အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
အခန်း (၂၉၈) - ကံကြမ္မာ မျှဝေခံစားခြင်း ကူ
~အားလုံး၏ အကြည့်များက ရှုပ်ထွေးနေကြ၏။
လင်ရွှယ်ရွှမ် ခေါ်လာသော အနက်ရောင် မျက်နှာဖုံးစွပ် အမျိုးသမီးသည် ဘယ်သူလဲ၊ ဘာရည်ရွယ်ချက် ရှိသလဲ ဆိုတာကို ဘယ်သူမှ မသိကြပေ။
နင်ချီ၏ အကြည့်များတွင် စူးစမ်းလိုစိတ်များ ပါဝင်နေသည်။ စောစောကတည်းက ဤမိန်းမပျိုကို သူ သတိထားမိခဲ့သည်။ မူလက လင်မိသားစုဝင် တစ်ယောက်ဟု ထင်ခဲ့သော်လည်း၊ ယခု အနီးကပ် လေ့လာလိုက်သောအခါ မဟုတ်မှန်း သိလိုက်ရ၏။ ထိုအမျိုးသမီးထံမှ ထူးဆန်းသော အရှိန်အဝါ တစ်မျိုး ထွက်ပေါ်နေသည်ကို အာရုံခံမိသဖြင့် သူ အတွေးနက်သွားမိသည်။
အားလုံး စဉ်းစားခန်း ဝင်နေကြစဉ်မှာပင်...၊
မျက်နှာဖုံးစွပ် မိန်းမပျိုက တာအိုဆရာလုံရှန်းကို ခါးညွှတ်ကာ အရိုအသေ ပြုလိုက်လေသည်။
"တောင်ပိုင်းနယ်စပ် သူတော်စင်မလေး လန်ရီရီ... ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်ရှင်"
သူမ၏ အသံက အေးစက်ပြီး အနည်းငယ် စိမ်းသက်နေသော်လည်း၊ သူမ ပြောလိုက်သော စကားများကြောင့် အားလုံး မျက်လုံးပြူးသွားကြရလေသည်။
တောင်ပိုင်းနယ်စပ်...။
တောင်ပိုင်းနယ်စပ်နှင့် အစစ်အမှန်သိုင်းဂိုဏ်းတို့၏ ဆက်ဆံရေးကို အားလုံး သိထားကြသည် မဟုတ်ပါလား။ ယခု တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက အစစ်အမှန်သိုင်းတောင်ပေါ်သို့ ရောက်ရှိလာသည် ဆိုခြင်းက တကယ့်ကို အံ့သြစရာ ကောင်းလွန်းနေသည်။ လင်ရူဟွာ တစ်ယောက် စိုးရိမ်ပူပန်သွားရရှာသည်။ မိခင်ဖြစ်သူက ဘာကြောင့် ရန်သူ့နယ်မြေမှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးကို ခေါ်ဆောင်လာရသနည်း ဆိုတာ သူမ နားမလည်နိုင်ပေ။ သို့သော် လင်ရွှယ်ရွှမ်က သမီးဖြစ်သူကို စိတ်အေးအေးထားရန် အချက်ပြလိုက်လေ၏။
တာအိုဆရာလုံရှန်းက လန်ရီရီကို အကဲခတ်နေရင်း အတွေးများ ပြေးလွှားနေမိသည်။ သူက အပြုံးကို ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ မေးလိုက်၏။
"မိန်းကလေးလန်... ကျွန်တော်တို့ အစစ်အမှန်သိုင်းတောင်ကို ဘာကိစ္စရှိလို့ ကြွရောက်လာပါသလဲဗျ"
သူက မရိုင်းစိုင်းသော်လည်း ရင်းနှီးမှု မပြခဲ့ပေ။ သူ့စိတ်ထဲတွင်တော့ မကြာသေးမီက မိစ္ဆာဂိုဏ်း ကျဆုံးသွားခဲ့သဖြင့် တောင်ပိုင်းနယ်စပ်က ကြောက်ရွံ့သွားပြီး အစစ်အမှန်သိုင်းဂိုဏ်းနှင့် အဆင်ပြေအောင် လာရောက် ဆက်ဆံခြင်း ဖြစ်မည်ဟု ထင်ကြေးပေးလိုက်မိသည်။
သို့သော် နောက်တစ်ခဏတွင်...၊
သူ့မျက်နှာပေါ်မှ တည်ငြိမ်မှုများ အေးခဲသွားရတော့သည်။
လန်ရီရီက လူတိုင်းကို ဝေ့ဝဲကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေ၏။
"ကျွန်မ လာခဲ့တာ... ချင်ယွင်ကို ကယ်ဖို့ပါ"
သူမ၏ စကားတစ်ခွန်းက ရေကန်ထဲသို့ ကျောက်တုံးပစ်ချလိုက်သလို လှိုင်းဂယက်များ ထသွားစေတော့သည်။
အလှုပ်ရှားဆုံး ဖြစ်သွားသူမှာ ကျန်းပိုင်ရှန်းပင် ဖြစ်သည်။
သူ့မျက်လုံးများ ချက်ချင်း အရောင်တောက်လာပြီး လန်ရီရီ ရှေ့သို့ အပြေးအလွှား ရောက်သွားကာ လက်များ ဆုပ်ကာ အရိုအသေပြုလိုက်မိသည်။
"မိန်းကလေးလန်... ကျွန်တော့် ညီလေးရှစ်ကို တကယ်ပဲ ကယ်နိုင်တာလားဗျာ"
အားလုံး၏ ရင်ထဲတွင် လှုပ်ရှားသွားကြ၏။
ချင်ယွင်၏ ကံဆိုးမိုးမှောင်ကျမှုသည် သူတို့အားလုံးအတွက် ရင်နာစရာ ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကယ်တင်မည်ဟု ဆုံးဖြတ်ထားကြသော်လည်း၊ မျှော်လင့်ချက် ရောင်ခြည် ဘယ်တော့မှ ပေါ်လာမည်လဲ ဆိုတာ မသိခဲ့ကြပေ။ နင်ချီပင်လျှင် မတတ်နိုင်ခဲ့။ သက်တမ်း ဆိုသည်မှာ နက်နဲသော အရာတစ်ခု ဖြစ်ပြီး လူ့ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များနှင့် ဆက်စပ်နေသည်။ လက်ရှိအချိန်တွင် သက်တမ်းကို ဆွဲဆန့်နိုင်မည့် နည်းလမ်းကို သူ မသိသေးပေ။ အထူးသဖြင့် ကုန်ဆုံးသွားသော နှစ် ( ၄၀၀ ) သက်တမ်းကို အချိန်တိုအတွင်း ပြန်လည် ဖြည့်ဆည်းပေးရန် ဆိုသည်မှာ ပို၍ ခက်ခဲလှသည်။
နင်ချီက မတ်မတ် ထိုင်လိုက်ပြီး တည်ငြိမ်သော်လည်း ဩဇာအာဏာ ပြည့်ဝသော အသံဖြင့် မေးမြန်းလိုက်၏။
"မေးခွင့်ပြုပါ မိန်းကလေးလန်... ကျွန်တော့် စီနီယာအစ်ကိုရှစ်ကို ဘယ်လိုနည်းလမ်းနဲ့ ကယ်မှာလဲ... ပြီးတော့ ဘာကြောင့် ကယ်ချင်ရတာလဲ... တောင်းဆိုချက် တစ်ခုခု ရှိပါသလား"
သူက အခက်အခဲကို အသိဆုံး ဖြစ်သဖြင့် သေချာအောင် မေးမြန်းရခြင်း ဖြစ်သည်။ အဓိကကတော့ ရှင်းရှင်းလင်းလင်း သိထားမှ ဖြစ်မည်။
အားလုံး တိတ်ဆိတ်သွားကြ၏။
နင်ချီ၏ မေးခွန်းများက အလွန် အရေးကြီးသည်။ အကယ်၍ ရန်သူ တစ်ယောက်က စေတနာယောင်ဆောင်ပြီး လာရောက် ကုသပေးမည် ဆိုပါက ကုသနေစဉ် တစ်ခုခု လွဲချော်သွားလျှင် ပြန်လည် ပြင်ဆင်၍ ရနိုင်တော့မည် မဟုတ်ချေ။
လန်ရီရီက နင်ချီကို ကြည့်လိုက်၏။ ငယ်ရွယ်သော်လည်း ထူးခြားသော ဂုဏ်သရေရှိသည့် တာအိုဆရာလေးကို မြင်လိုက်ရသဖြင့် သူမ အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်းပင် သက်ပြင်းချလိုက်လေ၏။
