အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
အခန်း (၂၉၂) - လေဟာနယ်ကို ဆုတ်ဖြဲခြင်း၊ ပေါများသော အသီးအပွင့်များ ရရှိခြင်း ( အပိုင်း ၃ )
~နင်ချီက မဟာအကြီးအကဲကို အကဲခတ်နေလေ၏။
သူ ဒီခရီးကို လာခဲ့ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မဟာအကြီးအကဲကို အရှင်ဖမ်းပြီး "မြင့်မြတ်သော ဆေးလုံး" ကိစ္စကို စုံစမ်းရန် ဖြစ်၏။ အခက်အခဲများ၊ အလှည့်အပြောင်းများ ရှိခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူ့ရည်ရွယ်ချက် အောင်မြင်သွားပြီဟု ဆိုရမည်။
"မင်း... မင်းက ဘယ်သူလဲ"
မဟာအကြီးအကဲကတော့ နင်ချီ ယွီဘုရင် ပုလဲကို အသုံးပြုနိုင်သွားသည့် အဖြစ်အပျက်ကြောင့် အံ့သြတုန်လှုပ်နေဆဲပင်။
သို့သော် နင်ချီက သူ့မေးခွန်းကို ဂရုမစိုက်ပေ။ လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ရာ ချီစွမ်းအင်များ ထွက်ပေါ်လာပြီး မဟာအကြီးအကဲ၏ ပါးစပ်ကို ပိတ်ဆို့လိုက်တော့သည်။
ယွီဘုရင် ပုလဲမှတစ်ဆင့် ကောင်းကင်နှင့် မြေကြီး စွမ်းအားများ၏ တုန်ခါမှုကို သူ ခံစားနေရ၏။ ယခုအချိန်ထိ အပြည့်အဝ ထိန်းချုပ်၍ မရသေးသလို၊ နက်နက်နဲနဲ လေ့လာချိန် မရသေးသော်လည်း ရိုးရှင်းသော အသုံးချမှု အချို့ကိုမူ သူ ပြုလုပ်နိုင်နေပြီ ဖြစ်၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင်...၊
မြေအောက်လိုဏ်ဂူကြီး တစ်ခုလုံးတွင် ပျံ့လွင့်နေသော သွေးမြူမှုန်များက လှိုင်းထကာ တစ်နေရာတည်းသို့ စုဝေးလာကြတော့သည်။
ဒါတွေအားလုံးက စောစောက ပေါက်ကွဲသွားသော သွေးမိစ္ဆာကြီးထံမှ ကျန်ရစ်ခဲ့သည့် အနှစ်သာရ စွမ်းအားများ ဖြစ်ကြ၏။ ကောင်းကင်ဘုံလူသား အဆင့် လေးဆယ်ကျော်၏ စွမ်းအားများ ပါဝင်နေသည် မဟုတ်ပါလား။ ထက်ဝက်ကျော် ဆုံးရှုံးသွားသည် ဆိုသော်ငြား လက်ကျန်ပမာဏက မနည်းလှပေ။
နင်ချီက ထိုသွေးမြူများကို စုစည်းပြီး သွေးဆေးလုံး တစ်လုံးအဖြစ် ဖန်တီးလိုက်၏။ ထို့နောက် ကျေနပ်အားရစွာဖြင့် သိမ်းဆည်းလိုက်လေ၏။
"ဒီဆေးလုံးကိုသာ ဉာဏ်အလင်းပွင့် လက်ဖက်ပင်ကို ကျွေးလိုက်ရင်... သေချာပေါက် ပိုပြီး ရှင်သန်ကြီးထွားလာတော့မှာပဲ"
သူ့စိတ်ထဲတွင် အတော်လေး ကြည်နူးသွားရလေ၏။
ဒီသွေးဆေးလုံး တစ်လုံးတည်းနှင့်ပင် သူ့ခရီးစဉ်က အကျိုးရှိသွားပြီဟု ပြောနိုင်သည်။
ထိုကိစ္စ ပြီးသောအခါ နင်ချီက မဟာအကြီးအကဲဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။ ထိုအချိန်ကျမှ မဟာအကြီးအကဲ တစ်ယောက် အသိပြန်ဝင်လာပြီး ဘာဆက်ဖြစ်တော့မည်လဲ ဆိုတာကို ရိပ်မိလိုက်ပုံ ရ၏။ သရဲမျက်နှာဖုံး တစ်ယောက် ကောင်းကင်ဘုံ ဓားသခင်၏ လက်ချက်ဖြင့် မည်သို့ အဆုံးသတ်သွားသည်ကို သူ ခန့်မှန်းမိလိုက်ပြီ ဖြစ်၏။ ထို့ကြောင့်လည်း ဌာနချုပ်၏ လျှို့ဝှက်ချက်များ ပေါက်ကြားကုန်ခြင်း ဖြစ်တန်ရာ၏။
ကောင်းကင်ဘုံ ဓားသခင်တွင် ဘယ်လို ဆန်းကြယ်သော နည်းလမ်းများ ရှိနေသည်ကို သူ မသိသော်လည်း၊ အလွယ်တကူ ခံနိုင်ရည်ရှိမည့် ကိစ္စတော့ မဟုတ်ကြောင်း သူ နားလည်လိုက်၏။
နင်ချီက ယွီဘုရင် ပုလဲကို လက်တစ်ဖက်တွင် ကိုင်ထားရင်း မဟာအကြီးအကဲ၏ ပါးစပ်ကို ပိတ်ထားသော ချိပ်ပိတ်မှုကို ဖယ်ရှားပေးလိုက်၏။
"ကျွန်တော့် ဘယ်သူလဲ ဆိုတာ သိချင်နေတာလား"
သူက ရယ်မောလိုက်ပြီး မျက်နှာဖုံးကို ချွတ်ပြလိုက်၏။ သို့သော် အတွင်းတွင် သရဲမျက်နှာဖုံး (ချူထျန်းမင်) ၏ မျက်နှာသာ ရှိနေသေး၏။
မဟာအကြီးအကဲက သူ့လက်ထဲမှ လျှို့ဝှက်ရတနာ သူများလက်ထဲ ပါသွားသည်ကို ကြည့်ပြီး မျက်လုံးထဲမှ မီးပွင့်မတတ် ဖြစ်နေသည်။
