အခန်း (၃၉၂-၃၉၃)
Vol. 33 Ch. 392-393
အခန်း ၃၉၂ :လုယက်ခြင်း
ဤဆေးလုံးအား ယခင်က လူပေါင်းများစွာအပေါ်တွင် စမ်းသပ်ခဲ့ပြီးဖြစ်ရာ ပိုင်ကျိုးဝမ် သည် ဆေး၏အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများကို အတိအကျနီးပါး သိရှိထားပြီးဖြစ်သည်။
သာမန်အသိအမြင်အရဆိုလျှင် တစ်စုံတစ်ယောက်သည် ထိုဆေးလုံးကို သောက်သုံးပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များဖြင့် လောင်ကျွမ်းနေသကဲ့သို့ ခံစားရပေမည်။ ထို့ပြင် သူ၏ဝမ်းဗိုက်ထဲမှ နာကျင်မှုသည်လည်း အချိန်တခဏအတွင်းတွင် ပျောက်ကင်းသွားမည် မဟုတ်ချေ။ ခုန်းရှီမင်သည် မြေပြင်ပေါ်တွင် လူးလိမ့်နေရသည်မှာ သူ မျှော်လင့်ထားသည့်အတိုင်းဖြစ်ပေ၏။
သို့ရာတွင် သူ၏ရှေ့မှ ဤလူငယ်ကမူ မည်သည့်အရာကိုမျှ မခံစားရသည့်အပြင် အရသာမရှိကြောင်းပင် ညည်းတွားနေသည်။
'ဘာလဲ....မင်းက ဒီတစ်ဝက်တစ်ပျက်ဆေးလုံးထဲမှာ ဒူးရင်းသီး ဒါမှမဟုတ် နာနတ်သီးအရသာ ပါမယ်လို့ ထင်နေတာလား'
'ဒီကောင်က ဆေးဒဏ်ခံနိုင်ရည် မြင့်မားနေတာများလား'
ပိုင်ကျိုးဝမ်က တွေးတောလိုက်မိသည်။
ကျင့်ကြံသူများ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ကွဲပြားခြားနားပေ၏။ တချို့လူများသည် သဘာဝအလျောက် ဆေးဒဏ်ကို ခံနိုင်ရည်ရှိကြသည်။ တခြားလူများအတွက် မခံမရပ်နိုင်လောက်အောင် ပြင်းထန်သော ဆေးအာနိသင်သည် သူတို့အတွက် မည်သည့် နာကျင်မှုကိုမျှ မဖြစ်ပေါ်စေချေ။ ဖြစ်နိုင်သည်မှာ ဤလူသည် ထိုကဲ့သို့လူစားမျိုး ဖြစ်ပေလိမ့်မည်။
...
"ဒါက နောက်ဆုံးတစ်လုံးပဲ....ဒါကို သောက်ပြီးရင် မင်းရဲ့ အတွေ့အကြုံတွေကို ချရေးလိုက်..."
အချိန်တခဏကြာမျှ တွန့်ဆုတ်နေပြီးနောက် သူသည် ကျောက်စိမ်းပုလင်း၏အဖုံးကိုဖွင့်ကာ နောက်ဆုံးဆေးလုံးကို ထုတ်ပေးလိုက်သည်။
ကျန်းရွှမ်သည် ဆေးလုံးကို ထပ်မံ၍ မျိုချလိုက်၏။ ယခုတစ်ကြိမ်တွင် သူသည် ထိုဆေးလုံးအား ကမ္ဘာသစ်ထဲသို့ ထည့်သွင်းခြင်းမပြုဘဲ ရွှမ်ကမ္ဘာထဲတွင် ထားရှိလိုက်သည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ပြင်းထန်သော ဆေးစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ပြည့်နှက်သွားပြီး သူ၏အရှိန်အဝါသည်လည်း မီးကဲ့သို့ ပူပြင်းလာသည်။
ထို့နောက် ကျန်းရွှမ်၏ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
"အရမ်းပူတာပဲ... နေရခက်လိုက်တာ.."
နောက်ဆုံးတွင် ပိုင်ကျိုးဝမ် သက်ပြင်းချနိုင်သွားသည်။
ဤကောင်လေးသည် ဆေးဒဏ်ခံနိုင်ရည် ရှိသည်မှာ အမှန်ဖြစ်သော်လည်း လွန်လွန်ကျူးကျူးမဟုတ်ချေ။ သူသည် ဆေးနှစ်လုံးသောက်ပြီးသည်နှင့် လဲကျသွားပေ၏။
လက်ဖက်ရည်တစ်ခွက်စာအချိန်ခန့် ကုန်လွန်ပြီးနောက် ကျန်းရွှမ်သည် ပြန်လည်၍ မတ်တတ်ထရပ်လိုက်ပြီး စားပွဲဆီသို့သွားကာ သူ ခံစားခဲ့ရသော အတွေ့အကြုံများကို ချရေးလိုက်သည်။
ကျန်းရွှမ် မတ်တတ်ထရပ်သည်ကို မြင်တွေ့ချိန်၌ ခုန်းရှီသည်လည်း အနီးသို့ လျှောက်လှမ်းလာပြီး အလျင်အမြန် ရေးသားလေသည်။
"ဒါပဲလား... တခြား ထူးဆန်းတဲ့ လက္ခဏာတွေ မရှိဘူးလား"
သူတို့နှစ်ဦးလုံးသည် နဂါးများနှင့် ကျားများကဲ့သို့ တက်ကြွလန်းဆန်းနေပြီး သူတို့၏မျက်နှာအသွေးအရောင်သည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ပိုင်ကျိုးဝမ်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားပေ၏။
"လက်ဖက်ရည်တစ်ခွက်သောက်စာအချိန်ကို တောင့်ခံနိုင်ရင် စမ်းသပ်မှု အောင်မြင်တယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား"
ကျန်းရွှမ်က မေးမြန်းလိုက်သည်။
ပိုင်ကျိုးဝမ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
လက်ဖက်ရည်တစ်ခွက်သောက်စာအချိန်ဟု သူပြောခဲ့သည်က အမှန်ဖြစ်သော်လည်း သူ ဆိုလိုချင်ခဲ့သည်မှာ... 'အဲ့ဒီလောက်ကြာကြာ တောင့်ခံနိုင်တဲ့လူ ရှားတယ်....တချို့ဆိုရင် တောင့်မခံနိုင်လို့ စောစောစီးစီး သေသွားကြတာ...မင်းတို့က ဆေးနှစ်လုံးတောင် သောက်ပြီးတော့ တောင့်ခံနိုင်ရုံတင်မကဘူး ဘာပြဿနာမှ မရှိတာက တကယ်ရော ဟုတ်ရဲ့လား'
"အောင်မြင်တယ်လို့ သတ်မှတ်လို့ရပါတယ်..."
