← Chapters

အခန်း (၂၈၈၅-၂၈၈၈)

Vol. 124 Ch. 2885-2888

အခန်း (၂၈၈၅-၂၈၈၈)

Vol. 124 Ch. 2885-2888

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၈၅)

ဘာသာပြန်သူ_တိမ်တိုက်

မှော်ဝိဇ္ဇာသည် လူအုပ်ကြီးကိုကြည့်၍ အဓိပ္ပာယ်ပါပါပြုံးလျက် “တောင်ပိုင်းလူရိုင်းကလန်က မကြာခင်ပျောက်ကွယ်တော့မှာ…”

ထိုစကားကိုကြားသော် ယွဲ့ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထိုလူ၏စကားကို သူမလည်း နားလည်ပေသည်။ ထို့အတွက်ကြောင့် သူမရင်ထဲ အတော်လေးကိုမှ ထိတ်လန့်သွားခဲ့ရသည်။ လုမှာ တစ်ခုခုထပ်ပြောချင်ပါသော်ငြား သူမ၏အစ်မမှ သူမအား လှမ်းတားနေခဲ့လေသည်။

ယွဲ့သည် တီယာဆီသို့ပြန်သွားပြီး တိုးတိုးလေး ပြောလိုက်လေ၏။ “ရှင် ထွက်ပြေးလို့မရဘူးလား…”

ဤနေရာတွင် ရှိနေသော လူများအနက် မှော်ဝိဇ္ဇာဖြစ်သောတီယာသည် အားအကောင်းဆုံးဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဤနေရာမှ တစ်ယောက်ယောက်သာ ထွက်ပြေးနိုင်မည်ဆိုလျှင် တီယာသာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား အဖမ်းခံရပြီးသည့်အချိန်မှစ၍ တီယာသည် ထွက်ပြေးရန်မကြိုးစားဘဲ ငြိမ်ငြိမ်လေးသာ နေနေခဲ့သည်။

တီယာခေါင်းခါပြလိုက်သည်။

“ရှင်က နိုမက်ကလန်က မဟုတ်ဘူးလား… ရှင့်ရဲ့ကိုယ်ပျောက်ပညာရပ်က အရမ်းအဆင့်မြင့်တာလေ…”

တီယာက ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ငါက မှော်ဝိဇ္ဇာအဆင့်ပဲ ရှိသေးတာ… ဒီမှာက မှော်ဘုရင်ငါးယောက်တောင်ရှိနေတာ…”

ယွဲ့ ဘာမှထပ်မပြောနိုင်တော့ချေ။ သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ တီယာအဖို့ ဤနေရာမှ ထွက်မပြေးနိုင်အောင် လုပ်ထားခဲ့လေသည်။

ယွဲ့က ဆက်ပြောလိုက်သည်။ “အဲ့ဒါဆို သူတို့စားတာ ကျွန်မတို့ ခံရလိမ့်မယ်… တစ်ယောက်ယောက်ထွက်သွားပြီး မှော်ဆရာညိုကို သွားရှာမှဖြစ်မှာ…”

တီယာက တိုးတိုးလေးပြန်ပြောလိုက်သည်။ “သူလာလိမ့်မယ်… ငါတို့ အစားခံရမှာမဟုတ်ဘူး…”

“ဒါပေမယ့်…” ယွဲ့ စိုးရိမ်နေခဲ့လေသည်။ အစောပိုင်းက မှော်ဝိဇ္ဇာပြောသွားသည့် စကားကို ကြားပြီးသည့်နောက် သူမတို့ ဘာဆက်ဖြစ်မလဲဆိုသည်ကို ယွဲ့ နားလည်သွားခဲ့လေသည်။ မှော်ဆရာညို၏ အဖွဲ့သားနှစ်သောင်းကျော် ဤနေရာ၌ ဖမ်းဆီးထိန်းသိမ်းထားခံရခြင်းမှာ သူတို့နှင့် နတ်ဆိုးဘုရင်ကြားရှိ မသေချာမရေရာသည့် ဆက်ဆံရေးကြောင့်သာလျှင် မဟုတ်ဘဲ သူတို့သည် အရိုးဝါးမျိုခြင်းကလန်သားများအတွက် ရိက္ခာဖြစ်နေသည့်အတွက်ကြောင့်ပင်။

ဤနေရာတွင် စခန်းချနေသည့် သိန်းနှင့်ချီသော အရိုးဝါးမျိုခြင်းကလန်သားများသည် တစ်နေ့တစ်နေ့ သောက်စားရန် လိုအပ်ပေသည်။ သို့သော်ငြား ဤကဲ့သို့သော စစ်မြေပြင်တွင် အစားအစာများကို မည်ကဲ့သို့များ အလွယ်တကူ ရှာဖွေနိုင်ပါမည်နည်း။ ထို့အတွက်ကြောင့် ရန်ကိုင်၏အဖွဲ့သား နှစ်သောင်းကျော်ကို သူတို့စားနပ်ရိက္ခာအဖြစ် ဤနေရာတွင် ထိန်းသိမ်းထားခြင်း ဖြစ်လေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် သူတို့၏တောင်ပိုင်းလူရိုင်းကလန် ပျောက်ကွယ်သွားရလိမ့်မည်ဟု မှော်ဝိဇ္ဇာမှ ပြောလိုက်ခြင်း ဖြစ်ပေသည်။

“သူရောက်နေပြီ…” တီယာက ပြုံးလျက် တစ်ခုသောဘက်ဆီသို့ လှမ်း၍ကြည့်လိုက်သည်။ ယွဲ့၊ လုနှင့် အခြားသူများမှာလည်း တီယာရှိနေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ သူတို့၏မျက်လုံးများ တလက်လက် တောက်ပလာကုန်ကြရလေသည်။

မှော်ဆရာညိုသည် စင်မြင့်ထက်တွင် ဗြုန်းစားကြီး ပေါ်လာခဲ့သည်။ ပေါင်ချီနှင့် မှော်ဆရာချီကြားတွင် ရုတ်တရက်ပေါ်လာပြီး ဓါးမြောင်ကိုင်ထားသည့် မှော်ဆရာချီ၏လက်ကို လှမ်းဖမ်းဆွဲလိုက်လေသည်။

အောက်ဘက်တွင်ရှိနေသော သိန်းနှင့်ချီသည် အရိုးဝါးမျိုခြင်းကလန်သားများမှာ ရုတ်တရက်ပေါ်လာသည့် မှော်ဆရာညိုကြောင့် ကြောင်သွားကုန်ကြလေသည်။ မှော်ဆရာချီ၏ အမူအယာသည်ပင်လျှင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ သူ၏မှော်စွမ်းအားကို လှည့်ပတ်၍ ရန်ကိုင်၏လက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်ပါသော်ငြား သူ့အနေဖြင့် မည်သို့ပင် ကြိုးစားနေစေကာမူ ရုန်းထွက်၍မရကြောင်း တွေ့လိုက်ရလေသည်။

မော့ကြည့်လိုက်သည့်အခါ သူ့အား အအိပ်ပျက်ညပေါင်းများစွာ ကြုံရအောင် လုပ်ခဲ့သော မျက်နှာကို တွေ့လိုက်ရလေသည်။

“မင်းပဲ…” မှော်ဆရာချီမှာ အလွန်ကိုမှ ဒေါသထွက်နေသည့်အမူအယာဖြင့် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“မှော်ဆရာချီ… ခင်ဗျား အိုလာပြီပဲ…” ရန်ကိုင်က မှော်ဆရာချီကို ထူးမခြားနားဟန်ဖြင့် ကြည့်၍ ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် မှော်ဆရာချီ၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလိုက်လေသည်။ “မင်း ငါ့ပေါ်ကို ဘယ်လိုမှော်ပညာရပ်မျိုးသုံးလိုက်တာလဲ…”

လွန်ခဲ့သော နှစ်ဝက်ခန့်ကနှင့်စာလျှင် မှော်ဆရာချီမှာ ယခင်ကထက် အများကြီး အိုစာသွားခဲ့လေသည်။ ရန်ကိုင် မှော်ဆရာချီနှင့် ပထမဦးဆုံးအကြိမ် တွေ့ခဲ့စဉ်က မှော်ဆရာချီသည် အသက်လေးဆယ်အရွယ်လောက်သာရှိမည့် သက်လတ်ပိုင်းလူကြီးတစ်ဦးပုံစံ ပေါက်ခဲ့ပါသော်ငြား ယခုအချိန်တွင်တော့ ယခင်ကထက်စာလျှင် ဆယ်နှစ် အနှစ်နှစ်ဆယ်ခန့် ပိုမိုအိုစာနေခဲ့လေသည်။

မှော်ဘုရင်တစ်ပါး ဤကဲ့သို့ ဖြစ်သွားသည်မှာ လုံးဝကို ပုံမှန်မဟုတ်ချေ။

သို့သော်ငြား အချိန်ကုန်လွန်ခြင်းစည်းတံဆိပ် ထိမှန်ခြင်း ခံလိုက်ရသည့် မှော်ဘုရင်တစ်ဦးမှာ မည်ကဲ့သို့ ထိုကဲ့သို့မဖြစ်ဘဲ နေရပါမည်နည်း။

အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်သည် အချိန်မြစ်မဟာဧကရာဇ်၏ ပညာရပ်တစ်ခုဖြစ်ကာ တစ်စုံတစ်ဦး၏ အချိန်ကုန်လွန်သည့်နှုန်းကို မြန်ဆန်သွားစေနိုင်ပေသည်။

ရန်ကိုင် အဆင့်နိမ့်မှော်ဝိဇ္ဇာတစ်ဦး ဖြစ်စဉ်က မှော်ဆရာချီနှင့် တောင်ပြာရွာအပြင်ဘက်တွင် တိုက်ခိုက်ခဲ့သည်။ ထိုစဉ်က ရန်ကိုင်သည် အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်အား မှော်ဆရာချီအပေါ် အသုံးပြုခဲ့ပေသည်။ ထိုစဉ်က ရန်ကိုင်သည် လုံလောက်အောင် အားကောင်းခြင်း မရှိခဲ့ပါသော်ငြား သူသုံးလိုက်သည့်အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်မှာ မှော်ဆရာချီအပေါ် အနည်းနှင့်အများတော့ အကျိုးသက်ရောက်မှု ရှိသွားခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မှော်ဆရာချီမှာ လျင်မြန်စွာ အိုမင်းလာရခြင်း ဖြစ်လေသည်။

မှော်ဆရာချီမှာတော့ မှော်ဆရာညိုမှ သူ့အပေါ် မည်ကဲ့သို့သော မှော်ပညာရပ်မျိုး ထုတ်သုံးခဲ့သလဲဆိုသည်ကို မသိခဲ့ရပေ။ သို့ရာတွင် ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်သည့်အခိုက် သူ့စိတ်ထဲ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားရပြီး သူ့စိတ်ထဲလည်း တထင့်ထင့် ဖြစ်ရသည်။ သို့သော်ငြား ရန်ကိုင်အပေါ် တင်ရှိနေသည့် သူ၏အမုန်းတရားမှာတော့ အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာနေခဲ့လေ၏။

“ခင်ဗျားနားလည်မှာမဟုတ်ဘူး… နားလည်စရာလည်းမလိုဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ဤခေတ်တွင်ရှိနေသော မှော်ဘုရင်များသည် နောက်ထပ်နှစ်ပေါင်း တစ်သိန်းခန့်ကြာလျှင်ပင် မွေးဖွားလာဦးမည်မဟုတ်သည့် မဟာဧကရာဇ်တစ်ပါး၏ စွမ်းရည်ကို မည်ကဲ့သို့များ နားလည်နိုင်ပါမည်နည်း။ ရန်ကိုင်မှ သူ့လက်အား ခပ်တင်းတင်းဆွဲညှစ်လိုက်ရာ မှော်ဆရာချီမှာ နောက်သို့ အလိုလို ဆုတ်သွားမိလေသည်။

“ပေါင်ချီက ကျုပ်ရဲ့လက်အောက်ငယ်သားပဲ…” ရန်ကိုင်သည် မှော်ဆရာချီကို စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။ “သူ ဒီလိုမျိုး နှိပ်စက်မခံသင့်ဘူး…”

“ဆရာ…” ပေါင်ချီက တုန်တုန်ရီရီဖြင့် လှမ်းအော်ပြောလိုက်လေသည်။ ယနေ့ သူသေရတော့မည်ဟု ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်၏ပေါ်လာမှုသည် သူ့အား မျှော်လင့်ချက်အလင်းရောင်ကို မြင်သွားစေခဲ့လေသည်။

ဤနေရာတွင် မှော်ဘုရင်ငါးပါး ရှိနေပါသော်ငြား မှော်ဆရာညို သူ့အား ကယ်နိုင်လိမ့်မည်ဟု ပေါင်ချီ ယုံကြည်နေပေသည်။ ဤသည်မှာ သူ၏မသိစိတ်ဖြစ်ပေ၏။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် ပေါင်ချီ၏ခန္ဓာကိုယ်အား ဟိုနေရာတစ်ချက် ဒီနေရာတစ်ချက် သွားထိလိုက်လေသည်။ ထို့နောက်တွင် ပေါင်ချီအား လှုပ်မရအောင် ချုပ်နှောင်ထားသည့် မှော်ပညာရပ်များ ပျောက်ကွယ်သွားခဲ့ပြီး‌ ပေါင်ချီလည်း သူ၏လွတ်လပ်မှုကို ပြန်လည်ရရှိလာခဲ့သည်။

“မင်း ဘယ်လိုလုပ်ပြီး သူ့ကိုလွှတ်ပေးရဲတာလဲ…” မှော်ဆရာချီက ဒေါမာန်တကြီးဖြင့် ပြစ်တင်ပြောဆိုလိုက်လေသည်။ ဤနတ်ဆိုးဘုရင်ကို ဖမ်းဆီးရန်အတွက် အရိုးဝါးမျိုခြင်းကလန်မှာ အတော်လေးကိုမှ အားစိုက်ခဲ့ရသည်။ သို့သော်ငြား မှော်ဆရာညိုသည် ဤနေရာသို့ရောက်ရောက်ခြင်း နတ်ဆိုးဘုရင်ကို လွှတ်ပေးလိုက်လေသည်။ ရန်ကိုင်၏လုပ်ရပ်သည် အရိုးဝါးမျိုခြင်းကလန်ကို မျက်လုံးထဲမထည့်ခြင်းသာ ဖြစ်လေသည်။

“ခင်ဗျားပါးစပ်ကိုဟလိုက်…” ရန်ကိုင်ကမူ မှော်ဆရာချီအား လျစ်လျူရှုထားခဲ့ပြီး ပေါင်ချီကို အမိန့်ပေးလိုက်လေသည်။ ပေါင်ချီမှ သူ့ပါးစပ်ကို ဖွင့်ပေးလိုက်သည့်အခိုက် ရန်ကိုင်သည် ပေါင်ချီ၏ပါးစပ်ထဲသို့ တစ်စုံတစ်ခုကို ပစ်ထည့်ပေးလိုက်လေ၏။ “အဲ့ဒါကို သန့်စင်နေလိုက်…”

ပေါင်ချီလည်း စင်မြင့်ထက်တွင် ချက်ချင်းပဲ တင်ပလင်ခွေထိုင်ချကာ သူ့ခွန်အားကိုလှည့်ပတ်၍ ရန်ကိုင် သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည့်အရာကို သန့်စင်ရန် ကြိုးစားလိုက်လေသည်။ အေးမြသည့်ခံစားချက်တစ်ခုသည် သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားခဲ့ပြီး သူခံစားနေရသည့် နာကျင်မှုမှာ သိသိသာသာကို လျော့ကျသွားခဲ့ရသည်။ အရိုးဖြူများသာ ကျန်ရစ်တော့သော သူ့လက်မောင်းတွင်လည်း အသားများ တတိတိနှင့် ပြန်တက်လာနေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဆရာချီမှာ အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့ပြီး သူ့မျက်နှာမှာလည်း ယခင်ကထက်ပို၍ သုန်မှုန်လာခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်အား ချက်ချင်းမတိုက်ခိုက်သေးဘဲ လှောင်ပြုံးပြုံး၍သာ ပြန်ပြောလိုက်သည်။ “မှော်ဆရာညို… ငါ မင်းကိုကျေးဇူးတင်ရမယ်…”

