အခန်း (၂၈၈၉-၂၈၉၂)
Vol. 124 Ch. 2889-2892
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၈၉)
ဘာသာပြန်သူ_တိမ်တိုက်
“ဆရာ” ခန်းမထဲသို့ရောက်သော် ရန်ကိုင်သည် ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက်လိုက်လေသည်။
သူတော်စင်ရှု ရန်ကိုင်ဘက်သို့ လှည့်လာခဲ့သည်။ သူ့မျက်နှာထက်တွင် အမြဲလိုလို တွေ့ရတတ်သော အပြုံးကိုတော့ လက်ရှိအချိန်တွင် မတွေ့ရတော့ချေ။ သူတော်စင်ရှု၏ အမူအရာမှာ ထူးထူးခြားခြားကို လေးနက်တည်ကြည်နေခဲ့သည်။ ရန်ကိုင်ကို မြင်သည့်နောက် သူတော်စင်ရှုက ပြောလိုက်လေ၏ “ငါဘာလို့ မင်းကို ခေါ်လိုက်လဲ သိတယ်မလား”
ရန်ကိုင်က ပြန်ပြောလိုကသ်ည် “နောက်ဆုံးတိုက်ပွဲ စတော့မယ်ဆို”
“ဟုတ်တယ်” သူတော်စင်ရှုက ခေါင်းညိတ်လိုက်သည် “ဒီနောက်ဆုံးတိုက်ပွဲက ဒီစစ်ပွဲကို ငါတို့နိုင်မလား၊ ရှုံးမလားဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်”
ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ပြန်မေးလိုက်၏ “တစ်ချက်လောက် မေးမယ်နော် ဆရာ၊ ကျုပ်တို့ ကမ္ဘာလမ်းကြောင်းကို ဘယ်လို ချိပ်ပိတ်မှာလဲ။ အဲ့ဒါကို ချိပ်ပိတ်နိုင်မယ့် နည်းလမ်း ရှာတွေ့သွားပြီလား”
သူတော်စင်ရှုက ပြုံးလျက် “ရှာတွေ့သွားပြီ။ ဒါပေမယ့် နည်းလမ်းကိုတော့ ထုတ်ပြောလို့မရသေးဘူး။ ငါအာမခံနိုင်တာ တစ်ချက်ကတော့ အဲ့နည်းလမ်းက အလုပ်ဖြစ်လိမ့်မယ်ဆိုတာပဲ”
သူသည် မှော်သူတော်စင်တစ်ပါး ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်ကဲ့သို့သော မှော်ဘုရင် တစ်ပါးကို ဘာမှသွားကတိပေးနေစရာမလိုချေ။ သို့သော် သူကိုယ်တိုင်က ကတိ ပေးလာသဖြင့် ကမ္ဘာလမ်းကြောင်းကို ချိပ်ပိတ်မည့် နည်းလမ်းနှင့် ပက်သက်၍ ယုံကြည်ချက် ရှိသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလျက် “အဲ့ဒါဆို ဆရာဘာလို့ ကျုပ်ကို တွေ့ချင်လဲ သိလို့ရမလား”
ရှုက အလေးအနက် အမူအရာဖြင့် “အဲ့နည်းလမ်းကို အကောင်းအထည်ဖော်ဖို့ မင်းကို တာဝန်ပေးချင်လို့”
“ကျုပ်ကို” ရန်ကိုင် ကြောင်သွားလေသည် “မှော်သူတော်စင်တွေ ရှိတယ်လေ။ ဘာလို့ ကျုပ်လဲ”
မှော်သူတော်စင်ရှုက ရှင်းပြလိုက်သည် “အခုနည်းလမ်းက ရန်သူတွေ သတိမထားမိအောင် လုပ်ဖို့လိုတယ်။ ငါတို့တွေ လှုပ်ရှားမယ်ဆို အရမ်း သိသာနေမှာ။ ဒါကြောင့် မှော်ဘုရင်တွေကိုပဲ လုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ရတာ။ မှော်ဘုရင်တွေထဲကို လိုက်ကြည့်လိုက်တော့ မင်းက အားအကောင်းဆုံး ဖြစ်နေတာ တွေ့လိုက်ရတယ်။ ပြီးတော့ မင်းရဲ့ တပ်ဖွဲ့က အကုန်လုံးထဲမှာဆိုရင်တောင် ထိပ်တန်းပဲ။ ဒါကြောင့်ပဲ ဒီတာဝန်အတွက် မင်းနဲ့ မင်းအဖွဲ့သားတွေကို ရွေးလိုက်တာ”
ရန်ကိုင် တိတ်သွားလေသည်။ သူ့အနေဖြင့် ဤတာဝန်ကို ငြင်း၍မရချေ။ ထို့ကြောင့် ပြန်၍ မေးလိုက်လေ၏ “ဒါဆို ကျုပ်တို့ ဘာလုပ်ရမှာလဲ”
“မင်းအခုသိဖို့ မလိုသေးဘူး။ စစ်ပွဲစတာနဲ့ တစ်ယောက်ယောက် မင်းကို လာပြောပြလိမ့်မယ်။ ငါသိချင်တာက မင်းအဲ့တာဝန်ကို ယူနိုင်လားဆိုတာပဲ” ပထမဦးဆုံး အကြိမ်အဖြစ် မှော်သူတော်စင်သည် သူတော်စင်တစ်ပါး၏ တည်ကြည်ခံ့ညားသည့် ပုံစံဖြင့် ရန်ကိုင်အား စိုက်ကြည့်လာခဲ့လေသည်။
ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ်သာ အဲ့တာဝန်ကို မတတ်နိုင်ရင် ဆရာကျုပ်ကို ခေါ်တွေ့မယ်လို့ မထင်ဘူး”
မှော်သူတော်စင်ရှုက သည်းလှိုက်အူလှိုက် အော်ရယ်မောလျက် ရန်ကိုင်၏ ပခုံးကိုပုတ်ကာ ပြောလိုက်လေသည် “စိတ်မပူနဲ့။ နောက်ဆုံးစစ်ပွဲစတဲ့နေ့ ကျန်တဲ့ လူရိုင်းမျိုးနွယ်တွေ အကုန်လုံး မင်းအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးလိမ့်မယ်။ မင်းတာဝန်က အစီအစဉ်ကို ဖြစ်မြောက်အောင် လုပ်ဖို့ပဲ”
“နောက်ဆုံးတိုက်ပွဲ ဘယ်တော့စမှာလဲ” ရန်ကိုင်က မေးလိုက်သည်။
“ငါးရက်ကြာရင်စမယ်”
မှော်သူတော်စင်ရှုမှ ပြန်လာပြီးနောက်တွင် ရန်ကိုင်သည် ယခင်ကကဲ့သို့ မကျင့်ကြံခဲ့ချေ။ ငါးရက်ဟူသော ကာလသည် သူ့ခွန်အားကို တိုးတက်အောင် လုပ်ဖို့ရာ မဖြစ်နိုင်။ ထို့ကြောင့် ရန်ကိုင်သည် သူ့စခန်းထဲ လျှောက်ပတ်သွားရင်း သူရင်းနှီးသည့် လူများနှင့် မရင်းနှီးသည့် လူများကို လိုက်ကြည့်လေသည်။
ရန်ကိုင်အား မြင်လိုက်သည့်လူတိုင်းသည် သူ့အား တလေးတစားဖြင့် ဦးညွှတ်ကြသည်။
နောက်ဆုံးတိုက်ပွဲစတော့မည် ဆိုသည့်သတင်းမှာ ပျံ့လာခဲ့လေပြီ။ ထို့ကြောင့် ရန်ကိုင်၏ အဖွဲ့သားများသည် ထိုစစ်ပွဲအတွက် ပြင်ဆင်နေကြလေ၏။ လက်နက်များကို သွေးသူကသွေး၊ သားရဲများကို အစာကျွေးသူကကျွေးနှင့် လူတိုင်းသည် လာမည့် တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြလေသည်။
မြှားသမားများမှာ မြှားများ ထိုင်လုပ်နေကြပြီး မှော်ဆရာများမှာတော့ နောက်လာမည့် တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေစေရန် သူတို့ကိုယ်သူတို့ အထွတ်အထိပ် အခြေအနေတွင် ရှိနေအောင် ကြိုးစားနေကြသည်။
ရင်းနှီးနေသည့် မျက်နှာပေါင်းများစွာကို ရန်ကိုင် တွေ့ခဲ့ရသည်။ ထိုလူများသည် စစ်ပွဲစသည့် အချိန်ကတည်းက ရန်ကိုင်နောက်သို့ လိုက်လာခဲ့ကြသူများ ဖြစ်သည်။
တောင်ပြာရွာမှ ထွက်လာသည့် ရွာသားများအနက် တစ်ဝက်ကျော်လောက်မှာ စစ်ပွဲအတွင်း သေသွားခဲ့ကြရသည်။ အသက်ရှင်ကျန်ရစ်သည့် လူများမှာတော့ ယခင်ကထက်ပို၍ အားကောင်းလာကြလေသည်။
သူမမြင်ဖူးသည့် မျက်နှာစိမ်းများစွာကိုလည်း တွေ့ခဲ့ရသည်။ ထိုလူများသည် လွန်ခဲ့သည့် နှစ်များအတွင် ရန်ကိုင်တို့အဖွဲ့မှ ခေါ်ယူစုဆောင်းထားသည့် လူများ ဖြစ်ကြသည်။
အားဟူကိုလည်း ရန်ကိုင် တွေ့ပေသည်။ လက်ရှိအချိန်တွင်သည် အားဟူသည် သူ၏ စီးတော်သားရဲကို အစာကျွေးရင်း အလုပ်ရှုပ်နေခဲ့သည်။
ရန်ကိုင် ရောက်လာသည်ကို မြင်သော် အားဟူသည် ရန်ကိုင်ဆီသို့ ပြေးလာလေ၏။
“မင်းဘာလာလုပ်တာလဲ” အားဟူက မေးလိုက်သည်။
“မင်းတို့ကို တွေ့ဖို့လာခဲ့တာ” ရန်ကိုင်က ယဲ့ယဲ့လေးရယ်မောလျက် ပြောလိုက်သည်။ အားဟူအား ဝေ့ကြည့်လိုက်ရာ အားဟူကိုယ်အနှံ့ အမာရွတ်များဖြင့် ပြည့်နေကြောင်း တွေ့လိုက်ရသည်။ ထိုအမာရွတ်များသည် တိုက်ပွဲအတွင်း သူ၏ စွမ်းဆောင်ရည်ကို ကောင်းကောင်း သက်သေပြနေခဲ့သည်။ စစ်ပွဲသည် လူများကို လျင်မြန်စွာ ကြီးထွားလာစေခဲ့သည်။ ယနေ့အားဟူသည် ဟိုးယခင်က တောင်ပြာရွာလေး၏ အားဟူ မဟုတ်တော့ချေ။ လက်ရှိ အားဟူသည် ထောင်နှင့်ချီသော နတ်ဆိုးသားရဲစစ်တပ်၏ ခေါင်းဆောင် ဖြစ်ပေသည်။ လက်ရှိ အားဟူသည် မှော်သခင်တစ်ပါးကို ယှဉ်တိုက်နိုင်လောက်အောင်ကို အားကောင်းနေလေပြီ။
“ငါ့သားရဲကို လာကြည့်ကြည့်” အားဟူသည် ရန်ကိုင်အား သူ့သားရဲဆီ ဆွဲခေါ်သွားလေ၏။ သခင်ကဲ့သို့ပင်၊ အားဟူ၏ နတ်ဆိုးသားရဲမှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေ၏။ အားဟူ ရောက်လာသည့်အခါ ချက်ချင်းပဲ သူ့ခေါင်းဖြင့် အားဟူကို သွားပွတ်သပ်လေသည်။
အားဟူက ပြုံးဖြီးလျက် “မဆိုးဘူးမလား”
ရန်ကိုင်သည် နတ်ဆိုးသားရဲကို ပုတ်ပေးလိုက်ရင်းမှ မေးလိုက်၏ “မင်းသူ့ကို နာမည်ပေးထားလား”
အားဟူက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်၏ “အားညိုလို့ ပေးထားတယ်”
“ငါ့နာမည်ပေးထားတာလား” ရန်ကိုင် ကြောင်သွားလေ၏။
“အဲ့လိုမဟုတ်ဘူး။ ဒီကောင်က အရင်တုန်းက အရမ်း ထိန်းရခက်တာ။ အားညိုကို ခေါ်ပြီး သူ့ကို သင်ခန်းစာ ပေးခိုင်းမယ်လို့ ပြောလိုက်တော့မှပဲ ငြိမ်သွားတာ။ သူ့ကြည့်ရတာ မင်းနာမည်ကို ခဏခဏ ကြားနေရလို့နဲ့တူတယ်။ ဒါကြောင့်ပဲ အဲ့နာမည်ကို သူ့နာမည်ပဲ မှတ်ယူလိုက်တာ။ အခု ငါအားညိုလို့ ခေါ်လိုက်တိုင်း ဒီကောင် ငြိမ်သွားရော။ ကျွတ်... ဒီကောင်က အားနည်းတဲ့ ကောင်ကိုပဲ အနိုင်ကျင့်တတ်ပြီး သူ့ထက် ပိုအားကောင်းတဲ့ ကောင်နဲ့တွေ့ရင် ကြောက်တတ်တဲ့ကောင်ကွ” အားဟူက ပြုံးဖြီးလိုက်သည်။ အားဟူသည် ယခင်ကထက် အများကြီး ပိုအားကောင်းလာခဲ့ပါသော်ငြား သူ့အပြုံးသည် လွန်ခဲ့သော နှစ်နှစ်ခန့်က တောင်ပြာရွာလေးမှ အားဟူ၏ အပြုံးအတိုင်းသာ ရှိနေသေးသည်။
နတ်ဆိုးသားရဲ အားညိုမှာ တိုးတိုးလေး အော်လိုက်လေသည်။ သူဘာပြောချင်လို့ ပြောချင်နေမှန်းတော့ မည်သူမှ မသိကြ။
“အားဟွာနဲ့ အခြားသူတွေကို သွားကြည့်လေ” အားဟူက ရယ်သွမ်းသွေးလျက် “နောက်ဆုံး တိုက်ပွဲ လာတော့မယ် ဆိုတဲ့အကြောင်း ကြားကတည်းက သူတို့လည်း ကြိုးစားနေကြတာ”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အားဟူကို စိုက်ကြည့်၍ ပြောလိုက်၏ “အသက်ရှင်အောင်နေ”
အားဟူက ရယ်မောလျက် “မင်းလည်း အတူတူပဲ”
ထိုသို့ပြောပြီးနောက် ရန်ကိုင် လှည့်ထွက်သွားလေ၏။
အားဟူက လှမ်းအော်မေးလိုက်သည် “အားညို၊ ဒါတကယ်ကြီး နောက်ဆုံး တိုက်ပွဲလား”
ရန်ကိုင်က ရပ်၍ ပြန်ပြောလိုက်၏ “ဟုတ်တယ်၊ နောက်ဆုံးတိုက်ပွဲပဲ”
အားဟူ၏အပြုံး ပို၍ တောက်ပလာခဲ့လေသည်။ ထို့နောက်တွင် သူ၏ နတ်ဆိုးသားရဲ အဖွဲ့သားများဘက်သို့လှည့်၍ “မင်းတို့ ကြားကြားတယ်မလား။ ခေါင်းဆောင်က ဒီတိုက်ပွဲက နောက်ဆုံးတိုက်ပွဲတဲ့။ ဒီတော့ မင်းတို့ တတ်နိုင်သလောက် အဲ့နတ်ဆိုးတွေကို သတ်နိုင်အောင် ကြိုးစားကြပေတော့။ ဒီစစ်ပွဲပြီးသွားတာနဲ့ ငါတို့ အိမ်ပြန်လို့ရပြီ”
ရေး... ရေး...