အချိန်တခဏကြာခန့် အကြပ်ရိုက်နေပြီးနောက် ပိုင်ကျိုးဝမ်က ပြောဆိုလိုက်သည်။
သူသည် သူ၏ရှေ့မှ လူနှစ်ယောက်ကို ပြန်ကြည့်လိုက်ရာ တစ်ယောက်သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင်ရှိပြီး နောက်တစ်ယောက်ကမူ ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်၌ ရှိနေသည်။ ထိုလူနှစ်ယောက်လုံးသည် များစွာအစွမ်းထက်ခြင်း မရှိချေ။
သဘောတရားအရဆိုလျှင် သူတို့သည် ဆေးဒဏ်ကို လျစ်လျူရှုနိုင်စွမ်း မရှိသင့်ပေ။ ဖြစ်နိုင်သည်မှာ သူတို့သည် ကံအလွန်ကောင်းနေပြီး ဤဆေးလုံးမျိုးနှင့် အထူးသင့်တော်နေခြင်းသာ ဖြစ်ပေမည်။
"ဒါဆို... ခုဏက ငါက ဆေးနှစ်လုံးသောက်လိုက်တာဆိုတော့ စမ်းသပ်မှုကို နှစ်ကြိမ်လုပ်တယ်လို့ သတ်မှတ်လို့ ရမလား"
ကျန်းရွှမ်က စိတ်အားထက်သန်စွာဖြင့် ပိုင်ကျိုးဝမ်ကို ကြည့်လိုက်သည်။
"မင်းက ပါဝင်ပစ္စည်းတူတဲ့ ဆေးမျိုးကိုပဲ သောက်ခဲ့တာလေ... တစ်ကြိမ်ပဲ ရမှာပေါ့"
ပိုင်ကျိုးဝမ်က ခေါင်းခါယမ်းလိုက်၏။
"ကောင်းပြီလေ.. "
ကျန်းရွှမ်၏မျက်လုံးထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူက တဖန်ပြန်၍ မော့ကြည့်လိုက်သည်။
"ငါ့ရဲ့ခန္ဓာကိုယ်က ခံနိုင်ရည် ရှိသေးတယ်လို့ ခံစားရတယ်...ငါက စမ်းသပ်မှုကို ဆက်လုပ်ချင်တယ်....ဆေးတွေ ထပ်ပေးပါအုံး"
"ငါလည်း ဆက်လုပ်ချင်တယ်"
ခုန်းရှီကလည်း ဝင်ရောက်ပြောဆိုသည်။
"အမ်..."
ပိုင်ကျိုးဝမ်သည် တံ့တွေးသည်းသွားပြီး အစောပိုင်းက သူထုတ်ပေးလိုက်သော ဆေးလုံးများသည် အတုများ ဖြစ်နေလောဟုပင် သံသယဝင်သွားသည်။
'မင်းတို့နှစ်ယောက်က ဆေးဒဏ်ကို ခံနိုင်ရည် ရှိတယ်ဆိုရင်တောင် မီးတောက်နီဆေးလုံးကို သောက်ပြီးရင် မီးလောင်သလို နာကျင်မှုကို ခံစားရပြီးတော့ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ နောက်ထပ် ဆေးတစ်မျိုးကို သောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး.... လက်ဖက်ရည်တစ်ခွက်စာ အချိန်လေးပဲ ရှိသေးတာကို ပြန်ကောင်းသွားရုံမကဘူး နောက်ထပ် ထပ်တောင်းနေကြသေးတယ်...'
'ဒီကောင်တွေက ဘယ်လို သတ္တဝါဆန်းတွေလဲ'
သို့ရာတွင် ဤသည်မှာလည်း ကောင်းမွန်ပေ၏။ ယခင်လူများကဲ့သို့ ဆေးတစ်လုံးသောက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေသွားတာမျိုး မဟုတ်သဖြင့် နောက်ထပ် ဆေးအသစ်များကို ဆက်လက်၍ စမ်းသပ်နိုင်မည် မဟုတ်လော...
