အခန်း (၂၈၈၁-၂၈၈၄)
Vol. 124 Ch. 2881-2884
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၈၁)
ဘာသာပြန်သူ_တိမ်တိုက်
လူရိုင်းကလန်ကြီးတစ်ခု ပိုင်ဆိုင်ခဲ့သော မြို့တော်ကြီးမှာတော့ နတ်ဆိုးများ၏ သိမ်းပိုက်ခြင်း ခံရပြီးနောက်တွင် တစ်မြို့လုံး နတ်ဆိုးချီများ ပြည့်နေခဲ့ရလေပြီ။ သို့ရာတွင် လက်ရှိအချိန်၌ မြို့တစ်မြို့လုံးမှာ သုဿန်တစပြင်တမျှ ခြောက်ကပ်၊ တိတ်ဆိတ်နေခဲ့သည်။ လမ်းမထက် ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမျှကိုပင် မြင်တွေ့ရခြင်းမရှိ။ တစ်မြို့လုံးမှာ မြို့ပျက်ကြီးတစ်ခု ဖြစ်သွားသည့်အလား။
ထိုစဉ် အဝေးတစ်နေရာဆီမှ အနက်ရောင်အလင်းတန်းများသည် အလွန်လျင်မြန်သည့် နှုန်းဖြင့် ပျံသန်းလာနေပြီး မြို့ပေါ်ရှိ ကောင်းကင်ထက်တွင် ရပ်တန့်သွားသည်။ အနက်ရောင်အလင်းတန်းတို့ ပျောက်ကွယ်သွားချိန်တွင်တော့ နတ်ဆိုးဘုရင်ငါးပါး ပေါ်လာလေ၏။
ထိုနတ်ဆိုးဘုရင်များ၏ ခေါင်းဆောင်မှာမူ အသွေးအသားတို့ကို ပိုင်ဆိုင်ထားခြင်း မရှိသည့် အရိုးခြောက်နတ်ဆိုးဘုရင် ဖေးလီသာ ဖြစ်လေသည်။
“ငါတို့ နောက်ကျသွားတယ်” ဖေးလီ၏နောက်တွင် ရှိနေသော နတ်ဆိုးဘုရင်သည် မြို့တစ်မြို့လုံးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြောလိုက်သည်။ အခြားသော နတ်ဆိုးဘုရင်များမှာလည်း မျက်နှာ မကောင်းကြ။ ဖေးလီတစ်ဦးတည်းသည်သာ ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်း မရှိသည့် အတွက် သူဘာတွေးနေသလဲ ဆိုသည်ကို ပြောရခက်နေသည်။ သို့သော် သူ့မျက်လုံးထဲရှိ အစိမ်းရောင်မီးတောက်နှစ်ခုသည် သူ၏ ဒေါသကို ဖော်ပြနေသည့်အလား ဖျိုးဖျိုးဖျတ်ဖျတ် လှုပ်ခါနေခဲ့လေသည်။
“ဒါ(၁၉)နေရာမြောက်ပဲ။ အဲ့ခွေးကောင်ကတော့ကွာ” အစောပိုင်းက စကား ပြောလိုက်သည့် နတ်ဆိုးဘုရင်က အံကြိတ်၍ ပြောလိုက်သည်။
အခြားသော နတ်ဆိုးဘုရင်တစ်ပါးက မျက်မှောင်ကြုတ်၍ ဝင်ပြောလိုက်သည် “အဲ့ကောင် စီနီယာမိုတော့လက်က လွတ်သွားတုန်းက ပြောသွားတာရှိတယ်။ သူ့ကလန်သား သုံးသိန်း သေသွားလို့ ငါတို့ နတ်ဆိုးသုံးသိန်းလည်း ပြန်သေပေးရမယ်တဲ့။ သူတကယ်ကြီး နတ်ဆိုးသုံးသိန်းကို သတ်ချင်နေတာလား။ အဲ့လောက်များတဲ့ နတ်ဆိုးတွေကိုသတ်ဖို့ သူကဘယ်ကနေ ခွန်အားတွေ ရနေတာလဲ။ ပြီးတော့ ငါသိချင်နေတာက ဒီကောင် လုံးဝ မမောဘူးလား”
ထိုအရာသည် နတ်ဆိုးသုံးသိန်းဖြစ်သည်၊ အင်းဆက်သုံးသိန်းမဟုတ်။ တကယ်တော့ အင်းဆက်သုံးသိန်းကိုပင်လျှင် သတ်ဖို့ရာ မလွယ်ကူလှချေ။
သို့သော်ငြား ထိုပြင်ပမျိုးနွယ်သားကတော့ အမှန်တကယ်ကို လုပ်ပြနေခဲ့သည်။ စီနီယာမိုတော့လက်မှ ထွက်ပြေးလွတ်မြောက်သွားသည့် အချိန်မှစ၍ နတ်ဆိုးများ သိမ်းပိုက်ထားသည့် နယ်မြေထဲသို့ လျှိုဝင်ကာ နတ်ဆိုးစစ်စခန်းများကို လိုက်လံ ဖျက်စီးပစ်လေသည်။ ထိုလူ ရောက်သွားသည့် စခန်းတိုင်းတွင် ရှိနေသော နတ်ဆိုးအားလုံး၊ နတ်ဆိုးဘုရင်အပါအဝင် ချွင်းချက်မရှိ အသတ်ခံကြရသည်။
တစ်လအတွင်း၊ ထိုလူသည် စစ်စခန်းပေါင်း ဆယ့်ကိုးခုကို ဖျက်စီးပစ်ခဲ့လေသည်။
ထိုကိစ္စကြောင့် မိုတော့မှာ အလွန်ကိုမှ ဒေါသပုန်ထွက်သွားရပြီး ထိုသကောင့်သားကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ဖမ်းဆီးတော့သည်။ သို့တိုင် နတ်ဆိုးသူတော်စင်မှာလည်း ဘာမှမတတ်နိုင်ခဲ့ချေ။ နတ်ဆိုးသူတော်စင်မှ ထိုသကောင့်သားနှင့် မိုင်တစ်သိန်း အကွာအဝေးအတွင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ထိုကောင်သည် သူတို့အား အာရုံခံမိသွားပြီး ချက်ချင်းကို ထွက်ပြေးခဲ့သည်။
ထိုကောင်သည် နတ်ဆိုးသူတော်စင်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ အားနည်းသည့် နတ်ဆိုးများကိုသာ လိုက်လံသတ်ဖြတ်လေသည်။
ထို့အပြင် နတ်ဆိုးများကို သူသတ်သွားသည့် ပုံစံမှာလည်း အလွန်ကိုမှ ထူးဆန်းလှသည်။ အသတ်ခံလိုက်ရသည့် ကိုးဆယ်ရာခိုင်နှုန်းသော နတ်ဆိုးများ၏ ကိုယ်ထက်တွင် မည်သည့် ဒဏ်ရာဒဏ်ချက်မှမရှိ။ အကုန်လုံးမှာ မသေခင် ကြောက်မက်ဖွယ်ရာ အရာ တစ်ခုကို မြင်တွေ့သွားခဲ့ရသည့်အလား သူတို့၏ မျက်နှာထက် ကြောက်ရွံ့မှုတို့ကို အထင်းသား မြင်တွေ့ခဲ့ရသည်။
ထိုကောင်လေး၏ လုပ်ပုံသည် နတ်ဆိုးမျိုးနွယ်အား အလွန်ကိုမှ အထိအခိုက် များသွားစေခဲ့လေသည်။ တစ်လအတွင်း နတ်ဆိုးပေါင်း တစ်သိန်းကျော်ကို ထိုကောင်လေး သတ်သွားခဲ့သည်။ သူသတ်သွားခဲ့သည့် လူများအနက် နတ်ဆိုးဘုရင် ငါးပါးပင် ပါနေပေသေးသည်။ ဤကမ္ဘာထဲသို့ ကျူးကျော်လာသူများအနက် နတ်ဆိုးဘုရင် အပါးနှစ်ရာကျော် ပါဝင်ခဲ့ပါသော်ငြား ရန်ကိုင်မှ နတ်ဆိုးဘုရင်များကို သတ်ပစ်နေသည့် နှုန်းသည် နတ်ဆိုးမျိုးနွယ်ပင် မတောင့်ခံနိုင်သည့် အရာမျိုး ဖြစ်သည်။
ဤအဖြစ်အပျက်များကြောင့် လက်ရှိအချိန်တွင် နတ်ဆိုးများ၏ ရှေ့တန်းစစ်တပ်သည် တဖြည်းဖြည်းနှင့် အတွင်းပိုင်းသို့ ပြန်ပြန်ဆုတ်လာခဲ့ရသည်။ နတ်ဆိုးဘုရင်များသည်လည်း တစ်ကိုယ်တည်း မနေရဲကြတော့ဘဲ ထိုသကောင့်သား လှုပ်ရှားလာသော် ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် သုံးယောက်မှ ငါးယောက်အထိ အဖွဲ့ဖွဲ့ကာ နေကြလေသည်။
အောက်ဘက်ရှိ မြို့ပျက်ကြီးကိုကြည့်ရင်း ဖေးလီက ပြောလိုက်သည် “ငါမှတ်မိသလောက်ဆို ဒါက ပဟန် နယ်မြေမလား။ ငါသူ့အရှိန်အဝါကို အာရုံခံမရတော့ဘူး။ တစ်ယောက်ယောက် ဘာဖြစ်သွားလဲ သွာစစ်ဆေးကြည့်စမ်း”
“ငါသွားစစ်ဆေးကြည့်လိုက်မယ်” အစောပိုင်းက စကားပြောခဲ့သည့် နတ်ဆိုးဘုရင်သည် ယာယီမျှ တုန့်ဆိုင်းနေပြီးနောက် အောက်ရှိ မြို့ပျက်ထဲသို့ ထိုးဆင်းသွားလေ၏။
ကျန်သည့် နတ်ဆိုးဘုရင်လေးပါးသည်လည်း သူတို့၏ ကောင်းကင်စိတ်အာရုံကို သတိထား၍ ဖြန့်ကျက်လိုက်ကြလေသည်။ လတ်တလောတွင် သူတို့အနေဖြင့် ထိုပြင်ပမျိုးနွယ်မှ သကောင့်သားကို အရိပ်အယောင်ပင် မတွေခဲ့ရသော်ငြား သူတို့ ရောက်သွားသည့် နေရာတိုင်းသည် မြို့ပျက်ကြီးများ ဖြစ်နေကြသည်။ ထိုသကောင့်သားသည် မြို့ပျက်တစ်ခုခုတွင် ပုန်းအောင်း၍ သူတို့အား အလစ်ချောင်းကာ မတိုက်ခိုက်ပါဟု မည်သူမှ မပြောနိုင်ကြချေ။
ထိုလူသည် နတ်ဆိုးဘုရင်များကိုပင် သတ်ဖြတ်ပစ်နိုင်သည့်လူတစ်ဦး ဖြစ်သည့် အတွက်ကြောင့် နတ်ဆိုးဘုရင်များမှာ ထိုကောင့်အား အတော်လေး ကြောက်ကြပေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့သော်ငြား လေညင်းများမှာတော့ အေးစက်နေခဲ့သည်။ အရိုးနတ်ဆိုးဖေးလီမှလွဲ၍၊ ကျန်နတ်ဆိုးဘုရင်အားလုံး စိုးရိမ်နေကြလေ၏။
ထိုစဉ်မှာပင် နတ်ဆိုးချီစွမ်းအင်လှိုင်းတို့ ရုတ်တရက် ဖြာထွက်လာပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့လေ၏။ တစ်ချိန်တည်းတွင် အောက်ဘက်ရှိ အဆောက်အဦ တစ်ခု ပြိုကျသွားခဲ့လေသည်။
ထိုအခြင်းအရာကို သတိပြုမိလိုက်သည့်အခိုက် နတ်ဆိုးဘုရင်များ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး သူတို့၏ ကောင်းကင်စိတ်အာရုံကို ထိုနေရာဆီသို့ ကမန်းကတန်း ဖြန့်ကျက်ကြည့်လိုက်သည်။ သို့ရာတွင် ပြိုကျသွားသည့် အဆောက်အဦ မှလွဲ၍ အောက်ဘက်ရှိ မြို့ပျက်ကို သွားစစ်ဆေးသော နတ်ဆိုးဘုရင် အပါအဝင် အခြား မည်သည်ကိုမှ မတွေ့ရသည့်အတွက်ကြောင့် နတ်ဆိုးဘုရင်များအားလုံး ထိတ်လန့် တုန်လှုပ်သွားကုန်ကြလေ၏။
တစ်ယောက်ယောက်မှ နတ်ဆိုးဘုရင်အား လှမ်းခေါ်ကြည့်လိုက်ပါသော်ငြား မည်သည့် ပြန်ထူးသံမှ ထွက်မလာခဲ့ချေ။
“သူရောက်နေပြီ” ဖေးလီသည် ၎င်း၏ မီးတောက်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေရင်းမှ တိုးတိုးလေး ပြောလိုက်သည်။
အခြားသော နတ်ဆိုးဘုရင်များမှာလည်း အချိန်မရွေး တိုက်ခိုက်နိုင်ရန်အတွက် ၎င်းတို့၏ နတ်ဆိုးလက်နက် အသီးသီးကိုထုတ်ကာ နတ်ဆိုးချီကို လှည့်ပတ်ထားလိုက်ကြ၏။
ဘယ်ကမှန်းမသိ ပေါ်လာနိုင်သည့် အန္တရာယ်သည် နတ်ဆိုးဘုရင်များ၏ ရင်ထဲ ကြောက်စိတ်တို့ ကိန်းအောင်းသွားစေခဲ့သည်။ အကုန်လုံးမှာ နိုးနိုးကြားကြားဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စူးစမ်းကြည့်ပါသော်ငြား ပြင်ပမျိုးနွယ်သား၏ အရိပ်အယောင်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ချေ။ ထို့အတွက်ကြောင့် အကုန်လုံးမှာ အတော့်ကိုမှ ကူကယ်ရာမဲ့ကြကုန်လေ၏။
အကြိမ်တိုင်း ဤကဲ့သို့ချည်းသာ။ ဤထူးဆန်းသည် ရန်သူသည် ပေါချင်တိုင်းပေါ်၊ ပျောက်ချင်တိုင်း ပျောက်သွားတတ်သဖြင့် အကုန်လုံးမှာ ရင်တမမဖြင့် နေနေရ၏။
သို့သော်ငြား သူတို့ရန်သူ ထွက်မသွားသေးမှန်း နတ်ဆိုးဘုရင်အားလုံး သိနေကြသည်။ သူတို့ရန်သူသည် မှောင်ရိပ်ထဲတွင် ပုန်းအောင်း၍ သူတို့ အလစ်အငိုက် မိသွားသည်နှင့် တစ်ပြိုင်နက် သူတို့အား အလစ်အငိုက်ချောင်းတိုက်ကာ သတ်ပစ်ရန် ကြံနေခြင်း ဖြစ်သည်။
နတ်ဆိုးဘုရင်တိုင်းသည် မိုခဲတော့အား ဤနေရာတွင် ရှိစေလိုကြသည်။ သူမသည် ပုန်းကွယ်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်သည့် အတွက်ကြောင့် သူမသည်သာ ဤနေရာတွင်ဆိုပါက ထိုပြင်ပမျိုးနွယ်သားကို ကျိန်းသေ ရှာတွေ့နိုင်ပေလိမ့်မည်။
