အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
အခန်း (၂၉၅) - စီနီယာညီအစ်ကိုများနှင့် ဝန်ခံခြင်း - အပိုင်း (၂ )
~အစစ်အမှန်သိုင်းတောင်...။
နင်ချီ တောင်ပေါ်က ဆင်းသွားခဲ့သည်မှာ ဆယ်ရက်ကျော် ကြာမြင့်ခဲ့လေပြီ။
ဤအတောအတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။
ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ ပြန်လည် ရောက်ရှိလာခြင်းကို ရှုံးရှီနှင့် အခြားသူများအား ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။ ထို့ကြောင့် ရှင်းပြချက် တစ်ခုတော့ ပေးရပေမည်။ အထူးသဖြင့် ရေခဲရုပ်တု ဖြစ်သွားပြီး ပြန်လည် နိုးထလာဖို့ မသေချာသော ချင်ယွင်ကို လျှို့ဝှက်ထားလိုက်ခြင်းသည် တရားမျှတမှု မရှိရာ ကျရောက်ပေလိမ့်မည်။ လော့ဝမ်ထျန်း အနေဖြင့်လည်း ဂိုဏ်းသား ညီအစ်ကို မောင်နှမများကြားတွင် ချင်ယွင်နှင့် ပတ်သက်ပြီး အထင်အမြင် လွဲမှားမှုမျိုး မဖြစ်စေလိုပေ။
ထို့ကြောင့်...၊
တာအိုဆရာလုံရှန်းနှင့် တိုင်ပင်ပြီး ခွင့်ပြုချက် ရရှိပြီးနောက်၊ သူသည် ညီအစ်ကို မောင်နှမများ အားလုံးကို ခေါ်ယူပြီး အဖြစ်မှန်ကို ဖွင့်ဟ ပြောပြလိုက်တော့သည်။
ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ မိစ္ဆာဂိုဏ်း၏ ချုံခိုတိုက်ခိုက်ခြင်း ခံရပုံမှ စတင်ကာ၊ ချင်ယွင် ရောက်ရှိလာပြီး ကယ်တင်ခဲ့ပုံ၊ နောက်ဆုံးတွင် နင်ချီ ရောက်လာပြီး သရဲမျက်နှာဖုံးကို နှိမ်နင်းလိုက်ပုံ အထိ အသေးစိတ် ရှင်းပြလိုက်၏။
သဘာဝကျစွာပင်...၊
နင်ချီ၏ အစစ်အမှန် အထောက်အထားကိုလည်း ဆက်လက် ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။
အားလုံး ဝမ်းနည်းပက်လက် ဖြစ်ကုန်ကြ၏။ အထူးသဖြင့် ချင်ယွင်၏ ရေခဲရုပ်တုကို မြင်လိုက်ရသောအခါ မျက်လုံးများ နီရဲလာပြီး ဝမ်းနည်းပူဆွေးမှုများ လွှမ်းခြုံသွားကြရရှာသည်။
ယဲ့ချင်းဟယ်နှင့် စုန့်ချန်တို့သည် ချင်ယွင်နှင့် အရင်းနှီးဆုံး သူများ ဖြစ်ကြ၏။ ချင်ယွင် တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်များကို သိရှိလိုက်ရသောအခါ ရေခဲရုပ်တုကို ပွတ်သပ်ရင်း ရင်ထဲတွင် ခါးသီးနာကျင်စွာ ခံစားလိုက်ကြရလေ၏။ ကံကောင်းသည်မှာ ချင်ယွင် မသေသေးခြင်းပင်။ သူတို့ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်သန်းလေး ကျန်ရှိနေသေးသည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် သူတို့ အလွန်အမင်း အံ့အားသင့် တုန်လှုပ်သွားကြရလေသည်။
ကျော်ကြားလှသော "စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်" ဆိုသည်မှာ တကယ်တော့ ကိုးလေး ဖြစ်နေသည်တဲ့လား။
နင်ချီ၏ စွမ်းအား ကြီးမားပုံကို သူတို့ အတိုင်းအတာ တစ်ခုအထိ ခန့်မှန်းထားခဲ့ပြီး ဖြစ်သော်လည်း၊ လက်တွေ့ အခြေအနေက သူတို့၏ စိတ်ကူးယဉ်မှုထက် အများကြီး ကျော်လွန်နေခဲ့လေသည်။ အိပ်မက်ထဲမှာတောင် ဒီလောက်ထိ မမက်ရဲခဲ့ကြပေ။
ထို့ကြောင့်...။
နင်ချီ အစစ်အမှန်သိုင်းတောင်သို့ ပြန်ရောက်လာသောအခါတွင် နာကျည်းချက်များ ပါဝင်နေသော အကြည့်များဖြင့် ကြိုဆိုခြင်း ခံလိုက်ရတော့သည်။
"ကိုးလေး... မင်း ငါတို့ကို တော်တော် ဖုံးကွယ်ထားရက်တယ်နော်"
နင်ချီက လော့ဝမ်ထျန်းဘက်သို့ လှည့်ကြည့်လိုက်ရာ၊ လော့ဝမ်ထျန်း၏ ကူကယ်ရာမဲ့နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် အခြေအနေကို သဘောပေါက်လိုက်၏။ သို့သော် သူ စိတ်မပျက်သွားဘဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဒီအခွင့်အရေးကို အသုံးချပြီး ဂိုဏ်းသား ညီအစ်ကို မောင်နှမများအား အမှန်အတိုင်း ဝန်ခံလိုက်ခြင်းက ပိုကောင်းသည်ဟု တွေးလိုက်မိသောကြောင့် ဖြစ်ပေသည်။
လျှို့ဝှက်ထားခြင်းသည် ကောင်းသော ကိစ္စ မဟုတ်ပေ။ ယခင်က မပြောပြခဲ့ရခြင်းမှာ ထိုစဉ်က နင်ချီတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အလုံအလောက် မရှိသေးသောကြောင့်သာ ဖြစ်သည်။ ဒီလောကကြီးထဲတွင် သူ့ကို ခြိမ်းခြောက်နိုင်သော လူများစွာ ရှိနေသည် မဟုတ်ပါလား။
သို့သော် ယခုအခါတွင်မူ နင်ချီသည် လောက၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။
လော့ဝမ်ထျန်းနှင့် ကျန်းပိုင်ရှန်းတို့ သိပြီးသား ဖြစ်နေမှတော့ ကျန်တဲ့ ညီအစ်ကို မောင်နှမများကို ဖုံးကွယ်ထားစရာ အကြောင်းမရှိတော့ပေ။
နင်ချီက ပခုံးတွန့်လိုက်ပြီး ပြုံးလိုက်လေ၏။
"ဒါက ကျွန်တော့်အပြစ် မဟုတ်ဘူးဗျာ"
သူက လော့ဝမ်ထျန်းနှင့် တာအိုဆရာလုံရှန်းတို့ကို အကူအညီ တောင်းသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သော်လည်း၊ ထိုနှစ်ယောက်က ပြုံးစစဖြင့် နောက်ဆုတ်သွားကြလေသည်။ ကူကယ်ရာမဲ့နေသော ပုံစံများဖြင့်ပင်။
“ဘုရားရေ”
ယဲ့ချင်းဟယ်က နင်ချီကို လှည့်ပတ်ကြည့်ရှုရင်း အံ့သြတကြီး ရေရွတ်လိုက်၏။ ပြီးမှ နှာခေါင်းလေး ရှုံ့ကာ ပြောလိုက်လေ၏။
"ကိုးလေး... နင် မြန်မြန် စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင် ပုံစံ ပြောင်းပြစမ်း... ဒါမှ ငါတို့ နင့်ကို ခွင့်လွှတ်ပေးမယ်"
အားလုံးက ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ကြ၏။ မျက်နှာပေါ်တွင် 'နာကျည်းချက်' များ ရှိနေသော်လည်း မျက်လုံးထဲတွင်မူ မျှော်လင့်ချက်များ ပြည့်နှက်နေကြ၏။ လော့ဝမ်ထျန်းနှင့် ကျန်းပိုင်ရှန်းတို့ ပြောပြထားသော်လည်း ကိုယ်တိုင် မြင်ရမှ ယုံကြည်နိုင်မည့် အနေအထားမျိုး ဖြစ်နေကြသည် မဟုတ်ပါလား။
ညီအစ်ကို မောင်နှမများ၏ 'ဝိုင်းဝန်းပိတ်ဆို့မှု' ကို ရင်ဆိုင်နေရသော နင်ချီသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရတော့သည်။
သူက လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ ချီစွမ်းအင်များ စုစည်းလာပြီး၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် အေးစက်သော မျက်လုံးများနှင့် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် တာအိုဆရာ တစ်ယောက် သူတို့ရှေ့တွင် ပေါ်လာလေတော့သည်။
စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင် မှလွဲ၍ မည်သူ ဖြစ်နိုင်ပါဦးမည်နည်း။
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြရ၏။
လော့ဝမ်ထျန်းနှင့် တာအိုဆရာလုံရှန်းတို့ပင် ဤသို့ ဖြစ်နေကြ၏။ စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင် ဆိုသည်မှာ နင်ချီ၏ ကျင့်စဉ် တစ်ခု ဖြစ်ကြောင်း သိထားသော်လည်း၊ ကိုယ်တိုင်ကိုယ်ကျ ထုတ်သုံးပြသည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဆန်းကြယ်သော လျှို့ဝှက်နည်းစနစ်သည် တကယ့်ကို အထင်ကြီးဖွယ်ရာ ကောင်းလှပေသည်။
အထူးသဖြင့် လီလင် အတွက် ပို၍ပင် ထိတ်လန့်စရာ ကောင်းနေလေသည်။
သူသည် စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်ထံမှ ဓားသိုင်းပညာကို သင်ယူခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။ ယခုအခါ သူ အလေးစားဆုံး ပုဂ္ဂိုလ်သည် သူ၏ ကိုးလေး ဖြစ်နေကြောင်း သိလိုက်ရသောအခါ ရင်ထဲတွင် ပြောမပြတတ်သော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာရလေ၏။
"ကိုး... ကိုးလေး... ခင်ဗျားက..."