"ဒါက 'အစိမ်းရောင်ဆီးနှင်းဆေးမှုန့်' လို့ ခေါ်တယ်....ပုံမှန်ဆိုရင် ဒါကို သောက်ပြီးတာနဲ့ စိတ်ထဲမှာ ဆီးနှင်းတွေ ဖုံးလွှမ်းသွားသလိုမျိုး အေးစက်သွားလိမ့်မယ်... ဒါပေမဲ့ ဒီဆေးက စမ်းသပ်လေ့လာနေတုန်းအဆင့်မှာ ရှိပြီးတော့ အပြည့်အဝ မအောင်မြင်သေးဘူး.... ဘေးထွက်ဆိုးကျိုး တချို့လည်း ရှိနိုင်တယ်....သောက်ပြီးရင် မင်းတို့ရဲ့ အစစ်အမှန်ခံစားချက်ကို ချရေးပေးပါ..."
ပိုင်ကျိုးဝမ်က ဆေးနှစ်ထုပ်ကို ထုတ်ပေးလိုက်သည်။
ကျန်းရွှမ်သည် ဆေးထုပ်ကိုယူ၍ ကောင်းကင်ဘုံစာကြည့်တိုက်၏အကူအညီဖြင့် ဆေး၏ဂုဏ်သတ္တိများကို စစ်ဆေးလိုက်သည်။ ဤှသည်မှာ မည်သည့်အရာဖြစ်ကြောင်း ချက်ချင်းသိလိုက်သဖြင့် သူသည် ပါးစပ်ဟပြီး ဆေးမှုန့်များအားလုံးကို လောင်းထည့်လိုက်တော့သည်။
နောက်တစ်ခဏတွင် ဆေးအာနိသင်သည် ရွှမ်ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး လွန်ခဲ့သောရက်များက တိုးတက်မှု သိပ်မရှိခဲ့သော သူ၏စိတ်ဝိညာဥ်စွမ်းအားများ ရုတ်ခြည်း မြင့်တက်သွားပေ၏။ ဤှသည်မှာ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်မှ သတ္တမအဆင့်သို့ အချိန်မရွေး ချိုးဖျက်ဝင်ရောက်တော့မည့်အလားပင်။
"ကောင်းလိုက်တဲ့ ဆေးပါလား..."
ကျန်းရွှမ်၏စိတ်ထဲတွင် ဝမ်းသာကြည်နူးသွားသည်။
သူသည် ရင်းမြစ်စွမ်းအားကို ကောင်းကင်ယံမှ စိတ်ကြိုက် စုပ်ယူနိုင်သော်လည်း စိတ်ဝိညာဉ်စွမ်းအားများ တိုးတက်ရန်မှာမူ မလွယ်ကူလှချေ။ ဤအစိမ်းရောင်ဆီးနှင်းဆေးမှုန့်တစ်ထုပ်က စိတ်ဝိညာဉ်ကို အမှန်တကယ် အထောက်အကူ ပြုနိုင်သည်ဆိုလျှင် ထိုအရာတွင် ပါဝင်သော ဆေးဖက်ဝင်ပစ္စည်းများ မည်မျှထိတန်ဖိုးရှိကြောင်း တွေးတောကြည့်နိုင်သည်။
"ဘယ်လိုနေလဲ"
ကျန်းရွှမ်သည် ဆေးကို သောက်သုံးလိုက်ပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်တွေ့ချိန်၌ ပိုင်ကျိုးဝမ်က မေးမြန်းလိုက်သည်။
"ဒါက... ငါက ဘာအရသာမှ မခံစားရသေးဘူး... နောက်တစ်ထုပ်လောက် ထပ်ပေးလို့ရမလား" ကျန်းရွှမ်က ခေါင်းကုတ်လိုက်သည်။
ပိုင်ကျိုးဝမ်သည် အချိန်တခဏကြာမျှ တွန့်ဆုတ်နေသော်လည်း နောက်ထပ်ဆေးတစ်ထုပ်ကို ထုတ်ပေးလိုက်၏။
'ဒီကောင်က တကယ်ပဲ ဆေးဒဏ်ကို ခံနိုင်ရည် ရှိပုံရတယ်...ဒါကြောင့် သူက ဆေးပမာဏ နည်းနည်း ပိုလိုတာပဲ ဖြစ်မယ်'
ကျန်းရွှမ်သည် ထိုဆေးထုပ်ကို တဖန်ထပ်၍ မျိုချလိုက်ရာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ၏စိတ်ဝိညာဉ်ကို ထပ်မံအားဖြည့်ခြင်းခံလိုက်ရပြီး ပြောမပြနိုင်လောက်အောင် သက်သောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရသည်။
နံဘေးတစ်ဖက်ရှိ ခုန်းရှီကလည်း သည်းမခံနိုင်တော့ဘဲ ပိုင်ကျိုးဝမ်ကို ကြည့်လိုက်သည်။
"ငါလည်း ဘာအရသာကိုမှ မရလိုက်ဘူး....ငါ့ကိုလည်း နောက်တစ်ထုပ်လောက် ထပ်ပေးပါလား..."
"..."
ပိုင်ကျိုးဝမ်၏မျက်ခွံများ လှုပ်ခတ်သွားသည်။
'ဘာလို့ ဒီအခြေအနေက တစ်မျိုးကြီး ဖြစ်နေတာလဲ'
'အော်...ဒါနဲ့... ငါက ဒီမှာ ဆေးလာစမ်းသပ်တာလေ...အစားအသောက် လာမြည်းစမ်းခိုင်းတာမှ မဟုတ်တာ...'
