← Chapters

ယောက်ဖရေ ကယ်ပါဦး

Vol. 19 Ch. 257

ယောက်ဖရေ ကယ်ပါဦး

Vol. 19 Ch. 257

အခန်း (၂၅၇) ယောက်ဖရေ ကယ်ပါဦး

အနောက်ဘက် စွန့်ပစ်နယ်မြေ ၊ ခွန်လွန်တောင်နှင့် မနီးမဝေးတစ်နေရာ။

လူငယ်လေးတစ်ယောက်က တစ်ကိုယ်လုံးသွေးများနှင့်ဖုံးလွှမ်းနေသည့် လူရွယ်တစ်ယောက်ကို ကျောပိုးရင်း လျှင်မြန်စွာ လမ်းလျှောက်လာနေသည်။

လူငယ်၏ အသက်ရှူသံများက ပရမ်းပတာဖြင့် မောဟိုက်နေပြီး လူရွယ်ကတော့ အချိန်မရွေး သေဆုံးသွားတော့မည့်ပမာ အားနည်းဖျော့တော့လျှက် ရှိသည်။

"ဦးလေးလုန်ရဲ့ အားတင်းထားဗျ ၊ ကျွန်တော်တို့ ခွန်လွန်တောင်နဲ့ တဖြည်းဖြည်း နီးလာပြီ ၊ ခွန်လွန်တောင်နားကိုရောက်တာနဲ့ မိုးကောင်းကင်အင်မော်တယ်တွေတောင် ကျွန်တော်တို့နောက် လိုက်လာရဲတော့မှာ မဟုတ်ဘူး ၊ အစစ်အမှန်အင်မော်တယ်တွေဆိုတာတော့ ပြောမနေနဲ့တော့ ၊ မကြာခင် ကျွန်တော်တို့ အကူအညီ တောင်းနိုင်တော့မှာပါ"

လုန်မန်၏အသံက သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသည့် လုန်ရဲ့နားထဲသို့ ဝင်ရောက်လာသည်။

လုန်ရဲ့ အားတင်းပြီး စကားပြောလိုက်သည်။

"လုန်မန်… ကျုပ်ကို ထားခဲ့တော့ ၊ မင်းသာ လွတ်အောင်ပြေး"

"မလုပ်နိုင်ဘူး"

လုန်မန် နောက်သို့ လှည့်ကြည့်လိုက်သည်။

သူတို့နောက်မှ လိုက်လာသူများ တဖြည်းဖြည်းနီးကပ်လာပြီဟု သူ ခံစားလိုက်ရသည်။

ထို့နောက် သူ့ခြေထောက်အောက်တွင် လျှပ်စီးကြောင်းများထွက်ပေါ်လာပြီး မြန်နှုန်းကို မြှင့်တင်လိုက်သည်။

သူ့တွင်ရှိသမျှ မှော်ဝင်ပစ္စည်းများနှင့် လျှို့ဝှက်တန်ခိုးစွမ်းအားများအားလုံးကို အသုံးပြုခဲ့ပြီးပြီ ဖြစ်လေရာ သူ့တွင် နောက်ထပ်ထုတ်သုံးစရာ ဘာဝှက်ဖဲမှ မကျန်ရှိတော့ပေ။

အခြားသူများကို မည်သို့အကူအညီတောင်းရမည်လဲ သူ မသိရှိပေ။

သို့သော် လုန်မန်က ဆုံးဖြတ်ချက်ခိုင်မာသည့် လေသံဖြင့်…

"ဘာတွေပဲ ဖြစ်လာဖြစ်လာ ကျွန်တော် ဦးလေးကို မထားခဲ့ဘူး"

သူက ဆက်ပြောသည်။

"ကျွန်တော်က မွေးရာပါအင်မော်တယ်တစ်ပါးပါ ၊ ကျွန်တော်က တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်လာမယ့် ကံကြမ္မာကောင်းနဲ့ မွေးဖွားလာတာ ၊ ဒီနေ့ ဦးလေးလုန်ရဲ့ကို ထားခဲ့မယ်ဆိုရင် ကျွန်တော့် တာအိုနှလုံးသားမှာ အပြစ်ထင်ဟပ်သွားပြီး တစ်သက်လုံး ဖြေဖျောက်မရနိုင်တဲ့ နောင်တတရားကို ခံစားရလိမ့်မယ်"

