← Chapters

အခန်း (၉၃၉+၉၄၀)

Vol. 66 Ch. 939+940

အခန်း (၉၃၉+၉၄၀)

Vol. 66 Ch. 939+940

Chapter 939

I really didnt want to kill u

လူထွားကြီးအော်ကာ လောထျန်းဆီသို့ မိုးကြိုးလိုအစွမ်းမျိုးဖြင့် ပြေးဝင်လာသည်။

" ဟမ့် အရူးနှစ်ကောင် ... "

အဘိုးအိုက ၎င်းကိုကြည့်ရင်း လှောင်ပြုံးဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် လူထွားကြီးတိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူ၍ မသေမျိုးဆေးပင် ဘေးနားလေးသို့ လှစ်ခနဲထွက်သွားပြီး ဆေးပင်ကို အမြန်နှုတ်ကာ ထွက်ပြေးမည့်ပုံ ပြင်လိုက်၏။

သို့သော် ထိုအချိန်တွင်...

ဝုန်း ...

သူ့အနောက်ဘက်နားလေးမှ ကြောက်မက်ဖွယ် အသံတစ်သံ ထွက်လာပါသည်။

" ဟင်.. ပုရွက်ဆိတ်လေးတစ်ကောင်ကို သတ်ဖို့ အဲ့လောက်အစွမ်းသုံးစရာ လိုလို့လားကွာ "

အဘိုးအို အံ့အားသင့်သွားကာ နောက်လှည့်ကြည့်လိုက်၏။

ပြီးနောက်တွင်ကား သူ့မျက်လုံးများ ပြူးကျယ်သွားပါတော့သည်။

တဖက်တွင်မူ ... သေနေသင့်ပြီဖြစ်သော လောထျန်းက အကောင်းတိုင်းရပ်လျက် ...

ထိုအစား .. လူထွားကြီးကသာ အပိုင်းပိုင်းပြတ်လျက် သေဆုံးနေလေပြီ ။

" မင်း.. မင်းက ကျင့်ကြံခြင်းအဆင့်ကို လျှို့ဝှက်ထားခဲ့တာလား ။ မင်း.. မသေမျိုးဘုရင်အဆင့် မဟုတ်လား "

အဘိုးအို လောထျန်းကိုကြည့်ကာ တုန်တုန်ယင်ယင် ပြောလိုက်၏။

မသေမျိုးဘုရင်အဆင့်မှ မဟုတ်လျှင်လည်း မသေမျိုးသခင်ကြီးအဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းသတ်ရန် မဖြစ်နိုင်ဘူးမဟုတ်ပါ

လား။

သို့သော် လောထျန်းက သူ့အမေးအား ခေါင်းယမ်း၍ ပြန်ပြောပါသည်။

" မဟုတ်ဘူး "

အဘိုးအို အသက်ပြင်းပြင်း ရှိုက်လိုက်၏။

" မသေမျိုးဘုရင်အဆင့် မဟုတ်ဘူးဆိုရင် မင်းဆီမှာ မူလမသေမျိုးလက်နက် ရှိနေတာများလား "

လောထျန်းထံတွင် မူလမသေမျိုးလက်နက် ရှိနေသည်ဆိုပါက မသေမျိုးသခင်ကြီးအဆင့် ကျင့်ကြံသူကို သတ်ရန် ဖြစ်နိုင်သည်မဟုတ်ပါလား ။

သို့သော် လောထျန်းက ခေါင်းထပ်ယမ်းပြပါ၏။

" မဟုတ်ဘူး "

" ဘယ်လို "

အဘိုးအို မှင်သက်သွားပါတော့သည်။

သူ ခေတ္တမျှ ဆွံ့အနေပြီးမှ ထပ်မေး၏။

" မဟုတ်ဘူးဆိုရင်.. မင်း ဟိုကောင့်ကို ဘယ်လို

သတ်ခဲ့တာလဲ "

လောထျန်း၏ အစွမ်းက ဘယ်လိုရှိမှန်း မသိရသေးသဖြင့် သူ မတိုက်ခိုက်ရဲသလို ထွက်လည်း မပြေးရဲသေးပါချေ။ ထွက်ပြေးလျှင် လောထျန်းက နောက်မှအလစ်တိုက်ခိုက်နိုင်သည် မဟုတ်ပါလား ။

သို့သော် လောထျန်းက လုံးဝ အပြစ်ကင်းသည့် မျက်နှာလေးဖြင့် ပြန်ပြောပါသည်။

" ကျုပ် သူ့ကိုသတ်ဖို့ တကယ်မရည်ရွယ်ခဲ့ဘူး ။ အဲ့ကောင်က သူ့ကိုယ်သူ သတ်သေသွားခဲ့တာ "

" မင်း... ဘာပြောလိုက်တယ် "