"မင်းတို့က... ဘာထူးခြားမှုကိုမှ မခံစားရဘူးလား"
ပိုင်ကျိုးဝမ်သည် သူ၏စိတ်ထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း မေးမြန်းလိုက်သည်။
"ဘာမှ မဖြစ်ဘူး...ဒါက ဆေးပမာဏ နည်းလွန်းလို့ပဲ ဖြစ်မယ်"
ခုန်းရှီက အလျင်အမြန် ပြောဆိုသည်။
အစောပိုင်းက ကျန်းရွှမ်သည် အရသာမရှိဟုဆိုသော အကြောင်းပြချက်ဖြင့် ဆေးလုံးတစ်လုံးနှင့် ဆေးမှုန့်တစ်ထုပ် ပို၍စားသွားခဲ့လေပြီ။ ထိုကြောင့် ယခုချိန်၌ သူ အရှုံးခံ၍ မဖြစ်တော့ချေ။
ပိုင်ကျိုးဝမ်က သူတို့နှစ်ယောက်သည် တည်ငြိမ်နေပြီး စိတ်ဝိညာဉ်စွမ်းအား အပြောင်းအလဲ မရှိသည်ကို မြင်တွေ့ရသဖြင့် ဆေးအာနိသင် သိပ်မထိရောက်ကြောင်း သူ သိရှိသွားသည်။ ထို့ကြောင့် သူသည် ဆေးမှုန့်တစ်ထုပ် ထုတ်ပေးပြီး ပြောဆိုလိုက်၏။
"သာမန်ဆိုရင် ဆေးမှုန့်တစ်ထုပ်က ခန္ဓာကိုယ်အတွက် အကန့်အသတ်ပဲ... မင်းတို့ အများကြီးစားပြီး တစ်ခုခုဖြစ်သွားရင် ငါ တာဝန်မယူဘူးနော်..."
"ကောင်းပါပြီ..."
ခုန်းရှီသည် ဝမ်းသာအားရဖြင့် ဆေးထုပ်ကို ဖွင့်လိုက်ပြီး ဆေးမှုန့်ကို မျိုချရန် ဟန်ပြင်လိုက်စဉ်မှာပင် နံဘေးရှိ ကျန်းရွှမ်က ရုတ်တရက် ပြောဆိုသည်။
"ဆရာ..ဒီဆေးပမာဏက နည်းနေသေးတယ်လို့ ငါ ထင်တယ်.... နောက်တစ်ထုပ်လောက် ထပ်ပေးပါအုံး"
ခုန်းရှီ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
"ငါ့ကိုလည်း နောက်တစ်ထုပ် ထပ်ပေးပါအုံး"
"ငါ့ကို နှစ်ထုပ်ပေးပါ...နှစ်ထုပ်ဆိုရင် ရလဒ်ကို စမ်းသပ်ဖို့ ပိုကောင်းမယ်လို့ ငါ ထင်တယ်..."
"ငါ့ကို သုံးထုပ်ပေးပါ...စုစုပေါင်း ငါးထုပ်ဆိုရင် ဆေးအာနိသင်အမြင့်ဆုံးကို ရောက်သွားလိမ့်မယ်....အဲ့ဒီလိုမှသာ ဒီဆေးရဲ့ ပြဿနာအတိအကျတွေကို ငါကိုယ်တိုင် ခံစားကြည့်လို့ရမှာ...."
"ငါက ဆယ်ထုပ်လောက် လိုမယ်ထင်တယ်....ဒီလို မသန့်စင်ရသေးတဲ့ ဆေးတွေက ဆက်တိုက်စားသုံးပေးမှ ပိုကောင်းအောင် ပြုပြင်နိုင်လိမ့်မယ်..."
"..."
သူတို့နှစ်ယောက် အသည်းအသန် ပြိုင်ဆိုင်နေသည်ကို ကြည့်ရင်း ပိုင်ကျိုးဝမ်က ခေါင်းကုတ်လိုက်မိသည်။
'ငါက ဒီမှာ ဆေးလာစမ်းသပ်နေတာပါကွာ... မင်းတို့တွေ နည်းနည်းလောက် အလေးအနက် ထားကြပါအုံးလား'
'အကြောင်းစုံ မသိတဲ့လူဆိုရင် အစားကောင်း အသောက်ကောင်းတွေ ငတ်မွတ်နေလို့ စားနေတယ်လို့ ထင်သွားအုံးမယ်...'
သို့ရာတွင် ဤလူနှစ်ယောက်သည် ဆေးဝါးများကို ပို၍ကောင်းမွန်အောင် စမ်းသပ်ရန်အတွက် အန္တရာယ်ကို လျစ်လျူရှုပြီး အသည်းအသန် ပို၍သောက်သုံးချင်နေကြသည့် အချက်က သူ့ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
အကယ်၍ လူများအားလုံးတွင်သာ ထိုကဲ့သို့အသိစိတ်မျိုး ရှိကြမည်ဆိုလျှင် ဆေးပညာရှင်များ၏အိပ်မက်ထဲမှ ဆေးလုံးများကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့သည်မှာ အချိန်ကြာမြင့်ပြီးဖြစ်ပေမည်။
သူသည် ထိုကဲ့သို့ တွေးတောလိုက်ပြီးနောက် တံခါး၏အပြင်ဘက်တွင် လဲလျောင်းနေသော အလောင်းပုံကြီးကို ကြည့်လိုက်မိသည်။
'ဒီကောင်တွေကျတော့ အမြဲတမ်း ငြင်းဆန်ပြီး ဟန့်တားနေကြတယ်....ဆေးတစ်ဝက်လောက် စားပြီးတာနဲ့ သေကုန်ကြရော... ဒီနှစ်ယောက်ကျတော့ စိတ်အားထက်သန်ပြီးတော့ ပြိုင်ဆိုင်နေကြတယ်..သူတို့နှစ်ယောက်လုံးက ဆေးတွေပိုသောက်ချင်နေကြပြီးတော့ ပိုကောင်းတဲ့ ဆေးအာနိသင်ကို ခံစားချင်နေကြတယ်... လူအချင်းချင်း ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ'
အခန်း ၃၉၃ :တစ်ယောက်လျှင် ငါးကျင်း
မြို့သားမှတ်ပုံတင်ခြင်းရုံးတော်...
