အခန်း (၃၈၆-၃၈၇)
Vol. 33 Ch. 386-387
အခန်း ၃၈၆ : ကောင်းကင်ကံကြမ္မာ၏ အကြောင်းအကျိုး
အတွင်းမြို့တော်အနီးတွင် ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် လူတစ်စုသည် ခြံဝန်းငယ်တစ်ခု၏ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး သူတို့၏ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။
"မြောင်နင်... ဒါက မင်းရွေးချယ်ထားတဲ့ အိမ်လား... သိပ်ပြီးတိတ်ဆိတ်ငြိမ်းချမ်းပုံ မရပါလား"
ဇင်ဘုန်းတော်ကြီးတစ်ပါးက သူ၏တောင်ဝှေးကို "ဒေါက်" ခနဲ မြည်အောင် ထောက်လိုက်ပြီး နံဘေးရှိ ဘုန်းတော်ကြီးကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
"တပည့်တော်တို့က ဗုဒ္ဓရဲ့တာဝန်ကို ထမ်းဆောင်ဖို့ လာတာပါ... အကြာကြီး နေမှာမှ မဟုတ်တာ..."
မြောင်နင်ဆရာတော်၏ စကားမဆုံးမီ အလယ်တွင် မတ်တတ်ရပ်နေသော အရပ်ရှည်ရှည် ဘုန်းတော်ကြီးအိုတစ်ပါးက သူ၏လက်တစ်ဖက်ကို မြှောက်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းခြင်း ဝမ်းသာခြင်း အမူအယာမျိုးမရှိဘဲ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဒါ့ပြင် ငြိမ်းချမ်းခြင်းဆိုတာ စိတ်နှလုံးသားထဲမှာပဲ ရှိတယ်... စိတ်တည်ငြိမ်မှုမရှိရင် တောနက်ထဲမှာနေလည်း ဒုက္ခရောက်မှာပဲ... စိတ်တည်ငြိမ်ရင်တော့ စည်ကားတဲ့ ဈေးတန်းမှာနေလည်း တည်ငြိမ်နေမှာပဲ... ဒီနေရာမှာ နေထိုင်တာက မင်းတို့အားလုံးအတွက် စမ်းသပ်မှုတစ်ခုနဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်လာလိမ့်မယ်..."
"ဆရာ အမိန့်ရှိတာ အမှန်ပါပဲ... တပည့်တော်က အပေါ်ယံ အသွင်အပြင်ကို ဖက်တွယ်မိခဲ့တယ်"
တောင်ဝှေးကို ကိုင်ထားသော ဇင်ဘုန်းတော်ကြီးက ချက်ချင်းဆိုသလိုပင် ဦးညွှတ်အရိုအသေပြုလိုက်သည်။
...
ဤပုဂ္ဂိုလ်များက ဆရာဟု ခေါ်ဝေါ်နေခြင်းကို ထောက်ရှုပါက ဤအရပ်ရှည်ရှည်ဘုန်းတော်ကြီးသည် ဗုဒ္ဓဂိုဏ်းမှ နာမည်ကျော်ကြားသော အပြာရောင်တိမ်တိုက်အရှင်သာ ဖြစ်ပေလိမ့်မည်။
သူသည် ဗုဒ္ဓဂိုဏ်း၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။
"ကောင်းပြီလေ"
အပြာရောင်တိမ်တိုက်အရှင်က ထိုကိစ္စကို ဆက်မပြောတော့ဘဲ မလှမ်းမကမ်းရှိ မြောင်နင်ဆရာတော်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"အလုံးစုံသိမြင်ဂိုဏ်းမှာ အိမ်ဝယ်တုန်းက ထူးခြားတာ တစ်ခုခု တွေ့ခဲ့လား... အရာအားလုံး အဆင်ပြေချောမွေ့ရဲ့လား"
မြောင်နင်ဆရာတော်က အလျင်အမြန် ဦးညွှတ်ပြီး သူ၏အတွေ့အကြုံကို ပြန်လည်၍ လျှောက်တင်လိုက်သည်။
"ဆရာကို သတင်းပို့ပါတယ်...အရာအားလုံး အဆင်ပြေပါတယ်... ဆရာ့ရဲ့ အထွတ်အထိပ် အလုံးစုံသိမြင်တံဆိပ်ပြားကို မြင်လိုက်တာနဲ့ ဂိုဏ်းခွဲသခင်လဲ့ချန်ယီကိုယ်တိုင် ထွက်လာပြီး ကြိုဆိုပါတယ်... သူက နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးတောင် ပေးလိုက်သေးတယ်... သူ့ရဲ့ ဆက်ဆံပုံက အရမ်းကောင်းတယ်... တပည့်တော်သာ မငြင်းလိုက်ရင် သူက ဒီအထိတောင် လိုက်လာပြီးတော့ ဂါရဝပြုမယ့်ပုံပဲ..."