လီလင့်ခမျာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ထစ်နေရှာသည်။ ကျွမ်းချန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်မိကြ၏။ ဦးညွှတ် ဂါရဝပြုချင်စိတ်များပင် ပေါက်လာကြ၏။
ထိုအခါ၊ နင်ချီက ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ဟားဟား၊ နောက်ကျရင် ဓားသိုင်း သင်ချင်တယ် ဆိုရင် တာအို ရှာဖွေခြင်း ကျောင်းတော်ကို လာခဲ့ကြပေါ့ကွာ"
သူ့အထောက်အထားကို ဖွင့်ချလိုက်ပြီ ဖြစ်သဖြင့် တွန့်တိုနေစရာ အကြောင်းမရှိတော့ပေ။
‘ဂျူနီယာ ညီလေးနှစ်ယောက်ကို သင်ကြားပေးရတာ အချိန်သိပ်ပေးရမည့် ကိစ္စမှ မဟုတ်ဘဲလေ။’
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ကိုယ်ပွားကို ဖျက်သိမ်းလိုက်၏။ ထို့နောက် ပြောလိုက်၏။
"ဒီလျှို့ဝှက်နည်းစနစ်ကို 'ပုံသဏ္ဍာန်မဲ့ ချီ န္ဓာ' လို့ ခေါ်ပါတယ်... လောလောဆယ်တော့ လိုအပ်ချက်တွေက နည်းနည်း မြင့်နေသေးတယ်... နောက်ကျရင် ကျွန်တော် သေချာ ပြန်လေ့လာပြီး လိုအပ်ချက်တွေကို လျှော့ချပေးမယ်... အဲ့ဒီကျရင် ခင်ဗျားတို့ အားလုံး သင်လို့ ရပြီ"
အားလုံး ပျော်ရွှင်အားတက်သွားကြ၏။
နင်ချီက ပြုံးပြီး ခေါင်းညိတ်လိုက်၏။
ယခင်က သူ ဖန်တီးခဲ့သော လျှို့ဝှက်နည်းစနစ် အများစုသည် သူ့ကိုယ်ပိုင် အသုံးပြုရန်အတွက်သာ ရည်ရွယ်ခဲ့သည်။ သို့သော် သူ့ကျင့်ကြံခြင်း အဆင့် မြင့်မားလာပြီး အခြေခံအုတ်မြစ် ခိုင်မာလာသည်နှင့်အမျှ ထိုနည်းစနစ်များကို ပြန်လည် မွမ်းမံပြီး လူတိုင်း အသုံးပြုနိုင်အောင် ပြုလုပ်ပေးရန် ရည်ရွယ်ထားပါသည်။
ဤနည်းအားဖြင့် အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေခံအုတ်မြစ်ကိုလည်း ပိုမို ခိုင်မာစေနိုင်မည် မဟုတ်ပါလား။
ရယ်မောစရာ စကားဝိုင်းများ ပြီးဆုံးသွားသောအခါ...၊
နင်ချီ၏ အထောက်အထား ဖုံးကွယ်ထားမှု ကိစ္စလည်း ပြီးဆုံးသွားလေတော့သည်။
တကယ်တော့ အားလုံးက စနောက်နေကြခြင်းသာ ဖြစ်သည်။ သူတို့အားလုံး ဝမ်းသာလွန်းနေကြသဖြင့် စိတ်ဆိုးဖို့ ဆိုတာ မဖြစ်နိုင်ပေ။
တောက်ပအလင်း သိုင်းခန်းမဆောင်ထဲသို့ ဝင်ရောက်လာကြ၏။
စောစောက ပေါ့ပါးနေသော မျက်နှာထားများ တဖြည်းဖြည်း တည်ငြိမ်လေးနက် သွားကြလေ၏။
ရေခဲရုပ်တု ဖြစ်နေသော ချင်ယွင်သည် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေရှာသည်။ ရက်အတော်ကြာ ဖြတ်သန်းပြီးပြီ ဖြစ်သော်လည်း၊ အားလုံးက ဒီအမှန်တရားကို လက်ခံထားကြပြီ ဖြစ်သော်လည်း၊ ချင်ယွင်၏ အိုမင်းရင့်ရော်နေသော မျက်နှာနှင့် ခန္ဓာကိုယ်ကို မြင်လိုက်ရတိုင်း ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားရစမြဲ ဖြစ်သည်။
"ကိုးလေး... တာဝန် အခြေအနေ ဘယ်လိုလဲ"
တာအိုဆရာလုံရှန်းက ညင်သာစွာ မေးလိုက်၏။ လော့ဝမ်ထျန်းက နင်ချီ မိစ္ဆာဂိုဏ်း ဌာနချုပ်သို့ သွားရောက်ခဲ့ကြောင်း ပြောပြထားပြီး ဖြစ်သည်။
နင်ချီ ခေါင်းညိတ်လိုက်၏။
"အားလုံး အဆင်ပြေပါတယ်... မိစ္ဆာဂိုဏ်းရဲ့ ခြိမ်းခြောက်မှုကို အများဆုံး ဖယ်ရှားပစ်နိုင်ခဲ့ပါပြီ"
သူ တောင်အောက်သို့ ဆင်းသွားပြီးနောက် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည် ပြောပြလိုက်၏။ သို့သော် အချို့သော အပိုင်းများကိုတော့ ချန်လှပ်ထားခဲ့လေ၏။
နင်ချီ တစ်ယောက်တည်းနှင့် မိစ္ဆာဂိုဏ်း ဌာနချုပ် တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ကြောင်း၊ ကောင်းကင်ဘုံလူသား အဆင့် ငါးဆယ်၊ ခြောက်ဆယ်ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း ကြားလိုက်ရသောအခါ အားလုံး ကြက်သေသေကာ နင်ချီကို ငေးကြည့်နေမိကြတော့သည်။
ကောင်းကင်ဘုံလူသား အဆင့် ဆိုသည်မှာ လူသန်းပေါင်းများစွာ အထဲမှ ရွေးချယ်ခံရသူများ ဖြစ်ပြီး၊ မရေမတွက်နိုင်သော ကြိုးစားအားထုတ်မှုများ ပြုလုပ်မှသာ ရောက်ရှိနိုင်သော အဆင့် ဖြစ်သည်။ သူတို့၏ မျက်စိထဲတွင်တော့ အလွန် မြင့်မြတ်သော အဆင့်အတန်း ဖြစ်ပေသည်။
သို့သော် နင်ချီအတွက်မူ ကြက်ကလေး၊ ငှက်ကလေးများကို သတ်ဖြတ်သကဲ့သို့ လွယ်ကူရိုးရှင်းလွန်းနေသည် မဟုတ်ပါလား။
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်မိကြ၏။
သူတို့နှင့် နင်ချီကြားက ကွာဟချက်က တကယ်ကို ကြီးမားလွန်းလှပေသည်။
သို့သော် ထိုအချက်ထက် ပိုပြီး ဝမ်းသာနေမိကြ၏။
မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်၏ ခြိမ်းခြောက်မှုသည် သူတို့ရင်ထဲတွင် ကာလကြာရှည်စွာ စွဲမြဲနေခဲ့သော အရိပ်မည်းကြီး ဖြစ်သည်။ ယခုအခါ ထက်ဝက်ခန့် ဖယ်ရှားခံလိုက်ရပြီ ဖြစ်သဖြင့် အနာဂတ် လမ်းခရီးသည် ပိုမို ပေါ့ပါးလင်းလက်လာပြီဟု ခံစားလိုက်ကြရလေ၏။
"ဒါပေမဲ့ မင်းပြောပုံအရ ဆိုရင်... မိစ္ဆာဂိုဏ်းချုပ်က တစ်နေရာမှာ ပုန်းအောင်းနေသေးတယ် ဆိုတော့... သတိထားဖို့တော့ လိုဦးမယ်"
ဟု လော့ဝမ်ထျန်းက သတိပေးလိုက်၏။
နင်ချီက ပြန်ပြောလိုက်၏။
