပေါ်လာတော့သည်။
ဒါက ကျွမ်းချန်၏ မူလ ဓားအရိုးမှ ရရှိခဲ့သော နောက်ထပ် ထိပ်တန်း လျှို့ဝှက်ကျင့်စဉ် တစ်ခုဖြစ်သည့် "မူလ နတ်ဘုရား ဓားချီ" ပင်။
"ဝီ......."
မြင့်မြတ်သော ဓားတစ်လက်၏ တုန်ခါသံလိုလို၊ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံလိုလို အသံမျိုး ထွက်ပေါ်လာလေ၏။
ဘယ်လို ဓားချီမျိုးပါလိမ့်။
ကြည့်လိုက်လျှင် ရိုးရှင်းသယောင် ရှိသော်လည်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ကြောက်မက်ဖွယ် ကောင်းလှသော အနက်ရောင် အစင်းကြောင်းများ ထင်ကျန်ရစ်ခဲ့သည်။ သေးငယ်သော်လည်း ကြက်သီးထမတတ် ခံစားရစေသော ထိုအရာများသည် လေဟာနယ်ကိုပါ ဆုတ်ဖြဲသွားနိုင်သော စွမ်းအားမျိုး ရှိနေသည် မဟုတ်ပါလား။
နင်ချီက လက်ကို နောက်ပစ်ကာ မတ်မတ်ရပ်နေသည်မှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဓားနတ်ဘုရား တစ်ပါးအလား ထင်မှတ်ရလေ၏။
မဟာအကြီးအကဲနှင့် ရှန်ထျန်းရှင်းတို့၏ ပြူးကျယ်နေသော မျက်လုံးများရှေ့တွင်ပင် မူလ နတ်ဘုရား ဓားချီသည် နဂါးကြီး၏ 'အသက်သွေးကြော' နေရာကို တည့်တည့် ထိုးဖောက်သွားတော့သည်။ မူလက ခန့်ညားထည်ဝါနေသော နဂါးကြီးမှာ ရုတ်တရက် အရှိန်အဟုန် ကျဆင်းသွားပြီး ပြိုလဲလုနီးပါး ဖြစ်သွားရရှာသည်။ ဤသည်မှာ နင်ချီ၏ အသေအချာ ပြင်ဆင်ထားသော ဝှက်ဖဲဖြစ်ပြီး၊ ယခု ထုတ်သုံးလိုက်ချိန်တွင် မဟာအကြီးအကဲနှင့် သွေးရောင် နဂါးကြီးကြားက ဆက်သွယ်မှုကို တစ်ချက်တည်း ဖြတ်တောက်လိုက်ခြင်း ဖြစ်ပေသည်။
"အား"
မဟာအကြီးအကဲ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ် နာကျင်မှုကို ခံစားလိုက်ရ၏။
ရုတ်တရက် အပြောင်းအလဲကြောင့် သူ ဒေါသတကြီး စိုက်ကြည့်လိုက်မိသည်။ မျက်လုံးများထဲတွင် တွေဝေမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေ၏။ သူက စိတ်ကို ပြန်လည် တည်ငြိမ်အောင် အားတင်းရင်း နဂါးကြီးကို ပြန်လည် ထိန်းချုပ်ရန် ကြိုးစားလိုက်၏။ သို့သော် နင်ချီက ဒီလို အခွင့်အရေးကောင်းကို လက်လွတ်ခံမည့်သူ မဟုတ်ချေ။
မူလ နတ်ဘုရား ဓားချီသည် သွေးရောင်နဂါးကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။ စွမ်းအားအချို့ လျော့နည်းသွားသော်လည်း အရှိန်အဟုန်ကတော့ ပြင်းထန်နေဆဲပင်။ ကြောက်မက်ဖွယ် ကောင်းလှသော အနက်ရောင် အစင်းကြောင်းများကို ကြည့်ပြီး ခေါင်းရေခွံများ ထုံကျင်လာရလေ၏။
"သိုင်း... သိုင်းသူတော်စင်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မဟာအကြီးအကဲက လေဟာနယ်ကို ဆုတ်ဖြဲသွားသော အနက်ရောင် အစင်းကြောင်းများကို ကြည့်ပြီး သရဲမြင်သလို အော်ဟစ်လိုက်မိသည်။
ဓားချီက လက်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ်သွားလေ၏။