"ကြည့်ရတာတော့ အကြီးအကဲကူယိုရဲ့တံဆိပ်ပြားက တကယ့်ကို အသုံးဝင်ပုံရတယ်"
အပြာရောင်တိမ်တိုက်အရှင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဗုဒ္ဓလမ်းစဥ်သည် ဒေါသနှင့် မောဟကို ပယ်ခွာထားသော်လည်း တခြားလူများ၏ လေးစားမှုနှင့်မြှောက်ပင့်မှုကို ခံရခြင်းကမူ စိတ်ကျေနပ်ဖွယ်ရာ ကောင်းနေဆဲပင်။
"အမှန်ပါပဲ... အကြီးအကဲကူယိုရဲ့ အဆင့်အတန်းက အလုံးစုံသိမြင်ဂိုဏ်းဌာနချုပ်မှာ ထိပ်ဆုံးမဟုတ်ပေမယ့် နိမ့်တော့မနိမ့်ပါဘူး... သူ့ကို အနိုင်ယူနိုင်ခဲ့တဲ့ ဆရာ့ရဲ့ ဂုဏ်ပုဒ်က အင်အားနဲ့အခွင့်အာဏာရှိတာကို ပြသနေတယ်လေ... လဲ့ချန်ယီဆိုတာက ဂိုဏ်းခွဲငယ်လေးတစ်ခုရဲ့ ဂိုဏ်းချုပ်ပါ... သူက တပည့်တော်တို့ကို ဘယ်လိုလုပ် လျစ်လျူရှုရဲမှာလဲ... တပည့်တော်သာ အတင်းငြင်းမထားရင် သူက တပည့်တော်တို့အတွက် အဆင့်မြင့်မြို့သားအဆင့်အတန်းကိုတောင် ပြင်ဆင်ပေးနေလောက်ပြီ..."
မြောင်နင်ဆရာတော်က ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိုက်၏။
အပြာရောင်တိမ်တိုက်အရှင်က ပြောဆိုသည်။
"မြို့သားအဆင့်တက်ဖို့က အကျိုးပြုရမှတ်တွေ လိုအပ်တယ်... ဒါပေမဲ့ ဗုဒ္ဓဂိုဏ်းသားတွေက လောကကြီးအနှံ့အပြားမှာ ရှိနေကြတယ်... ငါတို့သာ မြို့သားအဆင့်တက်ချင်ရင် သူတို့ဆီကနေ အလှူခံလိုက်ရုံပဲ... ဂိုဏ်းခွဲသခင်လဲ့ကို ဒုက္ခပေးဖို့ မလိုပါဘူး..."
သာမန်လူများအတွက် အကျိုးပြုရမှတ်များကို ရရှိရန်မှာ မိုးကောင်းကင်ယံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲပေမည်။ သို့ရာတွင် ထျန်းလီမြို့၏ပတ်ဝန်းကျင်၌ တရားဓမ္မပြန့်ပွားအောင် ဆောင်ရွက်နေသော နောက်လိုက်များစွာရှိသည့် ဗုဒ္ဓဂိုဏ်းကဲ့သို့ အင်အားကြီးဂိုဏ်းများအတွက်မူ နှစ်များစွာအတွင်းတွင် အကျိုးပြုရမှတ်များ မည်မျှထိ စုဆောင်းထားသည်ကို မည်သူသိနိုင်မည်နည်း။ သူတို့ကို အနည်းငယ်လှူဒါန်းခိုင်းလိုက်ရုံဖြင့် ရာချီထောင်ချီသော အကျိုးပြုရမှတ်များကို လွယ်လင့်တကူ ရရှိနိုင်သည်။
ဤသည်မှာ အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းကို နောက်ခံရရှိခြင်း၏ အကျိုးကျေးဇူးပင်။
တခြားလူများ ပင်ပင်ပန်းပန်းကြိုးစား၍ ရယူရသည့်အရာကို သူတို့ကမူ လွယ်လင့်တကူ ရယူနိုင်ပေ၏။
"ဆရာ... တပည့်တော်မှာ နားမလည်တာလေး တစ်ခုရှိလို့ ရှင်းပြပေးပါအုံး..."
တောင်ဝှေးကိုင်ထားသော ဇင်ဆရာတော်က သတိကြီးစွာထားပြီး မေးမြန်းလိုက်သည်။
"မြောင်ဝူ...မင်းက အမြဲတမ်း ဉာဏ်ထက်မြက်တဲ့သူပါ... ဘာကိစ္စက မင်းကို ဇဝေဇဝါ ဖြစ်စေတာလဲ"
အပြာရောင်တိမ်တိုက်အရှင်က ပြုံးလိုက်သည်။
မြောင်ဝူဆရာတော်က နားမလည်နိုင်သည့် အမူအယာဖြင့် အပြာရောင်တိမ်တိုက်အရှင်ကို ကြည့်လိုက်၏။
"ဗုဒ္ဓအရှင်က ဆရာ့ကို ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာရဲ့ ဆက်ခံသူကို ရှာဖွေပြီးတော့ ပြန်ခေါ်လာဖို့ ညွှန်ကြားထားတယ်လို့ ဒီတပည့်က ကြားထားပါတယ်... အဲ့ဒါဆိုရင် တပည့်တော်တို့က ဘာလို့ သူ့ကိုလိုက်မရှာဘဲနဲ့ ဒီနေရာမှာ အိမ်ဝယ်ပြီးတော့ အခြေချနေရတာလဲ"
နံဘေးပတ်လည်ရှိ တပည့်များအားလုံး သူတို့ဘက်သို့ လှည့်ကြည့်လာကြသည်။
မြောင်ဝူဆရာတော်သာမက တခြားသူများသည်လည်း ဤကိစ္စကို နားမလည်နိုင် ဖြစ်နေကြ၏။
အပြာရောင်တိမ်တိုက်အရှင်က ခေါင်းခါယမ်းလိုက်သည်။
"ဗုဒ္ဓဂိုဏ်းက အကြောင်းအကျိုးနဲ့ ကံကြမ္မာကို ကျင့်ကြံကြတယ်... ဒီထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူကို ရှာတွေ့တာက 'အကျိုး' တရား ဆိုရင်... 'အကြောင်း' တရားက ဘာဖြစ်မလဲ"
"ဒါက..."