ဝမ်ရှန်းသည် ပျင်းရိလေးတွဲ့စွာဖြင့် အညောင်းဆန့်လိုက်ပြီး သူ၏ဇက်ကို ဘယ်ညာလှည့်ချိုးလိုက်၏။
သူသည် တစ်နေကုန် အလုပ်ရှုပ်ထားသဖြင့် ပင်ပန်းနေသော်လည်း ရရှိလာမည့် ကံကြမ္မာချပ်ပြားအရေအတွက်ကို တွေးလိုက်မိချိန်၌ မပြုံးဘဲ မနေနိုင်တော့ချေ။
"လူသစ်တွေက လှည့်စားရတာ အရမ်းလွယ်တာပဲ...ငါ စကားနည်းနည်း ပြောလိုက်တာနဲ့ ပျာပျာသလဲ ပိုက်ဆံထုတ်ပေးအောင် လိမ်လို့ရတယ်..."
သူသည် ကံကြမ္မာချပ်ပြားတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြီး လေထဲသို့ မြှောက်ကာ ကစားလိုက်၏။ ထို့နောက် သူသည် အိမ်သို့ပြန်ပြီး အနားယူရန် ဟန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားပြီး မလှမ်းမကမ်းရှိ တံခါးငယ်လေးဆီသို့ လှမ်းကြည့်လိုက်သည်။
"ဘာလဲ... မင်းလည်း အဆိပ်စမ်းသပ်ခံချင်လို့လား"
ထိုအချိန်မှာပင် အစေခံတစ်ယောက်က သူ၏အနီးသို့ ရောက်ရှိလာသည်။
...
"မဟုတ်ပါဘူး....ငါက ခုဏက ငတုံးငအနှစ်ယောက်အကြောင်းကို တွေးနေတာ... သူတို့ကို အတွင်းရေး သတင်းအချက်အလက်အမျိုးမျိုး မိတ်ဆက်ပေးဖို့ ငါ စီစဉ်ထားတာလေ...ဒါပေမဲ့ သူတို့က ငွေကိုချွေတာချင်တာနဲ့ အဆိပ်စမ်းသပ်ခံတဲ့လမ်းကို မဆင်မခြင် ရွေးချယ်သွားကြတယ်... ခုက အချိန်သုံးလေးနာရီလောက် ရှိပြီဆိုတော့ သူတို့ အဆိပ်မိပြီး သေနေလောက်ပြီ"
ဝမ်ရှန်းက တီးတိုးရယ်မောလိုက်သည်။
ဤနေရာတွင် အမြဲတစေ နေထိုင်လာသော ဒေသခံလူလည်တစ်ကောင်အနေဖြင့် အဆိပ်စမ်းသပ်ခံခြင်း၏ အခြေအနေကို သူ ကောင်းစွာသိရှိထားသည်။ ဓားပြနှိမ်နင်းခြင်းတာဝန်၏ သေဆုံးမှုနှုန်းသည် ခုနစ်ဆယ်ရာခိုင်နှုန်းဆိုလျှင် ဤတစ်ခုသည် ကိုးဆယ်ရာခိုင်နှုန်းနီးပါး ရှိနေပေ၏။
ဤသည်မှာ သမားတော်များနှင့် ဆေးပညာရှင်များ ဖော်စပ်ထားသော ဆေးဝါးများတွင် ပြဿနာအမြောက်အများ ရှိနေခြင်းကြောင့် မဟုတ်ချေ။ သို့ရာတွင် ဤနေရာသို့ စမ်းသပ်ရန် ပေးပို့လာသော ဆေးများသည် အများအားဖြင့် ချို့ယွင်းချက်ရှိသော ထုတ်ကုန်များ ဖြစ်နေတတ်သည်။ ဆေး၏ထိရောက်မှုကို မြှင့်တင်ရန်အတွက် ဆေးပမာဏကို တမင်သက်သက် တိုးမြှင့်ထားသဖြင့် ဂုဏ်သတ္တိတစ်ခုက အလွန်ထင်ရှားနေခြင်း သို့မဟုတ် စွမ်းအားတစ်မျိုးက အစွန်းရောက်နေခြင်းတို့ ရှိနေပေ၏။ သာမန် ကျင့်ကြံသူများသည် ဆေးဖက်ဝင်ပစ္စည်းအမျိုးမျိုး၏ ပြင်းထန်သောဓာတ်ပြုမှုများကို ခံနိုင်ရည်မရှိကြပေ။
ဆေးဆယ်စုံကိုသောက်ရန် မဆိုထားနှင့် သူတို့သည် ဆေးနှစ်စုံကိုပင် တောင့်မခံနိုင်ဘဲ နေရာမှာပင် အဆိပ်မိပြီး သေဆုံးသွားကြသည်။
အစောပိုင်းက လူနှစ်ယောက်၏ကျင့်ကြံဆင့်သည် အလွန်မြင့်မားခြင်း မရှိသည့်အပြင် စည်းကမ်းများကို မသိကြသော လူသစ်များပင်။ သူတို့သည် အခန်းထဲသို့ ဝင်သွားပြီးနောက် အချိန်အတော်ကြာသည့်တိုင် ပြန်ထွက်မလာကြသေးချေ။ ထိုကြောင့် သူ ခန့်မှန်းနေရန်ပင်မလိုဘဲ ရလဒ်ကို ကြိုသိနှင့်ပြီးဖြစ်သည်။ သူတို့သည် အဆိပ်မိပြီး မသေလျှင်ပင် သေလုနီးပါး ဖြစ်နေလောက်လေပြီ။
"ဒီလူတွေက သူတို့ရဲ့ အရင်နေရာတွေမှာ ပါရမီရှင်တွေလို့ သတ်မှတ်ခံခဲ့ရတာကြောင့် ဘဝင်မြင့်နေကြတာ.... ထျန်းလီမြို့မှာတော့ အဲ့ဒီ အဆင့်သတ်မှတ်မရတဲ့ ပါရမီတွေက ဘာမှအရေးမပါဘူးဆိုတာ သူတို့ မသိကြဘူး..."
