အခန်း (၃၉၀-၃၉၁)
Vol. 33 Ch. 390-391
အခန်း ၃၉၀ : ဆေးစမ်းသပ်ခြင်း
"ဘယ်လိုလဲ... ဒီသတင်းအချက်အလက်က ကံကြမ္မာချပ်ပြားဆယ်ချပ်နဲ့ မတန်ဘူးလား"
ဝမ်ရှန်းသည် ကျန်းရွှမ်၏အမူအယာကို မြင်တွေ့ချိန်၌ သူ၏ အတွင်းရေးသတင်းအချက်အလက် အလုပ်ဖြစ်သွားကြောင်း သိရှိလိုက်ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"မတန်ဘူး"
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။
"ငါက ဆုငွေလိုက်ရှာစားတဲ့သူလုပ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး... ဘယ်လောက်ပဲ အန္တရာယ်များများ ငါနဲ့ ဘာမှမဆိုင်ဘူး"
"မင်း..."
ဝမ်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆိုရင် မင်းက ဘယ်လိုလျှို့ဝှက်ချက်မျိုးကို ကြားချင်တာလဲ"
သူသည် ကပ်စေးနှဲသောလူများကို မြင်တွေ့ဖူးသော်လည်း ဤမျှထိ ကပ်စေးနှဲသောလူကို မမြင်တွေ့ဖူးချေ။ ထို့ပြင် ဤလူသည် မြို့သားတစ်ယောက်လည်း ဖြစ်နေပေ၏။ ကြည့်ရည်မှာ ဤအဆင့်အတန်းကို တခြားတစ်ယောက်ယောက်က သူ့အား လက်ဆောင်ပေးထားသည့်ပုံပင်။
"အကျိုးပြုရမှတ် မြန်မြန်ရနိုင်မယ့် ဘယ်နည်းလမ်းမဆို ငါ ကြားချင်တယ်"
ကျန်းရွှမ်က ပြောဆိုလိုက်သည်။
"အင်း..."
အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ဝမ်ရှန်း၏မျက်လုံးများတွင် ယုတ်မာကောက်ကျစ်သောအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
"မင်း သေချာလို့လား"
ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်၏။
"သေချာတာပေါ့..."
ဝမ်ရှန်းက ပြောဆိုသည်။
"ကောင်းပြီလေ... ငါက သဘောကောင်းတဲ့လူတစ်ယောက်ပါ...မင်းကို အကျိုးပြုရမှတ်အများဆုံး ရနိုင်မယ့် သတင်းအချက်အလက်ကို အလကားပေးမယ်... ဒါပေမဲ့ အဲ့ဒီရမှတ်တွေကို ရမရဆိုတာကတော့ မင်း အန္တရာယ်ကို ရင်ဆိုင်ရဲလားဆိုတဲ့အပေါ်မှာ မူတည်တယ်... "
ကျန်းရွှမ်က မေးမြန်းလိုက်သည်။
"ပြောပါအုံး"
ဝမ်ရှန်းက ကျောက်စာတိုင်ကြီးပေါ်မှ စာကြောင်းတစ်ကြောင်းကို ညွှန်ပြပြီး ပြောဆိုလိုက်။။
"ဒါက အဆင့်တစ်ဆေးလုံးကို ဖော်စပ်ဖို့အတွက် စမ်းသပ်ခံလုပ်ပေးရတာ... တခြားအလုပ်တွေက ရမှတ်ကို စုဆောင်းဖို့ အချိန်လိုအပ်တယ်... ဒီတစ်ခုကတော့ မလိုဘူး... မင်းမှာ ခံနိုင်ရည်ရှိတဲ့ အစာအိမ်နဲ့ ကံကောင်းမှုသာ ရှိရင် ဆေးဆယ်မျိုးကို စားသုံးပေးရုံနဲ့ တစ်ရက်တည်းနဲ့ အကျိုးပြုရမှတ်တစ်မှတ် ရနိုင်တယ်... တကယ်လို့ မင်းက အကြိမ်တစ်ရာလောက်သာ ခံနိုင်ရည်ရှိရင် အဆင့်လေးမြို့သားတောင် ဖြစ်လာနိုင်တယ်..."