တခြားဇင်ဆရာတော်များအားလုံး ကြက်သေသေသွားကြသည်။
အပြာရောင်တိမ်တိုက်အရှင်က ဆက်လက်၍ ပြောဆိုသည်။
"တွေ့ဆုံခြင်း သိကျွမ်းခြင်း ဆိုတာ အကြောင်းတရားပဲ... တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းဖို့အတွက် နေရာ အချိန် နဲ့ ဖြစ်ရပ်တစ်ခု လိုအပ်တယ်... ငါ ကံကြမ္မာမြစ်ရေစီးကြောင်းကို ကြည့်ရှုခဲ့သလောက်... ငါတို့တွေ ထျန်းလီမြို့မှာ အိမ်ဝယ်လိုက်တာနဲ့ မကြာခင်မှာ သူနဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရလာလိမ့်မယ်... အဲ့ဒီလိုဆိုမှတော့ ငါတို့က ဘာလို့ ပင်ပင်ပန်းပန်း လိုက်ရှာနေတော့မှာလဲ"
"တပည့်တော်တို့က သူနဲ့ ဒီနေရာမှာ တွေ့ဆုံနိုင်တယ်ပေါ့..."
"ဆရာ ဆိုလိုတာက... ဆက်ခံသူက ထျန်းလီမြို့ကို ရောက်နေပြီးတော့ တပည့်တော်တို့ ငြိမ်ငြိမ်လေး စောင့်နေရုံနဲ့ သူ ထွက်ပေါ်လာလိမ့်မယ်လို့ ပြောချင်တာလား"
ဇင်ဆရာတော်တချို့က အံ့အားတသင့် ရေရွတ်လိုက်ကြသည်။
ဗုဒ္ဓဂိုဏ်းဝင်တချို့သည် အကြောင်းအကျိုးဆက်နွယ်မှုကို ထိုးထွင်းသိမြင်နိုင်ခြင်းဖြင့် အနာဂတ်ကို ဟောကိန်းထုတ်နိုင်စွမ်း ရှိသည်။
မူလက ဆရာသခင်သည် ဗုဒ္ဓအရှင်၏အမိန့်ကို လက်လျှော့ကာ ဆက်ခံသူကို ရှာဖွေခြင်းမပြုတော့ဟု သူတို့ တွေးထင်ခဲ့သော်လည်း အမှန်အားဖြင့် ဟောကိန်းထုတ်ထားပြီးသား ဖြစ်နေပေ၏။
"အမှန်ပဲ... ခြံဝင်းထဲကို အရင် ဝင်ကြရအောင်... ဒီအိမ်ကို အခုမှ ဝယ်ထားတာဆိုတော့ သေသေချာချာ သန့်ရှင်းရေးလုပ်ပြီးတော့ ဝင်္ကပါတွေခင်းကျင်းဖို့ လိုသေးတယ်..."
အပြာရောင်တိမ်တိုက်အရှင်က ထပ်မံ၍ ရှင်းမပြတော့ချေ။ သူ ခြံဝန်းတံခါးကို တွန်းဖွင့်ရန် ဟန်ပြင်လိုက်စဉ်မှာပင် လူတစ်စုက သူတို့ရှိနေရာဘက်သို့ ဦးတည်၍ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ဤလူစုတွင် လူပေါင်းဆယ်နှင့်ချီ၍ ပါဝင်ပြီး ရှေ့ဆုံးမှလူများသည် အလုံးစုံသိမြင်ဂိုဏ်း ၏ သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသဖြင့် သူတို့၏အဆင့်အတန်းကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်သည်။
အချိန်ခဏအကြာတွင် ထိုလူများသည် ဘေးချင်းကပ်ခြံဝန်းကြီး၏ တံခါးဝတွင် ရပ်တန့်လိုက်ပြီး ဦးဆောင်လာသူ တာဝန်ခံက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"မြန်မြန်ဝင်ပြီး သန့်ရှင်းရေး လုပ်ကြတော့... ပြီးရင် ဝင်္ကပါတွေ ခင်းကျင်းကြစမ်း... ဒါတွေအားလုံးကို အချိန်နှစ်နာရီအတွင်းမှာ ပြီးအောင် လုပ်ရမယ်"
"ဟုတ်ကဲ့"
ထိုအမိန့်ကို ကြားသည်နှင့် လူများအားလုံးသည် ခြံဝင်းထဲသို့ အလျှင်အမြန် ဝင်ရောက်သွားကြပြီး မျက်စိရှေ့မှ ပျောက်ကွယ်သွားကြသည်။ အချိန်တခဏအကြာတွင် ဆူညံပွက်လောရိုက်နေသောအသံများ ခြံဝန်းထဲမှ ထွက်ပေါ်လာသည်။
"အကြီးအကဲဟယ်... ဒီအိမ်က မရောင်းရသေးဘူး မဟုတ်လား... ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ ..."