"မင်းရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းနေပါလျက်နဲ့... ဘာလို့ ခေါင်းမြီးခြုံပြီး ပုန်းနေရတာလဲ... မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာပဲ"
နင်ချီက တခစ်ခစ် ရယ်မောလိုက်လေ၏။
"ကောင်းပြီလေ... ခင်ဗျား ဆန္ဒ ပြည့်စေရမယ်"
မဟာအကြီးအကဲ ရင်ထဲတွင် ထိတ်လန့်သွားရ၏။ ထိုစဉ် ယွီဘုရင် ပုလဲမှ အလင်းရောင်များ ရုတ်တရက် ဖြာထွက်လာသဖြင့် သူ့အာရုံများ လွင့်ပါသွားရ၏။ နင်ချီ၏ မျက်လုံးများက နက်ရှိုင်းသော ရေဝဲကြီးများအဖြစ် ပြောင်းလဲသွားပြီး သူ့ကို လွှမ်းခြုံသွားတော့သည်။ ဤနေရာတွင် "နှလုံးသား စစ်မေးခြင်း စင်မြင့်" မရှိသလို၊ မဟာအကြီးအကဲကလည်း သိုင်းဆန္ဒ အထွတ်အထိပ် အဆင့်သို့ ရောက်နေသူ ဖြစ်သဖြင့် ရုတ်တရက် တိုက်ခိုက်မှသာ ရနိုင်မည် ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ယွီဘုရင် ပုလဲက အကူအညီ ပေးလိုက်သဖြင့် မဟာအကြီးအကဲ၏ စိတ်ဓာတ် တည်ငြိမ်မှုကို ဖြိုခွင်းနိုင်လိုက်ခြင်း ဖြစ်၏။
နင်ချီက တွေဝေငေးငိုင်သွားသော မဟာအကြီးအကဲကို ကြည့်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။
နောက်တစ်ဆင့်ကတော့...၊
စစ်မေးခြင်း ကဏ္ဍပင်။
ရည်ရွယ်ချက်ကတော့ အသုံးဝင်မည့် သတင်းအချက်အလက်များကို တတ်နိုင်သမျှ ညှစ်ထုတ်ယူရန် ဖြစ်၏။ အဓိကကတော့ "မြင့်မြတ်သော ဆေးလုံး" ကိစ္စ၊ ပြီးတော့ မိစ္ဆာဂိုဏ်း၏ အရေးကြီး လျှို့ဝှက်ချက်များနှင့် ယွီဘုရင် ပုလဲ အကြောင်းပင် ဖြစ်၏။
မှောင်မိုက်နေသော မြေအောက်လိုဏ်ဂူကြီးထဲ၌၊
လူနှစ်ယောက်၏ အမေးအဖြေ ခန်းက ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှပေသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိ။
မဟာအကြီးအကဲ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး "ဝိညာဉ်ဖမ်းစားခြင်း" အခြေအနေမှ လွတ်မြောက်လာခဲ့သည်။ သူ့ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် နာကျင်နေရှာသည်။ ယွီဘုရင် ပုလဲ၏ တန်ပြန်သက်ရောက်မှုကြောင့် သူ့စိတ်ဝိညာဉ်များ ကွဲပြားလွင့်စင်နေသလို၊ နင်ချီ၏ ရက်စက်သော စစ်မေးမှုများကြောင့်လည်း သေချင်စိတ် ပေါက်နေပြီ ဖြစ်၏။ သူက မြေကြီးပေါ်တွင် ခွေခွေလေး လဲကျနေပြီး နင်ချီကို မုန်းတီးခြင်း၊ ကြောက်ရွံ့ခြင်း၊ နာကျည်းခြင်းနှင့် ဇဝေဇဝါဖြစ်ခြင်း စသည့် ခံစားချက်ပေါင်းစုံဖြင့် မော့ကြည့်နေမိလေ၏။
နင်ချီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အကယ်၍ ဖြစ်နိုင်လျှင် ဒီလို ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီး တစ်ယောက်ကို ဂုဏ်သိက္ခာ ရှိရှိ သေဆုံးစေချင်သည်။
စောစောက စကားပြောကြည့်ရသလောက် ဒီမဟာအကြီးအကဲသည် သူရဲကောင်းဆန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သိလိုက်ရ၏။ ကိုယ့်မူလစိတ်ရင်းကို မပြောင်းလဲအောင် ထိန်းသိမ်းထားနိုင်သူ ဆိုတာ ပြောဖို့လွယ်သလောက် လုပ်ဖို့ ခက်ခဲလှသည် မဟုတ်ပါလား။
နင်ချီက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။
မဟာအကြီးအကဲ၏ ခန္ဓာကိုယ်သည် သွေးမြူမှုန်များအဖြစ် ပြိုကွဲသွားပြီးနောက် သွေးဆေးလုံးထဲသို့ ပေါင်းစပ်သွားတော့သည်။
မြေအောက်ကမ္ဘာကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး သူတစ်ယောက်တည်း ကျန်ရစ်ခဲ့လေ၏။
နင်ချီသည် ရရှိထားသော သတင်းအချက်အလက်များကို ပြန်လည် သုံးသပ်ကြည့်လိုက်၏။
ပထမဆုံး အနေဖြင့် သူ အသိချင်ဆုံး ဖြစ်သည့် "မြင့်မြတ်သော ဆေးလုံး" ကိစ္စ။