ဤကဲ့သို့အကြံပေးလိမ့်မည်ဟု တွေးထင်မထားမိသဖြင့် ကျန်းရွှမ်သည် အချိနိတခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ... ဒါက အကျိုးပြုရမှတ်တွေ အမြန်ဆုံး ရှာနိုင်မယ့် နည်းလမ်းပဲ"
ဓားပြများကို ချေမှုန်းခြင်း ရှေးဟောင်းသားရဲများကို ဖမ်းဆီးခြင်း ရင်းမြစ်စွမ်းအင်များကို သန့်စင်ခြင်းစသည့် တာဝန်အားလုံးသည် အချိန်အတိုင်းအတာတစ်ခုအထိ အချိန်ယူရန် လိုအပ်ပေ၏။ ဤသည်မှာ အနည်းဆုံး ရက်အနည်းငယ်မှ အများဆုံးအနေဖြင့် လပေါင်းများစွာအထိ ကြာမြင့်သွားနိုင်သည်။ ဆေးလုံးများကို ဝါးမျိုခြင်းကမူ သူ မသေသရွေ့ ဆက်တိုက်ဝါးမျိုနိုင်ပေမည်။ ဤသည်မှာ အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းပင်။
"မင်းက တကယ်ကြီး စမ်းကြည့်ချင်လို့လား"
ဝမ်ရှန်းသည် အံ့အားသင့်သွားပြီး သူ၏အကြည့်များ ဆန်းပြားစပြုလာသည်။
"ဒါပေါ့... ဘယ်နေရာမှာ စမ်းသပ်လို့ရလဲဆိုတာ ငါ့ကို သိခွင့်ပြုပါ... မင်း ငါ့ကို လိုက်ပို့ပေးနိုင်မလား"
ကျန်းရွှမ် အလေးအနက်ထား၍ မေးမြန်းလိုက်၏။
အချိန်တခဏကြာမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဝမ်ရှန်းက သတိပေးလိုက်သည်။
"ဒီဆေးလုံးတွေမှာ အဆိပ်အတောက်တွေ ပါဝင်တတ်တယ်... အသစ်ဖော်စပ်ထားတဲ့ ဆေးညွှန်းတွေက ဘာအာမခံချက်မှ မရှိဘူး... မင်းက တကယ်ကြီး စမ်းကြည့်ချင်တာလား"
"အကျိုးဆောင်ရမှတ် မြန်မြန်ရမယ်ဆိုရင် ငါက ဘာလို့ စမ်းမကြည့်ဘဲ နေရမှာလဲ"
ကျန်းရွှမ် ပြုံးလိုက်သည်။
"ကောင်းပြီလေ... ဟိုဘက်မှာ တံခါးငယ်လေးတစ်ခု ရှိတယ်... အဲ့ဒီတံခါးကနေ ဝင်သွားပြီးတော့ အဆုံးထိလျှောက်ပြီး ညာဘက်ချိုးလိုက်ရင် အခန်းကျဉ်းလေးတစ်ခန်းကို မင်း တွေ့ရလိမ့်မယ်... ဆေးစမ်းသပ်ခံဖို့ လာတာလို့ ပြောလိုက်ရင် သူတို့က မင်းကို အကုန်စီစဉ်ပေးလိမ့်မယ်"
ကျန်းရွှမ်သည် စိတ်ပိုင်းဖြတ်ထားကြောင်း တွေ့လိုက်ရသဖြင့် ဝမ်ရှန်းသည် ဆက်လက်၍တားမြစ်မနေတော့ဘဲ ပေါ့ပေါ့ပါးပါးဖြင့် လမ်းညွှန်ပေးလိုက်၏။
ကျန်းရွှမ်က သူ ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်ရာ တံခါးငယ်လေးတစ်ချပ် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီး တစ်ဖက်လူနှင့် လမ်းခွဲလိုက်သည်။
သူတို့နှစ်ယောက် ထွက်ခွာသွားသည်နှင့် နောက်ထပ် အစေခံတစ်ဦး ရောက်လာပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးမြန်းသည်။
"အဲ့ဒီနှစ်ယောက်က လူသစ်တွေဖြစ်ပုံပဲ... မင်း သူတို့ကို ဘယ်သွားဖို့ အကြံပေးလိုက်တာလဲ"
"ဆေးစမ်းသပ်ဖို့..."
ဝမ်ရှန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
အစေခံသည် အံ့အားသင့်သွားပြီး မယုံနိုင်စွာဖြင့် ပြောဆိုလိုက်၏။
"ဆေးစမ်းသပ်ဖို့ ဟုတ်လား... အဲ့ဒါက ရာနှုန်းပြည့် သေမယ့်အလုပ်လေ... မင်း ဘာလို့ သူတို့ကို အဲ့ဒီနေရာဆီသွားဖို့ တွန်းပို့လိုက်တာလဲ"
ဝမ်ရှန်းက လှောင်ပြောင်လိုက်သည်။
"သူတို့က ကိုယ့်သဘောနဲ့ကိုယ် သေချင်နေတာလေ... စိတ်မပူပါနဲ့... ကိုယ့်ကိုယ်ကိုယ် တခြားလူတွေထက် ပိုပြီးသန်မာအားကောင်းတယ်လို့ ထင်နေတဲ့သူတွေ...သူတို့ရဲ့အသက်က ပိုရှည်မယ်လို့ ယုံကြည်နေတဲ့သူတွေ အမြဲတမ်း ရှိတတ်တယ်... နောက်ဆုံးကျတော့ သူတို့က ဘာမှန်းမသိဘဲ သေသွားကြတာပဲ"
အစေခံက ခေါင်းညိတ်ပြသည်။
"ဒါက အမှန်ပဲ...မြို့သားဖြစ်ပြီးမှ ဒီနေရာမှာ လာသေရတာ နှမြောဖို့တော့ကောင်းတယ်..."
ထိုစကားများကို ပြောဆိုပြီးသည်နှင့် သူတို့နှစ်ယောက်သည် ထိုကိစ္စများကို ဂရုမစိုက်တော့ဘဲ သူတို့၏ဝေဖန်သုံးသပ်မှုများကို နားထောင်မည့် တခြားသားကောင်များကို လိုက်ရှာနေကြသည်။
...
"ကံကြမ္မာချပ်ပြား ဆယ်ချပ်တည်းလေ...ဒါက ဈေးမကြီးပါဘူး... သူတို့ပြောတာကို မင်း နားထောင်ကြည့်သင့်တယ်... ဘာလို့ ငြင်းလိုက်တာလဲ"
ခုန်းရှီက မနေနိုင်တော့ဘဲ ကျန်းရွှမ်ကိုကြည့်ပြီး မေးမြန်းလိုက်၏။
သူ၏ရှေ့မှ လူသည် အလွန်ချမ်းသာခြင်း မရှိသော်လည်း ဆင်းရဲခြင်းလည်း မရှိချေ။ တခြားအရာများကို မဆိုးထားနှင့် ခေါင်းဆောင်စု လုယူသွားသော ကံကြမ္မာချပ်ပြားနှစ်ထောင်ကို ပြန်ရလာသည် မဟုတ်လော။ ထိုကြောင့် ကံကြမ္မာချပ်ပြားဆယ်ချပ်လောက် ထုတ်သုံးလိုက်သည်မှာ အသေးအမွှားသာ ဖြစ်ပေမည်။
"မင်း ပေးလိုက်လေ..."