တာဝန်ခံကို မှတ်မိလိုက်သဖြင့် မြောင်နင်ဆရာတော်က ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
သူ၏ရှေ့မှလူသည် အလုံးစုံသိမြင်ဂိုဏ်းမှ အကြီးအကဲဟယ် ဖြစ်ပြီး သူ အိမ်ဝယ်ယူစဉ်က တစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည်။
လွန်ခဲ့သောအချိန်တခဏတွင် သူတို့ အိမ်ဝယ်စဉ်၌ ဤအိမ်ကြီးကို မရောင်းရသေးချေ။ မည်သည့်အိမ်ကို ဝယ်ရမည်နည်းဟု သူပင်လျှင် တွေဝေတုံ့ဆိုင်းနေခဲ့ပေ၏။ ယခု၌မူ အချိန်ဆယ့်ငါးမိနစ် မပြည့်သေးမီမှာပင် အလုံးစုံသိမြင်ဂိုဏ်းမှလူများ ရောက်ရှိလာပြီး သန့်ရှင်းရေးလုပ်ကာ ဝင်္ကပါများကိုပင် ခင်းကျင်းနေကြသလော။
သူတို့ပင်လျှင် ဤကဲ့သို့ ဆက်ဆံခံရမှုမျိုး မရရှိခဲ့ချေ။
သူသည် ကံကြမ္မာချပ်ပြားခြောက်သိန်းကျော် သုံးစွဲခဲ့သော်လည်း ဂိုဏ်းခွဲသခင်လဲ့ချန်ယီ က အပြာရောင်တိမ်တိုက်အရှင်ကို လာရောက်တွေ့ဆုံမည့် ရည်ရွယ်ချက်ကိုသာ ရရှိခဲ့သည်။
"ဟုတ်ကဲ့.. ဒါက ရောင်းလိုက်တာ မဟုတ်ဘူး... ဂိုဏ်းခွဲသခင်လဲ့က လူတစ်ယောက်ကို လက်ဆောင်ပေးလိုက်တာပါ... ငါတို့က အဲ့ဒီလူ စိတ်ကျေနပ်အောင် သေသေချာချာ သန့်ရှင်းရေး လာလုပ်ပေးတာ..."
အကြီးအကဲဟယ်က အပြုံးနှင့် ပြောဆိုသည်။
"လက်ဆောင်ပေးလိုက်တာ...ဟုတ်လား..."
မြောင်နင်ဆရာတော်၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပေ၏။
ဤအိမ်ကြီးက သူတို့ဝယ်ယူထားသော အိမ်ထက် ပို၍ကြီးမားပြီး ပို၍ဈေးကြီးသည်။ ထိုအိမ်ကြီးကို တိုက်ရိုက်လက်ဆောင်ပေးလိုက်သည်ဟု ဆိုသလော။
အဲ့ဒါက တကယ်ကြီးလား...
"ဘာလို့လဲ... အရမ်းအစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် လာနေမှာမို့လို့လား"
သူ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"အစွမ်းထက်လား မထက်လားတော့ ငါ မသိဘူး... ငါ သိတာကတော့ အဲ့ဒီလူက 'မိုးပြာအလုံးစုံသိမြင်တံဆိပ်ပြား' ကို ကိုင်ဆောင်ထားတယ် ဆိုတာပဲ"
အကြီးအကဲဟယ်က ဖုံးကွယ်မထားဘဲ သူ သိထားသည်ကို ထုတ်ဖော်ပြောဆိုလိုက်၏။
"တံဆိပ်ပြားတစ်ခုတည်းကို ပိုင်ဆိုင်ထားရုံနဲ့ အိမ်တစ်လုံးကို လက်ဆောင်ရရုံတင်မကဘူး... သန့်ရှင်းရေးလုပ်ပြီး ဝင်္ကပါတွေပါ လာပြီးခင်းကျင်းပေးတယ်ပေါ့... ဒါက..."
အခြေအနေကို နားလည်သဘောပေါက်သွားပြီးနောက် မြောင်နင်ဆရာတော် လုံးလုံးလျားလျား ကြက်သေသေသွားသည်။
သူသာမက တခြားဇင်ဆရာတော်များနှင့် အပြာရောင်တိမ်တိုက်အရှင်ကိုယ်တိုင်လည်း မူးဝေသွားသကဲ့သို့ ခံစားလိုက်ရပြီး ဤကိစ္စကို မယုံနိုင် ဖြစ်နေကြသည်။
"ဒါတင် မဟုတ်သေးဘူး..."
အကြီးအကဲဟယ်က ခပ်သဲ့သဲ့ရယ်မောလိုက်ပြီး လမ်းကြားထဲသို့ လှမ်းကြည့်လိုက်သည်။
"မင်းတို့အားလုံး ဝင်သွားကြတော့"
ထို့နောက် လက်အောက်ငယ်သားများနှင့် အစေခံ တစ်အုပ်ကြီးသည် သူတို့ဆီသို့ အလျင်အမြန်လျှောက်လှမ်းလာကြပြီးနောက် ခြံဝန်းထဲသို့ ဝင်ရောက်သွားကြသည်။
"ဒီလူတွေ အကုန်လုံးကလည်း... လက်ဆောင်ပဲလား"
မြောင်နင်ဆရာတော်က မေးမြန်းလိုက်သည်။
"အမှန်ပဲ"
အကြီးအကဲဟယ်က ခေါင်းညိတ်ပြလေ၏။
"အိုး ဘုရားရေ..."