"မပူပါနဲ့... ကျွန်တော် မိစ္ဆာဂိုဏ်းခွဲတွေရဲ့ သတင်းအချက်အလက်တွေကို အင်ပါယာ နန်းတော်ဆီ ပို့ပြီးပါပြီ... မိစ္ဆာဂိုဏ်းရဲ့ အင်အားက တဖြည်းဖြည်း ယုတ်လျော့သွားတော့မှာပါ"
ထို့နောက် မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှက်သန်းနေသော လင်ရူဟွာဘက်သို့ လှည့်ကာ ပြောလိုက်၏။
"အစ်မတော်... ကျွန်တော် အဒေါ့်ဆီကို သတင်းစကား ပါးပြီးပါပြီ... ဒါပေမဲ့ စိတ်ချရအောင် အစ်မတော် ကိုယ်တိုင် စာတစ်စောင်လောက် ရေးပို့လိုက်ပါ... လင်မိသားစု ဂိုဏ်းခွဲကို ခေါ်ပြီး တိမ်းရှောင်ဖို့ ပြောလိုက်ပါ... အင်ပါယာ နန်းတော်က ပညာရှင်တွေနဲ့ ထိပ်တိုက် မတွေ့ဆုံမိစေနဲ့ပေါ့... အကယ်၍ သူတို့ ပုန်းအောင်းစရာ နေရာမရှိရင် ကျွန်တော်တို့ အစစ်အမှန်သိုင်းဂိုဏ်းက ခိုလှုံခွင့် ပေးလို့ ရပါတယ်"
လင်ရူဟွာ မျက်နှာ ဝင်းပသွားတော့သည်။ ဤကိစ္စသည် သူမ ရင်ထဲတွင် အမြဲ စိုးရိမ်နေရသော ကိစ္စဖြစ်ပြီး ထုတ်ပြောဖို့ ခက်ခဲနေခဲ့သည်။ ယခု နင်ချီက စတင် ပြောဆိုလာသဖြင့် သူမ အလွန်အမင်း ကျေးဇူးတင်သွားရရှာသည်။
"ကျေးဇူးတင်ပါတယ် ကိုးလေးရယ်... အစ်မ အခုပဲ…အမေ့ဆီ စာရေးလိုက်ပါ့မယ်"
အားလုံး သက်ပြင်းချလိုက်မိကြ၏။
လင်ရွှယ်ရွှမ်သည် သမီးဖြစ်သူကို ချစ်ခင်ကြောင်း သူတို့ သိကြပါသည်။ လင်ရူဟွာကြောင့်ပင် သူမသည် မိစ္ဆာဂိုဏ်း၏ အာဏာဗဟိုချက်မှ မိမိ သဘောဆန္ဒအလျောက် ခွာရှောင်ပြီး တောင်တန်းတစ်သိန်း ဒေသသို့ သွားရောက် နေထိုင်ခဲ့ခြင်း ဖြစ်၏။
ယခု လင်ရူဟွာ ကိုယ်တိုင်က နားချလိုက်လျှင် သူမ အစစ်အမှန်သိုင်းတောင်သို့ ရောက်လာလိမ့်မည်။ ထိုသို့ဆိုလျှင် အစစ်အမှန်သိုင်းဂိုဏ်း၏ အင်အားသည် ပိုမို တောင့်တင်းခိုင်မာလာပေလိမ့်မည်။
သေချာသည်ကတော့...၊
ကျန်းပိုင်ရှန်း တစ်ယောက် ခက်ခဲသော ရွေးချယ်မှု ပြုလုပ်စရာ မလိုတော့သည့်အတွက် သူတို့ ပို၍ ဝမ်းသာမိကြခြင်း ဖြစ်သည်။
မိစ္ဆာဂိုဏ်း ကိစ္စ ဆွေးနွေးပြီးသွားသောအခါ...၊
အားလုံး၏ အကြည့်များက ချင်ယွင်ထံသို့ ပြန်လည် ရောက်ရှိသွားကြ၏။ ကျန်းပိုင်ရှန်းက မနေနိုင်တော့ဘဲ မေးလိုက်လေ၏။
"ကိုးလေး... ညီလေးရှစ် ကိစ္စကရော..."
နင်ချီက အားပေးစကား ဆိုလိုက်၏။
"စိတ်မပူပါနဲ့... ကျွန်တော် နောင်တစ်ချိန်ကျရင် အစ်ကိုရှစ်ကို သေချာပေါက် ပြန်နိုးထလာအောင် လုပ်ပေးပါ့မယ်... သိုင်းသူတော်စင် အဆင့်နဲ့ မလုံလောက်ဘူး ဆိုရင်တောင် သိုင်းသူတော်စင် အဆင့်ထက် ကျော်လွန်တဲ့ အဆင့်ထိ ရောက်အောင် ကျွန်တော် ကြိုးစားပါ့မယ်"
အားလုံးက ပြတ်သားစွာ ခေါင်းညိတ်လိုက်ကြ၏။
"ငါတို့အားလုံး အတူတူ ရှေးဟောင်း လျှို့ဝှက်ဆေးနည်းကို ရှာဖွေကြမယ်... ညီလေးရှစ်ကို သေချာပေါက် ပြန်ကယ်တင်ကြမယ်"
တာအိုဆရာလုံရှန်းက စိတ်သက်သာရာ ရသွားသော အပြုံးဖြင့် ပြောလိုက်လေသည်။
"ဖြည်းဖြည်းပေါ့ကွာ... အနည်းဆုံးတော့... အခု ဆရာတို့တွေ ပြန်ဆုံစည်းနိုင်ကြပြီပဲ”
အခန်း (၂၉၆) - ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး
~"ဘာ... မင်း ဘာပြောလိုက်တယ်... မိစ္ဆာဂိုဏ်း ဌာနချုပ် တစ်ခုလုံး ပြိုလဲသွားပြီ ဟုတ်လား"
မီးလျှံသိုင်း စစ်သူကြီးချုပ်၏ နေအိမ်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြနေသော အသံကြီး ထွက်ပေါ်လာလေသည်။
စစ်သူကြီးချုပ်သည် သူ့ရှေ့မှ သံချပ်ကာ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို စိုက်ကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် တည်ငြိမ်မှု ကင်းမဲ့နေသော မျက်နှာထားကို ထုတ်ပြလိုက်မိသည်။
လူလတ်ပိုင်း အမျိုးသား၏ မျက်နှာတွင်လည်း အလားတူ အံ့သြတုန်လှုပ်မှုများ ရှိနေသည်။ သတင်းရရချင်း သူ အမြန်ဆုံး ပြေးလာခဲ့ခြင်း ဖြစ်သည်။
"ဟုတ်ပါတယ် စစ်သူကြီးချုပ်... လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော် သတင်းအတိအကျ တစ်ခု ရခဲ့တယ်... အဲ့ဒီသတင်းထဲမှာ မိစ္ဆာဂိုဏ်းရဲ့ လျှို့ဝှက်ဂိုဏ်းခွဲတွေ တည်ရှိရာ နေရာတွေရော၊ အစွမ်းထက် ပညာရှင်တွေ ဘယ်လို ဖြန့်ကျက်ထားတယ် ဆိုတာတွေရော အကုန်ပါလာတယ်"
"အစတုန်းကတော့ ကျွန်တော် ထင်တာက ဒါ မိစ္ဆာဂိုဏ်းရဲ့ ထောင်ချောက်ပဲ နေမှာပါလို့ပေါ့... ဒါပေမဲ့ အချက်အလက်တွေက အရမ်း တိကျလွန်းနေတော့ အတုနဲ့ မတူဘူး ဖြစ်နေတယ်... ဒါနဲ့ပဲ ဂိုဏ်းခွဲတစ်ခုကို စမ်းပြီး ဝင်စီးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်"
"တကယ် မှန်နေလိမ့်မယ်လို့ ကျွန်တော် လုံးဝ ထင်မထားခဲ့ဘူး... အဲ့ဒီဂိုဏ်းခွဲက မိစ္ဆာဂိုဏ်းသားတွေဆိုရင် ဘာဖြစ်သွားမှန်းတောင် မသိလိုက်ရအောင် အငိုက်မိသွားကြပါတယ်"
"ဒါနဲ့ ညဘက် စစ်ဆင်ရေး တစ်ခု စီစဉ်ပြီး ကျန်တဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းကာ ဝင်စီးလိုက်တာ... နောက်ဆုံးတော့ မိစ္ဆာဂိုဏ်းရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တချို့ကို ဖမ်းမိလိုက်ပါတယ်"
လူလတ်ပိုင်း အမျိုးသားက တံတွေး တစ်ချက် မျိုချလိုက်ပြီး မျက်လုံးများ ပိုမို ပြူးကျယ်လာလေသည်။