“နောက်မှာ” ဖေးလီက ရုတ်တရက် ပြောလိုက်သည်။ ထိုသို့ ပြောပြီးနောက် တစ်ခုသော အရပ်ဆီသို့ တစ္ဆေမီးတောက်ဖြင့် လှမ်း၍ တိုက်ခိုက်လိုက်သည်။ ကျန်သည့် နတ်ဆိုးဘုရင် သုံးပါးမှာလည်း ဖေးလီ တိုက်ခိုက်သည့် နေရာဆီသို့ စုပြုံ၍ တိုက်ခိုက်ကြ၏။
ပြင်ပမျိုးနွယ်သား၏ အရှိန်အဝါကို သူတို့ အာရုံခံမရပါသော်ငြား ဖေးလီသည် အဖွဲ့ထဲတွင် အားအကောင်းဆုံး ဖြစ်သည့်အတွက်ကြောင့် ထိုလူ၏ အရှိန်အဝါကို အာရုံခံမိခြင်း ဖြစ်လောက်ပေသည်။
အကုန်လုံး တိုက်ခိုက်မှုများသည် တစ်နေရာတည်း၌ စုဆုံသွားပါသော်ငြား သူတို့ မျှော်လင့်သည့် အဖြစ်အပျက်မျိုး မဖြစ်လာခဲ့ချေ။ နတ်ဆိုးဘုရင်သုံးပါးစလုံး ငေးကြောင်ကြောင် ဖြစ်နေစဉ် အော်ငြီးသံတစ်သံ ထွက်လာခဲ့သည်။
နတ်ဆိုးဘုရင်တစ်ပါး သူ့ရင်ဘတ်သို့ ငုံ့ကြည့်လိုက်ရာ သူ့ရင်ဘတ်အား ထုတ်ချင်းဖောက်၍ သူ၏ နတ်ဆိုးနှလုံးသားနှစ်ခုကို ကိုင်ထားသည့် အရိုးခြောက် လက်တစ်ဖက်ကို တွေ့လိုက်ရလေသည်။
အရိုးခြောက်လက်ကို သူအရမ်း ရင်းနှီးနေသည်။ သူ့ရင်ဘတ်အား ထိုးဖောက်ထားသည်မှာ ထိုလက် ဖြစ်နေသည်ဟုသူလုံးဝ မယုံကြည်နိုင်ခဲ့။
“ဖေးလီလား”
ကျန်သည့် နတ်ဆိုးဘုရင်နှစ်ပါးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း သွေးပျက်မတတ် ကြောက်ရွံ့သွားခဲ့သည်။ ဖေးလီသည် ဘာကြောင့်များ ကိုယ်လူကိုယ်ပြန်တိုက်ခိုက်နေလဲ ဆိုသည် သူတို့လုံးဝ နားလည်နိုင်ခဲ့ခြင်း မရှိချေ။
ထိုစဉ် တစ္ဆေသရဲတစ်ကောင်ပမာ လူတစ်ဦး ရုတ်တရက် ပေါ်လာပြီး နတ်ဆိုးဘုရင်တစ်ပါးဆီသို့ ပြေးဝင်သွားပြီး ထိုနတ်ဆိုးဘုရင်၏ အသက်ကို ချွေယူပစ်လိုက်လေသည်။
သွေးများ ပန်းထွက်လာခဲ့ပြီး နတ်ဆိုးဘုရင်လည်း အသစ်ပေါ်လာသည့် လူအား လှမ်း၍ ကြည့်လိုက်ရာ တစ်ကိုယ်လုံး ကြေးခွံများဖြင့် ဖုံးနေသည့် ခုနှစ်မီတာခန့် အမြင့်ရှိသည့် လူတစ်ဦး ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုလူသည် သူတို့ လိုက်ရှာနေသည့် မှော်ဝိဇ္ဇာမှလွဲ၍ မည်သူများ ဖြစ်ပါဦးမည်နည်း။
“မှော်ဆရာညို” အသက်ရှင်ကျန်ရစ်နေသည့် နတ်ဆိုးဘုရင် အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့သွားခဲ့လေသည်။
အစပိုင်းတွင် ဤနေရာသို့ လာခဲ့သည့်လူငါးဦး ရှိပေသည်။ ငါးဦးအနက် တစ်ဦးမှာ အောက်ဘက်ရှိမြို့အား သွားစစ်ဆေးရင်းမှ မှော်ဆရာညို၏ အလစ်ချောင်း တိုက်ခိုက်သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ လေဦး ကျန်တော့သည့်အနက် တစ်ဦးမှာ သစ္စာဖောက် ဖေးလီ ဖြစ်နေကာ သူ့ကြောင့် နောက်ဆုံးသုံးဦးအနက် တစ်ဦး အသတ်ခံလိုက်ရသည်။ ယခု မှော်ဆရာညိုပါက နောက်ထပ် တစ်ယောက်ကို ထပ်သတ်လိုက်သော် နတ်ဆိုးဘုရင်တစ်ပါးသာ ကျန်ရစ်တော့လေသည်။
အသက်ရှင်ကျန်ရစ်နေသည့် နတ်ဆိုးဘုရင်သည် ရန်ကိုင်ကို ကြည့်နေရင်းမှ ဖေးလီအား လှမ်းကြည့်လျက် ရင်နာနေသည့် ပုံစံဖြင့် “ဘာလို့လဲ”
ဖေးလီ သူတို့အား သစ္စာဖောက်သွားခဲ့သည်။ ထို့ကြောင့်သာ မဟုတ်ပါက ကိုယ်လူ ကိုယ်ပြန်တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ဖေးလီ၏ သစ္စာဖောက်မှုကြောင့်သာ မဟုတ်ပါက မှော်ဆရာညို မည်မျှ အားကောင်းနေပါစေ သူတို့ကဲ့သို့ နတ်ဆိုးဘုရင် ငါးပါးကို တစ်ပြိုင်တည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
သို့ရာတွင် ဖေးလီ ဘာကြောင့် သူတို့အား သစ္စာဖောက်သွားသလဲ ဆိုသည်ကိုတော့ နတ်ဆိုးဘုရင် လုံးဝ နားလည်နိုင်ခဲ့ခြင်း မရှိ။ သူသည် နတ်ဆိုးဘုရင်တစ်ပါးဖြစ်သည်။ နတ်ဆိုးဘုရင်များထဲတွင်ပင် အတော်ဆုံး နတ်ဆိုးဘုရင်ထဲ ပါပေသည်။ ထိုသို့ ဖြစ်လေရာ သူ့အဆင့်အတန်းကိုမှ မထောက်ထား၊ ဘာကြောင့်များ လူရိုင်းမျိုးနွယ်အား အညံ့ခံလိုက်ရလေသနည်း။
“သိနေပြီးသားကို ဘာလို့ မေးနေရသေးတာလဲ’ ဖေးလီက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။ ထိုသို့ ပြောပြီးသည့်နောက် သူ့လက်ထဲရှိ နတ်ဆိုးနှလုံးသားကို ချေချပစ်လိုက်ရာ ရင်ဘတ်ပေါက်နေသည့် နတ်ဆိုးဘုရင်၏ မျက်လုံးထဲရှိ အသက်ဓါတ်တို့ လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရလေသည်။
ထို့နောက်တွင် ဖေးလီသည် သေဆုံးသွားသည့် နတ်ဆိုးဘုရင်၏ အလောင်းကို အောက်သို့ ပစ်ချလိုက်လေ၏။
“မင်းက နတ်ဆိုးမျိုးနွယ်အတွက် ကျက်သရေမရှိတဲ့ကောင်ပဲ” အသက်ရှင်ကျန်ရစ်သည့် နတ်ဆိုးဘုရင်၏ မျက်လုံးများမှာတော့ မီးတောက်လုမတတ် ဖြစ်နေခဲ့သည်။
ရန်သူနှင့် သစ္စာဖောက်များကို ယှဉ်ရသည့်အခါ သစ္စာဖောက်များသည် ပို၍ မုန်းတီးစရာ ကောင်းပေသည်။
ဖေးလီကမူ တစ်ခွန်းမှ ပြန်ပြောမနေဘဲ ထိုနတ်ဆိုးဘုရင်ဆီသို့ ပြေးဝင်သွားလေ၏။
နတ်ဆိုးဘုရင်နှစ်ဦးစလုံး ချက်ချင်း စတင် တိုက်ခိုက်ကြတော့လေသည်။
သို့ရာတွင် ဖေးလီသည် ထိုနတ်ဆိုးဘုရင်ထက် အများကြီး ပိုအားကောင်းနေသည်။ ရန်ကိုင် မြင်ရသလောက် ဖေးလီသည် အဆင့်မြင့် နတ်ဆိုးဘုရင်များထဲတွင်ပင် ထိပ်တန်းအဆင့်ထဲ ပါပေသည်။ သို့သော် သူ့ပြိုင်ဘက်မှာတော့ အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်တစ်ဦးသာ ဖြစ်လေ၏။
ထို့အတွက်ကြောင့် သူတို့ နှစ်ဦးသားကြားရှိ ခွန်အားကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားလှကာ တိုက်ပွဲမှာ မကြာခဲ့ဘဲ အမွှေးတိုင်တစ်ချောင်းစာပြီးနောက်တွင် ဖေးလီသည် တစ်ဖက်နတ်ဆိုး၏ နတ်ဆိုးနှလုံးသားများကို ဖျက်စီးပစ်နိုင်ခဲ့လေသည်။
နတ်ဆိုးဘုရင်ငါးပါး ဤနေရာသို့ အတူတကွ ရောက်လာခဲ့သော်ငြား အဆုံးတွင်တော့ ဖေးလီ တစ်ဦးသည်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
“ဆရာ” တိုက်ပွဲ ပြီးသွားသည့်နောက်တွင် ဖေးလီသည် ရန်ကိုင်အား ဦးညွှတ် အလေးပြုလိုက်သည်။
ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းကို ပြန်ရုတ်သိမ်းကာ လူအသွင်သို့ ပြန်ပြောင်းလိုက်သည်။ ထို့နောက် ဖေးလီအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လျက် မေးလိုက်လေ၏ “မိုတော့ ရောက်လာတဲ့အကြောင်းကို ကျုပ်ကို ဘာလို့ အစောကြီးကတည်းက မပြောတာလဲ”
ရန်ကိုင်သည်သာ မိုတော့ ရောက်လာသည့်အကြောင်းကို နှစ်ရက်သုံးရက်ခန့် စောသိခဲ့ရမည်ဆိုလျှင် တောင်ပိုင်းလူရိုင်းကလန်သားများ သေဆုံးခဲ့ရလိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ ကလန်တစ်ခုလုံးနီးပါး ရှင်းပစ်ခံရလိမ့်မည် မဟုတ်ချေ။ သို့သော် ဖေးလီမှ သတင်းပို့ရန် နှောင့်နှေးနေသဖြင့် တောင်ပိုင်းလူရိုင်းကလန်၏ အဖွဲ့သားသုံးသိန်းခန့် သေဆုံးသွားခဲ့ရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၈၂)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်၏အမေးကိုကြားသော် ဖေးလီက ခါးသက်သက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “မိုတော့ ရုတ်တရက်ကြီး ရောက်ချလာမယ်လို့ ငါတို့ ဘယ်သူမှမထင်ထားခဲ့ဘူး… ရောက်လာလာချင်း အခုလိုမျိုးတွေ စလုပ်တာ… ငါကလည်း သူ့နားမှာ တောက်လျှောက် နေနေရတာဆိုတော့ ဘာသတင်းမှ ပို့ဖို့ အခွင့်အရေးမရလိုက်ဘူး…”
ရန်ကိုင် တိတ်သွားခဲ့လေသည်။ ရန်ကိုင်တိတ်နေသည်ကိုကြည့်ရင်း ဖေးလီ စိုးရိမ်သွားခဲ့သည်။ ရန်ကိုင်များ သူ့ကလန်ဖျက်ဆီးခံလိုက်ရသည့်အပေါ် သူ့အပေါ် အပြစ်တင်လာလေမလား။ ကံကောင်းစွာဖြင့် တစ်ခဏကြာပြီးသည့်နောက် ရန်ကိုင်က နောက်ထပ်မေးခွန်းတစ်ခုကို မေးလိုက်သည်။ “မိုတော့ အခု သူ့ခွန်အား ဘယ်လောက်လောက်ကို သုံးနိုင်လဲ…”
ဖေးလီက သက်ပြင်းချလျက် ပြန်ပြောလိုက်လေသည်။ “ကမ္ဘာနှစ်ခုကြားက အတားအဆီးကို ဖြတ်လာတုန်းက ဒဏ်ရာရလာတာဆိုတော့ အခုလောလောဆယ် သူ့ခွန်အား ခြောက်ဆယ် ခုနှစ်ဆယ် ရာခိုင်နှုန်းလောက်ကိုပဲ သုံးနိုင်ဦးမယ်…. ဒါပေမယ့် သူ့ဒဏ်ရာတွေကို ပြန်ကုဖို့ အချိန်ရမယ်ဆိုရင်တော့ အခုထက်ပိုအားကောင်းလာပြီး နောက်ဆုံးကြရင် သူ့ခွန်အားအပြည့်အဝကို ပြန်ထုတ်သုံးနိုင်လိမ့်မယ်…”
“ခြောက်ဆယ် ခုနှစ်ဆယ် ရာခိုင်နှုန်း…” ရန်ကိုင် ရေရွတ်လိုက်လေသည်။ ကြည့်ရသလောက် သူခန့်မှန်းသည်မှာ မှန်နေသည့်ပုံပင်။ မိုတော့သည် မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သည့်ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား လက်ရှိအခြေအနေတွင် သူ့ခွန်အားအကုန်အစင်ကို ထုတ်မသုံးနိုင်ချေ။ သို့သော်ငြား ခြောက်ဆယ် ခုနှစ်ဆယ် ရာခိုင်နှုန်းလောက်သော ခွန်အားကိုသာလျှင် ထုတ်သုံးနိုင်သော ဧကရာတစ်ပါးသည်ပင်လျှင် ရန်ကိုင်ယှဉ်ပြိုင်နိုင်သည့် ရန်ကိုင်ယှဉ်ပြိုင်နိုင်သည့်လူမျိုး မဟုတ်သေးချေ။
“ဆရာ… အခုဆိုရင်တော့ ကျုပ်အကြောင်းကို မိုတော့လည်း သိသွားလောက်ပြီ… ကျုပ် ပြန်သွားလို့မရတော့ဘူး…” ဖေးလီက ပြောလိုက်သည်။
ဖေးလီသည် နတ်ဆိုးဘုရင်လေးပါးနှင့် အတူတကွ ထွက်လာခဲ့ပါသော်ငြား သူတစ်ဦးသာ အသက်ရှင်ခဲ့သည်။ မိုတော့သာမရှိလျှင်တော့ ဖေးလီ၏ ခွန်အားမြင့်မားမှုကြောင့် အခြားသောနတ်ဆိုးဘုရင်များမှာ သူ့အပေါ် ဘာမှ သိပ်ပြောရဲလိမ့်မည် မဟုတ်ပါသော်ငြား လက်ရှိအချိန်တွင်သာ မိုတော့ဆီသို့ ပြန်သွားခဲ့လျှင် မိုတော့၏ သံသယဝင်ခြင်း ခံရပေလိမ့်မည်။
“အင်း…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ ယခုကဲ့သို့ ဖြစ်လာမည်မှန်း ကြိုတင်မျှော်မှန်းထားသည့်အလား ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ကျုပ်ကို ခံတပ်စီးကြောင်းဆီ ခေါ်သွားပေး…”