မြောင်နင်ဆရာတော်သည် နေရာတွင်ပင် မတ်တတ်ရပ်ကာ ကြက်သေသေနေတော့သည်။ ယခင်က ဆရာ၏ အထွတ်အထိပ် အလုံးစုံသိမြင်တံဆိပ်ပြားသည် မည်မျှထိ မြင့်မြတ်ကြောင်း အံ့အားသင့်ဖွယ်ကောင်းကြောင်းကို သူ ကြွားလုံးထုတ်ခဲ့သည်။ ယခုချိန်၌မူ ထိုအရာသည် ရုတ်တရက်ကြီး အသေးအမွှားတစ်ခုကဲ့သို့ ဖြစ်သွားခဲ့လေပြီ။
အခန်း ၃၈၇ : ဂိုဏ်းခွဲသခင်လဲ့၏ အစီအစဉ်
နံဘေးအိမ်မှ ဗုဒ္ဓဂိုဏ်း၏ထိပ်သီးဆရာတော်သည် ကာယကံရှင်ကိုယ်တိုင် ရောက်လာသေးမီမှာပင် အလွန်အံ့အားသင့်နေသဖြင့် စကားမပြောနိုင် ဖြစ်နေလေပြီ။
ထိုအချိန်တွင် ကျန်းရွှမ်သည် အကြီးအကဲဝူနှင့်အတူ လိုက်ပါလာပြီး အပြင်မြို့တော်ကို နှစ်နာရီခန့်ကြာအောင် လှည့်လည်ကြည့်ရှုပြီးနောက် သူ၏နေအိမ်သစ်သို့ ရောက်ရှိလာသည်။
ဂိုဏ်းခွဲသခင်လဲ့သည် အမှန်တကယ်ကို ရက်ရောသည်ဟု ပြောနိုင်ပေ၏။ ဤအိမ်ကြီးသည် ကျိုးယီမြို့တွင် သူ ဝယ်ယူခဲ့သော အိမ်လောက် မကြီးမားသော်လည်း အပြင်အဆင်များသည် ပို၍ခမ်းနားထည်ဝါပြီး အခန်းပေါင်းဆယ်နှင့်ချီ၍ ပါဝင်သည်။ ထို့ပြင် တိတ်ဆိတ်သော အခန်းများနှင့် ကျင့်ကြံရန် ကွင်းပြင်များလည်း ရှိနေပေ၏။
အရေးကြီးဆုံးအချက်မှာ ခြံဝင်း၏ အတွင်းအပြင်နှစ်ခုလုံးတွင် အဆင့်မြင့်ဝင်္ကပါများကို ခင်းကျင်းထားခြင်းပင်။ ထိုအရာများကို အသက်သွင်းလိုက်သည်နှင့် ခြံဝန်းထဲတွင် သေရေးရှင်ရေးတိုက်ပွဲများ ဖြစ်ပွားနေလျှင်ပင် မည်သူမျှ သတိထားမိမည် မဟုတ်ချေ။
"စွန်းချန်... မင်းက အိမ်ထဲမှာပဲ နေပြီး အပြင်မထွက်နဲ့... အစေခံတွေကို ထိန်းသိမ်းပြီးတော့ စည်းကမ်းတွေကို သတ်မှတ်ထားလိုက်..."
အကြီးအကဲဝူကို နှုတ်ဆက်ပြီးနောက် ကျန်းရွှမ်က စွန်းချန်ကို ရွှမ်ကမ္ဘာထဲမှ ထုတ်ပေးလိုက်သည်။ သူသည် စွန်းချန်ကို ညွှန်ကြားချက်အနည်းငယ်ပေးပြီးနောက် ခုန်းရှီနှင့်အတူ ပြင်ပသို့ ပြန်ထွက်လာခဲ့သည်။
မိုးပြာအလုံးစုံသိမြင်တံဆိပ်ပြား၏ အကူအညီဖြင့် သူသည် အိမ်နှင့်မြို့သားအဆင့်အတန်းကို ရရှိခဲ့သော်လည်း စွန်းချန်နှင့်တခြားသူများမှာမူ မရရှိသေးချေ။ ထို့ပြင် သူတို့သည် အတွင်းမြို့တော်သို့ ဝင်ရောက်ရန်အတွက် အဆင့်သုံးမြို့သားဖြစ်ရန် လိုအပ်ပြီး ထိုကိစ္စအတွက် အနည်းဆုံး အကျိုးပြုရမှတ်နှစ်ရာ လိုအပ်ပေ၏။
...
သူထံတွင် အားလပ်ချိန် အနည်းငယ် ရှိနေသဖြင့် အရေးပေါ်ကိစ္စများတွင် အသုံးပြုရန်အတွက် အပိုရမှတ်များ ရှာဖွေနိုင်ခြင်းရှိမရှိ စုံစမ်းရန် ပြင်ပသို့ထွက်ကြည့်ခြင်းက အကျိုးမယုတ်နိုင်ပေ။
အကယ်၍ သူသည် အကျိုးပြုရမှတ်များကို မရနိုင်လျှင်တောင် အနာဂတ်အတွက် အစီအစဉ်ဆွဲရန် စည်းမျဥ်းများကို မဖြစ်မနေ နားလည်ထားရပေမည်။
...
အလုံးစုံသိမြင်ဂိုဏ်းအတွင်း၌ လဲ့ချန်ယီသည် ကျန်းရွှမ်နှင့်သူ၏အပေါင်းအဖော်တို့ကို အကြီးအကဲဝူမှ ခေါ်ဆောင်သွားသည်ကို မြင်တွေ့ချိန်၌ ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။ သူသည် တစ်ချက်ခုန်လိုက်ပြီးနောက် သူ၏ပုံရိပ်သည် တဖျတ်ဖျတ်လှုပ်ခတ်သွားပြီး ကူးပြောင်းရေးဝင်္ကပါတစ်ခုထံသို့ ရောက်ရှိသွားသည်။
"ဌာနချုပ်ကို သွားမယ်..."
လဲ့ချန်ယီက စင်မြင့်ပေါ်သို့ တက်လိုက်ကာ နောက်သို့ပြန်လှည့်ကြည့်ပြီး အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
အစောင့်အမြောက်အများ ဝိုင်းရံလာပြီး ဝင်္ကပါကြီးကို တပြိုင်နက်တည်း အသက်သွင်းလိုက်ကြသည်။
ဝုန်း....
