အခန်း (၉၄၅+၉၄၆)
Vol. 66 Ch. 945+946
Chapter 945
The Holy Son of the Black dragon court
" အရှုပ်အထွေးခန္ဓာကိုယ် .. ဟုတ်လား "
သူ့စကားကို ကြားသည်နှင့် မိန်းမပျိုနှစ်ယောက်လုံး စိတ်လှုပ်ရှားသွားကြသည်။
အမှန်တွင်မူ အရှုပ်အထွေးအစွမ်း ပါဝင်နေသည့် သစ်သားအပိုင်းလေးအား ရခဲ့စဥ်ကတည်းက သူတို့လာခဲ့ရသည့် ခရီးမှာ တန်သွားပြီဟု ယူဆနေခဲ့ပြီးသား ဖြစ်ပါသည်။
ယခု မျှော်လင့်မထားစွာပင် ဤနေရာ၌ အရှုပ်အထွေးခန္ဓာကိုယ်ကို ရစေနိုင်သည့် ကျောက်ရိုင်းတုံးပင် ရှိနေသေးသတဲ့ ။
သူတို့နှစ်ယောက် ဖြစ်သွားသည့် မျက်နှာထားကိုကြည့်ရင်း စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက မြန်မြန်ထပ်ပြောသည်။
" ကျုပ် ခုနကပြောတာ သီအိုရီအရပဲ မှန်တာနော် ။ တကယ်က အဲ့လိုကျောက်ရိုင်းမျိုးကို တူးဖို့ အင်မတန်ခက်တယ် "
မိန်းမပျိုနှစ်ယောက် ပြန်ငြိမ်ကျသွားကြသည်။
သူတို့ ထိုသို့ပြောနေရင်းမှာပင် သတ္ထုတွင်းသို့ ရောက်လာခဲ့ကြပါ၏။
သို့သော် ထိုနေရာ၌ သူတို့ထက်အရင် ရောက်နှင့်နေသည့် ထောင်ပေါင်းများစွာသော လူအုပ်ကြီးလည်း ရှိနေပါသည်။
ထိုလူများကလည်း ဤနေရာမှ ကျောက်ရိုင်းတုံး၏ ထူးခြားပုံကို သိထားဟန်ပါပင် ။
ထိုစဥ်မှာပင် တအံ့တသြ အော်သံတစ်သံ ထွက်လာ၏။
" ဟင် ... "
လောထျန်း အသံလာရာဘက် လှမ်းကြည့်လိုက်ရာ ... အရှုပ်အထွေးအစွမ်းများ ပါဝင်နေသည့် ကျောက်ရိုင်းတစ်တုံးကို လက်ထဲကိုင်ထားပြီး မျက်နှာမာထန်စွာ ရပ်နေသည့် အဘိုးအိုတစ်ယောက်အား တွေ့လိုက်ရသည်။
" သုံးခုမြောက်တောင် ရှိသွားပြီလား "
" ဘုရားရေ ... နာရီဝက် မပြည့်သေးခင်မှာတောင် ဒုတိယအဆင့် ကျောက်ရိုင်းတုံးတစ်တုံးနဲ့ ပထမအဆင့် အရှုပ်အထွေး ကျောက်ရိုင်းတုံးနှစ်ခုကို ရှာတွေ့ခဲ့တာပဲ "
" ဘယ်လို ပါရမီရှင်မျိုးမို့လဲ မသိပါဘူးကွာ "
လူအုပ်ကြီး တအံ့တသြ ရေရွတ်လိုက်ကြသည်။
ထိုစဥ်မှာပင် အမည်းရောင်ဝတ် လူကြီးက လက်ထဲမီ ကျောက်ရိုင်းတုံးကိုကြည့်ရင်း ပြုံး၍ ပြော၏။
" ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကသူတွေ.. အခုတော့ ယုံကြပြီလား ။ မင်းတို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက ငါတို့ မဟူရာနဂါးခုံရုံးနဲ့ ယှဥ်လိုက်ရင်တော့ အမှိုက်တွေပါပဲကွာ ။ ဒီစကားကို ဘယ်သူငြင်းချင်သေးလဲ "
ထိုစကားကို ကြားသည်နှင့် သူ့မျက်နှာချင်းဆိုင်တွင် ရှိနေကြသူများအားလုံး မျက်နှာပျက်ကုန်ကြ
ပါသည်။
" ဟမ့်... မင်းက အကြောင်းတိုက်ဆိုင်လို့သာ ကျောက်ရိုင်းတုံးကို တွေ့သွားတာပါကွာ "