“ဘာကိုကျေးဇူးတင်ချင်တာလဲ…” ရန်ကိုင်က မှော်ဆရာချီကိုကြည့်၍ ပြောလိုက်လေသည်။

ထိုသို့ပြောပြီးသည့်နောက်တွင် မှော်ဆရာချီသည် သူ၏မှော်စွမ်းအားကို ထုတ်လွှတ်လိုက်လေ၏။ အလွန်ကိုမှ အားကောင်းသည့် အရှိန်အဝါတစ်ရပ်သည် မှော်ဆရာချီဆီမှ ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင်က မျက်ခုံးပင့်လျက် “အို… ခင်ဗျားက အလယ်အလတ်အဆင့်မှော်ဘုရင်တစ်ပါး ဖြစ်နေပြီလား… ဂုဏ်ယူပါတယ်…”

မှော်ဘုရင်ချီက “မင်းကြောင့်‌သာမဟုတ်လို့ရှိရင် ငါ အလယ်အလတ်အဆင့်မှော်ဘုရင်တစ်ပါး ဒီလောက်မြန်မြန်နဲ့ ဖြစ်လာနိုင်မှာမဟုတ်ဘူး…”

မှော်ဘုရင်ချီသည် ရန်ကိုင်နှင့် အတွေ့တွင် ဒုက္ခလှလှနှင့် တွေ့ခဲ့ရသည်။ ထိုစဉ်က သူသည် ဒဏ်ရာရသွားခဲ့ပါသော်ငြား သူ၏အားနည်းချက်များကို နားလည်ခဲ့ပြီး ပိုမိုအားကောင်းလာအောင် ကြိုးစားခဲ့သည်။ အနားယူအားပြန်ဖြည့်နေစဉ်အတောအတွင်း တစ်စုံတစ်ခုအား နားလည်သွားခဲ့ပြီး နတ်ဆိုးမျိုးနွယ်စုနှင့် တိုက်ခိုက်ရာတွင် ထိုနားလည်မှုကိုအသုံးချ၍ အဆင့်နိမ့်မှော်ဘုရင်အဆင့်မှ အလယ်အလတ်မှော်ဘုရင်အဆင့်သို့ တက်ရောက်နိုင်ခဲ့လေသည်။

“ကျုပ်ကို လာကျေးဇူးတင်နေစရာမလိုပါဘူး… အဲ့ဒါက ခင်ဗျားကြိုးစားလို့ဖြစ်တာလေ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။

မှော်ဘုရင်ချီ၏မျက်နှာကြီး သုန်မှုန်သွားခဲ့လေသည်။ သူမြင်ချင်နေသည်မှာ ဤကဲ့သို့သော တုံ့ပြန်မှုမျိုး မဟုတ်ပေ။ ထို့နောက်တွင် ပြန်၍အော်ပြောလိုက်လေသည်။ “မှော်ဆရာညို… တောင်ပိုင်းလူရိုင်းကလန်က ပျောက်ကွယ်သွားပြီ… မင်းအသက်ရှင်ချင်တယ်ဆိုရင် မင်းဘာလုပ်ရမလဲဆိုတာကို နားလည်ဖို့ကြိုးစားတာ အကောင်းဆုံးပဲ…”

“တောင်ပိုင်းလူရိုင်းကလန်က မပျောက်ကွယ်သေးဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ကျုပ်နဲ့ ကျုပ်လက်အောက်ငယ်သားတွေ အသက်ရှင်နေတုန်းပဲ… ဒီတော့ တောင်ပိုင်းလူရိုင်းကလန် မပျောက်ကွယ်သေးဘူး…”

မှော်ဘုရင်ချီက ရယ်မောလျက် “မင်းလိုမှော်ဝိဇ္ဇာတစ်ယောက်က တောင်ပိုင်းလူရိုင်းကလန်ကို ဦးဆောင်ဖို့… တောင်ပိုင်းလူရိုင်းကလန်က မှော်ဘုရင်တွေအားလုံး သေသွားပြီ… မှော်ဘုရင်တစ်ပါးမရှိတဲ့ကလန်က ကလန်တစ်ခုဖြစ်ဖို့ မထိုက်တန်ဘူး.. အဲ့ဒါကို မင်းမသိဘူးလား…”

လူရိုင်းကလန်များသည် အချင်းချင်း ပြန်လည်ဝါးမျိုလေ့ရှိကြပေသည်။ တောင်ပြာကျေးရွာသည် ဥပမာဖြစ်လေသည်။ ရန်ကိုင်သည်သာ တောင်ပြာရွာတွင် မွေးဖွားလာခဲ့ခြင်းမရှိပါက ရွာသူကြီးသေသွားသည်နှင့်တစ်ပြိုင်နက် မှော်ဆရာတစ်ပါး၏ကာကွယ်မှု မရရှိထားသည့် ထိုရွာမှာ အခြားသောရွာများ၏ ဝါးမျိုခြင်း ခံရပေလိမ့်မည်။

ကလန်များအတွက်လည်း အတူတူပင်။

ကလန်တစ်ခုတွင် မှော်ဘုရင်သည် အရေးကြီးဆုံးဖြစ်ပေသည်။ မှော်ဘုရင်မရှိသည့်ကလန်တစ်ခုသည် အခြားသောကလန်များ၏ ဝါးမျိုခြင်း ခံရပေလိမ့်မည်။

“မှော်ဘုရင်တစ်ပါးပဲလိုတာ ဟုတ်တယ်မလား…” ရန်ကိုင်က မျက်လုံးပိတ်၍ ပြောလိုက်လေသည်။ “အဲ့လိုဆိုရင်လည်း ရတယ်လေ…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင် မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ့ဆီမှ အလွန်တရာကိုမှ အားကောင်းလှသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင် သူ့အား တိုက်ခိုက်တော့မည်အထင်နှင့် မှော်ဆရာချီ အတော်လေးကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ တကယ့်တကယ်တွင်လည်း ရန်ကိုင် သူ့အား တိုက်ခိုက်လာပါစေဟု မှော်ဆရာချီလည်း ကြိတ်၍ဆုတောင်းနေခဲ့လေသည်။ သို့မှသာလျှင် သူ့အနေဖြင့် တုံ့ဆိုင်းခြင်းမရှိ ပြန်လည်တိုက်ခိုက်နိုင်မည်ဖြစ်ကာ ရန်ကိုင်အပေါ်လည်း လက်စားချေနိုင်ပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင် သူ့အား တိုက်ခိုက်ရန် ကြံနေခြင်းမဟုတ်မှန်း မှော်ဘုရင်ချီ တွေ့ရှိသွားခဲ့ရသည်။ ထို့အစား ရန်ကိုင်ဆီမှ ဖြာထွက်လာနေသည့် အရှိန်အဝါမှာ ပိုပို၍ အားကောင်းလာနေပြီး အလွန်ကိုမှ ကြမ်းတမ်းခက်ထန်လာခဲ့ကာ မျက်တောင်တစ်ခတ်အတွင်း မှော်ဝိဇ္ဇာတစ်ပါး ရှိသင့်ရှိထိုက်သည့် အရှိန်အဝါထက်ကို ကျော်လွန်သွားခဲ့ပြီး မှော်ဘုရင်တစ်ပါး၏နယ်ပယ်ကို သွားရောက်ထိတွေ့လေ၏။

“ဒါက…” မှော်ဘုရင်ချီ မှင်တက်သွားခဲ့လေသည်။

သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ ရုတ်တရက်ဆိုသလို မိုးထိုးတက်သည့်အလား မြင့်တက်သွားခဲ့သည်။ သူ့အား ချုပ်နှောင်ထားသည့် အချုပ်အနှောင်အားလုံး ပျက်စီးသွားသည့်အလား ရန်ကိုင်၏အရှိန်အဝါမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားတော့လေ၏။

သူမြင်နေရသည့်မြင်ကွင်းအပေါ် မယုံကြည်နိုင်ဖြစ်နေသည့်အလား မှော်ဘုရင်ချီ၏မျက်ခမ်းများ တဆတ်ဆတ်ကို တုန်ခါနေခဲ့လေသည်။

“မှော်ဘုရင်တစ်ပါးလိုတာမလား… အခု ဒီမှာ ရှိနေပြီလေ…” ရန်ကိုင်က ပြုံးဖြီးပြလိုက်သည်။

ထိုမြင်ကွင်းကို အဝေးမှရပ်ကြည့်နေသည့် ရန်ကိုင်၏အဖွဲ့သားနှစ်သောင်းနီးပါးမှာတော့ ဝမ်းသာအားရဖြင့် ထအော်ကုန်ကြလေသည်။ အကုန်လုံးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် ယွဲ့နှင့်လုတို့ပင်။ နောက်ဆုံးတွင်တော့ သူတို့တွင် အားကိုးစရာမှော်ဘုရင်တစ်ပါး ရှိလာခဲ့လေပြီ။ ဤသည်မှာ တောင်ပိုင်းလူရိုင်းကလန်၏ မှော်ဘုရင်အသစ် ဖြစ်လေသည်။ ထို့အတွက်ကြောင့် တောင်ပိုင်းလူရိုင်းကလန်သည် အခြားသောကလန်များ၏ ဝါးမျိုခြင်း မခံရဘဲ တစ်သီးတစ်ခြား ဆက်လက်ရပ်တည်နိုင်ခွင့် ရှိသေးသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ တောင်ပိုင်းလူရိုင်းကလန်အဖို့ ဆက်လက်အသက်ရှင်ရပ်တည်ဖို့ရာ အခြားသောကလန်များထဲသို့ ဝင်ရောစရာ မလိုတော့ပေ။

သို့သော်ငြား မကြာခင်တွင် ထိုအော်ဟစ်သံအားလုံးမှာ ရပ်တန့်သွားခဲ့ရလေသည်။ အကြောင်းမှာ ဤတောင်၏ နေရာလေးနေရာအသီးသီးဆီမှ လူရိပ်များစွာ ထွက်ပေါ်လာသည့်အတွက်ကြောင့်ပင်။ ထိုလူအားလုံးသည် မှော်ဘုရင်တစ်ပါး၏အရှိန်အဝါကို ထုတ်လွှတ်နေကြလေသည်။ ထိုလူများမှာ အခြားမဟုတ် ချန်းဟောင်တောင်ကြားအား ကြီးကြပ်ကွက်ကဲနေကြသည့် အရိုးဝါးမျိုခြင်းကလန်၏ မှော်ဘုရင်များသာ ဖြစ်ကြလေ၏။ အစောပိုင်းက ထိုလူများ ထွက်မလာရခြင်းမှာ သူတို့ထွက်လာရန် မလိုအပ်ဟု ထင်သည့်အတွက်ကြောင့်သာလျှင်။ မှော်ဘုရင်ချီတစ်ပါးတည်းနှင့်ပင် ရန်ကိုင်အား ရင်ဆိုင်ရန် လုံလောက်ပြီဟု ထင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှ ရုတ်တရက်ဆိုသလို မှော်ဘုရင်တစ်ပါး ဖြစ်လာသည့်အတွက်ကြောင့် သူတို့ကိုယ်တိုင်သည်လည်း လူလုံးထွက်ပြလာရတော့လေသည်။

အသစ်ပေါ်လာသည့် မှော်ဘုရင်များထဲတွင် ခေါင်းတုံးပြောင်နှင့်မှော်ဘုရင်သည် အခြားသောမှော်ဘုရင်များထက် ပို၍အားကောင်းသည့်အရှိန်အဝါကို ပိုင်ဆိုင်ထားခဲ့လေ၏။ ထိုမှော်ဘုရင်သည် ရန်ကိုင်အား အထက်စည်းမှ စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။ “မှော်ဘုရင်အဆင့်ကို ဒီလောက်လွယ်လွယ်နဲ့ ချိုးဖြတ်တဲ့လူကို ငါတစ်ခါမှ မမြင်ဖူးဘူး…”

“အဲ့ဒါ ခင်ဗျား လုံလောက်အောင် ဗဟုသုတ မကြွယ်ဝသေးလို့ပေါ့…” အဆင့်မြင့်မှော်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်နေရသည့်တိုင် ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။

“ကောလဟာလတွေပြောတာတော့ မင်းက လူရိုင်းနတ်ဘုရားရဲ့ ကောင်းချီးကို ရရှိခဲ့တယ်ဆို… အစတုန်းကတော့ ငါ အဲ့ဒါတွေကို သိပ်မယုံသေးဘူး… ဒါပေမယ့် အခု ကြည့်ရတော့ မှန်နေတဲ့ပုံပဲ…” မှော်ဘုရင်သည် ရန်ကိုင်အား အထက်အောက်အစုံအဆန် ကြည့်ရင်းမှ ပြောလိုက်သည်။

“ဆရာက ကျုပ်အကြောင်းကို ကြားဖူးတာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။

ကတုံးပြောင်ပြောင်နှင့်မှော်ဘုရင်သည် မှော်ဆရာချီကိုကြည့်၍ ဆက်ပြောလိုက်သည်။ “ကိုယ့်ထက် အဆင့်တစ်ဆင့်ပိုမြင့်တဲ့လူတွေကို အနိုင်ယူပြီးတော့ ဒဏ်ရာရအောင် လုပ်သွားနိုင်တဲ့လူတွေကို ငါ သေသေချာချာလေး အာရုံစိုက်ထားရမှာပေါ့… အထူးသဖြင့် မှော်ဝိဇ္ဇာအဆင့်လေးနဲ့ မှော်ဆရာချီလိုလူမျိုးကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တဲ့လူမျိုးကိုပေါ့…”

ထိုစကားကိုကြားသော် မှော်ဆရာချီ၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လိုက်လေသည်။ သူ့ပုံစံမှာ အနားပေါ် ဆားဖြူးခံရသည့် ပုံစံမျိုး ပေါက်နေခဲ့လေသည်။

“ဒါပေမယ့်…” ခေါင်းတုံးပြောင်ပြောင်နှင့် မှော်ဘုရင်က ဆက်၍ပြောလိုက်သည်။ “မှော်ဘုရင်အဆင့်ကိုရောက်သွားလည်း အပိုပဲ… မင်းရဲ့တောင်ပိုင်းလူရိုင်းကလန် ပျောက်ကွယ်သွားရမယ်… ဒါ လုံးဝပြောင်းလဲလို့မရတဲ့အချက်ပဲ…”

“ကျုပ်အသက်ရှင်နေသေးတယ်… ကျုပ်ရဲ့ကလန်သားနှစ်သောင်းလည်း အသက်ရှင်နေသေးတယ်… ကျုပ်တို့တောင်ပိုင်းလူရိုင်းကလန်ကို ကိုယ့်ဘာသာကိုယ် ပြန်တည်ဆောက်လို့ရတယ်…” ရန်ကိုင်က ဆက်၍ပြောလိုက်သည်။ “ဆရာ… စကားတစ်ခွန်းကို အဲ့လောက်ပြီးစလွယ်မပြောနဲ့လေ…”

ခေါင်းတုံးပြောင်ပြောင်နှင့် မှော်ဘုရင်က ခေါင်းခါလျက် “တောင်ပိုင်းလူရိုင်းကလန်ရဲ့ ထွတ်မြတ်ရတနာက ပျောက်သွားပြီ… နေပါဦး… မင်း အဲ့ဒါကို ဘယ်ကနေ ရလာတာလဲ…”

