← Chapters

အခန်း (၃၈၈-၃၈၉)

Vol. 33 Ch. 388-389

အခန်း (၃၈၈-၃၈၉)

Vol. 33 Ch. 388-389

အခန်း ၃၈၈ : ကြောက်မက်ဖွယ်ကောင်းသော အိမ်တော်ထိန်းစွန်း

လုပ်ငန်းတာဝန်နှင့်ပစ်မှတ်များအကြားရှိ ဆက်နွယ်မှုကို သေသေချာချာ နားလည်ပြီးနောက် အကြီးအကဲချီထျန်းမင် သည် အလုံးစုံသိမြင်ဂိုဏ်းမှ ထွက်ခွာခဲ့ပြီး အတွင်းမြို့တော်အနီးရှိ အိမ်တော်ထံသို့ ဦးတည်၍သွားလိုက်သည်။

မကြာမီမှာပင် သူသည် ထိုအိမ်တော်သို့ ရောက်ရှိသွားပြီး အကြီးအကဲဟယ်၏ စီစဉ်ပေးမှုအောက်တွင် အစောင့်တစ်ဦးအဖြစ် ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ပြီး လူအုပ်ကြားထဲတွင် ရောနှော၍ နေနိုင်ခဲ့သည်။

အလုံးစုံသိမြင်ဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုတွင် အကြီးအကဲတစ်ဦး ဖြစ်လာနိုင်ရန် တစ်စုံတစ်ယောက်၏စွမ်းအားသည် အနည်းဆုံးအနေဖြင့် အသက်ပင်လယ်နယ်ပယ် သို့ ရောက်ရှိနေရပေမည်။ ထိုကဲ့သို့ ကျင့်ကြံဆင့်စွမ်းအားမျိုးရှိသော သူ့အနေဖြင့် ရန်သူ၏နယ်မြေထဲသို့ သူလျှိုအဖြစ် စေလွှတ်ခံရမည်ဟု မျှော်လင့်ထားသော်လည်း ယခုချိန်တွင်မူ သေးငယ်သော အိမ်တော်တစ်ခု၌သာ သောင်တင်နေရသည်။

"ငါ့ရဲ့ အရည်အချင်းတွေကို တကယ့်ကို အလဟဿဖြစ်စေတာပဲ... ထားလိုက်တော့... ငါက ခဏလောက် စောင့်ကြည့်ပြီးမှ ပြန်သွားဖို့ကို သတင်းပို့လိုက်မယ်..."

ဤနေရာရှိ အစောင့်များနှင့် လက်အောက်ငယ်သားများသည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်ကိုပင် ကျော်လွန်ခြင်းမရှိချေ။ ထိုကြောင့် သူ၏စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားရုံမှတပါး သူ့ထံ၌ တခြားရွေးချယ်စရာမရှိသဖြင့် သူ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။

လျှို့ဝှက်နယ်ရုပ်တစ်ရုပ် ဖြစ်ရန် ရွေးချယ်ခဲ့သူဖြစ်သဖြင့် သူသည် အန္တရာယ်ကို မကြောက်ရွံ့ဘဲ သမိုင်းတွင်ကျန်ရစ်မည့် ထူးချွန်ပြောင်မြောက်သော လုပ်ရပ်မျိုးကို စိတ်ကူးယဉ်တွေးတောခဲ့သည်။ သို့ရာတွင် ယခုချိန်၌မူ သူသည် ရိုးရှင်းသောတာဝန်လေးတစ်ခုကိုသာ ရရှိခဲ့ပေ၏။

...

"ဂိုဏ်းခွဲသခင်က ငါ့ကို အထင်သေးလွန်းတယ်..."

သူ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

သေချာသည်မှာ ဂိုဏ်းခွဲသခင်လဲ့သည် သူ၏စွမ်းရည်ကို မလုံလောက်ဟု ထင်မြင်သဖြင့် ဤကဲ့သို့ တာဝန်ကို ပေးအပ်ခြင်း ဖြစ်ပေလိမ့်မည်။

တခြားဒေသမှရောက်လာသော အရေးမပါသည့် လူတချို့ကို စောင့်ကြည့်ရုံသက်သက်ဆိုလျှင် မည်သည့်အစောင့်ကိုမဆို စေခိုင်းနိုင်သည်။ နှစ်ပေါင်းများစွာ ကွယ်ဝှက်ထားသော သူလျှိုတစ်ယောက်ကို ဤကဲ့သို့နည်းလမ်းဖြင့် အသုံးပြုခဲ့သဖြင့် လဲ့ချန်ယီသည် မည်သည့်အရာကို စဉ်းစားတွေးတောနေသနည်း။

သူ ပို၍စဉ်းစားမိလေလေ ပို၍စိတ်ဓာတ်ကျလာလေလေပင်။

သူသည်ဒေါသထွက်နေသော်လည်း တာဝန်တစ်ခုကို လက်ခံပြီးပါက လမ်းခုလတ်တွင် စွန့်လွှတ်၍ မရနိုင်ကြောင်း သူ သိရှိထားပေ၏။ သူသည် အစောင့်များ၏နောက်သို့ လိုက်ပါသွားပြီး တစ်စုံတစ်ခု ထူးခြားမှုရှိမရှိကို သိနိုင်ရန်အတွက် ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာရန် ကြံရွယ်လိုက်သည်။

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်၏ အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

"မင်းတို့အားလုံး မြန်မြန်လုပ်ကြတော့... အိမ်တော်ထိန်းစွန်းက မှာစရာရှိလို့ မင်းတို့ကို တွေ့ချင်တယ်လို့ ပြောနေတယ်..."

"အိမ်တော်ထိန်း...ဟုတ်လား.."