လူများထဲမှ တစ်ယောက်က မကျေမနပ် ဆိုသည်။
အမည်းရောင်ဝတ်လူကြီးက အပြုံးဖြင့် ထပ်ပြော၏။
" တိုက်ဆိုင်တာ ဟုတ်လား ။ တစ်ခုတည်းဆိုရင်တော့ တိုက်ဆိုင်တာ ဖြစ်နိုင်သေးပေမယ့် သုံးခုဆက်တိုက်ကြီးဆိုရင်တော့ တိုက်ဆိုင်တာ ဟုတ်ပါဦးမလားကွာ ။ မင်းတို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက သူတွေက ကိုယ့်အရှုံးကိုယ်တောင် ဝန်မခံရဲလောက်တဲ့အထိ တော်တော်အရှက်မရှိကြတာပဲ "
" မင်း... "
တဖက်လူ ဒေါသူပုန်ထသွားပါသည်။
သို့သော် ထိုစဥ်တွင် လူတစ်ယောက်က လက်ဆန့်ထုတ်၍သူ့ကိုတားပြီး ဝင်ပြောသည်။
" သခင်ကြီး ၊ ကျုပ်တို့ တကယ်ရှုံးခဲ့တာမှန်တယ် ဆိုပေမယ့်... ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ
ဘက်က လုံးဝကြီး ရှုံးသွားတာလို့ ပြောမရသေးဘူးလေ "
" အိုး.. အဲ့လိုလား "
အမည်းရောင်ဝတ်လူကြီး အော်ရယ်လိုက်၏။
တဖက်လူက စကားဆက်သည်။
" ကျုပ်တို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာက တကယ်လဲ အစွမ်းထက်တဲ့ ပါရမီရှင်တွေနဲ့ ပြည့်နေတာ ။ ဥပမာ သခင်လေးလောထျန်း နဲ့ သခင်မလေး ယွဲ့လီ တို့လိုပေါ့ ။ သူတို့နှစ်ယောက်ထဲက တစ်ယောက်သာ ဒီမှာရှိနေရင် မင်းတို့ကို အနိုင်ယူနိုင်မှာ သေချာတယ် "
ထိုစကားကို ကြားသောအခါ အမည်းရောင်ဝတ်လူကြီးက အားပါးတရ အော်ရယ်သည်။
" လောထျန်းနဲ့ ယွဲ့လီ.. ဟုတ်လား ။ ငါ့မျက်လုံးထဲမှာတော့ သူတို့နှစ်ယောက်လုံးက သာမာန်ထက်မပိုပါဘူးကွာ ။ အဲ့လိုလူတွေကို မင်းတို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကပဲ ပါရမီရှင်အဖြစ် သတ်မှတ်ကြတာ ။ ငါတို့ မဟူရာနဂါးခုံရုံးမှာဆို သူတို့တွေ အပြိုင်ဂိုဏ်းသား ဖြစ်ဖို့တောင်
အရည်အချင်းပြည့်မှာ မဟုတ်ဘူး "
" မင်း ဘာစကားပြောတာလဲ "
သူ့စကားက တဖက်လူအုပ်၏ ဒေါသကို ချက်ချင်းဆွပေးလိုက်နိုင်ပါ၏။
အမည်းရောင်ဝတ်လူကြီးက ရယ်သည်။
" ဘာလဲ... ငါပြောတဲ့ထဲမှာ အမှားပါလို့လား ။ တကယ်လို့ မင်းတို့ မကျေနပ်ဘူးဆိုရင် ကိုယ့်လူတွေကို လှမ်းခေါ်လိုက်ကြလေကွာ ။ ပြီးရင် ငါတို့ချင်း လက်ရည်စမ်းကြတာပေါ့ "
သူ့စကားဆုံးသည်နှင့် အနားရှိလူအုပ်ကြီး လှုပ်လှုပ်ရွရွ ဖြစ်သွားကြပါ၏။
" ဟုတ်သားပဲ... လောထျန်းနဲ့ ယွဲ့လီတို့ကို အသံလွှင့်နည်းသုံးပြီး ခေါ်လိုက်ပါလား "
" ဟုတ်တယ်.. သူတို့နှစ်ယောက်က အဲ့လောက်စွမ်းတယ်ဆိုရင် ငါတို့ရဲ့ နတ်ဘုရားသားတော်နဲ့ ယှဥ်ခိုင်းလိုက်လေ "
တဖက်လူများမှာကား အသံတိတ်လျက်...