အစေခံက ရယ်မောလိုက်သည်။ သူ၏စကား မဆုံးသေးခင်မှာပင် ရုတ်တရက် တံခါးငယ်လေးပွင့်လာပြီး လူတစ်ယောက်က အလျင်အမြန် ထွက်လာသည်။
"အမ်... အဲ့ဒီကောင်နှစ်ကောင် မသေသေးဘူးလား"
ဝမ်ရှန်း အံ့အားသင့်သွားသည်။ သူသည် ထိုလူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းမှတ်မိသွားကာ အလျင်အမြန် ရှေ့တိုး၍ သူ၏ခါးကို ကိုင်းညွှတ်ပြီး ရိုသေလေးစားစွာ အရိုအသေပြုလိုက်သည်။
"သခင်ကြီးပိုင်..."
ထိုလူသည် အဆိပ်စမ်းသပ်ခြင်းကို တာဝန်ယူထားသည့် ဆေးပညာရှင် ပိုင်ကျိုးဝမ်ပင်။
"မင်းကိုး..."
ပိုင်ကျိုးဝမ်က စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီတစ်ခါ မင်း အကြံပြုလိုက်တဲ့ အစမ်းသပ်ခံနှစ်ယောက်က အရမ်းတော်တယ်...နောက်ကျရင် ဆေးပညာဂိုဏ်းကို လာပြီး မင်းအတွက် ဆုလာဘ်ကို လာထုတ်အုံး"
ထိုသို့ပြောဆိုပြီးနောက် သူ အလျင်အမြန် ထွက်ခွာသွားသည်။
"တော်တယ်...ဟုတ်လား..."
ဝမ်ရှန်း ကြက်သေသေသွားသည်။ သူသည် နောက်မှအလျင်အမြန် လိုက်သွားပြီး မေးမြန်းလိုက်၏။
"သခင်ကြီးပိုင် ဆိုလိုတာက... တခြားဒေသကလာတဲ့ အသက်နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်အရွယ် လူငယ်လေးနဲ့ လူအိုကြီးတစ်ယောက်ကို ပြောတာလား....သူတို့... မသေဘူးလား"
"သေတယ် ဟုတ်လား... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....သူတို့ရဲ့ အဆိပ်ဒဏ်ခံနိုင်ရည်က အရမ်းကောင်းတယ်...ငါ ယူလာတဲ့ ဆေးတွေအကုန်လုံးကို စမ်းသပ်ပြီးသွားပြီ...အခု ဂိုဏ်းကိုပြန်ပြီး ဆေးတွေ ထပ်သွားယူရအုံးမယ်..."
ပိုင်ကျိုးဝမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဆေးတွေအကုန်လုံး... စမ်းသပ်ပြီးသွားပြီ... ဟုတ်လား"
ဝမ်ရှန်း ကြက်သေသေသွားသည်။
ဒီစကားလုံးနှစ်လုံး၏ အဓိပ္ပာယ်ကို သူ နားလည်သော်လည်း ပေါင်းစပ်လိုက်ချိန်တွင် မည်သည်ကြောင့် ဤမျှထိ နားမလည်နိုင်ဖွယ် ဖြစ်သွားရသနည်း။
"သခင်ကြီး ဆိုလိုတာက... သူတို့က ဆေးဆယ်စုံထက်မနည်း သောက်ခဲ့တယ်လို့ ပြောချင်တာလား"
နံဘေးရှိ အစေခံကလည်း မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
ဤသခင်ကြီး၏အကျင့်စရိုက်ကို သတင်းပေးအစေခံဖြစ်သော သူတို့နှစ်ယောက်လုံး ကောင်းစွာသိရှိထားသည်။ ပုံမှန်ဆိုလျှင် အကျိုးပြုရမှတ်ကို မပေးလိုသောကြောင့် သူ ပေးသော ကိုးကြိမ်မြောက်နှင့်ဆယ်ကြိမ်မြောက် ဆေးများတွင် သေစေလောက်သည့် အဆိပ်များ ပါဝင်လေ့ရှိသည်။
ဤလူနှစ်ယောက်သည် ဆေးများအားလုံးကို စမ်းသပ်ပြီးသွားပြီဟု ဆိုသလော...