အဘိုးအို နားမလည်နိုင် ဖြစ်သွားရသည်။

လောထျန်းက တည်တည်ငြိမ်ငြိမ် ဆက်ပြော၏။

" သူ့ကိုယ်သူ သတ်သေသွားခဲ့တာလို့ ပြောတာလေ ။ သူ ကျုပ်ကို တိုက်ခိုက်မလို့ လုပ်နေတဲ့အချိန်မှာ ကျုပ်က သူ့ကို ဘယ်အကွက်သုံးပြီး ပြန်တိုက်ရမလဲ စဥ်းစားရင်း ခဏလောက်ငိုင်နေခဲ့တာ ။ အဲ့ချိန်မှာ သူက ကျုပ်ရဲ့ အကာအကွယ်အစွမ်းထဲ ဝင်တိုးမိပြီး သေသွားခဲ့တာပဲ "

တဖက်မှ အဘိုးအို အသံတိတ်သွားပါသည်။

အချိန်အတန်ကြာနေပြီးနောက်မှ သူ လှောင်ပြုံးဖြင့်ပြော၏။

" မောင်မင်းကြီးသား.. ငါ့ကို အဲ့လိုစကားတွေနဲ့ နောက်ပြောင်ရတာ ပျော်စရာကောင်းတယ်လို့ ထင်နေတာလား "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ကျုပ်က ဘယ်မှာနောက်ပြောင်နေလို့လဲ "

အဘိုးအိုက လူထွားကြီး၏အလောင်းကို ညွှန်ပြရင်း ပြန်ပြော၏။

" အဲ့တစ်ယောက်က မသေမျိုးသခင်ကြီးအဆင့် ကျင့်ကြံသူကွ ။ ဒါနဲ့များတောင် မင်းရဲ့ အကာအကွယ်အစွမ်းနဲ့ ဝင်တိုးမိပြီး သေသွားတယ် ၊ ဟုတ်လား ။ မင်းကိုယ်မင်း မသေမျိုးဧကရာဇ် ပြန်ဝင်စားတဲ့သူလို့များ ထင်နေလား "

လောထျန်း စိတ်ပျက်လက်ပျက်ဖြင့် ထပ်ပြောလိုက်ရသည်။

" ကျုပ် အမှန်တိုင်း ပြောနေတာပါ.. "

အဘိုးအို မျက်နှာမဲ့သွားပြီးမှ သက်ပြင်းချ၍ ပြော၏။

" ကောင်းပြီလေ ၊ ဒီတစ်ခေါက်တော့ ငါ ရှုံးသွားပြီလို့ပဲ သတ်မှတ်လိုက်မယ် ။ ဒီမသေမျိုးဆေးပင်ကိုလဲ မင်းပဲ ယူလိုက်ပါ ။ အခု ငါ့ကို ပေးသွားမယ်မလား "

လောထျန်းမှာ ပြန်ပြီးငြင်းချက်ထုတ်ရန် ပြင်လိုက်သေးသော်လည်း.. သူ မည်သို့ပင်ပြောပြော တဖက်လူက ယုံမည့်ပုံ မပေါ်သဖြင့် သက်ပြင်းချ၍ ခေါင်းသာညိတ်လိုက်၏။

" ကောင်းပါပြီ ၊ အဲ့ဆေးပင်ကို ချထားလိုက်ပါ "

အဘိုးအို စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီးမှ မသေမျိုးဆေးပင်အား မြေပြင်တွင် ငြင်ငြင်သာသာချကာ.. လောထျန်းနှင့် မျက်နှာချင်းဆိုင်ရက်သားဖြင့် နောက်သို့ ဖြည်းဖြည်းချင်းဆုတ်သွားလိုက်သည်။

တဖက်မှ လောထျန်းက ဆေးပင်ဆီသို့ လျှောက်သွားပြီး ခါးကုန်း၍ ယူရန် ပြင်လိုက်၏။

ထိုစဥ်တွင် ...

" သေစမ်းကွာ ... "

အဘိုးအို၏မျက်လုံးထဲ အနီရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားကာ လောထျန်းအား ဓားဖြင့်လှမ်းခုတ်လိုက်သည်။

အရှုပ်အထွေးအစွမ်း ပါဝင်သော မသေမျိုးဆေးပင်ကို သူ မည်သို့ အလွယ်တကူ လက်လျှော့နိုင်ပါမည်နည်း။

အစောပိုင်းက သူပြောခဲ့သည့်စကားများမှာလည်း လောထျန်းတစ်ယောက် စိတ်အေးလက်အေးဖြင့် သတိလတ်လွတ် ဖြစ်သွားစေချင်ရုံသာ .. ။ သို့ဆိုလျှင် သူ အလစ်တိုက်၍ ရပြီမဟုတ်ပါလား ။

သူ့ဓားချက်က လောထျန်းနားသို့ တိုးသွားသည်ကို ကြည့်ရင်း အဘိုးအို၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာပါ၏။

" ကောင်လေး.. အဲ့လောက်တောင် အ ရသလားကွာ

။ ငါက အဲ့ဆေးပင်ကိုတင်မကဘူး ၊ မင်းအသက်ကိုပါ ယူမှာကွ "

သူ တွေးလိုက်သည်။

သို့သော် ထိုစဥ်တွင် ...