"သူက ချင်ယွင် ဖြစ်နေလို့ ကယ်ချင်တာပါ... တခြား ဘာအကြောင်းပြချက်မှ မရှိပါဘူး... တောင်းဆိုချက်လည်း မရှိပါဘူး... ရှင်တို့ ကျွန်မကို သံသယဝင်စရာ မလိုပါဘူး... ကျွန်မက တောင်ပိုင်းနယ်စပ်က လာတာ မှန်ပေမဲ့ ဒီကိစ္စကို ဟိုဘက်က ဘယ်သူမှ မသိပါဘူး"
သူမ၏ စကားများက တိုက်ရိုက် မဟုတ်သော်လည်း အားလုံးက အဓိပ္ပာယ် တစ်ခုခုကို ဖမ်းမိလိုက်ကြ၏။
ထိုအခိုက်အတန့်မှာ၊ နင်ချီ၏ အကြည့်များ အနည်းငယ် ထူးခြားသွားသည်။
ကြည့်ရတာ... ဒီ တောင်ပိုင်းနယ်စပ် သူတော်စင်မက သူ့အစ်ကိုရှစ် အပေါ် သံယောဇဉ် ရှိနေပုံရ၏။ ချက်ချင်းဆိုသလို သူမအပေါ် လေးစားစိတ် အနည်းငယ် ဖြစ်ပေါ်လာမိသည်။ ရန်သူ့နယ်မြေထဲသို့ တစ်ယောက်တည်း စွန့်စားဝင်ရောက်လာရဲခြင်း တစ်ခုတည်းနှင့်ပင် လူအများစု၏ ယုံကြည်မှုကို ရရှိရန် လုံလောက်နေပြီ ဖြစ်သည်။ ဒီမိန်းကလေး၏ စိတ်ဓာတ်က တော်တော်လေး ခိုင်မာပြတ်သားလှပေသည်။
လင်ရွှယ်ရွှမ်က ရှေ့သို့ တိုးလာပြီး ဝင်ပြောလိုက်၏။
"အားလုံးပဲ... ဒီကိစ္စကို ကျွန်မ အာမခံပါတယ်... ချင်ယွင် မိစ္ဆာဂိုဏ်းမှာ ရှိတုန်းက အခြေအနေ သိပ်မကောင်းခဲ့ဘူး... မိန်းကလေးလန်ရဲ့ အကူအညီနဲ့ တောင်တစ်သိန်း ဒေသကို ထွက်ပြေးခဲ့ရတာ... သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ကို ရင်းနှီးခဲ့ကြပါတယ်... ချင်ယွင် ဒီကို မထွက်လာခင်တုန်းကလည်း မိန်းကလေးလန်ကို ဒီကိစ္စ ပြောပြခဲ့ဖူးပါတယ်"
"နောက်ပိုင်း ချင်ယွင် ပြန်မရောက်လာတာ ကြာတော့... မိစ္ဆာဂိုဏ်းမှာလည်း ပြဿနာတွေ ဖြစ်လာတယ်... အဲ့ဒီတော့မှ မိန်းကလေးလန်က ကျွန်မကို လာရှာပြီး မေးမြန်းတာ... ကျွန်မလည်း အဖြစ်မှန်ကို ပြောပြလိုက်တော့ သူက အစစ်အမှန်သိုင်းတောင်ကို လိုက်ခဲ့ချင်တယ် ဆိုပြီး ပြောလာတာပါ"
"ရှင်တို့မှာ တခြားနည်းလမ်း မရှိရင်... မိန်းကလေးလန်ရဲ့ နည်းလမ်းကို နားထောင်ကြည့်သင့်ပါတယ်"
ထိုအခါမှ၊ အားလုံး သဘောပေါက် နားလည်သွားကြ၏။
တာအိုဆရာလုံရှန်းက မတ်တတ်ရပ်လိုက်ပြီး ဦးညွှတ် ဂါရဝပြုလိုက်၏။ လန်ရီရီက အမြန် ရှောင်တိမ်းလိုက်ရှာသည်။ မျက်နှာဖုံးအောက်မှ သူမ မျက်နှာလေး အနည်းငယ် ရဲတက်သွားလေ၏။
"မိန်းကလေးလန်... ခွင့်လွှတ်ပါဗျာ... အကယ်၍ ကျုပ်တို့ဘက်က ကူညီပေးနိုင်တာ ရှိရင် အားမနာတမ်း ပြောပါ" တာအိုဆရာလုံရှန်းက မျှော်လင့်ချက် မျက်လုံးများဖြင့် ပြောလိုက်၏။
လန်ရီရီက ရှင်းပြလိုက်၏။
"တောင်ပိုင်းနယ်စပ်မှာ... 'ကံကြမ္မာ မျှဝေခံစားခြင်း ကူ' လို့ခေါ်တဲ့ ထူးဆန်းအံ့ဖွယ် ကူ တစ်မျိုး ရှိပါတယ်"
နာမည်ကြားရုံနှင့်ပင် အားလုံး တုန်လှုပ်သွားကြ၏။
"ဒီကူရဲ့ အစွမ်းသတ္တိက... ကူ ထည့်သွင်းခံရတဲ့သူဟာ ကူ ပိုင်ရှင်ရဲ့ သက်တမ်းကို မျှဝေခံစားခွင့် ရရှိတာပါ... ဒါကို ကံကြမ္မာ မျှဝေခြင်းလို့ ခေါ်ပါတယ်... ကျွန်မရဲ့ ကူ အငယ်လေးကို ချင်ယွင်ရဲ့ ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်ရင်... ကျွန်မ သက်တမ်းရဲ့ ထက်ဝက်ကို သူ ရရှိမှာပါ... ဒါဆိုရင် သူ ပြန်နိုးလာလိမ့်မယ်... ဒါပေမဲ့ ဒီနည်းလမ်းမှာ အားနည်းချက် တစ်ခု ရှိတယ်... သူ့သက်တမ်းက ကျွန်မဆီက လာတာ ဖြစ်တဲ့အတွက်... တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မ မတော်တဆ သေဆုံးသွားခဲ့ရင်... သူ့သက်တမ်းလည်း ကုန်ဆုံးသွားမှာပါ"
"ဒါကြောင့် ချင်ယွင် ပြန်နိုးလာတဲ့အခါ... ဖြစ်နိုင်မယ် ဆိုရင်... သူ့သက်တမ်းကို ကိုယ်တိုင် ဆွဲဆန့်နိုင်မယ့် လျှို့ဝှက်ဆေးဝါးတွေ ရှာဖွေပေးကြပါ... ဒါဆိုရင် ကျွန်မ သေသွားရင်တောင် သူ ဆက်ပြီး အသက်ရှင်နိုင်ပါလိမ့်မယ်"
ရိုးရှင်းသော စကားလုံးများ ဖြစ်သော်လည်း အားလုံး ဆွံ့အသွားကြရ၏။
သားအဖ၊ မောင်နှမချင်းတောင်မှ ကိုယ့်သက်တမ်း တစ်ဝက်ကို ပေးဖို့ဆိုတာ လူတိုင်း လုပ်နိုင်သော ကိစ္စမဟုတ်ပေ။ သို့သော် လန်ရီရီကတော့ ပြတ်သားလွန်းလှသည်။ အားလုံး သူမကို လေးစားသွားမိကြ၏။
တာအိုဆရာလုံရှန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
"ဒီတပည့်မိုက်အစား... ကျုပ်ကပဲ မိန်းကလေးလန်ကို ကျေးဇူးတင်ပါတယ်ဗျာ... ဒါပေမဲ့... အဲ့ဒီ ကူကို ကျုပ် စိုက်ပျိုးပေးလို့ မရဘူးလား"
သူ့စိတ်ထဲတွင် လန်ရီရီ၏ စေတနာကို အသိအမှတ်ပြုသော်လည်း၊ သူစိမ်း မိန်းကလေး တစ်ယောက်၏ သက်တမ်း တစ်ဝက်ကို ယူရမည် ဆိုသည်မှာ ကြီးမားလွန်းသော ပေးဆပ်မှုကြီး ဖြစ်နေသည် မဟုတ်ပါလား။
ကျန်းပိုင်ရှန်းကလည်း ဝင်ပြောလိုက်၏။
"ဟုတ်တယ် ဆရာ... ကျွန်တော့်ကို ပေးစိုက်ပါ... ဒါက ကျွန်တော် ညီလေးရှစ်ကို ပေးဆပ်ရမယ့် အကြွေးပါ"
သူ့မျက်လုံးထဲတွင် တောင်းပန်တိုးလျှိုးမှုများ ပြည့်နှက်နေသည်။
တခြားသူများကလည်း ဝိုင်းပြောချင်နေကြ၏။
သို့သော် လန်ရီရီက ခေါင်းခါလိုက်၏။