"သူတို့ကို စစ်ဆေးမေးမြန်းလိုက်တော့မှ... မိစ္ဆာဂိုဏ်း ဌာနချုပ်က မီးတောက် တစ်သောင်း လိုဏ်ဂူထဲမှာ ရှိတယ် ဆိုတာ သိလိုက်ရတယ်... ပိုပြီး ထူးဆန်းတာက... အဲ့ဒီ လိုဏ်ဂူ တစ်ခုလုံး အသတ်ခံထားရပြီး ကုန်သလောက် ဖြစ်နေပြီ ဆိုတာပဲ... ဒါက မိစ္ဆာဂိုဏ်းသားတွေ ပြောတာတင် မဟုတ်ဘူး... ကျွန်တော် ကိုယ်တိုင် သွားစစ်ဆေးကြည့်တော့လည်း တိုက်ပွဲကြီး ဖြစ်ပွားခဲ့တဲ့ လက္ခဏာတွေ အများကြီး တွေ့ရပါတယ်... သူတို့ပြောတာ အမှန်တွေပါ စစ်သူကြီးချုပ်"
ပြောပြီးသွားသောအခါမှ ထိုလူလတ်ပိုင်း အမျိုးသား ရင်ထဲတွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားသလို ခံစားလိုက်ရ၏။
မူလက သူ တွေးထားသည်မှာ ဤသတင်းကို ခဏ လျှို့ဝှက်ထားပြီး အောင်မြင်မှု ကြီးကြီးမားမား ရမှ စစ်သူကြီးချုပ်ကို တင်ပြမည် ဟူ၍ ဖြစ်သည်။
သို့သော် ဒီကိစ္စကို လိုက်ရင်း လိုက်ရင်းနှင့် မိစ္ဆာဂိုဏ်း ဌာနချုပ်ကြီး တစ်ခုလုံး ပျက်စီးသွားပြီ ဆိုတာ သိလိုက်ရတော့ သူ ဆက်လက် ကိုင်တွယ်နိုင်စွမ်း မရှိတော့ပေ။
ခန်းမဆောင်ကြီး တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
အချိန်အတော်ကြာမှ...၊ မီးလျှံသိုင်း စစ်သူကြီးချုပ်က သက်ပြင်း တစ်ချက် ရှိုက်လိုက်ပြီး သူ့ရင်ထဲမှ မရေမတွက်နိုင်သော ထင်ကြေးများကို ဖြည်းဖြည်းချင်း ဖိနှိပ်လိုက်၏။
သူ့မျက်ဝန်းများ နက်ရှိုင်းသွားလေ၏။
"ကြည့်ရတာ... မင်းကို သတင်းပေးတဲ့ လူနဲ့ မိစ္ဆာဂိုဏ်း ဌာနချုပ်ကို ဖျက်ဆီးပစ်လိုက်တဲ့ လူက တစ်ဖွဲ့တည်း ဖြစ်လောက်တယ်"
"ဘယ်သူများ ပါလိမ့်"
သူ့ရင်ထဲတွင် ဖော်ပြမရနိုင်သော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာရ၏။
ဒါက တကယ့်ကို ကြီးကျယ်သော ကိစ္စရပ်ကြီး ဖြစ်ပေသည်။
မိစ္ဆာဂိုဏ်းနှင့် မဟာယန် အင်ပါယာတို့သည် နှစ်ပေါင်းများစွာ ကြာအောင် တိုက်ခိုက်လာခဲ့ကြသော်လည်း အမြစ်မပြတ်နိုင်ခဲ့ပေ။ အဓိက အကြောင်းရင်းမှာ သူတို့၏ ဌာနချုပ် တည်နေရာကို ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။
ယခုမူ ထိုဌာနချုပ်ကြီးကို လျှို့ဝှက်ဆန်းကြယ်သော အင်အားစု တစ်ခုက တိတ်တဆိတ် ဖျက်ဆီးပစ်လိုက်ပြီ တဲ့လား။
ဒီလောက် စွမ်းရည်မျိုး၊ ဒီလောက် အင်အားမျိုး ရှိနေသည် ဆိုကတည်းက မဟာယန် အင်ပါယာ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အင်အားစုကြီး တစ်ခု ပေါ်ပေါက်လာပြီ ဆိုသည့် အဓိပ္ပာယ်ပင်။
လူလတ်ပိုင်း အမျိုးသားက သတိထားပြီး ပြောလိုက်၏။
"ကျွန်တော့်မှာ ထင်ကြေး တစ်ခုတော့ ရှိတယ်"
စစ်သူကြီးချုပ် မျက်ခုံးပင့်လိုက်၏။
လူလတ်ပိုင်း အမျိုးသားက ဆက်ပြောလိုက်၏။
"ကောင်းကင်ဘုံလူသား အဆင့် စာရင်းဝင် နံပါတ်တစ်... လေနားထောင် အဘိုးအိုများ ဖြစ်မလား... ဒီပုဂ္ဂိုလ်က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ် နေတတ်သူ ဆိုတော့... လောကကြီးထဲမှာ ဒီကိစ္စကို လုပ်နိုင်တဲ့သူ ရှိရင် သူပဲ ဖြစ်လောက်တယ်... တခြားလူသာ သတင်းပေးတာ ဆိုရင် ကျွန်တော် တစ်ခုခုတော့ သတိထားမိမှာ သေချာတယ်"
သူ့စကားအား..စစ်သူကြီးချုပ် ခေါင်းခါလိုက်၏။
"လုံးဝ မဖြစ်နိုင်ဘူး... ဒါမှမဟုတ်... လေနားထောင် အဘိုးအိုက သိုင်းသူတော်စင် အဆင့်ကို ရောက်သွားရင်တော့ တစ်မျိုးပေါ့... မိစ္ဆာဂိုဏ်းရဲ့ အင်အားက သေးသေးမွှားမွှား မဟုတ်ဘူး... သူတို့ဆီမှာ သိုင်းသူတော်စင် လျှို့ဝှက်ရတနာတွေ ရှိတယ်... ကောင်းကင်ဘုံလူသား အဆင့်လောက်နဲ့ ယှဉ်နိုင်တာ မဟုတ်ဘူး... မိစ္ဆာဂိုဏ်း ဌာနချုပ်ကို ဖျက်ဆီးနိုင်တယ် ဆိုကတည်းက တစ်ယောက်တည်း လက်ချက် ဖြစ်ဖို့ ခဲယဉ်းတယ်... သိုင်းသူတော်စင် အဆင့် စွမ်းအား ပါရင်ပါ... ဒါမှမဟုတ် ကောင်းကင်ဘုံလူသား ပြီးပြည့်စုံခြင်း အဆင့် ပညာရှင်တွေ အများကြီး စုပေါင်းပြီး လုပ်တာပဲ ဖြစ်ရမယ်"
"ဘယ်ဟာပဲ ဖြစ်ဖြစ်... လျှော့တွက်လို့ မရဘူး"
သူ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
"ဒီကိစ္စကို မျက်ခြေမပြတ် စောင့်ကြည့်ထား... ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုက ဘယ်သူလဲ ဆိုတာ တိတ်တဆိတ် စုံစမ်း... ဒါပေမဲ့ ရန်လိုတဲ့ ပုံစံမျိုး မပြမိစေနဲ့... သူတို့နဲ့ ပတ်သက်တဲ့ သတင်းရတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြား"
လူလတ်ပိုင်း အမျိုးသား ချက်ချင်း တက်ကြွသွားသည်။
"ဟုတ်ကဲ့ပါ…စစ်သူကြီးချုပ်"
စစ်သူကြီးချုပ် ခဏ စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။
"ဒါပေမဲ့... ဒီလျှို့ဝှက် အင်အားစုက မိစ္ဆာဂိုဏ်းကို ဖြိုခွင်းလိုက်တာက ကောင်းတဲ့ ကိစ္စလို့ ပြောလို့ရတယ်... အနည်းဆုံးတော့ ငါတို့ ခေါင်းကိုက်နေရတဲ့ ပြဿနာကြီး တစ်ခု ဖြေရှင်းပြီးသွားတာပေါ့... တောင်ပိုင်းနယ်စပ်ကလည်း သူတို့ဘာသာ ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး... နောက်ဆက်တွဲ ပြဿနာတွေ နည်းသွားမှာ သေချာတယ်"