'မိစ္ဆာဂိုဏ်းမှာ မြင့်မြတ်သော ဆေးလုံး ဖော်စပ်နည်း ရှိနေတာ အမှန်ပဲ... ဒါပေမဲ့ တိကျတဲ့ နည်းလမ်းကိုတော့ ဂိုဏ်းချုပ် တစ်ယောက်တည်းကသာ တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း သိရှိထားကြတာတဲ့... ကြားရသလောက်တော့ ထူးဆန်းတဲ့ သားရဲတွေရဲ့ အတွင်းအား အမြုတေတွေကို ပေါင်းစပ်ပြီး ဆေးလုံးဖော်တယ်... ပြီးရင် လျှို့ဝှက်နည်းလမ်းနဲ့ အကူအညီယူပြီး သိုင်းသူတော်စင် အဆင့်ကို ဖိအားပေး ချိုးဖြတ် ဝင်ရောက်တာတဲ့'
'ပြီးတော့ မိစ္ဆာဂိုဏ်းချုပ် ဘယ်နေရာမှာ ကျင့်ကြံနေလဲ ဆိုတာကို မဟာအကြီးအကဲ ကိုယ်တိုင်တောင် မသိဘူးတဲ့... နှစ်တိုင်း နှစ်တိုင်း မီးတောက် တစ်သောင်း လိုဏ်ဂူမှာ စုဆောင်းထားတဲ့ သားရဲဆေးလုံးတွေကို လာယူသွားတဲ့ လူတစ်ယောက် ရှိတယ်... မဟာအကြီးအကဲ ပြောပုံအရဆိုရင် ပြီးခဲ့တဲ့ လကမှ လာယူသွားတာဆိုတော့ နောက်တစ်ခါ လာဖို့ ဆယ့်တစ်လလောက် လိုသေးတယ်'
နင်ချီ အနည်းငယ် စိတ်ပျက်သွားမိသည်။
အကယ်၍ အချိန်တိုလေး ဆိုလျှင်တော့ သူ ဒီမှာပဲ စောင့်ဖမ်း၍ ရ၏။ သို့သော်၊ ဆယ့်တစ်လ ဆိုတာက ကြာလွန်းလှ၏။ ဒီလောက် အချိန်ကြာမြင့်နေရင် မီးတောက် တစ်သောင်း လိုဏ်ဂူ ကျဆုံးသွားပြီ ဆိုတာကို ဘယ်လောက်ပဲ တုံးတဲ့သူ ဖြစ်ဖြစ် ရိပ်မိသွားမှာ သေချာသည်။
မိစ္ဆာဂိုဏ်းမှာ ဆက်သွယ်ရေး နည်းလမ်းပေါင်းစုံ ရှိနေနိုင်ရာ သူ မသိနိုင်သော နည်းလမ်းများလည်း ပါဝင်နေနိုင်သည်။
'ထားလိုက်ပါတော့... လောလောဆယ် မိစ္ဆာဂိုဏ်းချုပ်ကို ရှာဖို့ ခဏလောက် ဘေးဖယ်ထားလိုက်မယ်... ဒါပေမဲ့ အလကားတော့ မဖြစ်ပါဘူး... အနည်းဆုံးတော့ မြင့်မြတ်သော ဆေးလုံး ဖော်စပ်မှုက ငါထင်သလောက် မြန်မြန်ဆန်ဆန် ပြီးမြောက်မှာ မဟုတ်ဘူး ဆိုတာ သိလိုက်ရတယ်... ပြီးတော့ အခုလို ဌာနချုပ်တစ်ခုလုံးကို ဖျက်ဆီးလိုက်နိုင်တာက သူတို့ရဲ့ လုပ်ငန်းစဉ်ကို အကြီးအကျယ် နှောင့်နှေးသွားစေမှာ သေချာတယ်... နှစ်နှစ် သုံးနှစ်လောက်တော့ ကြာသွားနိုင်တယ်'
နင်ချီ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။
ဒီအချိန်ကာလက သူ့အတွက် ကောင်းကင်ဘုံလူသား အဆင့် ပြီးပြည့်စုံခြင်း နယ်ပယ် သို့ တက်လှမ်းရန် လုံလောက်သည်။ ထိုအချိန် ရောက်လျှင်တော့ သိုင်းသူတော်စင် တစ်ပါးကို ယှဉ်နိုင်ပြီဟု ရဲရဲကြီး ပြောနိုင်ပြီ ဖြစ်၏။
ဒီတိုက်ပွဲက သူ့ကိုယ်သူ ပြန်လည် ဆန်းစစ်နိုင်ခဲ့သော တိုက်ပွဲ ဖြစ်ခဲ့သည်။
လက်ရှိအချိန်တွင် သူ့၏ ပုံမှန်တိုက်ခိုက်နိုင်စွမ်းသည် သိုင်းသူတော်စင် အဆင့်နှင့် နီးကပ်နေပြီ ဖြစ်ပြီး၊ "မူလ နတ်ဘုရား ဓားချီ" ကို ထုတ်သုံးလိုက်လျှင် သိုင်းသူတော်စင် အဆင့် ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီ ဖြစ်၏။
သို့သော် ကောင်းကင်ဘုံလူသား အဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိသွားပါက သူ့၏ ပုံမှန်တိုက်ခိုက်နိုင်စွမ်း ကိုယ်တိုင်က သိုင်းသူတော်စင် အဆင့်သို့ ဝင်ရောက်သွားပေလိမ့်မည်။
ဒါဆိုရင်...။
အနည်းဆုံးတော့ မိစ္ဆာဂိုဏ်း၏ ခြိမ်းခြောက်မှုကို အတော်လေး လျှော့ချနိုင်ခဲ့ပြီ ဖြစ်၏။ တောင်ပိုင်းနယ်စပ် ကိစ္စကိုတော့ ဖြည်းဖြည်းချင်း ဖြေရှင်းရမည်။ မိစ္ဆာဂိုဏ်း မရှိတော့လျှင် သူတို့လည်း အင်အားချည့်နဲ့သွားမည် ဖြစ်ရာ ခြိမ်းခြောက်မှု အဆင့်အတန်း လျော့ကျသွားမည်မှာ အသေအချာပင်။ ခြုံပြောရလျှင် ဒီတစ်ခေါက် စီးနင်းမှုက အလွန် ထိရောက်ခဲ့သည်ဟု ဆိုရပါမည်။
မြင့်မြတ်သော ဆေးလုံး ကိစ္စအပြင်...၊
မဟာအကြီးအကဲဆီကနေ အခြား အရေးကြီးသော သတင်းအချက်အလက်များလည်း ရရှိခဲ့သေးသည်။