ကျန်းရွှမ်သည် စကားမပြောနိုင် ဖြစ်သွားပေ၏။
သူသည် ခုန်းရှီကို ရှာတွေ့သဖြင့် အလှူရှင်ကို တွေ့ရှိသွားပြီဟု တွေးထင်ထားသော်လည်း ထိုလူ့ထံတွင် တစ်ပြားမှ မရှိဘဲ အရာအားလုံး သူ၏အိတ်ကပ်ထဲမှ စိုက်ထုတ်နေရသည်။
"အဟွတ်... ငါ့မှာ ပိုက်ဆံမရှိဘူး... ကျီးလန်တောင်ကြာ မှာ ကောင်းကင်ကံကြမ္မာစွမ်းအား တွေ အများကြီး ရှိပေမဲ့ ငါ့ရဲ့ကျင့်ကြံဆင့် တက်လှမ်းဖို့အတွက်တောင် မလုံလောက်ဘူး..."
ခုန်းရှီက ခေါင်းခါယမ်းလိုက်သည်။
"ပိုက်ဆံမရှိရင် ဘာမှ ဆက်မပြောနဲ့တော့"
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်၏။
"ဒါ့ပြင်... ဒီလူတွေက ပိုက်ဆံယူပြီးရင် အလုပ်လုပ်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား... သူတို့က အလုပ်တိုင်းကို အရမ်းအန္တရာယ်များတယ်လို့ ပြောပြီးတော့ သူတို့အတွက် အကျိုးရှိမယ့် အလုပ်တစ်ခုခုကို လုပ်ခိုင်းမှာပဲ... တကယ်တမ်းကျ အဲ့ဒါက ဘယ်လောက်ထိ အန္တရာယ်များလဲဆိုတာ ငါတို့ မသိနိုင်ဘူး..."
ဤအစေခံများသည် အမှန်အားဖြင့် မည်သည့်အရာအား ကြံစည်နေသည်ကို သူ နားလည်သဘောပေါက်သည်။
သူတို့သည် အပေါ်ယံမှာ ပိုက်ဆံယူထားပြီး လက်တွေ့တွင်မူ တစ်စုံတစ်ယောက်ကို ထွက်ပြေး၍မရသော ပင်ပန်းဆင်းရဲသည့် အလုပ်များဆီ ရောင်းစားပစ်နိုင်ပြီး သူတို့သည် ထိုကိစ္စမှတဆင့် ပိုက်ဆံထပ်ရနိုင်ပေ၏။
သူ ဤကိစ္စကို နားလည်သဘောပေါက်ထားပြီး ဖြစ်သောကြောင့် မည်သည်ကြောင့် ပိုက်ဆံပေးရမည်နည်း။
"အဓိပ္ပါယ် ရှိသားပဲ..."
သူ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ခုန်းရှီက အချိန်တခဏမျှ တွေဝေသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ငါတို့က တကယ်ကြီး ဆေးစမ်းသပ်ခံမှာလား... ဒါက စိတ်ချရတယ်ဆိုတာ သေချာလို့လား"
"ဒါက အန္တရာယ်အများဆုံးပဲ... သေဖို့ ရာနှုန်းပြည့်နီးပါးပဲ"
ကျန်းရွှမ်က ပြောဆိုသည်။
"ရာနှုန်းပြည့်... သေမယ် ဟုတ်လား"
ခုန်းရှီ ထိတ်လန့်သွားသည်။
ဤတစ်ကြိမ်တွင် သူ အမှန်တကယ်ကို ဇဝေဇဝါဖြစ်သွားပေ၏။
လူများသည် စိန်ခေါ်မှုအတွက် ခက်ခဲသော အလုပ်များကို ရွေးချယ်သည်အား သူ ကြားဖူးသော်လည်း ရာနှုန်းပြည့်သေမည့်လမ်းကို ရွေးချယ်သည်ကိုမူ သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။
"အမှန်ပဲ... ဆေးစမ်းသပ်တာနဲ့ ပတ်သက်ရင် ဆေးရဲအဆိပ်အတောက်ကို အသိဆုံးက ဆေးဖော်စပ်တဲ့လူပဲ... တကယ်လို့ သူတို့က မင်းကို ရမှတ်မပေးချင်ရင် နောက်ဆုံးအကြိမ်မှာ အဆိပ်ခန်းမက ပစ္စည်းတွေနဲ့ အစားထိုးလိုက်ရုံပဲ... ဒါကိုစားလိုက်ရင် သေချာပေါက် သေမယ်... ဒါပေမဲ့ မင်းက စားမှသာ ဆုလာဘ်ရနိုင်လိမ့်မယ်... မင်း မစားရင် အသက်ရှင်နိုင်ပေမယ့် သူတို့က မင်းကို ဗြောင်ကျကျ လိမ်လို့ရသွားပြီ... သူတို့အားလုံးက ပေါ်ပေါ်ထင်ထင် ကစားနေကြတာပဲ"
ကျန်းရွှမ်က ပြုံးလိုက်သည်။
ဤကိစ္စကို သူကိုယ်တိုင် မကြုံဖူးသော်လည်း ပါမောက္ခကုန်းမြေ မှ ဖြတ်သန်းလာစဉ်မှစ၍ လှည့်ကွက်ပေါင်းစုံကို မြင်တွေ့ခဲ့ရသည်။
ဆေးစမ်းသပ်ခြင်းဆိုသည်မှာ အမှန်အားဖြင့် လုပ်အားကို အလကား ခေါင်းပုံဖြတ်ယူသော အကောင်းဆုံး ဥပမာတစ်ခုပင်။
"အဲ့လိုဆိုတော့လည်း မဆိုးပါဘူး..."