"ရှင်တို့ ဘယ်သူမှ စိုက်လို့ မရပါဘူး... ဒီကူက ကျွန်မနဲ့ တစ်သားတည်း ဖြစ်နေတာပါ... ဒီလောကကြီးမှာ ကျွန်မ တစ်ယောက်တည်းပဲ ဒီကူကို အသုံးပြုနိုင်တာပါ"
အားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်ကို မြင်လိုက်ရသောအခါ သူမ ချင်ယွင်အတွက် ဝမ်းသာသွားမိသည်။
အနည်းဆုံးတော့ ချင်ယွင် ပြန်နိုးလာသည့်အခါ သူ့မှာ ဒီလောက် ကောင်းမွန်သော ဆရာသမားနှင့် ညီအစ်ကို မောင်နှမတွေ ရှိနေတာပဲလေ။
နင်ချီ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
မူလက သူ့သက်တမ်းသည် အရှည်ကြာဆုံး ဖြစ်သဖြင့် သူကပဲ စိုက်ပျိုးပေးလိုက်မည်၊ နောက်မှ တဖြည်းဖြည်း ပြန်လည် အစားထိုးမည့် နည်းလမ်းကို ရှာဖွေမည်ဟု ကြံရွယ်ထားခဲ့သည်။
သို့သော် လန်ရီရီ၏ စကားက အားလုံး၏ မျှော်လင့်ချက်ကို ဖြတ်တောက်လိုက်လေပြီ။
အခန်း (၂၉၉) - ကံကြမ္မာ မျှဝေခံစားခြင်း ကူ - အပိုင်း ( ၂ )
~တာအိုဆရာလုံရှန်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။ လန်ရီရီကမူ ထုံးစံအတိုင်းပင် ရှောင်တိမ်းလိုက်ပြန်လေ၏။
"မိန်းကလေးရီရီ... ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး... ချင်ယွင် ပြန်နိုးလာရင် အသက်ကယ်ပေးတဲ့ ကျေးဇူးကို သေချာပေါက် ပြန်ဆပ်ခိုင်းပါ့မယ်"
လန်ရီရီ ခေါင်းခါလိုက်၏။
"ကျွန်မမှာ တောင်းဆိုစရာ တစ်ခုတော့ ရှိပါတယ်"
"ပြောပါ မိန်းကလေးရီရီ"
"ချင်ယွင် ပြန်နိုးလာတဲ့အခါ... သူ့ကို ကယ်တင်ပေးခဲ့တာ ကျွန်မပါလို့ မပြောပြလိုက်ပါနဲ့"
အားလုံး ကြက်သေသေသွားကြ၏။ လန်ရီရီ၏ ရည်ရွယ်ချက်ကို သူတို့ နားမလည်နိုင် ဖြစ်နေကြ၏။
သို့သော် လန်ရီရီကတော့ အလွန် ပြတ်သားနေလေသည်။
"ဒါ ကျွန်မရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ပါ... ဆရာကြီး သဘောတူပေးဖို့ မျှော်လင့်ပါတယ်"
တိတ်ဆိတ်မှုက လွှမ်းမိုးသွားပြန်သည်။
ခဏအကြာတွင်…၊
တာအိုဆရာလုံရှန်းက သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်ပြီး လေးလေးနက်နက် ကတိပေးလိုက်လေသည်။
"ကောင်းပါပြီ... ကျုပ် ကတိပေးပါတယ်"
လန်ရီရီနှင့် ချင်ယွင်တို့၏ ဆက်ဆံရေး အတိအကျကို သူ မသိသော်လည်း၊ ပြင်ပလူများ နားမလည်နိုင်သော သံယောဇဉ် တစ်ခုခုတော့ ရှိနေမည်မှာ သေချာသည်။
လောလောဆယ် သဘောတူလိုက်တာက အကောင်းဆုံးပင်။ အချိန်တန်မှပဲ ဆက်ပြီး ဆွေးနွေးကြတာပေါ့။
လန်ရီရီ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်၏။
"ကျွန်မကို ချင်ယွင်ဆီ ခေါ်သွားပေးပါ"
သူမ၏ မျက်လုံးများ စတင် လှုပ်ရှားလာပြီ ဖြစ်သည်။
တာအိုဆရာလုံရှန်းက လက်ဖြင့် အချက်ပြလိုက်ပြီး အဖွဲ့သားများကို ဦးဆောင်ကာ တောက်ပအလင်း သိုင်းခန်းမဆောင်၏ အတွင်းပိုင်း အကျဆုံး နေရာသို့ ခေါ်ဆောင်သွားလိုက်လေ၏။
ထို့နောက်...၊
အသက်ဝင်နေသော ရေခဲရုပ်တု တစ်ခု သူတို့ရှေ့တွင် ပေါ်လာတော့သည်။
နက်နဲသော ရေခဲကျောက်စိမ်း ကုတင်ပေါ်တွင် လဲလျောင်းနေသော ချင်ယွင်ကို ကြည့်ရင်း လန်ရီရီ၏ လက်ချောင်းလေးများ အလိုအလျောက် တင်းကျပ်သွားပြီး ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားရရှာသည်။ သူမ ရှေ့ရှိ အိုမင်းရင့်ရော်နေသော ခန္ဓာကိုယ်သည် ယခင်က သူမ မြင်ဖူးခဲ့သော ခန့်ညားပြီး သတ္တိရှိသည့် လူငယ်လေးနှင့် လုံးဝ မတူတော့ပေ။ သို့သော် လန်ရီရီ၏ မျက်လုံးထဲတွင်မူ ထိုပုံရိပ်နှစ်ခု ထပ်တူကျသွားပြီး တစ်သားတည်း ဖြစ်သွားလေသည်။
သူမ မျက်လုံးများ အနည်းငယ် နီရဲလာသော်လည်း အခြားသူများ မမြင်စေရန် ခေါင်းငုံ့ထားလိုက်၏။
အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူမ တည်ငြိမ်မှုကို ပြန်လည် ရယူလိုက်လေ၏။
"ကံကြမ္မာ မျှဝေခံစားခြင်း ကူ အခင်းအကျင်းကို စလိုက်ကြရအောင်... ဒီလုပ်ငန်းစဉ်က သုံးလလောက် ကြာနိုင်သလို၊ ဝက်နှစ်ဝက်လောက်ထိလည်း ကြာသွားနိုင်ပါတယ်... ဒီအတောအတွင်း ကျွန်မလည်း အိပ်ပျော်နေပါလိမ့်မယ်... ကျေးဇူးပြုပြီး ကျွန်မတို့ နှစ်ယောက်လုံးကို ကာကွယ်ပေးထားပါ... ဘယ်သူမှ မနှောင့်ယှက်ပါစေနဲ့... မဟုတ်ရင် အားလုံး သဲထဲရေသွန် ဖြစ်သွားမယ့်အပြင် ချင်ယွင်ရော ကျွန်မပါ အသက်အန္တရာယ် ရှိသွားနိုင်ပါတယ်"
တာအိုဆရာလုံရှန်းက လေးနက်စွာ ပြောလိုက်၏။
"စိတ်ချပါ မိန်းကလေးရီရီ"
လန်ရီရီက ဖြည်းညှင်းစွာ လျှောက်သွားပြီး ရေခဲကျောက်စိမ်း ကုတင်ပေါ်ရှိ ချင်ယွင်ဘေးတွင် ဝင်ရောက် လဲလျောင်းလိုက်၏။ အရိုးထဲထိ စိမ့်ဝင်သွားသော အအေးဒဏ်ကြောင့် သူမ အလိုအလျောက် တုန်ခါသွားသော်လည်း၊ ချီစွမ်းအင်များကို လည်ပတ်စေကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေသည်။
သူမက တခြားသူများကို အခန်းထဲမှ ထွက်သွားခိုင်းခြင်း မရှိပေ။ ဤအချက်ကပင် သူတို့ကို ပိုပြီး စိတ်ချစေသည်။ မည်မျှပင် စေတနာ ထက်သန်သည် ဖြစ်စေ အန္တရာယ် ဆိုသည်မှာ ရှိစမြဲ မဟုတ်ပါလား။
အကယ်၍ တစ်ခုခု မှားယွင်းသွားပါက နင်ချီ ချက်ချင်း ဝင်ရောက် ဟန့်တားနိုင်မည် ဖြစ်သည်။