အကြီးအကဲချီထျန်းမင်သည် အံ့အားသင့်သွားပြီး အနီးအနားရှိ အစောင့်တစ်ဦးကို စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ဒါက အကြီးအကဲဟယ်လား...."

ဤနေရာရှိ လက်အောက်ငယ်သားများအားလုံးကို အကြီးအကဲဟယ်မှ ရွေးချယ်၍ခေါ်ဆောင်လာခြင်းပင်။ အကယ်၍ ဤအိမ်တွင် အိမ်တော်ထိန်းတစ်ဦး ရှိမည်ဆိုလျှင် အကြီးအကဲဟယ်သာ ဖြစ်နိုင်သည် မဟုတ်လော။

"အကြီးအကဲဟယ် မဟုတ်ဘူး... သူက သခင်လေးကျန်းရွှမ်ချင်း ခေါ်လာတဲ့လူ...သူ့ရဲ့နာမည်က စွန်းချန်တဲ့..."

အစောင့်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ သိထားသမျှ အရာအားလုံးကို အသေးစိတ် ရှင်းပြလိုက်၏။

"စွန်းချန်လား..."

ချီထျန်းမင်သည် နားမလည်နိုင် ဖြစ်နေသော်လည်း ထပ်မံ၍ မမေးမြန်းတော့ဘဲ တခြားလူများနောက်သို့ လိုက်ပါသွားရာ ခြံဝန်းထဲသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

သူတို့၏ရှေ့ရှိ လှေကားထစ်များပေါ်တွင် ဝဖိုင်ဖိုင်လူတစ်ယောက်သည် သူ၏လက်တစ်ဖက်ကို နောက်ပစ်ပြီး တည်ငြိမ်စွာ မတ်တတ်ရပ်နေသည်။ သူ၏ခေါင်းကို အနည်းငယ်တိမ်းစောင်းထားပြီး သူ၏မျက်လုံးများတွင် တည်ကြည်လေးနက်နှင့် အထီးကျန်ဆန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။

လူအများ ရောက်ရှိလာသော်လည်း သူသည် ရုပ်ထုတစ်ခုအလား ငြိမ်သက်နေကာ သူတို့ကို လှည့်မကြည့်ချေ။

"အဲ့ဒါက စွန်းချန်လား..."

ချီထျန်းမင်က တွေးတောလိုက်သည်။

'ဒီကောင်က နေမကောင်း ဖြစ်နေတာလား... လူတွေကို ခေါ်ထားပြီးတော့ လှည့်မကြည့်ဘူး... ဒါက ဘာသဘောလဲ... '

ချီထျန်းမင်က သူ၏မျက်လုံးများကို မှေးစင်းပြီး ထိုလူဝကြီးကို သေသေချာချာ အကဲခတ်လိုက်၏။

ထိုလူဝကြီး၏ကျင့်ကြံဆင့်နယ်ပယ်သည် ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့်တွင်သာ ရှိပုံရပြီးများစွာထူးခြားခြင်းမရှိချေ။

အကယ်၍ လူဝကြီး၏ကျင့်ကြံဆင့်သည် မြင့်မားမည်ဆိုပါက ဤကဲ့သို့ လောကီနှင့်ကင်းကွာသော ရသေ့တစ်ပါး၏အရှိန်အဝါမျိုးသည်အဆင်ပြေသော်လည်း ယခုချိန်တွင်မူ တစ်စုံတစ်ခု လွဲမှားနေသကဲ့သို့ သူ ခံစားနေရသည်။

"အိမ်တော်ထိန်း... လူစုံပါပြီ" အချိန်တခဏအကြာတွင် လက်အောက်ငယ်သားတစ်ဦးက အရိုအသေပြုရင်း ပြောဆိုလိုက်သည်။

"အင်း...."

စွန်းချန်က လူအုပ်ကြီးဘက်သို့ မေးငေါ့ပြပြီး ဖျော့တော့တော့အသံဖြင့် ဖြည်းညှင်းစွာ စတင် ပြောဆိုသည်။

"မင်းတို့က သခင်လေးကျန်းရဲ့အိမ်ကို ရောက်လာကြပြီဆိုတော့ အိမ်စည်းကမ်းတွေကို လိုက်နာရမယ်... အရင်တုန်းက မင်းတို့ ဘာလုပ်ခဲ့တယ် ဘယ်ကလာတယ် ဆိုတာ ငါ ဂရုမစိုက်ဘူး... ဒီနေရာမှာ ပြဿနာရှာရဲရင် မင်းတို့အတွက် လမ်းတစ်လမ်းပဲ ရှိတယ်... အဲ့ဒါကတော့ အလုပ်ဖြုတ်ခံရပြီးတော့ မောင်းထုတ်ခံရတာပဲ"

"ဟုတ်ကဲ့"

လူများအားလုံး တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။

"သခင်လေးကျန်းရဲ့ အိမ်တော်စည်းကမ်းက ဘာတွေလဲဆိုတာ သိခွင့်ပြုပါ..."

လက်အောက်ငယ်သားတစ်ဦးက မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"အရမ်းရိုးရှင်းတယ်"

စွန်းချန်၏အသံက ဆက်လက်၍ ထွက်ပေါ်လာသည်။

"သခင်လေးကျန်းရဲ့ အမိန့်တွေက အကြွင်းမဲ့ပဲ... သူ့ရဲ့ အမိန့်တွေကို ကန့်ကွက်ခွင့်မရှိဘူး စိန်ခေါ်ခွင့်လည်း မရှိဘူး... သခင်လေး အမိန့်မပေးတဲ့အချိန်ဆိုရင် ငါ့ရဲ့စကားက အမိန့်ပဲ... ဘယ်လိုငြင်းဆန်မှုမျိုးကိုမှ သည်းခံမှာ မဟုတ်ဘူး"

"သခင်လေးရဲ့စကားကို နာခံဖို့က ပြဿနာ မရှိပါဘူး... ဒါပေမဲ့ ခင်ဗျားရဲ့စကားကို ခြွင်းချက်မရှိ နားထောင်ရမယ်ဆိုတာကတော့... နည်းနည်း တော့ များလွန်းတယ် မဟုတ်လား..."