“ခံတပ်စီးကြောင်း…” ဖေးလီ အံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင်ဘာလုပ်ချင်နေသလဲဆိုသည်ကို နားလည်လိုက်သည့်အလား ချက်ချင်းပဲ ပြန်မေးလိုက်လေ၏။ “ဆရာ… ဆရာ တကယ်ကြီး နတ်ဆိုးသုံးသိန်းကို သတ်ပစ်ချင်နေတာလား…”
“ကျုပ်နောက်နေတယ်လို့ ခင်ဗျားထင်နေတာလား…” ရန်ကိုင်က ဖေးလီကိုကြည့်၍ ပြန်မေးလိုက်သည်။
ဖေးလီ တုန်တုန်ရီရီဖြစ်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “ဒါပေမယ့် ခံတပ်စီးကြောင်းမှာ နတ်ဆိုးတစ်သိန်းကျော်တောင် ရှိတာနော်…”
လွန်ခဲ့သည့်လအတွင်း နတ်ဆိုးနှစ်သိန်းလောက်သည် ရန်ကိုင်လက်ချက်ကြောင့် သေဆုံးခဲ့ရလေသည်။ ခံတပ်စီးကြောင်း၌ ရှိနေသော နတ်ဆိုးများကိုပါ ထည့်ပေါင်းလိုက်မည်ဆိုပါက စုစုပေါင်း သုံးသိန်းနီးပါးခန့် ရှိသွားပေလိမ့်မည်။
သို့သော်ငြား ယခင်လများအတွင်း ရန်ကိုင်ဖျက်ဆီးခဲ့သည့် အကြီးဆုံးသောနတ်ဆိုးစခန်းအတွင်း နတ်ဆိုးပေါင်းတစ်သောင်းခန့်လောက်သာ ရှိပေသည်။ ထို့အပြင် ရန်ကိုင်မှ နတ်ဆိုးစစ်တပ်များကို မကြာမကြာ လိုက်လံဖျက်ဆီးနေသည့်အတွက်ကြောင့် နတ်ဆိုးများ ကင်းချထားနိုင်မည့် နေရာအကျယ်အဝန်းမှာ တဖြည်းဖြည်းနှင့် ကျဉ်းမြောင်းလာခဲ့သလို တကွဲတပြားရှိနေသော နတ်ဆိုးများကိုလည်း တစ်နေရာတည်းတွင် အတူတကွ စုဝေးနေရန် နတ်ဆိုးခေါင်းဆောင်များမှ အမိန့်ပေးလာခဲ့လေသည်။ ထိုသို့ဖြင့် ခံတပ်စီးကြောင်းမှာ နတ်ဆိုးများ၏ အကြီးဆုံးသော စစ်စခန်းများအနက် တစ်ခု ဖြစ်လာခဲ့ရလေသည်။ ဖေးလီသိသလောက်ဆိုရင် ခံတပ်စီးကြောင်း၌ နတ်ဆိုးဘုရင်ရှစ်ပါးခန့် ရှိနေပြီး အခြားသောနတ်ဆိုးများ အကောင်တစ်သိန်းကျော်ခန့် ရှိနေခဲ့လေသည်။ မှော်ဆရာညိုသည် ထိုကဲ့သို့သောနေရာမျိုးကို ဘာကြောင့်များ ပစ်မှတ်ထားချင်ရလေသနည်း။
ရန်ကိုင်က ဖေးလီကိုကြည့်၍ ပြန်ပြောလိုက်သည်။ “ကျုပ်တစ်ယောက်တည်းမဟုတ်ဘူးလေ…”
ဖေးလီကြောင်သွားလေ၏။ သို့သော်ငြား မကြာမီ ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို နားလည်သွားခဲ့လေသည်။
ကြည့်ရသလောက် ရန်ကိုင်မှ နတ်ဆိုးကလန်ထဲ ထည့်သွင်းထားခဲ့သော ပွန်းရုပ်များ၏ အခန်းကဏ္ဍတို့ စတင်လာတော့မည့်ပုံပင်။
ခံတပ်စီးကြောင်းသည် လူရိုင်းကလန်တစ်ခု၏ မြို့တော်ဖြစ်ပေသည်။ သို့သော်ငြား ထိုမြို့တော် ဖျက်ဆီးခံလိုက်ရပြီးသည့်နောက်တွင် နတ်ဆိုးများသည် ထိုနေရာ၌ ခံတပ်စခန်းတစ်ခုကို အခိုင်အမာ တည်ဆောက်ခဲ့လေ၏။
သိန်းနှင့်ချီသော နတ်ဆိုးများ ထိုနေရာတွင် စုဝေးနေသည့်အတွက်ကြောင့် ထိုမြို့တော်ကြီးတစ်ခုလုံးမှာ မှုံမှိုင်းအုံ့ဆိုင်းနေရသည်။ နတ်ဆိုးဘုရင်ရှစ်ပါးသည် ထိုနေရာကို အတူကြီးကြပ်နေခဲ့ပြီး ထိုနတ်ဆိုးဘုရင်များ၏ လက်အောက်တွင်တော့ မြောက်မြားလှစွာသော နတ်ဆိုးဗိုလ်ချုပ်မှူးများ နတ်ဆိုးဗိုလ်ချုပ်များ ရှိနေကြလေသည်။
ခံတပ်စီးကြောင်းသည် လက်ရှိ နတ်ဆိုးများသိမ်းပိုက်ထားသည့် နယ်မြေ၏ အတွင်းပိုင်းတွင် ရှိနေသည့်အတွက်ကြောင့် စစ်ပွဲများကို ဆင်နွှဲခဲ့ရခြင်းမရှိချေ။ သို့သော်ငြား နတ်ဆိုးများမှာ သွေးဆာသည့် သတ္တဝါများဖြစ်ကြသည်။ ထို့အတွက်ကြောင့် အားနေယားနေ တိုက်ခိုက်ချင်နေကြလေသည်။ သူတို့စိတ်ထဲ ဤကမ္ဘာထဲရှိ ပြင်ပမျိုးနွယ်စုများကို ဖမ်းဆီးသတ်ဖြတ်၍ ဤနယ်မြေတစ်ခုလုံးကို ပြန်လည် သိမ်းယူပစ်ချင်သည့်စိတ်များ နေ့စဉ်နှင့်အမျှ တဖွားဖွား ပေါ်လာနေခဲ့ရသည်။
ဖေးလီ၏ ဗြုန်းစားကြီးရောက်ရှိလာမှုသည် နတ်ဆိုးဘုရင်ရှစ်ပါးကို အံ့အားသင့်သွားစေခဲ့လေသည်။ သို့သော်ငြား ဖေးလီ၏ခွန်အားနှင့် ဂုဏ်သတင်းကြောင့် လူတိုင်းမှာ အံ့အားသင့်သွားခဲ့ကြသည့်တိုင် ဖေးလီကို အရမ်းကြီး နိုးနိုးကြားကြား ဖြစ်နေခြင်း မရှိခဲ့။ ထို့အစား ဖေးလီအား ဝမ်းပန်းတသာနှင့်ကြိုဆိုပြီး သူဘာကြောင့် ရောက်လာရသလဲဆိုသည်ကိုလည်း မသိမသာလေး မေးမြန်းကြည့်ကြလေသည်။
ဖေးလီကမူ ရေငုံနှုတ်ပိတ်၍သာ နေနေခဲ့သဖြင့် အကုန်လုံးမှာ သူ့အား ထပ်၍ မမေးရဲတော့ပေ။ သူတို့စိတ်ထဲတွင်တော့ ဖေးလီသည် စီနီယာမိုတော့၏အမိန့်ဖြင့် ဤနေရာသို့ ရောက်လာလေသလားဟုသာ တွေးတောနေခဲ့လေသည်။
ခံတပ်စီးကြောင်းထဲရှိ နတ်ဆိုးဘုရင်ရှစ်ပါးအနက် တစ်ပါးမှာ ခွန်အားနတ်ဆိုးရို့လာ ဖြစ်ပေသည်။ဖေးလီနှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် ခွန်အားနတ်ဆိုးရို့လာမှာ ဖေးလီဘာလုပ်ချင်နေသလဲဆိုသည်ကို နားလည်သွားခဲ့ပြီး စတင်၍ စိုးရိမ်တကြီး ဖြစ်လာရတော့သည်။
မကြာမီ ပိုမိုများပြားသော နတ်ဆိုးဘုရင်များ ခံတပ်စီးကြောင်းသို့ ရောက်လာကြလေသည်။
အရိပ်နတ်ဆိုးမိုခဲတော့၊ မီးနတ်ဆိုးလိုင်ဝမ်၊ နှင်းနတ်ဆိုးအာရှီနာ…။
သုံးရက်အတွင်း ဖေးလီအပါအဝင် နတ်ဆိုးဘုရင်ခုနှစ်ပါး ဘက်ပေါင်းစုံမှ ခံတပ်စီးကြောင်းသို့ ရောက်ရှိလာကြလေ၏။ ထိုသို့ဖြင့် ခံတပ်စီးကြောင်းတွင် ရှိနေသော နတ်ဆိုးဘုရင်အရေအတွက်မှာ စုစုပေါင်း ဆယ့်ငါးပါးခန့် ရှိသွားခဲ့ရတော့လေသည်။
ထိုမျှများပြားလှသော နတ်ဆိုးများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း တွေ့ရဖို့ရာမှာ အလွန်ကိုမှ ခဲယဉ်းလွန်းလှပေသည်။
မိုတော့ရောက်လာပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်တစ်ပါးချင်းစီအား ကာကွယ်ရမည့်နယ်မြေတစ်ခုချင်းစီကို ခွဲဝေပေးလေသည်။ ပုံမှန်အားဖြင့် ထိုနတ်ဆိုးဘုရင်များသည် သူတို့၏ပိုင်နက်နယ်မြေများထဲမှ အလွယ်တကူ ထွက်ခွာသွားခွင့် မရှိကြပေ။ သို့သော်ငြား ဖေးလီနှင့် အခြားနတ်ဆိုးဘုရင်များ ဤနေရာသို့ တစ်စုတစ်ဝေးတည်း ရောက်ရှိလာမှုသည် လုံးဝကို ပုံမှန်မဟုတ်ခဲ့ပေ။ ထို့အတွက်ကြောင့် မည်မျှပင်တုံးအသည့်နတ်ဆိုး ဖြစ်နေစေကာမူ တစ်ခုခုမှားယွင်းနေမှန်းတော့ သတိပြုမိသွားပေသည်။
ထိုသို့ဖြင့် လူတိုင်းမှာ ရောက်လာကြသည့်နတ်ဆိုးဘုရင်များအား သူတို့ ဘာကြောင့်ရောက်လာသလဲဆိုသည်နှင့် ပတ်သက်၍ တောက်လျှောက်ကို စစ်ဆေးမေးမြန်းကြည့်လေရာ နောက်ဆုံးတွင် ထိုလူများသည် စီနီယာမိုတော့၏အမိန့်ဖြင့် ရောက်လာကြမှန်း သိသွားရတော့သည်။ စီနီယာမိုတော့မှ မည်ကဲ့သို့သောအမိန့်မျိုး ပေးထားသလဲဆိုသည်ကိုတော့ မည်သူမျှမသိကြဘဲ ဖေးလီတစ်ဦးတည်းသာ သိပေသည်။
ကံမကောင်းစွာဖြင့် ဖေးလီမှာ ရောက်လာပြီးသည့်အချိန်မှစ၍ တောက်လျှောက်ကို အခန်းတွင်းအောင်းနေသဖြင့် မည်သူမျှ သူ့အား သွားရောက်မမေးမြန်းနိုင် ဖြစ်ခဲ့ရသည်။
စီနီယာမိုတော့၏အမိန့်ကြောင့်ဟူသော စကား ထွက်လာပြီးသည့် အခါမှသာ လူတိုင်း၏ ဖေးလီအပေါ် ထားထားသည့် သံသယများ ပျောက်ကွယ်သွားရတော့သည်။
ငါးရက်ကြာပြီးသည့်နောက်တွင် ခံတပ်စီးကြောင်း၏ အကြီးမားဆုံးသော အဆောက်အဦးတစ်ခုထဲ၌ နတ်ဆိုးဘုရင်ငါးပါးတို့ အတူတကွ စုဝေးကြလေ၏။ ဖေးလီသည် ဧည့်သည်တစ်ဦးဖြစ်သည့်တိုင် ခန်းမ၏ ခေါင်းဆောင်ထိုင်သည့်နေရာတွင် ထိုင်နေခဲ့လေသည်။ ကျန်သည့်နတ်ဆိုးဘုရင်ဆယ့်လေးပါးမှာမူ စားပွဲခုံ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အသီးသီး ထိုင်နေကြလေ၏။ မည်သူမျှ စကားတစ်ခွန်းမျှ မဆိုကြဘဲ အကုန်လုံးသည် ဖေးလီကိုသာ ကြည့်နေကြလေသည်။
ဖေးလီသည် အကုန်လုံးကိုဝေ့ကြည့်လျက် ရုတ်တရက် ပြောလိုက်လေ၏။ “ငါတို့တွေထဲမှာ သစ္စာဖောက်တွေရှိနေတယ်…”
ခန်းမတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့လေသည်။ အတန်ကြာသွားသည့်အခါမှသာ နတ်ဆိုးဘုရင်တစ်ပါးက မေးလိုက်လေ၏။ “ဖေးလီ… မင်း လာနောက်နေတာလား…”
“ဟုတ်တယ်… ငါတို့တွေထဲမှာ ဘယ်လိုလုပ်ပြီး သစ္စာဖောက်တွေ ရှိနေရမှာလဲ… ဒီအဆင့်နိမ့်ပြင်ပမျိုးနွယ်စုတွေက ငါတို့လို နတ်ဆိုးဘုရင်တွေကို ဘယ်လိုလုပ်ပြီး လာဘ်ထိုးနိုင်မှာလဲကွ…”
“ဟုတ်တယ် ဖေးလီ… ဒါက နောက်စရာမဟုတ်ဘူးနော်…”
အခြားသောနတ်ဆိုးဘုရင်များကလည်း ပြန်ပြောလိုက်ကြလေသည်။
ဖေးလီက ပြန်ပြောလိုက်၏။ “ဒါ ငါပြောတာမဟုတ်ဘူး… စီနီယာမိုတော့ပြောတာ…”
ရုတ်တရက်ဆိုသလို ဆူညံနေသည့်လူအုပ်ကြီးတစ်ခုလုံး တိတ်ကျသွားခဲ့လေသည်။ အကုန်လုံးမှာ သူတို့၏အပေါင်းအပါများအား သတိထား၍ စတင်စစ်ဆေးကြည့်လာကြတော့လေ၏။
သူတို့အနေဖြင့် ဖေးလီမှ သူတို့ကြားထဲ သစ္စာဖောက်များ ရှိနေသည်ဟု ပြောလာသည့်အပေါ် ရယ်မောအရွှန်းဖောက်နိုင်ပါသော်ငြား စီနီယာမိုတော့ပြောလာသည်ဆိုလျှင်တော့ အတော်လေး ဖြစ်နိုင်ချေရှိသည်ဟု ပြော၍ရပေသည်။
စီနီယာမိုတော့သည် ဤနေရာရှိလူများအနက် မည်သူသည် သစ္စာဖောက်ဖြစ်သလဲဆိုသည်ကို သိထားပြီး ဖြစ်လောက်သည်။ ထို့ကြောင့်ပင်လျှင် ဖေးလီအား စေလွှတ်လိုက်ခြင်း ဖြစ်ရပေလိမ့်မည်။ တစ်နည်းဆိုရသော် သူတို့ကြားထဲ သစ္စာဖောက်များ ကျိန်းသေကို ရှိနေပေသည်။
“ဘယ်သူလဲ…” ဖေးလီ၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေသော မိုခဲတော့က မေးမြန်းလိုက်လေသည်။ လက်ရှိအချိန်တွင်တော့ မိုခဲတော့သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ချီဖြင့် ရစ်သိုင်းထားသည့်အတွက်ကြောင့် မည်သူမျှ သူမ၏မျက်နှာအစစ်အမှန်ကို မမြင်ရပေ။