ခဏနားပြီး လုန်မန်က ဆက်ပြောပြန်သည်။

"ဒါဆိုရင် ကျွန်တော် အောင်မြင်သင့်သလောက် အောင်မြင်တော့မှာ မဟုတ်တော့ဘူး ၊ ကျွန်တော် ဦးလေးလုန်ရဲ့ကို ဒီနေရာက ရအောင် ကယ်ထုတ်သွားမယ် ၊ သေချာပေါက် ဖြစ်အောင်လုပ်မယ်"

လုန်မန်က လုန်ရဲ့ကို ပြုတ်မကျစေရန် သေသေချာချာ ကုန်းပိုးလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ လျှပ်စီးတန်ခိုးစွမ်းအားများကို ထုတ်ဖော်လိုက်သည်။

လျှပ်စီးတန်ခိုးစွမ်းအားများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး လုန်မန် အံတင်းတင်းကြိတ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေသည်။

ထိုခဏမှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးပမာအသွင်ပြောင်းသွားပြီး အရှိန်အဟုန်ကလည်း လျှင်မြန်လာသည်။

လုန်ရဲ့က…

"ငါတော့ သေလိုက်ချင်တာပဲ"

လုန်မန်က…

"ကျွန်တော်လည်း သေချင်နေပါပြီ"

သူ ရှေ့ဆက်လျှောက်သွားရင်း ရင်ဆိုင်နေရသည့်ပြဿနာများအတွက် မည်သို့အဖြေရှာရမည်ကို စဉ်းစားနေသည်။

လွန်ခဲ့သည့် (၁)နှစ်ခန့်က လုန်မန် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးနောက် လုန်ရဲ့က သူ့ကို ကယ်တင်လာခဲ့သည်။ ထို့နောက် ဒဏ်ရာများ အနည်းငယ် သက်သာလာခဲ့ပြီး အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်ရောက်နိုင်ခဲ့သည်။

သို့သော် လုန်ရဲ့ကတော့ ရန်သူများ၏ တိုက်ခိုက်ခြင်း ခံရပြီး ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ လုန်မန်က ချက်ချင်းပင် လုန်ရဲ့ကို သူ့ကျောထက်ထမ်းပိုးရင်း ကယ်တင်ခဲ့ရပြန်၏။

သူက ပြီးပြည့်စုံသည့် တာအိုနှလုံးသားကိုပိုင်ဆိုင်သည့် နဂါးမျိုးနွယ်တစ်ယောက် ဖြစ်ချင်မိသည်။ သူ့ပခုံးထက် ထမ်းပိုးထားရသည့်တာဝန်သည် မည်မျှလေးလံနေပါစေ လက်လျှော့မည် မဟုတ်ပေ။

ရုတ်တရက်…

လက်သီးစွမ်းအားပြင်းထန်သည့် လူထူးလူဆန်းကို ပေးလိုက်သည့် ပင်လယ် (၄)ခု ခရုသင်းကို လုန်မန် သတိရသွားမိသည်။

ထိုခရုသင်းကို ကြားခံအဖြစ်အသုံးပြုပြီး ထိုလူထူးလူဆန်းထံမှ အကူအညီရရှိရန် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထိုလူထူးလူဆန်းက ယောက်ဖနှင့်တစ်စုံတစ်ခု ပတ်သက်နေသည်ဟု သူ ခံစားရသည်။

ထို့ကြောင့် သူ အကူအညီတောင်းလျှင် ရနိုင်ကောင်း၏။

ထို့နောက် လုန်မန်က ပင်လယ် (၄)ခု ခရုသင်းကို အာရုံပြုလိုက်ပြီး…

"ယောက်ဖရေ… ကယ်ပါဦး"

ဟု စိတ်ထဲမှ အော်ဟစ်လိုက်သည်။

ခွန်လွန်တောင်မှ သူ့အစ်မနှင့် ယောက်ဖက သူ့ကို ကူညီနိုင်ပေလိမ့်မည်။

သို့သော် အစ်မဖြစ်သူကို မည်သို့ဆက်သွယ်ရမည် မသိလေရာ အဆက်အသွယ်ရနိုင်သည့် ယောက်ဖကိုသာ အကူအညီတောင်းရခြင်း ဖြစ်လေတော့၏။

***

ကျန်းလန် မြူခိုးတိမ်တိုက်များအတွင်းမှ ခွန်လွန်တောင် အဓိကခန်းမဆောင်ရှိရာသို့ ဖြည်းဖြည်းချင်း ပြုတ်ကျလာသည်။