အမည်းရောင်ဝတ်လူကြီးက ရယ်ရင်း ထပ်ပြောသည်။
" ဘာလုပ်နေသေးတာလဲ.. အသံလွှင့်နည်း သုံးလိုက်တော့လေ "
တဖက်မှ လူတစ်ယောက်က အံကြိတ်ကာ ပြန်ပြော၏။
" ငါတို့ဆီမှာ သူတို့ရဲ့ အသံလွှင့် အဆောင်ကျောက်ပြား မရှိဘူး "
မဟူရာနဂါးခုံရုံးမှ လူများ အော်ကြီးဟစ်ကျယ် ရယ်လိုက်ကြပြန်သည်။
" မဟုတ်တာတွေကွာ ။ မင်းတို့ဘက်က ရှုံးမှာကြောက်လို့ မခေါ်ရဲတာမဟုတ်လား "
" အမှန်ပဲ ။ ငါကတော့ မင်းတို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို အမှိုက်တွေလို့ပဲ ထင်တယ် ။ အဲ့ လောထျန်းနဲ့ ယွဲ့လီဆိုတာလဲ အမှိုက်တွေပဲနေမှာ "
ကျန်လူများကလည်း ထိုစကားများကို ထောက်ခံဟန်ဖြင့် သဘောတကျ ရယ်နေကြပြန်ပါသည်။
တဖက်ရှိ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှ လူများမှာကား မျက်နှာနီရဲနေကြသည့်တိုင် မည်သို့မှလည်း ပြန်မပြောနိုင်ကြပါချေ။
ထိုစဥ်တွင် လူအုပ်ထဲမှ တစ်ယောက်က လောထျန်းတို့ လာနေသည့်ဘက် လှမ်းကြည့်မိသွား၏။
သူ့မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြသည်။
" လောထျန်း.... သခင်လေးလောထျန်းပဲ.. "
" ဟင် ... "
သူ့စကားကို ကြားသည်နှင့် အနားမှ လူများအားလုံး လောထျန်းဘက် လှည့်ကြည့်လိုက်ကြသည်။
ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှ လူများစွာ
ပင် လောထျန်းဘေးသို့ တမဟုတ်ချင်း ရောက်သွားကြ၏။
" သခင်လေးလောထျန်း ... တကယ်ကြီးရောက်နေတာပဲ "
လူအုပ်ထဲမှ ခေါင်းဆောင်မှာ စိတ်အလှုပ်ရှားဆုံး ဖြစ်နေပါသည်။
လောထျန်းက သူ့ကိုကြည့်ရင်း မျက်မှောင်အနည်းငယ်ကြုံ့၍ ပြော၏။
" ခင်ဗျားက ချီလျန့်ယွမ် လား "
တဖက်လူမှာ သခင်ကြီးဟောင်နှင့်အတူ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံသို့ ဦးဆောင်ခေါ်သွားပေးခဲ့သူ ဖြစ်သဖြင့် လောထျန်း မှတ်မိနေခြင်းပါပင် ။
တဖက်မှ ချီလျန့်ယွမ်က ချက်ချင်း ဝမ်းသာသွားဟန်ဖြင့် ပြန်ပြော၏။
" သခင်လေးက ကျုပ်နာမည်ကို မှတ်မိနေတာပဲ... "
သို့သော် သူဘာမှ ဆက်မပြောရသေးခင်မှာပင်
တဖက်ရှိ အမည်းရောင်ဝတ်လူကြီးက မျက်မှောင်ကြုံ့၍ ပြောလာပါသည်။
" မင်းက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ အဆင့်တစ်ရသွားတဲ့ လောထျန်း ဆိုတာလား "
လောထျန်း ခေါင်းညိတ်လိုက်၏။
" ဟုတ်တယ် "
အမည်းရောင်ဝတ်လူကြီး၏ မျက်လုံးထဲ အလင်းတန်းတစ်ခု လက်သွားကာ ဆိုသည်။
" ကောင်းတယ်ကွာ.. ငါ မင်းနဲ့ တွေ့ချင်နေတာကြာပြီကွ။ အခုလိုအခြေအနေနဲ့ တွေ့ရမယ်လို့တော့ ထင်မထားခဲ့ဘူးပေါ့ကွာ ။ ငါ့နာမည်က ယင်ရှီမင် လို့ခေါ်တယ် ၊ မဟူရာနဂါးခုံရုံးရဲ့ လက်ရှိ နတ်ဘုရားသားတော်ပေါ့ ။ ဒီနေ့ ငါ မင်းကို နှစ်ယောက်တည်းတိုက်ခိုက်ဖို့ စိန်ခေါ်တယ်.. မင်း လက်ခံမလား "
