အခန်း (၉၃၅+၉၃၆)
Vol. 66 Ch. 935+936
ကောင်းကင်ဘုံသိုင်းကျမ်း စာစဉ် (၆၆)
Chapter 935
The gate of Chaos on the verge of Collapse
" တကယ့် ပါရမီရှင် အစစ်တွေပဲ .... "
" အံ့သြစရာပါကွာ .. တကယ်ကို အံ့သြစရာပဲ "
ထိုသူနှစ်ယောက် တိုက်ခိုက်သည်ကို ကြည့်နေကြသော ဘေးပတ်လည်လူအုပ်ထံမှ ချီးမွမ်းစကားသံများ ထွက်လာသည်။
အားလုံးမှာ ပုံရိပ်ယောင်များ၏ အစွမ်းကို သိထားပြီးဖြစ်ကာ ၎င်းတို့က အမှန်တကယ် အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်ကြသည်ကိုလည်း သိထားပြီးသားပင် ။
သို့သော် လီထျန်းယွမ်တို့ နှစ်ယောက်ရှေ့တွင်မူ ထိုပုံရိပ်ယောင်များ ဖိနှိပ်ခံနေရပါ၏။
သူတို့နှစ်ယောက်သည် ရှေးခေတ်မှ လူများနှင့်ယှဥ်
လျှင်ပင် အစွမ်းထက်ကျင့်ကြံသူများအဖြစ် သတ်မှတ်ခံရလောက်ပါသည်။
အခြားတဖက် အရှုပ်အထွေးနိုင်ငံမြို့တော် အပေါ်ဘက်၌ ....
ဝုန်း ... ဝုန်း ... ဝုန်း ... ဝုန်း ..
ကြောက်မက်ဖွယ် အရောင်အဝါလေးခု တစ်ပြိုင်နက်တည်း ပေါက်ထွက်လာ၏။
" ဟင် .. "
လီထျန်းယွမ် အသံလာရာသို့ လှမ်းကြည့်လိုက်ရာ လေထဲတွင် လူလေးယောက်သား ဘေးချင်းယှဥ်ရပ်နေသည်ကို မြင်လိုက်ရသည်။
" သူတို့က.... Nie လင် ၊ ဝမ်ချန်း ၊ ချူပင်းလန် နဲ့ ဝူကျန့် တို့ မဟုတ်လား "
" အိုး... သူတို့တွေက ချင်းယွမ်ပါရမီရှင်စာရင်းမှာ အဆင့်တစ်ဆယ်ထဲ ဝင်တဲ့သူတွေ မလား ။ သူတို့ ဒီလောက်ပါရမီထူးနေတာ မဆန်းတော့ပါဘူး "
" ကျုပ် ကြားတာတော့ သူတို့အားလုံး ကောင်းကင်ဘုံသားတော်ရဲ့ နောက်လိုက်တွေ ဖြစ်နေကြပြီဆို "
" တကယ်ကြီးလား ... ကောင်းကင်ဘုံသားတော်ကတော့ ထင်ထားတဲ့အတိုင်း တကယ်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပဲ. ။ ဒီလို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ပါရမီရှင်တွေကို သူ့လက်အောက်မှာ ခေါ်ထားနိုင်တာ နည်းတာမဟုတ်ဘူး "
အားလုံး တအံ့တသြ ဆိုလိုက်ကြသည်။
" ပါရမီရှင်တဲ့လား... "
ထိုမြင်ကွင်းကို ကြည့်နေသော လီထျန်းယွမ်းခေါင်းထဲ အတွေးတစ်ခု ရုတ်တရက်ဝင်သွား၏။
" ဒါနဲ့.. ဟိုကောင်လေး ဘယ်ရောက်သွားပြီလဲ "
သူ ပြောပြီး လောထျန်းရှိသည့်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
အစောပိုင်းက လောထျန်းတစ်ယောက် အရှုပ်အထွေး
တံခါးပေါက်မှ ဖိအားကို ခုခံသည့်ပုံကို ကြည့်ရင်း သူ့ကိုယ်သူ အစွမ်းနိမ့်သူတစ်ယောက်လို ခံစားခဲ့ရပါသည်။
ထို့ကြောင့် ယခုတစ်ဆင့်၌ လောထျန်းက တဖက်မှ ကြောက်စရာပြိုင်ဘက်များကိုကြည့်ရင်း ကြောက်ဒူးတုန်နေပြီဆိုသည်ကို သူ သိချင်ပါ၏။
သို့သော် .... မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ မှင်သက်သွားရ၏။
လောထျန်းမှာကား အလွန်ပျင်းရိနေပုံဖြင့် မြေပြင်တွင် ထိုင်နေပါသည်။
လီထျန်းယွမ်တစ်ယောက် ၎င်းကိုကြည့်ရင်း ဆွံ့အလျက် ...