လောလောဆယ်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်နှင့်ပတ်သက်ပြီး သူ့စိတ်ထဲ မတင်မကျ ဖြစ်နေမိသည်။ မိစ္ဆာနဂါးက သူ့ကို ခွန်လွန်ဝတ်ကျောင်းတော်အပြင်ဘက်သို့ရောက်အောင် တွန်းပို့လိုက်သည့်အလား ခံစားနေရသည်။

ထိုခံစားချက်က အနည်းငယ် ထူးဆန်းနေသည်။

ထိုအကြောင်းများကို စဉ်းစားနေစဉ်မှာပင် ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများဖုံးလွှမ်းလာကြောင်း ကျန်းလန် ခံစားလိုက်ရသည်။

ပုံရိပ်ယောင်များကို တွေ့မြင်ရပြန်ပြီ။

ယခုတစ်ကြိမ်ပုံရိပ်ယောင်များကို တွေ့မြင်ရခြင်းက အရင်တစ်ခေါက်ကနှင့် အချိန်ကွာဟခြင်း သိပ်မရှိသလို မြင်ကွင်းကလည်း အတော်လေး ရှင်းလင်းပြတ်သားသည်။

ကျန်းလန်က ချက်ချင်းပင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး ပုံမှန်မဟုတ်သည်များအားလုံးကို ဖုံးကွယ်ထားလိုက်၏။

သူ့စိတ်အာရုံထဲတွင် များပြားလွန်းသည့် နန်းတော်ကြီးများကို တွေ့မြင်ရပြီး သူ့အရှေ့တွင်ရှိနေသည့် နန်းတော်တံခါးကြီးတစ်ခုကတော့ အလွန်တရာ ခမ်းနားလွန်းလှသည်။

ယခုတစ်ကြိမ်တော့ နန်းတော်တံခါးတွင်ရေးသားထားသည့် စာလုံးများကို တွေ့မြင်နိုင်ရန် ကျန်းလန် ကြိုးစားလိုက်သည်။

သူ၏ စိတ်အာရုံစူးစိုက်မှုကြောင့်လား ၊ သို့မဟုတ် ပုံရိပ်ယောင်များက ပိုမိုပီပြင်သောကြောင့်လား မပြောတတ်ပေ။

နန်းတော်တံခါးရှေ့တွင် ဖုံးလွှမ်းနေသည့် မြူခိုးများက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ကြီးမားသည့်စာလုံးကြီးများကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။

"ရှေးဟောင်းဧကရာဇ်နန်းတော်"

ကျန်းလန်မှာ ထိုစကားလုံးများကို တွေ့မြင်လိုက်ရသည့်တိုင် အံ့အားသင့်ချိန် မရခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုတံခါးအတွင်းမှ ရောင်ဝါတစ်ခုထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ကို ဝန်းရံသွားသောကြောင့် ဖြစ်သည်။

ထို့နောက် သူ့ပတ်ဝန်းကျင်မှ အရာအားလုံး ပျောက်ကွယ်သွားပြီး နောက်ထပ် မည်သည့်ပုံရိပ်ယောင်ကိုမှ တွေ့မြင်ရခြင်း မရှိတော့ပေ။

ခွန်လွန်တောင် အဓိကခန်းမဆောင်အတွင်းသို့ ကျန်းလန် ဖြည်းဖြည်းချင်း ပြုတ်ကျလာသည်။

သူ ချက်ချင်းပင် လဲကျနေရာမှ မတ်တတ်ရပ်လိုက်ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိခြင်း ရှိ မရှိ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် နဝမတောင်ထွတ်သို့ ပြန်ရန် ချက်ချင်း ဆုံးဖြတ်လိုက်၏။

လမ်းတွင်တွေ့ဆုံရသည့် ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မများက သူ့ကို မေးခွန်းများမေးမြန်းခြင်း ၊ နှုတ်ဆက်ကြခြင်းများပြုလုပ်သည်ကို အေးအေးဆေးဆေးပင် စကားပြန်ပြောခဲ့သည်။

သူတို့မေးမြန်းသည့် မေးခွန်းများထဲတွင် အရေးကြီးသည့်အကြောင်းအရာများလည်း ပါဝင်ခြင်း မရှိပေ။

အတန်ကြာပြီးနောက်…

ကျန်းလန် နဝမတောင်ထွတ်တောင်ခြေသို့ ရောက်ရှိလာသည်။

သူက တောင်ပေါ်သို့ မတက်သေးပဲ တောင်ပေါ်သို့ တစ်ချက် မော့ကြည့်လိုက်သည်။ ပြီးနောက် အခြားနေရာသို့ မသွားဘဲ မရဏဂူထဲသို့ တန်းသွားလိုက်သည်။