လောထျန်း မျက်မှောင်ကြုံ့သွားပြီး အဓိပ္ပါယ်မဲ့လှသည့် ပြိုင်ပွဲကို ငြင်းရန်ပြင်လိုက်ပါသည်။
သို့သော် ထိုစဥ်တွင် ဘေးမှ ချီလျန့်ယွမ်က အသံတိုးတိုးဖြင့် ဝင်ပြော၏။
" သခင်လေးလောထျန်း ၊ သူ စိန်ခေါ်တာကို မငြင်းတာ ပိုကောင်းမယ်ဗျ "
" ဟင်.. ဘာဖြစ်လို့လဲ "
လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။
ချီလျန့်ယွမ်က ပြော၏။
" ဘာလို့လဲဆိုတော့ သူက မဟူရာနဂါးခုံရုံးက ဖြစ်နေလို့ပဲ "
သို့သော် လောထျန်းက သူ့စကားကို နားလည်ပုံမရသဖြင့် ချီလျန့်ယွမ် ဆက်ပြောသည်။
" မဟူရာနဂါးခုံရုံးဆိုတာ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံနဲ့ အရင်တည်းက ရန်သူတွေဗျ ။ ပြီးတော့ သူတို့က ချင်းယွမ်ဒေသမှာ ဒုတိယအဆင့် အစီအမံအဖွဲ့တစ်ခုပဲ ။ ကျုပ်တို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံနဲ့ ယှဥ်ပြိုင်တိုက်ခိုက်လာခဲ့ကြတာလဲ နှစ်တွေအများကြီး ကြာလှပြီ "
" ပြီးရင် သူတို့ဘက်က နတ်ဘုရားသားတော်နဲ့ ကျုပ်တို့ဘက်က အစီအမံပြိုင်ပွဲမှာ အဆင့်တစ် ရထားတဲ့သူက နှစ်ယောက်ချင်း ယှဥ်ပြိုင်တိုက်ခိုက်လို့ရတယ်ဆိုတာကိုလဲ နှစ်ဖက်လုံးက သဘောတူထားကြပြီး
သား ။ အဲ့ပွဲမှာ အနိုင်ရတဲ့သူက ချင်းယွမ်ဒေသရဲ့ အစီအမံနယ်ပယ်မှာ အုပ်ချုပ်နိုင်မှာ "
" အရင်ကတော့ ကျုပ်တို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက သူတို့ကို အမြဲတမ်း ဖိနှိပ်လာခဲ့တာဗျ ။ နောက်ပိုင်းတော့ သူတို့တွေ ကိုယ်ယောင်ဖျောက်သွားခဲ့တာ သူတို့အဖွဲ့ ရှိမှန်းတောင် တချို့တွေ မေ့သွားတဲ့အထိပဲ "
" ဒါပေမယ့် ဒီတစ်ခေါက် အရှုပ်အထွေးနတ်ဘုရားမြို့တော် ဖွင့်တဲ့အချိန်မှာတော့ သူတို့အဖွဲ့တွေ မမျှော်လင့်ဘဲ ပြန်ပေါ်လာခဲ့ကြတယ် ။ ပြီးရင်.. ဒီ ယင်ရှီမင်ဆိုတဲ့သူက သူတို့ရဲ့ လက်ရှိနတ်ဘုရားသားတော်လေ ၊ သခင်လေးကလဲ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံရဲ့ လက်ရှိအဆင့်တစ် ရထားတဲ့သူ ။ အခု သူ့ဘက်ကနေ သခင်လေးကို စိန်ခေါ်တာက အဖွဲ့နှစ်ခုကြား အားချင်းယှဥ်တဲ့ပွဲလို့ သတ်မှတ်လို့ရတယ် "
" အဲ့တော့.. သခင်လေးသာ ငြင်းလိုက်မယ်ဆိုရင် သဘောတူထားတဲ့အတိုင်း ကျုပ်တို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံဘက်က အရှုံးဖြစ်သွားလိမ့်
မယ်။ အဲ့ကျရင် ချင်းယွမ်ဒေသရဲ့ အစီအမံကိစ္စရပ်တွေအားလုံးကို မဟူရာနဂါးခုံရုံးကပဲ လက်ဝါးကြီးအုပ်သွားလိမ့်မယ်ဗျ "
စကားပြောနေစဥ် တလျှောက်လုံးတွင် ချီလန့်ယွမ်၏အသွင်မှာ အလွန်စိုးရိမ်နေဟန် ပေါက်နေပါသည်။
သို့သော် လောထျန်းကမူ အေးဆေးသာ ပြန်ပြောပါ၏။
" သူတို့တွေ လက်ဝါးကြီးအုပ်သွားတော့ရော ဘာဖြစ်လို့လဲဗျာ "