ရုတ်တရက်ဆိုသလို သူ့အကြည့်သည် ရန်ကိုင်လက်ထဲတွင် ရှိနေသော သစ်သားရုပ်တစ်ရုပ်ဆီသို့ ရောက်သွားခဲ့လေသည်။ ထိုအရာသည် အရိုးဝါးမျိုခြင်းကလန်၏ သစ်သားရုပ်နှင့် ပုံစံတူပေသည်။ သို့သော်ငြား အရိုးဝါးမျိုခြင်းကလန်၏ သစ်သားရုပ်သည် သူတို့၏မှော်သူတော်စင်လက်ထဲတွင် ရှိနေခြင်း ဖြစ်လေသည်။ အဆင့်မြင့်မှော်ဘုရင်ဖြစ်သော သူသည်ပင်လျှင် ထိုအရာကို ထိကိုင်ခွင့် ရဖို့ရာ အရည်အချင်းမပြည့်မှီပင်။

ထိုအရာသည် ကလန်တစ်ခုလုံး၏ ဩဇာအာဏာကို ကိုယ်စားပြုသည့် အထွဋ်အမြတ်ရတနာတစ်ခု ဖြစ်ပေသည်။ လူအများစုမှာ ထိုအရာကို တံဆိပ်ပြားတစ်ခုအဖြစ်သာ မှတ်ယူထားကြပါသော်ငြား အချို့သောမှော်ဘုရင်များမှာတော့ ထိုထွဋ်မြတ်ရတနာတွင် အခြားသော လျှို့ဝှက်ချက်များလည်း ရှိနေသေးမှန်း သိကြပေသည်။

ထွဋ်မြတ်ရတနာအား ပိုင်ဆိုင်ထားခြင်းသည် မှော်ဘုရင်တစ်ပါး၏ ကျင့်ကြံခြင်းကို အထောက်အကူပြုပေးနိုင်ပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၈၆)

ဘာသာပြန်သူ_တိမ်တိုက်

တောင်ပိုင်းလူရိုင်းကလန်၏ ထွဋ်မြတ်ရတနာသည် မှော်ဆရာညို၏လက်ထဲ ဘာကြောင့် ရောက်နေသလဲဆိုသည်ကို ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင် နားမလည်ခဲ့ပေ။ အနက်ရောင်အလင်းကြောင့် တောင်ပိုင်းလူရိုင်းကလန်၏ အဖွဲ့သားသိန်းနှင့်ချီ သေဆုံးခဲ့ရပြီး မှော်ဘုရင်အားလုံးမှာ သေဆုံးခဲ့ရသည်။ ထို့အတွက်ကြောင့် ထွဋ်မြတ်ရတနာသည် ထိုနေရာတွင် တစ်ပါတည်း ပျောက်ကွယ်သွားသင့်သည်။ သို့သော်ငြား ထိုထွဋ်မြတ်ရတနာသည် ပျောက်ကွယ်သွားခြင်းမရှိဘဲ သူ့ရှေ့တည့်တည့်တွင် ပြန်ပေါ်လာခဲ့သည်။

(မှော်ဆရာညိုလည်း အဲ့တုန်းက အဲ့နေရာကို ရောက်နေတာလား…) ထိုအတွေးသည် သူ့ခေါင်းထဲ ပေါ်လာပြီးသည့်နောက် ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ အကြောင်းမှာ ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင် သိထားသလောက် ထိုနေရာတွင် မှော်သူတော်စင်တစ်ပါးနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် နတ်ဆိုးသူတော်စင်တစ်ပါး ရှိနေသည့်အတွက်ကြောင့်ပင်။ မှော်ဆရာညိုသည်သာ ထိုနေရာသို့ တကယ်ကြီး သွားခဲ့မည်ဆိုပါက သူ့အနေဖြင့် ဤနေရာသို့ မည်ကဲ့သို့များ အသက်ရှင်လျက် ပြန်လာနိုင်ပါမည်နည်း။

လက်ရှိအဖြစ်အပျက်များသည် အရိုးဝါးမျိုခြင်းကလန် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ကို ဖြစ်လို့နေခဲ့လေသည်။ ယခင်က တောင်ပိုင်းလူရိုင်းကလန်တွင် မည်သည့်မှော်ဘုရင်မှ မရှိတော့ဘဲ သူတို့၏ထွဋ်မြတ်ရတနာသည်လည်း ပျောက်ကွယ်သွားခဲ့ပြီဟု ထင်မှတ်ခဲ့ပါသော်ငြား ထိုမဖြစ်နိုင်သည့်အရာနှစ်ခုလုံးမှာ သူတို့ရှေ့၌ ဖြစ်လာနေခဲ့လေသည်။

ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင်သည် အခြားသောမှော်ဘုရင်များနှင့် မသိမသာလေး မျက်စပစ်လိုက်ကြသည်။ ကြည့်ရသလောက် တစ်ခုခုအား ကြိတ်ကာ ဆွေးနွေးနေသည့်ပုံပင်။

ထို့နောက်တွင် ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင်က ပြောလိုက်လေသည်။ “မှော်ဆရာညို… ထွဋ်မြတ်ရတနာကို ငါတို့ဆီပေးလိုက်… မင်းက နတ်ဆိုးမျိုးနွယ်စုထဲ ခိုဝင်သွားတယ်ဆိုမှတော့ အခုချိန်ကစပြီး မင်းက လူရိုင်းနတ်ဘုရားရဲ့ သားတော်တစ်ပါး မဟုတ်တော့ဘူး…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ကျုပ် နတ်ဆိုးမျိုးနွယ်ထဲကို ခိုဝင်သွားတာကို ခင်ဗျားရဲ့ဘယ်မျက်လုံးက မြင်လိုက်တာလဲ…”

မှော်ဆရာချီက ခက်ထန်စွာဖြင့် ပြန်ပြောလိုက်သည်။ “မင်း ငြင်းချင်နေသေးတာလား… မင်းသာ နတ်ဆိုးမျိုးနွယ်စုထဲ မခိုဝင်သွားရင် ဘာဖြစ်လို့ ဒီနတ်ဆိုးဘုရင်ကို ကယ်ချင်နေရသေးတာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်ပြောပြီးသားလေ… သူက ကျုပ်လက်အောက်ငယ်သားလို့… ဒီတော့ ကျုပ် သူ့ကို ကယ်ရမှာပေါ့…”

မှော်ဆရာချီက အထင်အမြင်တသေးဖြင့် “ဒီတော့ မင်းပြောချင်တာက မင်းက နတ်ဆိုးဘုရင်ကို မင်းလက်အောက်ထဲကို အညံ့ခံလာအောင် လုပ်လိုက်တာပေါ့ ဟုတ်လား…”

“ဟုတ်တယ်…”

မှော်ဘုရင်ချီ ဝါးလုံးကွဲအော်ရယ်မောတော့လေသည်။ အခြားသောမှော်ဘုရင်များသည်လည်း ခေါင်းတခါခါဖြင့် လုပ်နေကြလေသည်။

ရန်ကိုင်သည် ယခုကဲ့သို့ ကြွားဝါရဲလောက်သည်အထိ မျက်နှာပြောင်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြချေ။ ယခုအချိန်မတိုင်ခင်ထိ ရန်ကိုင်သည် မှော်ဝိဇ္ဇာတစ်ပါးသာ ဖြစ်ခဲ့လေရာ နတ်ဆိုးဘုရင်တစ်ပါးကို သူ့လက်အောက်သို့ အညံ့ခံလာအောင် မည်ကဲ့သို့များ လုပ်နိုင်ပါမည်နည်း။ နတ်ဆိုးဘုရင်တစ်ပါးသည် သူတို့နှင့် ယှဉ်ပြိုင်နိုင်သည့် လူတစ်ဦးဖြစ်လေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးဘုရင်များတွင် ကိုယ်ပိုင်မာနနှင့် ဂုဏ်သိက္ခာတို့ ရှိကြပေသည်။ သူတို့သည်သာလည်း ထိုနတ်ဆိုးဘုရင်နေရာတွင်သာ ဆိုပါက သူတို့ထက်အဆင့်နိမ့်သည့် မှော်ဝိဇ္ဇာတစ်ပါးလက်အောက်သို့ မည်သည့်နည်းနှင့်မျှ အညံ့ခံလိမ့်မည်မဟုတ်ချေ။ လုံးဝအခြေအနေမပေးခဲ့လျှင်ပင် အညံ့ခံမည့်အစား အသေသာခံလိုက်ပေမည်။

“မင်းလည်း နတ်ဆိုးအဖြစ်ပြောင်းသွားပြီပဲ…” ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်က သက်ပြင်းချလျက် “ကံမကောင်းစွာနဲ့ပဲ မင်းမှာ ကိုယ်ပိုင်အသိစိတ် ရှိနေသေးတယ်… မင်းသာ ထွဋ်မြတ်ရတနာကို ပေးလိုက်မယ်ဆိုရင် တောင်ပိုင်းလူရိုင်းကလန်ကို အသက်ရှင်ခွင့်ပေးလို့ရတယ်…”

“ကျုပ် နတ်ဆိုးပြောင်းမပြောင်းကို ကျုပ်သာအသိဆုံး… ခင်ဗျားတို့ စိတ်ပူမနေစရာမလိုဘူး… ကျုပ် ဒီနေ့ရောက်လာတာ ကျုပ်အဖွဲ့သားတွေကို ပြန်ခေါ်သွားဖို့ပဲ… ခင်ဗျားတို့ ကျုပ်တောင်းဆိုတာကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်…”

မှော်ဘုရင်ချီက ဒေါမာန်တကြီးဖြင့် ဝင်အော်ပြောလိုက်လေသည်။ “အပိုတွေပြောမနေနဲ့… ဒီကောင် နတ်ဆိုးဘုရင်ကို ကယ်ချင်နေတာ… ဒီကောင်ကိုသတ်ပြီးတော့မှပဲ ထွဋ်မြတ်ရတနာကို လုယူကြတာပေါ့…”

မှော်ဘုရင်ချီမှာ ဆက်၍မစောင့်နိုင်တော့ဘဲ ချက်ချင်း လှုပ်ရှားတော့လေသည်။ မှော်စွမ်းအားတို့ သူ့ဆီမှ တစ်ပြိုင်တည်း ဖြာထွက်လာခဲ့ပြီး ဧရာမအရိုးခေါင်းကြီးတစ်ခု ပေါ်လာခဲ့လေသည်။ အရိုးခေါင်းကြီးသည် အိမ်တစ်လုံးအရွယ်အစားခန့် ကြီးမားလာခဲ့ပြီး ရန်ကိုင်အား ကိုက်ချလိုက်လေသည်။

ခေါင်းပြောင်ပြောင်မှော်ဘုရင်နှင့် အခြားသူများမှာတော့ ထိုမြင်ကွင်းအား ထူးမခြားနားဟန်ဖြင့်သာ ရပ်နေကြလေသည်။ မည်သူမှ မှော်ဘုရင်ချီအား သွားမတားကြသလို ကူညီပေးရန်လည်း မကြိုးစားကြပေ။

ရန်ကိုင်သည် ဤအရိုးခေါင်းကို ယခင်က မြင်ခဲ့ဖူးပေသည်။ ထိုစဉ်က တောင်ပြာရွာအပြင်ဘက်တွင် မှော်ဘုရင်ချီသည် ဤအရိုးခေါင်းကိုထုတ်သုံးကာ သူ့အား တိုက်ခိုက်ခဲ့သည်။ ဤအရိုးခေါင်းသည် အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်လှကာ ယခုဆိုလျှင် ၎င်း၏စွမ်းအားမှာ ယခင်ကထက်ပင် ပိုမိုမြင့်မားနေပေသေးသည်။

ရန်ကိုင်သည် သူ့ဆီသို့ ပြေးဝင်လာနေသည့် အရိုးခေါင်းကို ဘာမှမလုပ်ဘဲ ဤအတိုင်းသာ ရပ်ကြည့်နေခဲ့လေသည်။ အရိုးခေါင်းသည် ရန်ကိုင်အား တစ်ကျိုက်တည်း ဝါးမျိုပစ်သွားခဲ့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဆရာချီ ကြောင်သွားခဲ့လေသည်။ ရန်ကိုင်အား ဖမ်းရသည်မှာ ဤမျှလွယ်ကူနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဝမ်းသာရိပ်တို့ သူ့မျက်နှာထက် လှိုက်တက်လာခဲ့ပါသော်ငြား တစ်ခဏအတွင်းမှာပင် ထိုဝမ်းသာရိပ်တို့မှာ ထိတ်လန့်မှုအသွင်သို့ ပြောင်းလဲသွားခဲ့ကြရလေသည်။ အလွန်ကိုမှ စူးရှလွန်းလှသည့် ဓါးအလင်းတို့သည် အရိုးခေါင်း၏ အပေါက်ခုနှစ်ပေါက်ဆီမှ ဖြာထွက်လာခဲ့ကြလေသည်။ အရိုးခေါင်းတစ်ခုလုံးမှာလည်း တဆတ်ဆတ်ကို တုန်ခါလာပြီး မှော်ဘုရင်ချီ မည်သို့ပင် ထိန်းချုပ်နေစေကာမူ ထိန်းချုပ်၍မရတော့ဘဲ ခေါင်းမပါသည့် ယင်ကောင်တစ်ကောင်ပမာ ဟိုယိမ်းဒီထိုးဖြင့် လျှောက်ပတ်ပျံသန်းနေတော့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဆရာချီ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့လက်ကွက်ကို အလျင်အမြန် ပြောင်းလဲလိုက်လေသည်။

အရိုးခေါင်း၏ပါးစပ်ကြီး ပွင့်လာခဲ့ပြီး ရန်ကိုင်အား ပြန်ထွေးထုတ်လိုက်သည်။ ထို့နောက်တွင် အရိုးခေါင်း၏အရွယ်အစားမှာ လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့ပြီး ၎င်း၏ အရောင်အဝါမှာလည်း အတော်လေးကိုမှ မှေးမှိန်သွားခဲ့ရသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဘုရင်ချီမှာ မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့ပြီး သူ့ရင်ထဲတွင်လည်း ဒေါသရိပ်တို့ တလှိုက်လှိုက် တက်လာခဲ့လေသည်။ မှော်ဆရာညို မည်ကဲ့သို့များ ဤမျှကြောက်မက်ဖွယ် ကောင်းရလေသနည်း။ ယခင်က သူသည် မှော်ဆရာညိုနှင့် တိုက်ခိုက်ခဲ့ဖူးလေသည်။ ထိုစဉ်က သူသည် အဆင့်နိမ့်မှော်ဘုရင်တစ်ပါး ဖြစ်ခဲ့ပြီး ရန်ကိုင်သည် အဆင့်နိမ့်မှော်ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် သူ့အနေဖြင့် ခွေးပြေးဝက်ပြေး ထွက်ပြေးလာခဲ့ရပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ သူ၏ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည့်တိုင် ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်သေးဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူသည် ရန်ကိုင်၏ပြိုင်ဘက် လုံးဝမဖြစ်နိုင်ပေ။ ခဏလေးသာ ထိပ်တိုက်တွေ့ခဲ့ခြင်း ဖြစ်ပါသော်ငြား မှော်ဘုရင်ချီကတော့ ထိုအချက်နှင့်ပတ်သက်၍ လုံးဝကို သေချာနေခဲ့လေသည်။

(ငါတစ်ယောက်တည်း ဖြစ်မနေတာ ကံကောင်းသွားတယ်…) ထိုကဲ့သို့ တွေးလိုက်ပြီးသည့်နောက် မှော်ဘုရင်ချီ အပေါ်သို့ မော့ကြည့်လိုက်လေသည်။

လက်ရှိအချိန်တွင်တော့ ခေါင်းပြောင်ပြောင်မှော်ဘုရင်မှာ ရန်ကိုင်ရှေ့တွင် ရပ်နေခဲ့လေသည်။ ယခုကဲ့သို့ဖြစ်မည်မှန်း ကြိုတင်မျှော်လင့်ထားသည့်အတိုင်း ရန်ကိုင်မှ ဆက်၍ ဖိအားပေးတိုက်ခိုက်၍ မရတော့အောင် အချိန်မီဝင်တားခဲ့လေ၏။ တစ်ချိန်တည်းတွင်လည်း သူ့လက်ကို မြှောက်လိုက်ရာ သူ့လက်ထဲ၌ ပိန်းပိန်းပိတ်နက်မှောင်သည့် လှံတစ်ချောင်း ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် အားသုံး၍ ထိုလှံကို ရန်ကိုင်တည့်တည့်သို့ ပစ်ထည့်လိုက်လေသည်။