မရဏဂူထဲသို့ ရောက်သည်နှင့် ကျန်းလန် တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပတ်လည်ကို ဝန်းရံထားသည့် ရောင်ဝါကို လေ့လာကြည့်လိုက်သည်။

ထိုရောင်ဝါကြိုးမျှင်များက သူ၏ ကျင့်ကြံခြင်းကို ထောက်ပံ့ပေးနိုင်ကြောင်း သိရှိလိုက်သည်။ ဤသည်က သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ရရှိလိုက်ခြင်းပင်။

ထိုရောင်ဝါကြောင့် သူ၏အနာဂတ်ကျင့်စဉ်လမ်းက ပိုမိုလွယ်ကူသွားမည် ဖြစ်သည်။ သို့သော် ထိုရောင်ဝါများ မည်သည့်နေရာက ရောက်ရှိလာသည်လဲ သူ မသိရှိပေ။

ထို့ပြင် ရောင်ဝါများက ပုံရိပ်ယောင်များထဲမှ အဆုံးမရှိသည့် မြူခိုးတိမ်တိုက်များနှင့် ဆက်စပ်နေသည်ဟု သူ ခံစားနေရသည်။ သူက ပြန်လည်ခြေရာခံကြည့်ရန် ကြိုးစားကြည့်သော်လည်း မည်သည့်အရာမှ သိမြင်ရခြင်း မရှိပေ။

စောစောက တွေ့မြင်ခဲ့ရသည့် ပုံရိပ်ယောင်များက အလွန်ပီပြင်လှသည်။ သူ လက်ခံရရှိသည့် ရောင်ဝါများက ထို ရှေးဟောင်းနန်းတော်တံခါးကြီးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်သည်။

"ရှေးဟောင်းဧကရာဇ်နန်းတော်"

ထိုနေရာမှ ရောင်ဝါများ စိမ့်ထွက်လာပြီး သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်ကို ဝန်းရံသွားခြင်း ဖြစ်၏။

"ခွန်လွန်တောင် ၊ ရှေးဟောင်းအနောက်နန်းတော်က ဧကရာဇ်ရှီးဟယ်"

ကျန်းလန် ထိုနာမည်ကို သတိရလိုက်မိသည်။

"ဒီတော့ ငါ မြင်ရတဲ့နန်းတော်ကြီးက ခွန်လွန်တောင်က ဧကရာဇ်ရှီးဟယ်နေထိုင်တဲ့ နေရာများလား"

ကျန်းလန် တွေးလိုက်သော်လည်း သိပ်တော့ မယုံကြည်မိပေ။

သူ ရရှိထားသည့်ရောင်ဝါကို ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရခြင်း ဖြစ်သော်လည်း အလွန်ရှားပါးသည့် ရောင်ဝါတစ်ခုဖြစ်ကြောင်း ခံစားမိသည်။

ဧကရာဇ်ရှီးဟယ်ကတော့ ထိုရောင်ဝါကို သူ့အပေါ် သက်ရောက်စေရန် ဤမျှ အားထုတ်ကြိုးပမ်းစရာ အကြောင်းမရှိပေ။

သို့ဆိုလျှင် မည်သူက ပြုလုပ်ပါမည်နည်း။ ထိုအချက်ကိုလည်း ကျန်းလန် မသိရှိပေ။

သို့သော် ထိုရောင်ဝါထဲတွင် အန္တရယ်ဖြစ်စေသည့်အရာများ တစ်ခုမှ မပါရှိပေ။

“ကံကြမ္မာရဲ့ လှိုင်းတံပိုး ရိုက်ခတ်မှုပဲလား…"

ကျန်းလန် တွေးလိုက်သည်။

ရုတ်တရက်…

ငရဲတံခါးလမ်းလွှဲဖြစ်သည့် ရှေးဟောင်းရေတွင်းပျက်ကြီးအတွင်းမှ ထွက်လာလုဆဲဆဲ အနီရောင်မျက်လုံးများပိုင်ရှင်ကို သတိရသွားမိသည်။

"လူသား… မိုးနဲ့မြေ ပြိုကျပျက်စီးတော့မယ်… ၊ ဒီလောကတစ်ခုလုံးမှာ ဘယ်သူမှ နားလည်နိုင်စွမ်းမရှိတဲ့ ဒုက္ခဘေးဆိုးကြီး ကျရောက်လိမ့်မယ်… ၊ အခွင့်ကောင်းကို ဆုပ်ကိုင်မထားရင် ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