အားဟူ၏ အဖွဲ့သားများ စိတ်လှုပ်ရှားစွာ ထအော်ကြတော့လေသည်။
ငါးရက်တာသည် မကြာလွန်းလှချေ။
ရန်ကိုင်သည် စစ်စခန်းတစ်ခုလုံးကို လိုက်ပတ်ကြည့်သည်။ တွေ့သမျှ လူရိုင်းတိုင်းကို ခေါင်းညိတ်ပြပြီး အချို့နှင့် ခဏလောက် စကားစမြည် ပြောလေသည်။ လူတိုင်းသည် သူ့အား ဤတိုက်ပွဲသည် နောက်ဆုံး တိုက်ပွဲလားဟု မေးခဲ့သည်။
နှစ်နှစ်တာစစ်ပွဲသည် မကြာလွန်းလှပါသော်ငြား လူတိုင်းမှာတော့ အနည်းနှင့် အများဆိုသလို နားကျည်းချက်တို့ဖြင့် ပြည့်နေကြရသည်။ ထို့အပြင် တောက်လျှောက် တိုက်ခိုက်နေရသည်ကိုလည်း ထိုလူများ ငြီးငွေ့နေကြလေပြီ။ ဤတိုက်ပွဲသည် နောက်ဆုံးတိုက်ပွဲမှန်း သိလိုက်ကြသော် လူတိုင်း၏ရင်ထဲ မျှော်လင့်ချက်တို့ဖြင့် ပြည့်လာလေ၏။
ရန်ကိုင်သည် သူတို့လိုချင်နေသည့် မျှော်လင့်ချက်ကို ပေးခဲ့သည်။
သို့သော်ငြား လူဘယ်လောက်များများကများ ဤစစ်ပွဲ၏ အဆုံးသတ်ကို မြင်တွေ့နိုင်ပါမည်နည်း။ ငါးသောင်းလား... နှစ်သောင်းလား... တစ်သောင်းလား...
မှော်သူတော်စင်များ သူတို့အဖွဲ့အား မည်ကဲ့သို့သော တာဝန်မျိုး ပေးမလဲ ဆိုသည်ကို မသိရသေးသော်ငြား ထိုတာဝန်သည် လွယ်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော တာဝန်ကို ပြီးမြောက်နိုင်ဖို့ရာ တန်ကြေးကြီးကြီးကို ပေးဆပ်ဖို့ရာ ပြင်ဆင်ထားရပေမည်။
ရန်ကိုင်အဖွဲ့သား အားလုံးနီးပါးပင် ထိုတာဝန်ကို ပြီးမြောက်အောင်လုပ်ရင်း သေသွားရနိုင်သည်။ ယခုတစ်ကြိမ်တိုက်ပွဲသည် ယခင်တိုက်ပွဲများနှင့်မတူတော့။ ယခင်တိုက်ပွဲများတွင် သူတို့အနေဖြင့် မနိုင်လျှင် ပြန်ဆုတ်နိုင်ပါသော်ငြား ယခု တိုက်ပွဲတွင်တော့ ပြန်ဆုတ်၍ မရတော့ချေ။
ငါးရက်ကြာပြီးနောက် မနက်ခင်း၌... ရန်ကိုင်၏ အဖွဲ့သားများ ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြလေပြီ။
ထောင်နှင့်ချီသော လူများကို အဖွဲ့ပေါင်း အဖွဲ့တစ်ရာအဖြစ် ခွဲထားပြီး အကုန်လုံးကို စည်းစနစ်ကျနစွာ ရပ်နေစေခဲ့သည်။ လူပေါင်းများစွာ ရှိပါသော်ငြား အကုန်လုံးမှာ ငြိမ်သက်တိတ်ဆိတ်နေကြပြီး အဝေးတစ်နေရာတွင် ရှိနေသော ကောင်းကင်ထက်ရှိ အက်ရာကြီးကို လှမ်းကြည့်နေကြသည်။
ရန်ကိုင်တို့ အဖွဲ့သားများကို ဝိုင်းရံထားသည်မှာတော့ အခြားသော ကလန်များမှ အဖွဲ့သားများ ဖြစ်ကြသည်။ ရန်ကိုင် အဖွဲ့ကဲ့သို့ပင် ထိုအဖွဲ့များသည်လည်း ငြိမ်သက်၊ တိတ်ဆိတ်နေကြသည်။ စိုးရိမ်မှု၊ စိတ်လှုပ်ရှာမှုတို့သည် လူတိုင်း၏ရင်ထဲ ပင်လယ်လှိုင်းလုံးပမာ ရိုက်ခတ်နေကြ၏။ ခံစားချက်တို့ကို ချုပ်တည်းထားရန် အလို့ငှာ လူတိုင်းသည် မိမိ၏ လက်နက်များကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြလေသည်။
သန်းနှင့်ချီသော လူရိုင်းစစ်သည်တော်များသည် စစ်ချီဖို့ရာ အသင့်ဖြစ်နေကြလေပြီ။ တိုက်ပွဲ စစ်ခရာအသံမှာလည်း ကျယ်လောင်စွာ မြည်ဟည်းထွက်ပေါ်လာခဲ့သည်။ မှော်ဘုရင်များသည် အဖွဲ့သားများကို ချီတက်ရန် အချက်ပြလိုက်လေ၏။ ရန်ကိုင်သည်လည်း သူ့အဖွဲ့သားများကို စတင် စစ်ချီတက်စေလေသည်။
ရန်ကိုင်သည် သူအဖွဲ့၏ ဦးပိုင်းမှနေကာ စစ်ချီနေခဲ့သည်။ မှော်သူတော်စင်ရှု ပြောထားသည့် လူကို တွေ့လိုတွေ့ငြား လိုက်ပတ်ရှာကြည့်ပါသော်ငြား မည်သူ့ကိုမှ မတွေ့ရ။ ထို့ကြောင့် သူ့စိတ်ထဲရှိ သံသယများကို ခေါင်းခါ၍သာ ရှင်းထုတ်လိုက်၏။
တိုက်ပွဲစစ်ခရာသံသည် တည်ငြိမ်ပြီး ခပ်အုတ်အုတ်နှင့် ကျယ်လောင်၏။ စစ်ခရာသံနှင့်အတူ စစ်ချီတက်နေသော သန်းနှင့်ချီသည့် လူရိုင်းစစ်သည်တော်များကြောင့် မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါနေရသည်။
လူရိုင်းမျိုးနွယ်များနည်းတူ၊ နတ်ဆိုးစစ်တပ်သည်လည်း စစ်ချီတက်လာနေခဲ့လေပြီ။ ယခင် ငါးရက်အတွင်း လူရိုင်းများသည်သာ စစ်ပွဲအတွက် ပြင်ဆင်နေခြင်းမဟုတ်၊ နတ်ဆိုးမျိုးနွယ်သည်လည်း ပြင်ဆင်နေခဲ့ကြသည်။ ထို့ကြောင့် လူရိုင်းမျိုးနွယ် လှုပ်ရှားလာသည်ကိုမြင်သော် နတ်ဆိုးများလည်း စတင် လှုပ်ရှားကြတော့လေ၏။
စစ်တပ်နှစ်ခုကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့သည်။ နီးကပ်လာသော အကွာအဝေးနှင့်အတူ စစ်သည်တော်များ၏ ရင်ခုန်သံမှာလည်း မြန်ဆန်လာခဲ့ရလေသည်။ လေထုတစ်ခုလုံးမှာလည်း သတ်ဖြတ်လိုစိတ်တို့နှင့်အတူ တဖြည်းဖြည်း အုံ့မှိုင်းလာနေခဲ့သည်။
စစ်ဗုံသံတို့ ထွက်ပေါ်လာခဲ့ပြီး စစ်သည်တော်များ၏ ခြေလှမ်းများမှာ စတင်၍ မြန်ဆန်လာကြသည်။ နှစ်ဖက်စစ်တပ်စလုံးမှ ထွက်ပေါ်နေသည့် စစ်ဗုံသံချင်း တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ခြေလှမ်းမျာ ပိုမို မြန်ဆန်လာခဲ့ကြကာ မကြာမီတွင် စစ်သည်တော်များသည် ရန်သူစီသို့ အပြေးချီတက်ကုန်တော့လေ၏။
ဟိန်းဟောက်သံတစ်သံနှင့်အတူ ကလန်အသီးသီးမှ သားရဲစစ်တပ်များ ခုန်ထွက်လာကြလေသည်။ စစ်သည်တော်များသည် စီးတော်သားရဲများကို စီနင်းလျက် အကြောက်အရွံ့ကင်းမဲ့စွာ ရှေ့သို့ ပြေးတက်သွားကြသည်။
တစ်ချိန်တည်းတွင် အမျိုးမျိုးသော မှော်ပညာရပ်များနှင့်အတူ ရောင်စုံ အလင်းတန်းတို့ ထွက်ပေါ်လာခဲ့သည်။၊ လက်ရှိအချိန်တွင် နတ်ဆိုးသားရဲစစ်တပ်အဖွဲ့သား တစ်ဦးချင်းစီကို ချိတ်ဆက်ပေးထားသည့် အစိမ်းရောင်စွမ်းအင်ကြိုးတစ်ချောင်း ရှိနေခဲ့လေသည်။ အစိမ်းရောင်ကြိုးမှာ အခြားမဟုတ်၊ အားကောင်းလွန်းလှသည့် အသက်ချိန်းကြိုး ပညာရပ်သာ ဖြစ်လေ၏။
နတ်ဆိုးသားရဲအဖွဲ့သားများ ရန်သူဆီသို့ မရောက်သေးခင်မှာပင် မြှားများမှာ ပစ်လွှတ်ပြီးသွားလေပြီ။
မျိုးနွယ်စု နှစ်ခုစလုံးမှ မြှားသမားများသည် အပြိုင်အဆိုင် ပစ်ခတ်နေကြသည်။ ရုတ်ချည်းဆိုသလို ကောင်းကင်တစ်ခုလုံး မြှောက်များလှစွာသော မြှားများဖြင့် အုံ့ဆိုင်းသွားရတော့သည်။
မိုးသီးမိုးပေါက်များ ကြွေကျလာသည့်အလား မြှားများသည် ကောင်းကင်ထက်မှ မရပ်မနား ကြွေဆင်းလာခဲ့သည်။ သို့သော် ချီတက်လာနေကြသော စစ်သည်တော်များကို ရပ်တန့်နိုင်ခဲ့ခြင်း မရှိချေ။
အားဟူသည် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ အားဟူ စီးနင်းထားသည့် နတ်ဆိုးသားရဲမှာလည်း တိုက်ခိုက်ဖို့ရာကို မစောင့်နိုင်တော့သည့်အလား ဂနာမငြိမ် ဖြစ်နေခဲ့သည်။ အခြားသော ရန်ကိုင်၏ အဖွဲ့သားများမှာလည်း ထိုနည်းအတိုင်းသာ။
သို့သော်ငြား ရန်ကိုင်မှ အမိန့်မပေးသေးသည့် အတွက်ကြောင့် မည်သူမှ မလှုပ်ရှားကြချေ။ ရန်ကိုင်၏ အဖွဲ့သည်သာ သားရဲစစ်တပ်ကို မစေလွှတ်သည့် တစ်ခုတည်းသော အဖွဲ့ ဖြစ်ပေသည်။
ရန်ကိုင်သည် အားဟူ၏ အကြည့်ကို လျစ်လျူရှု၍ အဝေးသို့သာ လှမ်းကြည့်နေသည်။ ထိုအခြင်းအရာကိုမြင်သော် အားဟူသည်လည်း စိတ်ပျက်ပျက်နှင့် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၉၀)
ဘာသာပြန်သူ_တိမ်တိုက်
မြားများ လေကိုထိုးခွင်းသွားသည့်အသံများမှာ ညံမစဲအောင် ထွက်ပေါ်နေခဲ့သည်။ မျိုးနွယ်စုနှစ်ခုလုံး၏ သားရဲစစ်တပ်များမှာ ဒဏ်ရာအသီးသီး ရရှိထားခဲ့ကြပြီး စစ်တပ်နှစ်ခုကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်းနှင့် ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာခဲ့လေသည်။ နောက်ဆုံးတွင် သားရဲစစ်တပ်နှစ်တပ် ထိပ်တိုက် တွေ့သွားခဲ့လေ၏။ သွေးများ ပန်းထွက်လာခဲ့ပြီး အသက်မရှိတော့သည့် ခန္ဓာကိုယ်များ မြေပြင်ပေါ်သို့ တဖုန်းဖုန်း လဲကျကုန်၏။
နှစ်ဘက်မျိုးနွယ်စုနှစ်ခုလုံးမှ သားရဲစစ်တပ်များမှာ အကျအဆုံးများနှင့် ရင်ဆိုင်နေရသည်။ သားရဲများကို ဆုံးရှုံးသွားသည့်လူများမှာ အသက်ဆယ်ရှိုက်စာအတွင်း သေဆုံးသွားလေ့ရှိကြပေသည်။ လူရိုင်းမျိုးနွယ်စုရော နတ်ဆိုးမျိုးနွယ်စုရော ထိုအတိုင်းသာ။ မိမိ၏သားရဲကို ဆုံးရှုံးလိုက်ရသည့် မည်သူမဆို သေဖို့ရာ ရာခိုင်နှုန်း အလွန်တရာကိုမှ များသွားပြီဟု ပြော၍ရသည်။
မြားများမှာလည်း ဆက်လက်ထွက်ပေါ်နေပေသေးသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ မြားများ၏ ပစ်မှတ်များမှာ တစ်ဖက်ရန်သူ၏ သားရဲစစ်တပ်များ မဟုတ်ကြတော့ဘဲ မြားသမားများ ဖြစ်ကုန်ကြလေသည်။ ဤသည်မှာ မြားသမားများကြား ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့၏။ ပို၍လျင်မြန်သွက်လက်စွာ လှုပ်ရှားနိုင်သလို မြားရေးကိုကျွမ်းကျင်သည့်လူသည် အသာရပေလိမ့်မည်။