ထိုအချိန်မှာပင် ကျင့်ကြံဆင့်နိမ့်ပါးခြင်းမရှိသော လက်အောက်ငယ်သားတစ်ဦးက စွန်းချန်၏စွမ်းအားကို သတိပြုမိသဖြင့် မကျေမနပ် ပြောဆိုလိုက်သည်။

လက်အောက်ငယ်သားတစ်ယောက် ဖြစ်သည့်တိုင် သူ၏ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ တစ်ဖက်လူကမူ ဒုတိယအဆင့်တွင်သာ ရှိနေပေ၏။ ထိုလူ၏အမိန့်များကို သူသည် မည်သည်ကြောင့် နားထောင်ရမည်နည်း။

အကြီးအကဲဟယ်သည် သူတို့အား သခင်လေးကျန်းရွှမ်ချင်းအတွက် ဝန်ဆောင်မှုပေးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လက်အောက်ငယ်သား အချင်းချင်းဖြစ်သည့်တိုင် ဤအိမ်တော်ထိန်းသည် မည်သည်ကြောင့် ဤမျှထိ မောက်မာထောင်လွှားနေသနည်း။

"ဟမ့်....မင်းက မကျေနပ်ဘူးလား"

စွန်းချန်က မျက်ခုံးပင့်ပြီး ထိုလက်အောက်ငယ်သားကို လှမ်းကြည့်လိုက်သည်။ သူ၏ နှာမှုတ်သံတစ်သံနှင့်အတူ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ဖိအားတစ်ရပ် ထွက်ပေါ်လာပြီး ခြံဝန်းငယ်လေးတစ်ခုလုံးအတွင်း၌ ရေလွှမ်းမိုးလာသကဲ့သို့ ပြည့်နှက်သွားသည်။ လူများအားလုံးသည် ဧရာမရေလှိုင်းလုံးကြီးတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားမိလေ၏။

"ကျွန်တော်..."

မေးခွန်းထုတ်လိုက်သော လက်အောက်ငယ်သား၏မျက်နှာ ဖြူဖျော့သွားပြီး ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။

ဤအချိန်တွင် သူသည် ရက်စက်ကြမ်းတမ်းသော ကျားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံနေရကာ အချိန်မရွေး အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံရနိုင်သကဲ့သို့ ခံစားမိပေ၏။

"ဒါက..."

အကြီးအကဲချီထျန်းမင်၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

သူ၏ စွမ်းအားနှင့်ဗဟုသုတအရ ဤစွမ်းအား၏ အရင်းအမြစ်ကို သူ ပြောဆိုနိုင်သည်။ ဤသည်မှာ ကျင့်ကြံခြင်းမှလာခြင်းမဟုတ်ဘဲ ပထမတန်းစား ကောင်းကင်ကံကြမ္မာမှ ထွက်ပေါ်လာခြင်းပင်။

"ပထမတန်းစား ကောင်းကင်ကံကြမ္မာရဲ့ စွမ်းအား... ဒီအိမ်တော်ထိန်းက ကောင်းကင်ကံကြမ္မာတစ်ခုရဲ့ဆက်ခံသူများ ဖြစ်နေမလား..."

သူ၏ခန္ဓာကိုယ် တုန်ခါသွားပြီး သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိသည်။

ပထမတန်းစား ကောင်းကင်ကံကြမ္မာ၏ စွမ်းအား...

ထိုကံကြမ္မာ၏ အမွေအနှစ်အနည်းငယ်ကို ရရှိထားသော ဆက်ခံသူတစ်ယောက် ဖြစ်နေလျှင်ပင် သူ ယှဉ်ပြိုင်နိုင်မည့်လူ မဟုတ်ချေ။

တစ်ဖက်လူ ထိတ်လန့်ကြောက်ရွံ့နေသည်ကို မြင်တွေ့ချိန်၌ စွန်းချန်သည် လှေကားထစ်များပေါ်မှ ဆင်းလာသည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ၏အရှိန်အဝါ တစ်ဆင့်မြင့်တက်လာပေ၏။ သူ ခြေလှမ်းသုံးလှမ်း ဆက်တိုက်လျှောက်လှမ်းလိုက်ပြီးချိန်၌ သူ၏အရှိန်အဝါသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူများအားလုံးကို အချိန်မရွေး ဝါးမြိုတော့မည့်အလားပင်။

"မင်းက... ငါ့ရဲ့အခွင့်အာဏာကို စိန်ခေါ်ဖို့ ကြိုးစားနေတာလား"

စွန်းချန်၏အေးစက်စက်အသံက ပဲ့တင်ထပ်သွားသည်။

ထိုလက်အောက်ငယ်သား၏ မျက်လုံးများတွင် ရှောင်လွှဲလိုသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း သူသည် တစ်ဖက်လူထက် ပို၍သန်မာအားကောင်းသည့်တိုင် ထိုစိန်ခေါ်မှုကို တုံ့ပြန်ရဲခြင်း မရှိချေ။

ထိုလူ၏အမူအယာကို မြင်တွေ့ချိန်၌ စွန်းချန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို ကြီးကျယ်ခမ်းနားသော အမူအယာဖြင့် ဝှေ့ယမ်းလိုက်၏။

"ငါ သတိပေးလိုက်မယ်... ဒီနေရာမှာ မင်းတို့က ငါ့ရဲ့စကားကို သဘောကျကျ မကျကျ နားထောင်ရမယ်... မင်းတို့ ငြင်းဆန်ရဲရင် မင်းတို့ကို ယဉ်ကျေးမှု ရှိအောင် သင်ပေးဖို့ ငါက ဝန်လေးနေမှာ မဟုတ်ဘူး"

"ဘုန်း..."