ချွှင် ...

ကျွတ်ဆတ်ဆတ် အသံတစ်သံ ရုတ်တရက်ထွက်လာ၏။

" ဟင် .. "

အဘိုးအို အံ့သြတကြီး ဖြစ်နေစဥ်မှာပင် သူ့ဓားက တစ်စုံတစ်ခုနှင့် တိုက်မိသွားပုံပေါ်ကာ အပိုင်းပိုင်း ကျိုးပဲ့သွားပါတော့သည်။

" အဲ့ဒါ.. အကာအကွယ်အစွမ်းလား.. "

အဘိုးအို မျက်လုံးပြုးသွားကာ အလွန်လည်း တုန်လှုပ်သွားသည်။

" ဒီကောင်လေး ပြောခဲ့တာတွေက အမှန်တွေလား "

သူ ထိုဖြစ်နိုင်ချေကို စဥ်းစားမိပြီး ဓားချက်ကို ပြန်

ရုတ်သိမ်းရန် ကြိုးစားလိုက်သော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ ။

သူ လောထျန်းကို အသေသတ်ရန်စဥ်းစားပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သဖြင့် ... ၎င်းဓားချက်ကို တားရန် မဖြစ်နိုင်တော့ပါချေ။

တစ်ချိန်တည်းမှာပင် လောထျန်း၏ အကာအကွယ်အရောင်အဝါကလည်း အသက်ဝင်လာ၏။

" သွားပါပြီကွာ .... "

၎င်းမှာ အဘိုးအို၏ နောက်ဆုံးစကားများ ...

ဝုန်း ...

ထို့နောက်တွင်မူ လောထျန်းထံမှ ထွက်လာသည့် အကာအကွယ်အရောင်အဝါက အဘိုးအိုနှင့် ထိပ်တိုက်တွေ့သွားတော့၏။

အဘိုးအို၏ ခန္ဓာကိုယ် တမဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။

" ဟင် ... "

လောထျန်းတစ်ယောက် မြေပြင်မှ ဆေးပင်ကိုကောက်ယူပြီး၍ ခေါင်းပြန်မော့လာချိန်တွင်ကား အဘိုးအိုမှာ သွေးမှုန်များအဖြစ် ပြောင်းနေခဲ့လေပြီ ။

" မတော်တဆ ထပ်ဖြစ်ပြန်ပြီလား ... "

လောထျန်း ဆွံ့အသွားရပြန်ပါသည်။

သူ မြေပြင်တွင် အိုင်ထွန်းနေသော သွေးကွက်နှစ်ကွက်ကို တစ်လှည့် ၊ သူ့လက်ထဲမှ ဆေးပင်ကိုတစ်လှည့် ကြည့်ရင်း လုံးဝ ဆွံ့အမိနေပါ၏။

" ဒါလေးအတွက်နဲ့ အဲ့လောက်ကြီးလုပ်ဖို့ တန်လို့လားကွာ "

လောထျန်း သက်ပြင်းချလိုက်သည်။

သူ ထိုသို့ အတွေးနယ်ချဲ့နေစဥ်တွင် ...

ဝုန်း ....

ခပ်လှမ်းလှမ်းမှ ထွက်လာသော မြည်သံကျယ်တစ်

သံက သူ့အာရုံကို ဖမ်းခေါ်လိုက်နိုင်ပါ၏။

" ဟင်.. အဲ့ဒါ ဘာကြီးလဲ "

သူ စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်းထုတ်လွှတ်၍ စစ်ဆေးကြည့်လိုက်သည်။

တဖက်ရှိ ဂူတစ်ခုရှေ့တွင်ကား ... သွေးများရွှဲနေသည့် မိန်းမပျိုနှစ်ယောက် ရှိနေကာ သူတို့နှစ်ယောက်အား လူတစ်စုက ဝိုင်းအုံထားကြပါသည်။

" ဟား ဟား.. အောက်ကမ္ဘာက ဘာမဟုတ်တဲ့ အမှိုက်နှစ်စကများ ငါ့ရဲ့ ရတနာတွေကို လုချင်နေသေးတယ်ပေါ့ ။ ဒီနှစ်ယောက် သေဖို့ပဲကောင်းတယ် "

လူအုပ်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက လူယုတ်မာအပြုံးဖြင့် ပြောပါသည်။

" ရှင့်ရတနာကို လုတယ်ဆိုတဲ့စ​ကားက ဘာလဲ ။ ဒီသစ်သားစကို ကျွန်မတို့ အရင်တွေ့ခဲ့တာလေ "

မိန်းမပျိုတစ်ယောက်က ဒေါသတကြီး အံကြိတ်ကာ ပြော၏။

" ခုထိတောင် ပြန်ပြောရဲသေးတာပါလားကွ "