ရှန်ထျန်းရှင်း၏ မျက်နှာပေါ်မှ ကြောက်ရွံ့မှုများ အေးခဲသွားပြီးနောက် သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားရရှာသည်။
တစ်ချိန်တည်းမှာပင် သွေးပုလဲကို ကိုင်ထားသော မဟာအကြီးအကဲ၏ ဘယ်ဘက်လက်မောင်းသည် အရင်းမှ ပြတ်တောက်သွားပြီး ဓားချီစွမ်းအားများက သူ့ခန္ဓာကိုယ်ကို လှုပ်မရအောင် ချုပ်နှောင်ထားလိုက်တော့သည်။ သွေးပုလဲကမူ လေထဲတွင် ပေါ့ပါးစွာ ဝဲပျံတက်လာပြီး နင်ချီ၏ လက်ထဲသို့ အလိုက်သင့် ကျရောက်လာလေ၏။
နင်ချီ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
"ဒီလောက် အဖိုးတန်တဲ့ ရတနာကို ခင်ဗျားလက်ထဲ ထားရတာ နှမြောစရာ ကောင်းလိုက်တာ"
သူ့လက်ထဲတွင် တုန်ခါနေသော သိုင်းသူတော်စင် လျှို့ဝှက်ရတနာနှင့် ကောင်းကင်ယံတွင် ဦးတည်ချက်မဲ့စွာ ဝဲပျံနေသော သွေးရောင် စွမ်းအင်များကို ကြည့်ပြီး နင်ချီ မျက်လုံးများ အရောင်တောက်လာသည်။ သူ့အစီအစဉ် အောင်မြင်သွားတော့၏။ နောက်ဆုံးတော့ လျှို့ဝှက်ရတနာက သူ့လက်ထဲ ရောက်ရှိလာပြီ မဟုတ်ပါလား။
မဟာအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ယွီဘုရင် ပုလဲကို မင်းရသွားလည်း အလကားပါပဲကွ"
သူက နင်ချီကို စိတ်ဓာတ်ကျအောင် ပြောဆိုလိုက်သော်လည်း နင်ချီကတော့ ပြုံးစစသာ လုပ်နေလေ၏။
"ယွီဘုရင် ပုလဲ ဟုတ်လား... ကြည့်ရတာ ဒီပစ္စည်းက အရင်ခေတ်က မဟာယွီ အင်ပါယာနဲ့ ဆက်စပ်နေပုံ ရတယ်"
သူက ကောင်းကင်နှင့် မြေကြီး စွမ်းအားကို အသုံးပြုကာ ယွီဘုရင် ပုလဲနှင့် ထူးခြားသော နည်းလမ်းဖြင့် ချိတ်ဆက်လိုက်၏။ မကြာမီမှာပင် ပုလဲ၏ တုန်ခါမှုများ လျော့နည်းသွားပြီး၊ အပြည့်အဝ ထိန်းချုပ်၍ မရသေးသော်လည်း နင်ချီကို ဆန့်ကျင်ခြင်း မရှိတော့ပေ။ ထို့အပြင် ကောင်းကင်ယံတွင် တုန်ခါနေသော သွေးရောင် စွမ်းအင်များပါ ပြန်လည် ဆုတ်ခွာလာပြီး ပုလဲထဲသို့ ဝင်ရောက် ပေါင်းစပ်သွားကြလေ၏။
အရောင်မှိန်နေသော ယွီဘုရင် ပုလဲသည် ရုတ်တရက် သွေးရောင် ဖျော့ဖျော့ ပြန်လည် တောက်ပလာတော့သည်။
"သိုင်းသူတော်စင် စွမ်းအားတွေကို ဒီလောက်တောင် ဖြုန်းတီးပစ်ရတယ်လို့... ခင်ဗျားသာ အသုံးမဝင်တော့ရင် ကျုပ် သတ်ပစ်တာ ကြာပြီ"
နင်ချီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
မဟာအကြီးအကဲမှာမူ ကြောင်တောင်တောင် ဖြစ်နေပြီး စကားပြန်မပြောနိုင်ရှာပေ။ သရဲ တွေ့လိုက်ရသလို မျက်နှာကြီး ဖြူဖပ်ဖြူရော် ဖြစ်နေလေ၏။
"မင်း... မင်းက ဘယ်လိုလုပ် ယွီဘုရင် ပုလဲကို သုံးနိုင်ရတာလဲ... မင်းကရော မဟာယွီ မျိုးဆက်ပဲလား... ဒါဆို ဘာလို့ ဒီလိုလုပ်ရတာလဲ... ငါတို့အချင်းချင်း ဘာလို့ တိုက်ခိုက်နေရတာလဲ... ပူးပေါင်းပြီး မဟာယန် အင်ပါယာကို ဖြုတ်ချလိုက်ရင် ရရဲ့သားနဲ့"