သူ့စကားကြောင့် ချီလန့်ယွမ်တို့လူအုပ် မှင်သက်သွားကြသည်။
တဖက်ရှိ မဟူရာနဂါးခုံရုံးမှ လူများမှာမူ အသံကျယ်ကြီးဖြင့် အော်ရယ်ကြ၏။
" ဟား ဟား.. ခုတည်းကတောင် ကြောက်နေပြီ "
" ဒီကောင်က ကောင်းကင်ဘုံကိုးဆင့် အစီအမံ
ညီလာခံရဲ့ အဆင့်တစ်ရထားတဲ့သူ တဲ့လား ။ သူတို့က ဘယ်လိုပါရမီရှင်မျိုးတွေ မွေးထုတ်ပေးနေတာလဲကွာ ။ သနားစရာ ကောင်းလိုက်တာ ။ ဝင်တောင်မပြိုင်ရဲရှာဘူး "
ယင်ရှီမင်မှာလည်း အထင်သေးစက်ဆုပ်သည့် မျက်နှာကြီး ဖြစ်နေပါသည်။
" လောထျန်း.. ကြည့်ရတာ ငါမင်းကို အထင်ကြီးလွန်းခဲ့မိပြီနဲ့တူတယ် "
သူ ခေါင်းယမ်း၍ ရေရွတ်သည်။
ထိုစဥ်တွင် ချီလန့်ယွမ်က တစ်ခုကို စဥ်းစားမိသွားပုံဖြင့် ရုတ်တရက်ပြော၏။
" သခင်လေးလောထျန်း ၊ သူတို့သာ အစီအမံနယ်ပယ်ကို လက်ဝါးကြီးအုပ်သွားရင် သခင်လေးတို့ တိုင်လင်စင်မြင့်ရဲ့ အစီအမံဝေစုတွေအားလုံးပါ သူတို့လက်ထဲ ရောက်သွားမှာနော် "
သူ့စကားကို ကြားချိန်တွင်မူ နောက်လှည့်ထွက်ရန် ပြင်နေသည့် လောထျန်းတစ်ယောက် တုန့်ခနဲရပ်သွားတော့သည်။
ထို့နောက် သူ ဖြည်းဖြည်းချင်း ပြန်လှည့်လာကာ ဆူပုတ်နေသော မျက်နှာဖြင့်ပြောသည်။
" ခင်ဗျား ဘာပြောလိုက်တယ် "
Chapter 946
A plan made in adversity
" ဟုတ်တယ်ဗျ ၊ ဒီစိန်ခေါ်ပွဲမှာ ရှုံးသွားရင် တိုင်လင်စင်မြင့် လက်ရှိရထားတဲ့ အစုရှယ်ယာတွေ တော်တော်များများကို ပေးလိုက်ရမှာ "
ချီလျန့်ယွမ် ထပ်ပြောလိုက်သည်။
လောထျန်း၏ မျက်လုံးများ ရုတ်ချည်းအေးစက်သွား၏။
ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ နာမည်ပျက်မည် ၊ မပျက်မည်ကို သူ စိတ်မဝင်စားလှပါချေ။
သို့သော် သူခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရထားသော တိုင်လင်စင်မြင့်၏ အစုရှယ်ယာများကိုမူ အခြားသူလက်ထဲသို့ ဘယ်လိုထည့်နိုင်ပါမည်လဲ ။
သူ ဘယ်လိုမှ လက်မခံနိုင်ပါ ။
" ကောင်းပြီလေ ၊ မင်းစိန်ခေါ်တာကို ငါလက်ခံတယ်
။ ဘယ်လိုပြိုင်မှာလဲ ဆိုတာကိုသာပြော "
လောထျန်း ယင်ရှီမင်ဘက်လှည့်ကာ မေးလိုက်သည်။
ယင်ရှီမင်က နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြောပါသည်။
" အိုး.. မင်းက တော်တော်လဲ မိုက်မဲတာပါလားကွာ ။ ခုနကလိုမျိုး အစောတည်းက အရှုံးပေးထားလိုက်ရင် ပြီးရောကို ။ အခုလို ကိုယ့်ကိုကိုယ် အရှက်ကွဲအောင် ဘာလို့လုပ်ချင်ရတာလဲ "
လောထျန်း မျက်မှောင်ကြုံ့သွားပြီး ချီလျန့်ယွမ်ဘက်လှည့်၍ မေး၏။
" ကျုပ် အခု သူ့ကိုအသေရိုက်သတ်လိုက်ရင်ရော ပြိုင်ပွဲကို အနိုင်လို့ သတ်မှတ်လို့ရလား "
ချီလန့်ယွမ် ချက်ချင်းပြန်ပြောသည်။
" အဲ့လိုမရဘူးဗျ .... "
လောထျန်း၏ မျက်နှာထက်တွင် စိတ်ပျက်သွားဟန် အထင်းသား...