တဖက်လူ၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ အရောင်လက်သွားကာ လှုပ်ရှားရန်ပြင်လိုက်သည်။

ထိုစဥ်တွင် သူ့နောက်လိုက်ထဲမှ တစ်ယောက်က ရုတ်တရက်ပြောပါ၏။

" အကိုကြီးဖူ... ခဏလောက် စောင့်လိုက်ပါဦးဗျာ ။ အဲ့ကောင်မလေး နှစ်ယောက်လုံးမှာ ထူးခြားတဲ့အရည်အချင်းတွေရှိတယ် ။ ဒီတော့ ကျုပ်တို့တွေ သူတို့ကို ဒီတိုင်းအရှင်ဖမ်းပြီး သခင်ကြီး ထျန်းရှန့်ကျီအတွက် ပျော်တော်ဆက်ဖို့ ပေးလိုက်ရင်မကောင်းဘူးလား "

အကိုကြီးဖူ ဆိုသူက ထိုလူကို ပြန်ကြည့်ကာ ပြောသည်။

" မင်းက ကောင်းကင်ဘုံသားတော်ကို ဘာထင်နေတာလဲ ။ သူက ထူးခြားခန္ဓာကိုယ်တွေနဲ့ ပါရမီထူးတဲ့ မိန်းမမျိုးကိုမှ လိုချင်တာကွ ။ ဒီနှစ်ယောက်က အရည်အချင်းရှိတာ မှန်ပေမယ့် သူတို့မှာ ထူးခြားခန္ဓာကိုယ်တွေတောင် ရှိတာမဟုတ်ဘူးလေ ။ ကောင်းကင်ဘုံသားတော်က သူတို့ကို ဘယ်လိုလုပ်

ပြီး စိတ်ဝင်စားမှာလဲ "

ထိုစကားကို ကြားသောအခါ သူ့နောက်လိုက်က ရယ်ရင်း ပြော၏။

" အကိုကြီးပြောတာ မှန်ပါတယ် ။ ကောင်းကင်ဘုံသားတော်က သူတို့ကို ခေါင်းထဲမထည့်မှာ မှန်ပေမယ့် သူ့နောက်လိုက်တွေကတော့ သဘောကျမှာဗျ "

အကိုကြီးဖူ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" မင်း ပြောတဲ့သဘောက..... "

တဖက်လူက မြန်မြန်ထပ်ပြော၏။

" အကိုကြီးလဲ တွေ့တာပဲဗျာ ။ ဒီမိန်းကလေးနှစ်ယောက်က အင်မတန်လှပြီး ခန္ဓာကိုယ်အချိုးအစားလဲ အင်မတန်ကို ကောင်းတာ ။ သူတို့လိုပုံမျိုးက ချင်းယွမ်ဒေသမှာတောင် ရှားတယ်ဗျ ။ အဲ့တော့ သူတို့ကို ဒီတိုင်းကြီးသတ်လိုက်မယ့်အစား ကျုပ်တို့လို တပည့်တပန်းတွေအတွက် ပျော်စရာလေး ဖန်တီးပေးလိုက်တာ ပိုမကောင်းဘူးလားဗျာ ။ အနည်းဆုံးဆိုရင်တောင် သူတို့ရဲ့ အသက်အစွမ်းတွေကို ကျုပ်တို့ ကျင့်ကြံခြင်းအတွက် စုပ်ယူလို့ရတယ်လေ "

စကားဆုံးအောင် နားထောင်ပြီးနောက် အကိုကြီးဖူ ခေါင်းအသာညိတ်လိုက်သည်။

" အင်း.. မင်းပြောတာ စိတ်ဝင်စားစရာ ကောင်းသားပဲ . "

ထို့နောက်တွင် သူ မိန်းမပျိုနှစ်ယောက်ဆီသို့ အပြုံးမျက်နှာဖြင့် လျှောက်သွား၏။

" ရှင်.. ရှင်.. ဘာလုပ်မလို့လဲ "

၎င်းကိုမြင်သော တဖက်မိန်းမပျိုနှစ်ယောက် မျက်နှာထား ချက်ချင်းပြောင်းသွားကာ နောက်သို့ အသည်းအသန် ဆုတ်လိုက်ကြသည်။

အကိုကြီးဖူဆိုသူက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" မင်းတို့က ငါ့အပိုင်ပစ္စည်းတွေကို ယူဖို့ကြိုးစားခဲ့တာဆိုတော့ အဲ့အတွက် ပြန်ပေးဆပ်ရမှာပဲလေ "

သူ ပြောကာ မိန်းမပျိုများ၏ အနားသို့ ဆက်တိုးသွားသည်။

မိန်းမပျိုနှစ်ယောက်လုံး လဲကျတော့မလို ဖြစ်သွားကြပါ၏။

ချွှင် ...

သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က ဓားဆွဲထုတ်ကာ အံကြိတ်၍ဆိုသည်။

" သတိပေးလိုက်မယ်နော်.. ကျွန်မတို့က ထျန်းယွမ်ကမ္ဘာ၊ ယောင်ချီဂိုဏ်းက တပည့်တွေပဲ ။ ယောင်ချီဂိုဏ်းက သခင်လေးလောထျန်းနဲ့ အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိထားတာ ။ ရှင်တို့သာ ကျွန်မတို့ကို အန္တရာယ်ပေးရင် သခင်လေးလောထျန်းက ရှင်တို့ကို အလွတ်ပေးမှာမဟုတ်ဘူး "

အကိုကြီးဖူဆိုသူမှာ စစချင်းတွင် မှင်သက်နေသေးသော်လည်း တခဏအကြာတွင် အသံကျယ်ဖြင့် အော်ရယ်၏။

" မင်းတို့ ကြားလိုက်ကြလား ။ ဒီနှစ်ယောက်က ဟို ဘာမဟုတ်တဲ့ လောထျန်းဆိုတဲ့ကောင်ရဲ့ နာမည်သုံးပြီးတော့များ ငါ့ကို ခြိမ်းခြောက်နေသေးတယ် ။ ရယ်စရာကောင်းလိုက်တာကွာ "

Chapter 940

The Land of Eternal Rest

" လျှောက်ပြောမနေနဲ့ ... သခင်လေးလောထျန်းက ဘာကိစ္စကြောင့် အမှိုက်ဖြစ်ရမှာလဲ "

မိန်းမပျိုတစ်ယောက်က ဒေါသတကြီး ပြန်ရန်တွေ့သည်။

တဖက်မှ အကိုကြီးဖူက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" အစောပိုင်းက အရှုပ်အထွေးတံခါးပေါက်ရှေ့မှာ ဖြစ်သွားတာကို အားလုံးလဲ တွေ့လိုက်ကြတာပဲ ။ အဲ့ လောထျန်းဆိုတဲ့ကောင်က ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူပဲ ရှိသေးတာ ။ အဲ့အဆင့်လောက်နဲ့ အမှိုက်ကလွဲပြီး ဘာဖြစ်မှာမို့လဲကွာ ။ ဒါမဟုတ်ရင် အရှုပ်အထွေးတံခါးပေါက်က အမှားလုပ်လိုက်တာလား "

သူ့စကားဆုံးချိန်တွင် သူ့နောက်မှ လူအုပ်ကလည်း အသံကျယ်ဖြင့် အော်ရယ်လိုက်ကြသည်။

ယောင်ချီမှ မိန်းမပျိုနှစ်ယောက်မှာမူ မျက်နှာများ သွေးဆုတ်ဖြူရော်သွားကြ၏။

အကိုကြီးဖူက လှောင်သံဖြင့် ထပ်ရယ်ပါသည်။

" ကဲ... ငါသာ မင်းတို့နေရာမှာဆို ဆက်ပြီး ခုခံနေတော့မှာ မဟုတ်ဘူးကွ ။ အဲ့ကျရင် အနည်းဆုံးတော့ နာကျင်တာ သက်သာမှာပဲ "

သူ ပြောပြီး နောက်မှလူအုပ်ကို ဦးဆောင်ကာ မိန်းမပျိုများဆီ ဆက်တိုးသွားလိုက်သည်။

" ရှင်... ရှင်တို့တွေ... "

မိန်းမပျိုနှစ်ယောက်မှာ ရှေ့မှလူအုပ်ကိုကြည့်ရင်း ကူကယ်ရာမဲ့ မျက်နှာထားများ ဖြစ်သွားကြကုန်၏။

သို့သော်.. ထိုစဥ်တွင်..

" မင်းတို့အားလုံး သေချင်နေကြပြီနဲ့တူတယ် "

သူတို့နောက်မှ အေးစက်စက် အသံတစ်သံ ထွက်လာပါသည်။

" ဟင်.. ဘယ်ကောင်လဲ "

အကိုကြီးဖူနှင့် လူစု အံ့အားသင့်သွားကာ နောက်သို့ ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။

သူတို့နောက်တွင်ကား ဘယ်အချိန်က ရောက်နေမှန်းမသိသည့် လောထျန်း ....

" သခင်လေးလောထျန်း ... "

တဖက်မှ မိန်းမပျိုနှစ်ယောက်မှာမူ လောထျန်းကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားကြသည်။

လောထျန်းက သူတို့ကိုကြည့်ပြီး ခေါင်းအသာညိတ်ပြ၏။

ထို့နောက် အကိုကြီးဖူဆိုသူနှင့် လူစုအား သူ လှမ်းကြည့်လိုက်သည်။

အကိုကြီးဖူမှာလည်း လောထျန်းကိုမြင်ပြီး မျက်လုံးများ အရောင်လက်သွားပါ၏။

" လောထျန်း.. ဟုတ်လား ၊ ဟား ဟား.. မင်းကိုး.. ။ ငါ့ကံကလဲ ကောင်းလိုက်တာကွာ "