အားလုံး အသက်အောင့်ကာ စောင့်ကြည့်နေကြ၏။
လန်ရီရီ၏ ခန္ဓာကိုယ်ပေါ်တွင် ဖျော့တော့သော အလင်းရောင်များ စုစည်းလာသည်ကို တွေ့လိုက်ရ၏။ ထို့နောက် နှုတ်ခမ်းလေး အနည်းငယ် ဟသွားပြီး ကျောက်စိမ်းရောင် ကူလေး တစ်ကောင် ပျံထွက်လာကာ သူမနှင့် ချင်ယွင်ကြားတွင် ဝဲပျံနေတော့သည်။
အားလုံး အံ့သြနေကြသော်လည်း နင်ချီ၏ မျက်လုံးများတွင်မူ ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ထိုလျှို့ဝှက်ချက်ကို ထိုးဖောက် လေ့လာနေမိသည်။
ကြိုတင်ကာကွယ်မှု အနေဖြင့်သာ မကဘဲ၊ တိုးတက်အောင် လုပ်လို့ရမည့် အချက်များ ရှိမရှိ ကြည့်ရှုနေခြင်း ဖြစ်သည်။ နောင်တစ်ချိန် အသုံးဝင်လာနိုင်သည် မဟုတ်ပါလား။ တောင်ပိုင်းနယ်စပ် လူသားများ၏ ဆန်းကြယ်သော နည်းလမ်းများကို သူ အနည်းငယ် အံ့သြမိသည်။ ယခင်က တွေ့ခဲ့ဖူးသော "သွေးဧကရာဇ်ကူ" သည် မဟာယန် သိုင်းပညာနှင့် ကွဲပြားခြားနားသည်ဟု ခံစားခဲ့ရပြီး၊ ယခု "ကံကြမ္မာ မျှဝေခံစားခြင်း ကူ" က ပို၍ပင် ဆန်းကြယ်နေသည်ဟု ထင်မြင်မိလေ၏။
ကျောက်စိမ်းရောင် ကူလေးထံမှ လှိုင်းသံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး၊ တစ်ဖက်တွင်လည်း အလားတူ အလင်းစက်များ စုဝေးလာသည်ကို ဝိုးတဝါး မြင်တွေ့လိုက်ရ၏။ အားလုံး သဘောပေါက်လိုက်ကြ၏။ ဒါက ကူ အငယ်လေးကို ဖန်တီးနေခြင်း ဖြစ်သည်။
ကူ အငယ်လေး အပြည့်အဝ ဖြစ်ပေါ်လာသည်နှင့် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်မည် ဖြစ်သည်။
လန်ရီရီ ပြောခဲ့သော အချိန်ကြာမြင့်မှု ဆိုသည်မှာ ဤအချက်ကြောင့်ပင် ဖြစ်သည်။ ကူ အငယ်လေး ဖန်တီးခြင်းနှင့် သက်တမ်း တံတားထိုးခြင်း နှစ်မျိုးစလုံး လုပ်ဆောင်ရမည် မဟုတ်ပါလား။
လန်ရီရီ၏ အရှိန်အဝါ တဖြည်းဖြည်း ငြိမ်သက်သွားပြီး နောက်ဆုံးတွင် အိပ်ပျော်သွားတော့သည်။
လမ်းညွှန်မှု ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ကျန်တာကို ကံကြမ္မာ မျှဝေခံစားခြင်း ကူ၏ သဘာဝ ဗီဇစိတ်အတိုင်း လွှတ်ထားလိုက်ခြင်း ဖြစ်ပေသည်။
တာအိုဆရာလုံရှန်းက နင်ချီကို မသိမသာ လှမ်းကြည့်လိုက်ရာ၊ နင်ချီ ခေါင်းညိတ်ပြသည်ကို မြင်မှ စိတ်အေးသွားရလေသည်။
သူက ကျန်တဲ့လူတွေကို ထွက်ခွာရန် လက်ပြလိုက်၏။
"အခုကစပြီး... မင်းတို့ကလွဲရင် တခြား ဘယ်တပည့်မှ တောက်ပအလင်း သိုင်းခန်းမဆောင်နားကို အကပ်မခံနဲ့"
အားလုံးက ရိုသေစွာဖြင့် လက်ခံလိုက်ကြ၏။
သူတို့က ချင်ယွင်နှင့် လန်ရီရီကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ရောပြွမ်းနေသော ခံစားချက်ဖြင့် ထွက်ခွာလာခဲ့ကြ၏။ ချင်ယွင်ကို ကယ်တင်မည့် နည်းလမ်းသည် တောင်ပိုင်းနယ်စပ်မှ လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
မည်သို့ပင် ဖြစ်စေ... ဒါက ကောင်းသော ကိစ္စပင် ဖြစ်သည်။
အရေးကြီးသော ကိစ္စကြီး တစ်ခု ပြီးမြောက်သွားပြီ ဖြစ်သဖြင့် အားလုံး၏ စိတ်အခြေအနေများ ပေါ့ပါးလန်းဆန်းသွားကြ၏။ အထူးသဖြင့် ကျန်းပိုင်ရှန်းအတွက် ဤကိစ္စသည် စွဲလမ်းမှုကြီး တစ်ခုလို ဖြစ်နေခဲ့သည် မဟုတ်ပါလား။
ယခုအချိန်တွင်...၊ ကျန်းပိုင်ရှန်းသည် တောင်ပိုင်းနယ်စပ် သူတော်စင်မလေးကို အလွန်အမင်း ကျေးဇူးတင်နေမိလေသည်။
တာအိုဆရာလုံရှန်းသည် လင်ရွှယ်ရွှမ်နှင့် လင်မိသားစုဝင်များ နေရာချထားရေး ကိစ္စကို ဆွေးနွေးလိုက်၏။
လင်ရွှယ်ရွှမ်နှင့် လင်မိသားစုသည် မိစ္ဆာဂိုဏ်းနှင့် အဆက်အသွယ် ဖြတ်လိုက်ပြီ ဖြစ်သော်လည်း၊ သူတို့ထဲမှ လူနည်းစုက အင်ပါယာ နန်းတော်တွင် မျက်နှာဖော်ခဲ့ဖူးကြ၏။ ထို့ကြောင့် လောလောဆယ် အနေအထိုင် ဆင်ခြင်ရန် လိုအပ်သည်။ အခြေအနေ တည်ငြိမ်သွားမှ ဖြည်းဖြည်းချင်း နေရာရှာကြတာ ပိုကောင်းပေလိမ့်မည်။
လောလောဆယ်တော့ အစစ်အမှန်သိုင်းတောင် အနီးတစ်ဝိုက်တွင် အနားယူနေခြင်းက အကောင်းဆုံး ရွေးချယ်မှုပင်။
ထို့နောက်...၊
ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့၏ မင်္ဂလာပွဲရက်ကို နောက်လ ၈ ရက်နေ့တွင် ကျင်းပရန် သဘောတူလိုက်ကြ၏။
သည်လိုဆိုတော့ နှစ်ထပ်ကွမ်း မင်္ဂလာ ဖြစ်သွားလေသည်ပေါ့။
တာအိုဆရာလုံရှန်း၏ ရင်ထဲမှ အမှောင်ထုများ နောက်ဆုံးတော့ ပျောက်ကွယ်သွားခဲ့ရတော့၏။။
သူ့၏ ပဉ္စမမြောက် တပည့်ကျော်သည် အကျပ်အတည်းနှင့် ရင်ဆိုင်စရာ မလိုတော့သလို၊ အဋ္ဌမမြောက် တပည့်ကျော်သည်လည်း ပြန်လည် နိုးထလာရန် မျှော်လင့်ချက် ရှိလာပြီ ဖြစ်သည်။ မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်၏ ခြိမ်းခြောက်မှုများလည်း လျော့နည်းသွားပြီ ဖြစ်ရာ အစစ်အမှန်သိုင်းဂိုဏ်းသည် နေရောင်အောက်တွင် တောက်ပနေပြီး အရာအားလုံးက အကောင်းဘက်သို့ ဦးတည်နေလေသည်။
နင်ချီလည်း စိတ်ပျော်ရွှင်နေမိသည်။
ချင်ယွင်ကို ပြန်လည် နိုးထစေမည့် လျှို့ဝှက်နည်းလမ်းကို သူ ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်သော်လည်း၊ ယခုလို စောစီးစွာ အဆင်ပြေသွားခြင်းက ပိုကောင်းသည် မဟုတ်ပါလား။
...
အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။
ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့၏ မင်္ဂလာဆောင်နေ့ ရောက်ရှိလာခဲ့လေပြီ …။
ထိုနေ့တွင် ရောင်စုံ အလှဆင်ထားမှုများနှင့် ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များ လွှမ်းခြုံနေသော်လည်း၊ လင်ရူဟွာ၏ အထောက်အထားကြောင့် အစစ်အမှန်သိုင်းဂိုဏ်း အကြီးအကဲများ၏ နန်းဆောင် အတွင်း၌သာ ကျင်းပခဲ့ကြ၏။
အစစ်အမှန်သိုင်းဂိုဏ်း ဘက်မှ နင်ချီနှင့် လော့နမ်ချူး (ခွေးဥ) အပါအဝင် တပည့် အနည်းငယ်သာ တက်ရောက်ကြပြီး၊ လင်မိသားစု ဘက်မှလည်း လင်ရွှယ်ရွှမ်နှင့် အရေးပါသော ပုဂ္ဂိုလ် အနည်းငယ်သာ တက်ရောက်ကြ၏။
လူနည်းသော်လည်း အားလုံးက ရင်းနှီးကျွမ်းဝင်သူများ ချည်း ဖြစ်ကြ၏။
အားလုံးက စေတနာ အပြည့်ဖြင့် ဆုတောင်းပေးကြ၊ လက်ဆောင်များ ပေးကြသဖြင့် ပွဲလေးက စည်ကားသိုက်မြိုက်နေလေသည်။
သတို့သား၊ သတို့သမီး နှစ်ယောက်စလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကြ၏။
နင်ချီက ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားမိသည်။
‘အချိန်တွေ ကုန်တာ မြန်လိုက်တာ’ဟု တွေးမိလိုက်၏။
သူ အသက်တစ်နှစ်သား အရွယ်တုန်းက သူ့အစ်ကိုငါး ပြောခဲ့ဖူးသည်ကို ပြန်အမှတ်ရမိသည်။
‘သိုင်းပညာကိုပဲ အာရုံစိုက်မယ်၊ ဘယ်တော့မှ မိန်းမမယူဘူး’ ဆိုသော ကတိစကားများကို အစ်ကိုငါး တစ်ယောက် လုံးဝ မေ့သွားပြီ ထင်သည်။ တကယ်တော့လည်း... ကိုယ်ချစ်သည့် သူနှင့် တွေ့လာသည့်အခါ အရာအားလုံး ပြောင်းလဲသွားတတ်ကြတာပါပဲလေ။
တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် သူ့ဘဝထဲကိုလည်း အဲ့ဒီလို မိန်းကလေးမျိုး ဝင်ရောက်လာမလား။
သို့သော် ချက်ချင်းပင် နင်ချီ ခေါင်းခါရင်း ရယ်မောလိုက်မိ၏။
‘လောကကြီးက မရေရာဘူးလေ... အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူ သိနိုင်မှာလဲ။ သူက ငြင်းပယ်မှာ မဟုတ်သလို၊ တမ်းတနေမှာလည်း မဟုတ်ပါဘူး။’
သို့ရာတွင်...။
သူ သေချာပေါက် ပြောနိုင်သည့် အချက်တစ်ချက်တော့ ရှိသည်။ သူ စိတ်ဝင်စားမည့် မိန်းကလေးသည် သူနှင့် ရည်မှန်းချက်ချင်း တူညီသောသူ ဖြစ်ရပေမည်။
မင်္ဂလာပွဲ ပြီးဆုံးသွားသောအခါ...၊
အစစ်အမှန်သိုင်းဂိုဏ်းသည် ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
သို့သော် "အစစ်အမှန် သိုင်းကျောက်တိုင်" နှင့် "တာအိုတစ်သောင်း မျှော်စင်" တို့တွင်မူ သိုင်းပညာရှင်များ ဝင်ထွက်သွားလာ လှုပ်ရှားနေကြဆဲ ဖြစ်ပါ၏။ အထူးသဖြင့် အခြေခံအုတ်မြစ် ခိုင်မာလာသော တာအိုတစ်သောင်း မျှော်စင်သည် ဓားတာအို တစ်ခုတည်း မဟုတ်တော့ဘဲ အခြား သိုင်းပညာရပ်များပါ စုံလင်လာပြီ ဖြစ်သည်။
နင်ချီ အနေဖြင့် စိတ်ပူစရာ မလိုတော့ပေ။ ရံဖန်ရံခါ သိုင်းလမ်းစဉ် အမှတ်အသားများနှင့် ဆက်သွယ်ပြီး အသုံးဝင်မည့် အာဟာရများကို စုပ်ယူကာ သူ့ကိုယ်ပိုင် သိုင်းလမ်းစဉ်ကို မြှင့်တင်ရုံသာ ရှိတော့သည်။
သူ့၏ သိုင်းဆန္ဒ တိုးတက်မှုနှုန်းသည် အခြားသူများ နားမလည်နိုင်လောက်အောင် လျင်မြန်လွန်းလှသည်။
ဒါက တစ်ပိုင်း..။
နင်ချီ ယခု အဓိက အာရုံစိုက်နေသည်ကတော့ "ပန်း သုံးပွင့်" ကို ကျင့်ကြံအားထုတ်ခြင်းပင်။
"ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး" ၏ အထောက်အပံ့ဖြင့် သူ့ကျင့်ကြံခြင်းသည် တစ်ဟုန်ထိုး တိုးတက်နေပြီး ကြောက်ခမန်းလိလိ အရှိန်အဟုန်ဖြင့် သူ့တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးနေသည်။
ဒီခံစားမှုက တကယ်ကို စွဲလမ်းစရာ ကောင်းလှပေသည်။
ကောင်းကင်ဘုံလူသား အဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိမည့် နေ့ကို သူ မျှော်လင့်တကြီး စောင့်စားနေမိသည်။
သူ့အတွက်တော့ ဒါဟာ အလွန် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်လေ၏။
ထိုအဆင့်သို့ ရောက်ရှိသွားပါက ဝိညာဉ်အာရုံမှာ လုံလောက်စွာ ရှိလာမည် ဖြစ်ရာ 'မျောက်ဖြူ' ၏ သွေးမျိုးဆက် အတွင်းပိုင်းမှ မြင်ကွင်းကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်တော့မည် ဖြစ်ပေသည်။
ပန်းပွင့်သုံးပွင့် ဦးခေါင်းထက်၌ စုစည်းသွားပါက သိုင်းသူတော်စင် အဆင့်ကို တရားဝင် စတင် လေ့လာနိုင်တော့မည် ဖြစ်လေသည်။ သို့မဟုတ်ပါက ယခင်က ထင်ကြေးများသည် လေ့ကျင့်ခန်း ပြုလုပ်နေသကဲ့သို့သာ ရှိနေပေဦးမည်။
ထို့အပြင်..၊
ယွီဘုရင် ပုလဲထဲမှာ ရှိသည့် သိုင်းသူတော်စင် စွမ်းအား၏ လျှို့ဝှက်ချက်တွေကိုလည်း စတင် စူးစမ်းနိုင်တော့မည်။
ဤအတောအတွင်း...၊