ဟု ထိုပုဂ္ဂိုလ်မှ ပြောသွားခဲ့သည်။

"သူပြောတဲ့ အခွင့်ကောင်းဆိုတာ ရှေးဟောင်းဧကရာဇ်နန်းတော်နဲ့များ သက်ဆိုင်နေမလားပဲ"

ကျန်းလန်တွေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ ထိုရောင်ဝါကို ရရှိလာမှတော့ အသုံးမပြုနိုင်စရာ အကြောင်းမရှိပေ။

သူ့အတွက် အရေးကြီးဆုံးအချက်မှာ မြန်နိုင်သမျှမြန်မြန် တန်ခိုးစွမ်းအား မြင့်မားလာရန် ဖြစ်သည်။

အနာဂတ်တွင် ဤကိစ္စများအားလုံးနှင့် ဆက်စပ်ပြီး ပြဿနာများ ရှိကောင်းရှိလာနိုင်သော်လည်း သူက တန်ခိုးစွမ်းအားမြင့်မားနေသရွေ့ ပြဿနာများကို ဖြေရှင်းရ လွယ်ကူမည် ဖြစ်သည်။

ထိုသို့ဆုံးဖြတ်ချက်ချလိုက်သည်နှင့် ကျန်းလန် မည်သည့်အရာကိုမှ စိတ်ပူပန်ခြင်း မရှိတော့ပေ။

ထို့နောက် သူက တောင်နှင့်ပင်လယ်ကြေးမုံကို ထုတ်ယူလိုက်သည်။

မှန်၏နောက်ကျောကို လက်နှင့်ထိကိုင်လိုက်သည်နှင့် အနောက်ဘက်တွင် တောင်နှင့်ပယ်လယ်များ အမှန်တကယ်ရှိနေသည့်အလား အဖုအထစ်အချို့ကို စမ်းမိလေသည်။

ကျန်းလန် ကြေးမုံမှန်ကို ကြည့်လိုက်သည့်အခါ သူ့ကိုယ်သူ ပြန်မမြင်ရဘဲ နက်ရှိုင်းသည့်မှန်သားပြင်ကိုသာ တွေ့မြင်နေရသည်။ ဤမှန်က သာမန်ကြေးမုံမှန်များနှင့် မတူညီပေ။

ကြေးမုံမှန်ကို သေသေချာချာ နားလည်အောင် လေ့လာပြီးနောက် ကျန်းလန်က ရှောင်ယွိကို ကြည့်နိုင်မည်လားဟု စဉ်းစားလိုက်သည်။

ထို့နောက် သူက တောင်နှင့်ပင်လယ် ကြေးမုံမှန်ကို အသက်သွင်းလိုက်၏။

သို့သော် ကြေးမုံပြင်ထက်တွင် အဆုံးမရှိသည့် မြူခိုးများထွက်ပေါ်လာသည်ကလွဲပြီး မည်သည့်အရာကိုမှ မမြင်တွေ့ရပေ။ ကြေးမုံမှန်သည့် ကျောက်စိမ်းရေကန်မှ အကာအကွယ်အရံအတားကို ထိုးဖောက်ကြည့်မြင်နိုင်ခြင်း မရှိခဲ့ပေ။

"ကြည့်ရတာ ကျောက်စိမ်းရေကန်ကိုတော့ ကြည့်လို့ရမယ် မထင်ဘူး"

ယခုထက်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားလာသည့်တစ်နေ့ရောက်မှ ကျောက်စိမ်းရေကန်ကို ထွင်းဖောက်ကြည့်နိုင်မည်ဟု ကျန်းလန်တွေးလိုက်သည်။

တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို အသက်သွင်းနိုင်ခြင်းက သူ၏ တန်ခိုးစွမ်းအားနှင့်လည်း ဆက်စပ်နေ၏။

ထို့နောက် ကျန်းလန်က ခြံဝန်းဆီသို့ ကြည့်ရှုရန်ဆုံးဖြတ်လိုက်သည်။

မကြာမီ ကြေးမုံမှန်ထဲတွင် သူနေထိုင်ရာ ခြံဝန်းပေါ်လာလေသည်။

"ကြည့်ရတာ နည်းနည်းတော့ အသုံးဝင်သားပဲ"