အဆင့်မြင့်မှော်ဘုရင်တစ်ပါး၏ စွမ်းအားကုန်သုံးတိုက်ကွက်သည် အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ လှံအား ပစ်လွှတ်လိုက်ရင်းမှ ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင်က အော်ပြောလိုက်သည်။ “မှော်ဆရာညို… မင်းက ငါတို့လူရိုင်းမျိုးနွယ်စုရဲ့ အကြွင်းမဲ့ပါရမီရှင်တစ်ယောက်ပဲ… မင်းလိုလူတစ်ယောက်က အနာဂတ်မှာ ကျိန်းသေ ကြီးကျယ်တဲ့လူတစ်ယောက်ဖြစ်လာမှာ… ဒါပေမယ့် မင်းက ကိုယ့်ကိုယ်ကို လေးစားမှုမရှိဘဲ နတ်ဆိုးမျိုးနွယ်စုထဲ ခိုဝင်သွားတယ်… လူရိုင်းမျိုးနွယ်စုက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး… ဒီနေ့ မင်း ဒီမှာသေရမယ်…”

ရန်ကိုင်က အော်ရယ်မောလျက် “ကျုပ်အသက်ကို လိုချင်နေတဲ့လူတွေမှ အများကြီး… ဒါပေမယ့် ဘယ်သူမှ အဆုံးသတ်ကောင်းလေ့မရှိဘူး… ခင်ဗျားလည်း အတူတူပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် အနန္တဓါးအား ရှေ့တည့်တည့်သို့ ခုတ်ချလိုက်လေသည်။ မျက်စိကျိန်းမတတ် တောက်ပလှသည့် ဓါးအလင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး နဂါးတစ်ကောင်ပမာ လှံတံဆီသို့ တိုးဝင်သွားခဲ့လေသည်။

ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင် ပစ်လွှတ်လိုက်သည့် အနက်ရောင်လှံတံသည် ဓါးချက်ကြောင့် တစ်စစီပျက်စီးသွားခဲ့ရပြီး ၎င်း၏ ကျိုးသွားသည့်အစိတ်အပိုင်းများမှာ နေလာနှင်းပျောက်သည့်နှယ် အရည်ပျော်ပျောက်ကွယ်သွားကုန်ကြလေသည်။

ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင်မှာမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ ချက်ချင်းပဲ လက်ကွက်တစ်ခု ထုတ်ဖော်လိုက်လေရာ ပျက်စီးသွားသည့်စွမ်းအင်များမှာ ရုတ်တရက်ဆိုသလို စုဝေးလာခဲ့ပြီး လှောင်အိမ်တစ်ခုအဖြစ်သို့ ပြောင်းသွားကာ ရန်ကိုင်အား အထဲတွင် ပိတ်လှောင်ရန် ကြိုးစားလိုက်လေသည်။

တစ်ချိန်တည်းတွင်လည်း မှော်ဘုရင်ချီမှလွဲ၍ အခြားသောမှော်ဘုရင်သုံးဦးသည်လည်း တစ်ပြိုင်တည်း လှုပ်ရှားလာခဲ့ကြသည်။ အကုန်လုံးမှာ ရန်ကိုင်အား ဤနေရာတွင် သတ်ပစ်ရန် ဆုံးဖြတ်ထားကြလေသည်။ ထိုသို့လုပ်ရခြင်းမှာ ရန်ကိုင်နှင့် အရိုးဝါးမျိုခြင်းကလန်ကြား ရန်ငြိုးရန်စများ ရှိနေသည့်အတွက်ကြောင့်မဟုတ်ဘဲ ရန်ကိုင်သည် တောင်ပိုင်းလူရိုင်းကလန်၏ ထွဋ်မြတ်ရတနာကိုလည်း ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

ထို့အပြင် မှော်ဆရာညိုသည် နတ်ဆိုးမျိုးနွယ်စုနှင့် တပူးပူးတတွဲတွဲ ရှိနေလေသည်။ ထို့အတွက်ကြောင့် သူသေသည်ကို သနားနေစရာမလိုပေ။ တောင်ပိုင်းကလန်တစ်ခုလုံး အသတ်ခံလိုက်ရမည်ဆိုလျှင်ပင် အခြားကလန်များ သူတို့အား လာပြဿနာရှာကြလိမ့်မည်မဟုတ်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်၏အဖွဲ့သားနှစ်သောင်းမှာတော့ ရင်တမမ ဖြစ်နေကြလေသည်။ ယွဲ့၊ လုနှင့် အခြားသောမှော်ဆရာများမှာ အလွန်ကိုမှ စိုးရိမ်နေပြီး ရန်ကိုင်အား သွားကူညီချင်ပါသော်ငြား လက်ရှိ သူတို့၏ခွန်အားဖြင့် ဘာဆိုဘာမှ လုပ်ပေးနိုင်လိမ့်မည်မဟုတ်မှန်း သိနေကြသည်။ ထို့အတွက်ကြောင့် မှော်ဆရာညိုသာ တစ်ခုခုဖြစ်သွားပါက မည်သို့ပင်ဖြစ်နေစေကာမူ၊ သူတို့အားလုံး မည်မျှပင် အားနည်းနေစေကာမူ အနည်းဆုံးတော့ ပြန်လည်တိုက်ခိုက်ရင်း အရိုးဝါးမျိုခြင်းကလန်သားအချို့ကိုပါ သူတို့နှင့်အတူ ဆွဲခေါ်သွားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။

မှော်ဘုရင်ပေါင်းများစွာ၏ အတူပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ ရန်ကိုင်သည် အနန္တဓါးကို ဘက်ပေါင်းစုံသို့ လွှဲယမ်းချင်သလို လွှဲယမ်းနေခဲ့လေသည်။ သို့သော်ငြား သူလွှဲယမ်းသည့်အကြိမ်တိုင်း ဓါးအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး မှော်ဘုရင်များ၏ မှော်ပညာရပ်များကို ချေဖျက်ပြသွားခဲ့လေသည်။ ထို့အတွက်ကြောင့် လက်ရှိအချိန်တွင် ရန်ကိုင်ဘေးပတ်ပတ်လည်၌ ကျန်ရစ်တော့သည့် မှော်ပညာရပ်ဆို၍ ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင် ထုတ်သုံးထားသည့် လှောင်အိမ်ကြီးသာ ရှိတော့လေသည်။ ထိုလှောင်အိမ်ကြီးမှာတော့ ရန်ကိုင်၏တိုက်ခိုက်မှုများကို ကြုံနေရသည့်တိုင် ကြံ့ကြံ့ခံကာ ရှိနေခဲ့လေသည်။

သို့သော်ငြား မကြာမီတွင် ရန်ကိုင်၏ခန္ဓာကိုယ်ဆီမှ အလွန်တရာကိုမှ အားကောင်းလှသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ ထိုစွမ်းအားတို့ ပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်အား ပိတ်လှောင်ထားသည့် အနက်ရောင်လှောင်အိမ်ကြီးမှာ အဆပေါင်းများစွာ ပြန့်ကားထွက်လာခဲ့ပြီး အချိန်မရွေး ပျက်စီးတော့မည့်အလား အဆက်မပြတ် တုန်ခါလာတော့လေသည်။

ထိုအချင်းအရာကိုမြင်သော် ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး တုံ့ဆိုင်းမနေတော့ဘဲ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်လေသည်။

အခြားသောမှော်ဘုရင်လေးဦးသည်လည်း အလေးအနက်အမူအယာဖြင့် မန္တန်တစ်ခုကို ပြိုင်တူ ရွတ်ဆိုလိုက်ကြလေသည်။

ထိုမှော်ဘုရင်ငါးပါး၏အသံသည် အသံတစ်တည်းအဖြစ်သို့ ပေါင်းထပ်သွားခဲ့သည်။ အသံပိုင်ရှင်သည် မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို မည်သူမျှ ခွဲခြား၍မရတော့။ မှော်ဘုရင်များ၏မန္တန် ရွတ်ဆိုလို့ ပြီးသွားသည်နှင့်တစ်ပြိုင်နက် ဧရာမအရိုးခြောက်လက်ကြီးတစ်ဖက်သည် လေထဲ ဗြုန်းစားကြီး ထွက်ပေါ်လာခဲ့လေသည်။ မီတာတစ်ရာခန့် အရွယ်အစားရှိနေသော ထိုအရိုးခြောက်လက်ကြီးသည် မနှေးမမြန်နှုန်းဖြင့် ရန်ကိုင်ဆီသို့ လှမ်းလာခဲ့လေ၏။

ထိုအရိုးခြောက်လက်မှာ အလွန်တရာကိုမှ အားကောင်းလှလေရာ အနီးအနားရှိ လောကနိယာမများသည်ပင်လျှင် ထိုလက်၏ပိတ်လှောင်ခြင်း ခံလိုက်ရလေသည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း သူ့အပေါ်သို့ ဧရာမတောင်တစ်လုံးမှ ဖိချလာသလို ခံစားလိုက်ရလေသည်။

ထို့အတွက်ကြောင့် ရန်ကိုင် အတော်လေးကို အံ့အားသင့်သွားခဲ့ရလေသည်။ အရိုးခြောက်လက်သည် မည်ကဲ့သို့သော မှော်ပညာရပ်မျိုး ဖြစ်သလဲဆိုသည်ကို သူမသိပါသော်ငြား မှော်ဘုရင်ငါးပါးမှ အတူပူးပေါင်း၍ ထုတ်ဖော်ရသည့် မှော်ပညာရပ်တစ်ခု ဖြစ်သည့်အတွက်ကြောင့် လျှော့တွက်၍မရချေ။ ထို့သို့ စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင်သည် သူ့ဘေးနားတွင် ရှိနေသော ပေါင်ချီအား စင်မြင့်ပေါ်မှ ကန်ထုတ်လိုက်ပြီးသည့်နောက် ဘေးတစ်ဖက်သို့ ရှောင်တိမ်းလိုက်လေသည်။

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ အရိုးခြောက်လက်ကြောင့် စင်မြင့်တစ်ခုလုံး တစ်စစီ ဖြစ်သွားခဲ့ရသည်။

ရန်ကိုင် ဟန်ချက်ပြန်မထိန်းနိုင်သေးခင်မှာပင် အရိုးခြောက်လက်ကြီးသည် သူ့အား နောက်တစ်ကြိမ်ဖမ်းဆီးရန် ကြိုးစားလာခဲ့လေသည်။ ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့ပြီး ဤအရိုးခြောက်လက်ကြီးအား ထိပ်တိုက်ရင်ဆိုင်လျှင် ကောင်းမလားဟုပင် စဉ်းစားလာတော့လေသည်။ သို့သော်ငြား ထိုအခိုက်အတန့်မှာပင် အရိုးခြောက်လက်ကြီးဆီမှ အရောင်တလက်လက် တောက်ပလာနေသည်ကို တွေ့လိုက်ရလေသည်။ မကြာမီ ထိုအလင်းရောင်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ရန်ကိုင်တည့်တည့်ဆီသို့ တိုးဝင်လာလေ၏။

ရန်ကိုင်မှာ အလျင်စလို နောက်တစ်ကြိမ် ထပ်ရှောင်တိမ်းလိုက်ရသည်။

အရိုးခြောက်၏တိုက်ကွက်များကို ထိုကဲ့သို့ ထပ်တလလဲလဲ ရှောင်နေရဖန် များလာလတ်သော ရန်ကိုင်မှာ ဒေါသထွက်လာပြီး ထအော်ပြောလိုက်လေသည်။ “ခင်ဗျားတို့ တော်သင့်နေပြီနော်…”

မှော်ဆရာချီက အော်ရယ်မောလျက် “ပြေးလေ… ဆက်ပြေးလေ… ဘယ်လောက်ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့…”

“မှော်ဆရာချီ… ခင်ဗျား သေချင်နေတာလား…” ရန်ကိုင်က မှော်ဆရာချီအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ အော်ပြောလိုက်သည်။

“မင်းဘာသာမင်းတောင် မနည်းကာကွယ်နေရတာကို ငါ့ကို ခြိမ်းခြောက်ဖို့ အချိန်ရှိသေးတယ်ပေါ့ ဟုတ်လား…” မှော်ဘုရင်ချီက အထင်အမြင်တသေးဖြင့် “မင်းကိုယ်မင်း အရင်ဂရုစိုက်ဦးကွ…”

“ကျုပ်ဘာဖြစ်လို့ တောက်လျှောက်ပတ်ပြေးနေရလဲ ခင်ဗျားသိနေတာပဲ…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်ရင်းမှ သူ့အား လိုက်ဖမ်းနေသည့် အရိုးခြောက်လက်ကြီး၏တိုက်ခိုက်မှုများကို ရှောင်တိမ်းနေခဲ့လေသည်။

မှော်ဆရာချီက ရယ်သွမ်းသွေးလျက် “အရည်အချင်းမရှိတဲ့ကောင်ပဲ ပြေးမှာ…”

“ခင်ဗျားမှားနေပြီ…” ရန်ကိုင်က ခေါင်းခါလျက် ရှင်းပြလိုက်သည်။ “မှော်သူတော်စင် ကျုပ်နောက်လိုက်လာမှာစိုးလို့ ကျုပ် ငြိမ်ခံနေတာ…”

“ဘာဖြစ်လို့ မှော်သူတော်စင်က မင်းနောက်ကို လိုက်ရမှာလဲ…” မှော်ဘုရင်ချီ မျက်မှောင်ကျုံ့သွားခဲ့လေသည်။

ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ် ခင်ဗျားတို့အကုန်လုံးကို သတ်လိုက်ရင် မှော်သူတော်စင် ကျုပ်ကို လိုက်မဖမ်းဘဲနေမယ်လို့ထင်လား…”

ရန်ကိုင်၏စကားကိုကြားကြားချင်း မှော်ဘုရင်ချီ ကြောင်သွားခဲ့လေသည်။ ထို့နောက် အရယ်ရဆုံးသောပျက်လုံးတစ်ခုကို ကြားလိုက်ရသည့်ပမာ ဝါးလုံးကွဲအော်ရယ်မောလျက် ပြောလိုက်လေ၏။ “မင်းတစ်ယောက်တည်းနဲ့… မင်းတစ်ယောက်တည်းနဲ့ ငါတို့အကုန်လုံးကို သတ်ချင်နေတယ် ဟုတ်လား… မှော်ဆရာညို… မင်း ခေါင်းရော ကောင်းသေးရဲ့လား…”

ရန်ကိုင်သည် မှော်ဘုရင်ချီနှင့် စကားဆက်မပြောတော့ဘဲ ခေါင်းပြောင်ပြောင်မှော်ဘုရင်ဘက်သို့လှည့်၍ “ခင်ဗျားတို့အားလုံး ကျုပ်လက်ချက်နဲ့မသေသင့်ဘူး… နတ်ဆိုးမျိုးနွယ်စုက သောင်းကျန်းနေတာ… ခင်ဗျားတို့ရဲ့ ခွန်အားကို အဲ့နတ်ဆိုးဘုရင်တွေကို ရှင်းပစ်ဖို့ သုံးသင့်တယ်…”

“နတ်ဆိုးဘုရင်တွေကိစ္စကို မင်း လာစိတ်ပူနေစရာမလိုဘူး… သူတို့ကို ငါတို့ဘာသာငါတို့ ကိုင်တွယ်မယ်… အခုချိန်မှာ လက်လျှော့လိုက်သင့်တာက မင်းပဲ…” ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။

ရန်ကိုင်က သက်ပြင်းချလျက် ခက်ခက်ခဲခဲဖြင့် ထပ်ပြောလိုက်သည်။ “အခုချိန်ရပ်လိုက်လို့ နောက်မကျသေးဘူးနော်… မဟုတ်ရင် ခင်ဗျားတို့အားလုံး အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်…”

ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင်မှာ ရန်ကိုင်စကားကြောင့် ဒေါသထွက်သွားဟန်ပေါက်ကာ အော်ပြောလိုက်လေသည်။ “မင်းလိုမျိုး လေလုံးထွားတတ်တဲ့လူမျိုးကို ငါတွေ့ဖူးတာ ပထမဦးဆုံးအကြိမ်ပဲ… မင်းပြောတဲ့အတိုင်း လုပ်နိုင်ပါစေလို့ မျှော်လင့်ရတာပေါ့ကွာ…” ထိုသို့ပြောပြီးသည့်နောက်တွင် သူ၏မှော်စွမ်းအားကို လှည့်ပတ်လိုက်ရာ အရိုးခြောက်လက်ကြီး၏ စွမ်းအားမှာ ထပ်မံ၍ မြင့်တက်လာခဲ့ရလေသည်။

“အဲ့ဒါဆိုရင်လည်း ကျုပ် တတ်နိုင်လား မတတ်နိုင်လား ခင်ဗျားဘာသာခင်ဗျား ကြည့်ကြည့်လိုက်ပေါ့…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ဆက်၍ ထွက်ပြေးမနေတော့ဘဲ မြေပြင်ပေါ်တွင် တောင်ပမာ မားမားမတ်မတ် ရပ်တည်လျက် အနန္တဓါးအား အသာအယာ မြှောက်လိုက်လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အရိုးဝါးမျိုခြင်းကလန်မှ မှော်ဘုရင်ငါးပါးစလုံး ထိတ်လန့်သွားခဲ့ကြသည်။ ရန်ကိုင် အမှန်အကန် တိုက်ခိုက်တော့မည်မှန်း သိလိုက်ကြသော် အရိုးခြောက်လက်ကြီးအား ရန်ကိုင်အား အမြန်ဖမ်းဆီးရန် ထိန်းချုပ်စေခိုင်းလိုက်လေသည်။

ရန်ကိုင်၏သေးသွယ်သွယ်ခန္ဓာကိုယ်လေးနှင့် ဧရာမအရိုးခြောက်လက်ကြီး၏ အရွယ်အစားမှာ အလွန်တရာကိုမှ ကွာခြားလွန်းလှလေသည်။ ဤအချိန်တွင် ရန်ကိုင်၏အဖွဲ့သားဖြစ်စေ၊ အရိုးဝါးမျိုခြင်းကလန်သားများဖြစ်စေ အကုန်လုံးသည် ထိုမြင်ကွင်းအား အသက်မရှူတမ်း ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၈၇)

ဘာသာပြန်သူ_တိမ်တိုက်

ယခုတစ်ကြိမ်တွင်တော့ အရိုးခြောက်လက်ကြီးကို ရန်ကိုင် ရှောင်မနေတော့ချေ။ အရိုးခြောက်လက်ကြီးမှ လက်ချောင်းများကို ဆုပ်လိုက်သည့်အခါ ရန်ကိုင်သည် လက်အုပ်ထဲသို့ ပျောက်ဝင်သွား၏။ ထိုမြင်ကွင်းကိုကြည့်ရင်း သိန်းနှင့်ချီသော အရိုးဝါးမြိုခြင်းကလန်သားများ ဝမ်းသာအားရ ထအော်ကြလေသည်။

ရန်ကိုင် အဖွဲ့သားများမှာတော့ မျက်နှာပျက်ကုန်ကြလေ၏။ ထိုစဉ် တီယာက ဝင်ပြောလိုက်၏ “သူအဆင်ပြေတယ်”

တီယာသည် ရန်ကိုင်၏ အဖွဲ့ထဲတွင် အတော်လေးကိုမှ ထူးခြားသည့် တည်ရှိမှုတစ်ခု ဖြစ်၏။ တီယာ၏ အဆင့်သည် မှော်ဝိဇ္ဇာအဆင့်ပါ ရှိပါသော်ငြား သူမသည် မှော်ဘုရင်များ မမြင်နိုင်သည့် အရာကိုပင် မြင်နိုင်ပေသည်။ ထို့အပြင် သူမပြောသည့် စကားများသည် လွဲသည်ဟူ၍ မရှိပေ။

ရန်ကိုင် လာမည်ဟု သူမပြောခဲ့သည်။ ရန်ကိုင် တကယ်ကို လာခဲ့ပေသည်။ ထို့ကြောင့် ယခု တီယာ၏ ပြောစကားကိုကြားလိုက်သော် ရန်ကိုင်၏ အဖွဲ့သားများလည်း သူမ၏ စကားကို ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။

အရိုးခြောက်လက်ကြီးထဲမှ ငြီးသံတစ်သံ ရုတ်တရက် ထွက်လာခဲ့သည်။ ထို့နောက်တွင် ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ရွှေနဂါးပုံရိပ်ကြီးတစ်ခုသည် အရိုးခြောက်လက်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။

ရွှေနဂါးပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ရပ်သည်လည်း ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့လာခဲ့လေသည်။

ရန်ကိုင်အား အတူပူးပေါင်း တိုက်ခိုက်နေကြသော အရိုးဝါးမြိုခြင်းကလန်မှ မှော်ဘုရင်ငါးပါးစလုံး ရင်တထိတ်ထိတ် ဖြစ်သွားကြလေသည်။

ခရက်... ရွှေရောင်အလင်းကြောင့် တင်းတင်းဆုပ်ထားသည့် အရိုးခြောက်၏ လက်ချောင်းများ တဖြည်းဖြည်း ပွင့်ထွက်လာခဲ့သည်။ ထို့နောက်တွင် ဓါးရောင် တစ်ချက် လက်သွားခဲ့ပြီး အရိုးခြောက်လက်၏ လက်ချောင်းများ ပြတ်ထွက်ကုန်ရလေသည်။ လက်ချောင်းပြတ်လေးများသည် တောင်ငယ်လေးများပမာ ကောင်းကင်ထက်ဆီမှ မြေပြင်ပေါ်သို့ တဘုန်းဘုန်းနှင့် ပြုတ်ကျလာခဲ့သည်။ အနီးအနားတွင် ရှိနေသော အရိုးဝါးမြိုခြင်းကလန်သားများမှာ ထိုအဖြစ်အပျက်ကြောင့် ကြောက်အားလန့်အားနှင့် ထွက်ပြေးကုန်ကြလေ၏။

နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးထားသော ရန်ကိုင်သည် အန္တဓါးကို တရွတ်တိုက်ဆွဲရင်း အရိုးခြောက်လက်၏ လက်မောင်းတစ်လျှောက် ပြေးတက်သွား၏။ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် တံတောင်ဆစ်နားသို့ ရောက်လာခဲ့ပြီး အောက်သို့ အထက်စီးဟန်ပန်ဖြင့် ငုံ့ကြည့်လိုက်လေသည်။

အရိုးဝါးမြိုခြင်းကလန်မှ မှော်ဘုရင်ငါးပါး အပေါ်သို့ မော့ကြည့်လိုက်ရာ သူတို့ တစ်သက် မမေ့နိုင်မည့် မြင်ကွင်းကို မြင်လိုက်ရလေသည်။

သူတို့ငါးဦး အတူပူးပေါင်းကာ ဖန်တီးထားသည့် အရိုးခြောက်လက်ကြီးသည် တက်သစ်စ မှော်ဘုရင်တစ်ပါး၏ စွမ်းအားကြောင့် နှစ်ပိုင်းကွဲလုမတတ် ဖြစ်သွားခဲ့ရသည်။ လက်ရှိ အချိန်တွင် အရိုးခြောက်လက်မောင်းတစ်လျှောက် အလွန်ကိုမှ ကြီးမားလှသော လျှိုမြောင်တစ်ခုပမာ ထင်မှတ်ရသည့် အက်ကြောင်းကြီးတစ်ခု ရှိနေခဲ့သည်။

ရန်ကိုင်မှ ခြေဆောင့်ချလိုက်ရာ အရိုးခြောက်လက်ကြီးမှာ နှစ်ပိုင်း ကွဲထွက်သွားခဲ့ရလေ၏။ မှော်ဘုရင်ငါးပါး အတူဖန်တီးထားသည့် မှော်ပညာရပ်မှာ ပျက်စီးသွားခဲ့ရပြီ ဖြစ်လေရာ အရိုးခြောက်လက်ကြီးမှာလည်း အလင်းစက်လေးများ အသွင်သို့ ပြောင်းကာ ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် အန္တဓါးဖြင့် အောက်သို့ ချိန်ရွယ်ရင်းမှ အေးစက်စက် လေသံဖြင့် ပြောလိုက်၏ “ကျုပ်ခင်ဗျားတို့နဲ့ မတိုက်ခိုက်ချင်ခဲ့ဘူး။ ဒါပေမယ့် ခင်ဗျားတို့က ကျုပ်ကို ဒီလောက်တောင် ဖိအားပေးနေတယ် ဆိုမှတော့ ကျုပ်လည်း ခင်ဗျားတို့ တစ်သက် မမေ့လောက်မယ့် သင်ခန်းစားကို ပေးရသေးတာပေါ့”

ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင်၏ အကြည့်သည် မှော်ဘုရင်ချီဆီသို့ ရောက်သွားခဲ့လေသည်။

ရန်ကိုင်မှ သတ်ဖြတ်လိုစိတ်အပြည့်နှင့် သူ့အား စိုက်ကြည့်လာသည်ကို မြင်သော် မှော်ဘုရင်ချီ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။

“ငါ့ကိုကယ်ပါဦး” ထိုသို့ အော်ဟစ်ရင်းမှ မှော်ဘုရင်ချီသည် အခြားသော မှော်ဘုရင်များ အနားသို့ ပြေးကပ်သွားရန် ကြိုးစားလိုက်လေသည်။ ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်လည်း ချက်ချင်း အသိဝင်လာပြီး မှော်ဘုရင်ချီကို ပြေးကယ်ရန် ကြိုးစားလိုက်၏။

သို့သော် ရန်ကိုင်သည် ဓါးအလင်းတန်းတစ်ခုကို ပစ်လွှတ်၍ ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်အား ရှေ့ဆက်မသွားနိုင်အောင် တားထားလိုက်သည်။ ထို့နောက်တွင် မှော်ဘုရင်ချီသို့ ပြေးဝင်သွားလေ၏။ ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင် ရန်ကိုင်၏ ဓါးအလင်းတန်းကို ဖြတ်ကျော်လာနိုင်သည့်အခိုက် ရန်ကိုင်သည် မှော်ဘုရင်ချီ၏ လည်ပင်းကို ဓါးဖြင့် ထောက်ထားကြောင်း တွေ့လိုက်ရလေသည်။

“ခင်ဗျားတို့ အရိုးဝါးမြိုခြင်းကလန်ကြောင့် ရာနဲ့ချီတဲ့ တောင်ပြာရွာသားတွေ သေခဲ့ရတယ်။ အခု ခင်ဗျားတို့ရဲ့ မှော်ဘုရင်တစ်ပါးသာ သေသွားခဲ့ရမယ်ဆိုရင် ကျုပ်ရဲ့ ရွာသားတွေ ကျိန်းသေ ကျေနပ်သွားလောက်မှာ”

ထိုစကားကိုကြားသော် မှော်ဘုရင်ချီက အထိတ်ထိတ်အလန့်လန့်ဖြင့် အော်ပြောလိုက်၏ “မင်းလုပ်ရဲလား။ မင်းငါ့ကိုသတ်လိုက်ရင် မှော်သူတော်စင်က မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး။ မိုးမြေအဆုံး ထွက်ပြေးမယ်ဆိုရင်တောင် မှော်သူတော်စင်က မင်းကို လိုက်ဖမ်းမှာ”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “သူတော်စင်တစ်ပါး လိုက်ဖမ်းတာက ကြောက်စရာ မို့လို့လား။ ကျုပ် နတ်ဆိုးသူတော်စင်လက်ကနေ ထွက်ပြေးနေတာ တစ်လရှိသွားပြီ။ အခုထိ ဘာမှမဖြစ်သေးဘူး။ အဲ့ဒါကို ခင်ဗျားတို့ သူတော်စင်ကို ကြောက်နေစရာလား။ ပြီးတော့ အခုလောလောဆယ် ခင်ဗျားတို့ရဲ့ သူတော်စင်က ဒဏ်ရာပြန်ကုနေတာ။ ဒီတော့ ခင်ဗျား သေသွားရင်တောင် သူထွက်လာဦးမှာ မဟုတ်ဘူး”

“ရပ်လိုက်” ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်က လှမ်းအော်ပြောလိုက်သည်။

ရန်ကိုင်သည် ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်ဘက်သို့လှည့်၍ “မှော်ဘုရင် ဘာများ ပြောချင်လို့လဲ”

“မှော်ဘုရင်ချီကို လွှတ်လိုက်၊ ဒါဆို ငါမင်းရဲ့ အဖွဲ့သားတွေကို လွှတ်ပေးမယ်” ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်က ပြောလိုက်သည်။

ရန်ကိုင်က ပြုံး၍ ခေါင်းခါလျက် “အခုမှ အဲ့စကားလာပြောလို့ နောက်ကျလွန်းနေပြီ မထင်ဘူးလား။ ကျုပ်ခင်ဗျားတို့ကို ရပ်ဖို့ပြောတုန်းက ခင်ဗျားတို့ပဲ မရပ်ကြတာလေ။ အခုမှ ဘာလို့ ရပ်ချင်နေကြတာလဲ။ ဘဝကြီးက အဲ့လောက် မလွယ်ကူဘူး မှော်ဘုရင်ရဲ့။ အခု ဒီကိစ္စမှာ ဆုံးဖြတ်ရမှာက ခင်ဗျားမဟုတ်တော့ဘူး။ ကျုပ်ပဲ”

ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်က ထပ်၍ ပြောလိုက်သည် “မှော်ဘုရင်ချီကို သတ်လိုက်လို့လည်း မင်းအတွက် ဘာအကျိုးရှိမှာ မို့လို့လဲ။ အကျိုးမရှိတဲ့အပြင် ငါတို့ အရိုးဝါးမြိုခြင်းကလန်နဲ့ ရန်ငြိုးရှိသွားတာပဲ အဖတ်တင်မှာ”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒီတော့ မှော်ဘုရင်ချီကို မသတ်ရင် ခင်ဗျားတို့ကလန်က ကျုပ်ကို မမုန်းဘူးပေါ့ ဟုတ်လား။ အပိုတွေ ပြောမနေစမ်းပါနဲ့ မှော်ဘုရင်ရယ်။ ခင်ဗျားတို့ကလန် ဘယ်လောက်အငြိုးကြီးမှန်း လူတိုင်းသိပြီးသား။ နတ်ဆိုးမျိုးနွယ်တွေ ကျူးကျော်လာတာကြောင့်သာ မဟုတ်ရင် ခင်ဗျားတို့တွေ ကျုပ်ရဲ့ တောင်ပြာရွာကို တိုက်ခိုက်ပြီးနေလောက်ပြီ။ အစကတည်းက ရန်ငြိုးရှိနေပြီးသားပဲကို ရန်ငြိုးလေး နည်းနည်းပါးပါး ထပ်တိုးတော့ ဘာထူးသွားမှာမို့လို့လဲ။ ဟုတ်တယ်မလား”

“မှော်ဘုရင်တစ်ပါးက အခုလို စစ်ပွဲမျိုးမှာ အစားထိုမရတဲ့ အင်အားတစ်ရပ်နော်။ မင်းသူ့ကို သတ်လို့မရဘူး”

“ခင်ဗျားစကားက တကယ်ကို ရယ်စရာကောင်းနေပြီနော် မှော်ဘုရင်” ရန်ကိုင်က ပြန်ပြောလိုက်၏ “ခင်ဗျားတို့ ကျုပ်ကို ဝိုင်းသတ်နေကြတုန်းက မှော်ဘုရင်တစ်ပါးရဲ့ တန်ဖိုးက ဘယ်ရောက်သွားတာလဲ”