ထိုစဥ် ယင်ရှီမင်က မျက်မှောင်ကြုံ့ နှာခေါင်းရှုံ့၍
ပြော၏။
" ကောင်းပြီလေ ၊ မင်းက ပြဿနာဖြစ်ချင်နေမှတော့လဲ ငါက မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့ ။ ငါတို့ရဲ့ ပြိုင်ပွဲက ခုနကလိုပဲ.. ကျောက်ရိုင်းတွေ တူးတာကိုပြိုင်မယ် "
" ကျောက်ရိုင်းတူးတာကို ပြိုင်မှာ.. ဟုတ်လား "
လောထျန်း အံ့သြသွားပါသည်။
ချီလန့်ယွမ်က ချက်ချင်းရှင်းပြရှာ၏။
" ဒီလိုပါ သခင်လေးလောထျန်း ၊ ဒီနေရာမှာ အရှုပ်အထွေးအစွမ်းတွေပါတဲ့ ကျောက်ရိုင်းတုံးတချို့ ရှိပါတယ် ။ ဒါပေမယ့် အဲ့လိုကျောက်ရိုင်းမျိုးက အင်မတန်ရှားတယ်ဗျ ။ စောနက ကျုပ်တို့တွေ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ အဖိုးအတန်ဆုံး ကျောက်ရိုင်းကို ဘယ်သူရနိုင်မလဲဆိုတာ ပြိုင်နေကြတာ "
လောထျန်း တအံ့တသြ ဆက်မေးလိုက်သည်။
" အဲ့လောက်ရိုးရှင်းတာလား "
ဤတစ်ကြိမ်တွင်မူ ချီလန့်ယွမ် ဘာမှပြန်မပြောနိုင်
ခင် မဟူရာနဂါးခုံရုံးမှ လူငယ်တစ်ယောက်က နှာခေါင်းရှုံ့၍ ပြောလာ၏။
" ရိုးရှင်းတယ်.. ဟုတ်လား ၊ ဘာကိုမှမသိတဲ့ အရူးတစ်ယောက်ကသာ အဲ့လိုစကားမျိုး ပြောရဲတာ "
ယင်ရှီမင်ကလည်း အပြုံးဖြင့် ဝင်ပြောသည်။
" ကောင်းပြီလေ ၊ မင်းက ရိုးရှင်းတယ် ပြောမှတော့လဲ ပြိုင်ပွဲကို စလိုက်ကြတာပေါ့ ။ စည်းမျဥ်းတွေက ခုနတုန်းကနဲ့ အတူတူပဲ ။ ဘယ်လို မသေမျိုးလက်နက်ကိုမှ မသုံးရဘူး ။ တစ်နာရီအတွင်းမှာ အဖိုးအတန်ဆုံး ကျောက်ရိုင်းတုံးကို ရှာနိုင်တဲ့သူက အနိုင်ပဲ ။ ဘယ်လိုလဲ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ "
လောထျန်း အသာတကြည် သဘောတူသည်ကို မြင်သည်နှင့် ယင်ရှီမင်၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ပေါ်လာ၏။
သူ့နောက်ရှိ မဟူရာနဂါးခုံရုံးမှ လူများလည်း အော်ဟစ်အားပေးလိုက်ကြသည်။
" လောထျန်း ၊ မင်းတော့ အရှုံးကြီးရှုံးတော့မှာကွ "
" နောက်ဆုံးတော့ ငါတို့ရဲ့ မဟူရာနဂါးခုံရုံး ပြန်အဆင့်တက်လာပြီပေါ့ကွာ "
" နတ်ဘုရားသားတော်လေး.. နောက်ဆုံးတော့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံရဲ့ အစွမ်းအနိမ့်ဆုံး ချန်ပီယံနဲ့မှ ကျုပ်တို့ လာတွေ့နေရပြီဗျာ ။ ဒီအခွင့်ရေးကို လက်လွတ်ခံလို့ မဖြစ်ဘူးနော် "
သူတို့အားလုံး ထင်ရာဝင်ပြောလိုက်ကြသည်။
ထိုစဥ်မှာပင် ယင်ရှီမင်က ကျောက်ရိုင်းတုံးများ ရှိနေသည့်နေရာသို့ သွားကာ လောထျန်းဘက်သို့ အပြုံးဖြင့် လှည့်ကြည့်၏။
ထို့နောက်.. သူ မြေပြင်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဘုန်း ...
အောက်ဘက်ရှိ မြေပြင် တမဟုတ်ချင်း ပြိုကွဲသွားပြီး သူ့လက်ထဲ၌ ရွှေရောင်ကျောက်တုံးတစ်ခု ပေါ်လာ၏။
ထိုကျောက်ရိုင်းတုံး ပေါ်လာသည်နှင့် ၎င်းထံမှ အစွမ်းထက်သော အရှုပ်အထွေးအရောင်အဝါတစ်ခု ချက်ချင်းတိုးထွက်လာသည်။
" ဟင်.. သူက အဲ့လောက်မြန်မြန်ကြီး တွေ့သွားတာလား "