ယွီဘုရင် ပုလဲကို နင်ချီ အကြိမ်ကြိမ် လေ့လာခဲ့ပြီး ပိုမို ထိန်းချုပ်နိုင်လာပြီ ဆိုသော်လည်း၊ လက်ကျန် သိုင်းသူတော်စင် စွမ်းအား၏ ဖျက်ဆီးနိုင်စွမ်းကို ထုတ်သုံးရုံလောက်သာ တတ်နိုင်သေးသည်။ လျှို့ဝှက်ချက် အားလုံးကို အကုန်အစင် မဖော်ထုတ်နိုင်သေးပေ။
ဒါက သူ့ကို အသိတစ်ခု ဝင်လာစေသည်။
ပန်းသုံးပွင့် စုစည်းခြင်းက အဓိက လိုအပ်ချက် ဖြစ်ကောင်း ဖြစ်နိုင်သည် ဟူ၍ပင်။
ထို့ကြောင့် နင်ချီသည် ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုခြင်း၊ ဉာဏ်အလင်း ပွင့်စေခြင်း တို့ဖြင့် သူ့ကျင့်ကြံခြင်းကို အပြည့်အဝ အာရုံစိုက်လိုက်တော့သည်။
အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။
ဆေးလုံးများ တစ်လုံးပြီးတစ်လုံး ကုန်ဆုံးသွားသည်။
—-----
တစ်နေ့သ၌...၊
တာအို ရှာဖွေခြင်း ကျောင်းတော် အတွင်း...၊
လေပြည်ညင်းလေးများ တိုက်ခတ်နေလေ၏။
ယနေ့အချိန်တွင် ကောင်းကင်ဘုံလူသား အဆင့် ဒါဇင်ပေါင်းများစွာ၏ သွေးနှင့် အသားတို့ဖြင့် ပြုစုပျိုးထောင်ထားသော "ဉာဏ်အလင်း လက်ဖက်ပင်" ကြီးသည် စိမ်းလန်းစိုပြေပြီး ဝေဆာနေ တော့သည်။ လက်ဖက်ပင်အောက်တွင် လဲလျောင်း စာဖတ်ရင်း အပန်းဖြေမည် ဆိုသော နင်ချီ၏ အိပ်မက်လေးသည် အစပျိုး အကောင်အထည် ပေါ်လာခဲ့တော့၏။
အပင်ကြီးက ဆက်လက် ကြီးထွားနေဆဲ ဖြစ်ရာ တစ်နေ့ကျလျှင် ကျောင်းတော် တစ်ခုလုံးကိုပါ လွှမ်းခြုံသွားနိုင်ပေသည်။
ယခုအခါ၊ နင်ချီသည် လက်ဖက်ပင်အောက်တွင် ထိုင်နေရင်း နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေသို့ ရောက်ရှိနေလေသည်။
သူ့အခြေအနေက ထူးခြားဆန်းကြယ်နေပြီး... အဆင့်တက်ရန် နှုတ်ခမ်းဝသို့ ရောက်ရှိနေပြီ ဖြစ်တော့၏။
အခန်း (၃၀၀)-ပန်းသုံးပွင့် ထိပ်ဆုံးမှာ စုစည်းခြင်း၊ မျောက်ဖြူ၏ အဆက်
~ကောင်းကင်ဘုံလူသား အဆင့် ပြီးပြည့်စုံခြင်း နယ်ပယ် ဆိုသည်မှာ ကောင်းကင်ဘုံလူသား အဆင့် အတွင်း၌ပင် ရှိနေသေးသော်လည်း၊ သာမန် ကောင်းကင်ဘုံလူသား အဆင့်နှင့် ယှဉ်လျှင် ကွာခြားချက်က မိုးနှင့် မြေကြီးလောက်ပင် ဖြစ်နေလေသည်။ လက်ရှိခေတ်၏ အထွတ်အထိပ် အဆင့်ဟု ပြောလျှင်ပင် ရနိုင်သည်။ ဒီအဆင့်ကို ရောက်ရှိသွားသူ မည်သူမဆို ကောင်းကင်ဘုံလူသား အဆင့် စာရင်းဝင် ထိပ်ဆုံး ဆယ်ယောက်ထဲတွင် ပါဝင်နိုင်ရန် လုံလောက်ပေသည်။
ဒီရှုထောင့်ကနေ ကြည့်မည် ဆိုလျှင် "ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး" ၏ တန်ဖိုးနှင့် စွမ်းအားကို နားလည်နိုင်ပေလိမ့်မည်။
၎င်းသည် ကောင်းကင်ဘုံလူသား အဆင့်၏ အတားအဆီးကို တိုက်ရိုက် ထိုးဖောက်ပြီး အကန့်အသတ်ထိ ရောက်အောင် တွန်းပို့ပေးနိုင်သည် မဟုတ်ပါလား။
နင်ချီသည် ဉာဏ်အလင်းပွင့် လက်ဖက်ပင် အောက်တွင် ထိုင်နေရင်း၊ တစ်ကိုယ်လုံး လွန်ကဲစွာ အနားယူနေသည့် အခြေအနေသို့ ရောက်ရှိနေလေသည်။ သူ့အသိစိတ်သည် ခန္ဓာကိုယ်မှ ကွာရှင်းထွက်ခွာသွားသကဲ့သို့ ဖြစ်နေပြီး ကောင်းကင်ဘုံ၌ လှည့်လည်သွားလာနေသည်ဟု ခံစားရ၏။ သို့မဟုတ် "နတ်ဘုရား မျက်လုံး" ဖြင့် သူ့ကိုယ်သူ ပြန်လည် သုံးသပ်နေသကဲ့သို့ပင်။
လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ဤအခြေအနေမျိုး ရံဖန်ရံခါ ဖြစ်ပေါ်လေ့ ရှိသော်လည်း ယနေ့တွင်မူ ခံစားမှုက ထူးခြားစွာ ပြင်းထန်နေလေသည်။
ရုတ်တရက် သူ့ရင်ထဲတွင် အသိတစ်ခု ဝင်လာသည်။ အဆင့်တက်မည့် အချိန် ရောက်လာပြီ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။
နင်ချီ၏ အဆင့်တက်ခြင်းသည် အမြဲတမ်း သဘာဝကျကျပင် ဖြစ်လေ့ရှိသည်။
ရုတ်ချည်းပင်...၊
သူ့ခန္ဓာကိုယ် အတွင်း၌ အံ့သြဖွယ်ရာ ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာတော့သည်။
သူ့အမြင်အာရုံထဲတွင်...။
သူ့ရုပ်ခန္ဓာကိုယ်သည် အသက်စွမ်းအင် အလင်းရောင်များဖြင့် တောက်ပလာပြီး၊ အဆုံးအစမဲ့သော အသက်စွမ်းအားများ အတွင်း၌ စီးဆင်း၊ စုစည်းနေသည်ကို တွေ့လိုက်ရ၏။ နင်ချီ၏ ရုပ်ပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်သည် ကြောက်ခမန်းလိလိ ခိုင်မာလှသည်။ သူ့၏ ပြိုင်ဘက်ကင်း ခွန်အား အများစုသည် ရုပ်ခန္ဓာကို လေ့လာလိုက်စားခြင်းမှ ရရှိလာခြင်း ဖြစ်ပေသည်။
ယခုအချိန်တွင် အသက်စွမ်းအင်များသည် တာအို ရှာဖွေခြင်း ကျောင်းတော် တစ်ခုလုံးကို ပြည့်နှက်လွှမ်းခြုံသွားလေ၏။ စိမ်းလန်းစိုပြေနေသော ဉာဏ်အလင်းပွင့် လက်ဖက်ပင်ကြီးသည် လေပြည်ထဲတွင် ယိမ်းနွဲ့နေပြီး ပျော်ရွှင်စွာ သီချင်းဆိုနေသကဲ့သို့ ရှိနေသည်။ အစစ်အမှန်သိုင်း မက်မွန်ပင်မှ ပန်းပွင့်များလည်း ပိုမို လှပစွာ ပွင့်လန်းလာကြ၏။