မဟာယန် အင်ပါယာ၏ သိုင်းသူတော်စင်များက တုံ့ပြန်မှု မရှိသဖြင့် သူ့ရင်ထဲတွင် ဖိအားများ ရှိနေခဲ့ရာမှ ယခု သတင်းကောင်း ကြားလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားခြင်း ဖြစ်သည်။
လူလတ်ပိုင်း အမျိုးသားလည်း သဘောတူစွာ ခေါင်းညိတ်လိုက်၏။ သို့သော် သူ ထပ်ပြောလိုက်ပြန်၏။
"ဒါပေမဲ့... မိစ္ဆာဂိုဏ်းရဲ့ အမာခံ လူတချို့ ပြောပြချက်အရ ဆိုရင်... မိစ္ဆာဂိုဏ်းမှာ အပြင်ရောက်နေတဲ့ ဂိုဏ်းချုပ် တစ်ယောက် ရှိသေးတယ်တဲ့... မြင့်မြတ်သော ဆေးလုံး ဖော်စပ်နည်းက အဲ့ဒီ ဂိုဏ်းချုပ်လက်ထဲမှာ ရှိနေတယ်တဲ့"
စစ်သူကြီးချုပ် မျက်လုံးများ မှေးသွားပြီးမှ လက်ကာပြလိုက်၏။
"ကိစ္စမရှိပါဘူး... သေချာ စောင့်ကြည့်နေလိုက်... မိစ္ဆာဂိုဏ်းရဲ့ အထောက်အပံ့ မရှိတော့ရင် ဂိုဏ်းချုပ် တစ်ယောက်တည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... မင်း ဆက်လုပ်ရမှာက အခု အခွင့်အရေး ရတုန်း မိစ္ဆာဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ဖို့ပဲ... ဒါမှ နောင်တစ်ချိန် ပြန်ခေါင်းထောင်မလာနိုင်မှာ"
"စိတ်ချပါ စစ်သူကြီးချုပ်"
လူအများစု မသိလိုက်ကြသော်လည်း မဟာယန် အင်ပါယာ အတွင်း၌ လျှို့ဝှက်သော ရေစီးကြောင်းများ လှုပ်ရှားနေကြပြီ ဖြစ်သည်။
မိစ္ဆာဂိုဏ်း၏ အထက်ပိုင်း ခေါင်းဆောင်များ အများအပြား သေဆုံးသွားကြသော်လည်း၊ သူတို့၏ ဂိုဏ်းခွဲများသည် မဟာယန် အင်ပါယာ နေရာအနှံ့အပြားတွင် အမြစ်တွယ်နေဆဲ ဖြစ်သည်။ ရှင်းလင်းပစ်ရန် လွယ်ကူသော ကိစ္စမဟုတ်ပေ။
သေချာသည်ကတော့...၊
အစစ်အမှန်သိုင်းဂိုဏ်းက ဒီကိစ္စ၏ နောက်ကွယ်မှ အဖြစ်မှန်ကို သိရှိနေကြ၏။ လျှို့ဝှက် ဆန်းကြယ်သော အင်အားစု ဆိုသည်မှာ ဘယ်သူလဲ ဆိုတာလည်း သူတို့ သိကြ၏။
သို့သော် သူတို့က မသိချင်ယောင်ဆောင်ကာ အင်ပါယာ နန်းတော်၏ လုပ်ဆောင်ချက်များကို တိတ်တဆိတ် ပူးပေါင်းကူညီပေးနေကြလေ၏။
...
တာအို ရှာဖွေခြင်း ကျောင်းတော်တွင်...၊
နင်ချီသည် မိစ္ဆာဂိုဏ်း ဌာနချုပ်မှ ရရှိလာသော အကျိုးအမြတ်များကို အသုံးပြုကာ ကျင့်ကြံအားထုတ်နေလေသည်။
သူ့ရှေ့တွင် ပစ္စည်းအချို့ ဝဲပျံနေကြ၏။
သွေးမိစ္ဆာ ပန်းပွင့်၊ ကောင်းကင်ပိုက်ကွန် နွယ်ပင်၊ နက်နဲသော နေမင်း ကျောက်သလင်းတုံး။
တစ်ခုချင်းစီသည် အနှစ်သာရ ပန်းပွင့်၊ ချီပန်းပွင့်နှင့် ဝိညာဉ်ပန်းပွင့်တို့နှင့် သက်ဆိုင်သော ရတနာများ ဖြစ်ကြ၏။
အကယ်၍ အခြားသူများသာ ဆိုလျှင်...၊
ဒီအတိုင်း အစိမ်းလိုက် ဝါးစားလိုက်ရုံသာ ရှိပေလိမ့်မည်။
သို့သော် ထိုပစ္စည်းသုံးမျိုး၏ အစွမ်းသတ္တိများ မတူညီကြသဖြင့် ထိုသို့ စားသုံးလိုက်ပါက လေလွင့်ဆုံးရှုံးမှု များပြားသွားမည် ဖြစ်သည်။ ပန်း သုံးပွင့် ကျင့်စဉ်သည် တစ်ပြိုင်နက်တည်း တိုးတက်မှုကို ဦးစားပေးသည်။ ပန်းသုံးပွင့်၏ တိုးတက်မှုနှုန်း လုံးဝ တူညီစရာ မလိုသော်လည်း ကွာဟချက် ကြီးမားနေလို့တော့ မဖြစ်ပေ။
သို့ရာတွင် နင်ချီ၌ ပြိုင်ဘက်ကင်း ဆေးလုံးဖော်စပ်နည်း ပညာ ရှိနေသည် မဟုတ်ပါလား။ ဤအဖိုးတန် ပစ္စည်းများကို အပြည့်အဝ အသုံးချနိုင်မည်မှာ အသေအချာပင်။
သူ မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ရှူနှုန်းကို ညှိလိုက်၏။
ထို့နောက် လက်ကို ဆန့်ထုတ်လိုက်ရာ ကောင်းကင်မိုးကြိုးများ ဆင်းသက်လာပြီး ဆေးဝါးများကို သန့်စင်ပေးလိုက်လေတော့သည်။
အခန်း (၂၉၇) - ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး (အပိုင်း ၂ )
~ချီစွမ်းအင်ကို လမ်းပြအဖြစ် အသုံးပြုလိုက်သည်နှင့် မီးတောက်များသည် ပြင်းထန်စွာ တောက်လောင်လာပြီး ကောင်းကင်ဘုံမှ ထူးဆန်းသော မီးအမျိုးအစားများထက်ပင် ပိုမို အားကောင်းလာတော့သည်။
အဆင့်တိုင်း၊ လှုပ်ရှားမှုတိုင်းသည် သဘာဝကျပြီး ကြည့်၍ ကောင်းလွန်းလှပေသည်။
နတ်ဘုရား ကိုယ်တိုင် ဖန်တီးနေသကဲ့သို့ပင်။ သူ့ဘေးနားတွင် တစ်ဦးတည်းသော ပရိသတ်အဖြစ် ရှိနေသူမှာ မျောက်ဖြူလေးပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ကတည်းက နင်ချီနောက်သို့ လိုက်ပါကာ ဆေးပညာကို လေ့လာခဲ့သော ဤမျောက်ဖြူလေးသည် ယခုအခါ အတော်အတန် တိုးတက်လာပြီ ဖြစ်သည်။ နင်ချီ အရေးကြီးသော ဆေးလုံးများ ဖော်စပ်တိုင်း သူ့ကို ဘေးမှ ကြည့်ရှုခွင့် ပေးထားလေ့ ရှိသည်။
မျောက်ဖြူလေး၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေလေ၏။
နှစ်နာရီခန့် ကြာမြင့်ပြီးနောက်...၊
ဆေးပေါင်းအိုး ပွင့်သွားပြီး ဆေးလုံးများ အောင်မြင်စွာ ထွက်ပေါ်လာတော့သည်။
နင်ချီ၏ စိတ်အခြေအနေမှာ ပေါ့ပါးလန်းဆန်းသွားရ၏။
ဆေးပေါင်းအိုးထဲရှိ ခရမ်းရောင် ဖျော့ဖျော့သမ်းနေသော ဆေးလုံး (၁၂) လုံးကို ကြည့်ရင်း သူ့မျက်ဝန်းထဲတွင် ကျေနပ်မှု အရိပ်အယောင်များ ယှက်သန်းလာလေ၏။ ထူးကဲသော ဆေးရနံ့များသည် ခြံဝန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ အကယ်၍သာ သူ အကာအကွယ် အခင်းအကျင်းဖြင့် ပိတ်ဆို့မထားခဲ့ပါက ဤရနံ့များသည် အပြင်ဘက်သို့ အဝေးကြီး လွင့်ပျံသွားလောက်ပေသည်။ ထို့အပြင် ဆေးလုံးများ ဖြစ်ပေါ်လာသည့် အချိန်တွင် ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ဟိန်းဟောက်နေသကဲ့သို့သော ထူးခြားဖြစ်စဉ်များပါ ဝိုးတဝါး ပေါ်ထွက်လာခဲ့သေးသည် မဟုတ်ပါလား။