မြားသမားချင်းပြိုင်ပွဲတွင်တော့ လူရိုင်းမျိုးနွယ်စုဘက်မှ အောက်စည်းသို့ ရောက်ခဲ့ရလေသည်။ လူရိုင်းမျိုးနွယ်စုမှ မြှားသမားများသည် မိုးပျံသားရဲများကို စီးနင်းကာ ပစ်ခတ်နေကြသည်။ ထို့အတွက်ကြောင့် ရှောင်ရှားဖို့ရာ သူတို့စီးနင်းထားသည့် သားရဲများအပေါ်တွင်သာ မူတည်နေပေသည်။ သို့သော်ငြား နတ်ဆိုးမျိုးနွယ်စုဘက်မှ မြားသမားများမှာတော့ မိမိ၏ကိုယ်ပိုင်စွမ်းအားကိုသုံး၍ ပျံသန်းနေကြခြင်း ဖြစ်သည့်အတွက်ကြောင့် တိုးဝင်လာနေသည့်မြားများကို လူရိုင်းမျိုးနွယ်စုဘက်မှ မြားသမားများထက် ပို၍လွယ်ကူလျင်မြန်စွာ ရှောင်တိမ်းနိုင်ပေသည်။
စစ်ဗုံသံများမှာ အဆက်မပြတ်ကို မြည်ဟည်းနေခဲ့လေရာ နှစ်ဖွဲ့စလုံးမှ စစ်သည်တော်များ၏ သွေးများမှာ ပွက်ပွက်ကို ဆူနေရတော့လေသည်။
အမွေးတိုင်တစ်ချောင်းစာအတွင်းမှာပင် သားရဲစစ်တပ်နှစ်တပ် ထိပ်တိုက်တွေ့ရာမှ အလောင်းများ တောင်နှယ်ပုံထပ်လာခဲ့ပြီး မြေပြင်တစ်ခွင် သွေးကြောင်းစီးသွားခဲ့ရသည်။
ထို့နောက်တွင် နှစ်ဖက်စလုံးမှ စစ်သည်တော်များ ထပ်တိုက်တွေ့ကြသည့်ပွဲ ရောက်လာကြတော့လေသည်။ သန်းပေါင်းများစွာသော လူရိုင်းများနှင့် နတ်ဆိုးများ အသီးသီး သေဆုံးကုန်ကြရလေသည်။ မည်သူမဆို တစ်ဖက်ရန်သူများကို မညှာမတာ ရက်ရက်စက်စက် သတ်ပစ်ပေသည်။ လက်ရှိအချိန်တွင် လူတိုင်း၏စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။ ရန်သူများကို သတ်၍ အောင်ပွဲဆင်နွှဲရန်သာ ဖြစ်လေသည်။
လောကကြီးတစ်ခုလုံးမှာ မီးဖိုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အသွေးအသားတို့ကို မီးသွေးသဖွယ် အသုံးချကာ စစ်မီးတောက်ကို ပိုပို၍ တောက်လောင်လာအောင် လောင်စာထည့်ပေးနေခဲ့သည်။
စစ်ပွဲမှာ ဝရုန်းသုန်းကား ဖြစ်နေခဲ့ပါသော်ငြား ရန်ကိုင်၏အဖွဲ့သားများမှာတော့ မလှုပ်မယှက်သာ ရပ်နေကြလေသည်။ အခြားသူများ တိုက်ခိုက်နေသည်ကိုကြည့်ရင်း ရန်ကိုင်၏အဖွဲ့သားများမှာ စစ်မြေပြင်ဆီသို့ ပြေးဝင်သွားချင်သည့်စိတ်ကို မနည်း ထိန်းချုပ်ထားခဲ့ရသည်။
“ဒါကိုယူပြီး ကမ္ဘာလမ်းကြောင်းရဲ့ အောက်ခြေဆီကိုသွားလိုက်…” တီယာသည် ရုတ်တရက်ဆိုသလို ရန်ကိုင်ဆီသို့ ရောက်လာပြီး သူ့အား ခုနှစ်ရောင်စဉ်ရွှံ့ခဲကြီးတစ်တုံးကို ပေးလိုက်လေသည်။
ရန်ကိုင်သည် ထိုရွှံ့ခဲကိုယူ၍ တီယာအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်သည်။
“ဒါက အောင်ပွဲရဲ့သော့ချက်ပဲ…” တီယာက အလေးအနက်အမူအယာဖြင့် ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး နင်ဖြစ်နေတာလဲ…” ရန်ကိုင်က မေးလိုက်၏။
တီယာက ခေါင်းခါ၍ ပြန်မဖြေခဲ့ဘဲ ပြန်၍သာ ပြောလိုက်သည်။ “သွားပေတော့…”
ရန်ကိုင်လည်း စိတ်ရှုပ်စရာအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်ပစ်လိုက်လေသည်။ လက်ရှိအချိန်တွင် သူ့၌ ထိုအကြောင်းအရာများကို ထိုင်စဉ်းစားနေရန် အချိန်မရှိ။ တီယာပေးလာသည့် ခုနှစ်ရောင်စဉ်ရွှံ့ခဲကို လက်ထဲတွင် တင်းတင်းဆုပ်ကိုင်၍ အနန္တဓါးကို မြှောက်ကာ ကျယ်လောင်သည့်လေသံဖြင့် အော်ပြောလိုက်လေသည်။ “အားလုံး ချီတက်ကြ…”
ရန်ကိုင်၏အသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် သိန်းနှင့်ချီသော ရန်ကိုင်၏အဖွဲ့သားများသည် မာန်သွင်းအော်ဟစ်ရင်း စစ်မြေပြင်ဆီသို့ တဟုန်ထိုး ပြေးတက်သွားကြလေသည်။
သူတို့အားလုံးသည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ သူတို့၏ကလန်သားများကို နတ်ဆိုးမျိုးနွယ်စုမှ သတ်ဖြတ်နေသည်ကို ရင်နာနာဖြင့်သာ ရပ်ကြည့်နေရပြီး စစ်မြေပြင်သို့ ပြေးတက်သွားကာ နတ်ဆိုးများကို ကိုယ်တိုင်သတ်ဖြတ်နိုင်ခြင်း မရှိကြပေ။ ဤကဲ့သို့ ရပ်ကြည့်နေရသည်နှင့်စာလျှင် စစ်မြေပြင်ထဲ၌ သေသွားရသည်ကပင်လျှင် ပို၍ကောင်းပေသေးသည်။
ရန်ကိုင်၏အမိန့်သည် အချိန်ကိုက်ရောက်လာသည်ဟု ပြော၍ရပေသည်။ ထိုသို့မဟုတ်၊ တီယာ၏သတင်းမှာ လုံးဝကို အချိန်ကိုက် ရောက်လာသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ လက်ရှိအချိန်တွင် ရန်ကိုင်အဖွဲ့သားများ၏ တိုက်ခိုက်လိုစိတ်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့လေသည်။
ရန်ကိုင်သည် သူ၏နတ်ဆိုးသားရဲကို စီးနင်းရင်း ရှေ့မှ ဦးဆောင်ချီတက်နေစဉ် အားဟူဦးဆောင်သည့် ထောင်နှင့်ချီသော စစ်တပ်များမှာ သူ့နောက်မှ အနီးကပ် လိုက်လာကြလေသည်။ ချီတက်နေစဉ်အတောအတွင်း ရာနှင့်ချီသော မှော်ဆရာများသည် အမျိုးမျိုးသော မှော်မန္တန်များကို ရွတ်ဆိုလိုက်ကြသည်။ ပထမဦးစွာ စစ်တပ်တစ်ခုလုံးကို အလင်းခန္ဓာကိုယ်ပညာရပ်ဖြင့် လွှမ်းခြုံပေးလိုက်သည်။ သို့မှသာလျှင် အကုန်လုံးမှာ ရန်ကိုင်နှင့် သားရဲစစ်တပ်များနောက်သို့ အမှီလိုက်နိုင်ပေလိမ့်မည်။ ထို့နောက်တွင် အမျိုးမျိုးသော မှော်ပညာရပ်များကို ထပ်မံထုတ်သုံးတော့လေ၏။
ရုတ်တရက်ဆိုသလို ရောင်စုံအလင်းတန်းများ ပေါက်ကွဲထွက်လာကုန်ကြလေသည်။
ရန်ကိုင်သည် အနန္တဓါးကို မြင့်မြင့်ကိုင်မြှောက်ထားရင်း ချီတက်နေခဲ့သည်။ အနန္တဓါးဆီမှ တလက်လက်ထွက်ပေါ်နေသည့် အရောင်အဝါတို့သည် ရန်ကိုင်မှ စစ်အလံတိုင်ကို ကိုင်စွဲ၍ စစ်ချီတက်နေသည့် ပုံစံနှင့်ပင် တူနေပေသေးသည်။
ချီတက်နေစဉ်အတောအတွင်းမှ ရန်ကိုင်သည် သူ့လက်ထဲတွင်ရှိနေသော ခုနှစ်ရောင်စဉ်ရွံ့ခဲအကြောင်းကိုလည်း စဉ်းစားနေသေး၏။
တီယာကို မှော်သူတော်စင်ရှုမှ ပို့လိုက်ခြင်း ဖြစ်ရပေလိမ့်မည်။ မှော်သူတော်စင်ရှု ပို့လိုက်သည်မှာ ဘာကြောင့် တီယာဖြစ်နေသလဲဆိုသည်ကို ရန်ကိုင် နားမလည်နိုင်ခဲ့ပေ။ သို့သော်ငြား လက်ရှိအချိန်တွင် ထိုအကြောင်းကို စဉ်းစားနေ၍လည်း အပိုပင်။ လတ်တလောအခြေအနေအရ ရန်ကိုင်သိဖို့လိုသည်မှာ ဤရွှံ့တုံးသည် စစ်ပွဲ၏ သော့ချက် ဖြစ်သည်ဟူသောအချက်ပင်။
ခုနှစ်ရောင်စဉ်ရွှံ့တုံး မည်ကဲ့သို့သော ပစ္စည်းမျိုး ဖြစ်သလဲဆိုသည်ကို ရန်ကိုင်မသိ။ ဤအရာသည် အဆင့်မြင့်ပစ္စည်းတစ်ခု ဖြစ်သည်ဟုသာ သိထားသည်။ ခုနှစ်ရောင်စဉ်ရွှံ့တုံးသည်သာ နောင်အနာဂတ်တွင်လည်း ဆက်ရှိနေဦးမည်ဆိုပါက အလွန်တရာကိုမှ အဖိုးအနဂ္ဂထိုက်တန်သည့် ရတနာတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကာ ဤရတနာပေါ်လာလိုက်ရုံဖြင့်ပင်လျှင် နယ်မြေတစ်ခုလုံးအား ဂယက်ရိုက်သွားစေပေလိမ့်မည်။
သို့သော်ငြား လက်ရှိအချိန်တွင်တော့ ထိုအရာများမှာ သိပ်၍ အရေးမပါသေးချေ။
အရေးအကြီးဆုံးအချက်မှာတော့ ဤခုနှစ်ရောင်စဉ်ရွှံ့တုံးမှ ထွက်ပေါ်နေသည့် အသက်ဓာတ်စွမ်းအားပင်။ ဤအသက်ဓာတ်စွမ်းအားကို ရန်ကိုင်ရင်းနှီးနေခဲ့သည်။ သို့သော်ငြား မည်သည့်နေရာတွင် ခံစားခဲ့ဖူးမှန်းတော့ မမှတ်မိ။ ထို့အပြင် ခုနှစ်ရောင်စဉ်ရွှံ့တုံးသည် ကောင်းကင်စိတ်အာရုံများကို ကာကွယ်နိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ခုနှစ်ရောင်စဉ်ရွှံ့တုံးကို သူ့လက်ထဲ၌ ကိုင်စွဲထားသည့်တိုင် ခုနှစ်ရောင်စဉ်ရွှံ့တုံး၏အတွင်းပိုင်းအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။
(ကမ္ဘာလမ်းကြောင်းကို ဒီရွှံ့တုံးက ချိတ်ပိတ်ပေးနိုင်တယ်လို့ မှော်သူတော်စင်တွေက ထင်နေတာလား…) ရန်ကိုင်စိတ်ထဲ သံသယတို့ ရှိနေခဲ့လေသည်။ သို့သော်ငြား ဤကိစ္စကို ပေါ့ပျက်ပျက်ကိစ္စတစ်ခုအဖြစ် မမှတ်ယူခဲ့။ သို့သော်ငြား ရန်ကိုင်စိတ်ထဲ သံသယတို့ ရှိနေခဲ့လေသည်။ ဤရွှံ့တုံးကြီးကိုကြည့်ရင်း သူ့စိတ်ထဲ ယခုကိစ္စနှင့်ပတ်သက်၍ သိပ်၍ မယုံကြည်ချင်သလို ဖြစ်လာနေသည်။ သို့သော်ငြား မှော်သူတော်စင်ရှု၏အမူအယာမှာ လုံးဝကို နောက်နေသည့်ပုံမပေါ်။
မြားမှာ လေးကိုင်းမှ ပစ်လွှတ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ပြန်ဆွဲယူ၍မရတော့ချေ။ လက်ရှိအချိန်တွင် ရွှံ့တုံးကို ကမ္ဘာလမ်းကြောင်းအောက်ဆီသို့ ပို့ပေးရမည့်တာဝန်မှာ ရန်ကိုင်တစ်ဖွဲ့လုံး၏ တာဝန်ဖြစ်ပေသည်။ ယခုကိစ္စနှင့်ပတ်သက်၍ စဉ်းစားနေရန် အချိန်မရှိ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် သူ့စိတ်ထဲသံသယများကို ဘေးဖယ်ထားလိုက်ပြီး ရရှိထားသောတာဝန်ကို ပြီးမြောက်အောင်လုပ်ရန်သာ ဆုံးဖြတ်လိုက်လေသည်။
ကမ္ဘာလောကကြီးတစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာခဲ့ပြီး မိုးမြေတစ်ခုလုံးကိုပင်လျှင် ဖျက်ဆီးပစ်နိုင်သယောင် ထင်မှတ်ရသည့် စွမ်းအင်အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။
ထိုအရှိန်အဝါမှာ အလွန်တရာကိုမှ အားကောင်းလွန်းလှကာ ရန်ကိုင်ကိုပင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။
အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြသည့် မျိုးနွယ်စုနှစ်ခုမှ စစ်သည်တော်များသည် တိုက်ခိုက်နေရင်း ထိုအရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် ကြောင်သွားခဲ့ကြပြီး လှမ်းကြည့်လိုက်ရာ လူရိုင်းမျိုးနွယ်စု၏ နောက်ဘက်ဆီမှ ခုနှစ်ရောင်စဉ်နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးမျိုးနွယ်စု၏ နောက်ဘက်ခြမ်းဆီသို့ ပျံသန်းသွားနေကြောင်းကို တွေ့လိုက်ရလေသည်။
တစ်ချိန်တည်းတွင် နတ်ဆိုးမျိုးနွယ်စု၏ နောက်ဘက်ခြမ်းဆီမှ ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်အလင်းတန်းတစ်ခုသည် ထိုခုနှစ်ရောင်စဉ်နဂါးအား ထိပ်တိုက်ပြေးတွေ့လေ၏။
မှော်သူတော်စင်များနှင့် နတ်ဆိုးသူတော်စင်များ စတင်၍ လှုပ်ရှားကုန်ကြလေပြီ။
နှစ်ဖက်သူတော်စင်များသည် စစ်မြေပြင်၏ အာကာယံထက်တွင် ထိပ်တိုက်တွေ့သွားခဲ့ကြလေသည်။ ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ခုနှစ်ရောင်စဉ်အလင်းနှင့် အနက်ရောင်အလင်းတို့ စတင်၍ တိုက်ခိုက်ကြတော့လေ၏။
နောက်ထပ်ကမ္ဘာလမ်းကြောင်းတစ်ခု ပွင့်လာတော့မည့်အလား ကောင်းကင်ထက်၌ အက်ကြောင်းများ ဖြစ်ပေါ်လာရသည်။
သူတို့ရပ်နေသည့် မြေပြင်မှာလည်း လှိုင်းထန်နေသည့် ပင်လယ်ပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား လူတိုင်းမှာ ခြေခိုင်ခိုင်ပင် မရပ်နိုင်ကြတော့။ သူတော်စင်များ၏တိုက်ပွဲဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် သူတို့အား အချိန်မရွေး ဝါးမျိုသွားတော့မည့်နှယ် ခံစားနေကြရလေသည်။
သူတော်စင်နှစ်ပါးကြားရှိ ပထမဦးဆုံးသော ထိပ်တိုက်တွေ့ဆုံမှုမှာ သရေရလဒ်ဖြင့် အဆုံးသတ်သွားခဲ့လေသည်။ ဧရာမခုနှစ်ရောင်စဉ်နဂါးကြီးနှင့် အနက်ရောင်အလင်းတို့ တစ်ချိန်တည်း ပျောက်ကွယ်သွားခဲ့ကြပြီးသည့်နောက်တွင် အလွန်တရာကိုမှ အားကောင်းလှသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသော လူကိုးဦး အာကာယံထက်တွင် ပေါ်လာခဲ့ကြလေသည်။
နတ်ဆိုးသူတော်စင်ငါးပါးနှင့် မှော်သူတော်စင်လေးပါးတို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ နတ်ဆိုးသူတော်စင်များမှာ သွားပေါ်အောင် ပြုံးဖြီးနေကြစဉ် မှော်သူတော်စင်များမှာတော့ ထူးမခြားနားဟန်ဖြင့် ရှိနေကြလေသည်။
တစ်ဦးကိုတစ်ဦး အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် သူတော်စင်ကိုးပါး နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ကြပြန်လေသည်။ ယခုတစ်ကြိမ်တိုက်ပွဲမှာတော့ ယခင်ကလောက် ပြင်းထန်ခြင်းမရှိတော့။ အကြောင်းမှာ အောက်ဘက်တွင်ရှိနေသော သူတို့လူများကို ဂရုစိုက်နေရသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ယခုတစ်ကြိမ်တွင် သူတော်စင်များသည် နိမ့်နိမ့်လေးတွင် တိုက်ပွဲဖြစ်မနေကြတော့ဘဲ ကောင်းကင်အမြင့်ထက်သို့ ထပ်မံ၍ ပျံတက်သွားကာ တိုက်ခိုက်ကြလေ၏။
မကြာမီ သူတော်စင်ကိုးပါးတို့သည် တိမ်ယံတိမ်တိုက်များကြား တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။ သူတော်စင်များကြားတိုက်ပွဲ မည်ကဲ့သို့ အခြေအနေရှိသလဲဆိုသည်ကို မည်သူမျှ မသိရ။ တဝုန်းဝုန်းမြည်သံများကိုသာ အာကာယံထက်ဆီမှ ကြားနေရလေသည်။
သွေးမြေခရသည့် စစ်ပွဲကြီးမှာလည်း ရပ်တန့်သွားခြင်းမရှိဘဲ အရှိန်အဟုန်တငြီးငြီးဖြင့် တောက်လောက်နေသည့် မီးတောက်ပမာ ဆက်လက်၍ လောင်မြိုက်နေခဲ့သည်။
တစ်သိန်းခန့်မျှရှိသော ရန်ကိုင်၏အဖွဲ့သားများသည် သန်းနှင့်ချီသော စစ်မြေပြင်ထဲသို့ တိုးဝင်သွားကုန်ကြလေသည်။ တစ်သိန်းပမာဏသည် ဤကဲ့သို့သောစစ်ပွဲမျိုးတွင် ကန်ရေပြင်ထဲသို့ချလိုက်သည့် ခဲတစ်လုံးစာပမာဏသာ ရှိပေ၏။
လူရိုင်းမျိုးနွယ်စုအားလုံးမှာ ညွှန်ကြားချက်အသီးသီးကို ရရှိထားသည့်အလား ရန်ကိုင်၏အဖွဲ့သားများ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော လူရိုင်းစစ်သည်တော်များသည် ရန်ကိုင်တို့ကို ဝိုင်းရံ၍ သူတို့အတွက် လမ်းဖောက်ပေးကြလေသည်။ လူတိုင်းသည် မိမိ၏အသွေးအသားကိုရင်း၍ သူတို့လမ်းတွင်ပိတ်ရပ်နေသော နတ်ဆိုးများကို တစ်ယောက်မကျန် ရှင်းပစ်နေခဲ့သည်။
အပေါ်စီးမှ စီးမိုးကြည့်လိုက်မည်ဆိုပါက မြှားတစ်စင်း ပုံစံမျိုးဖြင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် ချီတက်နေသော ရန်ကိုင်၏ အဖွဲ့ကို မြင်တွေ့နိုင်ပေသည်။ ရန်ကိုင်တို့အဖွဲ့အား မည်သည့်နတ်ဆိုးမှ ရပ်တန့်၍မရခဲ့ပေ။ ရန်ကိုင်တို့အား ရပ်တန့်ရန် ကြိုးစားလာသည့်နတ်ဆိုးတိုင်း အခြားသောလူရိုင်းကလန်များ၏ ပူးပေါင်းတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်တို့အဖွဲ့သားများမှာ လျင်လျင်မြန်မြန်နှင့် ချီတက်နေနိုင်ကြ၏။
တစ်နာရီခန့်ကြာပြီးသည့်နောက် ရန်ကိုင်လက်ချက်ကြောင့် နတ်ဆိုးပေါင်းရာနှင့်ချီကာ သေဆုံးခဲ့ကြရသည်။ ရန်ကိုင်အဖွဲ့သားများမှာတော့ တကယ့်စစ်ပွဲနှင့် ကြုံတွေ့ရခြင်း မရှိသေးချေ။ ဤကဲ့သို့သော ပရမ်းပတာဖြစ်နေသည့် စစ်မြေပြင်ထဲတွင် ယခုကဲ့သို့ သေသေချာချာ မတိုက်ခိုက်ရသည်မှာ အတော်လေးကိုမှရှားပေသည်။ ဤသို့ဖြစ်ရခြင်းမှာလည်း အခြားသောလူရိုင်းကလန်သားများ၏ ဝင်ရောက်ကူညီပေးမှုကြောင့်သာ ဖြစ်လေသည်။ သို့သော်ငြား သူတို့၏ကူညီပေးမှုသည်ပင်လျှင် တစ်နာရီခန့် ကြာပြီးသည့်နောက် အကန့်အသတ်သို့ ရောက်ရှိလာရတော့လေသည်။
အခြားသောလူရိုင်းကလန်သားများ၏ ကူညီပေးမှုကြောင့် ရန်ကိုင်အဖွဲ့သားများသည် မိုင်တစ်ရာအကွာအဝေးသို့ တစ်နာရီအတွင်း ရှင်းလင်းချိုးဖောက်ဝင်ရောက်လာနိုင်ခဲ့သည်။ သို့သော်ငြား ထိုမျှမြန်မြန် ချိုးဖောက်လာနိုင်သည့်အတွက်ကြောင့် အခြားသော လူရိုင်းမျိုးနွယ်များနှင့် တဖြည်းဖြည်း ဝေးကွာလာခဲ့ကာ ရန်ကိုင်တို့ အနီးတစ်ဝိုက်တွင် နတ်ဆိုးများသာ တဖြည်းဖြည်း များပြားလာတော့သည်။ နောက်ခရီးကို ရန်ကိုင်တို့အနေဖြင့် ကိုယ့်ဘာသာကိုယ် ဆက်သွားရပေတော့မည်။ သူတို့အား ကူညီပေးနိုင်မည့် လူရိုင်းအဖွဲ့သားများ သိပ်ရှိတော့လိမ့်မည်မဟုတ်ချေ။
လက်ရှိအချိန်တွင် ရန်ကိုင်၏အဖွဲ့သားများသည် သူတို့၏အပေါင်းအပါများနှင့် ကွဲထွက်သွားခဲ့ပြီး ရန်သူများကို တစ်ကိုယ်တည်း တိုက်ခိုက်ရမည့် အခြေအနေသို့ ရောက်ရှိခါနီး ဖြစ်နေခဲ့လေသည်။
ရန်ကိုင်သည် ယခုကဲ့သို့ ဖြစ်မည်မှန်း ကြိုတင်မျှော်လင့်ပြီးသား ဖြစ်သဖြင့် မူလကတည်းက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့သည်။
ရန်ကိုင်သည် နတ်ဆိုးဘုရင်ဆယ်ပါးကို သူ့အဖွဲ့သားများ၏ ဘယ်ဘက်နှင့်ညာဘက်အား အသီးသီးကာကွယ်ပေးရန် အမိန့်ပေးလိုက်သည်။ အားအကောင်းဆုံးသော နတ်ဆိုးဘုရင်များ ဖြစ်ကြသည့် ဖေးလီနှင့် မိုခဲတော့တို့ကိုမူ နောက်ဘက်ခြမ်းကိုမူ တာဝန်ယူစေပေသည်။ ထို့အတွက်ကြောင့် အခြားသော သူ့အဖွဲ့သားများ၏ အကူအညီများ မရရှိတော့သည့်တိုင် ရန်ကိုင်တို့ ရှေ့တက်နေသည့်နှုန်းမှာ အတော်လေးကိုမှ မြန်နေပေသေးသည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်တို့ စစ်ချီတက်နေသည့်နှုန်းမှာ ပိုပို၍ပင် မြန်လာနေခဲ့လေသည်။
ဤအချိန်တွင်တော့ သူတို့၏ဘေးပတ်ပတ်လည်အနှံ့ နတ်ဆိုးများဖြင့် ပြည့်နေတော့လေသည်။ ဤသည်မှာ ရန်ကိုင်အဖွဲ့သားများ မျှော်လင့်တောင့်တနေသည့် အရာလည်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် လူတိုင်းသည် မိမိ၏လက်နက်အသီးသီးကို စိတ်လှုပ်ရှားစွာ ကိုင်စွဲရင်း သူတို့လမ်းကို ပိတ်ရပ်နေသည့် နတ်ဆိုးများအား တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်ကြတော့သည်။