" သခင်လေး ၊ ဘာတွေကြည့်နေတာလဲဗျ "
ထိုစဥ် လီမိသားစုမှ ဂိုဏ်းသားတစ်ယောက်က မေးလာသည်။
လီထျန်းယွမ်က လောထျန်းရှိရာဘက်သို့ လက်ညိုး
ညွှန်ပြကာ မေး၏။
" ခုနတုန်းက အဲ့ကောင် တိုက်ခိုက်ခဲ့သေးလား "
လီမိသားစုမှ လူငယ်က သူညွှန်ပြရာဘက် တစ်ချက်လှမ်းကြည့်ပြီးမှ ခေါင်းယမ်း၍ ဖြေသည်။
" မတိုက်ခိုက်ခဲ့ဘူးဗျ ။ အဲ့ဘက်ခြမ်းက မသေမျိုးသခင်ကြီးအဆင့်နဲ့အထက် ကျင့်ကြံသူနှစ်ယောက်ကပဲ လေထဲ ပျံတက်သွားကြတာ ။ အဲ့နှစ်ယောက်ကလွဲလို့ ဘယ်သူမှ မလှုပ်ကြဘူး "
လီထျန်းယွမ် အံ့အားသင့်သွားပြီး မျက်မှောင်ကြုံ့ရင်း တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
" သူက.. ရွှေရောင်မသေမျိုးအဆင့်တောင် မရောက်သေးဘူးလား ။ ဒါဆိုရင်တော့ စိုးရိမ်စရာ သိပ်မရှိပါဘူးလေ ... "
သူ ထိုသို့ အတွေးဝင်နေစဥ်မှာပင် ..
ဝီ ...
အရှုပ်အထွေးတံခါးပေါက်၌ များစွာသော တိုက်ပွဲဝင်
ပုံရိပ်ယောင်များ ထပ်ပေါ်လာကြပြန်သည်။
" ကောင်းကင်ဘုံမသေမျိုးအဆင့် ပုံရိပ်ယောင်တွေ ပေါ်လာပြီဟေ့ "
" အားလုံး.. မြန်မြန်တိုက်ခိုက်ကြရအောင် "
အနီးနားတဝိုက်မှ မသေမျိုးအဆင့် ကျင့်ကြံသူများ အော်ဟစ်ကာ လေထဲပျံတက်လိုက်ကြ၏။
လီထျန်းယွမ်က လောထျန်းရှိသည့်ဘက် ထပ်ကြည့်လိုက်ပြန်သည်။
သူ ထပ်ပြီး အံ့သြသွားရပြန်ပါ၏။
လောထျန်းတို့ဘက်မှ တိုက်ခိုက်ရန်အတွက် လေထဲပျံသွားသူမှာ အနည်းငယ်လေးမျှသာ ရှိပြီး ... အများစုက နေရာမရွှေ့ဘဲ နေနေကြဆဲပင် ။
လောထျန်းသည်လည်း ထပ်ပြီး သန်းနေပြန်ပါသည်။
" ဒီကောင်က ကောင်းကင်ဘုံမသေမျိုးအဆင့်
တောင် မရောက်သေးတာလား ။ ငါ အတွေးလွန်နေပြီနဲ့ တူပါတယ် "
လီထျန်းယွမ်တစ်ယောက် သူ့ကိုယ်သူပင် သံသယ င်လာပါ၏။
ထိုစဥ် လေထဲမှ ကောင်းကင်ဘုံမသေမျိုးအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲမှာ အရှုပ်ထွေးဆုံးနှင့် အကြမ်းဆုံးဟုပင် ပြောရမလို ။ ထိုသို့ ရှုပ်ထွေးနေသည့်ကြား၌ လောထျန်းအနောက်ဘက်ရှိ လူအုပ်ထဲမှ ပျံတက်သွားကြသော ကောင်းကင်ဘုံမသေမျိုးအဆင့် ကျင့်ကြံသူများက ဒဏ်ရာနည်းနည်းလေးပင် မရဘဲ သူတို့ပြိုင်ဘက်များအား အနိုင်ယူလိုက်နိုင်သည်ကို မည်သူမှ မသိမထားမိလိုက်ကြပါ။
အမှန်တွင်မူ ထိုသူများမှာ သူတို့၏ အစွမ်းအပြည့်ကိုပင် မသုံးခဲ့ကြပါချေ။
ထို့နောက်...
အရှုပ်အထွေးတံခါးပေါက်၌ ပုံရိပ်ယောင်များစွာ ထပ်ပေါ်လာပြန်၏။
" မသေမျိုးအစစ် အဆင့်က ပုံရိပ်ယောင်တွေ ရောက်လာကြပြီ "
တစ်ယောက်က အော်ပြောသည်။
ဝီ...