သူတို့သည် ဆေးဆယ်စုံထက်မနည်း သောက်ပြီးသည့်တိုင် အဆိပ်မိ၍ သေဆုံးသွားခြင်းမရှိဟု ဆိုသလော....
ဤလူသည် မည်သည့်အချိန်ကစ၍ ဤမျှထိ သဘောထားကြီးသွားသနည်း...
"အင်း..."
ပိုင်ကျိုးဝမ်က ခေါင်းညိတ်ပြပြီး ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းသွားသည်။
"တစ်ခုခုတော့ မှားနေပြီ..."
ဝမ်ရှန်းက မနေနိုင်တော့ဘဲ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ကျွန်တော် မှတ်မိသလောက်ဆို သခင်ကြီးဆီမှာ မြေကမ္ဘာငရဲအဝါရောင်ဆေးလုံး ရှိတယ်မဟုတ်လား... အဲ့ဒါကို သောက်လိုက်ရင် ဆယ်စက္ကန့်ထက်ပိုပြီး အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးလေ... အဲ့ဒါ သူတို့ကို မပေးလိုက်ဘူးလား"
မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးသည် မြေကမ္ဘာငရဲမြက်ကို အသုံးပြုပြီး ဖော်စပ်ထားသော ဆေးလုံးပင်။
မြေကမ္ဘာငရဲမြက်ကို လွန်ခဲ့သောနှစ်ဝက်ခန့်က မြေအောက်ခန်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝကာ အပင်တိုင်းသည် နှစ်ထောင်ချီသက်တမ်းရှိပြီး အလွန်ပေါများစွာ ပေါက်ရောက်သည်။ အစပိုင်းတွင် သူတို့သည် ထိုမြက်ကို ဆေးဖော်စပ်ပြီး ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့ရာတွင် ထိုအရာကို မည်သည့်ဆေးပင်နှင့် ရောစပ်သည်ဖြစ်စေ စားသုံးသူကို သေစေနိုင်သော ပြင်းထန်သည့် အဆိပ်အတောက် ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရသည်။
လွန်ခဲ့သော နှစ်ဝက်အတွင်းတွင် မြေကမ္ဘာငရဲမြက်ကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး ဆေးဝါးထောင်ပေါင်းများစွာကို ဖန်တီးခဲ့ကြကာ ကျင့်ကြံသူများ သောင်းနှင့်ချီ၍ အဆိပ်သင့်သေဆုံးခဲ့ကြသည်။ ပုံမှန်ဆိုလျှင် ဤသခင်ကြီးသည် တစ်ဖက်လူက ကိုးကြိမ်မြောက် ဆယ်ကြိမ်မြောက် ဆေးစမ်းသပ်ခံ၍ မသေသေးလျှင် ဤဆေးလုံးမျိုးကို ထုတ်ပေးလေ့ရှိသည်။ ဤတစ်ကြိမ်တွင် သူသည် ထိုဆေးလုံးကို ထုတ်မပေးခဲ့သလော။
"ပေးလိုက်တယ်..."
ပိုင်ကျိုးဝမ်သည် အစောပိုင်းက အဖြစ်အပျက်ကို ပြန်လည်တွေးတောရင်း ယခုချိန်ထိ မယုံကြည်နိုင်သေးပုံ ပေါက်နေသည်။
"ဒါဆို... သူတို့က အဲ့ဒါကို မသောက်ဘူးလား"
ဝမ်ရှန်းသည် နားမလည်နိုင် ဖြစ်သွားပေ၏။
ဤသည်မှာ သောက်သုံးလိုက်သည်နှင့် သေချာပေါက် သေဆုံးသွားစေမည့် ဆေးလုံးမျိုးပင်။ လွန်ခဲ့သော နှစ်ဝက်အတွင်းတွင် လူသောင်းနှင့်ချီ၍ စမ်းသပ်ခဲ့သည့်တိုင် ခြွင်းချက်မရှိ သေဆုံးသွားခဲ့သည်။ ဤလူနှစ်ယောက်သည် အမှန်တကယ်ကို ခြွင်းချက် ဖြစ်နေသလော။
"သူတို့က သောက်ရုံတင် မကဘူး..."
ပိုင်ကျိုးဝမ်က စဥ်းစားရခက်သောအမူအယာဖြင့် ပြောဆိုသည်။
"တစ်ယောက်ကို ငါးကျင်းစီ စားသွားကြတယ်..."
"...."
ဝမ်ရှင်းနှင့်အစေခံတို့သည် နေရာမှာပင် မတ်တတ်ရပ်ပြီး ကျောက်ရုပ်များအလား ကြက်သေသေနေကြသည်။
ငါး... ငါးကျင်း ဟုတ်လား...
အဆိပ်ကို ငါးကျင်းတောင် စားတယ်တဲ့လား...
ဝက်တွေတောင် ဒီလောက်ထိ စားမှာမဟုတ်ဘူး...
"အမှန်ပဲ..."