ခုန်းရှီက ခေါင်းညိတ်လိုက်သည်။
သမိုင်းတလျှောက်တွင် ကမ္ဘာခြားမိစ္ဆာများနှင့် တိုက်ခိုက်ခဲ့ဖူးသူဖြစ်သဖြင့် ဤလှည့်ကွက်များနှင့် သစ္စာဖောက်မှုများကို သူ ကောင်းစွာသိရှိထားသည်။ အစောပိုင်းက သူသည် မစဉ်းစားခဲ့မိရုံသာ ရှိပေ၏။ ကျန်းရွှမ် ပြောဆိုလိုက်သည်နှင့် သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။
"ဆေးဆိုတာ တခြားလူတွေကို အဆိပ်သင့်စေနိုင်ပေမယ့် ငါတို့ကို အဆိပ်သင့်စေဖို့က မလွယ်ဘူး... အဲ့ဒါဆိုရင် ရမှတ်နည်းနည်းရအောင် ငါတို့ ဘာလို့ မသွားဘဲနေရမှာလဲ"
ကျန်းရွှမ်က ပြောဆိုသည်။
"အင်း...."
ခုန်းရှီက ခေါင်းညိတ်လိုက်သည်။
ကမ္ဘာတစ်ခု၏အရှင်သခင်များ ဖြစ်ကြသဖြင့် အဆိပ်ဆိုသည့် အရာများသည် သူတို့အပေါ်သို့ သက်ရောက်မှု မရှိချေ။ သူတို့သည် ထိုအဆိပ်များကို ချေဖျက်နိုင်လျှင် သူတို့၏ကျင့်ကြံဆင့်များကို လျင်မြန်စွာ မြင့်တက်လာစေရန် အားဖြည့်ဆေးသဖွယ်ပင် ဖြစ်လာနိုင်သည်။
ဤကဲ့သို့ကြည့်မည်ဆိုလျှင် ဆေးစမ်းသပ်ခံခြင်းသည် သူတို့အတွက် အန္တရာယ်မရှိရုံသာမက အကျိုးအမြတ်များစွာ ရရှိနိုင်သော အခွင့်အရေးတစ်ခုပင်။
"သွားကြစို့... ခေါင်းဆောင်စုနဲ့ တိုက်ပွဲတုန်းက အရင်းအမြစ်တွေ တော်တော်များများ ကုန်သွားတယ်... ငါ့ရဲ့ကမ္ဘာသစ်ထဲက တောင်တွေ မြစ်တွေ တချို့တဝက်လောက် လောင်ကျွမ်းသွားတယ်... ဆေးဖက်ဝင်ပစ္စည်းတချို့နဲ့ ပြန်ဖြည့်တင်းဖို့ လိုနေတယ်..."
ခုန်းရှီ နားလည်သဘောပေါက်သွားသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က အပြုံးနှင့် ဆက်လက်၍ လျှောက်လှမ်းသွားလိုက်၏။
အချိန်တခဏအကြာတွင် သူတို့နှစ်ယောက်သည် တံခါးငယ်လေး၏ရှေ့သို့ ရောက်ရှိလာပြီး တွန်းဖွင့်ကာ ဝင်လိုက်ကြသည်။
ဤနေရာတွင် တင်းကျပ်စွာ ပိတ်ထားသော အခန်းအမြောက်အများရှိသည်။ ကျန်းရွှမ်နှင့် ခုန်းရှီတို့သည် စင်္ကြန်လမ်းအဆုံးထိ လျှောက်သွားရာ အနီရောင်တံခါးတစ်ချပ် ထွက်ပေါ်လာသည်။ သူတို့သည် ညင်သာစွာ တံခါးခေါက်ပြီး ဖြည်းညှင်းစွာတွန်းဖွင့်ကာ ဝင်လိုက်ကြသည်။
ဤသည်မှာ စတုရန်းမီတာရာပေါင်းများစွာ ကျယ်ဝန်းသော အခန်းကြီးတစ်ခန်းဖြစ်ပြီး အလယ်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်။ သူ၏ရှေ့တွင် ရာနှင့်ချီသော ဆေးပုလင်းများဖြင့် ပြည့်နှက်နေပေ၏။
သူ၏နောက်ရှိ ကြမ်းပြင်ပေါ်တွင် လူ ခုနစ်ယောက် ရှစ်ယောက်ခန့် မလှုပ်မယှက် လဲလျောင်းနေကြသည်။ သူတို့၏ပါးစပ်မှ အမြှုပ်များ အဆက်မပြတ်ထွက်ပေါ်နေပြီး အသက်ရှူသံကို မကြားရတော့ချေ။
လူလတ်ပိုင်းကြီးသည် အခက်တွေ့နေသည့်ဟန်ဖြင့် သူ၏မျက်ခုံးများကို ပွတ်သပ်နေစဉ်တွင် သူတို့နှစ်ယောက်ကို သတိပြုမိသွားပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။
"မင်းတို့က ဆေးစမ်းသပ်ခံဖို့ လာကြတာလား"
အခန်း ၃၉၁ : ဒီလူအိုကြီးက တော်တော်ဆိုးတာပဲ
"ဟုတ်ပါတယ်..."