“မိုခဲတော့… ဖေးလီ… မင်းတို့ ဘယ်လိုလုပ်ပြီး နတ်ဆိုးမျိုးနွယ်စုကို သစ္စာဖောက်ရဲတာလဲ… မင်းတို့ခွေးကောင်တွေက ငါတို့နတ်ဆိုးမျိုးနွယ်စုအတွက် ကျက်သရေယုတ်စရာပဲ… သေလိုက်ကြပေတော့…”
ရန်ကိုင်တို့အရှေ့ဘက်ခြမ်းဆီမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုနေရာတွင် နတ်ဆိုးဘုရင်အပါးနှစ်ဆယ်ခန့် စုဝေးနေကြလေ၏။ ထိုနတ်ဆိုးဘုရင်အပါးနှစ်ဆယ်သည် ကြောက်မက်ဖွယ်ရာအရှိန်အဝါကို ထုတ်လွှတ်ရင်း ရန်ကိုင်တို့၏လမ်းကို တားဆီးပိတ်ပင်နေကြလေသည်။
ရန်ကိုင်သည် အနန္တဓါးကို ကိုင်စွဲရင်း ရေပြင်ညီအတိုင်း ခုတ်ပိုင်းချလိုက်ရာ ဓါးအလင်းတန်းတစ်ခု နတ်ဆိုးဘုရင်အပါးနှစ်ဆယ်ဆီသို့ ဝှီးခနဲ ပြေးဝင်သွားလေ၏။ ဓါးအလင်းတန်းဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာစွမ်းအားကို ခံစားမိလိုက်သော် နတ်ဆိုးဘုရင်များ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြပြီး ချက်ချင်းပဲ လူခွဲ၍ ရှောင်ကြတော့လေသည်။
နတ်ဆိုးဘုရင်အပါးနှစ်ဆယ် ပေါင်းစုကာ ဖွဲ့စည်းထားသည့် နတ်ဆိုးတံတိုင်းမှာ ရုတ်ချည်းဆိုသလို ပြိုကျသွားခဲ့ရလေသည်။
ထို့နောက် သူတို့အားလုံး ခြေခိုင်ခိုင် မရပ်နိုင်သေးခင်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသည့် မှော်ပညာရပ်တစ်ခုသည် သူတို့အား လာရောက်ထိမှန်လေသည်။
မှော်ဘုရင်များမှာ ဒေါသထွက်သွားခဲ့ကြပြီး ချက်ချင်းပဲ တန်ပြန်တိုက်ခိုက်ကြလေ၏။
နတ်ဆိုးသားရဲပေါ်တွင်ထိုင်နေသည့် ရန်ကိုင်မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်ပြန်ပေါ်လာသည့်အချိန်တွင်တော့ နတ်ဆိုးဘုရင်တစ်ပါးနားသို့ ရောက်နေခဲ့သည်။ ထိုနတ်ဆိုးဘုရင်သည် အလယ်အလတ်အဆင့် မှော်ဘုရင်တစ်ပါးနှင့် ယှဉ်နိုင်သည့် နတ်ဆိုးတစ်ကောင် ဖြစ်ပါသော်ငြား အနည်းငယ်မျှပင် ခုခံချိန်မရလိုက်ဘဲ ရန်ကိုင်၏ အနန္တဓါးကြောင့် နှစ်ပိုင်းပြတ်ထွက်သွားခဲ့ရလေသည်။
ရန်ကိုင်သည် ထိုနတ်ဆိုးအား တစ်ချက်ကလေးပင် ဆက်ကြည့်မနေတော့ဘဲ အခြားသောနတ်ဆိုးဘုရင်တစ်ပါးဆီသို့ တည်နေရာခုန်ကူးသွားပြီး ထိုနတ်ဆိုးဘုရင်၏ခေါင်းကို အနန္တဓါးဖြင့် ခုတ်ချလိုက်လေသည်။ ထို့နောက် အနားတွင်ရှိနေသည့် နတ်ဆိုးဘုရင်တစ်ပါးဆီသို့ပါ လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လိုက်လေ၏။
ရန်ကိုင်သည် တိုက်ကွက်သုံးကွက်ဖြင့် နတ်ဆိုးဘုရင်သုံးပါး၏အသက်ကို တစ်ခဏလေးအတွင်း ချွေယူသွားခဲ့သည်။
ထိုအဖြစ်အပျက်သည် ကျန်ရစ်နေသော နတ်ဆိုးဘုရင်များကို အကြောက်ကြီးကြောက်သွားစေခဲ့လေသည်။ နတ်ဆိုးဘုရင်များမှာ အတော်အတန်ကိုမှ အားကောင်းလှသည့် ပညာရှင်များ ဖြစ်ကြကာ မည်သည့်အချိန်ကများ နတ်ဆိုးဘုရင်များအား ဤမျှ အလွယ်တကူ သတ်လို့ရသွားလေသနည်း။ နတ်ဆိုးဘုရင်အားလုံးမှာ ဤလူရိုင်းမျိုးနွယ်စုဝင်သကောင့်သားသည် ဘာကြောင့် ဤမျှကြောက်မက်ဖွယ်ရာစွမ်းအားအား ပိုင်ဆိုင်ထားရသလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။
ရန်ကိုင်မှ တိုက်ကွက်သုံးကွက်ဖြင့် နတ်ဆိုးဘုရင်သုံးပါး၏အသက်ကို ချွေယူပစ်ပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်များ၏ တိုက်ခိုက်လိုစိတ်မှာ ဟိုးအောက်ထိကို ထိုးကျသွားခဲ့ရလေသည်။ နတ်ဆိုးသူတော်စင်များ၏ အမိန့်ကြောင့်သာ မဟုတ်ပါက ထိုနတ်ဆိုးဘုရင်အားလုံး လှည့်ကာ ထွက်ပြေးနေလောက်ပေပြီ။
ကံကောင်းစွာဖြင့် ထိုပြင်ပမျိုးနွယ်မှ သကောင့်သားသည် နတ်ဆိုးဘုရင်သုံးပါးအား သတ်ပြီးသည့်နောက် အတော်လေးအားကုန်သွားသည့်အလား ကျန်သည့်နတ်ဆိုးများကို လိုက်လံသတ်ဖြတ်နေခြင်းမရှိတော့ဘဲ သူစီးနင်းသည့် နတ်ဆိုးသားရဲပေါ်ဆီသို့ ပြန်သွားနားနေလေ၏။
နတ်ဆိုးဘုရင်များသည် အကြည့်ချင်းဖလှယ်လျက် ကြောက်စိတ်ကိုဖိနှိပ်ရင်းမှ ရန်ကိုင်အား ဝိုင်းရံလိုက်ကြလေသည်။
“သူတို့ကိုတိုက်…” ရန်ကိုင်က အော်ဟစ်လိုက်သည်။
ရန်ကိုင်၏အမိန့်ကို ကြားလိုက်ရသည့်နောက် ရန်ကိုင်အနားတွင် ရှိနေကြသော ပေါင်ချီနှင့် ရှယတို့၏အမူအယာ သုန်မှုန်သွားခဲ့ကြလေပြီ။ နှစ်ယောက်စလုံးမှာ ယာယီမျှ တုံ့ဆိုင်းနေခဲ့ကြလေ၏။
ထိုအခါ ရန်ကိုင်သည် ပေါင်ချီနှင့် ရှယတို့အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လာခဲ့လေ၏။
ထိုအခါမှသာလျှင် ပေါင်ချီနှင့်ရှယတို့မှာ အံကိုတင်းတင်းကြိတ်၍ သူတို့၏ ယခင်မိတ်ဆွေဟောင်းများဆီသို့ ပျံသန်းသွားကြလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၉၁)
ဘာသာပြန်သူ_တိမ်တိုက်
သူတို့အနေဖြင့် နတ်ဆိုးဘုရင်ဆယ်ပါးကျော်ကို တားနိုင်လိမ့်မည်မဟုတ်မှန်း ပေါင်ချီနှင့်ရှယတို့ နှစ်ဦးစလုံး သိနေကြလေသည်။ အခြားသောနတ်ဆိုးဘုရင်များသည်လည်း သိကြသလို ရန်ကိုင်သည်လည်း သိပေသည်။
ထိုနတ်ဆိုးဘုရင်နှစ်ပါးသည် ရန်ကိုင်၏လက်အောက်သို့ ပထမဦးဆုံး ခိုဝင်လာသည့် နတ်ဆိုးဘုရင်နှစ်ပါး ဖြစ်ကြပါသော်ငြား စိတ်လိုလက်ရ ရန်ကိုင်လက်အောက်သို့ ခိုဝင်လာကြခြင်းမဟုတ်။ ထို့အတွက်ကြောင့် သူတို့၏ သစ္စာစောင့်သိမှုမှာလည်း ထင်သလောက်မဟုတ်ချေ။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ထိုနတ်ဆိုးများ သူ့လက်အောက်သို့ လိုလိုလားလားဖြင့် ဝင်ရောက်လာရန် မျှော်လင့်ထားခြင်းမရှိခဲ့။ သူ့အနေဖြင့် နတ်ဆိုးဘုရင်များ၏ အသက်ကို ထိန်းချုပ်နိုင်ရန်သာ လိုအပ်ပေသည်။
တစ်ဖက်ရန်သူ၏အရေအတွက်မှာ သူတို့အတွက် အပြတ်အသတ် သာလွန်နေသည့်အတွက်ကြောင့် ပေါင်ချီနှင့်ရှယတို့ အခြေအနေမဟုတ်။ သို့သော်ငြား သူတို့သည်သာ ရန်ကိုင်၏အမိန့်ကို လွန်ဆန်လိုက်မည်ဆိုပါက ဤနေရာတွင်ပင် ပွဲချင်းပြီး သေသွားရနိုင်ပေသည်။
ထို့အတွက်ကြောင့် ပေါင်ချီနှင့် ရှယတို့မှာ ယာယီမျှ တုံ့ဆိုင်းနေပြီးသည့်နောက် အခြားသောနတ်ဆိုးဘုရင်များဆီသို့ ပြေးဝင်သွားလေသည်။
ကံကောင်းစွာဖြင့် ထိုနတ်ဆိုးဘုရင်များသည်လည်း ရန်ကိုင်အား အတော်လေးကိုမှ ကြောက်ရွံ့နေသည့်အတွက်ကြောင့် ရန်ကိုင်လမ်းကို မည်သည့်နတ်ဆိုးဘုရင်မှ သွားမပိတ်ရဲခဲ့ကြပေ။ ပေါင်ချီနှင့် ရှယတို့အားလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းမရှိ။ ပေါင်ချီနှင့် ရှယတို့အား လိုက်လံဖမ်းဆီးတိုက်ခိုက်ရင်းမှ အချိန်ဆွဲနေသယောင် လုပ်နေလေ၏။
ပေါင်ချီနှင့် ရှယတို့မှာ ထိုအဖြစ်အပျက်ကြောင့် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး သူတို့၏ အားအကောင်းဆုံးသောဝှက်ဖဲများကို ထုတ်သုံးရင်း နတ်ဆိုးဘုရင်များကို အချိန်ဆွဲနေခဲ့လေသည်။
ထိုသို့ဖြင့် ရန်ကိုင်၏စစ်သည်တော်တစ်သိန်းမှာ စစ်မြေပြင်ထဲ ရှေ့သို့ ဆက်လက်၍ချီတက်နေတော့လေသည်။
ယခုအချိန်မှစ၍ သူတို့ချီတက်ရသည်မှာ အတော်လေးကိုမှ ခက်ခဲလာခဲ့လေသည်။ ရှေ့သို့ရောက်လာသည်နှင့်အမျှ တစ်ဖက်ရန်သူများ၏ ခုခံမှုမှာ ပိုပို၍ အားကောင်းလာခဲ့သည်။ နတ်ဆိုးဘုရင်များသည် ရန်ကိုင်အနီးသို့ ကပ်မလာရဲပါသော်ငြား အဝေးမှနေ၍ ရန်ကိုင်တို့အဖွဲ့အား ကောင်းကောင်းမွန်မွန် ရှေ့ဆက်တက်၍မရအောင် နှောင့်ယှက်နိုင်ခဲ့လေသည်။
ရန်ကိုင်အဖွဲ့သားများမှာ နေရောင်အောက်သို့ ရောက်သွားသည့် နှင်းပွင့်လေးများပမာ တရစပ်ကို သေဆုံးနေခဲ့ကြရသည်။
မိုခဲတော့နှင့် ဖေးလီကဲ့သို့သော နတ်ဆိုးဘုရင်များ၏အကူအညီကို ရရှိထားသည့်တိုင် ထိုကဲ့သို့သောအခြေအနေကို ရှောင်လွှဲ၍မရခဲ့ပေ။
အဝေးတွင်ရှိနေသည့် ကမ္ဘာလမ်းကြောင်းကိုကြည့်ရင်း ရန်ကိုင်သည် အင်းစက်လက်ကောက်ကိုထုတ်၍ ဝိဉာဉ်ဝါးမျိုအင်းစက်များကို အပြင်သို့ ထုတ်ပေးလိုက်သည်။ လွန်ခဲ့သည့် နှစ်နှစ်တာစစ်ပွဲအတွင်း ဝိဉာဉ်ဝါးမျိုအင်းစက်များမှာ အကြီးအကျယ်ကို တိုးတက်လာခဲ့ရသည်။ ရန်ကိုင်သည် ထိုအင်းစက်များကို အားကိုး၍ တိုက်ပွဲပေါင်းအလီလီကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များသည် အားကောင်းသည့်ပညာရှင်များနှင့် ရင်ဆိုင်ရာတွင် သိပ်၍အသုံးမဝင်ပါသော်ငြား နတ်ဆိုးဘုရင်အဆင့်အောက် နတ်ဆိုးများနှင့် ရင်ဆိုင်ရာတွင်တော့ အလွန်ကိုမှ အသုံးဝင်လှသည်။