တစ်ပြိုင်တည်းမှာပင် များစွာသော မသေမျိုးအစစ်အဆင့် ကျင့်ကြံသူများ လေထဲပျံတက်လိုက်ကြ၏။
လောထျန်းနောက်ရှိ လူအုပ်၏ တစ်ဝက်ကျော်ခန့်ကလည်း လေထဲပျံတက်ကာ တိုက်ခိုက်လိုက်ကြပါသည်။
ယွဲ့လီသည်ပင် ဖီးနစ်ငှက် အရိပ်စစ်ကို ခေါင်းပေါ်တွင်ထုတ်၍ ပုံရိပ်ယောင်တစ်ခုအား သတ်ပစ်ခဲ့၏။
လောထျန်းကမူ မတုန်မလှုပ် ရှိနေဆဲ ...
" ဒီကောင်က မသေမျိုးအစစ်အဆင့်တောင် မဟုတ်ပြန်ဘူး .... "
လီထျန်းယွမ်တစ်ယောက် သူ့မျက်လုံးသူပင် မယုံနိုင်
စဖြစ်လာပါတော့သည်။
ဤသို့ဖြင့် လေထဲရှိ မသေမျိုးအစစ်အဆင့် ကျင့်ကြံသူများကြားမှ တိုက်ပွဲမှာလည်း အလျင်အမြန်ပင် ပြီးသွားခဲ့ပါသည်။
ဝီ ...
အရှုပ်အထွေးတံခါးပေါက်ရှေ့၌ စိတ်ဝိဥာဥ်မသေမျိုးအဆင့် ပုံရိပ်ယောင်များ ထပ်ပေါ်လာပြန်၏။
လီထျန်းယွမ် ၎င်းကိုကြည့်ကာ ခေါင်းတစ်ချက်ညိတ်လိုက်သည်။
" ဒီတစ်ကြိမ်တော့ သူ့ရဲ့ အစွမ်းအစစ်ကို မြင်ရတော့မယ် "
သို့သော် လောထျန်းကမူ မလှုပ်မရှား ရှိနေဆဲပင် ။
သူ့နောက်မှ လူများအားလုံးမှာကား လေထဲပျံတက်သွားကြလေပြီ ။
မြင့်မြတ်နယ်မြေ အများစုမှ ဂိုဏ်းသားများလည်း ထို့
နည်းတူပါပင် ။
ထိုမြင့်မြတ်နယ်မြေ ဂိုဏ်းများမှာ လောထျန်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိထားကြသဖြင့် ပျောင်ပိုင်မြို့က သူတို့အတွက် အချိန်နှင့်နေရာဗိမ္မာန်ကို ဖွင့်ပေးခဲ့ကာ ကျင့်ကြံစေခဲ့ပါ၏။
ထို အချိန်နှင့်နေရာဗိမ္မာန်အပြင် ၊ မသေမျိုးစွမ်းအင်သွေးကြောများ နှင့် အခြားသော အခွင့်ကောင်းမျိုးစုံ ပေါင်းစပ်လိုက်ချိန်တွင်မူ မြင့်မြတ်နယ်မြေများတွင် စိတ်ဝိဥာဥ်မသေမျိုးအဆင့် ကျင့်ကြံသူများစွာ ထွက်ပေါ်လာခဲ့ကာ ... ထိုသူများအားလုံး အပေါ်ကမ္ဘာသို့ တက်လာခဲ့ကြပါသည်။
ထိုလူစု လေထဲပျံတက်သွားသည်ကို ကြည့်ရင်း လီထျန်းယွမ်တစ်ယောက် မှင်သက်မိနေပါတော့၏။
" ဒီကောင်က စိတ်ဝိဥာဥ်မသေမျိုးအဆင့်တောင် မရှိသေးဘူး .... တစ်ခုခုများ လွဲနေသလား "
သူ အမှန်တကယ် နားမလည်နိုင်တော့ပါ ။
ထိုစဥ်တွင် ...