ဥပမာ - ဌာနချုပ်၏ ဘဏ္ဍာတိုက် နေရာများ၊ စာရွက်စာတမ်းများ၊ ဂိုဏ်းခွဲများ တည်ရှိရာ နေရာများနှင့် အရေးကြီးသော ဆက်သွယ်ရေး သင်္ကေတများ စသည်ဖြင့် ဖြစ်ပါ။၏။
အခန်း (၂၉၃) - လေဟာနယ်ကို ဆုတ်ဖြဲခြင်း၊ ပေါများသော အသီးအပွင့်များ ရရှိခြင်း (အပိုင်း ၄ )
~နင်ချီ၏ မျက်ဝန်းအစုံသည် ရုတ်တရက် ဝင်းလက်သွားလေ၏။
'ဒီသတင်းက တော်တော် အဖိုးတန်တာပဲ... ငါက အခု လိုဏ်ဂူကို ပိတ်ဆို့ပြီး ကောင်းကင်ဘုံလူသား အဆင့် လေးဆယ်လောက်ကို သတ်ပစ်လိုက်ပြီ ဆိုပေမဲ့... အပြင်မှာ ကျန်နေတဲ့ လူတွေ အများကြီး ရှိသေးတာပဲ... ဟုတ်ပြီ... သူတို့ကို ငါ့ဆီလာအောင် မျှားခေါ်လိုက်ရင်ရော'
ရဲရင့်သော အကြံအစည်တစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာလေ၏။
သူတို့၏ ဆက်သွယ်ရေး စနစ်ကို အသုံးပြုပြီး ကောင်းကင်ဘုံလူသား အဆင့် ဂိုဏ်းသားများ အားလုံးကို ဒီနေရာသို့ ပြန်လာအောင် ဆင့်ခေါ်လိုက်မည်။ ပြီးမှ မိုးကြိုးပစ်သလို တိခနဲ ရှင်းပစ်လိုက်မည် ဆိုပါက သူ့အတွက် အလုပ်အများကြီး သက်သာသွားစေမည် မဟုတ်ပါလား။
'ဒီတစ်သုတ်ကို ထပ်ပြီး ရှင်းပစ်လိုက်မယ်... ပြီးရင် အင်ပါယာ နန်းတော်ကို မိစ္ဆာဂိုဏ်းရဲ့ ကျန်နေတဲ့ နေရာတွေကို သတင်းပို့လိုက်မယ်... ဒါဆို မိစ္ဆာဂိုဏ်းက ၉၅ ရာခိုင်နှုန်းလောက် ပြုတ်သွားပြီ... သားရဲဆေးလုံး စုဆောင်းဖို့ မပြောနဲ့ ကိုယ့်အသက်ကိုယ်တောင် မနည်းလုနေရတော့မှာ... မိစ္ဆာဂိုဏ်းရဲ့ ခြိမ်းခြောက်မှုက ဒီမှာတင် ပြီးဆုံးသွားပြီ'
သို့သော် နင်ချီသည် ချက်ချင်း လက်မစသေးပေ။
ယွီဘုရင် ပုလဲကို အရင်ဆုံး ကျွမ်းကျင်အောင် လုပ်ရပေဦးမည်။
စောစောက မဟာအကြီးအကဲကို နောက်ထပ်တစ်ကြိမ် စစ်ဆေးမေးမြန်းခဲ့ရာမှ ဤ သိုင်းသူတော်စင် လျှို့ဝှက်ရတနာ၏ အသုံးပြုပုံကို သူ အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်လေ၏။ ဤအချက်အလက်များနှင့် သူ့၏ ကိုယ်ပိုင် ဉာဏ်အလင်းပွင့်မှုတို့ကို ပေါင်းစပ်လိုက်သည့်အခါ အဖြေက ရှင်းလင်းလာတော့သည်။
ကောင်းကင်ဘုံလူသား အဆင့်အနေဖြင့် ဤရတနာကို လျှို့ဝှက်နည်းလမ်း အချို့သုံး၍ ရိုးရှင်းစွာသာ ထိန်းချုပ်နိုင်သေးသည်။ သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်မှသာ အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်ပေသည်။
လက်ရှိတွင် မဟာအကြီးအကဲ သိထားသော အသုံးပြုပုံ နှစ်မျိုးသာ ရှိလေ၏။
ပထမတစ်ခုမှာ သိမ်းဆည်းခြင်း လုပ်ဆောင်ချက် ဖြစ်၏။ သက်မဲ့ ပစ္စည်းများကို ထည့်သွင်းသိမ်းဆည်းနိုင်သော နေရာလွတ်တစ်ခု ပါရှိသည်။ ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ပဲ့တင်ထပ်စေရုံဖြင့် ချက်ချင်း အသုံးပြုနိုင်သော လုပ်ဆောင်ချက် ဖြစ်၏။
အရေးကြီးသည်မှာ ဒုတိယ လုပ်ဆောင်ချက်ပင်။ စောစောက နင်ချီ ကိုယ်တွေ့ မြင်လိုက်ရသည့်... "သိုင်းသူတော်စင်၏ စွမ်းအားကို စုစည်းခြင်း" ပင် ဖြစ်တော့၏။
သို့သော် ဤလုပ်ဆောင်ချက်ကို အသုံးပြုရန်အတွက် တောင်းဆိုချက် အချို့ ရှိနေပြန်သည်။
နင်ချီ သုံးသပ်လိုက်မိသည်က၊
'အဓိက သော့ချက်က ဟိုအစေခံတွေပဲ... တကယ်တော့ သူတို့က သာမန်လူတွေ မဟုတ်ဘူး... ရှေးခေတ် မဟာယွီ အင်ပါယာရဲ့ တော်ဝင်သွေးတွေပဲ... ကြာလာတော့ ဘေးရောက်ပြီး အစေခံ ဘဝ ရောက်ကုန်ကြတာ... မိစ္ဆာဂိုဏ်းက သူတို့ကို ဒီမှာ မွေးထားတာ အကြောင်းမဲ့ မဟုတ်ဘူး... အရေးကြီးတဲ့ အချိန်ကျရင် ယွီဘုရင် ပုလဲကို အသက်သွင်းဖို့အတွက် "အာဟာရ" အဖြစ် သုံးဖို့ကိုး'