သူ အသံကျယ်ဖြင့် အော်ရယ်သည်။

" မင်း ဘာတွေပြောနေတာလဲ "

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

အကိုကြီးဖူက လှောင်သံဖြင့် ဆက်ပြောပါသည်။

" လောထျန်း ၊ မင်းက ဘယ်လောက်တောင် တုံးအလို့ ကောင်းကင်ဘုံသားတော်ကို ရန်စခဲ့ရတာလဲဆိုတာ ငါ တကယ်ကိုနားမလည်ဘူး ။ ဒီနေ့ မင်းရဲ့ခေါင်းကိုသာ ကောင်းကင်ဘုံသားတော်ဆီ ယူသွားပေးရင် သူက ငါ့ကို ဆုကောင်းကောင်းကြီးချမှာ သေချာတယ် "

သူ့စကား ဆုံးဆုံးချင်းမှာပင် ငါ့နောက်လိုက်တစ်ယောက်က ဝင်ပြောပါ၏။

" အကိုကြီးဖူ ၊ ကျုပ်တို့ ဒီကောင့်ကို အတူတူတွေ့တာလေဗျာ "

အကိုကြီးဖူ မျက်နှာကြီး သုန်မှုန်သွားသည်။

" လျှောက်ပြောမနေကြနဲ့ ။ ဟိုမိန်းကလေးနှစ်ယောက်ကို မင်းတို့အပိုင်ပေးမယ် ။ လောထျန်းရဲ့ခေါင်းကိုတော့ ငါပဲယူမယ် "

ထိုစကားကို ကြားချိန်တွင် တဖက်လူ ရှက်သွားပုံပေါ်သော်လည်း ခေါင်းညိတ်၍ ပြန်ပြော၏။

" ဟုတ်ကဲ့.. ကျုပ်တို့ အကိုကြီးပြောတဲ့အတိုင်း လုပ်ပါ့မယ် "

အကိုကြီးဖူ လှောင်ပြုံး ပြုံးကာ လောထျန်းဆီ ဆက်သွားလိုက်သည်။

" လောထျန်း.. သေဖို့သာပြင် "

ဝုန်း ....

ချက်ချင်းမှာပင် ခေါင်းတစ်လုံး လေထဲလွင့်လာပါသည်။

" ဟီးဟီး.. ဒီကောင်က အစွမ်းနိမ့်လွန်းတော့ တစ်ချက်တည်းနဲ့မင် ခေါင်းပြုတ်သွားတာပဲ "

အကိုကြီးဖူ၏ နောက်လိုက်များက ထိုမြင်ကွင်းကိုကြည့်ရင်း လှောင်ရယ်ကြသည်။

သို့သော် သူတို့ ရယ်နေရင်းတစ်ဝက်မှာတင် တစ်

ယောက်က ရုတ်တရက်ပြောလာ၏။

" ခဏနေဦး.. တစ်ခုခုတော့ လွဲနေသလိုပဲ ။ ကြည့်ရတာ အဲ့ဒါ အကိုကြီးဖူရဲ့ခေါင်း ထင်တယ် "

" ဘယ်လို.. "

အားလုံး အံ့သြမှင်သက်ကုန်ကြသည်။

ထို့နောက် ကိုယ့်မျက်လုံးကိုယ် လက်ဖြင့်ပြန်ပွတ်၍ သေချာကြည့်လိုက်ရာ .... သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

အမှန်တွင်လည်း လေထဲလွင့်လာသည့်ခေါင်းပြတ်မှာ လောထျန်း၏ခေါင်း မဟုတ်ပါချေ။

၎င်းမှာ သူတို့ အကိုကြီးဖူ၏ ခေါင်းပင် ။

" အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ လောထျန်းက ကောင်းကင်ဘုံအဆင့်မှာပဲ ရှိသေးတာမဟုတ်ဘူးလား ။ သူက ဘယ်လိုလုပ်ပြီးတော့ အကိုကြီးဖူကို အနိုင်ရသွားတာလဲ "

" တစ်ခုခုတော့ လွဲနေပြီ "

သူတို့လူစု ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

ထိုစဥ်တွင် လောထျန်းက သူ့ရှေ့တွင်သေနေသော အကိုကြီးဖူ၏ အလောင်းကို အေးစက်စက်ကြည့်ရင်း ပြော၏။

" အခု မင်းတို့အလှည့် "

" လူခွဲပြီး ပြေးကြဟေ့ "

တဖက်မှ နောက်လိုက်တစ်ယောက်က အော်ပြောသည်။

သူတို့လူအုပ်ထဲ၌ အကိုကြီးဖူသည် အစွမ်းအထက်ဆုံး ဖြစ်ပါသည်။

ယခု အကိုကြီးဖူကပင် သေသွားခဲ့ပြီဖြစ်ရာ သူတို့အနေဖြင့် လောထျန်းကို အနိုင်ရစရာအကြောင်း မရှိပါချေ။