" နေဦးကွ.. အဲ့ဒါ ရိုးရိုးကျောက်ရိုင်းတုံးတောင် မဟုတ်ဘူး ။ အဆင့်သုံး ကျောက်ရိုင်းတုံးကြီး.. "
" ဘယ်လို... အဆင့်သုံးတောင်.. ။ အရှုပ်အထွေးနတ်ဘုရားမြို့တော် စဖွင့်ကတည်းက ဒီလောက်အဆင့်မြင့်တဲ့ ကျောက်ရိုင်းတုံးကိုတွေ့တာ အခုက ပထမဆုံးမဟုတ်လား "
" တကယ့်ကို အံ့သြစရာပါပဲကွာ "
လူအုပ်ကြီး တအံ့တသြ ပြောလိုက်ကြသည်။
တဖက်မှ ချီလန့်ယွမ်မှာမူ ၎င်းကိုမြင်ပြီး မျက်နှာထားချက်ချင်းပြောင်းသွားကာ ဒေါသတကြီး အော်ပြော၏။
" ယင်ရှီမင် .. မင်း မရိုးသားဘူး "
ယင်ရှီမင်က အေးစက်စက်သာ ရယ်သည်။
" ငါက ဘယ်လိုမရိုးသားတာလဲ ပြောစမ်းပါဦး "
ချီလန့်ယွမ် အံကြိတ်ကာ ပြော၏။
" ဒီတစ်ကြိမ် မင်း အဲ့ကျောက်ရိုင်းတုံး ဘယ်မှာရှိတယ်ဆိုတာကိုတောင် အရင်မစစ်ဆေးကြည့်ခဲ့ဘူးလေ ။ မင်း ခုနက ငါတို့နဲ့ လောင်းကြေးလုပ်နေတဲ့အချိိန်မှာတည်းက အဲ့ကျောက်ရိုင်းတုံးကို တွေ့ထားတာ အသိသာကြီးပဲ ။ မင်း အဲ့တုန်းက တမင်ကို မတူးခဲ့တာ "
" အခု မင်းနဲ့ သခင်လေးလောထျန်းက အသစ်ထပ်ပြိုင်တဲ့အချိန်မှာ လွန်ခဲ့တဲ့ တစ်နာရီလောက်တည်းက တွေ့ထားတဲ့ကျောက်ရိုင်းတုံးကို တူးလိုက်တာ မရိုးသားတာပဲပေါ့ "
ချီလျန့်ယွမ်နောက်မှ လူများမှာလည်း ထိုစဥ်မှ အဖြစ်
မှန်ကို ရိပ်စားမိကာ ယင်ရှီမင်အား ဒေါသတကြီး ပြောဆိုလိုက်ကြသည်။
သို့သော် ယင်ရှီမင်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍သာ ပြန်ပြော၏။
" အဲ့လို စွပ်စွဲရအောင် မင်းမှာ ဘာသက်သေမျိုး ရှိလို့လဲ "
" မင်း .... "
ချီလျန့်ယွမ် မျက်မှောင်သာကြုံ့ပြီး ခေတ္တမျှ ဆွံ့အသွားပါသည်။
သူ့စိတ်ထဲတွင်မူ.. တဖက်လူပြောသလို ဘာသက်သေမှ မရှိသဖြင့် ဘာမှဆက်လုပ်၍ မရမှန်း သိလိုက်ပါ၏။
ထို့ကြောင့် သူမည်သို့မှ မတတ်နိုင်ဘဲ လောထျန်းဘက်သို့သာ အကူညီတောင်းသည့်ပုံဖြင့် လှမ်းကြည့်လိုက်ရ၏။
သို့သော်... လောထျန်းက သူ့ကို ပြန်ကြည့်၍
အူကြောင်ကြောင်ပုံဖြင့် မေးပါသည်။
" အဆင့်သုံး ကျောက်ရိုင်းတုံးဆိုတာ ဘယ်လိုဟာလဲ "
သူ့စကားကို ကြားသွားသော မဟူရာနဂါးခုံရုံးမှ လူများ ရယ်လိုက်ကြပြန်၏။
" ဒီကောင်က အဆင့်သုံး ကျောက်ရိုင်းတုံး ဘာဆိုတာတောင် မသိဘူးတဲ့ကွာ "
" အဲ့လိုကောင်က ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ဘယ်လိုလုပ်ပြီး အဆင့်တစ်ရသွားခဲ့တာလဲ ။ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက အဲ့လောက်တောင် အခြေနေဆိုးနေပြီလား "
အားလုံး သူတို့ထင်ရာကို ပြောလိုက်ကြသည်။
တဖက်မှ ချီလျန့်ယွမ်မှာလည်း အနည်းငယ် အံ့အားသင့်နေပြီးနောက်မှ ရှင်းပြလိုက်ပါ၏။
" သခင်လေး.. ဒီ ကျောက်ရိုင်းတုံးတွေကို သူတို့မှာပါတဲ့ အရှုပ်အထွေးအစွမ်းကို လိုက်ပြီး အဆင့်တွေအမျိုးမျိုး ခွဲထားတယ်ဗျ "
" ပုံမှန်ဆိုရင်တော့ အရှုပ်အထွေးအစွမ်း နည်းနည်းလေးပဲ ပါတာကို အဆင့်တစ်အဖြစ် သတ်မှတ်တယ် ။ အဲ့ဒါက အနိမ့်ဆုံးအဆင့် ဖြစ်တဲ့အတွက် အဲ့လိုကျောက်ရိုင်းမျိုးလဲ အပေါဆုံးပဲ "