မိုခဲတော့မှ မေးလိုက်သည်နှင့်တစ်ပြိုင်နက် အကုန်လုံး၏အကြည့်သည် ဖေးလီဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။ ဖေးလီသည်သာ ထိုနတ်ဆိုးဘုရင်၏နာမည်ကို ထုတ်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနတ်ဆိုးဘုရင်မှာ အခြားသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံရပေလိမ့်မည်။
“သူ့ကိုယ်သူ သိတယ်…” ဖေးလီက တိုက်ရိုက်ပြန်မဖြေခဲ့ပေ။
“စီနီယာမိုတော့ ဘယ်သူဖြစ်တယ်ဆိုတာကို သေချာမပြောလိုက်ဘူးလား…” နတ်ဆိုးဘုရင်တစ်ပါးက မျက်မှောင်ကျုံ့၍ မေးလိုက်သည်။
ဖေးလီက ထရပ်၍ ဆက်ပြောလိုက်သည်။ “စီနီယာမိုတော့ကတော့ သိပြီးသားပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် ဖေးလီသည် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ဝါးထက်တွင် ဝဲကတော့တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုဝဲကတော့တစ်ခုလုံးမှာ ပိန်းပိန်းပိတ် နက်မှောင်နေခဲ့ပြီး နတ်ဆိုးဘုရင်များမှာ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည့်တိုင် ဝဲကတော့အတွင်းပိုင်းကို စစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။
“အဲ့ဒါဘာကြီးလဲ…” နတ်ဆိုးဘုရင်တစ်ပါးက မေးမြန်းလိုက်လေသည်။ သူ့အနေဖြင့် ဤကဲ့သို့သောအရာမျိုးကို မြင်ဖူးသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။
ဖေးလီက ပြန်ပြောလိုက်၏။ “ဒါ စီနီယာမိုတော့ ငါ့ကိုပေးထားတဲ့ဟာပဲ… ဒီထဲမှာ လူတစ်ယောက်ရဲ့အတွေးတွေကို ထုတ်ဖော်နိုင်တဲ့ သူတော်စင်မှော်ရတနာတစ်ခုရှိတယ်… သူတော်စင်မှော်ရတနာရှေ့မှာ ရပ်လိုက်မယ်ဆိုရင် သစ္စာဖောက်က သူ့အလိုလို ပေါ်လာလိမ့်မယ်…”
ထိုစကားကိုကြားသော် လူတိုင်း၏အမူအယာ လေးနက်တည်ကြည်သွားကုန်ကြလေသည်။ စီနီယာမိုတော့၏ နည်းလမ်းများအပေါ်လည်း အံ့အားသင့်သွားကြသည်။
“ကဲ… ကျေးဇူးပြုပြီး အထဲဝင်ပေးကြပါ…” ဖေးလီက ပြောလိုက်လေသည်။
နတ်ဆိုးဘုရင်ဆယ့်လေးပါးမှာ ချက်ချင်း အထဲသို့ ဝင်မသွားသေးကြဘဲ တုံ့ဆိုင်းနေဟန်ဖြင့် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်နေကြလေသည်။ မည်သူမျှ ရှေ့မှဦးဆောင်၍ မဝင်သွားချင်ကြပေ။
ထိုအချိန်တွင် အရိပ်နတ်ဆိုးမိုခဲတော့သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဝဲကတော့ထဲသို့ ဝင်သွားခဲ့လေသည်။
ဖေးလီက ဆက်ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ထင်နေတဲ့လူတွေပဲ တုံ့ဆိုင်းနေကြမှာ…”
ထိုစကားကိုကြားသော် အခြားသောနတ်ဆိုးဘုရင်များ၏ အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ ထို့အပြင် မိုခဲတော့သည် ရှေ့မှ ဦးဆောင်၍ ဝင်သွားလေပြီဖြစ်လေရာ မည်သူမျှ ဆက်၍ တုံ့ဆိုင်းမနေကြတော့ဘဲ ချက်ချင်း ဝဲကတော့ထဲသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်ဝင်သွားကုန်ကြလေ၏။
အခန်းထဲတွင် ရှိနေသော နတ်ဆိုးဘုရင်များ တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွားကြလေရာ မကြာမီ ထူးဆန်းသောဝဲကတော့ကြီးတစ်ခုသာ ကျန်ရစ်တော့လေသည်။ အကုန်လုံးဝင်သွားပြီးသည့်နောက်တွင် ဖေးလီသည်လည်း ဝဲကတော့ထဲသို့ လိုက်ဝင်သွားလိုက်လေ၏။
ဖေးလီ အထဲသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးဘုရင်တစ်ပါးက ချက်ချင်းအော်ပြောလိုက်လေသည်။ “ဖေးလီ… ငါတို့ရဲ့အတွေးတွေကို ထုတ်ဖော်နိုင်တယ်ဆိုတဲ့ သူတော်စင်မှော်ရတနာက ဘယ်မှာလဲ… ငါတို့ ဘာလို့ ရှာလို့မတွေ့ရတာလဲ အဲ့ဒါကို…”
ထိုနတ်ဆိုးဘုရင်မှာ သူသည် သစ္စာဖောက်မဟုတ်ကြောင်း သက်သေပြလိုနေခဲ့လေသည်။ ထို့ကြောင့် အနည်းငယ် စိတ်မရှည်ဖြစ်နေလေ၏။ သို့ရာတွင် ဤအရာသည် ထောင်ချောက်တစ်ခုဖြစ်သည်ဟူသော အချက်ကိုတော့ ထိုနတ်ဆိုး မသိခဲ့ပေ။
ဖေးလီသည် ပြန်မဖြေခဲ့ဘဲ မိုခဲတော့နှင့် အခြားသောနတ်ဆိုးဘုရင်များဘက်သို့လှည့်၍ “ဆရာက တစ်ယောက်ကို တစ်ယောက်နှုန်းစီ ယူပြီးတော့ ကိုယ့်ကိုယ်ကို သက်သေပြဖို့ အမိန့်ပေးထားတယ်…”
ခံတပ်စီးကြောင်းတွင် စခန်းချနေသော နတ်ဆိုးဘုရင်များမှာ ဖေးလီ၏စကားကြောင့် ဇဝေဇဝါဖြစ်သွားကုန်ကြလေသည်။ သို့သော်ငြား မိုခဲတော့၊ လိုင်ဝမ်နှင့် အခြားသောနတ်ဆိုးဘုရင်များမှာမူ ဖေးလီပြောသည်ကိုကြားပြီးသည့်နောက် လေးနက်တည်ကြည်သွားကုန်ကြလေသည်။ ဖေးလီဘာပြောချင်နေသလဲဆိုသည်ကို သူတို့သိပေသည်။
ထို့နောက်တွင် မိုခဲတော့သည် ခြောက်ခြားဖွယ်ရာကောင်းစွာ အော်ရယ်မောလျက် အနက်ရောင်မြူခိုးတစ်ခုအသွင်သို့ ပြောင်းကာ သူမအနီးတွင် ရှိနေသော နတ်ဆိုးဘုရင်တစ်ပါးကို လွှမ်းခြုံလိုက်လေသည်။ ချက်ချင်းဆိုသလို ထိုအနက်ရောင်မြူခိုးထုထဲမှ စူးစူးရှရှအော်သံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
ထိုအဖြစ်အပျက်ကြောင့် အကုန်လုံး၏အမူအယာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြရလေသည်။
ထိုလူများ အသိပြန်ဝင်မလာနိုင်သေးခင်မှာပင် မီးနတ်ဆိုးလိုင်ဝမ်၊ ခွန်အားနတ်ဆိုးရို့လာ၊ နှင်းနတ်ဆိုးအာရှီနာနှင့် အခြားသောနတ်ဆိုးများမှာ အနီးအနားတွင်ရှိနေသော နတ်ဆိုးဘုရင်တစ်ပါးချင်းစီကို အသေသတ်တိုက်ကွက်များဖြင့် တိုက်ခိုက်ကြတော့လေသည်။
ဖေးလီတစ်ဦးမှလွဲ၍ ကျန်သည့်နတ်ဆိုးဘုရင်ဆယ့်လေးပါးစလုံးမှာ တစ်ဦးနှင့်တစ်ဦး အသီးသီး တိုက်ခိုက်နေကြလေသည်။ နှစ်ယောက်တစ်တွဲဖြင့် တိုက်ခိုက်နေကြလေရာ စုစုပေါင်း အဖွဲ့ခုနှစ်ဖွဲ့ခန့် ရှိနေခဲ့လေသည်။
ခံတပ်စီးကြောင်းမှ နတ်ဆိုးဘုရင်များမှာ ဤကဲ့သို့ ရုတ်တရက်အဖြစ်အပျက်အပေါ် အချိန်မီမတုံ့ပြန်နိုင်ခဲ့ပါသော်ငြား အသည်းအသန်တော့ ပြန်လည်ကြိုးစားတိုက်ခိုက်ခဲ့ပေသည်။
သို့သော်ငြား ဤနေရာကြီးတွင် သူတို့၏ခွန်အားအကုန်အစင်ကို ထုတ်မသုံးနိုင်အောင် လုပ်ထားသည့် စွမ်းအားတစ်ရပ် ဘာကြောင့် ရှိနေရသလဲဆိုသည်ကိုတော့ မည်သူမျှ နားမလည်ခဲ့ကြပေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူတို့အနေဖြင့် မိုခဲတော့နှင့် အခြားသူများ၏ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါဦးမည်နည်း။
နတ်ဆိုးဘုရင်များ တစ်ပါးပြီးတစ်ပါး သေဆုံးကုန်ကြပြီး နတ်ဆိုးနှလုံးသားမှာလည်း တစ်ခုပြီးတစ်ခု ပျက်စီးကုန်ကြရလေသည်။
နောက်ဆုံးနတ်ဆိုးဘုရင်သည် မသေခင်မှာပင် ရုတ်တရက် တစ်ခုခုအား နားလည်သွားခဲ့ပြီး ထိတ်လန့်တကြားဖြင့် “မင်းတို့အားလုံးက သစ္စာဖောက်တွေလား…”
လိုင်ဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရာအားလုံးကို လောင်မြိုက်ပစ်လိုက်သည့်အလား မီးတောက်တို့ဖြင့် အလျှံတငြီးငြီး တောက်လောက်နေခဲ့သည်။
လိုင်ဝမ်သည် ထိုနတ်ဆိုးအား မီးတောက်များဖြင့် လွှမ်းခြုံလျက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “အခုမှသိလို့ နောက်ကျသွားပြီ…”
မီးတောက်များ၏ လောင်ကျွမ်းမှုအောက်တွင် ထိုနတ်ဆိုးဘုရင်မှာ အသက်သုံးရှိုက်စာသာ တောင့်ခံနိုင်ခဲ့ပြီး ပြာပုံဘဝသို့ ရောက်သွားခဲ့ရလေသည်။ သူ၏နတ်ဆိုးနှလုံးသားသည်ပင်လျှင် အလွန်ပြင်းထန်သည့် မီးတောက်များအောက်ဝယ် အရေပျော်ကျသွားခဲ့ရသည်။
နတ်ဆိုးဘုရင်တစ်ပါးကို သတ်ပြီးသည့်နောက်တွင် မိုခဲတော့နှင့် အခြားသူများအတွက် ပြန်ဆုတ်နိုင်မည့်အခွင့်အရေး မရှိတော့ပေ။ ယခင်ကတော့ ရန်ကိုင်၏ဝိဉာဉ်အမှတ်အသား ခတ်နှိပ်ထားခံရပြီး ရန်ကိုင်၏အစေခံများ ဖြစ်ခဲ့ကြပါသော်ငြား ထိုကဲ့သို့ဖြစ်ရခြင်းမှာ ရန်ကိုင်အပေါ် ခုခံနိုင်ခြင်းမရှိသည့်အတွက်ကြောင့် ဖြစ်ခဲ့ရသည်ဟု ပြော၍ရပါသော်ငြား ယခုမူ သူတို့၏အပေါင်းအပါ နတ်ဆိုးဘုရင်များကို ပြန်လည်သတ်ဖြတ်ပစ်ခဲ့သည့်အတွက်ကြောင့် စီနီယာမိုတော့မှ ယခုအကြောင်း မေးမြန်းလာမည်ဆိုလျှင်ပင် သူတို့အပြစ်ကင်းကြောင်း သက်သေပြနိုင်တော့လိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် ယခုအချိန်မှစ၍ သူတို့အနေဖြင့် လျှောက်လက်စလမ်းကြောင်းကို ပြီးဆုံးအောင် လျှောက်ရပေတော့မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၈၃)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်သည် ဤကမ္ဘာလေးထဲတွင် တစ်ချိန်လုံး ရှိနေသည့်အလား ဖေးလီတို့အဖွဲ့မှ အခြားသောနတ်ဆိုးဘုရင်များကို သတ်ဖြတ်ပစ်ပြီးသည့်နောက်တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။
ဖေးလီအပါအဝင် နတ်ဆိုးဘုရင်ရှစ်ပါးသည် ရန်ကိုင်ဘက်သို့လှည့်၍ ဦးညွှတ်လိုက်လေ၏။ “ဆရာ…”
ရန်ကိုင်က ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “ကျုပ် ဒီခံတပ်စီးကြောင်းတစ်ခုလုံးကို နာကျည်းမှုတွေနဲ့ ပြည့်သွားစေချင်တယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကိုဝှေ့ယမ်း၍ နတ်ဆိုးဘုရင်ရှစ်ပါးလုံးကို လောကဓာတ်လုံးထဲမှ အပြင်သို့ ပြန်ထုတ်လိုက်လေသည်။