'ကြည့်ရတာ ယွီဘုရင် ပုလဲက ဟိုးအရင်တုန်းက မဟာယွီ အင်ပါယာရဲ့ သိုင်းသူတော်စင် တစ်ပါးပါးနဲ့ သွေးတော်စပ်ပြီး ချိတ်ဆက်ထားခဲ့ပုံ ရတယ်'
သူက လက်ထဲရှိ သွေးရောင်သန်းနေသော ယွီဘုရင် ပုလဲကို ငေးကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
ကံကောင်းသည်မှာ ယွီဘုရင် ပုလဲသည် ယခုအခါ 'အသက်သွင်း' ပြီးသား ဖြစ်နေသဖြင့် သူ ချက်ချင်း အသုံးပြု၍ ရနေခြင်း ဖြစ်၏။ သို့သော် စွမ်းအားကုန်သွားပါက သိုင်းသူတော်စင် စွမ်းအားကို ပြန်လည် စုစည်းနိုင်တော့မည် မဟုတ်ချေ။
'ဒါပေမဲ့... တော်ဝင်သွေးမှ သုံးလို့ရမယ် ဆိုတာက တစ်ခုတည်းသော နည်းလမ်းတော့ မဖြစ်နိုင်ဘူး... ပုလဲက ငါ့လက်ထဲ ရောက်နေမှတော့ အချိန်ယူပြီး အေးဆေး လေ့လာလို့ ရပြီ... သွေးမလိုတဲ့ နည်းလမ်းကို ငါ တွက်ချက်နိုင်တာနဲ့ ဒီရတနာက ငါ့ရဲ့ စစ်မှန်တဲ့ လက်နက် ဖြစ်လာလိမ့်မယ်'
'အဲ့ဒီအချိန် ရောက်ရင်... ကောင်းကင်ဘုံလူသား ပြီးပြည့်စုံခြင်း အဆင့် မရောက်သေးရင်တောင် သိုင်းသူတော်စင် တစ်ယောက်ကို ယှဉ်နိုင်တဲ့ ယုံကြည်မှု ရှိသွားပြီ'
ဒီအချက်ကိုတော့ နင်ချီ အပြည့်အဝ ယုံကြည်ထားလေ၏။
သူက အတွေးနယ်ချဲ့နေရင်း ပျက်စီးနေသော မြေအောက်နန်းတော် အပျက်အစီးများ အပေါ်မှ ဖြတ်ကျော် ပျံသန်းလိုက်လေ၏။
ရံဖန်ရံခါ လက်ကို ဝှေ့ယမ်းလိုက်တိုင်း အပျက်အစီးများ ဖယ်ရှားသွားပြီး ရတနာများ ပေါ်ထွက်လာစမြဲ ဖြစ်၏။ စောစောက တိုက်ပွဲ၏ ပြင်းထန်သော အရှိန်အဟုန်ကြောင့် ပစ္စည်းအများစုမှာ ဖုန်မှုန့်ဘဝ ရောက်သွားကြသော်လည်း၊ တချို့သော အဖိုးတန် ရတနာများ၊ ပစ္စည်းများနှင့် ကျမ်းစာအုပ်များမှာမူ ပျက်စီးခြင်း မရှိဘဲ ကျန်ရစ်နေခဲ့သည်။ တချို့က သဘာဝအတိုင်း ခိုင်ခံ့ကြပြီး၊ တချို့ကတော့ အကာအကွယ် အခင်းအကျင်းများ ပါရှိသောကြောင့် ဖြစ်ပေသည်။
ထိုအထဲတွင် မိစ္ဆာဂိုဏ်း၏ မရဏ မီးလျှံ တောင်ကြား ဂိုဏ်းခွဲမှ အသေအချာ ပျိုးထောင်ထားသော "သွေးမိစ္ဆာ ပန်းပွင့်" များလည်း ပါဝင်လေ၏။ ဒီနေရာတွင် ငါးပွင့်၊ ခြောက်ပွင့်ခန့် ရှိပြီး အများစုမှာ ရင့်မှည့်နေကြပြီ ဖြစ်၏။
၎င်းတို့သည် ကောင်းကင်ဘုံလူသား အဆင့်များ၏ စွမ်းအားကို တစ်ဟုန်ထိုး တိုးတက်စေနိုင်သော ပြိုင်ဘက်ကင်း ရတနာများ ဖြစ်ကြ၏။
ဟိုတုန်းက မိစ္ဆာအိုကြီးလင် သည် ဒီပန်းတစ်ပွင့်ကို စားသုံးပြီး ဒဏ်ရာအပြင်းအထန် ရထားလျက်နှင့် နှစ်ရက် နှစ်ညတိုင်တိုင် တောင့်ခံကာ ထွက်ပြေးနိုင်ခဲ့သည် မဟုတ်ပါလား။ နောက်ဆုံး အစစ်အမှန် သိုင်းတောင်ပေါ်တွင် နင်ချီနှင့် တွေ့မှသာ အဆုံးသတ်သွားခဲ့ရခြင်း ဖြစ်၏။
ယခုမူ... ထိုပန်းများအားလုံး နင်ချီ၏ စစ်နိုင်ပစ္စည်းများ ဖြစ်လာခဲ့တော့၏။
"ဒီပန်းတွေကို စားလိုက်ရင်... ငါ့ရဲ့ အနှစ်သာရ ပန်းပွင့် စုစည်းဖို့ အချိန် အများကြီး သက်သာသွားမှာပဲ"
နင်ချီ ပြုံးလိုက်မိသည်။
သူ့၏ အံ့မခန်း အာရုံခံနိုင်စွမ်းဖြင့် ဆက်လက် ရှာဖွေလိုက်ရာ ရတနာများသည် တစ်ခုပြီးတစ်ခု ပျံတက်လာကြလေ၏။ နတ်ဘုရား လက်နက်များ၊ ပြိုင်ဘက်ကင်း ကုန်ကြမ်းပစ္စည်းများ၊ ဝိညာဉ်ဆေးဝါးများနှင့် ရှေးဟောင်း လျှို့ဝှက်ကျမ်းစာများ ပါဝင်လေ၏။ ဤမျှ ပြင်းထန်သော တိုက်ပွဲဒဏ်ကို ခံနိုင်ရည်ရှိပြီး မပျက်မစီး ကျန်ရစ်ခဲ့သော ပစ္စည်းများ ဆိုကတည်းက သာမန်မဟုတ်သည်မှာ သေချာလှပေသည်။
ယွီဘုရင် ပုလဲ၏ သိမ်းဆည်းရာ နေရာလွတ်ထဲတွင် ပစ္စည်းများ ပြည့်နှက်လာသည်ကို ကြည့်ရင်း နင်ချီ၏ စိတ်အခြေအနေမှာ အတိုင်းထက်အလွန် ကြည်နူးနေမိတော့သည်။
‘ဒီတစ်ခေါက် ခရီးစဉ်ကတော့ တကယ့်ကို ထောတာပါပဲ။’
အခန်း (၂၉၄) - စီနီယာ ညီအစ်ကိုများနှင့် ဝန်ခံခြင်း