ကျန်းရွှမ်သည် ကြမ်းပြင်ပေါ်မှ အလောင်းများကို မမြင်သသည့်အလား ဂရုမစိုက်သောအမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။
လူလတ်ပိုင်းကြီးက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"မင်းတို့က ရွေးချယ်မှုကောင်းကို လုပ်ခဲ့တာပဲ... ဆေးစမ်းသပ်ခံတာက အကျိုးပြုရမှတ်တွေကိုဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းပဲ... ဒါက စာချုပ်ပါ... ဒါကို ဖတ်ကြည့်လိုက်... ဘာပြဿနာမှမရှိဘူးထင်ရင် မင်းတို့ လက်မှတ်ထိုးလိုက်တော့..."
ထိုသို့ပြောဆိုပြီးသည်နှင့် သူသည် စာချုပ်နှစ်စောင်ကို လက်ကမ်းပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ထို့နောက် လက်အောက်ငယ်သားတချို့ ဝင်ရောက်လာပြီး ကြမ်းပြင်ပေါ်မှ အလောင်း ခုနစ်လောင်းရှစ်လောင်းကို ဆွဲထုတ်သွားကြသည်။
"သူတို့က..."
...
ကျန်းရွှမ် နားမလည်ဟန် ပြလိုက်သည်။
လူလတ်ပိုင်းအမျိုးသား ဖော်ရွေစွာ ပြုံးလိုက်သည်။
"အော်... သူတို့က ဆေးစမ်းသပ်ခံသူတွေပါ... စိတ်မပူပါနဲ့... သူတို့က ဓာတ်မတည့်မှုလေးတချို့ ဖြစ်သွားရုံပါ... ဒါကြောင့် သူတို့ကို ကုသဖို့ ခေါ်သွားတာပဲ... မကြာခင် သူတို့ ပြန်သက်သာလာမှာပါ... ငါတို့ရဲ့ စီမံကိန်းက ခြုံငုံကြည့်မယ်ဆိုရင် အရမ်းဘေးကင်းလုံခြုံတယ်... ပုံမှန်အရဆိုရင် လူတိုင်းက ပြုံးပြုံးလေး ဝင်လာပြီးတော့ ပြုံးပြုံးလေး ပြန်ထွက်သွားကြတာချည်းပဲ"
ပြုံးပြုံးလေး ထွက်သွားကြတာပေါ့လေ... ဟမ့်....
ကျန်းရွှမ်က သူ၏စိတ်ထဲမှ လှောင်ပြောင်သရော်လိုက်သည်။ သို့ရာတွင် သူ၏မျက်နှာအမူအယာသည် များစွာပြောင်းလဲခြင်းမရှိဘဲ သူ၏လက်ထဲမှ စာချုပ်ကို ငုံ့ကြည့်လိုက်သည်။
စာချုပ်ပေါ်ရှိ စည်းကမ်းချက်များသည် အပြင်တွင် ရေးသားထားသည်နှင့် တူညီပေ၏။ ဆေး ဆယ်မျိုးစမ်းသပ်ခံလျှင် အကျိုးဆောင်ရမှတ် တစ်မှတ် ရရှိပေမည်။
စမ်းသပ်ခံသော ဆေးတစ်မျိုးစီအတွက် ခန္ဓာကိုယ်အတွင်းရှိ တုံ့ပြုမှုများနှင့်ရလဒ်များကို အသေးစိတ် မှတ်တမ်းတင်ရပေမည်။ အနှစ်ချုပ်အနေဖြင့် ဤသည်မှာ လူသားများ၏အသက်ကို အသုံးပြုပြီး ဆေးစွမ်းအာနိသင်နှင့်ဘေးထွက်ဆိုးကျိုးများကို စစ်ဆေးခြင်းပင်။
"အကျိုးဆောင်ရမှတ်က တကယ်ရမှာလား... လိမ်တာတော့ မဟုတ်ဘူးမလား"
စာချုပ်ပါအချက်များကို ဖတ်ပြီးနောက် ပြဿနာ သို့မဟုတ် လှည့်ကွက်များ မတွေ့ရသဖြင့် ကျန်းရွှမ်က စိုးရိမ်ပူပန်တကြီးဖြင့် မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ရှက်ရွံ့မှု အနေခက်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သူ၏ပုံပန်းသွင်ပြင်ကို ကြည့်ရုံဖြင့် သူသည် မည်သည့်အရာကိုမျှ နားမလည်သော လူသစ်တစ်ယောက်ကြောင်း သိသာထင်ရှားသည်။
ဤကဲ့သို့ လူစားမျိုးကို လိမ်ရန်အလွယ်ကူဆုံးဟု တခြားလူများမှ ယုံကြည်ချက်အရှိဆုံးဖြစ်သည်။
"ဒါပေါ့... ငါတို့ရဲ့ဆေးလုံးတွေကို ဖော်စပ်တဲ့ ဆေးပညာရှင်တွေက ထျန်းလီအင်ပါယာရဲ့ အဆင့်နှစ်မြို့သားတွေလေ... သူတို့မှာ အကျိုးပြုရမှတ်တွေ အများကြီး ရှိတယ်... ငါတို့က မင်းတို့ကို ဆေးစမ်းသပ်ခိုင်းမှတော့ ပေးချေဖို့အတွက် လုံလောက်တဲ့ အကျိုးပြုရမှတ်တွေ ရှိတာပေါ့..."