အင်းစက်အုပ်ကြီးသည် တဝီဝီမြည်သံနှင့်အတူ စစ်မြေပြင်အနှံ့ ပျံသန်းသွားနေခဲ့သည်။ အင်းစက်အုပ်ကြီး ဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးများအားလုံး စူးစူးဝါးဝါးအော်ဟစ်ကြရင်း မြေပြင်ပေါ်သို့ အလဲလဲအပြိုပြို ဖြစ်ကုန်ကြလေသည်။ ထိုအင်းစက်များသည် မည်သည့်အရာကိုမဆို စားသောက်ပစ်နိုင်ကာ နတ်ဆိုးချီနှင့် ဝိဉာဉ်များကိုပင်လျှင် စားသုံးပစ်နိုင်ပေသည်။
အလွန်ကိုမှ အားနည်းသယောင်ထင်မှတ်ရသည့် အင်းစက်များမှာ တကယ့်တကယ်တွင်တော့ အလွန်ကိုမှ မာကျော အသက်ပြင်းလှပေသည်။ အလွန်ကိုမှ ထက်ရှလှသည့် လက်နက်တစ်ခုသည် ထိုအင်းစက်အုပ်အား လာရောက်ထိမှန်မည်ဆိုလျှင်ပင် အင်းစက်များ၏ကိုယ်ထက် ခြစ်ရာလောက်သာ ထင်သွားစေနိုင်ပေလိမ့်မည်။ အင်းစက်များ၏အသက်ကိုတော့ နှုတ်ယူနိုင်လိမ့်မည်မဟုတ်။
အင်းစက်အုပ်ကြီး ပျံသန်းလာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်တို့အား ဝိုင်းရံထားသည့် နတ်ဆိုးများ အသီးသီး ပြန်ဆုတ်ကုန်ကြလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အဖွဲ့သားများ ရင်ဆိုင်နေရသည့်ဖိအားမှာ သိသိသာသာကို လျော့ကျသွားခဲ့ရသည်။
ဤသို့ဖြင့် ရန်ကိုင်တို့အဖွဲ့သားများမှာ ရှေ့သို့ ဆက်လက်၍ ချီတက်နေကြလေသည်။ သူတို့အနေဖြင့် ခြေတစ်လှမ်းလှမ်းဖို့အရေး အကျအဆုံးများစွာနှင့် ရင်ဆိုင်ခဲ့ရလေသည်။
သိန်းနှင့်ချီသော စစ်တပ်ကြီး၏ အရေအတွက်မှာ ကိုးသောင်း၊ ရှစ်သောင်း၊ ငါးသောင်း စသဖြင့် တဖြည်းဖြည်းနှင့် အရေအတွက် လျော့နည်းလာနေခဲ့သည်။
တစ်နာရီခန့်ကြာပြီးသည့်နောက် ရန်ကိုင်၏အဖွဲ့သားများ ကမ္ဘာလမ်းကြောင်းအောက်ခြေသို့ ရောက်လာသည့်အခိုက် ရန်ကိုင်သည် သူ့အဖွဲ့သားများကို ပြန်လှည့်ကြည့်လိုက်ရာ သုံးသောင်းခန့်လောက်သာ ရှိတော့ကြောင်း တွေ့လိုက်ရလေသည်။ ကျန်သည့်ခုနှစ်သောင်းမှာတော့ ဤနေရာသို့ချီတက်လာရင်းမှ လမ်းတစ်ဝက်တွင်ပင် သေဆုံးသွားခဲ့ကြရသည်။
ဤနေရာတွင် နတ်ဆိုးနယ်မြေ၏ အတွင်းပိုင်း ဖြစ်ပေသည်။ ဤနေရာတွင် သူတို့၏ မည်သည့်မဟာမိတ်မှ ရှိမနေခဲ့ချေ။ လက်ရှိအချိန်တွင် ရန်ကိုင်တို့အဖွဲ့သားများသည် သူတို့၏အပေါင်းအပါများနှင့် ကွဲထွက်သွားခဲ့ပြီး ပတ်ပတ်လည်အနှံ့ နတ်ဆိုးများ၏ ဝိုင်းရံထားခြင်း ခံရသည့် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။
နတ်ဆိုးဘုရင်ဆယ်ပါးအနက် မိုခဲတော့နှင့် ဖေးလီတို့သာ ကျန်ရစ်ကြသည်။ ကျန်သည့်နတ်ဆိုးဘုရင်များကို ရန်ကိုင်မှ စစ်ချီတက်နေစဉ်အတောအတွင်း အခြားသောနတ်ဆိုးဘုရင်များအား တားဆီးရန် စေလွှတ်ခဲ့သည်။ လက်ရှိ ရန်ကိုင်စစ်ဆေးကြည့်ရသလောက် နတ်ဆိုးဘုရင်ရှစ်ပါးအနက် တစ်ဝက်လောက်မှာ သေနေ ကုန်ကြပြီး ကျန်တစ်ဝက်လောက်မှာလည်း အခြေအနေ သိပ်မကောင်းလှပေ။
“ပုံစံဖွဲ့မယ်…” ရန်ကိုင်က အနန္တဓါးကိုမြှောက်၍ အော်ဟစ်လိုက်သည်။
သုံးသောင်းသောစစ်တပ်များသည် ရန်ကိုင်ကိုဗဟိုပြု၍ စက်ဝိုင်းပုံစံ ခုခံသည့်ပုံစံမျိုး ချက်ချင်း ပြင်ဆင်လိုက်လေသည်။
အင်းစက်အုပ်ကြီးမှာတော့ စက်ဝိုင်းပုံစံလူအုပ်ကြီးကို စက်ဝိုင်းပုံစံ ဝိုင်းပတ်ထားခဲ့လေသည်။
ထိုသို့လုပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ခုနှစ်ရောင်စဉ်ရွှံ့တုံးကို ထုတ်လိုက်လေသည်။ ထို့နောက် ခေါင်းပေါ်တည့်တည့်တွင်ရှိနေသော ကမ္ဘာလမ်းကြောင်းရှိရာဆီသို့ မော့ကြည့်လိုက်လေ၏။ ကောင်းကင်ထက်ရှိ အက်ကြောင်းကြီးဆီမှ နတ်ဆိုးချီတို့ စိမ့်ထွက်နေသည်ကို ရန်ကိုင် အတိုင်းသား ခံစားမိလေသည်။ ထိုနတ်ဆိုးချီသည် အရိုးခိုက်မတတ် အေးစက်လှသည့် အရှိန်အဝါကို ထုတ်လွှတ်နေပြီး ခံစားရသည့်လူတိုင်းကို မသက်မသာ ဖြစ်စေလေသည်။
“အလုပ်ဖြစ်မယ်လို့ ထင်ရတာပဲ…” ထိုသို့ ရေရွတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ထဲတွင် ကိုင်ထားသည့် ခုနှစ်ရောင်စဉ်ရွှံ့တုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေ၏။ ထို့နောက် ထိုရွှံ့တုံးအား မမှိတ်မသုန် စိုက်ကြည့်နေလေသည်။
ရန်ကိုင်၏လုပ်ရပ်သည် အနီးအနားတွင်ရှိနေသော နတ်ဆိုးဘုရင်များ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ရန်ကိုင်ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူတို့မသိကြပါသော်ငြား နတ်ဆိုးဘုရင်များ၏စိတ်ထဲတွင်တော့ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားရလေသည်။ မှော်ဆရာညိုသည် ဤနေရာသို့ ရည်ရွယ်ချက်တစ်ခုဖြင့် ရောက်လာရခြင်း ဖြစ်လေသည်။ သူ၏ရည်ရွယ်ချက်မှာ ကမ္ဘာလမ်းကြောင်းနှင့် ပတ်သက်နေရပေလိမ့်မည်။ ထို့ကြောင့်သာလျှင် သူ့အဖွဲ့သားများ အဆက်မပြတ် သေဆုံးနေသည်ကိုပင် ဂရုမစိုက်ဘဲ ဤနေရာသို့ မဆင်မခြင် ပြေးတက်လာရခြင်း ဖြစ်လေသည်။
ထို့အတွက်ကြောင့် နတ်ဆိုးဘုရင်များမှာ မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။
အမိန့်အသီးသီးကို ရရှိလိုက်သည့်နောက် ရန်ကိုင်တို့အနီးအနားတွင် ရှိနေကြသော နတ်ဆိုးများမှာ ရန်ကိုင်တို့အား စုပြုံ၍ တိုက်ခိုက်လာကြတော့လေသည်။
အင်းစက်အုပ်ကြီးများမှာ နတ်ဆိုးများကို ဝန်းရံသွားခဲ့ပါသော်ငြား ထိုအင်းစက်အုပ်လောက်သည် မြောက်မြားလှစွာသော နတ်ဆိုးများကို တားဆီးနိုင်ခဲ့ခြင်း မရှိချေ။
သုံးသောင်းသော ရန်ကိုင်၏အဖွဲ့သားများသည် မြေပြင်ပေါ်တွင် ခြေကုပ်ရပ်နေရင်း နတ်ဆိုးများကို ခုခံနေခဲ့သည်။ တစ်ချိန်တည်းတွင် မှော်ဆရာများသည် အမျိုးမျိုးသောမှော်ပညာရပ်များကို ထုတ်သုံး၍ ကလန်သားများကို အားဖြည့်ပေးထားခဲ့ကြလေသည်။
ဤသို့ဖြင့် သွေးသံတရဲရဲတိုက်ပွဲမှာ ရုတ်တရက်ဆိုသလို စတင်လာတော့လေ၏။
မိုခဲတော့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်မှလွဲ၍ အားအကောင်းဆုံးသော နတ်ဆိုးဘုရင်များသည်ပင်လျှင် သူမ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို အာရုံမခံနိုင်ကြပေ။ မိုခဲတော့သည် စစ်မြေပြင်ထဲ ကူးကလန်ခတ် သွားလာရင်း နတ်ဆိုးများ၏အသက်ကို ချွေယူနေခဲ့လေသည်။
မိုခဲတော့သည် နတ်ဆိုးမျိုးနွယ်စု၏ လက်ရွေးစင် လုပ်ကြံရေးသတ်ဖြတ်သမားတစ်ဦးဖြစ်သည်။ သာမန်လုပ်ကြံသတ်ဖြတ်ရေးသမားပင်မဟုတ် နတ်ဆိုးဘုရင်အဆင့်ရှိ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦးဖြစ်သည်။ ထို့အတွက်ကြောင့် သူမနှင့် အဆင့်တူတွင် ရှိနေသည့် လူများမှလွဲ၍ အခြားမည်သူမှ သူမ၏တိုက်ကွက်ကို ခုခံနိုင်ခဲ့ခြင်း မရှိပေ။
အပြင်ဘက်မှနေ၍ စစ်တပ်ကို အမိန့်ပေးနေကြသော နတ်ဆိုးဘုရင်ပေါင်းများစွာမှာ သူမ၏လုပ်ကြံသတ်ဖြတ်မှုကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရလေသည်။ ထို့အတွက်ကြောင့် ကျန်ရစ်နေသည့်နတ်ဆိုးများမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေကြတော့လေ၏။
ထိုအခိုက်အတန့်တွင် ဖေးလီသည်လည်း စတင်လှုပ်ရှားလိုက်လေသည်။ ဖေးလီ၏ အရိုးခြောက်လက်များတွင် တစ္ဆေမီးတောက်တို့ စတင်၍ လောင်မြိုက်လာခဲ့လေသည်။ ထိုတစ္ဆေမီးတောက်သည် သာမန်နတ်ဆိုးဘုရင်များ ကိုင်တွယ်နိုင်သည့် အရာမဟုတ်။ ထို့အတွက်ကြောင့် တစ္ဆေမီးတောက် ဖြတ်သန်းသွားရာလမ်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးများအားလုံး လောင်မြိုက်ကာ သေဆုံးကုန်ကြရလေသည်။
ရန်ကိုင်သည် ခုနှစ်ရောင်စဉ်ရွှံ့ခဲ့ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ အချိန်အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ရုတ်တရက် တီယာဘက်သို့လှည့်၍ မေးလိုက်လေ၏။ “အဲ့ဒါ ဘာဖြစ်လို့ အလုပ်မလုပ်တာလဲ… အဲ့ဒါကို မြေကြီးထဲမြှုပ်ပေးဖို့ လိုသေးတာလား…”
ရွှံ့ခဲသည် အောင်ပွဲ၏သော့ချက်ဖြစ်သည်ဟု တီယာမှပြောခဲ့သည်။ ဤရွှံ့ခဲသည်သာ ကမ္ဘာလမ်းကြောင်းအား ပိတ်ပေးနိုင်ပေလိမ့်မည်။ သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးသည့်တိုင် ခုနှစ်ရောင်စဉ်ရွှံ့ခဲမှာ လုံးဝကို မလှုပ်မယှက်ဖြင့်သာ ရှိနေလေ၏။
တီယာကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်လေ၏။ “အလုပ်ဖြစ်လိမ့်မယ်…”
“ဘယ်အချိန်လဲ…” ရန်ကိုင်က ထပ်မေးလိုက်သည်။