~နင်ချီသည် မိစ္ဆာဂိုဏ်း၏ မြေအောက် နန်းတော်ကြီး တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ရှာဖွေပြီးနောက် တစ်ခုတစ်လေမျှ ကျန်ရစ်ခြင်း မရှိတော့ကြောင်း သေချာမှသာ ကျေနပ်အားရစွာဖြင့် ရပ်တန့်လိုက်လေ၏။
ယခုအချိန်တွင် ယွီဘုရင် ပုလဲထဲ၌ မဟာအကြီးအကဲ ယခင်က ထည့်သွင်းထားသော ပစ္စည်းများနှင့် သူ ယခု ထပ်မံ ရှာဖွေတွေ့ရှိထားသော ရတနာများ ပေါင်းစပ်လိုက်သည့်အခါ နေရာလွတ် တစ်ခုလုံး ပြည့်နှက်လုနီးပါး ဖြစ်နေတော့၏။
'မိစ္ဆာဂိုဏ်းရဲ့ အမွေအနှစ်တွေက တကယ်ပဲ ကြွယ်ဝလွန်းလှတာပဲ... အကယ်၍ အစစ်အမှန်သိုင်းဂိုဏ်းသာ ဒီအခြေခံအုတ်မြစ်တွေကို အပြည့်အဝ အသုံးချနိုင်ခဲ့ရင် လောကရဲ့ နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်လာဖို့က အချိန်ကိစ္စပဲ ရှိတော့တယ်'
နင်ချီ တွေးတောလိုက်မိသည်။
ထို့အပြင် သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်စေမည့် ရတနာ အများအပြားကိုလည်း ရှာဖွေတွေ့ရှိခဲ့သေးသည်။
"သွေးမိစ္ဆာ ပန်းပွင့်" ဆိုသည်မှာ ထိုအထဲမှ တစ်ခုသာ ရှိသေး၏။
၎င်းသည် "အနှစ်သာရ ပန်းပွင့်" စုစည်းခြင်းကို များစွာ အထောက်အကူ ပြုစေသော ရတနာ ဖြစ်၏။ ထို့အပြင် "ချီပန်းပွင့်" နှင့် "ဝိညာဉ်ပန်းပွင့်" တို့အတွက် အကျိုးရှိစေမည့် အခြားသော ရတနာများလည်း ပါဝင်နေသေးသည်။ သွေးမိစ္ဆာ ပန်းပွင့်လောက် မရှားပါးသော်လည်း၊ နင်ချီအတွက် ကောင်းကင်ဘုံလူသား အဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ တက်လှမ်းရန် အချိန်ကို များစွာ လျှော့ချပေးနိုင်မည်မှာ အသေအချာပင်။
ဤအချက်က သူ့ကို အလွန်အမင်း ကျေနပ်သွားစေသည်။
နင်ချီသည် သူ့ရှေ့မှ မြေအောက်နန်းတော် အပျက်အစီးများကို ငေးကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်မှ ချီစွမ်းအင်များ တဖြည်းဖြည်း ပြောင်းလဲသွားပြီးနောက် မီးတောက်များအဖြစ် အသွင်ပြောင်းကာ နဂါးကြီးများအလား ရှေ့ရှိ အရာအားလုံးကို လွှမ်းခြုံဝါးမြိုသွားလေတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်...၊
မြေအောက်နန်းတော် အပျက်အစီးများသည် မီးပင်လယ်ကြီး တစ်ခုအဖြစ် အသွင်ပြောင်းသွားရလေ၏။
နင်ချီ၏ မျက်ဝန်းအိမ်ထဲတွင် မီးတောက်များ ဟပ်နေစဉ်၊ သူက မဟာအကြီးအကဲဆီမှ ရရှိခဲ့သော သိုင်းသူတော်စင် အဆင့်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြန်လည် စဉ်းစားခန်း ဝင်နေမိသည်။
'မဟာအကြီးအကဲ ပြောပုံအရဆိုရင် မဟာယွီ အင်ပါယာ ပျက်သုဉ်းပြီးနောက်ပိုင်း.. သိုင်းသူတော်စင် အမွေအနှစ်တွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရတယ်... မဟာယွီ တော်ဝင်မိသားစုရဲ့ လက်ကျန် မျိုးဆက်တွေက မနည်း ရုန်းကန်ပြီးမှ မိစ္ဆာဂိုဏ်းကို တည်ထောင်နိုင်ခဲ့တာ... သူတို့ဆီမှာ သိုင်းသူတော်စင် လျှို့ဝှက်ရတနာ နှစ်ခုနဲ့ မြင့်မြတ်သော ဆေးလုံး ဖော်စပ်နည်း တစ်ခုပဲ ကျန်တော့တယ်'
'လျှို့ဝှက်ရတနာ တစ်ခုကတော့ မဟာအကြီးအကဲ အဆက်ဆက် ထိန်းသိမ်းလာခဲ့တဲ့ ယွီဘုရင် ပုလဲပဲ... နောက်ထပ် ရတနာ တစ်ခုနဲ့ ဆေးလုံး ဖော်စပ်နည်းကိုတော့ ဂိုဏ်းချုပ် အဆက်ဆက်က ကိုင်ဆောင်ထားကြတယ်... မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာဖို့ဆိုတာ သိုင်းသူတော်စင် တစ်ပါးရဲ့ အရှိန်အဝါ ရှိဖို့ လိုအပ်တယ်တဲ့'