သူ၏ရိုးအသော အမူအယာကို မြင်တွေ့ချိန်၌ လူလတ်ပိုင်းကြီး၏မျက်လုံးများတွင် အထင်သေးမှု အရိပ်အယောင်များ ထင်ဟပ်လာကာ ကလေးတစ်ယောက်ကို ချော့မြှူသည့်အလား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သက်သေခံတံဆိပ်ပြားတစ်ခုက သူ၏လက်ထဲတွင် ထွက်ပေါ်လာပေ၏။ သူသည် ထိုတံဆိပ်ပြားကို အသာအယာ ပွတ်ဆွဲပြီး ကိန်းဂဏန်းများကို တစ်ဖက်လူ မြင်သာအောင် ပြသလိုက်သည်။
"ငါ့မှာ အကျိုးပြုရမှတ် ၃၄၀ ရှိတယ်...ဒါကအဆင့်သုံးမြို့သားတွေထဲမှာ တော်တော်များတဲ့ ပမာဏပဲ... စိတ်ချပါ... မင်းတို့ စမ်းသပ်ချင်စိတ် ရှိသရွေ့ မင်းတို့ လိုချင်သလောက် အကျိုးပြုရမှတ်တွေကို ရနိုင်တယ်..."
လူလတ်ပိုင်းကြီးက မြှူဆွယ်သောလေသံဖြင့် ရှင်းပြသည်။
ဟာသပဲ... ဒီလို ရိုးအတဲ့ကောင်ကို လိမ်ရတာက ကလေးတစ်ယောက်ဆီကနေ သကြားလုံး လုရသလိုပဲ...
"အင်း... အင်း..."
တံဆိပ်ပြားပေါ်မှ ဂဏန်းများသည် အမှန်တကယ်ကို ၃၄၀ဖြစ်ကြောင်း မြင်လိုက်ရချိန်၌ ကျန်းရွှမ်နှင့်ခုန်းရှီတို့၏ မျက်နှာများပေါ်တွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာပြီး သူတို့၏မျက်လုံးများ တောက်ပသွားသည်။
"ကဲ... လက်မှတ်ထိုးလိုက်တော့"
သူတို့ ငါးစာမိသွားသည်ကို မြင်တွေ့ချိန်၌ လူလတ်ပိုင်းကြီးသည် ပို၍ပင် အထင်သေးသွားပြီး အလျင်အမြန်လုပ်ရန် တိုက်တွန်းလိုက်၏။
"ကောင်းပါပြီ"
ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်သည်။ သူ စာချုပ်ပေါ်သို့ သွေးစက်ချရန် ဟန်ပြင်ပြီးနောက် ရပ်တန့်လိုက်ပြီး သူ၏မျက်လုံးများတွင် အပြစ်ကင်းစင်မှုများ တုံးအမှုများဖြင့် ပြည့်နှက်နေသည်။
"ငါတို့က သဘောတူညီချက်အတိုင်း ဆေးတွေသောက်သရွေ့... မင်းက ကတိအတိုင်း အကျိုးပြုရမှတ်တွေပေးမယ်ဆိုတာကို မင်းက ကောင်းကင်ကံကြမ္မာကို တိုင်တည်ပြီး ကျိန်ဆိုပေးနိုင်မလား"
"ဒါပေါ့"
လူငယ်လေးသည် အလွန်သတိထားနေသည်ကို မြင်တွေ့ရသဖြင့် လူလတ်ပိုင်းကြီးသည် သူ၏စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသော်လည်း အပေါ်ယံတွင်မူ အပြုံးနှင့်ခေါင်းညိတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူသည် သူ၏လက်တစ်ဖက်ကိုမြှောက်ပြီး ကျိန်ဆိုလိုက်၏။
"ငါ ပိုင်ကျိုးဝမ်က ကောင်းကင်ကံကြမ္မာကို တိုင်တည်ပြီးတော့ ကျိန်ဆိုပါတယ်... တကယ်လို့ သူတို့က သဘောတူညီချက်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ပြီးတာတောင် ငါက အကျိုးပြုရမှတ်ကို မပေးချေဘူးဆိုရင် ငါရဲ့ကောင်းကင်ကံကြမ္မာ ပျက်စီးသွားပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ် ပျက်သုဉ်းသွားပါစေ"
ထိုအချိန်ကျမှသာ ကျန်းရွှမ်သည် သက်ပြင်းချလိုက်ပြီး စာချုပ်ပေါ်သို့ သူ၏သွေးတစ်စက်ကို ချလိုက်သည်။ ခုန်းရှီကလည်း ထပ်တူထပ်မျှ လုပ်ဆောင်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူတို့နှစ်ဦး၏ကံကြမ္မာများသည် သူတို့၏ရှေ့မှ စာချုပ်များနှင့် ချိတ်ဆက်သွားပြီး တိကျသော စည်းမျဉ်းများ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ဤစည်းမျဉ်းများသည် ကောင်းကင်ကံကြမ္မာမှ လာခြင်းဖြစ်ပြီး ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာ ဖြစ်သော်လည်း ထိုအရာ၏စွမ်းအားသည် ပထမတန်းစားထက် လျော့နည်းခြင်းမရှိချေ။ ထိုကံကြမ္မာသည် စာချုပ်များနှင့်စည်းမျဉ်းများ ရှိနေသရွေ့ စွမ်းအင်မြစ်ကို ချဲ့ထွင်နိုင်ပြီး ကံကြမ္မာပိုင်ဆိုင်သူ၏စွမ်းအားကို တိုးမြှင့်နိုင်သည်။
ကျန်းရွှမ် ခုန်းရှီနှင့် လူလတ်ပိုင်းကြီးတို့ စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းသည် ကောင်းကင်ကံကြမ္မာ စည်းမျဉ်းများနှင့် ချိတ်ဆက်လိုက်ခြင်းပင်။ အကယ်၍ ဤစည်းမျဥ်းများကို ချိုးဖောက်ပါက ပြစ်ဒဏ်ကျခံရပေမည်။
"ဒါက မီးတောက်နီဆေးလုံးပဲ... ဒါကိုသောက်ပြီးရင် မင်းတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းနေသလိုမျိုး ခံစားရလိမ့်မယ်...မင်းတို့က လက်ဖက်ရည်တစ်ခွက်သောက်ချိန်လောက် တောင့်ခံနိုင်ရင် အောင်မြင်တယ်လို့ သတ်မှတ်မယ်"
ပိုင်ကျိုးဝမ်က ကျောက်စိမ်းပုလင်းတစ်လုံးကိုဖွင့်ကာ အနီရောင်ဆေးလုံးနှစ်လုံးကို ထုတ်ယူပြီး သူတို့ထံသို့ လက်ကမ်းပေးလိုက်၏။
"ဒီဆေးကိုသောက်ပြီးရင် မင်းတို့ ခံစားရတာတွေကို စာရွက်ပေါ်မှာ ချရေးပေးပါ..."