သံသယ ဖြစ်စရာ မလိုပေ။
ဤဆေးလုံးများသည် နင်ချီ ဖော်စပ်ဖူးသမျှထဲတွင် အမြင့်ဆုံးအဆင့် ဆေးလုံးများ ဖြစ်ကြ၏။
'ဒီဆေးလုံးကို... ကောင်းကင်ဘုံတက်လှမ်း ဆေးလုံးလို့ နာမည်ပေးရမယ်... ကောင်းကင်ဘုံလူသား အဆင့်ကို လက်လှမ်းမီစေဖို့ ရည်ရွယ်တာကိုး'
နင်ချီ စိတ်ထဲတွင် ခံစားချက် တစ်ခုခု ဖြစ်ပေါ်သွားရ၏။
တခါတရံတွင် ပြင်ပအကူအညီများကို အသုံးပြုခြင်းက ကျင့်ကြံခြင်း အချိန်ကာလကို အမှန်တကယ်ပင် တိုတောင်းသွားစေနိုင်သည်။ အကယ်၍သာ သူ အခြေခံ တည်ဆောက်ပြီးစ အချိန်ကတည်းက တောင်အောက်ဆင်းပြီး ရတနာများ ရှာဖွေကာ လေ့ကျင့်ခဲ့မည် ဆိုပါက ယခုထက် ပိုပြီး စွမ်းအားကြီးနေနိုင်သည်ဟု တွေးမိလိုက်၏။
သို့သော် နင်ချီ နောင်တ မရပေ။
တောင်အောက်ဆင်းခြင်းသည် အန္တရာယ်များလှသည်။ လမ်းခုလတ်တွင် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။ တောင်ပေါ်တွင်သာ နေပြီး တံခါးပိတ်ကျင့်ကြံခြင်း၊ ဉာဏ်အလင်းပွင့်ခြင်းနှင့် တစ်ဆင့်ချင်း တည်ဆောက်ခြင်းက သူ့လမ်းစဉ်နှင့် ပိုပြီး ကိုက်ညီမှု ရှိပေသည်။
သူက ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး တစ်လုံးကို ကောက်ယူပြီး သေချာ စစ်ဆေးကြည့်လိုက်၏။
သွေးမိစ္ဆာ ပန်းပွင့်နှင့် အခြားသော ဝိညာဉ်ဆေးဝါးများသည် လောကတွင် တွေ့ရခဲသော ပြိုင်ဘက်ကင်း ရတနာများ ဖြစ်ကြ၏။ တစ်ပွင့်တည်းနှင့်ပင် ကောင်းကင်ဘုံလူသား အဆင့်ကို များစွာ အထောက်အကူ ပြုနိုင်ရာ၊ နင်ချီ၏ ဆေးပညာဖြင့် အနှစ်သာရများကို ပေါင်းစပ်လိုက်သည့်အခါ မည်မျှ အစွမ်းထက်မည်ကို ပြောနေစရာပင် မလိုတော့ချေ။
မိစ္ဆာဂိုဏ်းတွင် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များစွာ ရှိနေခြင်းမှာ သွေးမိစ္ဆာ ပန်းပွင့်နှင့် ကင်းကွာ၍ မရပေ။ သို့သော် သွေးမိစ္ဆာ ပန်းပွင့်ဖြင့် ကျင့်ကြံသူများသည် "အနှစ်သာရ ပန်းပွင့်" ကိုသာ အဓိကထားကြ၏။ နင်ချီသည် ရှေးဟောင်းကျမ်းစာများထဲတွင် သွေးမိစ္ဆာ ပန်းပွင့် ပျိုးထောင်နည်းကို တွေ့ရှိခဲ့ဖူးသည်။ ထိုနည်းလမ်းသည် သဘာဝတရားနှင့် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။ ဤအချက်ကပင် မဟာယန် အင်ပါယာက သူတို့ကို မိစ္ဆာဂိုဏ်းဟု သတ်မှတ်ရသည့် အကြောင်းရင်း တစ်ချက် ဖြစ်တန်ရာ၏။
ရှုပ်ထွေးသော အတွေးများကို ဖယ်ရှားလိုက်ပြီးနောက် နင်ချီသည် တုံ့ဆိုင်းမနေတော့ပေ။
ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး တစ်လုံးကို ပါးစပ်ထဲသို့ ပစ်ထည့်ကာ မျိုချလိုက်တော့သည်။
ချက်ချင်းပင်...၊
ကြီးမားလှသော ဆေးစွမ်းအင်များသည် သူ့ခန္ဓာကိုယ် အတွင်း၌ လှိမ့်ဝင်စီးဆင်းသွားကြ၏။ နူးညံ့သော်လည်း ပြတ်တောက်ခြင်း မရှိသော စွမ်းအင်များကြောင့် "ပန်းသုံးပွင့်" သည် တုန်ခါသွားပြီး ယခင်ကထက် ပိုမို တက်ကြွ လှုပ်ရှားလာကြတော့သည်။
နင်ချီသည် ချက်ချင်းပင် လျှို့ဝှက်ကျင့်စဉ်ကို လည်ပတ်စေပြီး ပန်း သုံးပွင့်ကို စတင် သန့်စင်လိုက်လေ၏။
အံ့မခန်း လျင်မြန်သော တိုးတက်မှုနှုန်းကြောင့် နင်ချီ မိန်းမောသွားရ၏။
ဒါက တာအို ရှာဖွေခြင်း ကျောင်းတော် အတွင်းမှာမှာ ဖြစ်၍သာ။ အကယ်၍ ‘ကောင်းကင်ဘုံ’ တွင်သာ ဆိုလျှင် အကျိုးသက်ရောက်မှုက ဒီထက်မက ပိုကောင်းဦးမည် ဖြစ်သည်။
စမ်းသပ်ပြီးနောက် နင်ချီ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ ကောင်းကင်ဘုံလူသား အဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိရန် ကြာမြင့်မည့် အချိန်ကို သူ တွက်ချက် ခန့်မှန်းပြီးလေပြီ။
'ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး တစ်လုံးက ငါ့ကို ဆယ်ရက်လောက် ဆက်တိုက် ကျင့်ကြံနိုင်စေတယ်... သုံးလလောက် ဆိုရင်ပဲ ပန်းသုံးပွင့် ပြီးပြည့်စုံခြင်း အဆင့်ကို လွယ်လွယ်ကူကူ ရောက်နိုင်တော့မယ်'
နင်ချီ အလွန်အမင်း ကျေနပ်သွားမိသည်။
သိထားရမည်မှာ သူ ဖန်တီးထားသော လျှို့ဝှက်နည်းလမ်းများဖြင့် ကျင့်ကြံလျှင်ပင် ကောင်းကင်ဘုံလူသား အဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရန် တစ်နှစ်၊ နှစ်နှစ်ခန့် ကြာဦးမည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ ထိုအချိန်ကာလကို အကြီးအကျယ် လျှော့ချလိုက်နိုင်ပြီ မဟုတ်ပါလား။
'ဒီလိုဆိုရင်... ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး သုံးလုံး ပိုနေသေးတယ်... စောစောက အာရုံခံလိုက်ရတဲ့ ဆေးစွမ်းအင် အရဆိုရင် တစ်လုံးတည်းနဲ့တင် သာမန် ကောင်းကင်ဘုံလူသား အဆင့် တစ်ယောက်ကို ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်အောင် ပို့ပေးနိုင်တယ်... ဒါပေမဲ့ သူတို့က ဒီစွမ်းအားတွေကို အပြည့်အဝ စုပ်ယူနိုင်ဖို့ ဆယ်ရက်ထက် အများကြီး ပိုကြာလိမ့်မယ်... တစ်နှစ်လောက်တော့ ကြာမလားပဲ'