လေထဲမှ လီချန်းလုံအပါအဝင် မသေမျိုးဘုရင်များနှင့် မသေမျိုးသခင်ကြီးအဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြပါသည်။
သူတို့၏တိုက်ပွဲ ပြီးသွားခဲ့လေပြီ ။
" ဟမ့် ၊ အခုမှ အရှုပ်အထွေးတံခါးပေါက် လေးခုမြောက်ပဲ ရှိသေးတာတောင် လူတွေ 60% လောက် သေတဲ့သူသေ ၊ ထွက်ပြေးတဲ့သူပြေး ဖြစ်ကုန်ကြပြီ ။ ဒီလိုကောင်တွေက အိမ်မှာအေးဆေးနေရင်တောင် ပိုကောင်းဦးမယ့်ဟာကို ဒီကိုလာပြီး အသေခံနေကြသေးတယ် "
လီချန်းလုံက လှောင်ပြုံးဖြင့် ဆိုသည်။
လီထျန်းယွမ်ကလည်း သူ့စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်၏။
ထိုစဥ်တွင် အခြားတဖက် လေထဲမှ တိုက်ပွဲမှာလည်း တဖြည်းဖြည်း ဆုံးခန်းတိုင်လာခဲ့လေပြီ ။
စိတ်ဝိဥာဥ်မသေမျိုးအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲမှာ ယခင် ကျင့်ကြံသူများနှင့် ယှဥ်ပါက များ
စွာအားလျော့သည်ဟု ပြောနိုင်ပါသည်။
ဤသို့ဖြင့် မကြာခင်မှာပင် နောက်ဆုံးတစ်ယောက်က ပုံရိပ်ယောင်ကို အနိုင်ရသွားကယ စိတ်ဝိဥာဥ်မသေမျိုးအဆင့် ကျင့်ကြံသူများကြားမှ တိုက်ပွဲ ပြီးသွားပါတော့၏။
" ကဲ ... နောက်ဆုံး ငါးခုမြောက် အရှုပ်အထွေးတံခါးပေါက် လာတော့မယ် ။ ဒါကိုသာ ဖြတ်နိုင်သွားရင် အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲကို ဝင်လို့ရသွားပြီ "
လီချန်းလုံ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ့လို မသေမျိုးဘုရင်အဆင့် အစွမ်းထက်ကျင့်ကြံသူသည်ပင် အလွန်စိတ်လှုပ်ရှားနေပါ၏။
အကယ်၍ သူသာ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှ အရှုပ်အထွေးခန္ဓာကိုယ်ကို ရလိုက်နိုင်လျှင် ဒါလောင်မသေမျိုးဘုရင်ကို ဂရုစိုက်စရာ မလိုတော့ဘူး မဟုတ်ပါလား ။
သို့သော် ...
" အဖေ ... ကျုပ်တို့ နည်းနည်းထပ်စောင့်ရဦးမယ်ထင်တယ် "
လီထျန်းယွမ်က ရုတ်တရက် ပြောလာသည်။
" ဟင်... ဘာကို စောင့်ရဦးမှာလဲကွ ။ စိတ်ဝိဥာဥ်မသေမျိုးအဆင့် ကျင့်ကြံသူတွေ တိုက်ခိုက်ပြီးသွားကြပြီလေ ။ ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံသူတစ်ယောက်က အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို လာရလောက်အောင် မိုက်လုံးကြီးမယ် ထင်လို့လား ။ အဲ့လိုအဆင့်နဲ့ လူတစ်ယောက်က ဒီလာတော့ရော သေရုံကလွဲပြီး ဘာရှိမှာလဲ "
လီချန်းလုံ၏ စကားကို ကြားသည်နှင့် အနီးနားမှ လူများ အော်ရယ်လိုက်ကြ၏။
" ဟုတ်တယ် ၊ ကောင်းကင်ဘုံတံခါးဝအဆင့်ပဲရှိတဲ့ ဘယ်လိုအရူးမျိုးက အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို လာရဲမှာလဲ "
" တကယ်လို့ လာခဲ့တယ်ဆိုရင်တောင် အရှုပ်အထွေးတံခါးပေါက် ပထမသုံးခုနဲ့တင် သူ မွမွကြေနေ
လောက်ပြီ "
သို့သော် သူတို့ရယ်သံများ ဆုံးသွားသည်အထိ လေးခုမြောက် အရှုပ်အထွေးတံခါးပေါက်က ရှိမြဲရှိနေဆဲ ဖြစ်ပါသည်။
" ဟင်.. ဘာတွေဖြစ်နေတာလဲ ။ ခုလောက်ဆို ငါးခုမြောက် အရှုပ်အထွေးတံခါးပေါက် ပွင့်သင့်ပြီမဟုတ်ဘူးလား "
တစ်ယောက်က ၎င်းကို သတိထားမိကာ တအံ့တသြမေး၏။
" ဟုတ်သားပဲ ..ဘာလို့ မပွင့်သေးတာပါလိမ့် ။ ခုချိန်ထိ တောင့်ခံနိုင်သေးတဲ့ ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံသူ တကယ်ကြီးရှိနေတာလား "
" ဟေ့... ဟိုမှာကြည့်လိုက်ဦး ၊ အရှုပ်အထွေးတံခါးပေါက်ပေါ်က ထွင်းစာတွေက ပုံမှန်မဟုတ်တဲ့ အမြန်နှုန်းနဲ့ ရွေ့နေသလိုပဲ "
" ဟင်.. မင်းပြောမှ ကြည့်မိတယ်.. တကယ်ကြီးပါလားကွ ။ ထွင်းစာတွေ ရွေ့နေတဲ့အမြန်နှုန်းက
ကြောက်စရာတောင်ကောင်းတယ် ။ ဘာကြောင့်မို့ ခုလိုကြီး ဖြစ်နေရတာလဲ "
" ဟင် ...ဘာတွေဖြစ်နေတာလဲ.. အရှုပ်အထွေးတံခါးပေါက်က ပြိုကျတော့မှာလား "
လူအုပ်ကြီးဆီမှ တစ်ယောက်တစ်ပေါက် ဆွေးနွေးသံများ ဆူဆူညံညံ ထွက်လာသည်။
နောက်ဆုံးတွင်မူ ....
ဝီ ....