'မဟာယန် အင်ပါယာက နှစ်ပေါင်းထောင်ချီ အုပ်စိုးချင်တာကြောင့် တခြားသူတွေ လက်လှမ်းမမီနိုင်အောင် သိုင်းသူတော်စင် အမွေအနှစ်တွေကို ဖျက်ဆီးပစ်ခဲ့တာလို့ ဆိုတယ်... မိစ္ဆာဂိုဏ်းက ဆေးလုံးနည်းပညာကို အားကိုးပြီး သိုင်းသူတော်စင် မွေးထုတ်ဖို့ ကြိုးစားပေမဲ့ အောင်မြင်လာတိုင်း မဟာယန်ရဲ့ သိုင်းသူတော်စင်တွေက လာရောက် သုတ်သင်ပစ်လေ့ ရှိသတဲ့'
နင်ချီ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
ဝူကျန်းဟဲရော၊ မိစ္ဆာဂိုဏ်း မဟာအကြီးအကဲပါ သူတို့၏ ဓားသွားများကို မဟာယန် အင်ပါယာဆီသို့ ဦးလှည့်ထားကြ၏။
သူ့ရင်ထဲတွင် မဟာယန် အင်ပါယာ အပေါ် သတိထားမှုများ ပိုမို တိုးပွားလာရလေ၏။
'သတိထားဖို့တော့ လိုအပ်တယ်... ငါ့မှာ ပြိုင်ဘက်ကင်း အင်အား မရှိသရွေ့ မဟာယန် နန်းတော်ရှေ့မှာ ငါ့ရဲ့ စွမ်းရည်တွေကို ထုတ်မပြမိဖို့ အရေးကြီးတယ်'
'ဒါ့အပြင် အကြီးမားဆုံး အကျိုးအမြတ်ကတော့ မိစ္ဆာဂိုဏ်းမှာ သိုင်းသူတော်စင် အဆင့်နဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတချို့ ရှိနေတာပဲ... ပြန်ရောက်ရင် သေချာ လေ့လာပြီး ဒီအဆင့်ကို ရောက်အောင် ကြိုးစားရမယ်... ယွီဘုရင် ပုလဲထဲမှာလည်း သိုင်းသူတော်စင် စွမ်းအား အကြွင်းအကျန်တွေ ရှိနေတော့ ငါ့ရဲ့ ကိုယ်ပိုင် သိုင်းသူတော်စင် ကျင့်စဉ်ကို ဖန်တီးဖို့ အများကြီး အထောက်အကူ ပြုလိမ့်မယ်'
နင်ချီသည် ရရှိထားသော အမြတ်အစွန်းများနှင့် သတင်းအချက်အလက်များကို ပြန်လည် သုံးသပ်ပြီးနောက် ဘာမှ ကျန်ရစ်ခဲ့ခြင်း မရှိကြောင်း သေချာမှ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။
သူက လေဟာနယ်ထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်လေ၏။
ထို့နောက် လျှို့ဝှက်နည်းလမ်း တစ်ခုကို အသုံးပြုကာ ယွီဘုရင် ပုလဲကို နောက်တစ်ကြိမ် ထပ်မံ သန့်စင်လိုက်ပြီး ပိုမို လွတ်လပ်စွာ ထိန်းချုပ်နိုင်အောင် ပြုလုပ်လိုက်၏။ ပြီးမှ မတ်တတ်ပြန်ရပ်လိုက်လေ၏။
နောက်တစ်ဆင့်ကတော့...။
သားကောင်များကို စောင့်ဖမ်းမည့် အစီအစဉ်ပင်။
…
—---------
မီးတောက် တစ်သောင်း လိုဏ်ဂူ အပြင်ဘက်...၊
ခမ်းနားထည်ဝါသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် အစွမ်းထက် အဘိုးအို နှစ်ယောက်သည် အတူတကွ ပျံသန်း ရောက်ရှိလာကြ၏။ သူတို့၏ မျက်နှာထားများမှာ သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေကြ၏။
ထိုအထဲမှ မျက်နှာထား ခက်ထန်ကြမ်းတမ်းသော အဘိုးအိုက အသံလှိုင်းဖြင့် စကားလှမ်းပြောလိုက်၏။
"ဟေ့လူ... ဝမ်အိုကြီး... မဟာအကြီးအကဲက ဘာကိစ္စရှိလို့ ငါတို့ကို ဒီလောက် အရေးတကြီး ခေါ်ရတာလဲ... မြင့်မြတ်သော ဆေးလုံးများ အောင်မြင်သွားပြီလား"
သူ့မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ယှက်သန်းနေလေ၏။
ဝမ်အိုကြီး ခေါင်းခါလိုက်၏။
"မဖြစ်နိုင်လောက်ဘူး... အရင်တုန်းက မဟာအကြီးအကဲ ပြောတော့ ဆေးလုံးက နောက်ထပ် တစ်နှစ်လောက် လိုသေးတယ် ဆို... ငါထင်တာတော့ သူတော်စင် မျိုးဆက်သစ် ရွေးဖို့ နေမှာပါ... ငါတို့နှစ်ယောက်တည်း မဟုတ်ဘူး... ကျန်းအိုကြီးတောင် ဆင့်ခေါ်စာ ရထားတယ်... တခြားလူတွေကို ငါ မမေးကြည့်ရပေမဲ့ ငါတို့လို လူတွေအကုန်လုံးကို ခေါ်ထားတာ ဖြစ်လောက်တယ်"
မျက်နှာထား ခက်ထန်သော အဘိုးအိုက ခေါင်းညိတ်လိုက်၏။
"ဖြစ်နိုင်တယ်... ထားလိုက်ပါလေ... ငါတို့ အိမ်ပေါက်ဝ ရောက်နေပြီပဲ... မကြာခင် သိရတော့မှာပေါ့"
သူက ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့ တိုးဝင်သွားလိုက်၏။
ဝမ်အိုကြီးက ရယ်မောရင်း ဆဲရေးလိုက်လေ၏။
"ဒီအဘိုးကြီးကတော့ကွာ... မြေအောက်လိုဏ်ဂူ ရောက်နေပြီကို သတိလေး ဘာလေး မထားဘူး... ဒီနေရာကို ပေါ့ပေါ့တန်တန် သဘောထားလို့ ရမလားကွ"