ယခင်ထက်ပို၍ကြီးမားသော ဖိအားတစ်ရပ်သည် လေထုထဲတွင် ပြည့်နှက်သွားပေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲချီထျန်းမင်က စွန်းချန်သည် အလွန်သန်မာအားကောင်းခြင်း မရှိသော်လည်း သူ လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားသော တောင်တန်းကြီးတစ်ခုအလား ခမ်းနားထည်ဝါသော အရှိန်အဝါမျိုးကို ထုတ်လွှတ်ထားသည်အား ခံစားလိုက်ရသည်။

အထူးသဖြင့် စွန်းချန်၏မျက်လုံးအကြည့်ထဲမှ ယုံကြည်မှုနှင့်မောက်မာထောင်လွှားမှုတို့ပင်။ ဤသည်မှာ မရေမတွက်နိုင်သော မုန်တိုင်းများနှင့်ကပ်ဘေးများကို ကျော်ဖြတ်ပြီး သက်ရှိသတ္တဝါအားလုံးကို အထင်သေးစွာ ကြည့်နေသော ဧကရာဇ်တစ်ပါးနှင့် တူညီနေပေ၏။

"ခွမ်း..."

မလှမ်းမကမ်းရှိ ရေအိုးတစ်လုံး ပေါက်ကွဲသွားပြီး ကြည်လင်သောရေများ အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားကာ လူများအားလုံး လန့်ဖျပ်သွားပြီး ကြက်သီးမွေးညှင်းထသွားကြသည်။

ထိုအချိန်မှာပင် စွန်းချန်က သူ၏အရှိန်အဝါများအားလုံးကို ရုတ်တရက် ပြန်လည်ရုပ်သိမ်းသွားသဖြင့် ခြံဝန်းထဲမှ ဖိနှိပ်ချုပ်ကိုင်နိုင်မှုအရှိန်အဝါများ ချက်ချင်းပျောက်ကွယ်သွားသည်။ လူများအားလုံး ပြန်ကြည့်လိုက်ချိန်၌ လူဝကြီးသည် လက်တစ်ဖက်ကို နောက်ပစ်ကာ မိုးကောင်းကင်သို့ မော့ကြည့်နေဆဲပင်။ ဤသည်မှာ သူသည် ဤလောကနှင့် မသက်ဆိုင်သော ထိပ်သီးတည်ရှိမှုကြီးတစ်ခုကဲ့သို့ ဖြစ်နေပေ၏။

"ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် ဆိုတာ ဟန်ဆောင်ထားတာလား..."

ချီထျန်းမင်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။

သူပင်လျှင် ဟန်ဆောင်နိုင်လျှင် တစ်ဖက်လူကလည်း သေချာပေါက် ဟန်ဆောင်နိုင်ပေမည်။

'ဟုတ်တယ်... အဲ့လိုပဲ ဖြစ်ရမယ်...'

'သူ ဟန်ဆောင်နေတာ မဟုတ်ရင် သာမန် ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်လောက်နဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ကြီးမားတဲ့ ယုံကြည်မှုနဲ့ အရှိန်အဝါ ရှိနိုင်မှာလဲ... အထူးသဖြင့် အဲ့ဒီမျက်လုံးတွေ အဲ့ဒီလေသံတွေက "မင်းတို့အားလုံးက အမှိုက်တွေ"လို့ ပြောနေသလိုပဲ...'

'ဒီအိမ်တော်ထိန်းက သာမန်လူ မဟုတ်ဘူး... ဒါကြောင့် ဂိုဏ်းခွဲသခင်က ငါ့ကို သူလျှိုလုပ်ဖို့ လွှတ်လိုက်တာကိုး..."

အကြီးအကဲချီထျန်းမင် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

သာမန်အိမ်တော်ထိန်းတစ်ယောက်သည်ပင် ဤမျှထိ ကြောက်မက်ဖွယါကောင်းနေလျှင် သခင်လေးကျန်း၏ပုံရိပ်သည် မည်သို့ရှိမည်ကို သူ တွေးတောကြည့်နိုင်ခြင်းပင် မရှိတော့ချေ။

ရုတ်ချည်းဆိုသလိုပင် ဂိုဏ်းခွဲသခင်လဲ့သည် သူ့ကို အထင်သေးခြင်း မဟုတ်ကြောင်းနှင့် ဤတာဝန်သည် သူ တွေးထင်ထားသလောက် ရိုးရှင်းမည် မဟုတ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။

အခန်း ၃၈၉ : မြို့သားမှတ်ပုံတင်ခြင်းရုံးတော်

"ငါတို့ ရောက်ပြီ"

ကျန်းရွှမ်နှင့်ခုန်းရှီတို့သည် လမ်းမကြီးအတိုင်း လက်ဖက်ရည်တစ်ခွက်သောက်ချိန်ခန့် လျှောက်လှမ်းလာပြီးနောက် မြင့်မားသော အဆောက်အအုံတစ်ခုက သူတို့၏ရှေ့တွင် ထွက်ပေါ်လာသည်။

မြို့သားမှတ်ပုံတင်ခြင်းရုံးတော်...