အရှုပ်အထွေးတံခါးပေါက်ပေါ်မှ လျင်မြန်စွာ လည်နေသော ထွင်းစာများ ရပ်သွားပါ၏။
ထို့နောက်.. တိုက်ပွဲဝင် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။
၎င်း ပုံရိပ်ယောင်ကို မြင်သည်နှင့် လူများအားလုံး မှင်သက်သွားကုန်ကြ၏။
" ကြည့်ရတာ... အခုမှ နို့ပြတ်ခါစ သားရဲလေးတစ်ကောင်နဲ့ တူနေသလိုပဲ "
တစ်ယောက်က တီးတိုးရေရွတ်သည်။
Chapter 936
The GateKeeper
အားလုံး၏ အကြည့်အောက်တွင်ပင် ... လေးခုမြောက် အရှုပ်အထွေးတံခါးပေါက်ရှေ့၌ ခပ်ငယ်ငယ် သားရဲအရိပ်တစ်ခု ပေါ်လာသည်။
ယခု သားရဲ၏ ပုံရိပ်ယောင်မှာ ယခင်ပုံရိပ်ယောင်များနှင့် ယှဥ်ပါက ရယ်စရာပင် ကောင်းနေသဖြင့် အားလုံး မယုံနိုင်ဖြစ်နေကြပါ၏။
" အဲ့ကောင်လေးက ဘယ်အဆင့်လဲ.. ကောင်းကင်ဘုံတံခါးဝအဆင့်လား "
" မဟုတ်ဘူးကွ.. အရောင်အဝါက ကွဲတယ် ။ ကြည့်ရတာ ကောင်းကင်ဘုံအဆင့်လား မသိဘူး "
" ကောင်းကင်ဘုံအဆင့် ဟုတ်လား.. နောက်များနေသလားကွာ "
အားလုံး မှင်သက်သွားကြပြန်သည်။
ဤနေရာမှာ အရှုပ်အထွေးနတ်ဘုရားမြို့တော်သို့ ဝင်သည့်ဝင်ပေါက် ဖြစ်ပြီး..
လေးခုမြောက် အရှုပ်အထွေးတံခါးပေါက် ပွင့်လာချိန်၌ သာမာန် စိတ်ဝိဥာဥ်မသေမျိုးအဆင့် ကျင့်ကြံသူများပင် မခံနိုင်ခဲ့ကြပါ ။
" ခုနက အရှုပ်အထွေးတံခါးပေါက် ပြိုကျတော့မလို ဖြစ်သွားတာ မဆန်းပါဘူးကွာ ။ ကြည့်ရတာ ကောင်းကင်ဘုံအဆင့် ပုံရိပ်ယောင်ရဖို့ အစွမ်းကုန်သုံးပြီး ရှာခဲ့ရတာနဲ့တူတယ် "
" အဲ့လိုပဲ ဖြစ်ရမယ် ။ အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို အစွမ်းထက်ကျင့်ကြံသူတွေ အများကြီး လာခဲ့ကြတယ်ဆိုပေမယ့် .. ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူကတော့ ရှားတယ်လေ "
" ဒီကောင်လေးကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ယူလာတာနဲ့ တူတယ်ကွ။ အဲ့ကျင့်ကြံသူ သေသွားတဲ့အချိန်မှာ ဒီကောင်လေးလဲ အထဲမှာပိတ်မိပြီး သေခဲ့ရတာနဲ့တူတယ် "
အားလုံး ထင်ရာကို ပြောလိုက်ကြပါသည်။ သူတို့ပြောခဲ့သည့် စကားများထဲမှ အများစုမှာလည်း အမှန်ပါပင် ။
ထိုစဥ်.. သားရဲငယ် ပုံရိပ်ယောင်က တစ်နေရာသို့ ရုတ်တရက် လှမ်းကြည့်ပြီး ဝုခနဲ မြည်သံပေး၍ ၎င်းနေရာဘက်သို့ ပြေးဝင်သွား၏။
လက်ရှိတွင် တိုက်ပွဲများအားလုံး ပြီးသွားခဲ့ပြီ ဖြစ်သဖြင့် လူများအားလုံး အားနေသည်ဟု ပြော၍ရပါသည်။
ထို့ကြောင့်.. သားရဲလေး လှုပ်ရှားသွားသည်နှင့် ..
ဝှစ် ..
အားလုံး၏ အကြည့်က သားရဲ ပြေးသွားသည့်ဘက် ရောက်သွားကြ၏။
ထိုနေရာဘက်တွင်ကား လောထျန်းတစ်ယောက် ခပ်ရှက်ရှက်ပုံဖြင့် ရပ်နေပါသည်။
" ဘာလို့ အဲ့လောက်အာရုံစိုက်နေကြတာလဲ "
သူ ရေရွတ်ပြီး ခေါင်းကုတ်လိုက်၏။
ဝေါင်း..