ကြည်လင်ပြတ်သားသော တုန်ခါသံနှင့်အတူ ဝင်္ကပါသည် ချက်ချင်းအသက်ဝင်လာပြီး တောက်ပသော အလင်းတန်းများက သူ့ကို လွှမ်းခြုံသွားကာ အလင်းစက်များအဖြစ် ပြောင်းလဲပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
သူ ပြန်လည်ထွက်ပေါ်လာချိန်တွင် ပင်လယ်ပြင်ကျယ်ကြီး ဝန်းရံထားသော ကျွန်းတစ်ကျွန်းပေါ်တွင် ရောက်ရှိနေလေပြီ။ ဤကျွန်းပေါ်တွင် ကောင်းကင်ယံသို့ ထွင်းဖောက်နေသော မီတာရာနှင့်ချီ၍ မြင့်မားသည့် ကျောက်တိုင်ကြီးရှစ်တိုင်ရှိနေပြီး အကြည့်တစ်ချက်ဖြင့် အဆုံးသတ်ကို မြင်တွေ့နိုင်မည် မဟုတ်ချေ။
"ဘယ်သူလဲ..."
သူ ဝင်္ကပါထဲမှ ထွက်လာပြီးနောက် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် အစောင့်တစ်ဦးက သူ့အား ဟန့်တားသည်။
"ငါက ထျန်းလီမြို့ ဆင်ခြေဖုံးဂိုဏ်းခွဲရဲ့ ဂိုဏ်းခွဲသခင်လဲ့ချန်ယီ ပါ... အကြီးအကဲကူယိုကို တွေ့ချင်လို့ပါ"
လဲ့ချန်ယီ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
"ဟုတ်ကဲ့"
သူ၏နာမည်ကို သိသွားချိန်၌ အစောင့်သည် နှောင့်နှေးကြန့်ကြာနေဝံ့ခြင်းမရှိဘဲ အလျင်အမြန်ပြေးထွက်သွားသည်။ မကြာမီမှာပင် သူ ပြန်ရောက်လာပြီး သူ၏လက်ကိုပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်၏။
"ဂိုဏ်းခွဲသခင်လဲ့... ဒီဘက်ကို လိုက်ခဲ့ပါ"
လဲ့ချန်ယီသည် အစောင့်၏နောက်မှ လိုက်ပါသွားရင်း အရန်ခန်းမဆောင်တစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် စာရေးစုတ်တံကိုကိုင်ထားပြီး ကျောက်စိမ်းစာအုပ်ကို စီမံခန့်ခွဲနေသော သန့်ပြန့်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် စားပွဲပေါ်သို့ ခေါင်းငုံ့ကြည့်ပြီး တစ်စုံတစ်ခုကို ရေးမှတ်နေသည်။
"အကြီးအကဲ ကူယို..."
လဲ့ချန်ယီက သူ၏လက်ကိုပူးဆုပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။
"ဂိုဏ်းခွဲသခင်လဲ့... ရောက်လာပြီကိုး..."
အကြီးအကဲကူယိုက မော့ကြည့်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ထိုင်ပါအုံး"
"ကျွန်တော် မထိုင်တော့ပါဘူး... ကိစ္စလေးတစ်ခု မေးစရာရှိလို့ လာတာပါ... ပြီးတာနဲ့ ချက်ချင်း ပြန်ပါ့မယ်..."
တစ်ဖက်လူတွင် အချိန်သိပ်မရှိကြောင်း သိသဖြင့် လဲ့ချန်ယီက လိုရင်းကိုသာ ပြောဆိုလိုက်သည်။
ကျန်းရွှမ်ချင်း၏လက်ထဲရှိ မိုးပြာအလုံးစုံသိမြင်တံဆိပ်ပြားသည် အစစ်ဖြစ်ကြောင်း အတည်ပြုနိုင်သော်လည်း ဂိုဏ်းခွဲသခင်တစ်ဦးအနေဖြင့် သူသည် အခြေအနေကို အတိအကျ နားလည်ထားရန် လိုအပ်သည်။ ကံကြမ္မာချပ်ပြားရှစ်သိန်းတန် အိမ်ကြီးတစ်လုံးကို ပေးလိုက်ရပြီးနောက် မည်သည့်အရာကိုမျှ သူ မသိနားမလည်ဖြစ်နေ၍ မရချေ။
ထို့ပြင် ဤသည်က သူ့အတွက် မျက်နှာသာရစေမည့် အခွင့်အရေးလည်း ဖြစ်နိုင်ပေ၏။
"ဂိုဏ်းခွဲသခင်လဲ့... ပြောပါအုံး"
အကြီးအကဲကူယိုက စုတ်တံကို ချထားလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"ဒီလိုပါ... ဒီနေ့ မိုးပြာအလုံးစုံသိမြင်တံဆိပ်ပြား ကိုင်ထားတဲ့ လူတစ်ယောက် ထွက်ပေါ်လာလို့ပါ..."
လဲ့ချန်ယီက ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို အသေးစိတ်ကျကျ ရှင်းပြလိုက်သည်။
အကြီးအကဲအိုးယန်ဟိုင်၏ အဆင့်အတန်းသည် အလွန်မြင့်မားသဖြင့် သူ့အနေဖြင့် တွေ့ဆုံရန် အရည်အချင်းမပြည့်မီချေ။ ထို့ကြောင့် သူသည် အကြီးအကဲကူယိုထံသို့ လာရောက်မေးမြန်းရခြင်း ဖြစ်သည်။
"မင်းပြောတာက... အဲ့ဒီ ကျန်းရွှမ်ချင်း ဆိုတဲ့လူက သူ့လက်ထဲက တံဆိပ်ပြားကို ငါ့ရဲ့ဆရာ ပေးလိုက်တာလို့ ပြောတယ်ပေါ့..."
လဲ့ချန်ယီ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် အကြီးအကဲကူယိုသည် အနည်းငယ် အံ့အားသင့်သွားပြီး ထိုအခြေအနေကို သိပ်ရင်းနှီးပုံမရချေ။
"တစ်ဖက်လူက အဲ့ဒီလို ပြောပါတယ်..."