ကျန်းလန် ရေရွတ်လိုက်သည်။

ခြံဝန်းထဲသို့ တစ်စုံတစ်ယောက် ဝင်လာသည့်အခါ ကြေးမုံမှန်မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ ထို့ပြင် ခြံဝန်းက သူနှင့်ဆက်စပ်ပတ်သက်နေသည့် နေရာတစ်ခု ဖြစ်သောကြောင့် ကြည့်ရလွယ်ဟန်ရှိသည်။

အခြားနေရာများဆိုလျှင်တော့ ထိုမျှ ကြည့်ရလွယ်မည် မဟုတ်ပေ။

ဒါဖြင့် ဆရာ့ကို ကြည့်မည်ဆိုလျှင်ရော…။

ကျန်းလန် ခေါင်းခါယမ်းလိုက်သည်။

လောလောဆယ် ဆရာ့ကို သွားကြည့်၍ မဖြစ်သေးပေ။ ဆရာဖြစ်သူက တန်ခိုးစွမ်းအားမြင့်မားလွန်းလေရာ တစ်စုံတစ်ခု ရိပ်မိသွားလျှင် သူ့အတွက် အလွန်အန္တရယ်များလှသည်။

ဆရာဖြစ်သူမှ မဟုတ်ပေ။

သူက တောင်ခြေသေရည်ဆိုင်နှင့် ဧကရာဇ်ရှီးဟယ်တို့ကိုလည်း မကြည့်ရဲသလို ရှေးဟောင်းဧကရာဇ်နန်းတော်ကိုလည်း မကြည့်ရဲပေ။

ကျန်းလန် သက်ပြင်းချလိုက်သည်။

တောင်နှင့်ပင်လယ်ကြေးမုံမှန်က ထင်သလောက်လည်း အသုံးမဝင်လှပါလား။

"အဋ္ဌမမင်းသား ပျောက်နေတာ အတော်ကြာနေပြီပဲ… ၊ သူ ဘယ်ရောက်နေလဲဆိုတာ ကြည့်ရမယ်"

ရုတ်တရက် တွေးမိသည်နှင့် ကျန်းလန်က တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို လက်ထဲတွင်ကိုင်ထားရင်း အဋ္ဌမမင်းသား၏ တည်နေရာကို ရှာဖွေလိုက်သည်။

သို့သော် အချိန်အတန်ကြာသည်အထိ မည်သည့်အရာမှ တွေ့မြင်ရခြင်း မရှိပေ။

အဋ္ဌမမင်းသားကို ခြေရာခံနိုင်ရန် ကြားခံပစ္စည်းတစ်ခုခု အသုံးပြုရမည်လား။ သို့မဟုတ် လုန်မန် တည်ရှိနေသည့်နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ခံထားရခြင်းလား။

မည်သို့ပင်ဖြစ်စေ လုံလောက်သည့် ကြားခံပစ္စည်းတစ်ခုခု ရှိမည်ဆိုလျှင် လုန်မန် ရှိနေသည့်နေရာကို သိရှိနိုင်ရန် အခွင့်အရေးရမည် ဖြစ်သည်။

ထိုသို့တွေးမိသည်နှင့် ကျန်းလန်က အဋ္ဌမမင်းသားထံမှ ရရှိထားသည့် မှော်ဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူပြီး စမ်းသပ်ကြည့်လေသည်။

မှုံဝါးသည့် မြင်ကွင်းအချို့ကို တွေ့မြင်ရသော်လည်း လုန်မန် မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း တိကျသည့်အဖြေကို ရှာမတွေ့နိုင်ပေ။

ကြည့်ရသည်မှာ အဋ္ဌမမင်းသား တည်ရှိရာနေရာကို ဖုံးကွယ်ထားသည့် စွမ်းအားက အလွန်မြင့်မားပြီး ကျန်းလန် အသုံးပြုနေသည့် ကြားခံပစ္စည်းများက မလုံလောက်သောကြောင့် ဖြစ်နိုင်သည်။

ကျန်းလန် မည်သို့မှ မတတ်နိုင်စွာ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။

ထို့နောက် လုန်မန်ထံမှ ရရှိထားသည့် ပစ္စည်းများကို ပြန်လည်သိမ်းဆည်းရန် ဟန်ပြင်လိုက်သည်။

ထိုစဉ်မှာပင်…

ပင်လယ် (၄)ခု ခရုသင်းက ရုတ်တရက် အလင်းရောင်များ တောက်ပလာလေသည်။

ထို့နောက် ခရုသင်းအတွင်းမှ အသံတစ်သံထွက်ပေါ်လာ၏။

"ယောက်ဖရေ… ကယ်ပါဦး"

All Chapters