ထိုအချိန်မှာပင် သားရဲလေးက တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် လောထျန်းရှေ့သို့ ရောက်လာပါသည်။
လောထျန်း အနည်းငယ် ဆွံ့အသွားကာ လက်ကို အသာယမ်းလိုက်၏။
ဝုန်း...
သားရဲငယ် ပုံရိပ်ယောင်မှာ တမဟုတ်ချင်း နောက်သို့ လွင့်ထွက်သွားတော့သည်။
ဝုန်း..
ထို့နောက်တွင်ကား ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ သားရဲငယ်လေး၏ ပုံရိပ်က လေထဲ၌ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပါ၏။
" အိုး.. ဒီကောင်က ကျင့်ကြံခြင်းအဆင့်တူတဲ့ ပြိုင်ဘက်ကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်နိုင်တာပဲ ။ ဒီကောင်လေး ပါရမီအတော်အသင့်ပါတယ်လို့ ပြောရမယ် "
" အင်း.. ဆိုးတော့ မဆိုးပါဘူး ။ ဒါပေမယ့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော်လေးတော့ နိမ့်နေသေးတယ် "
" ဟင်.. သူ့ကို မြင်ဖူးနေသလိုပဲ "
" မြင်ဖူးတယ် ဟုတ်လား.. မင်းက သူ့ကို သိတာလား "
" မှတ်မိပြီ ... သူ့နာမည်က လောထျန်းပဲ ။ ဟို အရှုပ်အထွေးအဆင့်ထဲမှာ နောက်ဆုံးနေရာ ရထားတဲ့သူ "
" ဘယ်လို.. လောထျန်း.. ဟုတ်လား ။ သူက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ပထမရထားတဲ့သူလား "
" ဘာမဟုတ်တဲ့ ကောင်းကင်ဘုံအဆင့်က ကျင့်ကြံသူတစ်ယောက်ကတောင် ပထမရသွားတာဆိုတော့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက အဲ့လောက်တောင် အခြေအနေဆိုးသွားတာလား "
" အဲ့လိုလဲ မပြောနဲ့ဦးလေကွာ ။ သူက အစီအမံပညာရပ်မှာ ပါရမီထူးချွန်တာလဲ ဖြစ်နိုင်တာပဲ "
" ဟမ့်.. ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လောက် အစွမ်းထက်နိုင်မှာမို့လဲကွာ ။ လောလောဆယ် သူ့ကျင့်ကြံခြင်းအဆင့်က အခုထက် သုံးဆင့်လောက် ပိုမြင့်နေတယ်ဆိုရင်တောင် လွန်လွန်းနေသေးတယ် ။ အဲ့လိုဆိုရင်တောင် သူက စိတ်ဝိဥာဥ်မသေမျိုးအဆင့်ပဲ ရှိဦးမှာ "
" ပြီးတော့.. ငါကြားထားတာ အဲ့ကောင်လေးက ဟိုတလောလေးကတင် ကောင်းကင်ဘုံသားတော်ကို ရန်စခဲ့သေးတယ်တဲ့ "
" ဘယ်လို.. သူတို့ချင်း ဒီလောက်အစွမ်းကွာတာတောင် ကောင်းကင်ဘုံသားတော်ကို သွားပြီး ရန်စရဲ
တယ် ။ ကိုယ့်ကိုကိုယ် သတ်သေတာနဲ့ ဘာထူးတော့မှာလဲကွာ "
လူအုပ်ကြီး တစ်ယောက်တစ်ပေါက်ပြောရင်း လောထျန်းအား နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
ထိုစဥ် လေထဲမှ ကောင်းကင်ဘုံသားတော်ကလည်း လောထျန်းအား သတိထားမိသွားပါ၏။
အမှန်တိုင်း ဆိုရပါက ဤအဖြစ်ပျက် မတိုင်ခင်တွင် လောထျန်းအကြောင်း တွေးမိတိုင်း သူ ဒေါသပေါက်ကွဲကာ လောထျန်းအား အရှင်လတ်လတ် ဝါးစားချင်စိတ်ပင် ပေါက်ခဲ့ရပါသည်။
သို့သော်.. ယခု လောထျန်း၏ ကျင့်ကြံခြင်းအဆင့်ကို မြင်ပြီးချိန်တွင်မူ သူ ဆွံ့အသွားခဲ့ရသည်။
" ရယ်စရာကောင်းလိုက်တာကွာ ။ ငါကတော့ ဒီကောင်လေးကို အနည်းဆုံး ရွှေရောင်မသေမျိုးအဆင့်လောက် ရှိမယ်ထင်နေတာ ။ အဲ့ဒါမှလဲ ငါ သတ်ဖို့ တန်မှာ "
" အခုတော့ ဘာမဟုတ်တဲ့ ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူ တဲ့လား ။ သူ့ကို သတ်ရင် ငါ့လက်ပေတာပဲ အဖတ်တင်မယ် "
သူ ထိုသို့တွေးပြီး လောထျန်းအား ထပ်မကြည့်တော့ဘဲ လက်ကွက်အချို့လုပ်၍ နောက်ဆုံး ငါးခုမြောက် အရှုပ်အထွေးတံခါးပေါက်ကို ဖွင့်လိုက်ပါ၏။
ဝုန်း...