သူ့ရင်ဘတ်ပေါ်တွင် မမြင်ရသော ပန်းပွင့်တစ်ပွင့် စတင် ဖြစ်ပေါ်လာတော့သည်။
"အနှစ်သာရ ပန်းပွင့်"
နင်ချီ ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်၏။ သူ ဘာမှ ဝင်ရောက် စွက်ဖက်ခြင်း မပြုဘဲ ဒီအတိုင်း လွှတ်ထားလိုက်၏။ ဒါတွေအားလုံးသည် ခန္ဓာကိုယ်က အကန့်အသတ်ထိ ရောက်သွားပြီးနောက် ဖြစ်ပေါ်လာသော သဘာဝ ဖြစ်စဉ်များသာ ဖြစ်ပေသည်။
အနှစ်သာရ ပန်းပွင့် ဖြစ်ပေါ်လာသည်နှင့် ကျောင်းတော် အတွင်းရှိ အသက်စွမ်းအင်များ ပိုမို သိပ်သည်းလာတော့သည်။ အပြင်သို့ စိမ့်ထွက်လာသော စွမ်းအင်လောက်နှင့်ပင် အတော်လေး ပြင်းထန်နေပြီ ဖြစ်ရာ၊ ဟိုတုန်းက ဓားမ မိစ္ဆာ စုစည်းခဲ့သော အနှစ်သာရ ပန်းပွင့်ထက် အဆပေါင်းများစွာ သာလွန်နေသည်မှာ သေချာလှပေသည်။ ယှဉ်လို့ပင် မရနိုင်ချေ။
နောက်တစ်ဆင့်ကတော့...။
ချီစွမ်းအင် ပင်။
သူ့ဝမ်းဗိုက်ထဲရှိ မူလအမြုတေသည် တုန်ခါသွားပြီး ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်လိုက်၏။ ယခင်က ဤရွှေရောင် အလင်းတန်းများသည် သိပ်မပြင်းထန်သော်လည်း၊ မကြာသေးမီက "ချီပန်းပွင့်" ကို ကျင့်ကြံခဲ့သဖြင့် ယခုအခါ ရွှေရောင် အလင်းတန်းများသည် မူလအမြုတေ တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရွှေရောင်အမြုတေ တစ်လုံးအလား ထင်မှတ်ရလေသည်။
မူလအမြုတေ၏ အပေါ်တွင်လည်း မမြင်ရသော ပန်းပွင့်တစ်ပွင့် စတင် ဖြစ်ပေါ်လာပြန်သည်။
"ချီပန်းပွင့်"
ချီပန်းပွင့် ပြီးပြည့်စုံသွားသည်နှင့် နင်ချီသည် သူ့၏ မူလကတည်းက အစွမ်းထက်နေသော ချီစွမ်းအင်များ ပိုမို စုစည်းသွားသည်ကို ခံစားလိုက်ရ၏။ တပ်မှူးတစ်ယောက်က ဦးဆောင်နေသကဲ့သို့ စည်းလုံးညီညွတ်မှု အဆင့်အတန်း တစ်ခု မြင့်တက်သွားခြင်း ဖြစ်သည်။
‘နောက်ဆုံး ကျန်တာကတော့...။
နတ်ဘုရား အာရုံ ..။’
ထိုအတွေး ဝင်လာသည်နှင့် နင်ချီ၏ အသိစိတ်သည် ရုတ်တရက် အောက်သို့ ပြုတ်ကျသွားပြီး ရုပ်ခန္ဓာထဲသို့ ပြန်လည် ဝင်ရောက်သွားလေသည်။ စောစောက သူ ရောက်နေသော ဆန်းကြယ်သည့် အခြေအနေသည် ဝိညာဉ်အာရုံကို အမှီပြုထားသော အသိစိတ် ဖြစ်ကြောင်း သူ နားလည်လိုက်၏။
ဝိညာဉ်အာရုံ ဆိုသည်မှာ အနက်နဲဆုံး ဖြစ်ပြီး မျက်စိနှင့် နားတို့ကို အစားထိုးကာ အရာခပ်သိမ်းကို အာရုံခံနိုင်စွမ်း ရှိသည်။ ဒါသည် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များ အနေဖြင့် ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ဆက်သွယ်ရာတွင် အဓိက သော့ချက်လည်း ဖြစ်သည်။
သာမန် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များ အနေဖြင့် ဝိညာဉ်ပန်းပွင့်ကို ကျင့်ကြံရန် အလွန် ခဲယဉ်းလှသည်။
ကံကောင်းသည်မှာ နင်ချီအတွက်မူ မခက်ခဲလှပေ။
သူသည် "အစစ်အမှန် သိုင်းကျောက်တိုင်" နှင့် "တာအိုတစ်သောင်း မျှော်စင်" တို့ကို တည်ထောင်ခဲ့သူ ဖြစ်သဖြင့် ဤလမ်းကြောင်းကို အလွန် ကျွမ်းကျင်နေပြီ ဖြစ်သည်။ လိုအပ်ချက်ထက်ပင် ကျော်လွန်နေပြီ ဖြစ်ရာ လက်ဖျစ်တစ်ချက် တီးရုံမျှသာ။
သူ့ခေါင်းအထက်တွင် ဝိညာဉ်အာရုံများ စုစည်းလာပြီး မမြင်ရသော ပန်းပွင့်တစ်ပွင့် ဖြည်းညှင်းစွာ ပွင့်လန်းလာတော့သည်။
"ဝိညာဉ်ပန်းပွင့်"
နင်ချီ မျက်လုံးများကို ဖွင့်လိုက်ရာ ဝမ်းသာသော အရိပ်အယောင်များ ယှက်သန်းနေလေ၏။
ယခုအချိန်တွင်...။
ပန်းသုံးပွင့်လုံး စုစည်းသွားခဲ့ပြီ ဖြစ်သည်။
ဝမ်းဗိုက်၊ ရင်ဘတ်နှင့် ဦးခေါင်းတို့မှ အလင်းရောင်များ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေကြ၏။
စိတ်အကြံ တစ်ချက် ပြောင်းလဲလိုက်သည်နှင့် ပန်းသုံးပွင့်သည် ခမ်းနားထည်ဝါစွာဖြင့် ခေါင်းအထက်တွင် စုစည်းသွားကြတော့သည်။ ပဲ့တင်ထပ်သော ခံစားမှုသည် ချက်ချင်းပင် အဆပေါင်းများစွာ ကျယ်ပြန့်သွားပြီး လျှို့ဝှက်နက်နဲမှု အမျိုးမျိုး ရင်ထဲသို့ ဝင်ရောက်လာရာ နင်ချီ တစ်ယောက် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုများကို ခံစားလိုက်ရလေသည်။
'ပန်းသုံးပွင့် ထိပ်ဆုံးမှာ စုစည်းခြင်း ဆိုတာ ကျင့်ကြံခြင်းရဲ့ အထွတ်အထိပ်ပဲ... တစ်နည်းအားဖြင့် ပြောရရင် ဒီ ပြီးပြည့်စုံတဲ့ ပန်းသုံးပွင့်ဟာ အရင်က ကျင့်ကြံခဲ့သမျှ သိုင်းလမ်းစဉ် အားလုံးရဲ့ "တာအိုအသီးအပွင့်" ပဲ'
နင်ချီ ဉာဏ်အလင်း ပွင့်သွားရ၏။
ဒီ "တာအိုအသီးအပွင့်" ဆိုသည်မှာ သိုင်းသမား တစ်ယောက်၏ အတိတ်က ကြိုးစားအားထုတ်မှုများအတွက် ဆုလာဘ် ဖြစ်သလို၊ စွမ်းအား၏ ပြယုဂ်လည်း ဖြစ်သည်။ သိုင်းသမား၏ စုဆောင်းမှု ခိုင်မာလေလေ၊ "တာအိုအသီးအပွင့်" က ပိုမို အားကောင်းလေလေ ဖြစ်သည်။