ဖေးလီ၊ မိုခဲတော့နှင့် အခြားသောနတ်ဆိုးဘုရင်များသည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသေလည်။ သူတို့ရင်ထဲတွင်တော့ အတော်လေးကိုမှ ထိတ်လန့်တုန်လှုပ်နေမိလေသည်။ မှော်ဆရာညိုသည် သေဆုံးသွားသော သူ့ကလန်သားများအတွက် ပြန်လက်စားချေလိုကြောင်းကို နတ်ဆိုးဘုရင်ရှစ်ပါးစလုံး သိနေကြလေသည်။ ရန်ကိုင် လွန်ခဲ့သောတစ်လခန့်က ပြောသွားသည့်စကားမှာ အလကားသက်သက်မဟုတ်။ အမှန်တကယ်ကို ပြောသွားခဲ့သည့်စကား ဖြစ်ပေသည်။ လက်ရှိအချိန်တွင်တော့ ရန်ကိုင်သည် ပြောသည့်အတိုင်းဖြစ်အောင်ကို စလုပ်နေခဲ့လေပြီ။ သူတို့နတ်ဆိုးဘုရင်ရှစ်ပါးမှာတော့ မှော်ဆရာညို၏လက်ထဲတွင် ရှိနေသော အားအကောင်းဆုံးသော လူသတ်လက်နက်များ ဖြစ်ကြပေသည်။
“ကဲ… ဘယ်လိုလုပ်မလဲ ဆွေးနွေးကြတာပေါ့…” ဖေးလီမှာ ခေါင်းကိုက်ချင်နေခဲ့လေပြီ။ သူသည် အသွေးအသားများမရှိသည့် အရိုးခြောက်သက်သက်သာ ဖြစ်ပါသောငြား ရန်ကိုင်ပေးသွားသည့်တာဝန်မှာ အတော်လေးကိုမှ ခက်ခဲလွန်းသည့်အတွက်ကြောင့် ခေါင်းပင် ကိုက်ချင်လာခဲ့ရသည်။
သူတို့အားကောင်းသည်မှာ မှန်ပါသော်ငြား ဤခံတပ်စီးကြောင်းတွင် နတ်ဆိုးများ အကောင်တစ်သိန်းခန့် ရှိနေခြင်း ဖြစ်လေသည်။ သူတို့အနေဖြင့် ထိုနတ်ဆိုးအကောင်တစ်သိန်းလောက်ကို သူတို့ဘာသာချည်း သတ်ပစ်၍ မရပေ။ ထိုနတ်ဆိုးများကိုသာ သတ်ပစ်လိုပါက သူတို့အနေဖြင့် အခြားသောနည်းလမ်းများကို စဉ်းစားရပေလိမ့်မည်။
ကံကောင်းစွာဖြင့် လက်ရှိအချိန်၌ ခံတပ်စီးကြောင်းတွင်ရှိနေသော နတ်ဆိုးဘုရင်များအားလုံး အသတ်ခံလိုက်ရခြင်းပင်။ ထိုနတ်ဆိုးဘုရင်များ မရှိတော့သည့်အတွက်ကြောင့် ဤနေရာကို အုပ်ချုပ်ကွက်ကဲမည့် နတ်ဆိုးများဆို၍ သူတို့သာ ရှိတော့လေသည်။ ထို့အတွက်ကြောင့် သူတို့ရှစ်ယောက်သည်သာ သေချာအတူပူးပေါင်း၍ လုပ်ဆောင်မည်ဆိုပါက ခံတပ်စီးကြောင်းကို ထိန်းချုပ်နိုင်ပြီး မှော်ဆရာညိုမှပေးသည့် တာဝန်ကို ပြီးမြောက်အောင် လုပ်ကောင်းလုပ်နိုင်ပေလိမ့်မည်။
နတ်ဆိုးဘုရင်ရှစ်ပါးသည် ခန်းမထဲတွင် စုဝေး၍ မည်သို့မည်ပုံ လုပ်ဆောင်ရမလဲဆိုသည်ကို သေချာ အသေးစိတ် စတင် ဆွေးနွေးကြတော့လေသည်။ ခေါင်းခြောက်မတတ် စဉ်းစားပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်ရှစ်ပါး အကြံတစ်ခု ရလာခဲ့ကြပြီး ထိုအကြံအတိုင်း လုပ်ဆောင်ရန် အသီးသီးထွက်ခွာသွားကြလေသည်။
တစ်ရက်ကြာပြီးသည့်နောက် ခံတပ်စီးကြောင်းထဲ ကောလဟာလများ ပျံ့နှံ့လာခဲ့သည်။ တချို့သောကောလဟာလများမှာ ပြင်ပမျိုးနွယ်စု၏စစ်တပ်ကြီး ချီတက်လာနေပြီဟု ပြောကြပြီး အချို့သောကောလဟာလများမှာတော့ နတ်ဆိုးဘုရင်များမှာ ရန်သူ့တပ်ဖွဲ့ထဲ ဝင်ရောက်ပူးပေါင်းသွားပြီဟု ပြောကြပေသည်။ သို့တိုင် အချို့လူများမှာတော့ နတ်ဆိုးမျိုးနွယ်စုသည် ဆိုးဆိုးရွားရွား ရှုံးနိမ့်တော့မည်ဟု ပြောနေကြပြန်လေသည်။ ထိုကောလဟာလများ မည်သည့်နေရာမှ ရောက်လာသလဲဆိုသည်ကို မည်သူမျှမသိကြ။ သို့သော်ငြား ကောလဟာလများ၏ ဟိန်းသံမှာ တစ်နေ့ထက်တစ်နေ့ ပိုပို၍ ကျယ်လောင်လာခဲ့လေသည်။
ခံတပ်စီးကြောင်းတွင် တာဝန်ကျနေသော နတ်ဆိုးများမှာ တိုက်ခိုက်ရသည်ကို စွဲမက်ပါသော်ငြား တိုက်ခိုက်ခွင့်မရဘဲ တစ်နေ့တစ်နေ့ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေးနေနေခဲ့ရသည်။ ထို့အတွက်ကြောင့် သူတို့စိတ်ထဲ တိုက်ခိုက်ချင်စိတ်များကို တောက်လျှောက်မျိုသိပ်လာခဲ့ရလေရာ ခံစားချက်မှာမှာ အတော်လေးကိုမှ မတည်မငြိမ်ဖြစ်လာကုန်ကြလေသည်။ ထို့အတွက်ကြောင့် ထိုကဲ့သို့သော ကောလဟာလများ ထွက်ပေါ်လာသည့်အခါ ထိုကောလဟာလများသည် သူတို့၏စိုးရိမ်စိတ်ကို ပိုမိုမြင့်မားသွားစေခဲ့သဖြင့် ခံတပ်စီးကြောင်းမှာ စတင်၍ မတည်မငြိမ် ဖြစ်လာရတော့လေသည်။
အစပိုင်းတွင် ထိုကောလဟာလများ၏ သက်ရောက်မှုမှာ သိပ်၍ ပြင်းထန်ခြင်း မရှိလှချေ။ သို့သော်ငြား အချိန်ကြာလာသလို နတ်ဆိုးဘုရင်များမှာလည်း ထိုကောလဟာလများမှာ မမှန်ကန်ကြောင်း ဖြေရှင်းချက်ထုတ်ပေးခြင်း မရှိသည့်အတွက်ကြောင့် နတ်ဆိုးတော်တော်များများမှာ ထိုကောလဟာလများကို စတင်ယုံကြည်လာကြတော့လေ၏။
သုံးရက်ကြာပြီးသည့်နောက်တွင် ကောလဟာလများကြောင့် ဖြစ်ပေါ်လာသည့် ခံစားချက်များကို နတ်ဆိုးများမှာ ထိန်းသိမ်းနိုင်ခြင်း မရှိကြတော့ချေ။ ထိုသို့ဖြင့် နတ်ဆိုးများမှာ အဖွဲ့များ အသီးသီး ကွဲထွက်ကုန်ကြလေသည်။ အချို့သည် အခြားသူများကို သစ္စာဖောက်ဟု မှတ်ယူကြပြီး ထိုလူများမှာလည်း အခြားအဖွဲ့များကို သစ္စာဖောက်ဟု မှတ်ယူကြပြန်လေသည်။ ထိုသို့ဖြင့် နတ်ဆိုးများမှာ သေသေချာချာကိုပင်လျှင် မစဉ်းစားနိုင်ကြတော့ချေ။
ဖေးလီနှင့် အခြားနတ်ဆိုးဘုရင်များမှာလည်း ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ခံတပ်ထဲတွင် နတ်ဆိုးဘုရင်များကို အဖွဲ့အသီးသီးစီ ခွဲလိုက်ကြလေသည်။ ထိုသို့ခွဲပြီး မကြာခင်မှာပင် မြို့ထဲ၌ စစ်ပွဲတစ်ခု ဖြစ်ပေါ်လာတော့လေ၏။
ခံတပ်စီးကြောင်းထဲတွင် ရှိနေသော အမျိုးမျိုးသောနတ်ဆိုးများသည် တစ်ဦးနှင့်တစ်ဦး အကြောင်းအရင်းမရှိ စတင်၍ တိုက်ခိုက်သတ်ဖြတ်ကုန်ကြလေသည်။ ထိုအကြောင်းကြောင့် နတ်ဆိုးပေါင်းများစွာ သေဆုံးသွားကြရပြီး ခံတပ်စီးကြောင်းမှာလည်း သွေးချင်းစီးသွားခဲ့ရသည်။ ယခင်က မိတ်ဆွေများဖြစ်ခဲ့ကြသော နတ်ဆိုးများမှာလည်း ရက်အနည်းငယ်အတွင်း အခြေအမြစ်မရှိသည့် ကောလဟာလများကြောင့် ရန်သူများအဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေသည်။
ဘာကြောင့် ထိုသို့ဖြစ်ရမှန်း မည်သူမျှမသိကြ။ နတ်ဆိုးဘုရင်များမှာ အခြားသောလူများသည် သစ္စာဖောက်များဖြစ်သည်ဟု ပြောလာကြသည့်အတွက်ကြောင့် နတ်ဆိုးများမှာလည်း ထိုကဲ့သို့လုပ်ရုံသာ ရှိလေသည်။
သို့ရာတွင် သူတို့အား ထိုကဲ့သို့ အမိန့်ပေးနေသည့် နတ်ဆိုးဘုရင်များမှာ တကယ့်သစ္စာဖောက်များ ဖြစ်နေကြလိမ့်မည်ဟူသော အချက်ကိုတော့ မည်သည့်နတ်ဆိုးမှ မတွေးမိကြပေ။ ထိုနတ်ဆိုးဘုရင်များသည် ကိုယ့်လူကိုယ် ဓါးဖြင့် ပြန်လည်ချိန်ရွယ်လိမ့်မည်ဟုလည်း မည်သူမျှ စဉ်းစားမိကြလိမ့်မည်မဟုတ်။
မကြာမီတွင် အချို့သောနတ်ဆိုးဗိုလ်ချုပ်မှူးများနှင့် နတ်ဆိုးဗိုလ်ချုပ်များမှာ တစ်ခုခုမှားယွင်းနေမှန်း စတင်သံသယဝင်လာကြတော့လေသည်။ သို့သော်ငြား ထိုနတ်ဆိုးများမှာ အချိန်ကြာကြာ အသက်မရှင်လိုက်ရပေ။ အကြောင်းမှာ ဖေးလီနှင့် အခြားသောနတ်ဆိုးဘုရင်များသည် သူတို့အား တစ်ချိန်လုံး တောက်လျှောက်စောင့်ကြည့်နေပြီး သူတို့၏လုပ်ဆောင်ချက်များကို သံသယဝင်သည့်လူ ပေါ်လာသည်နှင့် တစ်ခါတည်း ရှင်းပစ်သည့်အတွက်ကြောင့်ပင်။
ထိုသို့ဖြင့် ခံတပ်စီးကြောင်းသည် နတ်ဆိုးပေါင်းတစ်သိန်းကို တစ်စစီ ကြိတ်ဖျက်နေသည့် အသားကြိတ်စက်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားတော့လေသည်။
စစ်ပွဲမှာ အဆုံးမရှိကို ဖြစ်နေခဲ့ပြီး စစ်ပွဲ၏နောက်ဆုံးအခိုက်အတန့်သို့ ရောက်လာချိန်တွင်တော့ နတ်ဆိုးများမှာ သူတို့၏အသိစိတ်ကိုလုံးဝ ဆုံးရှုံးလိုက်ရတော့လေသည်။ အကုန်လုံး၏မျက်လုံးများမှာ သွေးရောင်ရဲတောက်နေခဲ့သည်။
စစ်ပွဲမှာ သုံးရက်သုံးညတိုင်တိုင် ဖြစ်သွားခဲ့လေသည်။ ထိုရက်များအတွင်း နတ်ဆိုးပေါင်းတစ်သိန်းသည် အဖွဲ့အသီးသီးခွဲ၍ အချင်းချင်း ပြန်လည်တိုက်ခိုက်ကြသဖြင့် ခံတပ်စီးကြောင်းမြို့ထဲ အလောင်းများ တောင်နှယ် ပုံထပ်ခဲ့ရသည်။ သုံးရက်ကြာပြီးသည့်နောက်တွင် အသက်ရှင်ကျန်ရစ်သည့် နတ်ဆိုးဆို၍ တစ်သောင်းပင် မရှိတတ်တော့ချေ။ ထိုတစ်သောင်း မရှိတတ်ရှိတတ်မှာလည်း ဒဏ်ရာအသီးသီး ရထားကုန်ကြလေ၏။
နတ်ဆိုးဘုရင်ရှစ်ပါးသည် ထိုငရဲခန်းကြီးအား ငြိမ်သက်စွာ စောင့်ကြည့်နေကြလေသည်။ နောက်ဆုံး အသက်ရှင်ကျန်ရစ်သည့် နတ်ဆိုးများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှစ်ပါးစလုံး အတူ စတင်လှုပ်ရှားကြတော့လေ၏။ ထိုသို့ဖြင့် နောက်ဆုံးအသက်ရှင်ကျန်ရစ်သည့် နတ်ဆိုးတစ်သောင်း မရှိတတ်ရှိတတ်မှာလည်း သူတို့မိတ်ဆွေများ၏ လမ်းစဉ်နောက်သို့ လိုက်သွားခဲ့ကြရလေသည်။
နတ်ဆိုးများအားလုံး ပျောက်ကွယ်သွားပြီးသည့်နောက် ရန်ကိုင်သည် တစ္ဆေသရဲတစ်ကောင်ပမာ ပေါ်လာခဲ့လေသည်။
နတ်ဆိုးဘုရင်ရှစ်ပါးစလုံး ရန်ကိုင်အား ဦးညွှတ်လိုက်ကြ၏။
“အခုကနေစပြီး ခင်ဗျားတို့အားလုံး ကျုပ်နောက်ကို လိုက်ခဲ့ကြပေတော့…” ရန်ကိုင်က ပြောလိုက်သည်။ ယခုအဖြစ်အပျက်ပြီးသည့်နောက်တွင် ဖေးလီနှင့် အခြားသောနတ်ဆိုးများ သူတို့၏နတ်ဆိုးမျိုးနွယ်ဆီသို့ ပြန်သွားနိုင်ကြတော့လိမ့်မည်မဟုတ်ချေ။
နတ်ဆိုးဘုရင်ရှစ်ပါးမှာလည်း ဒွိဟဖြစ်နေသည့် ခံစားချက်များဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။
ထိုသို့ဖြစ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လောကဓာတ်လုံးကို ဖွင့်ပေးလိုက်ပြီး နတ်ဆိုးဘုရင်တစ်ပါးချင်းစီကို လောကဓာတ်လုံးထဲသို့ ဝင်စေလိုက်လေသည်။ ထို့နောက်ကို လောကဓာတ်လုံးကို ပြန်သိမ်း၍ တစ်ခုသောဘက်ဆီသို့ ပျံသန်းသွားလေ၏။
ဆယ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် တောအုပ်တစ်ခုပေါ်သို့ ရောက်လာခဲ့လေသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား သေသေချာချာ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မကြာမီတွင် အောက်ဘက်ရှိတစ်နေရာဆီဿို့ ပြေးဆင်းသွားလေ၏။
မြေပြင်ပေါ်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ ကြည့်၍ အော်ပြောလိုက်လေသည်။ “ထွက်လာခဲ့ပေတော့…”