ဤနေရာသည် ထျန်းလီအင်ပါယာမှ မြို့သားများ၏အဆင့်အတန်းကို သတ်မှတ်ပေးသည့် နေရာဖြစ်ပြီး အကျိုးပြုရမှတ်များကို ဖြန့်ဝေခြင်းနှင့်ရယူခြင်းတို့ ပြုလုပ်ရာ နေရာလည်း ဖြစ်သည်။ ထိုနေရာအနီးသို့မရောက်မီကပင် မီတာရာနှင့်ချီရှည်လျားသော တန်းစီနေသည့် လူအုပ်ကြီးကို တွေ့လိုက်ရသည်။

သူတို့ စုံစမ်းကြည့်လိုက်ရာ ထိုလူများသည် အကျိုးဆောင်ရမှတ်တချို့ကို ရရှိထားပြီး အဆင့်ငါးမြို့သားအဖြစ်သို့ အဆင့်တိုးမြှင့်ရန် အထူးတလည် လာရောက်ကြသူများ ဖြစ်ကြောင်း သိလိုက်ရသည်။

ကျန်းရွှမ်က ဂရုတစိုက်ကြည့်လိုက်ရာ ရင်းနှီးသော လူတချို့ ပါဝင်နေသည်ကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ကူးပြောင်းရေးဝင်္ကပါမှတဆင့် သူတို့နှင့်အတူ ခရီးထွက်လာခဲ့ကြသော ကျင့်ကြံသူများပင်။ သူတို့သည် အိမ်ဝယ်ယူပြီး ဤနေရာ၌ အခြေချနေထိုင်ရန် စီစဉ်နေကြပုံရပေ၏။

မြို့သားအဆင့်အတန်းကို ကိုယ်စားပြုသော တံဆိပ်ပြားများကို ပြသပြီးနောက် ကျန်းရွှမ်နှင့် ခုန်းရှီတို့သည် ခန်းမထဲသို့ တန်းတန်းမတ်မတ် ဝင်သွားကြသည်။

...

"အဲ့ဒါက ကျန်းရွှမ်ချင်း မဟုတ်လား... သူက ဘယ်လိုလုပ်ပြီး တိုက်ရိုက်ဝင်သွားတာလဲ"

"မြို့သားမှတ်ပုံတင်ခြင်းရုံးတော်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာဖို့ဆိုရင် မြို့သားဖြစ်ပြီးသား ဖြစ်ရမယ်... သူက အဲ့ဒီအဆင့်အတန်းကို ရသွားပြီလား"

"သူက တကယ့်ကို ချမ်းသာတဲ့လူပဲ..."

ထိုအချိန်တုန်းက ကျန်းရွှမ်သည် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့သဖြင့် လူအများသည် မမှတ်မိဘဲနေရန် ခဲယဥ်းပေမည်။ ကျန်းရွှမ်သည် ရင်းနှီးသော လူများကို မြင်လိုက်ရသကဲ့သို့ ထိုလူများသည်လည်း သူ့ကို မြင်လိုက်ရပြီး သူတို့ထံတွင် မနာလိုအားကျမှုများဖြင့် ပြည့်နှက်သွားကြသည်။

သူတို့အားလုံးသည် အချိန်အကြာကြီး စိတ်ဆင်းရဲခဲ့ရပြီး အိမ်ဝယ်ရန်အတွက် ငွေကြေးအလုံအလောက်ရရှိရန် ရတနာများနှင့် အရင်းအမြစ်များအားလုံးကို ရောင်းချခဲ့ရသည်။ သို့ရာတွင် ဤလူကမူ အိမ်ဝယ်နိုင်ရုံသာမက မြို့သားအဆင့်အတန်းကိုလည်း ချောချောမွေ့မွေ့ ရရှိသွားသည်။ ဤသည်မှာ အမှန်တကယ်ကို "လူချင်းယှဉ်ကြည့်ပါက သေချင်စော်နံသွားစေသည်"ဟူသည့် ဆိုရိုးစကားအတိုင်းပင်။

ခန်းမထဲတွင်လည်း ဈေးတန်းတစ်ခုကဲ့သို့ ရှုပ်ထွေးနေသော လူအမြောက်အများ ရှိနေပေ၏။

မရေမတွက်နိုင်သောလူများသည် အလုံးစုံသိမြင်ဂိုဏ်းရှိ ကျောက်စာတိုင်များနှင့် ဆင်တူသော စာလုံးများဖြင့်ပြည့်နှက်နေသည့် ကြီးမားသော ကျောက်စာတိုင်ကြီးတစ်တိုင်၏ရှေ့တွင် မတ်တတ်ရပ်နေကြသည်။

ကျန်းရွှမ်က ထိုနေရာသို့ လှမ်းကြည့်လိုက်ရာ အခြေခံအားဖြင့် ထျန်းလီအင်ပါယာမှ ထုတ်ပြန်ထားသော အကျိုးပြုရမှတ်များကို ရရှိနိုင်သည့် တာဝန်များအား ရေးသားထားခြင်း ဖြစ်နေပေ၏။

"ယီကျန်းချင်းဓားပြအဖွဲ့ကို ချေမှုန်းရန်... ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ဒုခေါင်းဆောင် တစ်ယောက်ကို သို့မဟုတ် ဓားပြတစ်ရာကို သတ်ဖြတ်လျှင် အကျိုးပြုရမှတ်တစ်မှတ် ရရှိမည်..."

"ဖင်းယွမ်တောင်ကြားရှိ သံသွားအေးစက်လင်းယုန်ကို ဖမ်းဆီးရန်..လင်းယုန်ရဲ့အလောင်းကို အကောင်းအတိုင်း ရရှိလျှင် အကျိုးပြုရမှတ်သုံးမှတ်..ထိုသားရဲ၏ ရင်းမြစ်အမြူတေ ခြေသည်း သို့မဟုတ် အမွေးအမှင်ကို ရရှိလျှင် နှစ်မှတ်..."