သံသယ ဖြစ်စရာ မလိုပေ။
နင်ချီ၏ "တာအိုအသီးအပွင့်" သည် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေမည်မှာ အသေအချာပင်။
နောက်ဖေးတောင်ကုန်းပေါ်တွင်...၊
တံခါးပိတ် ကျင့်ကြံနေသော ဓားမ မိစ္ဆာသည် အံ့သြတကြီး မျက်လုံးပွင့်လာလေသည်။ ပန်းသုံးပွင့် ပြီးပြည့်စုံခြင်း အဆင့်၏ တုန်ခါမှုများကို သူ အာရုံခံလိုက်ရပြီး၊ ထိုတုန်ခါမှုများသည် ရင်းနှီးနေသယောင် ရှိသော်လည်း ချက်ချင်း အတည်မပြုရဲ ဖြစ်နေမိသည်။
"ဒါ... ဒါက မိတ်ဆွေထျန်းကျန့်ရဲ့ အရှိန်အဝါနဲ့ တူနေပါလား"
သူ့ရင်ထဲတွင် "ဒိန်း" ခနဲ ဖြစ်သွားရ၏။
"ဒါပေမဲ့... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မိတ်ဆွေထျန်းကျန့်က အခုမှ ကောင်းကင်ဘုံလူသား အဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်ကို ရောက်တာလား... ဒါမှမဟုတ် အစစ်အမှန်သိုင်းဂိုဏ်းက တခြားတစ်ယောက်ယောက်များ ရောက်သွားတာလား"
ဓားမ မိစ္ဆာ မယုံကြည်နိုင် ဖြစ်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က နင်ချီ ထုတ်ပြခဲ့သော စွမ်းအားများသည် သူ လှမ်းမမီနိုင်လောက်အောင် မြင့်မားလွန်းခဲ့သောကြောင့် ဖြစ်သည်။ တခြားသူတွေ မသိသော်လည်း သူကတော့ ထိုနေ့က တိုက်ပွဲတွင် တစ်ဖက်လူက အင်အားချန်ထားခဲ့သေးသည်ကို အပြည့်အဝ အာရုံခံမိခဲ့သည်။
သို့သော် သူ ပြန်စဉ်းစားလိုက်မိသည်။
'နေပါဦး... ကြည့်ရတာ မိတ်ဆွေထျန်းကျန့်က တစ်ခါမှ ပန်းသုံးပွင့်ကို ထုတ်မပြခဲ့ဖူးဘူး ထင်တယ်'
ဓားမ မိစ္ဆာ၏ စိတ်ခံစားမှုများ ပြင်းထန်စွာ လှုပ်ရှားသွားပြီး သူ့အသိဉာဏ်ကို ကျော်လွန်သွားသလို ခံစားလိုက်ရ၏။ အကယ်၍ စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်သည် ယခုမှသာ ကောင်းကင်ဘုံလူသား အဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိခြင်း ဖြစ်ပါက၊ သူ ဘယ်လောက်တောင် စွမ်းအားကြီးမား နေမည်ကို တွေးကြည့်လို့ပင် မရတော့ပေ။ သို့သော် ထိုနေ့က ထုတ်သုံးခဲ့သော "မိစ္ဆာဓားမ စိတ်ဆန္ဒ" ကို ပြန်သတိရလိုက်သောအခါ စိတ်သက်သာရာ ရသွားမိသည်။
‘ဒီလို ပါရမီရှင် တစ်ယောက် အနေနှင့် ယခုလို မထင်မှတ်ထားသော အရာတွေ လုပ်ပြနိုင်တာက ပုံမှန်ပင် မဟုတ်ပါလား။’
ဓားမ မိစ္ဆာ ခါးသီးစွာ ပြုံးလိုက်ပြီး မျက်လုံးများကို ပြန်မှိတ်လိုက်၏။ သို့သော် သူ့ရင်ထဲတွင် မျှော်လင့်ချက်များ ပိုမို တိုးပွားလာရလေသည်။
စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်က ပါရမီရှင် ဖြစ်လေလေ၊ သိုင်းသူတော်စင် လမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်သည်။ ထို့ကြောင့် မိမိသည်လည်း နောက်ကနေ လိုက်ပါပြီး သိုင်းပညာ၏ အထွတ်အထိပ် ဂုဏ်ရောင်ကို မြင်တွေ့ခွင့် ရနိုင်ကောင်း ရနိုင်ပေလိမ့်မည်။
တာအို ရှာဖွေခြင်း ကျောင်းတော် အတွင်း၌...၊
နင်ချီသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။ နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ ပြုံးလိုက်မိပြီး စိတ်အခြေအနေ အလွန် ကောင်းမွန်နေလေ၏။
ယခုအခါ သူ့အခြေအနေသည် မကြုံစဖူး ကောင်းမွန်နေကြောင်း ခံစားလိုက်ရ၏။
ပန်းသုံးပွင့် ထိပ်ဆုံးမှာ စုစည်းခြင်း။
ဆိုလိုသည်မှာ သူ့၏ အနှစ်သာရ၊ ချီနှင့် ဝိညာဉ် သုံးပါးစလုံးကို အထွတ်အထိပ် အခြေအနေတွင် ချိပ်ပိတ်ထားလိုက်ခြင်း ဖြစ်သည်။ အလွယ်တကူ ပြိုလဲသွားတော့မည် မဟုတ်ပေ။ သိုင်းသမား တစ်ယောက် အနေဖြင့် နောက်ထပ် တစ်ရက်သာ အသက်ရှင်ရတော့မည် ဆိုလျှင်ပင် ထိုတစ်ရက်လုံးလုံး အထွတ်အထိပ် အခြေအနေကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
ဤအဆင့်တက်ခြင်းသည် သက်တမ်းကို တိုးမပေးသော်လည်း၊ စွမ်းအား တိုးတက်မှုကတော့ အလွန် ကြီးမားလှသည်။ သူ့စွမ်းအား အားလုံးကို တစ်နေရာတည်းတွင် စုစည်းလိုက်သကဲ့သို့ ဖြစ်ပြီး ပိုမို အံ့မခန်းသော စွမ်းအားများကို ထုတ်ဖော်နိုင်တော့မည် ဖြစ်လေ၏။
'အခုဆိုရင်... မူလ နတ်ဘုရား ဓားချီကို ထုတ်မသုံးရင်တောင်မှ ယွီဘုရင် ပုလဲကို သုံးပြီး သိုင်းသူတော်စင် စွမ်းအားကို အသက်သွင်းနေတဲ့ မိစ္ဆာဂိုဏ်း မဟာအကြီးအကဲကို လွယ်လွယ်ကူကူ ဖိနှိပ်နိုင်ပြီ... တစ်နည်းအားဖြင့် ပြောရရင်... ငါ့ရဲ့ ပုံမှန်စွမ်းအားက သိုင်းသူတော်စင် တစ်ပါးနဲ့ ယှဉ်တိုက်ဖို့ လုံလောက်နေပြီ... အကယ်၍ မွေးရာပါ ကောင်းကင်ဘုံ ဓားချီကိုပါ ထုတ်သုံးလိုက်ရင်... သိုင်းသူတော်စင် တစ်ပါးကို ဖိနှိပ်နိုင်တာ၊ ဒါမှမဟုတ် သတ်တောင် သတ်ပစ်နိုင်လောက်တယ်’