ကျန်းရွှမ်က ဆေးလုံးကို ယူလိုက်ပြီး သူ၏လက်ချောင်းများကြားတွင် ညှပ်ထားလိုက်ရာ သူ၏စိတ်ထဲရှိ ကောင်းကင်ဘုံစာကြည့်တိုက် ညင်သာစွာ တုန်ခါသွားပြီး စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
"မီးတောက်နီဆေးလုံး... တောင်ပိုင်းအရိုင်းမီးအနှစ်သာရနှင့်ရေအေးတို့ကို ပေါင်းစပ်ပြီး ဖော်စပ်ထားသည်... ယန်စွမ်းအင်ပါဝင်ပြီး တူညီသောစွမ်းအင်ရှိသည့် ကျင့်ကြံသူများကို လျင်မြန်စွာ အဆင့်တက်စေနိုင်သည်... ဤသည်မှာ တဝက်တပျက်ပြီးစီးထားသော ဆေးလုံးဖြစ်ပြီး အောင်မြင်စွာ ဖော်စပ်ထားခြင်း မရှိသေးချေ... အားနည်းချက်တစ်...အနီရောင်အာရုဏ်ဦးမြက်ပင်နှင့် ပေါင်းစပ်မှု မလုံလောက်ခြင်း..."
"အားနည်းချက်နှစ်..အပူချိန် ထိန်းချုပ်မှု အားနည်းသောကြောင့် မီးအပူချိန် အနည်းငယ် နိမ့်ကျနေခြင်း..."
"အားနည်းချက်သုံး....ဆေးနည်းတွင် ချို့ယွင်းချက်ရှိပြီး ယန်စွမ်းအင် လွန်ကဲနေခြင်း... ဆေးလုံးကို သောက်သုံးပြီးနောက် ခုခံနိုင်စွမ်း မရှိပါက မရီဒါန်းများအတွင်းမှ စွမ်းအားများ ပြောင်းပြန်စီးဆင်းသွားနိုင်သည်..."
တဝက်တပျက်ဆေးလုံး ဖြစ်နေသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ ဤဆေးလုံးတွင် ချို့ယွင်းချက်များ ရာနှင့်ချီ၍ ရှိနေပေ၏။
ဆေးညွှန်း၌ ဟာကွက်များဖြင့် ပြည့်နေရုံသာမက ဆေးဖော်စပ်သည့် နည်းစနစ်တွင်းလည်း အမှားများစွာ ရှိနေသည်။
ဤအမှားများကို ထည့်သွင်းစဉ်းစားပြီးနောက်ကျန်းရွှမ်သည် ဆေးလုံးကို သောက်သုံးပြီးနောက် ဖြစ်ပေါ်လာမည့် ခံစားချက်ကို ပေါ့ပေါ့ပါးပါး ခန့်မှန်းကာကို ထိုအရာကို သူ၏လည်ချောင်းထဲသို့ ပစ်ထည့်လိုက်သည်။
ဆေးလုံးသည် သူ၏လည်ချောင်းထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် ကမ္ဘာသစ်ထဲသို့ ရောက်ရှိသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သန့်စင်သော ရင်းမြစ်စွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။ ထိုစွမ်းအားများသည် ကမ္ဘာသစ်၏လေဟာနယ်အတွင်းတွင် ပျံ့နှံ့သွားပြီး သူ၏ယခင်တိုက်ပွဲများတွင် ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်၍ ဖြည့်တင်းပေးလေ၏။
အဆင့်တစ်ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ရန် ပါဝင်ပစ္စည်းများနှင့်နည်းစနစ်များ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အဖိုးတန်ရှားပါးသော ပစ္စည်းအမြောက်အများကို ပြင်ဆင်ထားရမည်ဖြစ်သဖြင့် အလွန်တန်ဖိုးကြီးမားသည်။
ယခုအချိန်တွင် ထိုဆေးစွမ်းအားများသည် သန့်စင်သောစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသဖြင့် သာမာန်စွမ်းအားစုပ်ယူခြင်းထက် များစွာပို၍မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ခေါင်းဆောင်စုနှင့် တိုက်ခိုက်စဉ်က ကုန်ဆုံးသွားသော စွမ်းအင်များကို အပြည့်အဝပြန်လည်ရရှိသွားခဲ့ပြီး ပိုလျှံမှုများပင် ရှိနေသည်။
"ငါ့ရဲ့ရွေးချယ်မှု မှန်ကန်ခဲ့တာပဲ..."