ရန်ကိုင်သည် နတ်ဆိုးစစ်တပ်၏ အတွင်းပိုင်းနေရာဆီသို့ ရောက်အောင် လာနိုင်ရန်အတွက် အဖွဲ့သားများအနက် ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးခဲ့ရသည်။ ထို့အတွက်ကြောင့် ဤနှစ်ရောင်စဉ်ရွှံ့တုံးသည်သာ နတ်ဆိုးသူတော်စင်များ၏ အာရုံကို ဆွဲဆောင်နိုင်ရန် ပြင်ဆင်ထားသည့် နည်းလမ်းတစ်ခုသာ ဆိုလျှင်တော့ ပေးလိုက်ရသည့် တန်ကြေးမှာ အလွန်တရာကိုမှ များပြားလွန်းလှသည်ဟု ပြော၍ရပေသည်။
တီယာဆီမှ ဘာပြန်ပြောသံကိုမှ မကြားရသည့်အတွက်ကြောင့် ရန်ကိုင်သည် သူ့ရင်ထဲရှိ စိုးရိမ်စိတ်ကို ချုပ်တည်းထားရင်းမှ လဓါးသွားများကို ဖန်တီး၍ နတ်ဆိုးစစ်တပ်များဆီသို့ ပစ်လွှတ်လိုက်လေသည်။
လက်ရှိအချိန်တွင်တော့ ရန်ကိုင်သည် ခုနှစ်ရောင်စဉ်ရွှံ့တုံးအား အာရုံစိုက်မနေတော့ချေ။ သူ၏စိတ်အာရုံအလုံးစုံသည် ဤနေရာတွင်ရှိနေသော နတ်ဆိုးများအား သတ်ဖြတ်ရန်သာ အာရုံရောက်နေတော့လေသည်။
သူသည် သူ့အဖွဲ့သားများ၏ ခေါင်းဆောင်ဖြစ်သည်။ ရန်ကိုင်၏ပစ်မှတ်သည် သာမန်နတ်ဆိုးစစ်သည်တော်များ မဟုတ်ကြဘဲ အနီးအနားတွင် ပုန်းအောင်းနေကြသည့် နတ်ဆိုးဘုရင်များ ဖြစ်ကြလေသည်။
ရန်ကိုင်သည် စစ်မြေပြင်ထဲ စတင်၍ ကူးကလန်ခတ် သွားလာတော့သည်။ အနန္တဓါးရောင်တစ်ချက် လက်သွားတိုင်း နတ်ဆိုးများ သေဆုံးကြရသည်။ ရန်ကိုင်ပစ်မှတ်ထားသည့် မည်သည့်နတ်ဆိုးဘုရင်မှ ရန်ကိုင်လက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။
မသိလျှင် ရန်ကိုင်သည် သေမင်းတမန်အလား။ အနန္တဓါးသည် သေမင်းတမန်မှ ကိုင်စွဲသည့် တံစဉ်သဖွယ် သားကောင်များ၏အသက်ကို ခြွေယူပစ်နေခဲ့လေသည်။
နတ်ဆိုးဘုရင်များ၏သေဆုံးမှုသည် နတ်ဆိုးစစ်တပ်များကြား ဂယက်ရိုက်သွားစေခဲ့သည်။ တစ်ဖက်တွင်တော့ ရန်ကိုင်တို့အဖွဲ့ခံစားနေရသည့် ဖိအားမှာ သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။
မရေမတွက်နိုင်သော နတ်ဆိုးများသည် ရန်ကိုင်တို့အဖွဲ့ဆီသို့ ဘက်ပေါင်းစုံမှ ပြေးဝင်လာနေကြလေသည်။ ရန်ကိုင်၏ သုံးသောင်းခန့်လောက်သာ ကျန်ရစ်တော့သော အဖွဲ့သားများမှာ ဤနတ်ဆိုးများကို မည်သည့်နည်းနှင့်မှ ယှဉ်ပြိုင်နိုင်တော့လိမ့်မည်မဟုတ်ချေ။ ရန်ကိုင်အနေဖြင့် သူ့ဘာသာတစ်ယောက်တည်း ထွက်ပြေးနိုင်မည်ဆိုလျှင်ပင် သူ၏အဖွဲ့သားသုံးသောင်းမှာတော့ ဤနေရာတွင် သေဆုံးကြရပေလိမ့်မည်။
သို့သော်ငြား ထိုစဉ်မှာပင် ဤနေရာတွင် ထူးဆန်းသည့်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ရှေးခေတ်အချိန်က ကျန်ရစ်ခဲ့သော သက်ရှိကြီးတစ်ကောင်၏ နှလုံးတစ်ခု ပြန်လည်အသက်ဝင်လာနေသည့်အလား ဒုတ် ဒုတ် မြည်သံများသည် ကြားလိုက်ရသည့်လူတိုင်း၏ ရင်အစုံကို တဒုန်းဒုန်း တုန်ခါသွားစေခဲ့လေသည်။
မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာသည် အသံကြားရာဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။
ရန်ကိုင်သည်လည်း အသံကြားရာဆီသို့ လှမ်းကြည့်လိုက်သည့်နောက် အံ့အားသင့်သွားခဲ့ရလေသည်။
အကြောင်းမှာ အစောပိုင်းက မြေပြင်ပေါ်သို့ သူပစ်ချထားခဲ့သော ခုနှစ်ရောင်စဉ်ရွှံ့ခဲမှာ စတင်၍ အသက်ဝင်လာနေပြီ ဖြစ်သည့်အတွက်ကြောင့် ဖြစ်လေသည်။ လက်ရှိအချိန်တွင် ခုနှစ်ရောင်စဉ်ရွှံ့ခဲသည် ရောင်စဉ်ခုနှစ်သွယ်တို့ဖြင့် တောက်ပနေခဲ့ပြီး အသက်စွမ်းအင်အရိပ်အယောင်တို့မှာ ရွှံ့ခဲအတွင်းပိုင်းဆီမှ စတင်၍ ထွက်ပေါ်လာနေခဲ့လေ၏။
ထိုထူးဆန်းသောအဖြစ်အပျက်သည် မျိုးနွယ်စုနှစ်ခုလုံးမှ အဖွဲ့သားများအား အံ့အားသင့်သွားစေခဲ့လေသည်။
မကြာမီ ခုနှစ်ရောင်စဉ်အလင်းတန်းတို့ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပြီး မှိန်ဖျော့ဖျော့ အစိမ်းရောင်အလင်းတစ်ခုက အစားထိုး ဝင်ရောက်လာခဲ့လေသည်။
အစိမ်းရောင်အလင်း ပျောက်ကွယ်သွားပြီးသည့်နောက်တွင် သေးငယ်သည့် အပင်ပေါက်လေးတစ်ပင် မြေကြီးထဲမှ ပေါက်လာခဲ့လေသည်။ အပင်ပေါက်လေးမှာ အလွန်တရာကိုမှ ပျော့ပျောင်းလေရာ ထိလိုက်ရုံဖြင့်ပင် ပျက်စီးသွားမလား မှတ်ရပေသည်။ ရန်ကိုင် ချက်ချင်းပဲ ထိုအပင်ပေါက်လေးဆီသို့ ရောက်လာခဲ့သည်။ ဤအချိန်တွင် အပင်ပေါက်လေးဆီမှ ထုတ်လွှတ်နေသည့် အရှိန်အဝါကို ရင်းနှီးနေသလို ခံစားလိုက်ရလေသည်။
“အလုပ်ဖြစ်တာပဲ…” တီယာသည် အစိမ်းရောင်အပင်ပေါက်လေးအား မျက်နှာသေဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။
“ငါတို့ ဒါကို အားကိုးရတော့မှာလား…” ရန်ကိုင်က မယုံသင်္ကာဖြင့် မေးခွန်းထုတ်လိုက်လေသည်။
ဤအပင်ပေါက်လေး ဘာလုပ်နိုင်မှာမို့လို့နည်း။ ဤအပင်ပေါက်လေးသည် ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသည့် လမ်းကြောင်းကို တကယ်ကြီး ချိတ်ပိတ်ပစ်နိုင်မည်လား။
ရန်ကိုင်မှာ စဉ်းစားချိန်ပင် မရှိလိုက် အပင်ပေါက်လေးသည် ရုတ်တရက် လျင်မြန်စွာ ကြီးထွားလာခဲ့လေရာ မျက်တောင်တစ်ခတ်အတွင်း ဒူးတစ်ဝက်စာ အရွယ်အစားခန့်သို့ ရောက်လာခဲ့လေသည်။
ပင်ပေါက်လေးမှာ ထိုမျှနှင့်ပင် ရပ်တန့်ခြင်းမရှိဘဲ လျင်မြန်စွာ ကြီးထွားလာနေခဲ့ရာ နောက်ထပ် အသက်တစ်ရှိုက်စာ ကြာပြီးသည့်နောက်တွင် သုံးမီတာခန့်အမြင့်ရှိသည့် အပင်တစ်ပင်အဖြစ်သို့ ကြီးထွားလာခဲ့လေသည်။ လက်ရှိအချိန်တွင် အပင်ပေါက်လေးသည် ယခင်ကကဲ့သို့ သေးသွယ်သွယ်လေး မဟုတ်တော့ဘဲ သစ်ကိုင်းသစ်ခက်များ၊ သစ်ရွက်များ ဝေဆာနေသည့် သစ်ပင်ကြီးတစ်ပင် ဖြစ်နေလေပြီ။ သို့တိုင် သစ်ပင်၏ ကြီးထွားနှုန်းမှာ ရပ်တန့်သွားခြင်းမရှိသေးချေ။
သစ်ပင်အမြစ်များ မြေအောက်ထဲ ပြန့်ကားထွက်လာသည်နှင့်တစ်ပြိုင်နက် မြေပြင်များ အက်ကွဲကုန်ကြလေသည်။ ရန်ကိုင်သည် နောက်သို့ဆုတ်နေရင်းမှ တဖြည်းဖြည်းနှင့် အပေါ်သို့ မော့မော့ကြည့်နေခဲ့သည်။
သုံးမီတာ၊ ဆယ်မီတာ၊ မီတာသုံးဆယ်၊ မီတာခြောက်ဆယ်၊ မီတာတစ်ရာ့ငါးဆယ်…။
အမွှေးတိုင်တစ်ချောင်းစာအတွင်းမှာပင် သေးငယ်လှသည့် အပင်ပေါက်လေးသည် မိုးထိမတတ် မြင့်မားလှသော သစ်ပင်ကြီးတစ်ပင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ မှုန်ရီအုံ့ဆိုင်းနေသော ဘေးပတ်ဝန်းကျင်တစ်ခုလုံးနှင့် မယှဉ်သာစွာပင် သစ်ပင်လေးမှာ စိမ်းစိုတောက်ပနေခဲ့လေသည်။
ဧရာမသစ်ပင်ကြီးဆီမှ ဖြာထွက်နေသည့် မြစိမ်းရောင်အလင်းရောင်သည် အသက်ရှင်ကျန်ရစ်နေသည့် ရန်ကိုင်၏အဖွဲ့သားများကို ဒိုင်းကာသဖွယ် လွှမ်းခြုံပေးထားခဲ့သည်။ ဘေးပတ်ဝန်းကျင်တစ်ခွင်တွင် ရှိနေသော နတ်ဆိုးချီများသည် ထိုမြစိမ်းရောင်အလင်းနှင့်အတွေ့တွင် သန့်စင်ခြင်းခံရကာ ပျောက်ကွယ်သွားကုန်ရလေ၏။
နတ်ဆိုးများမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်ကုန်ကြလေသည်။
“စီနီယာချင်လား…” ရန်ကိုင် ပင့်သက်ရှိုက်လိုက်လေသည်။
ယခုမှသာလျှင် သူ့ရှေ့ရှိသစ်ပင်ကြီးသည် မည်ကဲ့သို့သောသစ်ပင်ကြီးမှန်း ရန်ကိုင်နားလည်သွားရတော့သည်။ ဤသစ်ပင်သည် နှင်းရေခဲကလန်၏ ကာကွယ်သူဖြစ်သော အမြဲစိမ်းနတ်သစ်ပင်ဖြစ်လေသည်။
ထို့အတွက်ကြောင့်ပင်လျှင် ခုနှစ်ရောင်စဉ်ရွှံ့ခဲမှ ဖြာထွက်နေသည့် အသက်စွမ်းအင်ကို ရင်းနှီးနေသည်ဟု ရန်ကိုင်ခံစားနေရခြင်းပင်။ သို့သော်ငြား ခုနှစ်ရောင်စဉ်ရွှံ့ခဲသည် စီနီယာချင်နှင့် ပတ်သက်နေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
သို့သော်ငြား မီတာပေါင်းများစွာ ရှည်လျားသည့် သစ်ပင်ကြီး သူ့ရှေ့တည့်တည့်တွင် ရှိနေသည့် အခါတွင်တော့ ရန်ကိုင်မှာ ထိုသစ်ပင် မည်သည့်သစ်ပင်ဖြစ်သလဲဆိုသည်ကို ချက်ချင်း မှတ်မိသွားတော့လေသည်။
လူရိုင်းမျိုးနွယ်မှ ကမ္ဘာနှစ်ခုကြားရှိ လမ်းကြောင်းကို ချိတ်ပိတ်ရန် ကြိုးစားနေသည်မှာ စီနီယာချင်၏ အကူအညီဖြင့် ဖြစ်နေသည်။
စီနီယာချင်၏ အရွယ်အစားမှာ တဖြည်းဖြည်း ကြီးမားလာနေခဲ့ပြီး ၎င်းမှ ထုတ်လွှတ်ပေးနေသည့် မြစိမ်းရောင်အလင်းအကာအကွယ်မှာလည်း တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာနေခဲ့လေသည်။ ကြည့်ရသလောက် စီနီယာချင်သည် သူ၏ခန္ဓာကိုယ်ကို သုံး၍ ကမ္ဘာနှစ်ခုကြား ဆက်သွယ်ပေးထားသည့် အပေါက်ထဲသို့ဝင်ကာ ထိုအပေါက်ကို ချိတ်ပိတ်ပစ်မည့်ပုံပင်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၉၂)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်၏အော်သံကို ကြားလိုက်ရသည့် အတွက်ကြောင့်လားမသိ သစ်ပင်ပင်စည်၏ မျက်နှာပြင်ထက်တွင် မျက်နှာအိုကြီးတစ်ခု ပေါ်လာခဲ့ပြီး ယဲ့ယဲ့လေးပြုံးလျက် “မှော်ဆရာညို… ငါတို့ ထပ်တွေ့ကြပြန်ပြီနော်…”