လဲ့ချန်ယီက အလျင်စလို ပြောဆိုသည်။
"ငါလည်း ဒီကိစ္စကို မသိဘူး...မင်း ခဏလောက် စောင့်နေအုံး... ငါ သွားမေးပြီးတော့ ချက်ချင်း ပြန်လာခဲ့မယ်..."
အကြီးအကဲကူယိုက နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားပေ၏။
လဲ့ချန်ယီသည် စိုးရိမ်ပူပန်တကြီး စောင့်ဆိုင်းနေစဉ်မှာပင် အကြီးအကဲကူယိုက အချိန်တခဏအကြာတွင် အလျင်အမြန် ပြန်ရောက်လာသည်။
"ဂိုဏ်းခွဲသခင်လဲ့... ငါ့ရဲ့ဆရာဆီကနေ ငါ အတည်ပြုပြီးပြီ... သူက တကယ်ပဲ လူတစ်ယောက်ကို မိုးပြာအလုံးစုံသိမြင်တံဆိပ်ပြား ထုတ်ပေးခဲ့ဖူးတယ်တဲ့... တကယ်လို့ အဲ့ဒီလူသာ အမှန်ဖြစ်မယ်ဆိုရင် အလုံးစုံသိမြင်ဂိုဏ်းရဲ့ အမြင့်မားဆုံး အလေးထားမှုနဲ့ ဆက်ဆံပေးဖို့ သူက မျှော်လင့်ထားတယ်... တကယ်လို့ မင်းသာ ဒီကိစ္စကို ကောင်းကောင်းလုပ်နိုင်ရင် ခြောက်လအတွင်းမှာ ဌာနချုပ်ကိုပြန်လာဖို့ အကဲဖြတ်ခံယူခွင့် ရလိမ့်မယ်..."
အကြီးအကဲကူယိုက ပြောဆိုသည်။
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အကြီးအကဲ..."
လဲ့ချန်ယီ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားပေ၏။
ပုံမှန်အခြေအနေမျိုးတွင် ဆယ်နှစ်ကြာလျှင်ပင် သူသည် ဌာနချုပ်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီမည် မဟုတ်ချေ။ ယခုချိန်တွင်မူ မိုးပြာတံဆိပ်ပြားပိုင်ရှင်ကို ကောင်းမွန်သောဝန်ဆောင်မှု ပေးရုံမျှဖြင့် ခြောက်လအတွင်းတွင် သူ ဌာနချုပ်ကို ပြန်လာနိုင်မည်ဟု ဆိုသလော...
ထိုလူငယ်၏အဆင့်အတန်းသည် ကြောက်ခမန်းလိလိမြင့်မားကြောင်း သိသာထင်ရှားသည်။
"ကောင်းပြီလေ... သွားတော့"
အကြီးအကဲကူယိုက သူ၏လက်ကို ဝှေ့ယမ်းပြီးနောက် ထပ်မံ၍ ပြောဆိုသည်။
"အော် ဒါနဲ့... ငါ့ရဲ့ဆရာက မှာလိုက်သေးတယ်... အဲ့ဒီလူကို မလိုအပ်ဘဲနဲ့ သွားပြီးမနှောင့်ယှက်နဲ့... ဒါပေမဲ့ သူ အကူအညီတောင်းရင် တတ်နိုင်သမျှ ဖြည့်ဆည်းပေးလိုက်ပါတဲ့..."
"ဒီငယ်သားက နားလည်ပါပြီ"
လဲ့ချန်ယီက ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာလာခဲ့သည်။
ဤသည်မှာ သူ့အတွက် အမှန်တကယ်ကို အကျိုးရှိသော ခရီးစဉ်တစ်ခုပင်။ သူသည် ကတိတစ်ခုနှင့်အကျိုးခံစားခွင့်များ ရခဲ့ရုံသာမက ထိုလူငယ်၏ အဆင့်အတန်းအမှန်ကိုလည်း နားလည်သဘောပေါက်သွားလေပြီ။
ဌာနချုပ်မှ ထွက်ခွာပြီး ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုကာ လဲ့ချန်ယီသည် သူ၏ ဂိုဏ်းခွဲသို့ လျင်မြန်စွာ ပြန်ရောက်လာသည်။ သူသည် အချိန်တခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် တစ်စုံတစ်ယောက်ကို ဆင့်ခေါ်လိုက်၏။
မကြာမီမှာပင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာသည်။
"ဂိုဏ်းခွဲသခင်လဲ့ကို အရိုအသေပြုပါတယ်"
လဲ့ချန်ယီက သူ့ကို အလျင်အမြန် ထူမပေးလိုက်သည်။
"အကြီးအကဲ ချီထျန်းမင်... ငါ မင်းကို ခေါ်လိုက်တာက မင်းရဲ့အကူအညီကို လိုအပ်တဲ့ ကိစ္စတစ်ခု ရှိနေလို့ပဲ..."