ကျန်းရွှမ်၏ မျက်လုံးများ တောက်ပလာသည်။
ကမ္ဘာတစ်ခု၏အရှင်သခင်အနေဖြင့် သူသည် မည်သည့်အရာကိုမဆို ချေဖျက်နိုင်သည်။ ဤဆေးလုံးများတွင် အဆိပ်ရှိရှိမရှိရှိ သူ့အတွက် အကျိုးရှိစေလိမ့်မည်ဟု သူ ခန့်မှန်းခဲ့သော်လည်း ဤမျှထိ အကျိုးကျေးဇူး ကြီးမားလိမ့်မည်ဟု သူ အနည်းငယ်မျှပင် ထင်မှတ်မထားခဲ့ချေ။
ဆေးတစ်လုံးသည် အဖိုးတန်ဆေးပင်ဆယ်ပင်ကျော်နှင့် ညီမျှသည်။ ထိုဆေးလုံးများ၍ ပို၍ဝါးမျိုနိုင်လျှင် သူ၏စွမ်းအားတိုးတက်မှု ပို၍ကြီးမားလာမည် မဟုတ်လော။
ကျန်းရွှမ်က ခုန်းရှီဘက်သို့ ခိုးကြည့်လိုက်ရာ သူသည်လည်း အရသာရှိသော အစားအစာကို စားသုံးလိုက်ရသကဲ့သို့ အလွန်အမင်း သဘောကျနှစ်သက်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ဘယ်လိုနေလဲ"
သူက လေသံတိုးတိုးဖြင့် မေးမြန်းလိုက်၏။
"ပါဝင်ပစ္စည်းတွေက ကောင်းတယ်... ဒါပေမဲ့ ငါတို့ အဆင်ပြေနေတာကို သူ့ကို အသိခံလို့ မဖြစ်ဘူး... မဟုတ်ရင် သူက နောက်ထပ်ဆေးတစ်လုံး ထပ်မပေးမှာကို စိုးရိမ်ရတယ်..."
ခုန်းရှီက ပြောဆိုသည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
"ငါ ခုနက ဒီဆေးလုံးရဲ့ချို့ယွင်းချက်တွေကို ကြည့်ပြီးပြီ... ဒါကို သောက်ပြီးရင် ယန်စွမ်းအင် မညီမျှတာကြောင့် ပူလောင်တဲ့ ခံစားချက် ဖြစ်ပေါ်လာလိမ့်မယ်... အဲ့ဒါက သူ့ကို လှည့်စားဖို့အတွက် လုံလောက်နိုင်တယ်... ခဏနေကျရင် ငါ အဲ့ဒီလို ဟန်ဆောင်လိုက်မယ်... မင်းကတော့..."
ကျန်းရွှမ်၏စကား မဆုံးမီမှာပင် ခုန်းရှီ သည် ရုတ်တရက် သူ၏ဗိုက်ကိုနှိပ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး လူးလိမ့်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်အပူချိန်သည် လျင်မြန်စွာ မြင့်တက်လာပြီး မီးလောင်ကျွမ်းခံနေရသည့်အလားပင်။
"အား... ပူလိုက်တာ... နာတယ်..."
"....."
ကျန်းရွှမ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပေ၏။
အဲ့ဒါက ငါပြောမယ့် စကားတွေလေ...
ဒီလူက ကြည့်ရတာ အရမ်းတည်ငြိမ်ပြီးတော့ ဂုဏ်သိက္ခာရှိမယ့်ပုံ ပေါက်ပေမယ့် သူ့အကြောင်းကို တကယ်သိသွားရင်တော့... ဒီလူအိုကြီးက တော်တော်ဆိုးတာပဲ...
သူသည် စိတ်ပျက်လက်ပျက်ဖြင့် တစ်ဖက်လူ သံသယမဝင်အောင် မည်ကဲ့သို့ ဟန်ဆောင်ရမည်ကို ကြည့်ရန် စာအုပ်ကို အလျင်အမြန်ဖွင့်လိုက်သည်။ ထိုအချိန်မှာပင် ပိုင်ကျိုးဝမ်က သူ့အား စူးစူးဝါးဝါး စိုက်ကြည့်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"သူက ဒီလိုဖြစ်နေပြီ... မင်းကရော..."
"အမ်..."
ကျန်းရွှမ်သည် သူ့ထံ၌ အစီအစဥ်ကောင်း မရှိသေးဘဲ မေးခွန်းထုတ်ခံလိုက်ရသဖြင့် သူ ကြက်သေသေသွားသည်။ သူသည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ပိုင်ကျိုးဝမ်ကို ကြည့်လိုက်၏။
"အင်း... ခုဏက အဲ့ဒီဆေးလုံးကို သောက်တုန်းက အလျင်လိုနေလို့ အရသာ မခံလိုက်ရဘူး... နောက်တစ်လုံး ထပ်သောက်လို့ ရမလား..."
"..."
ပိုင်ကျိုးဝမ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပြီး သူ နေရာမှာပင် မတ်တတ်ရပ်ကာ ကြက်သေသေနေတော့သည်။