"မြို့စောင့်တပ်သား အလိုရှိသည်...လျှောက်ထားရန်အတွက် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် သို့မဟုတ် ထိုကျင့်ကြံဆင့်၏အထက်တွင် ရှိနေရမည်...စစ်ဆေးမှုအောင်မြင်ပြီးနောက် သုံးလ တာဝန်ထမ်းဆောင်လျှင် အကျိုးဆောင်ရမှတ် တစ်မှတ် ရရှိမည်...တာဝန်ထမ်းဆောင်စဉ် အတောအတွင်းတွင် အစားအသောက်နှင့် နေစရာ ပေးမည်မဟုတ်ချေ...တူညီဝတ်စုံနှင့် လက်နက်များကို ကိုယ့်စရိတ်ဖြင့်ကိုယ် ဝယ်ယူရမည်..."

"ဆေးဝါးစမ်းသပ်မှုလက်ထောက်... သန့်စင်ပြီးသားဆေးလုံးများ သို့မဟုတ် ဆေးညွှန်းများကို အခမဲ့ စမ်းသပ်သုံးစွဲရမည်....အသေးစိတ် ခံစားချက်များကို မျှဝေပေးရမည်...ထိုအရာများကို သုံးစွဲခြင်းကြောင့် သေဆုံးခြင်း သို့မဟုတ် ရူးသွပ်ခြင်း ဖြစ်ပေါ်လာပါက တာဝန်ယူမည် မဟုတ်ချေ... ဆေးပင်ဆယ်စုံစာကို စမ်းသပ်ပေးလျှင် အကျိုးပြုရမှတ်တစ်မှတ် ရရှိမည်"

"ကောင်းကင်ကံကြမ္မာစွမ်းအားသန့်စင်မှု လက်ထောက်... ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို သန့်စင်ရန် ကူညီပေးရမည်...ရင်းမြစ်စွမ်းအင်ကို သန့်စင်ပြီးတော့ စွမ်းအင်တန်းတစ်သိန်းမှ စတင်သည်...စွမ်းအင်တန်းတစ်သိန်း သန့်စင်ပြီးတိုင်း အကျိုးပြုရမှတ်တစ်မှတ် ရရှိနိုင်သည်..."

...

ကျောက်စာတိုင်ကြီးပေါ်တွင် အကျိုးပြုရမှတ် ရရှိနိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ပြည့်နှက်နေပြီး အလွန်ထူးဆန်းကာ သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသော အရာများလည်း ပါဝင်သည်။

"သခင်ကြီးရန်ဖေးက ဓားပြတွေကို ချေမှုန်းဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့နေတယ်....စိတ်ဝင်စားတဲ့သူတွေရှိလား... ဒီအခွင့်အရေးကို လက်လွှတ်မခံကြနဲ့... ဒါကို အောင်မြင်ရင် လုံလောက်တဲ့ အကျိုးပြုရမှတ်တွေရဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်...."

"ဓားပြတွေကိုချေမှုန်းတာက အရမ်းအန္တရာယ်များတယ်...သခင်ကြီးဟန်ကွမ်းက သတ္တုမိုင်းတွင်းတစ်တွင်းကို ရှာတွေ့ထားတယ်...သတ္တုတူးဖို့အတွက်ကို ငါတို့နဲ့အတူ လိုက်ခဲ့ရုံပဲ... နှစ်ဝက်အတွင်းမှာ အကျိုးပြုရမှတ်တစ်မှတ်ကို လွယ်လွယ်လေးရနိုင်တယ်..ဒါက တခြားအလုပ်လုပ်တာထက် အများကြီးပိုကောင်းတယ်..."

"ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ...မင်းတို့ရဲ့သွေးတွေကို ရောင်းတာနဲ့ အကျိုးပြုရမှတ်တွေကို ရနိုင်တယ်...ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ပညာရှင်တွေက သွေးသန့်သန့်တစ်ပုလင်းကို ပေးအပ်ရုံနဲ့ အကျိုးဆောင်ရမှတ်တစ်မှတ် ရမယ်...ဒါက ဈေးနှုန်းမျှတတယ်...လူကြီးလူငယ်မရွေး လက်ခံပြီးတော့ ဘာလှည့်စားမှုမှမရှိဘူး"

"ကောင်းကင်ကံကြမ္မာတွေကို ဝယ်ယူတယ်... သတ္တမတန်းစားကံကြမ္မာတစ်ခုကို အကျိုးဆောင်ရမှတ်တစ်မှတ်ရမယ်...ဆဋ္ဌမတန်းစားဆိုရင် ငါးမှတ်ရမယ်..တကယ်လို့ အဲ့ဒါက သေသေချာချာ ဆွဲထုတ်ထားတဲ့ ကံကြမ္မာဆိုရင် ဈေးပိုရမယ်..."

...