ကျော့ရှင်းလှသည့် ပုံရိပ်တစ်ခုမှာ သစ်ပင်တစ်ပင်နောက်တွင် ပုန်းအောင်းနေခဲ့လေသည်။ ရန်ကိုင်ရောက်လာသည်ကိုမြင်သော် အမျိုးသမီးမှာ အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ လှမ်းအော်ခေါ်လိုက်လေ၏။ “ဆရာ… တကယ်ကြီးရှင်ပါလား… ကျွန်မ နားကြားမှားတယ်မှတ်နေတာ…”
ထိုသို့ပြောနေရင်းဖြင့် ရန်ကိုင်ဆီသို့ ပြေးလာလေသည်။
ရန်ကိုင်ကမူ သူမအား အေးစက်စက်အကြည့်ဖြင့်သာ စိုက်ကြည့်နေခဲ့လေသည်။
ထို့နောက်တွင် အမျိုးသမီးသည် တစ်ခုခုအား သတိထားမိသွားသည့်အလား ရန်ကိုင်နှင့် ဆယ်မီတာခန့်အကွာတွင် ရပ်လိုက်လေ၏။ ထို့နောက် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အလျင်စလို ရှင်းပြလိုက်လေသည်။ “ဆရာ… ကျွန်မ ဆရာ့ကို သစ္စာမဖောက်ခဲ့ဘူးနော်… တကယ်ပြောတာ… ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါနော် ဆရာ…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ခင်ဗျား ပြောနေစရာမလိုဘူး… ခင်ဗျား ကျုပ်ကို သစ္စာဖောက်မယ်လို့ တွေးလိုက်တာနဲ့ ခင်ဗျား သေလူဖြစ်နေပြီ…”
ရှယ၏မျက်နှာ ပို၍ပင် ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်ကြောက်လန့်လန့် ကြည့်လိုက်လေသည်။ ရန်ကိုင်ကိုပြန်မြင်လိုက်ရသည့်အတွက်ကြောင့် ပျော်နေသည့် အပျော်လေးများသည်ပင်လျှင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားကုန်ကြသည်။
“ဘာတွေဖြစ်သွားတာလဲ ကျုပ်ကိုပြော… ဘာဖြစ်လို့ ခင်ဗျားတစ်ယောက်တည်း ရှိနေရတာလဲ… ပေါင်ချီနဲ့ ကျန်တဲ့ ကျုပ်ရဲ့အဖွဲ့သားတွေရော…” ရန်ကိုင်က မေးလိုက်လေသည်။
ရှယနှင့် ပေါင်ချီတို့ အတူရှိမနေမှန်း ရန်ကိုင်ပြောနိုင်သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာလည်း အံ့အားသင့်နေခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤနေရာသို့ ချက်ချင်း တန်းလာခဲ့ခြင်း ဖြစ်လေသည်။ အစကတော့ နတ်ဆိုးဘုရင်နှစ်ပါးအနက် တစ်ပါးမှာ သူ့အား သစ္စာဖောက်သွားပြီး ထွက်ပြေးသွားသည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးသည့် ရှယကိုမြင်လိုက်သည့်အခိုက် သူထင်ထားသလို မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ရှယမှ သူ့အား သစ္စာမဖောက်ခဲ့ပေ။ သို့သော်ငြား သူ့ကိုမြင်သည်နှင့် ကြောင်ကိုမြင်သည့် ကြွက်တစ်ကောင်ပမာ အလွန်ကိုမှ ကြောက်လန့်နေခဲ့လေသည်။
“ပေါင်ချီ သူတို့အားလုံးနဲ့အတူ ရှိနေတယ်…” ရှယက အမြန်ပြန်ပြောလိုက်သည်။ “အခုလောလောဆယ် သူတို့အားလုံး အဖမ်းခံထားရတယ်…”
ရန်ကိုင်မျက်လုံးများ မှေးစင်းသွားခဲ့သည်။ “အဖမ်းခံရတယ်… ဘယ်သူဖမ်းတာလဲ…”
သူတို့အဖွဲ့ထဲတွင် စုစုပေါင်း လူနှစ်သောင်းခန့် ရှိပေသည်။ ထိုပမာဏသည် အတော်လေးကိုမှ ကြီးမားသည့် အင်အားစုတစ်ခု ဖြစ်သည်။ ရန်ကိုင်တို့အဖွဲ့သည် ခံတပ်စီးကြောင်းရှိ နတ်ဆိုးစစ်တပ်နှင့် မယှဉ်နိုင်သေးပါသော်ငြား အတော်လေးကိုမှ အားကောင်းသည့် လူရိုင်းစစ်တပ်တစ်ခု ဖြစ်သည်မှာတော့ မလွဲမသေပင်။
မည်သူကများ သောင်းနှင့်ချီသော သူ့အဖွဲ့သားများကို ဖမ်းဆီးနိုင်ရလေသနည်း။
“ဆရာ့ရဲ့ လူရိုင်းမျိုးနွယ်စုပါပဲ… သူတို့ကိုခေါ်တာတော့ အရိုးဝါးမျိုခြင်းကလန်တဲ့…” ရှယက ပြန်ပြောလိုက်သည်။
ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ “အရိုးဝါးမျိုခြင်းကလန်ဆိုတာ ခင်ဗျားသေချာလား…”
“ကျွန်မတော့သေချာမသိဘူး… တီယာကတော့ အဲ့လိုမျိုးပြောတာပဲ… အဲ့လူတွေက အရိုးဝါးမျိုခြင်းကလန်က လာတာတဲ့…”
“အရိုးဝါးမျိုခြင်းကလန်ကလူတွေ ဘာဖြစ်လို့ ငါ့အဖွဲ့သားတွေကို လာဖမ်းတာလဲ… မဟုတ်မှလွဲရော သူတို့…” ရန်ကိုင် ချက်ချင်း တစ်ခုခုအား စဉ်းစားမိသွားလေသည်။
ရှယက ဆက်ပြောလိုက်သည်။ “ပေါင်ချီနဲ့ကျွန်မကို သူတို့ရှာတွေ့သွားတာ… ဆရာ့ရဲ့အဖွဲ့သားတွေကို ကျွန်မတို့က ထိန်းချုပ်နေတယ်ထင်ပြီး ကျွန်မတို့ကို လာတိုက်ကြတာ… အမွှာနှစ်ယောက်ကတော့ သူတို့ကို ရှင်းပြဖို့ ကြိုးစားတာပဲ… ဒါပေမယ့် ဘာမှအသုံးမဝင်ဘူး… အဲ့အစား အဲ့ကမှော်ဘုရင်တွေကြောင့်ပဲ သူတို့နှစ်ယောက် ဒဏ်ရာရသွားတယ်… ပေါင်ချီနဲ့ကျွန်မက နှစ်ယောက်ပေါင်းရင်တောင် သူတို့ကိုမနိုင်ဘူး… ဒီလိုနဲ့ ပေါင်ချီအဖမ်းခံလိုက်ရပြီး ကျွန်မကတော့ ရတဲ့အခွင့်အရေးကိုသုံးပြီး ထွက်ပြေးလာပြီး ဒီမှာလာပုန်းနေတာ…”
ရှယမှာ အမှန်တကယ်ကို အော်ငိုချင်နေမိလေသည်။ လွန်ခဲ့သောလအနည်းငယ်ခန့်က သူမသည် ထောင်နှင့်ချီသော နတ်ဆိုးများကို အုပ်ချုပ်နေသည့် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ခဲ့ပါသော်ငြား ယခုမူ နေရာတကာ လူတိုင်းလိုက်ဖမ်းနေသည့် ခွေးလေခွေးလွင့်တစ်ကောင်နှယ် ဖြစ်နေခဲ့ရလေသည်။
လူရိုင်းမျိုးနွယ်စုသည် သူမအား မြင်သည့်အခါတိုင်း သူမအား လိုက်လံတိုက်ခိုက်ကြသည်။ နတ်ဆိုးမျိုးနွယ်စုသို့ ပြန်သွားမည်ဆိုလျှင်လည်း စီနီယာမိုတော့၏ ဖမ်းဆီးစစ်မေးခြင်း ခံရမည်စိုးသည့်အတွက်ကြောင့် ပြန်မသွားရဲခဲ့ပေ။ နတ်ဆိုးဘုရင်တစ်ပါးသာ ဖြစ်နေပါသော်ငြား ရှယမှာတော့ ကြွက်ပေါက်ကလေးတစ်ကောင်နှယ် မည်သူမျှမမြင်အောင် အတတ်နိုင်ဆုံး ပုန်းရှောင်နေခဲ့ရလေသည်။
“အဖွဲ့သားတွေ ဘာဖြစ်သွားသေးလဲ…” ရန်ကိုင်က ထပ်မေးလိုက်သည်။
ရှယက ခေါင်းခါ၍ “အကုန်လုံးကတော့ အဆင်ပြေတယ်… ယွဲ့နဲ့လုတို့ပဲ နည်းနည်းဒဏ်ရာရသွားတာ… တီယာကတော့ အကုန်လုံးကို မခုခံဖို့ အမိန့်ပေးထားတယ်…”
“အင်း… သူတို့ကို သွားပြီး မတိုက်တာ အကောင်းဆုံးပဲ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင်၏အဖွဲ့သားများသည်သာ ပြန်လည်တိုက်ခိုက်မည်ဆိုပါက သူတို့၏ရိုးသားမှုကို မည်သည့်နည်းနှင့်မျှ သက်သေပြနိုင်တော့လိမ့်မည်မဟုတ်ချေ။ အရိုးဝါးမျိုခြင်းကလန် သူတို့အား သံသယဝင်သည်မှာလည်း ဝင်ချင်စရာပင်။ တကယ်တော့ မည်သည့်လူရိုင်းမျိုးနွယ်စုကများ နတ်ဆိုးဘုရင်နှစ်ပါးနှင့် အတူတကွ အလုပ်တွဲလုပ်နေလို့နည်း။ သူသည်သာ မတိုက်ခိုက်ပါက ပြဿနာအားလုံးကို ပြေရာပြေကြောင်း ဖြေရှင်းလို့ရပေသည်။ ထိုသို့သာမဟုတ်ပါက ကလန်နှစ်ခုမှာ ကျိန်းသေ စစ်ဖြစ်ပွားပေလိမ့်မည်။
ထို့အပြင် ပေါင်ချီကိုဖမ်းဆီးနိုင်ပြီး ရှယအား ပြန်ဆုတ်လာနိုင်အောင် ဖိအားပေးနိုင်ခဲ့သည်ကို ကြည့်လျှင် အရိုးဝါးမျိုခြင်းကလန်၌ ပညာရှင်ပေါင်းများစွာ ရှိနေသည်မှာ မလွဲမသေပင်။ ရန်ကိုင်၏အဖွဲ့သားများသည် ထိုကဲ့သို့သောကလန်တစ်ခုကို မည်သည့်နည်းနှင့်မျှ အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။
“သူတို့အားလုံးကို အရိုးဝါးမျိုခြင်းကလန်ရဲ့ စခန်းဆီ ခေါ်သွားတယ်… အခု သူတို့အခြေအနေ ဘယ်လိုရှိလဲဆိုတာတော့ ကျွန်မ မပြောတတ်ဘူး…” ရှယက စိုးရိမ်တကြီးဖြင့် ပြောလိုက်ပြီးသည့်နောက် ရန်ကိုင်၏အမူအယာကို တိတ်တဆိတ်စောင့်ကြည့်ကာ ပြောလိုက်လေသည်။ “ဆရာ… ကျွန်မတို့ သူတို့ကို သွားကယ်မှာလား…”
ရန်ကိုင်က ပြန်ပြောလိုက်၏။ “ကယ်ရမှာပေါ့… မကယ်လို့ရမလား…”
“ဒါပေမယ့် ကျွန်မ…” ရှယက ရေရွတ်လိုက်လေသည်။
“ခင်ဗျားလူလုံးထွက်ပြစရာမလိုဘူး… ငြိမ်ငြိမ်လေးပဲ နေနေ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှယအား လောကဓာတ်လုံးထဲသို့ ပစ်ထည့်လိုက်လေသည်။
ထို့နောက်တွင် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။
ရှယအား အရိုးဝါးမျိုခြင်းကလန်၏စခန်း မည်သည့်နေရာတွင် ရှိသလဲဆိုသည်ကို မမေးခဲ့ခြင်းမှာ ပေါင်ချီ၏ကိုယ်ထဲတွင် ခတ်နှိပ်ထားသော သူ၏ဝိဉာဉ်အမှတ်အသားမှတစ်ဆင့် ပေါင်ချီရှိနေသည့်နေရာကို အာရုံခံမိလိုက်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
ရန်ကိုင်လည်း တစ်ခဏလေးပင် တုံ့ဆိုင်းမနေတော့ဘဲ ပေါင်ချီအား ခံစားမိသည့် နေရာဆီသို့ တဟုန်ထိုး ပြေးထွက်သွားလေ၏။
သူ့အဖွဲ့သားအယောက်နှစ်သောင်းကျော် အရိုးဝါးမျိုခြင်းကလန်သားများ၏ လက်ထဲသို့ ရောက်သွားသည့်ကိစ္စအပေါ် ရန်ကိုင် အတော်လေး စိတ်ပူမိလေသည်။ အရိုးဝါးမျိုခြင်းကလန်သည် အခြားသော လူရိုင်းကလန်များနှင့် တူသည်မဟုတ်။ သူတို့ကလန်အား ကာကွယ်ပေးနေသည့် မှော်သူတော်စင်တစ်ပါး ရှိနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် အရိုးဝါးမျိုခြင်းကလန် အခြားသောကလန်များ၏ အတူပူးပေါင်းဖျက်ဆီးခြင်း ခံရသည်မှာ ကြာလောက်ပေပြီ။ ထို့အပြင် ရန်ကိုင်သည် အရိုးဝါးမျိုခြင်းကလန်နှင့် ပြဿနာလည်း တက်ထားသေးသည်။ ထိုတစ်ချက်နှင့်ပင်လျှင် ရန်ကိုင်အနေဖြင့် သူ့အဖွဲ့သားများကို စိုးရိမ်သည်မှာ အထူးအဆန်းမဟုတ်တော့ချေ။
အရိုးဝါးမျိုခြင်းကလန်သည် မည်သည့်ရန်ငြိုးရန်စကိုမှ ကြေအေးလေ့မရှိသည့် ကလန်တစ်ခုဖြစ်ကာ ဘာမဟုတ်သည့်ကိစ္စလေးများအတွက်ပင် လိုက်လံလက်စားချေတတ်ကြသည့်လူများလည်း ဖြစ်ကြပေသည်။ ယခင်က မှော်ဆရာချီသည် ရန်ကိုင်ကြောင့် ဒဏ်ရာရသွားခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။ ထိုစဉ်က ရန်ကိုင်နှင့် အရိုးဝါးမျိုခြင်းကလန်ကြား ကြီးမားသည့် ရန်စတစ်ခု ဖြစ်လာခဲ့ရသည်။ နတ်ဆိုးကလန် ကျူးကျော်လာခဲ့သည့် အတွက်ကြောင့်သာ မဟုတ်ပါက အရိုးဝါးမျိုခြင်းကလန်သည် ရန်ကိုင်အပေါ် ကျိန်းသေ လက်စားပြန်ချေနေလောက်ပေပြီ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၈၄)