“အဲ့တုန်းက ငါတို့က မင်းနတ်ဆိုးအသွင် ပြောင်းသွားပြီထင်လို့ တိုက်ခိုက်မိတာ”

“ကျုပ်သာ နတ်ဆိုးဆိုရင် ခင်ဗျားတို့ အားလုံးလည်း အသက်ရှင်နေစရာ မလိုတော့ဘူးပေါ့ ဟုတ်တယ်မလား။ နတ်ဆိုးဆိုတာ လူရိုင်းမျိုးနွယ်တွေ မှန်သမျှကို သတ်ပစ်မှာလေ။ ဘာလို့ မှော်ဘုရင်ချီ တစ်ယောက်တည်းကိုပဲ သတ်မှာလဲ” ထိုသို့ ပြောပြီးသည့်နောက် အန္တဓါးကို ဝှေ့ရမ်းချလိုက်ရာ မှော်ဘုရင်၏ လည်တိုင်မှ သွေးများ ရေပန်းသဖွယ် ပန်းထွက်လာပြီး သူ့ခေါင်း လေပေါ်သို့ မြောက်တက်သွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အရိုးဝါးမြိုခြင်းကလန်မှာ မှော်ဘုရင်လေးပါး အလွန်ကိုမှ ကြောက်ရွံ့သွားကြလေ၏။

ရန်ကိုင် သူတို့အား ခြိမ်းခြောက်နေခြင်းသာ ဖြစ်ပြီး မှော်ဘုရင်ချီကို တကယ် သတ်ရဲလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်သည် ပြောသည့်အတိုင်း တကယ် လုပ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ မှော်ဘုရင်ချီသည် နတ်ဆိုးမျိုးနွယ် လက်တွင် သေရမည့်အစား သူ့မျိုးနွယ် လူရိုင်းတစ်ဦး၏ လက်တွင် သေခဲ့ရသည်။

မှော်ဘုရင်ချီကို သတ်ပြီးနောက်တွင် ရန်ကိုင်သည် ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်ရှေ့သို့ တည်နေရာခုန်ကူးလိုက်ပြီး အန္တဓါးဖြင့် မှော်ဘုရင်၏ ရင်ဘတ်ကို ထိုးချလိုက်လေသည်။

ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ပြီး တစ်ချက်ကလေးမျှပင် မလှုပ်ရဲတော့ချေ။

“ကျုပ်ကို လာအထင်သေးမနေနဲ့။ ကျုပ်သာ သတ်ချင်ရင် ခင်ဗျားတို့ အားလုံးကို သတ်ပစ်လိုက်လို့ရတယ်” ရန်ကိုင်သည် ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်ကို စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။ ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်၏ နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့လေသည်။

“ဒါပေမယ့် ခင်ဗျားတို့တွေ အသုံးဝင်နေသေးလို့ ကံကောင်းသွားတယ်မှတ်လိုက်။ မဟုတ်ရင် မှော်ဘုရင်ချီနောက်ကို တစ်ခါတည်း ပို့ပေးလိုက်ပြီ” ထိုသို့ ပြောပြီးနောက် ရန်ကိုင်သည် အန္တဓါးကို ပြန်ဆွဲယူ၍ ပြောလိုက်၏ “ခင်ဗျားတို့အားလုံး သေချာ မှတ်ထားလိုက်။ အခုကနေစပြီး ကျုပ်ရဲ့ တောင်ပိုင်းလူရိုင်းကလန်ကို ဘယ်တော့မှ ရန်လာမစမိစေနဲ့။ မဟုတ်ရင် ခင်ဗျားတို့အားလုံး တစ်သက်မမေ့နိုင်မဲ့ အကျိုးဆက်ကို ရင်ဆိုင်သွားရလိမ့်မယ်”

ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင်မှ ဘာမှပြန်ပြောခြင်းမရှိဘဲ ပါးစပ်သာ ပိတ်နေခဲ့သည်။

အန္တဓါးကို ပြန်သိမ်းလိုက်ပြီးနောက်တွင် ရန်ကိုင်သည် သူ့အဖွဲ့သားများ ဖမ်းဆီး ထိန်းသိမ်းထားခံရသည့် နေရာဆီသို့ ထွက်သွားလေ၏။

ရန်ကိုင်၏ လမ်းလျှောက်တွင် ရှိနေသော အရိုးဝါးမြိုခြင်း ကလန်သားများမှာတော့ ရန်ကိုင်ကိုကြည့်ရင်း ကြောက်ကြောက်လန့်လန့်ဖြင့် အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြလေသည်။ မည်သူမှ ရန်ကိုင်၏လမ်းတွင် ပိတ်ရပ်မနေရဲကြပေ။

သူ့အဖွဲ့သားများဆီသို့ ရောက်လာသည့်အခါ၊ သူ့အဖွဲ့သားများကို စောင့်ကြပ်ရန် တာဝန်ကျထားသည့် အရိုးဝါးမြိုခြင်းကလန်မှ မှော်ဝိဇ္ဇာသည် အသိပြန်ဝင်မလာသေးဘဲ ငေးကြောင်ကြောင်ဖြင့် ရှိနေလေ၏။ ရန်ကိုင် မျက်ခုံးပင့်လာသည့်အခါမှသာလျှင် ထိုမှော်ဝိဇ္ဇာ အသိပြန်ဝင်လာပြီး ချက်ချင်း လမ်းဖယ်ပေးလိုက်လေ၏။ သူ့ကျောပြင် တစ်ခုလုံးမှာတော့ ကြောက်ရွံ့မှုကြောင့် ချွေးများဖြင့် စိုရွှဲနေခဲ့လေသည်။

“ဆရာ” ယွဲ့၊ လုနှင့် အခြားသူများသည် ရန်ကိုင်အား လာရောက် ဦးညွှတ် နှုတ်ဆက်ကြလေသည်။

“သွားကြမယ်” ရန်ကိုင်က ပြောလိုက်သည်။

အားဟူသည် ရှေ့တက်လာပြီး ပြောလိုက်လေသည် “သူငါတို့ သားရဲတွေကို ဖမ်းထားတယ်”

ရန်ကိုင်သည် ခေါင်းပြောင်ပြောင်နှင့်မှော်ဘုရင်အား လှမ်းကြည့်လိုက်လေသည်။

ခေါင်းပြောင်ပြောင်နှင့် မှော်ဘုရင်သည် ထိုသားရဲများကို ပြန်မပေးချင်သည်မှာ အသိသာကြီးပင်။ သို့သော်ငြား မပေးလျှင် ပြဿနာတက်မည်မှန်း သိနေသည့်အတွက် တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် သူ့လူများကို အမိန့်ပေးလိုက်လေ၏ “အဲ့သားရဲတွေကို ပြန်ပေးလိုက်”

အရိုးဝါးမြိုခြင်းကလန်သားအချို့ ချက်ချင်း ပြေးထွက်သွားပြီး မကြာမီတွင် နတ်ဆိုးသားရဲ တစ်ထောင်ခန့်နှင့် သိမ်းငှက်များကို ခေါ်လာခဲ့လေသည်။

နတ်ဆိုးသားရဲစစ်တပ် အဖွဲ့သားများသည် နတ်ဆိုးသားရဲများကို စီးနင်၊ ဝေဟင်တပ်သည် သိမ်းငှက်များကို စီးနင်းရင်းမှ ရန်ကိုင်၏ အဖွဲ့သားများသည် ချန်းအာတောင်ကြားထဲမှ အစီအစဉ်တကျ ထွက်လာခဲ့ကြလေသည်။ လက်ရှိအချိန်တွင်တော့ ရန်ကိုင်၏ အဖွဲ့သားများသည် ဤနေရာသို့ ဖမ်းခေါ်လာရစဉ်ကကဲ့သို့ ခေါင်းငုံမနေကြတော့ဘဲ ခေါင်းကိုမော့၊ ရင်ကို ကော့ထားကြလေသည်။

ရန်ကိုင်နှင့် သူ့အဖွဲ့သားများ သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် အခါမှသာလျှင် အရိုးဝါးမြိုခြင်းကလန်သားများ သက်ပြင်းချနိုင်ခဲ့ကြလေသည်။ မှော်ဘုရင်လေးဦးမှာလည်း သူတို့၏ စွမ်းအင်များစွာကို အသုံးပြုထားရသည့်အလား ပင်းပန်းနွမ်းနယ်သည့်ပုံ ပေါက်နေကြလေ၏။

တောင်ကြားအပြင်ဘက်သို့ ရောက်လာသော် ရန်ကိုင်၏ အဖွဲ့သားများမှာ သူတို့၏ စိတ်လှုပ်ရှားမှာကို မချုပ်တည်းနိုင်ကြတော့ဘဲ ဝမ်းသာအားရဖြင့် အချင်းချင်း စတင်၍ ပေါက်ပေါက်ဖောက်ကြတော့လေသည်။ မည်သူမှလည်း သူတို့အား စကားမများရန် သွားမပြောခဲ့ချေ။

“နင်ဘာပြောချင်လို့လဲ” ရန်ကိုင်သည် ယွဲ့ဘက်သို့လှည့်၍ မေးလိုက်၏။ ယွဲ့မှာ အစောကြီးကတည်းက တစ်ခုခုကို ပြောချင်နေသည့်အလား၊ သို့သော်ငြား မပြောဘဲ တုန့်ဆိုင်းနေခဲ့လေသည်။ သူမ မပြောလျှင်ပင် သူမဘာပြောချင်နေလဲ ဆိုသည်ကို ရန်ကိုင် ခန့်မှန်းမိပေသည်။ ထို့ကြောင့် ချက်ချင်း မေးလိုက်၏ “ငါမှော်ဆရာချီကို မသတ်လိုက်သင့်ဘူးလို့ နင်ထင်နေတာမလား”

ယွဲ့ ခေါင်းညိတ်လိုက်၏ “ဟုတ်တယ်။ တကယ်တော့ သူက အရိုးဝါးမြိုခြင်းကလန်ရဲ့ မှော်ဘုရင်တစ်ပါးလေ။ သူတို့လူတစ်ယောက်က ဆရာလက်ထဲမှာ သေသွားရတာဆိုတော့ ဒီအကြောင်းသာ သတင်းပြန့်သွားရင် အခြားကလန်တွေ ကျွန်မတို့ကို ငြင်းပယ်မှာ စိုးရတယ်။ အခု ကျွန်မတို့ တောင်ပိုင်းလူရိုင်းကလန်က နိမ့်ကျနေတာ။ ဒီတော့ အခြားကလန်တွေနဲ့ ပြဿနာမဖြစ်တာ အကောင်းဆုံးပဲ”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ခေါင်းခါ၍ ပြန်ပြောလိုက်၏ “ငါတို့ နိမ့်ကျနေလို့ပဲ ငါတို့ကိုငါတို့ နှိမ့်ချနေဖို့ မလိုအပ်တာ။ ငါတို့ တောင်ပိုင်းကလန်မှာ မှော်ဘုရင်တစ်ပါးနဲ့ လူနှစ်သောင်းကျန်တော့တယ် ဆိုရင်တောင် တောင်ပိုင်းလူရိုင်းကလန် ဆက်ပြီး တည်ရှိနိုင်သေးတယ်ဆိုတာကို အခြားကလန်တွေ သိသွားအောင်လုပ်ဖို့လိုတယ်။ အခု ငါတို့ကလန်ရဲ့ ကံကြမ္မာကို ထိန်းချုပ်နေတာ၊ ငါတို့ကိုယ်တိုင်ပဲ၊ သူတို့ မဟုတ်ဘူး ဆိုတာ သိဖို့လိုတယ်” ရန်ကိုင်က မျက်လုံးမှေးစဉ်းလျက် “နတ်ဆိုးမျိုးနွယ်တွေ ခုခံနိုင်တဲ့ နယ်မြေ အကျယ်အဝန်းက ကျဉ်းလာပြီ။ နောက်ပိုင်းတိုက်ပွဲတွေက ပိုပိုပြီး ပြင်းထန်လာတော့မှာ။ ငါတို့သာ လုံလောက်အောင် ရက်စက်၊ အားကောင်းမပြရင် ရှေ့တန်းမှာ အခြားကလန်တွေရဲ့ စတေးပစ်တာ ခံရလိမ့်မယ်”

ရန်ကိုင် ပြောသည့်စကားကို သေချာစဉ်းစားကြည့်လိုက်သည့်နောက် ယုတ္တိရှိကြောင်း ယွဲ့ ခံစားလိုက်ရသည်။ ထို့ကြောင့် ခေါင်းညိတ်လိုက်လေ၏ “ဆရာပြောတာလည်း မှန်တာပဲနော်”

ရန်ကိုင်က ဆက်ပြောလိုက်သည် “ပြီးတော့ အခုတစ်ကြိမ်ကိစ္စက သူတို့အပြစ်ပဲ။ မှော်ဘုရင်တစ်ပါးကို သတ်လိုက်တာ မှားတယ်ဆိုပေမယ့် အခုလို အခြေအနေမျိုးမှာ ဘယ်သူကမှ မှော်ဆရာချီအတွက် ရှေ့ထွက်လာပေးမှာ မဟုတ်ဘူး။ အရိုးဝါးမြိုခြင်းကလန် ငါတို့ကို မုန်းရင် မုန်းနေပါစေ၊ သူတို့ မုန်းလည်း ဘာတတ်နိုင်မှာလဲ။ ငါတို့ကို တိုက်ခိုက်ချင်တယ်ဆိုရင်တောင် ဒီစစ်ပွဲကြီး ပြီးသွားမှ တိုက်ခိုက်လို့ရမှာ။ ဒါပေမယ့် အဲ့အချိန်ထိတော့ သူတို့ အသက်ရှင်နေဖို့ လိုလိမ့်မယ်”

“ကျွန်မတို့ကကော” ယွဲ့သည် မရင့်ကျက်သေးသည့် ကလေးတစ်ဦးပမာ ရန်ကိုင်ကို ကြည့်ရင်း မေးလိုက်လေသည်။

“ငါတို့လား၊ ငါတို့က အသက်ရှင်မှာပေါ့။ အသက်ရှင်ရုံတင်မဟုတ်ဘူး။ အခုထက် ပိုအားကောင်းလာပြီး ငါတို့ကလန်ကိုပါ ပြန်ပြီး တည်ဆောက်မှာ”

ယွဲ့၏ မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။

“မှော်ဆရာတန် တိုက်ပွဲမှာ သေသွားတယ်” ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခိုက် ယွဲ့၏ မျက်နှာလေး ညိုးကျသွားခဲ့သည်။ ဝမ်းနည်းမှုကြောင့် မျက်လွှာလေးချရင်း ခေါင်းငိုက်ငိုက် စိုက်သွားတော့။ လုကမူ ယွဲ့၏ လက်ကလေးကိုကိုင်ရင်း တစ်ဦးကိုတစ်ဦး နှစ်သိမ့်ပေးလိုက်ကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၈၈)

ဘာသာပြန်သူ_တိမ်တိုက်

မရေမတွက်နိုင်သော အသက်ပေါင်းများစွာတို့သည် ကောင်းကင်ပေါ်မှ ကြွေဆင်းကျလာသည့် မိုးသီးမိုးပေါက်များပမာ တဖြုတ်ဖြုတ် ကြွေလွင့်နေခဲ့သည်။

နတ်ဆိုးမျိုးနွယ် ကျူးကျော်လာသည်မှာ နှစ်နှစ်ပင် ရှိနေခဲ့လေပြီ။ ထိုနှစ်နှစ်အတွင်း မျိုးနွယ်နှစ်ခုကြား ထောင်နှင့်ချီသော စစ်ပွဲများ ဖြစ်ပွားခဲ့ပြီး လူရိုင်းကလန်များစွာဟာလည်း ဖျက်စီးခံခဲ့ရသည်။ နတ်ဆိုးစစ်တပ်များစွာတို့သည်လည်း အလားတူ ပျက်စီးခဲ့ရလေသည်။ စစ်မီးတောက်တို့ လောင်မြိုက်နေသည်နှင့်အမျှ ကြွေလွင့်နေသည့် စစ်သည်တော်၏ အသက်တို့မှာ တစ်နေ့ထက်တစ်နေ့ ပိုပို၍ များပြားလာနေခဲ့ရသည်။