သူ ဆက်လက်၍ကြည့်ရှုနေစဉ်မှာပင် ဈေးခေါ်သံများ ပဲ့တင်ထပ်လာသည်။

ဤနေရာတွင် ထျန်းလီမြို့၏တရားဝင် အကျိုးပြုရမှတ် ရှာဖွေနည်းများသာမက မှောင်ခိုဈေးကွက်မှ ပွဲစားများ၏ ရှုပ်ထွေးပွေလီမှုများလည်း ရှိနေသည်။

ဤသည်မှာ သူ၏အတိတ်ဘဝ၌ ရထားလက်မှတ် မှောင်ခိုရောင်းသော ပွဲစားများ နေရာအနှံ့အပြား၌ ရှိနေသည့်အလားပင်။

ကျန်းရွှမ်ထံ၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

ကျောက်စာတိုင်ပေါ်တွင် မှတ်တမ်းတင်ထားသော ကောင်းကင်ကံကြမ္မာစွမ်းအားသန့်စင်ခြင်းနှင့် ဆေးဝါးစမ်းသပ်ခြင်းကဲ့သို့ တာဝန်များသည်ပင် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေလေပြီ။ ကောင်းကင်ကံကြမ္မာများနှင့် သွေးရောင်းချခြင်းစသည့်ကိစ္စများကို ဤမျှထိ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြသည်မှာမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ထို့ပြင် ဈေးနှုန်းများသည် အလွန်နိမ့်ပါးပေ၏။ မိုပိုင်ယဲ့ နှစ်ပေါင်းများစွာကြာအောင် မိုတောက်ကံကြမ္မာကို ကျင့်ကြံအားထုတ်ပြီးမှ ရရှိထားသော သတ္တမတန်းစားကံကြမ္မာမျိုးကို ဤနေရာတွင် အကျိုးပြုရမှတ်တစ်မှတ်ဖြင့်သာ လဲလှယ်နိုင်သည်ဟု ဆိုသလော...။

ကံကောင်းသည်မှာ ထျန်းလီမြို့တွင် သတ်ဖြတ်ခြင်းကို ခွင့်ပြုမထားခြင်းပင်။ ထိုသို့မဟုတ်ပါက ကံကြမ္မာများကို ရရန်အတွက် လူသတ်မှုများ မကြာခဏဖြစ်ပွားနေမည်မှာ သေချာပေါက်ပင်။

"မင်းတို့နှစ်ယောက်က လူသစ်တွေလား... ငါက ဝမ်ရှန်းပါ... မင်းတို့အတွက် သင့်တော်မယ့် တာဝန်တွေကို ငါက ရွေးချယ်ပေးနိုင်ပြီးတော့ အလိမ်မခံရအောင် အာမခံနိုင်တယ်...ငါ့ရဲ့ ဝန်ဆောင်မှုအတွက်ကတော့ တစ်ကြိမ်ကို ကံကြမ္မာချပ်ပြားဆယ်ချပ်ပါ..."

ထိုအချိန်မှာပင် အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ် အစေခံတစ်ဦးက ပျူငှာသောအပြုံးဖြင့် လျှောက်လှမ်းလာသည်။

သူသည် ညစ်ပေစုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဖုန်မှုန့်များ ပေကျံနေသဖြင့် အဝေးမှကြည့်လျှင် သူတောင်းစားတစ်ယောက်နှင့် တူညီနေပေ၏။

"ငါတို့ဘာသာ ရွေးချယ်လို့ရတယ်... တခြားသူရဲ့ အကူအညီကို မလိုဘူး"

ကျန်းရွှမ်သည် ဤကဲ့သို့ အလုပ်အကိုင်ကို လုပ်ဆောင်သူမျိုး ရှိလိမ့်မည်လို့ တွေးထင်မထားသဖြင့် ခေါင်းခါယမ်းလိုက်သည်။

ကံကြမ္မာချပ်ပြားဆယ်ချပ်ဆိုသည်မှာ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်သိန်းပင်။ အတိတ်တွင် လုမင်ရုန်ပင်လျှင်အရင်းအမြစ်များစွာ အသုံးပြုခဲ့သည့်တိုင် ထိုပမာဏကို စုဆောင်း၍ မရခဲ့ချေ။ ဤကောင်စုတ်လေးကမူ ရှင်းပြရုံသက်သက်ဖြင့် ထိုပမာဏကို လိုချင်နေပေ၏။ လူများအားလုံးသည် ထျန်းလီမြို့သို့ လာချင်ကြသည်မှာ အံ့အားသင့်ဖွယ်ကိစ္စတစ်ရပ် မဟုတ်တော့ချေ။ သူတို့သည် ပိုင်ဆိုင်သမျှအရာအားလုံးကို ရောင်းချပြီး လာဝံ့သည်မှာ ဤနေရာ၌ ငွေရှာနိုင်ရန် လျှင်မြန်သောကြောင့်ပင်။

အမှန်အားဖြင့် ဤနေရာ၌ ဝင်ငွေကောင်းသကဲ့သို့ စရိတ်စကလည်း ကြီးမြင့်သည်။ ထျန်းလီမြို့မှ ထွက်မသွားသရွေ့ မည်မျှထိ ငွေကြေးရှာဖွေသည်ဖြစ်စေ ငွေတန်ဖိုးကို မြင်တွေ့နိုင်မည် မဟုတ်ချေ။

"မင်းတို့ကိုယ်တိုင် လက်လွယ်စပယ် မရွေးချယ်သင့်ဘူး.. လွယ်ကူပုံရတဲ့ တာဝန်တော်တော်များများက တကယ်တော့ ထောင်ချောက်တွေပဲ... ခက်ခဲပုံရတဲ့ တာဝန်တချို့က တကယ်တော့ အရမ်းရိုးရှင်းတယ်... ဘာမှ စိတ်မပူပါနဲ့...မင်းတို့က ကံကြမ္မာချပ်ပြားဆယ်ချပ်နဲ့ ငါ့ရဲ့အကြံပေးမှုကို ရွေးချယ်လိုက်ရင် လုံးဝအရှုံးမရှိစေရဘူး..."