ထိုအဘိုးအိုက ပေါ့ပေါ့ပါးပါးပင် ပြန်ရယ်မောလိုက်၏။
"ကိုယ့်အိမ်ပေါက်ဝ ရောက်နေမှတော့ ငါတို့ စီးနင်းခံရပါ့မလားကွ... မင်းကလဲ"
သို့သော် စကားသံ မဆုံးခင်မှာပင်...။
သူတို့နှစ်ဦးစလုံး၏ မျက်နှာများ ပြိုင်တူ ကွက်ခနဲ ပျက်သွားကြတော့သည်။ မျက်ဝန်းအိမ်များထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားကြပြီး၊ ကြောက်မက်ဖွယ် ကောင်းလှသော ဓားဆန္ဒ တစ်ခု ပစ်ခွင်းလာသည်ကို ခံစားလိုက်ရ၏။ ပြိုင်ဘက်ကင်း ဓားချီတစ်ခု ဖြတ်သန်းသွားပြီးနောက် အော်သံပင် မထွက်နိုင်လိုက်ဘဲ အမှောင်ထုက သူတို့၏ အသိစိတ်များကို ဝါးမြိုသွားလေတော့သည်။
မှေးမှိန်သွားသော အမြင်အာရုံထဲတွင် တောင်ကြားထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်လာသော လူငယ် တာအိုဆရာ တစ်ယောက်ကို ဝိုးတဝါး မြင်လိုက်ကြရရှာသည်။
နင်ချီသည် သူ့ရှေ့မှ မိစ္ဆာဂိုဏ်းသား ကောင်းကင်ဘုံလူသား အဆင့် နှစ်ယောက်၏ အလောင်းများကို တည်ငြိမ်စွာ ကြည့်လိုက်၏။
လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် အလောင်းများသည် သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားပြီး သွေးဆေးလုံးများအဖြစ် စုစည်းကာ ယွီဘုရင် ပုလဲထဲသို့ ဝင်ရောက်သွားကြလေ၏။
"ဆယ်ရက် အတွင်းမှာ... ဒီနှစ်ကောင် အပါအဝင်ဆိုရင် ဆယ့်ခြောက်ယောက် ရှိသွားပြီပဲ"
"သေချာ တွက်ကြည့်မယ် ဆိုရင်တော့ ကုန်သလောက် ရှိနေပြီ... ကျန်နေတဲ့ လူတွေက မီးတောက် တစ်သောင်း လိုဏ်ဂူရဲ့ တည်နေရာကို သိခွင့်ရတဲ့ အဆင့် မဟုတ်ကြဘူး... ပိုက်ကွန်ထဲက လွတ်သွားတဲ့ ငါးသေးငါးဖွဲ တစ်ကောင်နှစ်ကောင်လောက် အတွက်နဲ့တော့ ဒီမှာ ဆက်စောင့်နေစရာ မလိုတော့ဘူး"
နင်ချီ ပြုံးလိုက်မိသည်။
သည်အဆင့် ရောက်မှတော့ မိစ္ဆာဂိုဏ်း၏ အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစု အားလုံးနီးပါး သူ့လက်ချက်ဖြင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ကျန်ရစ်ခဲ့သော ကောင်းကင်ဘုံလူသား အဆင့် အနည်းငယ်မှာ ကြောက်စရာ မလိုတော့ပေ။ အင်ပါယာ နန်းတော်ကို လွှဲပေးလိုက်ရုံပင်။ နင်ချီ အနေဖြင့် ဂိုဏ်းခွဲများ၏ တည်နေရာ သတင်းအချက်အလက်များကို တိတ်တဆိတ် ပေးပို့လိုက်ရန် စီစဉ်ထားသည်။
"အစ်မတော်ငါးကို ထောက်ထားတဲ့ အနေနဲ့ လင်ရွှယ်ရွှမ်ကိုတော့ ရွေးချယ်ခွင့် ပေးခဲ့တယ်... သူလည်း ဒီကိစ္စတွေထဲမှာ ဆက်ပြီး ပါဝင်ပတ်သက်တော့မယ် မထင်ဘူး... မိစ္ဆာဂိုဏ်းရဲ့ ခြိမ်းခြောက်မှု အများစုကို ရှင်းလင်းပြီးပြီ ဆိုတော့... ကျန်တာက ဂိုဏ်းချုပ် ဘယ်ရောက်နေလဲ ဆိုတာပဲ"
"ဒါပေမဲ့ သိပ်ပြီး စိတ်ပူနေစရာ မလိုပါဘူး... သားရဲဆေးလုံးတွေ ရှာပေးမယ့် လက်အောက်ငယ်သားတွေ မရှိတော့ရင် မြင့်မြတ်သော ဆေးလုံး ဖော်စပ်မှုက သေချာပေါက် ကြန့်ကြာသွားတော့မှာပဲ... ငါ့ရည်ရွယ်ချက်လည်း အောင်မြင်ပြီ ဆိုတော့ ပြန်ဖို့ အချိန်တန်ပြီ"
အပြင်လောကမှာ လှည့်လည်သွားလာနေရတာထက် "တာအို ရှာဖွေခြင်း ကျောင်းတော်" ထဲမှာ အေးအေးဆေးဆေး စာဖတ်ပြီး တာအို ဆင်ခြင်သုံးသပ်ရတာကို နင်ချီ ပိုသဘောကျသည်။
အိမ်ပြန်ချင်စိတ် ပေါ်လာသည်နှင့် တားဆီး၍ မရတော့ပေ။
လုပ်စရာ ရှိတာတွေ အားလုံး ပြီးစီးသွားပြီ ဖြစ်သဖြင့် သူ တိတ်တဆိတ်ပင် ထွက်ခွာလာခဲ့လေသည်။
မဟာယန် အင်ပါယာနှင့် နှစ်ပေါင်း နှစ်ထောင်ကျော်ကြာအောင် ယှဉ်ပြိုင် တိုက်ခိုက်လာခဲ့သော မိစ္ဆာဂိုဏ်းကြီးသည် နင်ချီ၏ လက်ချက် နှင့် ပြိုကွဲသွားကြောင်းကိုတော့ မည်သူမျှ မသိလိုက်ကြချေ။