" အဲ့ထက်ပိုမြင့်တဲ့ အဆင့်နှစ်ကတော့ အဆင့်တစ်ထက် အရှုပ်အထွေးအစွမ်းတွေ ဆယ်ဆလောက် ပိုပါတယ် ။ အဲ့လိုအဆင့်တောင် တော်တော်လေးအဖိုးတန်တယ်လို့ ပြောလို့ရနေပြီ "
ထို့နောက် ယင်ရှီမင်လက်ထဲရှိ ကျောက်ရိုင်းတုံးကို တစ်ချက်လှမ်းကြည့်ကာ သူ အံကြိတ်၍ ဆက်ပြော၏။
" အဆင့်သုံးထဲက အရှုပ်အထွေးအစွမ်း သိပ်သည်းမှုကတော့ အဆင့်နှစ်ထက် ဆယ်ဆလောက် ပိုကောင်းတယ် ။ ဒီလိုအဆင့်သုံး ကျောက်ရိုင်းမျိုးကို ရှားပါးရတနာအဖြစ်တောင် သတ်မှတ်နိုင်ပြီဗျ ။ အဲ့ဒါကိုသာ အပြင်သယ်ထုတ်သွားရင် အဆင့်ခြောက် ၊ ဒါမှမဟုတ် အဲ့ထက်ပိုမြင့်တဲ့ မသေမျိုးလက်နက်တွေနဲ့ လဲလှယ်နိုင်တယ်ဗျ ။ စျေးကောင်းသလို ရှားလဲရှားတာပေါ့ဗျာ "
လောထျန်းက သူ့စကားကို ဆုံးအောင်နားထောင်ပြီး ခေါင်းအသာညိတ်၏။
" ဒါဆိုရင်.. အရှုပ်အထွေး ကျောက်ရိုင်းတုံးတွေထဲမှာ အဆင့်အမြင့်ဆုံးက ဘယ်ဟာလဲ "
ချီလျန့်ယွမ် ခေတ္တမျှ အံ့အားသင့်သွားပြီးမှ ပြန်ပြောလိုက်သည်။
" အဲ့ဒါတော့ ကျုပ်လဲ မသိဘူးဗျ ။ ကျုပ်လဲ အခုပြောခဲ့တဲ့ အချက်အလက်တွေကို ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံရဲ့ မှတ်တမ်းတွေထဲကနေ ရှာတွေ့ခဲ့တာ ။ အဲ့မှတ်တမ်းတွေအရ ဆိုရင်တော့ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ ပေါ်လာဖူးတဲ့ အမြင့်ဆုံးအဆင့်က အဆင့်၇ လောက်ရှိတယ်တဲ့ ။ အဲ့လို ကျောက်ရိုင်းမျိုးကို ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တွေတောင် လိုချင်မှာသေချာတယ် "
" ဒါပေမယ့်.. အဲ့လိုအဆင့်နဲ့ ကျောက်ရိုင်းတုံးမျိုး တစ်ခါပဲ ပေါ်လာခဲ့ဖူးတယ် "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
" အဆင့်၇.... ဟုတ်လား "
တဖက်မှ မဟူရာနဂါးခုံရုံး အဖွဲ့သားတစ်ယောက်က လှောင်သံဖြင့် ပြောလာ၏။
" လောထျန်း ၊ မင်းကို အိမ်မက် ဆက်မမက်ဖို့ ငါပြောလိုက်မယ် ။ မင်းရဲ့အစွမ်းနဲ့ဆို အဆင့်တစ် အရှုပ်အထွေးကျောက်ရိုင်း ရရင်တောင် ကံကောင်းလှပြီ "
ထိုစဥ် ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ယင်ရှီမင် ထပ်လှုပ်ရှားသွားသည်။
ဝုန်း...
အသံကျယ် တစ်သံနှင့်အတူ အရှုပ်အထွေးကျောက်ရိုင်း နောက်တစ်လုံး မြေပြင်မှ ထပ်ထွက်လာပြန်၏။
ဤတစ်ကြိမ်ထွက်လာသည့် ကျောက်ရိုင်းမှာ အဆင့်နှစ် ဖြစ်ပါသည်။
" ဘယ်လိုလုပ်ပြီး ... "
အားလုံး အံ့သြသွားကြပြန်၏။
ချီလန့်ယွမ် နှင့် အဖွဲ့သားများမှာမူ မျက်နှာကိုယ်စီ ပျက်ကုန်ကြတော့သည်။
" ယင်ရှီမင် ... ခွေးကောင် ၊ မင်း.. မင်းက တမင်လုပ်နေတာပဲ ။ ပြီးခဲ့တဲ့ ပြိုင်ပွဲမှာတုန်းက မင်း တွေ့ခဲ့တဲ့ ကျောက်ရိုင်းတုံးတွေ တစ်တုံးမကဘူး မဟုတ်လား ။ မင်းက အဲ့ကျောက်ရိုင်းတွေကို မတူးဘဲနဲ့ တမင် နေရာပဲမှတ်ထားခဲ့တာ ။ အဲ့ဒါမှလဲ လောထျန်းနဲ့ ပြိုင်တဲ့အချိန် မင်း ကျောက်ရိုင်းတွေအများကြီး ထုတ်နိုင်မှာလေ ။ မင်း.. မင်း.. အကြံပက်စက်လှချည်လား "
ချီလန့်ယွမ် ဒေါသတကြီး အော်လိုက်သည်။