သို့ဖြစ်ရာ သူတို့အနေဖြင့် လူခွဲပြီး ထွက်ပြေးခြင်းက လွတ်ရန်အခွင့်အလမ်း ပိုများသည်မဟုတ်ပါလား ။

သို့သော်.. အံ့သြစရာကောင်းသည်မှာ လောထျန်းက ထွက်ပြေးနေသော သူတို့နော​က်သို့ လိုက်ချင်ဟန် လုံးဝမပြခြင်းပင် ။

" ဟင်.. ဒီကောင်က ငါတို့ကို မသတ်ဘူးလား "

နောက်လိုက်များထဲမှတစ်ယောက်က လောထျန်းဘက်သို့ တအံ့တသြလှည့်ကြည့်၍ ရေရွတ်သည်။

တဖက်ရှိ ယောင်ချီမှ မိန်းမပျိုနှစ်ယောက်ကလည်း လောထျန်းကိုကြည့်ကာ အံ့သြနေပုံပေါက်ပါ၏။

" သခင်လေးလောထျန်း ၊ သူတို့နောက်ကို မလိုက်ဘူးလား "

လောထျန်းက မထူး​ခြားဟန်ဖြင့်သာ ပြန်ဖြေသည်။

" အဲ့လို အသေကောင်တွေကို ဘာကိစ္စလိုက်နေရမှာလဲ "

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

တဖက်မှ အမျိုးသမီးနှစ်ယောက် အံ့သြသွားပါ၏။

လောထျန်းက ထပ်မဖြေပါချေ။

သို့သော်.. ထိုအချိန်၌ ခပ်လှမ်းလှမ်းသို့ရောက်နေကြသည့် ထွက်ပြေးနေသူများ ရုတ်တရက် ရပ်သွားကြ၏။

ထို့နောက်တွင်..

ဝုန်း ...

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ သူတို့အားလုံး သွေးမှုန်များအဖြစ်ပြောင်းကာ သေသွားကြပါတော့သည်။

" ဒါ.... "

မိန်းမပျိုနှစ်ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

" သခင်လေးလောထျန်း.. သူတို့တွေ ဘာဖြစ်သွားကြတာလဲ "

သူတို့ အသံတုန်တုန်ဖြင့် မေး၏။

လောထျန်းက အေးဆေးပင်ပြန်ဖြေသည်။

" သူတို့တွေ ထွက်ပြေးတဲ့အချိန်မှာ ကျုပ် သိုင်းကွက်သုံးခဲ့တာလေ "

မိန်းမပျိုနှစ်ယောက်သား စိတ်လှုပ်ရှားမှုပြည့်နေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

ထိုသို့သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းတွင်သာ ရှိသည်ဆိုခြင်းက ဟုတ်နိုင်ပါမည်လား ။

သတင်းအမှားသာ ဖြစ်ရပါမည်။

ထိုစဥ် လောထျန်းက သူတို့နှစ်ယောက်ကိုကြည့်ကာ ပြောလာ၏။

" ဒါနဲ့... ခုနက မင်းတို့တွေ ဘယ်လိုဖြစ်ကြတာလဲ "

လောထျန်းအမေးကိုကြားမှ မိန်းမပျိုနှစ်ယောက် အသိပြန်ဝင်သွားကြသည်။

" ဒီလိုပါ သခင်လေး ၊ ကျွန်မတို့နှစ်ယောက် ဒီနေရာကို အတူတူတည်နေရာရွှေ့ပြောင်းခံရပြီး ရောက်လာ

တာပါ ။ အဲ့မှာ လိုက်ရှာကြည့်ရင်းနဲ့ ထူးခြားတဲ့နေရာတစ်ခုကို မတော်တဆ တွေ့သွားခဲ့တယ်ရှင့် "

" ဒါပေမယ့် အဲ့နေရာက ကျွန်မတို့အတွက် အရမ်းအန္တရာယ်များတဲ့ပုံ ပေါ်တာမို့ ထူးခြားတဲ့ သစ်သားစလေးတစ်ခုပဲ ယူပြီး ထွက်ပြေးလာခဲ့တာ "

သူမ ပြောပြီးသည်နှင့် အကျ်ီလက်ထဲတွင် ဖွက်ထားသော သစ်သားစတစ်ခုကို ထုတ်လိုက်သည်။

လောထျန်း ၎င်းကိုကြည့်ကာ ခေါင်းအသာညိတ်လိုက်၏။

" အဲ့သစ်သားစမှာ အရှုပ်အထွေးအစွမ်းတွေ ပါနေတာပဲ.. ပါတဲ့ပမာဏကလဲ တော်တော်များတယ် ။ ဟိုကောင်တွေက ဒီသစ်သားကို မင်းတို့လက်ထဲကနေ လုဖို့ ကြိုးစားခဲ့ကြတာလား "