သူ့ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး တစ်ကိုယ်လုံး သွေးများ၊ ဖုန်မှုန့်များ ပေကျံနေ၏။ ကြီးမားသော စိတ်ဒဏ်ရာကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေပုံ ပေါက်နေလေ၏။
နင်ချီ ခေါင်းခါလိုက်ပြီး ဘာမှ ရှင်းပြမနေတော့ဘဲ သူ့ရှေ့သို့ ဆင်းသက်လိုက်၏။
စောစောက မဟာအကြီးအကဲ ပုလဲကို အသုံးပြုပုံကို သူ အချိန်ကုန်ခံပြီး ကြည့်နေခဲ့တာ အလကား မဟုတ်ပေ။ သဘောတရားများကို လေ့လာဖို့ ဖြစ်၏။
"ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံး" နှင့် သူ့ဉာဏ်ပညာ ပေါင်းစပ်လိုက်သည့်အခါ ဘယ်အရာကမှ နင်ချီကို တားဆီးနိုင်ခြင်း မရှိတော့ပေ။
ယခုတော့...၊
အရာအားလုံး ပြီးဆုံးသွားလေပြီ ဖြစ်၏။
ကျယ်ပြောလှသော မြေအောက်လိုဏ်ဂူကြီးထဲတွင် နင်ချီနှင့် မဟာအကြီးအကဲ နှစ်ယောက်တည်းသာ ကျန်ရစ်တော့၏။ ကျန်လူများ အားလုံး သေဆုံးကုန်ကြပြီ ဖြစ်၏။
နင်ချီ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး တင်းမာနေသော စိတ်များကို အနည်းငယ် လျှော့ချလိုက်၏။
အထူးသဖြင့် မွေးမြူထားသော "မူလ နတ်ဘုရား ဓားချီ" ကို ထုတ်သုံးလိုက်ရသဖြင့် သူ့ခန္ဓာကိုယ်ထဲတွင် ဟာတာတာ ဖြစ်ကျန်ရစ်ခဲ့သည်။
ဒါက သူ သိုင်းလောကထဲ ရောက်လာပြီးနောက်ပိုင်း အကြမ်းတမ်းဆုံး တိုက်ပွဲပင် ဖြစ်၏။ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမျိုး မဟုတ်သော်လည်း၊ ရှိသမျှ ဝှက်ဖဲတွေ အကုန်ထုတ်သုံးလိုက်ရ၏။ သို့သော်လည်း ဒီတိုက်ပွဲကြောင့် သူ့ရဲ့ စွမ်းရည် အတိုင်းအတာကို ကောင်းကောင်းကြီး နားလည်သွားခဲ့ရ၏။
'မိစ္ဆာဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က တကယ်ကို လျှော့တွက်လို့ မရပါလား'
နင်ချီ သူ့ဘာသာ တွေးလိုက်မိသည်။
သူတို့ စခန်းတစ်ခုတည်းမှာတင် ကောင်းကင်ဘုံလူသား အဆင့် လေးဆယ်ကျော် ရှိနေတာက ကြောက်စရာ ကောင်းနေပြီ။ သွေးမိစ္ဆာ အခင်းအကျင်းနဲ့ ယွီဘုရင် ပုလဲကိုပါ ထပ်ပေါင်းလိုက်ရင် တခြားလူသာဆို သေချာပေါက် ကိစ္စတုံးသွားလောက်ပြီ။
နင်ချီ မို့လို့သာ ဗျူဟာကျကျ တိုက်ခိုက်နိုင်ခဲ့ပြီး နောက်ဆုံးမှာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ပေသည်။
"ဒီအချိန်ထိ မိစ္ဆာဂိုဏ်းချုပ် ပေါ်မလာသေးဘူး ဆိုတော့... သူ ဒီ မီးတောက် တစ်သောင်း လိုဏ်ဂူထဲမှာ မရှိတာ သေချာသလောက်ပဲ"
နင်ချီက သတိကို မလျှော့သေးဘဲ ပတ်ဝန်းကျင်ကို တိတ်တဆိတ် အာရုံခံ ကြည့်လိုက်၏။
သို့သော်၊ ယခုလို အခြေအနေထိ ရောက်နေတာတောင် မိစ္ဆာဂိုဏ်းချုပ်သာ ရှိနေလျှင် ထွက်လာတာ ကြာပြီ။ သူ့လူတွေ အကုန်သေမှ ထွက်လာလျှင်လည်း အဓိပ္ပာယ်မရှိတော့ဘူးလေ။
"မိစ္ဆာဂိုဏ်းချုပ် ဘယ်ရောက်နေလဲ ဆိုတာကတော့... ဒီအဘိုးကြီးဆီကနေ မေးရမှာပဲ”