ဘာသာပြန်သူ_တိမ်တိုက်
အရိုးဝါးမျိုခြင်းကလန်သည် လူရိုင်းကလန်များ၏ အားအကောင်းဆုံးသော ကလန်လေးခုအနက် တစ်ခုအပါအဝင်ဖြစ်ကာ အရက်စက်အကြမ်းကြုတ်ဆုံးနှင့် သူတော်စင်တစ်ပါး၏ ကာကွယ်မှုကို ရရှိထားသည့်ကလန်တစ်ခုလည်း ဖြစ်ပေသည်။ နတ်ဆိုးမျိုးနွယ်စု မကျူးကျော်လာစဉ်က မည်သည့်လူရိုင်းမျိုးနွယ်ကလန်မှ အရိုးဝါးမျိုခြင်းကလန်နှင့် ပြဿနာမဖြစ်ချင်ကြပေ။ လူတိုင်းသည် ထိုကလန်အား အလွန်တရာကိုမှ မုန်းတီးပါသော်ငြား သူတော်စင်တစ်ပါး၏ ကာကွယ်မှု ရရှိထားသည့် ကလန်ဖြစ်သည့်အတွက်ကြောင့် မည်သူမှ ထိုကလန်နှင့် စစ်မဖြစ်ချင်ကြပေ။
သို့သော်ငြား နတ်ဆိုးမျိုးနွယ်စုအား ခုခံရာတွင် အရိုးဝါးမျိုခြင်းကလန်သည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ပြော၍ရပေသည်။ ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးကို အရိုးဝါးမျိုခြင်းကလန်သားများမှ လွှမ်းမိုးထားကြလေသည်။ အရိုးဝါးမျိုခြင်းကလန်သားများသည် တစ်လှမ်းချင်းတစ်လှမ်း စစ်ချီတက်ရင်း ဆုံးရှုံးသွားသောနယ်မြေများကို တဖြည်းဖြည်းနှင့် ပြန်လည်သိမ်းပိုက်နေကြသည်။
ထိုတိုက်ပွဲတွင် အရိုးဝါးမျိုခြင်းကလန်သားများသည် လူရိုင်းမျိုးနွယ်စု၏ အရှုံးမပေးသောစိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိရှိမှုတို့ကို အကောင်းဆုံး သက်သေပြထားခဲ့သည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးဆာမှုသည် ဤကဲ့သို့သောစစ်ပွဲမျိုးတွင် အကောင်းဆုံးသောလက်နက်တစ်ခု ဖြစ်လာခဲ့လေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင်ပေါင်းများစွာပင်လျှင် အရိုးဝါးမျိုခြင်းကလန်အား သတိထားမိသွားကြပြီး သူတို့အား အသေးစိတ် စောင့်ကြည့်နေကြတော့လေသည်။
ချန်းဟောင်တောင်သည် အရိုးဝါးမျိုခြင်းကလန် အထိုင်ချထားသည့် စစ်စခန်းတစ်ခုဖြစ်သည်။ ထိုနေရာတွင် ကလန်သားပေါင်းတစ်သိန်းကျော်ခန့်ရှိကာ မှော်ဘုရင်ငါးပါး ရှိနေခဲ့လေသည်။ ထိုနေရာသည် အရိုးဝါးမျိုခြင်းကလန်၏ အရေးအကြီးဆုံးနေရာများအနက် တစ်ခုဖြစ်သလို လူရိုင်းမျိုးနွယ်စုတစ်ခုလုံး၏လည်း အရေးကြီးဆုံးနေရာများအနက် တစ်ခုအပါအဝင် ဖြစ်ပေသည်။ အကြောင်းမှာ ထိုနေရာသည် စစ်ဖြစ်နေသည့်နေရာ၏ ရှေ့တန်းစစ်မျက်နှာနှင့် နီးကပ်နေသည့် အတွက်ကြောင့်ပင်။
အရိုးဝါးမျိုခြင်းကလန် ထိုနေရာတွင် စစ်သားတစ်သိန်းကျော်ကို စခန်းချထားစေပြီးသည့်အချိန်မှစ၍ မိုင်ပေါင်းရာနှင့်ချီအကွာအဝေးအတွင်း ရှိနေသော နတ်ဆိုးစစ်တပ်များနှင့် ခြောက်ကြိမ်မက စစ်ဖြစ်ပွားခဲ့လေသည်။ ထိုစစ်ပွဲများတွင် အရိုးဝါးမျိုခြင်းကလန်ဘက်မှ ရှုံးနိမ့်သည်ထက် နိုင်သည့်အကြိမ်အရေအတွက်က ပိုမိုများပြားလေ၏။
သို့သော်ငြား ဘာကြောင့်မှန်းမသိ လွန်ခဲ့သောလများအတွင်း နတ်ဆိုးမျိုးနွယ်စုမှာ ယခင်ကထက်ပို၍ ငြိမ်သက်နေသည့်အတွက်ကြောင့် အရိုးဝါးမျိုခြင်းကလန်သားများမှာလည်း လုပ်စရာကိုင်စရာမရှိ ဖြစ်နေကြလေသည်။
သို့ရာတွင် ယနေ့တွင်တော့ ချန်းအာတောင်ကြားတစ်ခုလုံးမှာ အလွန်ကိုမှ အသက်ဝင်နေခဲ့လေသည်။ လက်ရှိအချိန်တွင် ချန်းအာတောင်တန်း၌ ရှိနေသော ထိုလူရိုင်းကလန်သားအားလုံးသည် တောင်ကြားအလယ်တွင် စုဝေးနေကြပြီး အသစ်ဆောက်လုပ်ထားသည့် စင်မြင့်အား စိတ်လှုပ်ရှားစွာ ကြည့်နေကြလေသည်။
အရိုးဝါးမျိုခြင်းကလန်သားများသည် အလွန်ကိုမှ အရသာရှိလှသည့် စားကောင်းသောက်ဖွယ်တစ်မျိုးမျိုးကို မြင်သည့်အခါမှသာ ယခုကဲ့သို့ အမူအယာမျိုး လုပ်ပြလေ့ရှိပေသည်။
စင်မြင့်ပေါ်တွင် သစ်သားဖြင့်ပြုလုပ်ထားသော လက်ဝါးကပ်တိုင်တစ်ခု ရှိနေခဲ့လေသည်။ ထိုသစ်သားလက်ဝါးကပ်တိုင်ပေါ်တွင် လူထွားကြီးတစ်ဦးအား အမျိုးမျိုးသောမှော်ပညာရပ်များဖြင့် ချုပ်နှောင်ထားခဲ့လေသည်။ ထို့အပြင် သစ်သားလက်ဝါးကပ်တိုင်ပေါ်တွင်လည်း ရှုပ်ထွေးလှသည့် အင်းကွက်အမျိုးမျိုးကို ရေးထွင်းထားခဲ့ရာ ထိုအင်းကွက်များဆီမှ မကြာမကြာဆိုသလို လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး လူထွားကြီးအား လာရောက်ပစ်ခတ်လေသည်။ လူထွားကြီးမှာ လျှပ်စီး တစ်ကြိမ်ပစ်ခတ်လိုက်သည့်အခါတိုင်း ဓာတ်လိုက်ခံလိုက်ရသည့်အလား သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါသွားရလေသည်။
လက်ရှိအချိန်တွင် အရိုးဝါးမျိုခြင်းကလန်သားများသည် စင်ပေါ်ရှိ လက်ဝါးကပ်တိုင်ပေါ်တွင် ချုပ်နှောင်ထားခြင်း ခံရသည့် လူထွားကြီးအား ကြည့်ရင်း လျှာဖြင့် နှုတ်ခမ်းကို မကြာမကြာ သပ်နေလေ့ ရှိပေသည်။ ထိုလူမည်သူမှန်း သိနေသည့်အတွက်ကြောင့်သာ မဟုတ်ပါက သူတို့အနေဖြင့် ချက်ချင်း စင်မြင့်ပေါ်သို့ ပြေးတက်သွားပြီး ထိုသူ၏အသားများကို လှီးထုတ်စားသောက်ပစ်ပြီးနေလောက်ပေပြီ။
ထိုလူမှာ အခြားမဟုတ် နတ်ဆိုးဘုရင်…။ အတော်လေးကိုမှ အားကောင်းလှသည့် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပေသည်။ ထိုနတ်ဆိုးဘုရင်ကို သူတို့ကလန်၏ မှော်ဘုရင်များမှ ဖမ်းဆီးလာခဲ့ခြင်း ဖြစ်လေသည်။ အရိုးဝါးမျိုခြင်းကလန်သားများသည် ဇာတ်တူသားကိုပင်လျှင် စားသောက်ရဲသည့် ကလန်သားအဖြစ် နာမည်ကျော်ပါသော်ငြား နတ်ဆိုးဘုရင်တစ်ပါးကိုတော့ လွယ်လင့်တကူ သွားမစားရဲကြပေ။ နတ်ဆိုးဘုရင်အသားကိုသာ စားလိုက်မည်ဆိုပါက နတ်ဆိုးချီ၏တိုက်စားခြင်း မခံရနိုင်ဟု မည်သူမျှ အာမ မခံပေးနိုင်ချေ။ နတ်ဆိုးဘုရင်၏အသားကိုသာ စားလိုက်၍ သူတို့သည်သာ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားရမည်ဆိုလျှင် ပြဿနာတက်သွားရနိုင်ပေသည်။ သို့တိုင် ထိုလူများမှာတော့ နတ်ဆိုးဘုရင်ကိုကြည့်ရင်း သားရေတမြောင်းမြောင်း ဖြစ်နေကြသည်။
သူတို့စိတ်ထဲ ထိုနတ်ဆိုးဘုရင်အား ကြည့်လေကြည့်လေ နတ်ဆိုးဘုရင်၏အသားကို ပိုပို၍ မြည်းစမ်းလာချင်လေပင်။ နတ်ဆိုးဘုရင်၏အသားကို စားလိုက်မည်ဆိုပါက မည်ကဲ့သို့ဖြစ်သွားမလဲဆိုသည်ကိုလည်း သိချင်လာမိလေသည်။
သို့သော်ငြား သူတို့အနေဖြင့် ထိုကိစ္စအား စိတ်ကူးနေရုံသာ တတ်နိုင်လေသည်။ အကြောင်းမှာ မှော်ဘုရင်တစ်ပါးသည် နတ်ဆိုးဘုရင်အနားတွင် ရပ်နေသည့်အတွက်ကြောင့်ပင်။
ထိုလူမှာ ရန်ကိုင်၏ အသိအကျွမ်းဖြစ်သည့် မှော်ဆရာချီသာ ဖြစ်လေသည်။
လက်ရှိအချိန်တွင် မှော်ဆရာချီသည် ဘာမှန်းမသိရသော သတ္တုတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည့် ဓါးမြှောင်တစ်ချောင်းကို ကိုင်ရင်း နတ်ဆိုးဘုရင်၏အသားကို ပါးပါးချင်းစီ လှီးဖြတ်နေခဲ့လေသည်။ သူ၏လှီးဖြတ်သည့်ပုံစံမှာ အလွန်ကိုမှ ဆရာကျလှသည်ဟု ပြော၍ရသည်။ မှော်ဆရာချီ တစ်ကြိမ်လှီးဖြတ်လိုက်တိုင်း လှီးဖြတ်လိုက်တိုင်း နတ်ဆိုးဘုရင်၏အသား ပါးပါးလေးသာ ကွာကျလာသည်။
အရိုးဝါးမျိုခြင်းကလန်သားများသည် လူများအား အသက်ရှင်လျက် စားသောက်ရသည်ကို ပို၍နှစ်ခြိုက်ကြပေသည်။ အကြောင်းမှာ အသက်ရှင်လျက်ရှိသော လူ၏အသားသည် လတ်လတ်ဆတ်ဆတ်ဖြစ်ပြီး သေသွားသည့်လူများ၏ အသားမှာ အေးစက်စက်ကြီး ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ထို့အပြင် ထိုစားသောက်နေသည့် သားကောင် ရုန်းကန်အော်ဟစ်နေသည်ကို ကြည့်ရသည်မှာလည်း သူတို့အတွက်တော့ အလွန်ကိုမှ ရွှင်မြူးစရာကောင်းလှသည်။
မှော်ဆရာချီသည်လည်း ထိုကဲ့သို့သော လုပ်ရိုးလုပ်စဉ်ကို အတော်လေးကိုမှ နှစ်သက်သည့် မှော်ဆရာတစ်ဦးဖြစ်ပေသည်။
သူ့အသားတစ်လွှာ လှီးခံလိုက်ရပါသော်ငြား ပေါင်ချီကမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့ပြီး မှော်ဆရာချီကိုသာ အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည့်အလျောက် ပေါင်ချီသည် အားကောင်းသော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။ ယခင်က ရန်ကိုင်လက်အောက်သို့ အညံ့ခံလိုက်ရခြင်းမှာ ရန်ကိုင်မှ သူ့အသိစိတ်ပင်လယ်ထဲ သူ၏ ဝိဉာဉ်အမှတ်အသားကို အတင်းအကြပ် ခတ်နှိပ်ခဲ့သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ပေါင်ချီမှာ မှော်ဘုရင်၏လှည့်ကွက်များလောက်ကို မမှုပေ။ သို့သော်ငြား ပေါင်ချီသည် အရိုးဝါးမျိုခြင်းကလန်အကြောင်းကို အနည်းငယ်လေးသာ သိထားပေသည်။
မှော်ဆရာချီမှ ပေါင်ချီအသားကို လှီးဖြတ်ပြီးသည့်နောက် သူ့ပါးစပ်ထဲသို့ထည့်၍ အလွန်ကိုမှ စိတ်လှုပ်ရှားနေဟန်ဖြင့် ဝါးစားနေသည်ကို မြင်လိုက်သည့်အခါတွင်တော့ ပေါင်ချီ၏အမူအယာ ပြောင်းလဲသွားရတော့လေသည်။
သူ့အသွေးအသားများကို တစ်စစီဖြတ်တောက်ပစ်လျှင်ပင် ပေါင်ချီ မှုလိမ့်မည်မဟုတ်။ သို့သော်ငြား မှော်ဆရာချီ သူ့အသားကိုစားသည့် ပုံစံကိုကြည့်ရင်း ပေါင်ချီမှာတော့ အတော်လေးကိုမှ ထိတ်လန့်သွားခဲ့ရလေသည်။ ပေါင်ချီမှာ သူ့အသားကို မှော်ဘုရင်မှ အရသာရှိရှိနှင့် စားသောက်နေသည်ကို ကြည့်နေခဲ့ရသည်။ သူတို့၏နတ်ဆိုးမျိုးနွယ်စုများထဲတွင်ပင် ဤကဲ့သို့ အသားစားသည်မှာ လူတိုင်းလုပ်သည့်အရာမျိုး မဟုတ်ကြပေ။