လွန်ခဲ့သော တစ်လခန့်က နှစ်အဖွဲ့များမှ သူတော်စင်များ ပြန်လည် ကောင်းမွန်လာပြီး လူရှေ့သူရှေ့သို့ ပထမဆုံးအကြိမ် ပြန်လည် ထွက်ပေါ်လာကြသည်။ ထိုသို့ဖြင့် သူတော်စင်များကြား တိုက်ပွဲသည် နောက်တစ်ကြိမ် ဖြစ်ပေါ်လာတော့လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ လူတိုင်းသည် တစ်ဖက်လူ၏ ခွန်အားကို စမ်းကြည့်သည် ဆိုရုံလေးသဘောသာ တိုက်ခိုက်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်နှစ်ကနှင့် ယှဉ်လိုက်သော် အသစ်ရောက်လာသည့် နတ်ဆိုးသူတော်စင် မိုတော့ကြောင့် လူရိုင်းမျိုးနွယ်စုသည် အောက်စည်းသို့ ရောက်ခဲ့ရလေသည်။

နှစ်နှစ်ကြာစစ်ပွဲကို ဖြတ်ကျော်အသက်ရှင်နိုင်သည့် လူများမှာလည်း ယခင်နှင့်မတူတော့ဘဲ သိသိသာသာကို အားကောင်းလာခဲ့ကြသည်။

တစ်တပ်တည်းသာ ကျန်ရစ်တော့သော တောင်ပိုင်းလူရိုင်းကလန်၏ စစ်တပ်ကြီးသည်လည်း ပိုပို၍ အားကောင်းလာခဲ့ရာ ယခုဆိုလျှင် အဖွဲ့သားအရေအတွက်သည် တစ်သိန်းခန့်ပင် ရှိနေခဲ့လေပြီ။ မှော်ဆရာညို၏ ဂုဏ်သတင်းသည်လည်း လူရိုင်းမျိုးနွယ်များကြား ပလူပျံအောင် ပျံနေတော့သည်။ မှော်ဆရာညိုသည် နတ်ဆိုးဘုရင်ဆယ်ပါးကို အစေခံ လုပ်ထားသည်မှာ လျို့ဝှက်ချက်တစ်ခု မဟုတ်တော့။ ထိုနတ်ဆိုးဘုရင်ဆယ်ပါး၏ အကူအညီကို ရရှိထားသည့် အတွက်ကြောင့်သာလျှင် မှော်ဆရာညို အဖွဲ့သားများသည် တိုက်ပွဲတိုင်းကို အောင်နိုင်နေခဲ့ရခြင်း ဖြစ်သည်။

နှစ်နှစ်တာကာလသည် ပြောင်းလဲမှုများစွာကို ဖြစ်စေခဲ့သည်။

အကြီးမားဆုံးသော ပြောင်းလဲမှုသည် နတ်ဆိုးနယ်မြေထဲမှ ဤကမ္ဘာထဲသို့ အတောမသတ်နိုင်အောင် ရောက်ရှိလာကြသည့် နတ်ဆိုးစစ်ကူများ ဖြစ်ကြသည်။ ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသည့် လမ်းကြောင်းမှာ မတည်ငြိမ်သဖြင့် အားကောင်းသည့် ပညာရှင်များ ဖြတ်လာ၍ မရကြပါသော်ငြား အားနည်းသည့် နတ်ဆိုးများမှာတော့ ထိုလမ်းကြောင်းကို ဖြတ်၍ ဤကမ္ဘာထဲသို့ အဆက်မပြတ်ကို ရောက်လာနေကြလေသည်။

သို့သော်ငြား ထိုမျှလောက်သည် လူရိုင်းများ၏ အမိမြေအား ကာကွယ်လိုစိတ်ကို ယုတ်လျော့သွားစေခြင်း မရှိခဲ့ချေ။

နတ်ဆိုးကလန် တစ်ခုချင်းစီတိုင်းသည် ကိုယ်ပိုင် မွေးပါရာစွမ်းရည်များကို ပိုင်ဆိုင်ထားကြပေသည်။ ရန်ကိုင်၏ လက်အောက်တွင် ရှိနေသော နတ်ဆိုးဘုရင် ဆယ်ပါးကြောင့်သာ မဟုတ်ပါက လူရိုင်းမျိုးနွယ်တို့ အဆုံးအရှုံး ကြီးကြီးမားမားနှင့် ကြုံရပေလိမ့်မည်။ နတ်ဆိုးဘုရင်များသည် နတ်ဆိုးမျိုးနွယ်အကြောင်းကို လူရိုင်းမျိုးနွယ်များထက် အများကြီး ပိုသိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် နတ်ဆိုးမျိုးနွယ်အကြောင်းကို နတ်ဆိုးဘုရင်များအား မေးမြန်းပြီး သူသိထားသည့် အကြောင်းအရာများကို အခြားသော လူရိုင်းမျိုးနွယ်များအား ပြန်ပြောပြလေ၏။ ထိုသို့ဖြင့် လူရိုင်းမျိုးနွယ်များမှာ လူအသေအပျောက် နည်းသွားအောင် လျော့ချနိုင်ခဲ့လေသည်။

ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသော လမ်းကြောင်းမှတစ်ဆင့် နတ်ဆိုးများ အဆက်မပြတ် ထွက်လာနေသေးပါသော်ငြား လွန်ခဲ့သော နှစ်နှစ်ခန့်ကနှင့် ယှဉ်လိုက်သော် နတ်ဆိုးများ သိမ်းပိုက်ထားသည့် နယ်မြေမှာ အလွန်ကိုမှ ကျဉ်းမြောင်းသွားခဲ့ကာ ယခုဆိုလျှင် နတ်ဆိုးများ ပိုင်ဆိုင်ထားသည့် နယ်မြေဆို၍ ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသော လမ်းကြောင်းမှ မိုင်နှစ်ထောင်ဝန်းကျင် အတွင်းတွင်သာ ရှိကြတော့လေသည်။

နတ်ဆိုးများအားလုံး ထိုနေရာ၌ စုဝေးနေကြပြီး လူရိုင်းမျိုးနွယ်များမှာတော့ ထိုနေရာ အနီးပတ်လည်တွင် စခန်းချထားကြသည်။

ကောင်းကင်ထက်တွင် ဧရာမအက်ကြောင်းကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုအက်ကြောင်းကြီးသည် နတ်ဆိုးချီမှ အဆက်မပြတ် အားဖြည့်ပေးနေသည့် အတွက်ကြောင့် ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။ အလွန်ကိုမှ ဝေးကွာသည့် နေရာမှသည်ပင်လျှင် ထိုအက်ကြောင်းကြီးကို လှမ်းမြင်နိုင်ပေသည်။ ထိုအရာသည် ကောင်းကင်ထက်တွင် ထင်ကျန်ရစ်နေသည့် အမာရွတ်ကြီးတစ်ခုအလား။

ထိုအက်ကြောင်းသည် မဟာနတ်ဆိုးနတ်ဘုရားမှ ဖန်တီးထားခဲ့သည့် လေဟာနယ်လိုဏ်ခေါင်းတစ်ခု ဖြစ်သည်။ လူရိုင်းမျိုးနွယ်ကမူ ထိုအရာကို ကမ္ဘာလမ်ကြောင်းဟု ခေါ်ဆိုကြပေသည်။

ထိုကမ္ဘာလမ်းကြောင်း မပိတ်သရွေ့ နတ်ဆိုးနှင့်လူရိုင်းမျိုးနွယ်ကြား စစ်ပွဲ အဆုံးသတ်သွားလိမ့်မည် မဟုတ်ချေ။

လူရိုင်းမျိုးနွယ်၏ ခေါင်းဆောင်များလည်း ထိုအချက်ကို သိထားကြသည်။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း လူရိုင်းမျိုးနွယ်များသည် ထိုကမ္ဘာလမ်းကြောင်းအား ချိပ်ပိတ်ပစ်နိုင်မည့် နည်းလမ်းကို အဆက်မပြတ် ရှာဖွေနေခဲ့ခြင်း ဖြစ်လေသည်။

ကမ္ဘာလမ်းကြောင်းကိုသာ ချိပ်ပိတ်ပစ်နိုင်သရွေ့ နတ်ဆိုးမျိုးနွယ်၏ စစ်ကူများ ထပ်မံ ရောက်ရှိလာနိုင်တော့လိမ့်မည် မဟုတ်သလို ဤနေရာတွင် ရှိနေသော နတ်ဆိုးမျိုးများမှာလည်း အားနည်းသွားရမည်ဖြစ်ကာ လူရိုင်းများ မျှော်လင့်နေသည့် ငြိမ်းချမ်းမှုကို တစ်ဖန်ပြန်လည် ရရှိလာနိုင်ပေသည်။

လူရိုင်းများမှာ နတ်ဆိုးများအား ဖိအားပေး တိုက်ခိုက်နေကြပါသော်ငြား ကမ္ဘာလမ်းကြောင်း ရှိသည့်နေရာဆီသို့ မည်သို့များ ရောက်အောင် မသွားနိုင်ကြချေ။

ရန်ကိုင်ကိုယ်တိုင်သည်လည်း ကမ္ဘာလမ်းကြောင်းကို တစ်ကြိမ်မက စစ်ဆေးကြည့်သည်။ ထိုနေရာသည် ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသည့် လမ်းကြောင်းတစ်ခုဖြစ်ကာ ထိုကမ္ဘာလမ်းကြောင်းသည် ဤကမ္ဘာကြီး၏ လောကနိယာမများကိုပင်လျှင် ဝင်ရောက် နှောင့်ယှတ်နိုင်စွမ်း ရှိပေသည်။ ရန်ကိုင်သည် လေဟာနယ်နိယာမများကို ကျွမ်းကျင်သည့် လူတစ်ဦး ဖြစ်လျှင်ပင် သူ့လက်ရှိခွန်အားဖြင့် ထိုအက်ကွဲကြောင်းကြီးကို မည်သို့မှ မဖာထေးနိုင်ချေ။

ရန်ကိုင် မဟာဧကရာဇ်တစ်ပါး ဖြစ်လာမှသာလျှင် အခွင့်အရေး ရှိနိုင်ပေသည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် အဆင့်မြင့်မှော်ဘုရင်တစ်ပါး ဖြစ်နေပြီ ဖြစ်သည့် အတွက်ကြောင့် မဟာဧကရာဇ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုပါတော့သော်ငြား တကယ့်တကယ်တွင်တော့ ရန်ကိုင်သည် မဟာဧကရာဇ်အဆင့်နှင့် အလွန်ကိုမှ ဝေးကွာနေပေသေးသည်။

လွန်ခဲ့သည့် နှစ်အတွင်း ရန်ကိုင်သည် အဆင့်နိမ့် မှော်ဘုရင်အဆင့်မှ အဆင့်မြင့် မှော်ဘုရင်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ လူရိုင်းမျိုးနွယ်၏ သမိုင်းကြောင်း တစ်လျှောက် ရန်ကိုင်ကဲ့သို့ လျင်မြန်စွာ အဆင့်တက်နိုင်သည့်လူ တစ်ယောက်မှ မရှိခဲ့ချေ။ ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ ရန်ကိုင်တွင် ဧကရာဇ်အဆင့်၏ အခြေခံအုတ်မြစ် ရှိနေသည့် အတွက်ကြောင့် ဖြစ်ပြီး အဓိက အကြောင်းအရင်းမှာတော့ ထွတ်မြတ်ရတနာကြောင့် ဖြစ်ပေသည်။

ထွတ်မြတ်ရတနာကို စရခဲ့စဉ်က မည်သည့် ထူးခြားမှုကိုမှ ရန်ကိုင် သတိမထားမိခဲ့ချေ။

မှော်ဘုရင်တစ်ပါး ဖြစ်လာပြီးသည့် နောက်မှသာ ထိုထူးခြားမှုကို သတိပြုမိနိုင်ခဲ့သည်။

ရန်ကိုင် ကျင့်ကြံသည့်အခါတွင် ထွတ်မြတ်ရတနာသည် ကြားခံတစ်ခုအသွင်သို့ ပြောင်းလျက် ရန်ကိုင်အား မှော်ကျောင်းတော်နှင့် ဆက်သွယ်ပေးလေသည်။

မှော်ကျောင်းတော်သည် လူရိုင်းမျိုးနွယ်များ အထွတ်အမြတ်ထားရသည့် နေရာတစ်ခု ဖြစ်သည်။ မြောက်များလှစွာသော မှော်ပညာရပ်များ၊ သမိုင်းမှတ်တမ်းများ အားလုံးသည် ထိုနေရာတွင် စုဝေးနေကြသည်။ ရန်ကိုင်သည် ထွတ်မြတ်ရတနာ၏ အကူအညီဖြင့် မှော်ကျောင်းတော်ထဲ သူ့ဝိဥာဉ်ဖြင့် လျှောက်ပတ်သွားလာခွင့် ရခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အားကောင်းလှသည့် မရေမတွက်နိုင်သော ဒဏ္ဏာရီ ပုဂ္ဂိုလ်များ၏ အမွေအနှစ်များကို လေ့လာခွင့် ရခဲ့သည်။

မှော်ကျောင်းတော်မှ ရလိုက်သည့် အသိပညာတို့သည် အမြဲစိမ်းနတ်သစ်ပင်မှ ပေးအပ်ခဲ့သည့် အသိပညာများထက်ပင် ပို၍နက်နဲကျယ်ပြန့်ပေသည်။

ထိုအချက်ကို တွေ့ရှိပြီးနောက်တွင် အရိုးဝါးမြိုခြင်းကလန်၏ မှော်ဘုရင်များ ဘာကြောင့် သူ၏ ထွတ်မြတ်ရတနာအား လိုချင်နေသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ ထိုလူများသည် ထွတ်မြတ်ရတနာ၏ စွမ်းရည်ကို ကျိန်းသေ သိထားရပေလိမ့်မည်။

အဆင့်မြင့်မှော်ဘုရင်တစ်ပါးရှိသည့် ကလန်တစ်ခုကို သွားအထင်သေး၍မရချေ။ လက်အောက်ငယ်သားအဖြစ် နတ်ဆိုးဘုရင်ဆယ်ပါးကိုပါ ပိုင်ဆိုင်ထားသည့် ကလန် တစ်ခုဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

ယခုဆိုလျှင် ရန်ကိုင်တို့အဖွဲ့ကို အခြားသော ကလန်အသီးသီးမှလည်း အသိအမှတ်ပြု လက်ခံထားကြလေပြီ။ ယွဲ့နှင့်လုတို့မှာလည်း မှော်ဝိဇ္ဇာများ ဖြစ်လာကုန်ကြလေပြီ။ အခြားသော အဖွဲ့သားများမှာလည်း အနည်းနှင့်အများ တိုးတက်လာကြသည်။

အကုန်လုံးနှင့်မတူ၊ တိုးတက်ပြောင်းလဲခြင်း မရှိသည့် လူတစ်ဦးမှာတော့ တီယာသာ ဖြစ်လေသည်။

တီယာသည် ယခင်အတိုင်းသာ ရှိနေသည်။ နှစ်နှစ်တာ စစ်ပွဲသည် သူမအပေါ် အနည်းငယ်မျှပင် သက်ရောက်ခြင်း မရှိသည့်အလား။ သူမ၏ ကျင့်ကြံခြင်းမှာလည်း မှော်ဝိဇ္ဇာအဆင့်တွင်သာ။