'ဒါပေမဲ့ ဒီလိုဆိုရင်တောင်... နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကျင့်ကြံရတာနဲ့ ယှဉ်ရင် အများကြီး မြန်ဆန်နေပါသေးတယ်'
ဤဆေးလုံးသည် လောကတွင် တစ်ခါမှ မပေါ်ဖူးသေးသော ပြိုင်ဘက်ကင်း ရတနာ ဆေးလုံး ဖြစ်ပေသည်။
အကယ်၍ သိုင်းလောကသို့ သတင်းပျံ့သွားပါက သွေးချောင်းစီးမည့် မုန်တိုင်းကြီး တစ်ခု ချက်ချင်း ထွက်ပေါ်လာမည်မှာ သေချာလှသည်။
'ဆရာ့ကို တစ်လုံး ပေးလိုက်မယ်... ကျန်တဲ့ နှစ်လုံးကိုတော့ အရန်သင့် သိမ်းထားလိုက်မယ်'
နှစ်လုံးတည်း ကျန်တော့လို့ သူ မပူပန်ပါ။ ဂိုဏ်းသား ညီအစ်ကို မောင်နှမတွေ ကောင်းကင်ဘုံလူသား အဆင့် ရောက်လာမည့် အချိန်ကျလျှင် သူက ဒီထက် ပိုကောင်သည့် ဆေးလုံးတွေ ဖော်စပ်နိုင်နေလောက်ပြီ ဖြစ်ပါသည်။ အဓိက အခက်အခဲက ရှားပါး ကုန်ကြမ်းပစ္စည်းများ ရှာဖွေရခြင်း၌သာ ရှိပေသည်။
ယခု ဖော်စပ်လိုက်သော ဆေးလုံး (၁၂) လုံးသည် မိစ္ဆာဂိုဏ်း၏ နှစ်ပေါင်းများစွာ စုဆောင်းမှုကို ကုန်ဆုံးသွားစေခဲ့ပြီ ဖြစ်သည်။
နောက်ထပ် ဒီလို ပြိုင်ဘက်ကင်း ဝိညာဉ်ဆေးဝါးမျိုး ထပ်ရှာချင်ရင် မိစ္ဆာဂိုဏ်းလောက် အရင်းအမြစ် ကြွယ်ဝသော အင်အားစုကြီး အနည်းငယ်လောက်မှာသာ ရှိနိုင်ပေလိမ့်မည်။
...
အစစ်အမှန်သိုင်းတောင်ပေါ်တွင် အချိန်ကာလများ ကုန်ဆုံးသွားလေ၏။
လူတိုင်း ကြိုးစားပမ်းစား ကျင့်ကြံနေကြ၏။ လောကကို တုန်လှုပ်သွားစေမည့် နေ့ရက်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။ တာအိုဆရာလုံရှန်းသည် နင်ချီ ပေးသော ကောင်းကင်ဘုံတက်လှမ်း ဆေးလုံးကို လက်ခံရရှိချိန်တွင် အချိန်အတော်ကြာအောင် ငြိမ်သက်သွားခဲ့ရ၏။ ဝမ်းသာခြင်း၊ ရှက်ရွံ့ခြင်း စသည့် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသော စိတ်ဖြင့် နောက်ဆုံးတွင် လက်ခံလိုက်လေသည်။
ဂိုဏ်းချုပ်မှစ၍ တပည့်များအထိ အားလုံး တက်ညီလက်ညီ ကြိုးစားနေကြ၏။
မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်၏ ခြိမ်းခြောက်မှုများလည်း များစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်လေ၏။
အစစ်အမှန်သိုင်းဂိုဏ်းသည် ရှားပါးလှသော ငြိမ်းချမ်းရေး ကာလတစ်ခုကို ပိုင်ဆိုင်နေရ၏။
သို့ရာတွင် ဤအချိန်အတောအတွင်း...၊
မဟာယန် အင်ပါယာ အတွင်း၌ လျှို့ဝှက်ရေစီးကြောင်းများ အဆက်မပြတ် စီးဆင်းနေကြ၏။
မိစ္ဆာဂိုဏ်း ကပ်ဘေးသင့်သွားခြင်းကို မူလက တောင်ပိုင်းနယ်စပ်တို့ မသိခဲ့ကြပေ။ သို့သော် လှုပ်ရှားမှုများ သိသာလာသည့်အခါ သူတို့အပေါ် ရိုက်ခတ်မှုများ ရှိလာတော့သည်။ မိစ္ဆာဂိုဏ်း အထက်ပိုင်း ခေါင်းဆောင်များကို ဆက်သွယ်၍ မရတော့ကြောင်း သိလိုက်ရသောအခါတွင်မှ တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း တုန်လှုပ်စွာ သတိထားမိလိုက်ကြ၏။
မကြာမီ အချိန်အတွင်းမှာပင်...၊
တောင်ပိုင်းနယ်စပ်သည် မဟာယန် အင်ပါယာ အတွင်းရှိ သူတို့၏ လှုပ်ရှားမှု အားလုံးကို အမြန်ဆုံး ရုပ်သိမ်းလိုက်ကြတော့သည်။ သည်တစ်ခါတော့ ဘာအစအနမှ မကျန်ရစ်စေရအောင် သတိထားလိုက်ကြ၏။
မိစ္ဆာဂိုဏ်းကို ဖျက်ဆီးပစ်လိုက်သော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုကို သူတို့ အလွန်အမင်း ကြောက်ရွံ့နေကြ၏။
ရရှိထားသော သတင်းအချက်အလက် အမျိုးမျိုးအရ မိစ္ဆာဂိုဏ်းကို ရှင်းလင်းလိုက်သည်မှာ အင်ပါယာ နန်းတော် မဟုတ်ကြောင်း သိထားကြ၏။ အင်ပါယာ နန်းတော်က အခြေအနေကို အခွင့်ကောင်း ယူလိုက်ခြင်းသာ ဖြစ်ပေသည်။
သူတို့က တောင်တန်းတစ်သိန်း ဒေသတွင် သားရဲဆေးလုံးများ ရှာဖွေခြင်းကို ဦးစီးနေသော လင်ရွှယ်ရွှမ်အား ဆက်သွယ်ရန် ကြိုးစားလိုက်ကြ၏။ သို့သော် လင်ရွှယ်ရွှမ်နှင့် လင်မိသားစု၏ အမာခံ လူများအားလုံး ခြေရာလက်ရာ မကျန် ပျောက်ဆုံးသွားကြောင်း တွေ့ရှိလိုက်ရပြန်သည်။
ဤအချက်က တောင်ပိုင်းနယ်စပ်ကို ပိုမို ထိတ်လန့်သွားစေသည်။
နောက်ကွယ်မှ မမြင်ရသော လက်မည်းကြီး တစ်ခုက အရာအားလုံးကို ကြိုးဆွဲ လှုပ်ရှားနေသကဲ့သို့ ခံစားလိုက်ကြရလေ၏။
လင်ရွှယ်ရွှမ်ကတော့ အစစ်အမှန်သိုင်းတောင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သမီးဖြစ်သူထံမှ စာရရှိပြီးနောက် ရက်အနည်းငယ်ကြာအောင် စဉ်းစားသုံးသပ်ပြီးမှ လင်မိသားစုဝင်များကို ခေါ်ဆောင်ကာ လာရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"လင်ရွှယ်ရွှမ်... ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်ရှင်"
ရှည်လျားသော ဂါဝန်ကို ဝတ်ဆင်ထားပြီး ကျက်သရေရှိလှသော အမျိုးသမီးကြီးသည် တာအိုဆရာလုံရှန်းကို အနည်းငယ် အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ တာအိုဆရာလုံရှန်း၏ အရှိန်အဝါသည် သူမ ထင်ထားသည်ထက် များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။ သတင်းများအရ ဤပုဂ္ဂိုလ်သည် ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရှိသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည် မဟုတ်ပါလား။ သို့သော် သူ့အရှိန်အဝါကမူ ထူးခြားစွာ အားကောင်းနေလေသည်။