ဝမ်ရှန်းသည် သူ၏စကားများကို ငြင်းပယ်ခြင်းခံရသော်လည်း နောက်မဆုတ်ဘဲ လေသံတိုးတိုးဖြင့် ဆက်လက်၍ ပြောဆိုသည်။

"ထောင်ချောက်တွေလား... တကယ်လို့ အဲ့ဒီလိုအရာမျိုးရှိနေရင် တစ်ခုလောက် ပြောပြပါလား... ငါ အရင်က သတိမထားမိတဲ့ အရာမျိုး ဖြစ်နေရင် ငါ့အတွက် ရွေးချယ်ပေးဖို့ မင်းကို ငှားလိုက်မယ်...ဘာပြဿနာမှ မရှိဘူး... မင်းပြောတာကို ငါ သဘောမကျရင်တော့... ထားလိုက်တော့.. ငါ့ဘာသာပဲ ရွေးလိုက်မယ်"

ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"သဘောတူတယ်"

ကျန့်ရွှမ် ထိုကဲ့သို့ ပြောလာမည်ကို ကြိုသိနေသည့်အလား ဝမ်ရှန်း၏မျက်ခုံးများ မြင့်တက်သွားပြီး သူ၏လေသံကို ထပ်မံ၍နှိမ့်ချလိုက်သည်။

"ခုဏက သခင်ကြီးရန်ဖေးက ဓားပြတွေကို တိုက်ခိုက်ဖို့ လူစုနေတာကို မင်းတို့ ကြားလိုက်လား"

ကျန်းရွှမ်နှင့်ခုန်းရှီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။

လူသစ်စုဆောင်းနေသူ၏အသံသည် ကျယ်လောင်သဖြင့် သူတို့သာမက တခြားလူအမြောက်အများသည်လည်း ကြားလိုက်ရသည်။

ဝမ်ရှန်းက နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်...သူတို့က လူစုပြီးသွားရင် ဓားပြတွေကို ချေမှုန်းဖို့လို့ ပြောကြတယ်... ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့က အဲ့ဒီလူတွေကိုခေါ်ထုတ်သွားပြီးတော့ သတ်ပစ်ကြတာပဲ...အဲ့ဒီလူတွေရဲ့ကံကြမ္မာကို ဆွဲထုတ်ပြီးတော့ အကျိုးပြုရမှတ်တွေနဲ့ လဲလှယ်ကြတာ..."

ကျန်းရွှမ်သည် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။

"မင်း ပေါက်ကရစကားတွေ ပြောမနေနဲ့... ကံကြမ္မာအတွက် ဒီလောက်ထိ ပြောင်ပြောင်တင်းတင်း လူသတ်နေတာကို ထျန်းလီမြို့ရဲ့အာဏာပိုင်တွေက ဝင်မပါဘူးလား"

ကံကြမ္မာကို ငွေကြေးဖြင့် ရောင်းစားနိုင်သည်အား မြင်တွေ့စဥ်ကတည်းက သူ ထိုအချက်ကို တွေးတောခဲ့မိသည်။

သို့ရာတွင် ထျန်းလီမြို့ရှိ အာဏာပိုင်များမှ ထိုကိစ္စကို သေချာပေါက် တားဆီးကြပေမည်။ ထိုသို့မဟုတ်ပါက အကယ်၍ လူများအားလုံးသည် ကံကြမ္မာကိုရရှိရန်အတွက် လူသတ်နေကြလျှင် မြို့တစ်မြို့လုံး ပရမ်းပတာ ဖြစ်သွားပေမည်။

"ဒါပေါ့....သူတို့ ဝင်ပါတာပေါ့... ဒါပေမဲ့ ဓားပြတွေက မြို့ပြင်မှာ ရှိတာလေ... မြို့ပြင်ထွက်သွားပြီးရင် ဘယ်လို လုပ်မလဲ... လူပြတ်တဲ့နေရာတစ်နေရာမှာ အဲ့ဒီလူတွေကို သတ်ဖြတ်ပြီးတော့ ဓားပြတွေ သတ်သွားတာပါလို့ ပြောလိုက်ရင် ဘယ်သူက တကယ်ကြီး လိုက်စုံစမ်းနိုင်မယ်လို့ မင်း ထင်လဲ"

ဝမ်ရှန်းက ပြုံးလိုက်ပြီး ကျန်းရွှမ်ကို သနားသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ဤမျှထိ ရိုးအသောလူစားမျိုးကို သူ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးချေ။

ထျန်းလီမြို့ကို ကြည့်ရသည်မှာ လုံခြုံပုံရသော်လည်း အမှန်အားဖြင့် နေရာတိုင်းတွင် အန္တရာယ်များ ရှိနေသည်။ မရေမတွက်နိုင်သောလူများသည် သူတို့၏အိပ်မက်ထဲမှ သုခဘုံသို့ ရောက်ရှိပြီဟု တွေးထင်နေကြသော်လည်း ကောင်းကင်ဘုံနဲ့ငရဲဘုံသည် အတွေးတစ်ချက်သာ ကွာခြားပေ၏။

ကျန်းရွှမ်ထံ၌ ပြောစရာစကားလုံးများ ပျောက်ဆုံးသွားသည်။

အကယ်၍ ဝမ်ရှန်း၏စကားများသာ အမှန်ဆိုလျှင် အမှန်တကယ်ကို ဖြစ်နိုင်ခြေရှိပေ၏။

ထိပ်သီးကျင့်ကြံသူများတွင် လူတစ်ယောက်ကို ခြေရာလက်ရာ မကျန်အောင် သတ်ဖြတ်နိုင်သော နည်းလမ်းအမြောက်အများရှိသည်။ သူတို့သည် အကျိုးအမြတ် မရှိရင်ပင် စိတ်ထင်တိုင်း သတ်ဖြတ်နေကြလေရာ ယခု၌မူ အကျိုးအမြတ်များပြားနေသောကြောင့် ပို၍ဆိုးရွားပေမည်။

All Chapters