တီယာကမူ ထိုအရာများကို ဂရုမစိုက်ဘဲ ရန်ကိုင်နောက်သို့သာ လိုက်နေခဲ့သည်။ ရန်ကိုင် သူမကိုလိုအပ်လာလျှင် ရန်ကိုင် အနားတွင် အမြဲပေါ်လာတတ်သည်။ ရန်ကိုင် မလိုအပ်သေးလျှင်တော့ ပျောက်ချက်သား ကောင်းနေလေ၏။ မသိလျှင် တီယာသည် ရန်ကိုင်၏ အတွေးများကို ဖတ်နေနိုင်သည့်အလား။

နှစ်နှစ်ကြာသွားသည့်တိုင် ရန်ကိုင်မှာ တီယာ အကြောင်း ကောင်းကောင်း မသိသေးချေ။

တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် မှော်ကျောင်းတော်ထဲသို့ သွားသည့် ခရီးကို အဆုံးသတ်၍ သက်ပြင်းချကာ ထွတ်မြတ်ရတနာကို သိမ်းလိုက်၏။ ထို့နောက် ပြောလိုက်လေသည် “ဝင်လာခဲ့”

အမွှာနှစ်ဦးသည် အလေးအနက် အမူအရာများဖြင့် အခန်းတံခါးကိုဖွင့်ကာ ဝင်လာခဲ့ကြသည်။

“မှော်သူတော်စင်တွေက ဘာပြောလိုက်လဲ” ရန်ကိုင်သည် ညီအစ်မနှစ်ဦးကို ကြည့်ရင်း ပြောလိုက်သည်။ အစောပိုင်းက မှော်သူတော်စင်များသည် ကလန်အသီးသီး၏ မှော်ဘုရင်များကို ခေါ်တွေ့ကာ အစည်းအဝေးပွဲ ကျင်းပခဲ့သည်။ ပုံမှန်အားဖြင့် ယွဲ့နှင့်လုတို့မှာ မှော်ဝိဇ္ဇာများသာ ဖြစ်ကြသည့်အတွက်ကြောင့် ထိုကဲ့သို့သော အစည်းအဝေးကို သွားတက်ဖို့ရာ အရည်အချင်း မပြည့်မှီသေးသော်ငြား လက်ရှိ ရန်ကိုင်တို့ အဖွဲ့၏ အနေအထားကြောင့် သူမတို့နှစ်ဦး၏ အစည်းအဝေးပွဲ လာတက်သည်ကို မည်သူမှ အရေးတယူ ပြဿနာရှာမနေခဲ့ချေ။

လတ်တလောအတွင်း ရန်ကိုင်သည် တောက်လျှောက် ကျင့်ကြံနေပြီး အုပ်ချုပ်စီမံရေး ကိစ္စများသည် ယွဲ့နှင့်လုတို့လက်ထဲ အပ်ထားခဲ့သည်။ ညီအစ်မနှစ်ဦး၏ အမူအရာကို ကြည့်ရင်း မှော်သူတော်စင်များသည် အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီမှန်း ရန်ကိုင် သိလိုက်သည်။

“နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲတော့မယ်တဲ့” ယွဲ့၏အသံမှာ မဆိုသလောက်ကလေး တုန်ရင်နေသည်။

ရန်ကိုင်က မျက်ခုံးပင့်လျက် “ကမ္ဘာလမ်းကြောင်းကို ချိပ်ပိတ်နိုင်မယ့် နည်းလမ်း ရှာတွေ့သွားပြီလား”

ဤသည်မှာ လက်ရှိ လူရိုင်းမျိုးနွယ်စု ကြုံနေရသည့် ပြဿနာ တစ်ရပ် ဖြစ်ပေသည်။ သို့သော်ငြား ကမ္ဘာလမ်းကြောင်းကိုသာ ချိပ်ပိတ်ပစ်နိုင်မည် ဆိုလျှင်တော့ နတ်ဆိုးနယ်မြေမှ နတ်ဆိုးများ ဤနေရာသို့ လာနိုင်ကြတော့လိမ့်မည် မဟုတ်သဖြင့် ဤနေရာရှိ နတ်ဆိုးများကို ရှင်းပစ်ဖို့ရာ ပိုမို လွယ်ကူသွားလေပြီ။

သို့ရာတွင် ကမ္ဘာလမ်းကြောင်းကို ချိပ်ပိတ်ဖို့ရာ မလွယ်ကူလှချေ။ သူတော်စင်လေးပါး အတူပူးပေါင်းသည့်တိုင် ကမ္ဘာလမ်းကြောင်းအား ချိပ်ပိတ်ဖို့ကို မည်သည့် နည်းနှင့်မှ မစွမ်းနိုင်ကြချေ။ ထို့ကြောင့်ပင် စစ်ပွဲမှာ အဆုံးမသတ်ဘဲ ရှိနေရခြင်း ဖြစ်သည်။

ယခု မှော်သူတော်စင်များမှ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲတော့မည်ပြု ပြောလာသဖြင့် ကမ္ဘာလမ်းကြောင်းကို ချိပ်ပိတ်ပစ်နိုင်မည့် နည်းလမ်းအား ရှာတွေ့သွားသည့် အတွက်ကြောင့်သာ ဖြစ်ရပေတော့မည်။

ဤသည်မှာ သတင်းကောင်းတစ်ရပ် ဖြစ်ပေသည်။ သို့သော်ငြား မှော်သူတော်စင်လေးဦး ကမ္ဘာလမ်းကြောင်းကို ချိပ်ပိတ်ပစ်နိုင်လိမ့်မည်ဟုတော့ ရန်ကိုင်မထင်။ ရန်ကိုင်မှ မှော်သူတော်စင်များကို အထင်သေးနေခြင်းမဟုတ်၊ အမှန်တရားကို ပြောနေခြင်းသာ ဖြစ်သည်။

“သူတို့ကြည့်ရတာ နည်းလမ်းတစ်ခု ရှာတွေ့ထားတယ်နဲ့တူတယ်”

“သူတို့ကို ကြည့်ရတာ... ဒါမှော်သူတော်စင် နင်တို့ကို ပြောလိုက်တဲ့ ပုံစံလား”

ယခုကဲ့သို့သော စစ်ပွဲမျိုးတွင် မသေချာမှုသည် လုံးဝကို လက်သင့်မခံနိုင်သည့် အရာတစ်ခုဖြစ်သည်။ အမှားလေးတစ်ခုသာ လုပ်မိလိုက်လျှင် ဆိုပါသော်ငြား ထိုအမှားလေး တစ်ခုသည် မရေမတွက်နိုင်သော လူများ၏ အသက်ကို ဆုံးရှုံးသွားစေနိုင်ပေသည်။

ယွဲ့က ရှင်းပြလိုက်သည် “မှော်သူတော်စင်တွေကို ကြည့်ရတာတော့ တော်တော်လေး ယုံကြည်ချက်ရှိတဲ့ပုံပဲ။ ဒါပေမယ့် ဘယ်လိုနည်းလမ်းလဲ ဆိုတာကိုတော့ ရှင်းပြမသွားဘူး”

လုက ဝင်ပြောလိုက်သည် “ပြီးတော့ မှော်သူတော်စင်တွေက ဆရာနဲ့ ဖြစ်နိုင်ရင် မြန်မြန် တွေ့ချင်နေတယ်”

ရန်ကိုင်က သူ့မေးစေ့ကိုပွတ်သပ်ရင်းမှ “ကြည့်ရတာ သူတို့ တကယ် ယုံကြည်ချက် ရှိတဲ့ပုံပဲ”

သူတို့သည်သာ ယုံကြည်ချက်မရှိပါက ရန်ကိုင်နှင့် ချက်ချင်း တွေ့ချင်လိမ့်မည် မဟုတ်ချေ။ မှော်သူတော်စင်များ အသေးစိတ် ရှင်းမပြရခြင်းမှာ မှော်ဘုရင်များသည် ထိုလျှိုဝှက်ချက်အား ပေါက်ကြာသွားစေမည်ကို စိုးရိမ်သည့် အတွက်ကြောင့်ပင်။

ရန်ကိုင်လည်း ချက်ချင်းပဲ မှော်ဘုရင်များရှိနေရာဆီသို့ ထွက်လာခဲ့လေသည်။

ရန်ကိုင် ထိုနေရာသို့ တစ်ကြိမ်မက ရောက်ဖူးပေသည်။ ထို့ကြောင့် မည်သို့သွားရမလဲ သိနေခဲ့သည်။ သို့သော်ငြား နောက်ပိုင်းတွင်၊ ကျင့်ကြံခြင်း၌သာ အာရုံစိုက်လိုသည့် အတွက်ကြောင့် အခြားကိစ္စများကို အာရုံစိုက်မနေတော့ဘဲ ကိစ္စအဝဝကို ယွဲ့နှင့် လု၏ လက်ထဲသို့သာ ထည့်ထားခဲ့လိုက်တော့သည်။ မှော်သူတော်စင်များမှ ခေါ်တိုင်း ရန်ကိုင် မသွားခဲ့ဘဲ ယွဲ့နှင့်လုကိုသာ အစည်းအဝေးပွဲသို့ သွားတက်စေသည်။

သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ မှော်တော်သူစင်များမှ သူနှင့် တွေ့ချင်သည် ဆိုသည့်အတွက်ကြောင့် ရန်ကိုင်လည်း မသွား၍ မရတော့ချေ။

အကြမ်းထည်ဆန်လှသည့် ခန်းမတစ်ခုထဲ၊ မှော်သူတော်စင်ရှုကို ရန်ကိုင် တွေ့လိုက်ရသည်။

မှော်သူတော်စင်ရှုသည် အခြားသော မှော်သူတော်စင်သုံးပါးနှင့် မတူသည့် မှော်သူတော်စင်တစ်ပါး ဖြစ်သည်။ အကြောင်းမှာ မှော်သူတော်စင်ရှုသည် မည်သည့် မှော်ပညာရပ် များများစားစားကိုမှ သိထားခြင်းမရှိဘဲ ရုပ်ခွန်အားဖြင့် ဤအဆင့်သို့ တက်လှမ်းလာသည့် မှော်သူတော်စင်တစ်ပါး ဖြစ်နေသည့်အတွက်ကြောင့်ပင်။

လူရိုင်းမျိုးနွယ်များသည် ရုပ်ခွန်အားကို တိုးတက်အောင် လေ့ကျင့်ကြသည်။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်းသိန်းနှင့်ချီအတောအတွင်း ရုပ်ခွန်အားဖြင့် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်သည့် လူဆို၍ မှော်သူတော်စင်ရှုတစ်ပါးသာ ရှိလေသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က သူတော်စင်များနှင့် နတ်ဆိုးသူတော်စင်များ တိုက်ခိုက်ကြရာတွင် အကုန်လုံးမှာ ဒဏ်ရာအသီးသီး ရသွားခဲ့ပါသော်ငြား မှော်သူတော်စင်တစ်ဦးသည်သာ မည်သည့် ဒဏ်ရာမှမရဘဲ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်မှော်သူတော်စင်ရှု မည်မျှအားကောင်းကြောင်း မြင်တွေ့နိုင်ပေသည်။

မှော်သူတော်စင်ရှုသည် သူတော်စင်တစ်ပါး ဖြစ်ပါသော်ငြား ဂုဏ်မောက်ဝံ့ကြွားခြင်းမရှိ။ ရန်ကိုင်ကိုယ်တိုင်သည်လည်း မှော်သူတော်စင်ရှုနှင့် တစ်ကြိမ်မက တွေ့ဖူးပေသည်။ မှော်သူတော်စင်ရှုသည် မည်သို့ပင် ဖြစ်နေစေကာမူ အမြဲတစေ ပြုံးနေတတ်ပြီး ဖော်ဖော်ရွေရွေနှင့် ရှိလှသည်။

ဤနေရာသို့ ရောက်လာသည့်အခိုက် အခြားမှော်ဘုရင်သုံးပါးကို မတွေ့လိုက်ရသည့် အတွက်ကြောင့် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။

မှော်သူတော်စင်များကို ကြောက်နေခြင်းတော့မဟုတ်၊ အရိုးဝါးမြိုခြင်းကလန်မှ မှော်သူတော်စင်နှင့် မတွေ့လိုသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ တကယ်တော့ ရန်ကိုင်သည် အရိုးဝါးမြိုခြင်းကလန်၏ မှော်ဘုရင်တစ်ပါးကို သတ်ခဲ့သည် မဟုတ်ပေလော။ အရိုးဝါးမြိုခြင်းကလန်၏ မှော်သူတော်စင်သည် ထိုကိစ္စနှင့် ပက်သက်၍ ရန်ကိုင်အပေါ် သိပ်အမြင်ကြည်လှသည် မဟုတ်ချေ။

ရန်ကိုင်သည်သာ တိုက်ပွဲအတွင်း စွမ်းစွမ်းတမံ ကြိုးစားပြမနေခဲ့ပါက အရိုးဝါးမြိုခြင်း ကလန်သည် ရန်ကိုင်အား အစောကြီးကတည်းက တိုက်ခိုက်ပြီးနေလောက်ပေပြီ။ ထိုအကြောင်းကြောင့်ပင် မှော်သူတော်စင်များမှ ခေါ်တိုင်း ရန်ကိုင်သည် ကိုယ်တိုင် မသွားဘဲ ယွဲ့နှင့်လုကိုသာ စေလွှတ်လိုက်ခြင်းပင်။

မှော်သူတော်စင်ရှုသည် အသက် လေးဆယ်လောက်သာ ရှိမည် ထင်ရ၏။ ပါးစပ်နှင့် နှာခေါင်းမှာတော့ နည်းနည်းကြီး၏။ မျက်နှာမှာ လေးထောင့်ကျကျဖြစ်ကာ နားရွက်များမှာလည်း အတော်လေး ကြီးပေသည်။ အသားရေမှာ နီကျင့်ကျင့်ဖြစ်၍ ကိုယ်လုံးကိုယ်ပေါက်မှာတော့ ထွားထွားကြိုင်းကြိုင်းဖြစ်၏။ မှော်သူတော်စင်ရှုနှင့် ပက်သက်၍ ထူးခြားသည့်အချက်မှာ သူ၏ လက်ရှည်ရှည်ကြီးများပင်။ လက်များမှာ ရှည်လွန်းသဖြင့် ဒူးခေါင်းနားသို့ပင် ရောက်ခါနီးနေခဲ့သည်။

ရန်ကိုင် မှော်သူတော်စင်ရှုကို မြင်လိုက်တိုင်း မှော်သူတော်စင်ရှုဆီမှ အာရုံခံမိသည့် အားကောင်းလွန်းလှသော အသက်ဓါတ်စွမ်းအင်ကြောင့် အံ့ဩတကြီး ဖြစ်ရသည်။ ထိုမျှ အားကောင်းလွန်းလှသည့် အသက်ဓါတ်သည်ပင်လျှင် သူတော်စင်ရှုမှ အတတ်နိုင်ဆုံး ချုပ်တည်းထားသည့် သူ့အရှိန်အဝါ ဖြစ်ပေသည်။ သူတော်စင်ရှုသည်သာ သူ့စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်မည်ဆိုပါက သူ့အသက်ဓါတ်စွမ်းအင်သည် မည်သည့် အဆင့်သို့ပင် ရောက်သွားလေမည်နည်း။

နဂါးတစ်ကောင် သူတော်စင်ရှုရှေ့၌ ပေါ်လာမည်ဆိုလျှင်ပင် သူတော်စင်ရှုသည် ထိုနဂါးကို လက်ဗလာဖြင့် စုတ်ဖြဲပစ်နိုင်သည်ဟု ရန်ကိုင် ယုံကြည်ပေသည်။

ရန်ကိုင်၏ ခန္ဓာကိုယ်မှာ အာရုဏ်တက်ချိန် ပေါ်လာသည့် ထွန်းသစ်စ နေမင်းဆိုလျှင် သူတော်စင်ရှု၏ ခန္ဓာကိုယ်မှာတော့ နေချစ်ချစ်တောက် ပူနေချိန်တွင် ထွန်းလင်း တောက်ပနေသည့် နေမင်း ဖြစ်သည်ဟု ပြောရမည်။

All Chapters