လောထျန်း မေးသည်။

အမျိုးသမီးနှစ်ယောက် ပြိုင်တူခေါင်းညိတ်ပြကြ၏။

သူတို့နှစ်ယောက်ထဲမှ အကြီးတစ်ယောက်က ခေတ္တ

မျှ တွန့်ဆုတ်နေပြီးမှ ပြောပါသည်။

" သခင်လေးလောထျန်းကို ဒီပစ္စည်းလေး ပေးပါ့မယ် "

ကျန်တစ်ယောက်မှာလည်း ထိုစကားကိုကြားမှ အသိပြန်ဝင်ကာ ခေါင်းမြန်မြန်ညိတ်ပြသည်။

လောထျန်း နှုတ်ခမ်းတွန့်ရုံပြုံးပြီး သစ်သားစအား မိန်းမပျိုနှစ်ယောက်ဆီ ပြန်ပစ်ပေးလိုက်၏။

" အဲ့ဒါ မင်းတို့ရထားတဲ့ အခွင့်ကောင်းလေကွာ ။ ကိုယ့်ဘာသာပဲ သိမ်းထားကြပါ "

" အင် ... "

လောထျန်းက ထိုသို့ ချက်ချင်းကြီး ပြန်ငြင်းမည်ဟု ထင်မထားသဖြင့် မိန်းမပျိုနှစ်ယောက် အံ့အားသင့်သွားကြပါသည်။

ထိုအချိန်တွင် လောထျန်းက ရုတ်တရက်မေး၏။

" ဒါနဲ့ ... မင်းခုနကပြောတာ ဒီသစ်သားကို တွေ့ခဲ့တဲ့နေရာက အရမ်းထူးခြားတယ်ဆို "

မိန်းမပျိုနှစ်ယောက် ပြိုင်တူ ခေါင်းညိတ်ပြကြသည်။

" ဟုတ်တယ်ရှင့် ။ ဒါပေမယ့် အဲ့နေရာက ကြောက်စရာကောင်းလွန်းလို့ ကျွန်မတို့ ခဏလေးပဲကြည့်ပြီး ချက်ချင်းပြန်ထွက်လာကြတာ "

" ကျုပ်ကို အဲ့နေရာဆီ ခေါ်သွားပေးပါလား "

လောထျန်း ပြောလိုက်သည်။

လျှို့ဝှက်ဒေသထဲတွင် ထူးခြားသောနေရာများ၌ အခွင့်ကောင်းများ များများရှိတတ်သည်ကို သူသိသည် မဟုတ်ပါလား။

ယခု အခွင့်ကောင်းကို ရှာတွေ့ပြီဖြစ်ရာ ဘာအတွက် လက်လွတ်ခံပါမည်နည်း ။

" ဟုတ်.. ဟုတ်ကဲ့ "

အမျိုးသမီးနှစ်ယောက် ကြောက်ရွံ့နေသည့် မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီးမှ ခေါင်းညိတ်လိုက်ကြပါသည်။

ထို့နောက်တွင်.. သူတို့ လောထျန်းအား ဂူတစ်ခုဆီ

ဦးဆောင်ခေါ်လာခဲ့ကြ၏။

" သခင်လေး... အဲ့နေရာပါ ။ ကျွန်မ.. ကျွန်မတို့ ရှေ့ဆက်မတိုးရဲတော့လို့ပါရှင် "

သူတို့ ခပ်လှမ်းလှမ်းမှ ဂူအား ညွှန်ပြရင်း အသံတုန်တုန်ဖြင့်ဆိုသည်။ သူတို့၏ ခန္ဓာကိုယ်များလည်း အထိန်းကွပ်မဲ့ တုန်ယင်နေပါ၏။

သူတို့ပုံမှာ အစွမ်းတစ်ခု၏ ဖိနှိပ်ခြင်းကို ခံနေရပုံပါပင် ။

လောထျန်းက ၎င်းကိုကြည့်ရင်း ခေါင်းအသာညိတ်သည်။

" ကောင်းပြီ ၊ ဒါဆို မင်းတို့ နောက်နည်းနည်းဆုတ်ပြီး စောင့်နေခဲ့ကြ ။ ကျုပ် အထဲမှာဘာတွေရှိလဲ သွားကြည့်လိုက်ဦးမယ် "

မိန်းမပျိုနှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်ကာ ပြိုင်တူ ပြန်ပြောကြ၏။

" သခင်လေး.. ကျေးဇူးပြုပြီး သတိတော့ထားပါနော် "

လောထျန်း ခေါင်းညိတ်ကာ ဂူဆီသို့ ခြေလှမ်းလိုက်ပါသည်။

ဝီ..

သူ ဂူထဲသို့ ခြေချလိုက်စဥ်မှာပင် ခပ်စူးစူး အသံတစ်သံ ထွက်လာပါ၏။

" ငါ အနားယူတဲ့ ပိုင်နက်ထဲကို ကျူးကျော်ရဲတာ ဘယ်ကောင်လဲကွ "

All Chapters