ကောင်းကင်ဘုံသားတော်၏ လက်ကွက်များ ပြီးသွားချိန်မှာပင် လေထဲ၌ နောက်ဆုံး အရှုပ်အထွေးတံခါးပေါက် ဖြည်းဖြည်းချင်း ပေါ်လာသည်။
" ဒါ နောက်ဆုံး အရှုပ်အထွေးတံခါးပေါက်ပဲ ။ အားလုံး သတိထားကြဟေ့ "
" ဒီတံခါးပေါက်ကို ဖြတ်နိုင်တာနဲ့ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲကို ဝင်လို့ရသွားပြီ "
ထိုတခဏ၌ အားလုံး စိတ်လှုပ်ရှားနေသည့် မျက်နှာထားကိုယ်စီ ဖြစ်သွားကာ လောထျန်းအား
မေ့သွားကြပါတော့သည်။
သို့သော် မကြာခင်မှာပင် အားလုံး၏ မျက်နှာထားများ ရုတ်ချည်း ပြောင်းသွားကြပြန်ပါ၏။
အဘယ့်ကြောင့်ဆိုသော် အရှုပ်အထွေးတံခါးပေါက်ရှေ့၌ အရှုပ်အထွေး အရောင်အဝါများ တဖြည်းဖြည်းတိုး၍ ဧရာမ လူသားတစ်ပိုင်း အရိပ်ကြီးအဖြစ် စုစည်းလာသောကြောင့်ပင် ။
" အဲ့ဒါ တံခါးစောင့်လား ။ ငါတို့တွေ အဲ့လောက်တောင် ကံဆိုးရတာလားကွာ "
တစ်ယောက်က အသံတုန်တုန်ဖြင့် ပြောသည်။
" ဘာကို ကံဆိုးတာလဲကွ "
သူ့ဘေးနားမှ အခြားတစ်ယောက်က နားမလည်နိုင်စွာ ပြန်မေးပါ၏။
တဖက်လူက တံတွေးကို ခက်ခက်ခဲခဲ မြိုချ၍ ပြောသည်။
" ကြားဖူးတာတော့ အရှုပ်အထွေးတံခါးပေါက် ငါးခု ပွင့်တိုင်းမှာ မတူတဲ့ ခက်ခဲမှုတွေနဲ့ စမ်းသပ်မှုတွေ ရှိ
တယ်တဲ့ကွ ။ အဲ့စမ်းသပ်မှုကိုတွေ ကျော်ဖြတ်နိုင်နဲ့သူမှသာ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲကို ဝင်နိုင်မှာတဲ့ "
အားလုံး သဘောပေါက်သွားကြသည်။
ထိုစဥ် အမျိုးသမီးတစ်ယောက်က ရုတ်တရက် မေး၏။
" ဒါဆိုရင် စောနက လေးခုမြောက် အရှုပ်အထွေးတံခါးပေါက်က ဘယ်လောက်ခက်တယ်လို့ ပြောလို့ရလဲ "
တဖက်လူ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" အလွန်ဆုံးဆိုရင်တောင်... အလယ်အလတ်အဆင့် အောက်မှာပဲရှိတာ "
" ဘယ်လို.. အလယ်အလတ်အဆင့်တောင် မရှိဘူး.. ဟုတ်လား ။ ဒီလောက် လူတွေအများကြီး ဒဏ်ရာရပြီး အများကြီး သေခဲ့ကြတာတောင် အလယ်အလတ်အဆင့် တဲ့လား "
တစ်ယောက်ကလည်း အသံတုန်တုန်ဖြင့် ဝင်ပြောသည်။
တဖက်လူ ခေါင်းညိတ်ပါ၏။
" အမှန်ပဲကွ ။ ငါ့မှာတော့ ငါတို့တွေ ဒီတစ်ကြိမ် ကံကောင်းတယ်လို့ ထင်နေခဲ့တာ .... "
ထိုစကားကို ပြောနေစဥ်တွင် သူ့မျက်နှာထက်၌လည်း စိတ်ပျက်ဟန် အထင်းသား ရှိနေပါသည်။
" သခင်ကြီး ၊ ဒီ တံခါးစောင့်က ဘယ်လောက်ခက်တာလဲဗျ ။ အလယ်အလတ်အဆင့်လောက်လား.. အဆင့်မြင့်တာလား "
အခြားတစ်ယောက်က စိတ်ဝင်တစား မေးလာသည်။
လူကြီးက စိတ်ပျက်လက်ပျက်ပုံဖြင့် ပြန်ပြော၏။
" နှစ်ခုလုံး မဟုတ်ဘူး "
" ဟင်.. ဒါဆိုရင် ... "
လူတချို့၏ မျက်နှာပေါ်တွင် ပြုံးရိပ်အနည်းငယ် ပေါ်လာပါသည်။
သို့သော် လူကြီးက စိတ်ပျက်လက်ပျက် ဖြစ်နေပုံဖြ
င့် ပြန်ပြော၏။
" အားလုံးထဲမှာ အခက်ခဲဆုံးပဲ ... "
" ဘယ်လို... "