'ဒီလူက ပါရမီရှင် တစ်ယောက်ပဲ' ဟု သူမ စိတ်ထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်မိပြီး၊ ဤမိသားစု ဆွေမျိုးတော်စပ်မှုကို ပို၍ပင် ကျေနပ်သွားမိတော့သည်။
တာအိုဆရာလုံရှန်းက နွေးထွေးစွာ ပြုံးလိုက်လေသည်။
"ခေါင်းဆောင်လင်... ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ... ကျွန်တော်တို့က မိသားစုတွေ ဖြစ်သွားကြပြီပဲ... တကယ်ဆိုရင် ကျွန်တော့်ရဲ့ မိုက်မဲတဲ့ ပဉ္စမတပည့်က ခေါင်းဆောင်လင်ဆီကို ကိုယ်တိုင်လာပြီး တောင်းရမ်းရမှာပါ... အခုတော့ သူတို့ဘာသာ တိတ်တိတ်လေး လက်ထပ်လိုက်ကြတယ် ဆိုတော့... ခေါင်းဆောင်လင် စိတ်မရှိပါနဲ့လို့ တောင်းပန်ချင်ပါတယ်"
ထိုအခိုက်အတန့်မှာ၊ ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့မှာ ဘေးတွင် ရှက်ကိုးရှက်ကန်းဖြင့် ရပ်နေကြရှာသည်။ အထူးသဖြင့် လင်ရူဟွာ ဆိုလျှင် မိခင်ဖြစ်သူ၏ မျက်လုံးများကိုပင် မကြည့်ရဲအောင် ဖြစ်နေလေသည်။
တကယ်တော့လည်း ကိစ္စတွေက ကမူးရှူးထိုး နိုင်လွန်းခဲ့ပြီး လင်ရွှယ်ရွှမ်ဘက်က အများကြီး လိုက်လျောပေးခဲ့ရသည် မဟုတ်ပါလား။
လင်ရွှယ်ရွှမ်က နှာခေါင်းလေး တစ်ချက် ရှုံ့လိုက်ပြီးမှ သက်ပြင်းရှည်ကြီး ချလိုက်လေ၏။
"ဆရာသခင် ပြောတာ များလွန်းပါပြီရှင်... ဒီနေ့ကစပြီး ဒီလောကမှာ မိစ္ဆာဂိုဏ်း ဆိုတာ မရှိတော့ပါဘူး... လင်ရွှယ်ရွှမ် ဆိုတာ လင်မိသားစုရဲ့ ခေါင်းဆောင် တစ်ယောက်သက်သက်ပါပဲ... နောင်ကျရင် ကျွန်မတို့ မိသားစုက အစစ်အမှန်သိုင်းတောင်ရဲ့ နယ်မြေထဲမှာပဲ အေးအေးဆေးဆေး နေသွားချင်ပါတယ်... ဆရာသခင် လမ်းညွှန်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်"
သူမ၏ ဆိုလိုရင်းက ရှင်းလင်းလှသည်။ အတိတ်က ကိစ္စတွေကို ဘေးဖယ်ထားပြီး မိစ္ဆာဂိုဏ်းနှင့် မပတ်သက်သော လင်မိသားစု အသစ်တစ်ခုကို တည်ထောင်သွားမည် ဟူ၍ပင်။
သမီးနှင့် သားမက်ကို ကြည့်လိုက်သောအခါ သူမ၏ မျက်နှာထား နူးညံ့သွားလေသည်။
"သူတို့နှစ်ယောက် ကိစ္စကတော့... သင့်မြတ်ပြီး ပျော်ရွှင်နေကြရင် ပြီးတာပါပဲ... ကျန်တာတွေက အသေးအမွှားတွေပါ"
အရင်တုန်းက သူတို့နှစ်ယောက် တိုက်ခိုက်ခံရသည့် ကိစ္စကို သူမ သိပြီးဖြစ်သည်။ ကျန်းပိုင်ရှန်း၏ စွမ်းဆောင်ရည်ကိုလည်း သူမ အသိအမှတ် ပြုထားသည်။ တကယ်တော့ သူမသမီးကို ခိုးပြေးသွားသည့် အချက်ကလွဲလျှင် ကျန်းပိုင်ရှန်းသည် ပါရမီရှိပြီး အနာဂတ်တွင် ကြီးပွားမည့်သူ ဖြစ်သည်။ ဒီလို အရည်အချင်းရှိသည့် လူငယ်တစ်ယောက်ကို သားမက်တော်ရတာ သူမအတွက် မကျေနပ်စရာ အကြောင်း မရှိပေ။
အထူးသဖြင့် သမီး ဖြစ်သူ၌ ကိုယ်ဝန်ရှိနေပြီ ဆိုတာ သိလိုက်ရသည့်အခါ ပို၍ပင် ကျေနပ်မိသေးသည်။
တာအိုဆရာလုံရှန်း၏ အပြုံးများ ပိုမို ပီပြင်လာ၏။
"နားလည်ပေးတဲ့အတွက်…ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လင်... ဒါပေမဲ့ ရိုးရာဓလေ့တော့ ပစ်ပယ်လို့ မရဘူးလေ... ခေါင်းဆောင်လင်လည်း ရောက်နေပြီ ဆိုတော့... သူတို့အတွက် မင်္ဂလာ ရက်မြတ်လေး ရွေးပြီး ပွဲကျင်းပပေးကြတာပေါ့ဗျာ"
လင်ရွှယ်ရွှမ်လည်း ပြုံးပြီး ခေါင်းညိတ်လိုက်၏။
"ကောင်းတာပေါ့ရှင်... ဒါပေမဲ့ အခြေအနေအရ အကြီးအကျယ်ကြီးတော့ မလုပ်သင့်ဘူး ထင်တယ်... ကျွန်မတို့ နှစ်ဖက်မိသားစုက ရင်းနှီးတဲ့ မိတ်ဆွေ အနည်းငယ်လောက်ပဲ ဖိတ်ပြီး ကျင်းပကြတာပေါ့"
အားလုံးက ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာကို ကြည့်ပြီး ပြုံးစစ လုပ်နေကြ၏။
ထိုနှစ်ယောက်မှာမူ ပို၍ပင် ရှက်သွေးဖြာနေကြပြီး တိုးညှင်းစွာသာ ရေရွတ်နိုင်ကြရှာသည်။
"ဆရာနဲ့ အမေ သဘောပါပဲဗျာ"
လင်ရွှယ်ရွှမ်က ပြုံးရင်း ခေါင်းခါလိုက်၏။ ထို့နောက် ဆက်ပြောလိုက်၏။
"ဆရာသခင်ကို ဝန်ခံစရာ ကိစ္စတစ်ခု ရှိပါသေးတယ်... ဆရာသခင်ရဲ့ ခွင့်ပြုချက်မရဘဲ ကျွန်မ ဧည့်သည်တစ်ယောက်ကို တောင်ပေါ် ခေါ်လာခဲ့မိပါတယ်..."
တာအိုဆရာလုံရှန်းက အလျင်အမြန် လက်ကာပြလိုက်၏။
"ခေါင်းဆောင်လင်ရယ်... ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ"
ခွင့်ပြုချက် ရသည်နှင့် လင်ရွှယ်ရွှမ်က တောက်ပအလင်း သိုင်းခန်းမဆောင်၏ အပြင်ဘက်သို့ လှမ်းကြည့်ပြီး ခေါ်လိုက်လေသည်။
"ရီရီ... ဝင်လာခဲ့လေ"
အားလုံး စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်ကြ၏။
ထိုစဉ် အနက်ရောင် မျက်နှာဖုံးစွပ်ထားသော မိန်းမပျို တစ်ယောက် ဖြည်းညှင်းစွာ လျှောက်လှမ်း ဝင်ရောက်လာတော့သည်။ မျက်နှာကို ဖုံးကွယ်ထားသော်လည်း သူမ၏ ကျက်သရေရှိပြီး မိုးမခကိုင်းလေးလို နွဲ့နှောင်းသော ကိုယ်လုံးလေးကို ကြည့်ရုံနှင့် ပြိုင်ဘက်ကင်း အလှပဂေးတစ်ပါး ဖြစ်ကြောင်း ယုံမှားဖွယ် မရှိပေ။