အစောပိုင်းက အဖြစ်အပျက်ကို ပြန်တွေးမိပြီး ပိုင်ကျိုးဝမ် ထိတ်လန့်သွားသည်။
သူ ခန့်မှန်းထားသည့်အတိုင်း ကိုးကြိမ်မြောက် အသုတ်သို့ ရောက်ရှိချိန်တွင် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ မြေကမ္ဘာငရဲမြက်ဖြင့် ဖော်စပ်ထားသောဆေးကို ထုတ်ပေးလိုက်၏။
ထိုဆေးကို သောက်သုံးပြီးနောက် သူတို့သည် သေသွားမည့်အစား ထပ်မံ၍ပေးရန် တောင်းဆိုနေကြသည်။
ပိုင်ကျိုးဝမ်သည် အကျိုးပြုရမှတ်များကို မပေးချင်ပေးချင်ဖြင့် ပေးလိုက်ရပြီးနောက် သူ့ထံ၌ တခြားရွေးချယ်စရာ မရှိတော့သဖြင့် သေစေနိုင်သော ဆေးမျိုးကိုသာ ဆက်လက်၍ ထုတ်ပေးခဲ့ရသည်။
ဤလူနှစ်ယောက်သည် ဆေးဒဏ်ကို ခံနိုင်ရည်ရှိသည်ဟု ဆိုလျှင်ပင် ဆေးအမြောက်အများကို ဆက်တိုက်သောက်လျှင် ဒုက္ခရောက်မည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် သူ ဆေးများများ ထုတ်ပေးလေလေ သူတို့သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် လုယက်၍ စားသောက်နေကြလေလေပင်။
'မင်းက တစ်ခွက်သောက်ရင် ငါက တစ်ပုလင်းသောက်မယ်...မင်းက တစ်ပုလင်းသောက်ရင် ငါက ပိဿာဝက်လောက် သောက်မယ်... မင်းက ပိဿာဝက်လောက် သောက်ရင် ငါက လုပြီးစားမယ်...'
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလျှော့မပေးကြဘဲ အချိန်တခဏအတွင်းမှာပင် သူ ယူလာသော ဆေးများအားလုံးကို တစိုးတစိမျှမကျန်အောင် စားသောက်သွားကြသည်။
ဤမျှထိ ဆေးအမြောက်အများကို သောက်သုံးပြီးနောက် သူတို့သည် အဆိပ်မိပြီး မသေလျှင်ပင် စိတ်ဓာတ်ကျသွားသင့်သည်။ အံ့အားသင့်ဖွယ်ကောင်းသည်မှာ သူတို့သည် ယခင်ထက်ပို၍ တက်ကြွလန်းဆန်းလာကြခြင်းပင်။
ထိုမြင်ကွင်းကိုကြည့်ရင်း သူ လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့သည်။
ဆေးဒဏ်ကိုခံနိုင်ရည် ရှိသူများကို သူ မြင်ဖူးသော်လည်း အဆိပ်ကို အစားအစာကဲ့သို့ သဘောထားပြီး စားသောက်သောလူများကိုမူ သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးချေ။
ဤလူနှစ်ယောက်သည် မည်သည်ကြောင့် ထူးဆန်းနေသည်ကို သူ မသိတော့သဖြင့် အခန်းထဲမှ ထွက်လာခဲ့ပြီး ဂိုဏ်းသို့ပြန်ကာ ဆေးသွားယူမည်ဟု ပြောဆိုခဲ့လေ၏။ အမှန်အားဖြင့် သူသည် ဂိုဏ်းသို့ လူကိုယ်တိုင်သွားရောက်၍ သတင်းပို့ရန် စီစဉ်နေခြင်းပင်။
ဤကိစ္စကို သူကိုယ်တိုင် သွားပြောမှ ရပေမည်။ အကြောင်းအရင်းမှာ အကယ်၍ သူသည် တခြားလူများကို လွှတ်လိုက်လျှင် ဂိုဏ်းမှအကြီးအကဲများ မယုံကြည်မည်ကို စိုးရိမ်သောကြောင့်ပင်။
လူတစ်ယောက်သည် အဆိပ်ငါးကျင်းခန့် စားပြီးသည့်တိုင် ထပ်မံ၍ လိုချင်နေသည်မှ အမှန်တကယ်ကို ယုံကြည်နိုင်ဖွယ်မရှိချေ။
"ကောင်းပြီလေ... ဒီကိစ္စကို မင်းတို့ သတင်းမပေါက်ကြားစေနဲ့... ငါ မကြာခင် ပြန်လာခဲ့မယ်..."
ဤနှစ်ယောက်သည် စမ်းသပ်ခံလူများကို ခေါ်လာပေးနေကျသူများ မဟုတ်လျှင် သူ ရှင်းပြနေမည် မဟုတ်ချေ။
"ဟုတ်ကဲ့..."
ဝမ်ရှန်းနှင့်အစေခံတို့က တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။ ပိုင်ကျိုးဝမ် ထွက်ခွာသွားသည်ကို ကြည့်ပြီး အဝေးသို့ ရောက်သွားချိန်မှသာ သူတို့ချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေသည်။
ဤလူနှစ်ယောက်သည် ဟန့်တား၍မရဘဲ ဆေးစမ်းသပ်ခံယူရန်ကို အတင်းအကြပ်လုပ်လိုသည်မှာ အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။ သူတို့သည် အခန်းတွင်း၌ ဤမျှထိ ကြာနေသည်မှာ သေဆုံးသွားခြင်းမဟုတ်ဘဲ အကျိုးဆောင်ရမှတ်များ ရှာဖွေနေခြင်းပင်။
သူတို့သည် သူ့အား ပိုက်ဆံမပေးသည်မှာလည်း အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။ အကယ်၍ သူ့ထံတွင် ဤကဲ့သို့ အရည်အချင်းမျိုးရှိလျှင် သူသည်လည်း ခြူးတစ်ပြားမျှ အသုံးပြုမည် မဟုတ်ချေ။