သူ့စကားကို ကြားလိုက်သူများအားလုံး တုန်လှုပ်သွားကုန်ကြတော့သည်။
လူကြီးက သက်ပြင်းချရင်း ဆက်ပြော၏။
" ငါ ဒီအကြောင်းကို ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာလဲ ဖတ်ဖူးတယ် ။ အဲ့လူက အရှုပ်အထွေးနတ်ဘုရားမြို့တော်ရဲ့ တံခါးစောင့်ပဲ "
ထိုစဥ် အခြားတစ်ယောက်က ဖြတ်မေးပါသည်။
" တံခါးစောင့်ဆိုတာ ဘာလဲဗျ "
တဖက်လူကြီး ပြန်မဖြေနိုင်ခင်မှာပင် အခြားသူတစ်ယောက်က မနေနိုင်တော့ဟန်ဖြင့် ပြော၏။
" ဟား ဟား... ဒီကောင်ကြီးကို အနိုင်ယူနိုင်ရင် အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲကို ဝင်လို့ရပြီ မဟုတ်လား ။ ဒီကောင်က ငါ့အပိုင်ပဲ "
မသေမျိုးဘုရင်အဆင့် အဘိုးအိုတစ်ယောက် ကျယ်လောင်စွာ ပြောပြီး အော်ရယ်သည်။
ထို့နောက် သူ လေထဲ ပျံတက်လိုက်ပါ၏။ တစ်ချိန်တည်းနီးပါးမှာပင် အခြား မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ကလည်း လေထဲ ပျံတက်လာပါသည်။
" Qi Lao Er. မင်းက အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲကို အရင်ဆုံးဝင်နိုင်မယ်လို့ ထင်နေတာလား ။ အိမ်မက် ဆက်မက်လိုက်ပါဦးကွာ "
ထိုအဘိုးအိုက ရယ်ရင်း ဆိုသည်။
ချီလောင်အာက မျက်မှောင်ကြုံ့ရင်း နှာခေါင်းရှုံ့၏ ။
" ရှောက်လောင်ကွေ့ မင်းက မင်းကိုယ်မင်း ငါနဲ့ယှဥ်နိုင်လို့ ထင်နေတာပေါ့လေ "
အဘိုးကြီး ရှောက်လောင်ကွေ့က လှောင်ရယ်ပါသည်။
" ငါတို့ရဲ့ ကိုယ်ပိုင်အစွမ်းကိုပဲ အားကိုးကြတာပေါ့ကွာ "
" ကောင်းပြီလေ "
ချီလောင်အာကလည်း လှောင်ပြုံးဖြင့်ပင် ပြန်ပြောသည်။
ထို့နောက်တွင်ကား သူတို့နှစ်ယောက်လုံး ပုံရိပ်ယောင်ကြီးရှေ့သို့ ရှေ့ဆင့်နောက်ဆင့် ရောက်သွားကြပါသည်။
" သေစမ်းကွာ.. "
" ငါ့ရှေ့ကဖယ်စမ်း "
သူတို့နှစ်ယောက်သား တစ်ပြိုင်နက်တည်းလို အော်ပြီး ပုံရိပ်ယောင်အား တိုက်ခိုက်လိုက်ကြ၏။
ဝုန်း ...
မသေမျိုးဘုရင်အဆင့် အစွမ်းထက်ကျင့်ကြံသူ နှစ်ယောက်၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုမှာ ကြောက်စရာကောင်းလှပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်တော့မယောင်...
" ကောင်းလိုက်တာကွာ.. ဒီအဆင့်ကို အဲ့လောက်လွယ်မယ်လို့ ငါ မထင်ထားမိဘူး "
" ကဲ.. အခု ဝင်လို့ရပြီမလား "
၎င်းကိုကြည့်နေသော လူများစွာပင် စိတ်လှုပ်ရှားသွားကြပါသည်။
သို့သော်...
အွတ် ....
အစွမ်းထက် ကျင့်ကြံသူနှစ်ယောက်၏ တိုက်ခိုက်မှုများက ပုံရိပ်ယောင်ကြီးပေါ်သို့ ကျသည်နှင့် အစအနပင်မကျန်အောင် ရုတ်ချည်း ပျောက်ကွယ်သွားပါ၏။
" ဟင်.. ဘာတွေဖြစ်နေတာလဲ "
ထိုတခဏ၌ အားလုံး မှင်သက်ကုန်ကြသည်။
တစ်ချိန်တည်းတွင် ဧရာမ အရိပ်ကြီးက မျက်လုံးများ ဖြည်းဖြည်းချင်း ဖွင့်လာသည်။