လက်ရှိအချိန်တွင် အရိုးဝါးမျိုခြင်းကလန်သား တစ်သိန်းကျော်လောက်သည် မှော်ဘုရင်ချီအား သွားရည်တမြောင်းမြောင်းဖြင့် စိုက်ကြည့်နေကြသည်။ သူတို့သည်လည်း နတ်ဆိုးဘုရင်၏အသား အရသာရှိမရှိဆိုသည်ကို သိချင်နေကြသည်။ နတ်ဆိုးဘုရင်၏အသားသည် သူတို့ယခင်စားခဲ့ဖူးသော အသားများနှင့် မည်ကဲ့သို့ ကွာခြားပါလေသနည်း။
မှော်ဘုရင်ချီကို ကြည့်ရသည်မှာတော့ ဤလောကကြီးတွင် အရသာရှိဆုံးသော အစားအစာတစ်ခုကို စားသောက်နေရသည့်အလား အလွန်ကိုမှ ကြည်နူးနေခဲ့လေသည်။
တစ်ခဏကြာပြီးသည့်နောက် ဝါးပြီးသားအသားကို မျိုချလိုက်ပြီး အော်ပြောလိုက်လေ၏။ “အရသာရှိတယ်…”
ကလန်သားအားလုံး စိတ်လှုပ်ရှားစွာ ထအော်ကြကုန်လေသည်။ ထို့နောက်တွင် မှော်ဆရာချီသည် ပေါင်ချီဘက်သို့လှည့်၍ ပြုံးဖြီးလျက် “မင်း ဒီလောက်လွယ်လွယ်မသေပါနဲ့ဦး… မင်းလိုနတ်ဆိုးဘုရင်တစ်ပါးကို ဖမ်းမိဖို့ဆိုတာ မလွယ်ဘူး… ငါတို့ကလန်သားတွေ မင်းအသားကို မြည်းချင်ကြသေးတယ်… ပေါင်ချီ၏မျက်နှာ ရှုံ့မဲ့သွားခဲ့လေသည်။
သေသေချာချာ မရေတွက်ကြည့်ပါသော်ငြား ဤနေရာတွင် အနည်းဆုံး အရိုးဝါးမျိုခြင်းကလန်သားများ တစ်သိန်းခန့် ရှိနေကြောင်း သူသိသည်။ တစ်နည်းဆိုရသော် မှော်ဘုရင်သည် သူ့ဆီမှ အသားလွှာပေါင်း တစ်သိန်းခန့် လှီးထုတ်ပစ်ပေလိမ့်မည်။ ပြီးမှသာလျှင် ပေါင်ချီအား သေခွင့်ပြုပေလိမ့်မည်။
နတ်ဆိုးဘုရင်၏ အသက်ဓာတ်စွမ်းအင်မှာ အလွန်ကိုမှ အားကောင်းလွန်းလှသည်။ ထို့အတွက်ကြောင့် အသားလွှာပေါင်းတစ်သိန်းခန့် ဖြတ်ထုတ်ခံရမည်ဆိုလျှင်ပင် သေလိမ့်မည်မဟုတ်။ သို့သော်ငြား သူ၏အသားလွှာများကို တတိတိဖြင့် လှီးဖြတ်နေရသည်မှာ ပေါင်ချီအတွက်တော့ အလွန်ကိုမှ နာကျင်ဖွယ်ရာကောင်းပေလိမ့်မည်။
မှော်ဆရာချီက ပြုံးဖြီးလျက် ပေါင်ချီ၏ ခန္ဓာကိုယ်ဆီမှ အသားလွှာတစ်လွှာကို ဖြတ်ထုတ်ပြီး ထိုအသားလွှာကို အောက်ဘက်ဆီလူအုပ်ကြီးဆီသို့ ပစ်ပေးလျက် အော်ပြောလိုက်လေ၏။ “ဒါ မင်းတို့နတ်ဆိုးမျိုးနွယ်စုအတွက် အပြစ်ဒဏ်ပဲ… ငါတို့အရိုးဝါးမျိုခြင်းကလန်သားတွေ မင်းတို့ကလန်သားတွေအကုန်လုံးကို စားပစ်မယ်… အဲ့ဒါမှ ငါတို့ပိုင်နက်ထဲ မင်းတို့ နောက်တစ်ကြိမ် ခြေမချရဲမှာ…”
ထို့နောက်တွင် အသားလွှာလေးသည် လူအုပ်ကြီးထဲသို့ ကျသွားခဲ့လေသည်။ အရိုးဝါးမျိုခြင်းကလန်သားများမှာတော့ ကျလာသည့် အသားလွှာကို သူ့ထက်ငါ အလုအယက် ဝိုင်းလုကြလေသည်။ နောက်ဆုံးတွင် အသားလွှာသည် တစ်ယောက်သော အမျိုးသမီးကလန်သား၏ လက်ထဲသို့ ရောက်သွားလေ၏။ ထိုကောင်မလေးသည် အသားလွှာကို တုံ့ဆိုင်းခြင်းမရှိ သူမပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ သူ့ဘေးနားတွင်ရှိနေသော ကလန်သားများမှာတော့ သူတို့အား မပေးရကောင်းလားဟု ဆိုလျက် ထိုအမျိုးသမီးအား ဝိုင်း၍ ထုနှက်ရိုက်ကြလေ၏။ အမျိုးသမီးမှာတော့ ခေါင်းကို ငုံ့ခံထားရင်းမှ အသားလွှာကို တတိတိနှင့် ဝါးစားနေခဲ့လေသည်။ နောက်ဆုံးတွင် စိတ်လှုပ်ရှားစွာဖြင့် ထအော်လေ၏။ “အရသာရှိလိုက်တာ…”
“ကြည့်… ဒါ အရိုးဝါးမျိုခြင်းကလန်သားတွေပဲ… မင်းတို့နတ်ဆိုးမျိုးနွယ်စုတွေဆိုတာ ငါတို့ကလန်သားတွေနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်သေးဘူး…” ထိုအခါမှသာလျှင် မှော်ဆရာချီသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်လေသည်။
ပေါင်ချီမှာမူ တိတ်နေခဲ့သည်။ သူသာ နတ်ဆိုးမျိုးနွယ်စုဘက်မှဆိုလျှင်တော့ မှော်ဆရာချီအား စကားနာပြန်ထိုးပေဦးမည်။ သို့သော်ငြား ရန်ကိုင်၏လက်အောက်သို့ ရောက်သွားသည့်အတွက်ကြောင့် လူရိုင်းမျိုးနွယ်စုဘက်မှ ဖြစ်သွားပြီဖြစ်လေရာ သူ့အနေဖြင့် ငြိမ်ခံနေရုံသာ တတ်နိုင်ခဲ့လေသည်။
“တောင့်ခံထား… မင်းအသက်ရှင်မှဖြစ်မှာ…” မှော်ဆရာချီသည် ဓါးမြောင်ကို နောက်တစ်ချိန် ထပ်မြှောက်ရင်းမှ “မင်း အလွယ်တကူသေလို့မဖြစ်ဘူး… မင်းလိုနတ်ဆိုးဘုရင်တစ်ယောက်က ဒီလောက်လွယ်လွယ်နဲ့ သေစရာလား…. မင်းတို့နတ်ဆိုးမျိုးနွယ်စုကို မျက်နှာပျက်အောင်မလုပ်နဲ့…”
ထိုသို့ပြောပြီးသည့်နောက် နောက်ထပ်အသားလွှာတစ်လွှာကို လှီးချလိုက်ပြီး လူအုပ်ကြီးထဲသို့ ပစ်ပေးလိုက်လေသည်။ နောက်တစ်ကြိမ် လူအုပ်ကြီးကြားထဲ ဝရုန်းသုန်းကား ဖြစ်သွားခဲ့လေ၏။
ထိုသို့လုပ်ပြီးသည့်နောက် မှော်ဆရာချီမှာ အသားလွှာလှီးသည့်နှုန်းကို အရှိန်တင်တော့လေသည်။ အသားလွှာတစ်လွှာပြီးတစ်လွှာ ပေါ်လာခဲ့ပြီး အသားလွှာများ လူအုပ်ကြီးထဲသို့ ကျလာတိုင်း လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ရသည်။
အမွှေးတိုင်တစ်ချောင်းစာအတွင်းမှာပင် ပေါင်ချီ၏ လက်မောင်းတစ်ဖက်လုံး အသားများ ကုန်စင်သွားပြီး ငေါထွက်နေသည့်အရိုးဖြူများ ထွက်ပေါ်လာခဲ့လေသည်။ ထိုအချိန်အတောအတွင်း ပေါင်ချီမှာ အနည်းဆုံး အကြိမ်သုံးထောင်ခန့် လှီးဖြတ်ခံခဲ့ရသည်။ သူသည် အားကောင်းလှသည့် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ နာကျင်မှုကြောင့် သူ့နဖူးပြင်တစ်ခုလုံး ချွေးအေးများဖြင့် ဝေ့သီနေခဲ့လေသည်။ အရိုးဝါးမျိုခြင်းကလန်သားများ စုဝေးနေရာမှ မီတာပေါင်းများစွာအကွာ၌ လူနှစ်သောင်းခန့် ရှိနေကြလေသည်။ ထိုလူများသည် မှော်ဆရာချီမှ ပေါင်ချီ၏အသားများကို တစ်လွှာချင်းစီ လှီးထုတ်ပစ်ရင်း သူ့ကလန်သားများဆီသို့ ပစ်ပေးနေသည်ကို ငြိမ်သက်စွာ ရပ်စောင့်ကြည့်နေကြသည်။ လက်ရှိအချိန်တွင် ထိုလူများမှာ နေအိမ်အကျယ်ချုပ်ကျထားသလို ဖြစ်နေခဲ့ကြလေသည်။ ထိုလူများကို အခြားတစ်နေရာဆီသို့ ထွက်သွား၍မရအောင် သူတို့ဘေးပတ်ပတ်လည်၌ အရိုးကလန်ဝါးမျိုခြင်းကလန်မှ ပညာရှင်အချို့က စောင့်ကြည့်နေကြလေသည်။ သူတို့သာ တစ်ခုခု မူမမှန်သည့်အရာမျိုး ထလုပ်မည်ဆိုပါက ထိုပညာရှင်များ၏ ရိုက်နှက်ခြင်း ခံရပေလိမ့်မည်။
ထိုလူများမှာ ရန်ကိုင်၏အဖွဲ့သားများ ဖြစ်ကြပေသည်။ လက်ရှိအချိန်တွင် စင်မြင့်ပေါ်၌ရှိနေသော ပေါင်ချီကိုကြည့်ရင်း သူတို့စိတ်ထဲ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေကုန်ကြရလေသည်။ ပေါင်ချီသည် ရန်ကိုင်လက်အောက်သို့ အညံ့ခံခိုဝင်ခဲ့ပြီး လွန်ခဲ့သောတိုက်ပွဲများတွင် သူတို့လူရိုင်းမျိုးနွယ်စုဘက်သို့ များစွာ အကျိုးပြုခဲ့ပေသည်။ ပေါင်ချီမှာ နတ်ဆိုးတစ်ကောင်ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်၏အဖွဲ့သားများမှာ ပေါင်ချီအား သူတို့၏ဘက်တော်သားအဖြစ် မမှတ်ယူနိုင်သေးပါသော်ငြား တကယ်တော့ ပေါင်ချီသည် သူတို့နှင့်အတူ ရင်ပေါင်တန်း၍ နတ်ဆိုးများကို ပြန်လည်တိုက်ခိုက်ခဲ့သူတစ်ဦး ဖြစ်လေသည်။ ထို့အတွက်ကြောင့် အတော်များများမှာ ပေါင်ချီ ဤကဲ့သို့ နှိပ်စက်ခံနေရသည်ကို မကြည့်ရက်ကြပေ။ ပေါင်ချီအား သတ်လိုက်သည်ကို ကိစ္စမရှိပါသော်ငြား အရိုးဝါးမျိုခြင်းကလန်မှ မှော်ဘုရင် လုပ်နေသည့် ပုံစံသည် အလွန်ကိုမှ ရက်စက်ရာ ကျလွန်းပေသည်။
ယွဲ့သည် အရိုးဝါးမျိုခြင်းကလန်မှ မှော်ဝိဇ္ဇာတစ်ဦးဆီသို့ လျှောက်သွားပြီး အံကြိတ်၍ အော်ပြောလိုက်လေသည်။ “ကျွန်မ မှော်ဘုရင်နဲ့ စကားပြောချင်တယ်…”
ထိုမှော်ဝိဇ္ဇာကမူ ယွဲ့အား တစ်ချက်သာကြည့်လိုက်ပြီး ဘာမှပြန်မပြောဘဲ လှောင်ပြုံးသာ ပြုံးပြလိုက်လေသည်။
“ကျွန်မ မှော်ဘုရင်နဲ့ စကားပြောချင်တယ်…” ယွဲ့က နောက်တစ်ကြိမ် ထပ်အော်ပြောလိုက်သည်။
မှော်ဝိဇ္ဇာသည် ယွဲ့အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် “ပြန်သွားလိုက်တော့…”
ယွဲ့ကမူ မသွားသေးဘဲ ဆက်၍သာ ပြောလိုက်လေသည်။ “ပေါင်ချီက မှော်ဆရာညိုရဲ့လက်အောက်ငယ်သားတစ်ယောက်ပဲ… သူ လူရိုင်းမျိုးနွယ်စုအတွက် အလုပ်လုပ်ပေးနေတာ… ရှင်တို့ သူ့ကိုသတ်လို့မဖြစ်ဘူး…”
မှော်ဝိဇ္ဇာက လှောင်ပြုံးပြုံးလျက် “သူက နတ်ဆိုးဘုရင်တစ်ယောက်… နတ်ဆိုးဘုရင်တစ်ပါးကို နင်တို့မှော်ဆရာညိုက လက်အောက်ငယ်သားဖြစ်အောင်လုပ်ဖို့… နင်တို့အကုန်လုံး သူလိမ်တာ ခံနေရတာပဲ…”
“မှော်ဆရာညိုရောက်လာရင် အကုန်လုံးကို ရှင်းပြပေးလိမ့်မယ်… အခု အရင်ဆုံးသူ့ကို လွှတ်ပေးလိုက်…”
“မှော်ဆရာညို…” မှော်ဝိဇ္ဇာက လှောင်ပြုံးပြုံးလျက် အထင်အမြင်တသေးဖြင့် “သူက ဘယ်သူလဲ… ငါ သူ့နာမည်ကို တစ်ခါမှ မကြားဖူးပါလား…”
“မှော်ဆရာညိဆိုတာ တောင်ပိုင်းလူရိုင်းကလန်ရဲ့ မှော်ဝိဇ္ဇာပဲ… သူက…”
“တောင်ပိုင်းလူရိုင်းကလန်…” မှော်ဝိဇ္ဇာသည် သူမပြောသည်ကို ထီမထင်ဟန်ဖြင့် ပြန်၍ပြောလိုက်လေ၏။ “တောင်ပိုင်းလူရိုင်းကလန်က မရှိတော့ဘူးလေ…”
“တောင်ပိုင်းလူရိုင်းကလန် ရှိသေးတယ်… ကျွန်မတို့ ဒီမှာရှိနေတုန်းပဲ…” ယွဲ့က အံကြိတ်၍ ပြန်အော်ပြောလေ၏။
“တောင်ပိုင်းလူရိုင်းကလန် မပျောက်ကွယ်သွားသေးဘူး…” အခြားသောလူများမှာလည်း ထရပ်ကာ အော်ပြောလာကြလေသည်။ အကုန်လုံးမှာ ယွဲ့နောက်တွင်ရပ်၍ မှော်ဝိဇ္ဇာအား စူးရဲစွာ စိုက်ကြည့်လာကြလေသည်။
အနက်ရောင်အလင်းပေါ်လာသည်မှာ တစ်လခန့် ရှိသွားလေပြီ။ အနက်ရောင်အလင်းကြောင့် တောင်ပိုင်းလူရိုင်းကလန်မှ သိန်းနှင့်ချီသောအဖွဲ့သားများ ပျောက်ကွယ်သွားခဲ့ရသည်။ မှော်ဆရာညိုအဖွဲ့သားတိုင်း ထိုအကြောင်းကို သိထားကြပေသည်။ လက်ရှိအချိန်တွင် သူတို့မှာ တောင်ပိုင်းလူရိုင်းကလန်မှ ကျန်ရစ်သည့်အဖွဲ့သားများသာ ဖြစ်ကြပါသော်ငြား သူတို့သာ အသက်ရှင်နေသေးသရွေ့ တောင်ပိုင်းလူရိုင်းကလန်သည် ပျောက်ကွယ်သွားရလိမ့်မည်မဟုတ်ပေ။