"ဂိုဏ်းခွဲသခင်လဲ့က ယဉ်ကျေးလွန်းနေပါပြီ... ပြောသာပြောပါ... ကျွန်တော်က အကောင်းဆုံး လုပ်ဆောင်ပေးပါ့မယ်"
အကြီးအကဲချီထျန်းမင်က ချက်ချင်း တုံ့ပြန်ပြောဆိုသည်။
လဲ့ချန်ယီက ပြောဆိုလိုက်၏။
"မင်းက ငါတို့အလုံးစုံသိမြင်ဂိုဏ်းခွဲ့ရဲ့ လျှို့ဝှက်နယ်ရုပ်တွေထဲမှာ အသန်မာဆုံးပဲ... မင်းမှာ အကြီးအကဲရာထူးရှိပေမယ့် လူရှေ့သူရှေ့ကို တစ်ခါမှ မထွက်ဖူးဘူး... ဒါကြောင့် မင်းရဲ့ အထောက်အထားနဲ့ စွမ်းအားကို ဘယ်သူမှ မသိကြဘူး... ဒါကြောင့် မင်းက အယောင်ဆောင်ဖို့ အသင့်တော်ဆုံးလူပဲ... ဒီတစ်ကြိမ်တော့ မင်းကို အစေခံ ဒါမှမဟုတ် အစောင့်တစ်ယောက်လို ဟန်ဆောင်ပြီးတော့ အိမ်တော်တစ်ခုထဲကို ဝင်သွားစေချင်တယ်..."
"အိမ်တော်တစ်ခုလား... ထျန်းလီမြို့ရဲ့ တော်ဝင်မျိုးနွယ်တွေထဲက တစ်ယောက်ယောက်လား"
ချီထျန်းမင်က တည်ကြည်လေးနက်သော အမူအယာဖြင့် မေးမြန်းသည်။
အစွမ်းထက်သော အင်အားစုများတွင် ပြောင်ပြောင်တင်းတင်း လုပ်ကိုင်၍မရသော အလုပ်များအတွက် လျှို့ဝှက်နယ်ရုပ်များ ရှိတတ်ကြသည်။ အလုံးစုံသိမြင်ဂိုဏ်းသည် ကြားနေအဖွဲ့အစည်း ဖြစ်သော်လည်း သူတို့ထံတွင်လည်း ထိုကဲ့သို့သောလူများ ရှိထားပေ၏။
ကြားနေခြင်းဆိုသည်မှာ အားနည်းခြင်း သို့မဟုတ် အမှောင်ဘက်ခြမ်းကို မသိခြင်း မဟုတ်ချေ။ ဤသည်မှာ သူတို့သည် အင်အားစုများ၏ပဋိပက္ခတွင် လွယ်လင့်တကူ စွက်ဖက်ခြင်းမပြုဘဲ တန်ပြန်ထိန်းကျောင်းနိုင်သည့် နည်းလမ်းများကို ထားရှိခြင်းသာ ဖြစ်သည်။
ထိုသို့မဟုတ်ပါက အလုံးစုံသိမြင်ဂိုဏ်း၏ ကြီးမားသောကြွယ်ဝမှုနှင့် သြဇာအာဏာကြောင့် ယခုအချိန်အထိ ကြွင်းကျန်နေမည် မဟုတ်ဘဲ ယခင်ကတည်းက အမြစ်ဖြတ် သုတ်သင်ခံရပြီး ဖြစ်ပေမည်။
"အဲ့ဒီလို မဟုတ်ဘူး... ဒါက သာမန်လူတစ်ယောက်ပါပဲ... သူ့ရဲ့ကျင့်ကြံဆင့်က ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်လောက်ပဲ ရှိတာ..."
လဲ့ချန်ယီက အတိုချုပ်၍ ရှင်းပြလေ၏။
"မင်း အဲ့ဒီအိမ်ကို ရောက်ရင် သာမန်အစောင့်တစ်ယောက်လို ရုပ်ဖျက်ပြီးတော့ မင်းမြင်သမျှ အရာအားလုံးကို ငါ့ဆီ ပြန်သတင်းပို့ရမယ်... ပြီးတော့ အဲ့ဒီလူရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူရမယ်... ဘာအမှားအယွင်းမှ ရှိလို့မဖြစ်ဘူး..."
"ကျွန်တော်က လူသိမခံဘဲနဲ့ သူ့ကို ကာကွယ်ပေးရမယ်ပေါ့... ဟုတ်လား"
ချီထျန်းမင် နားလည်သဘောပေါက်သွားသည်။
"အမှန်ပဲ..."
လဲ့ချန်ယီက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
"မင်း ဒီတာဝန်ကို အောင်မြင်ရင် မင်းရဲ့ရာထူးကို တရားဝင်ဖြစ်အောင် လုပ်ပေးပြီးတော့ အလင်းရောင်ထဲကို ပြန်ခေါ်ပေးမယ်... ငါတို့ ဂိုဏ်းခွဲရဲ့ နောက်ထပ်ဆက်ခံသူ ဂိုဏ်းခွဲသခင်အဖြစ်တောင် ငါ မင်းကို ထောက်ခံပေးနိုင်တယ်..."
"ဟုတ်ကဲ့"
အလင်းရောင်ထဲသို့ ပြန်လာနိုင်မည်ဟု ကြားချိန်၌ ချီထျန်းမင်၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားပြီး ကျေးဇူးတင်စွာဖြင့် လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုလိုက်၏။
"စိတ်ချပါ ဂိုဏ်းခွဲသခင်လဲ့... ခင်ဗျားရဲ့ ယုံကြည်မှုကို ကျွန်တော်က အမှားအယွင်းဖြစ်စေမှာ မဟုတ်ပါဘူး"
"ကောင်းပြီလေ... အဲ့ဒီလူနာမည်က ကျန်းရွှမ်ချင်း... သူ့ရဲ့အိမ်တော်ထဲက အစေခံတွေနဲ့ အစောင့်တွေအားလုံးကို ငါ စီစဉ်ထားပြီးပြီ... မင်း လျှိုဝင်သွားဖို့က သိပ်ပြီးမခက်ခဲလောက်ဘူး..."
လဲ့ချန်ယီက စီစဉ်ညွှန်ကြားလိုက်သည်။