“ဟုတ်တယ်… ကျုပ်တို့ ထပ်တွေ့ပြန်ပြီ… ဒါပေမယ့် အခုလိုမျိုး တွေ့ရမယ်လို့ မထင်ထားဘူး…” ရန်ကိုင်သည် သူ့မျက်နှာထက်ရှိ သွေးများကို သုတ်ရင်းမှ ပြောလိုက်လေသည်။
သစ်ပင်ပေါ်ရှိ မျက်နှာအိုကြီးက ပြန်ပြောလိုက်၏။ “ကြည့်ရတာ ငါမှန်တယ်နဲ့တူတယ်… မင်းတိုးတက်တာ အရမ်းမြန်လွန်းတယ်… နောင်အနာဂတ်က မင်းတို့ရဲ့လက်ထဲမှာ ရှိနေတော့မှာ…”
ရန်ကိုင်ခေါင်းခါလိုက်သည်။ စီနီယာချင်၏အပြောကို ပြန်ပြောရမည့်အစား ပြန်၍သာမေးလိုက်လေ၏။ “စီနီယာချင်… ခင်ဗျားက နှင်းရေခဲမြို့မှာ ရှိနေတာမဟုတ်လား… အခု ဒီကိုရောက်လာတာ ခင်ဗျားရဲ့ ဝိဉာဉ်ကိုယ်ပွားလား…”
“ဝိဉာဉ်ကိုယ်ပွား… မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး… ဒါက ဝိဉာဉ်ကိုယ်ပွားမဟုတ်ဘူး… ဒါက ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ပဲ…”
ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့လေသည်။ ချက်ချင်းပဲ တစ်ခုခုအား နားလည်သွားခဲ့ပြီး မေးလိုက်လေ၏။ “စီနီယာ… စီနီယာရဲ့အသက်ကို စတေးဖို့ လုပ်နေတာလား…”
စီနီယာချင်က အော်ရယ်မောလျက် “ကမ္ဘာလမ်းကြောင်းက အရမ်းဆန်းကြယ်လွန်းတယ်… အဲ့လမ်းကြောင်းကို ချိတ်ပိတ်နိုင်မယ့်နည်းလမ်းဆိုလို့ ဒီတစ်နည်းပဲရှိတယ်… ငါအသက်ရှင်လာတာ နှစ်တွေအများကြီးကြာနေပြီ… နတ်ဆိုးမျိုးနွယ်စုတွေ ဒီနယ်မြေကို ကျူးကျော်လာတာလဲ နှစ်ကြိမ်တိတိ မြင်ပြီးသွားပြီ… အရင်တစ်ကြိမ်တုန်းကတော့ ဘာမှမကူညီလိုက်နိုင်ပေမယ့် ဒီတစ်ကြိမ်တော့ ငါကိုယ်တိုင် အနည်းဆုံး တတ်စွမ်းသလောက် ပါဝင်ကူညီပေးချင်တယ်… တကယ်တော့ လူရိုင်းမျိုးနွယ်ကလည်း ငါ့ကို ဒီနှစ်တွေအတောအတွင်းမှာ ဂရုစိုက်ပေးခဲ့တယ်လေ…”
“အခြားနည်းလမ်းလည်း ရှိလောက်သေးတယ်မလား…” ရန်ကိုင် မျက်မှောင်ကျုံ့နေခဲ့သည်။
သစ်ပင်ပင်စည်ပေါ်ရှိ မျက်နှာအိုကြီးက ခေါင်းခါနေသည့် ပုံစံမျိုးဖြင့် ပြန်ပြောလိုက်လေသည်။ “ငါ နှင်းရေခဲမြို့ကနေ ထွက်လာပြီးသွားပြီ… အခုမှ ပြန်လှည့်လို့မရတော့ဘူး…”
ထိုအခါမှသာလျှင် စီနီယာချင် ဘာပြောချင်နေသလဲဆိုသည်ကို ရန်ကိုင်နားလည်သွားခဲ့သည်။ အမြဲစိမ်းနတ်သစ်ပင်သည် နှင်းရေခဲကလန်ကို နှစ်ပေါင်းသောင်းနှင့်ချီကြာအောင် ကာကွယ်ပေးခဲ့သည်။ ထိုနေရာမှ တစ်ခါမှပင် ထွက်ခွာခဲ့ခြင်းမရှိပေ။ ထိုသို့မထွက်ခွာရခြင်းမှာ မထွက်ခွာချင်သည့် အတွက်ကြောင့်မဟုတ်ဘဲ စီနီယာချင်မှာ ထိုနေရာရှိ နယ်မြေနှင့် ဆက်နွယ်နေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
ယခုတစ်ကြိမ်တွင်တော့ ကမ္ဘာလမ်းကြောင်းအား ချိတ်ပိတ်နိုင်ရန်အတွက် သူ့အား နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် အားဖြည့်ပေးခဲ့သော မြေကို စွန့်လွှတ်၍ သူ့အသက်စွမ်းအင်အဆီအနှစ်ကို ခုနှစ်ရောင်စဉ်ရွှံ့ခဲအသွင်သို့ ပြောင်းကာ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။
ဤသည်မှာ လုံးဝပြန်လှည့်၍မရတော့သည့် ကိစ္စတစ်ခုဖြစ်သည်။ စီနီယာချင် ဒုတိယအကြိမ် ကြီးထွားလာရခြင်းမှာ သူမသေခင်အချိန်အတွင်း သူ၏အသက်စွမ်းအင်အားလုံးကို လောင်ကျွမ်းပစ်လိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။
ရန်ကိုင်သည် အံ့ဩတကြီးဖြင့် မတ်တပ်ရပ်နေရင်းမှ ရင်ဘတ်ပေါ် လက်တစ်ဖက်တင်၍ ဦးညွှတ်လိုက်လေ၏။ “ကျုပ်တို့လူရိုင်းမျိုးနွယ်က စီနီယာချင်ရဲ့ စတေးမှုကို အမြဲတမ်း အမှတ်ရနေမှာပါ..”
စီနီယာချင်က အော်ရယ်မောလျက် “ငါ့ကို နှစ်သိမ့်ပေးနေစရာမလိုဘူး… ငါ အခုလိုမျိုးဖြစ်လာမယ်လို့ ကြိုတင်မျှော်လင့်ထားပြီးသား…” တစ်ချက်မျှရပ်ပြီးသည့်နောက် စီနီယာချင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ “အဲ့မတိုင်ခင်တော့ ငါ မင်းရဲ့အကူအညီလိုသေးတယ်…”
“စိတ်မပူနဲ့စီနီယာ… ကျုပ်တို့အဖွဲ့သားတွေ ဒီနေရာကို အတတ်နိုင်ဆုံး ကာကွယ်ပေးမှာပါ…”
“ကောင်းတယ်…” လူအိုကြီး ခေါင်းညိတ်လိုက်ပြီးသည့်နောက် ပင်စည်ပေါ်ရှိမျက်နှာ ပျောက်ကွယ်သွားခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် တီယာဘက်သို့လှည့်၍ “နင် ဘာဖြစ်လို့ ဘာမှမပြောတာလဲ…”
တီယာက ပြန်ပြောလိုက်၏။ “နင် ငါ့ကို ဘာပြောစေချင်နေတာလဲ…”
“နင် ဒီအကြောင်းကို သိနေပြီးသားလား…”
တီယာက ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်…”
ရန်ကိုင် ဇဝေဇဝါဖြစ်သွားခဲ့ပြီး တီယာ၏မျက်နှာကို သေသေချာချာ လေ့လာကြည့်လိုက်သည်။ သို့သော်ငြား တီယာမှာမူ မျက်နှာသေဖြင့်သာ ရှိနေလေ၏။ မသိလျှင် သူမနှင့် စီနီယာချင်တို့မှာ သူစိမ်းများ ဖြစ်ကြသည့်အလား။ ဤသည်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က သူတွေ့ခဲ့သည့် ကောင်မလေးနှင့် လုံးဝကို ကွာခြားပေသည်။ တီယာ၏စရိုက်သည် လုံးဝကို အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ လက်ရှိ သူ့ရှေ့တွင် ရပ်နေသည့် တီယာမှာ သူယခင်က သိခဲ့သည့် တီယာမှ ဟုတ်မှဟုတ်ပါလေစဟုပင် ရန်ကိုင် တွေးမိရသည်အထိပင်။
သို့သော်ငြား ထိုစိတ်ရှုပ်စရာအတွေးများကို ခေါင်းထဲမှ အလျင်အမြန် ဖယ်ထုတ်လိုက်ပြီးသည့်နောက် လက်ရှိတိုက်ပွဲအပေါ်တွင်သာ ပြန်လည်အာရုံစိုက်လိုက်လေသည်။
စီနီယာချင်သည် လျင်မြန်စွာ ကြီးထွားလာနေခဲ့သည်။ ရန်ကိုင်နှင့်စကားပြောနေစဉ်အတောအတွင်း အမြဲစိမ်းနတ်သစ်ပင်ကြီးသည် တစ်မိုင်အရွယ်အစားမှ နှစ်မိုင်အထိသို့ မြင့်မားလာခဲ့လေသည်။ အပေါ်သို့ မော့ကြည့်လိုက်မည်ဆိုလျှင် သစ်ကိုင်းသစ်ခက်များကို မြင်ရရုံလေးသာ မြင်ရတော့လေသည်။ သစ်ကိုင်းသစ်ခက်အားလုံးသည် ယခုအချိန်၌ တိမ်ယံထဲသို့ ထိုးဖောက်ဝင်ရောက်နေခဲ့လေပြီ။
စစ်ပွဲတွင်ရှိနေသည့် လူတိုင်းသည် ပုံမှန်မဟုတ်သည့် ထိုအဖြစ်အပျက်ကို သတိထားမိသွားကြလေသည်။
လူရိုင်းမျိုးနွယ်စုဝင်များမှာ ထိုသစ်ပင်ကြီးသည် နှင်းရေခဲမြို့၏ ကာကွယ်သူနတ်ဘုရား ဖြစ်မှန်း သိထားကြသည့်အတွက်ကြောင့် သစ်ပင်ကြီးကို မြင်လိုက်သည့်အခိုက် စိတ်လှုပ်ရှားစွာ ထအော်ကြတော့လေသည်။ ထိုသစ်ပင်ကြီးကို မြင်လိုက်သည့်အခိုက်တွင် တိုက်ခိုက်နေကြသည့် လူရိုင်းမျိုးနွယ်စုများမှာ ပိုပို၍ စိတ်အားတက်ကြွလာကြလေ၏။
စီနီယာချင်သည် နှင်းရေခဲကလန်၏ ကာကွယ်သူနတ်ဘုရားသာ ဖြစ်ပါသော်ငြား သူ၏ဂုဏ်သတင်းမှာတော့ လူရိုင်းမျိုးနွယ်စုများ၊ ကလန်များကြား အလွန်ကိုမှ ကျော်ကြားပေသည်။ မည်သူမျှ စီနီယာချင်၏ ခွန်အားအတိုင်းအဆကို သေသေချာချာ မမြင်တွေ့ခဲ့ရပါသော်ငြား စီနီယာချင်သည် မှော်သူတော်စင်တစ်ပါးနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် ပညာရှင်တစ်ဦးမှန်း လူတိုင်းသိကြသည်။
သို့သော်ငြား စီနီယာချင်မှာ လူရိုင်းမျိုးနွယ်စုဝင်တစ်ဦး မဟုတ်ချေ။ ထို့အတွက်ကြောင့် လူရိုင်းမျိုးနွယ်စုတွင် မှော်သူတော်စင်လေးပါးသာ ရှိနေရခြင်းပင်။ စီနီယာချင်သည် လူရိုင်းမျိုးနွယ်ထဲမှမဟုတ်သည့် မှော်သူတော်စင်တစ်ပါး ဖြစ်သည်ဟု ပြောနိုင်ပေသည်။
လက်ရှိအချိန်တွင် ထိုကဲ့သို့သော အားကောင်းလှသည့် မဟာမိတ်တစ်ဦးသည် သူတို့အား ဝင်ရောက်ကူညီပေးနေလေရာ လူရိုင်းမျိုးနွယ်စုဝင်များမှာ အလွန်ကိုမှ စိတ်အားတက်ကြွနေကြတော့လေသည်။
လူရိုင်းမျိုးနွယ်စုဝင်များနှင့် မတူညီစွာပင် နတ်ဆိုးများမှာတော့ သွေးပျက်ထိတ်လန့်နေခဲ့ကြလေသည်။ ထိုသစ်ပင်ကြီးသည် မည်ကဲ့သို့သောသစ်ပင်ဖြစ်သလဲဆိုသည်ကို သူတို့မသိကြ။ ထိုသို့မသိရခြင်းသည်ကပင်လျှင် သူတို့အား ပို၍ကြောက်ရွံ့နေစေခဲ့လေသည်။ အထူးသဖြင့် ထိုကဲ့သို့သော အလွန်တရာကိုမှ ကြီးမားလွန်းလှသည့် သစ်ပင်ကြီးတစ်ပင် သူတို့၏စစ်တပ်အတွင်းပိုင်းတွင် ရုတ်တရက် ပေါ်လာသည့်အခါတွင်ပင်။ ထို့အပြင် ထိုသစ်ပင်ကြီး၏အရွယ်အစားမှာ တဖြည်းဖြည်းနှင့် ဆက်လက်ကြီးမားလာနေပေသေးသည်။ ကြည့်ရသလောက် သစ်ပင်ကြီးသည် ကောင်းကင်ယံထိတိုင် ထိုးဖောက်ဝင်ရောက်ချင်နေသည့်အလား။ သစ်ပင်ဆီမှ ဖြာထွက်နေသည့် မြစိမ်းရောင်အလင်းတို့မှာလည်း ၎င်း၏စက်ကွင်းအတွင်းတွင် ရှိနေသည့် နတ်ဆိုးချီအားလုံးကို ရှင်းထုတ်ပစ်နေခဲ့လေသည်။
နတ်ဆိုးပေါင်းများစွာမှာ သစ်ပင်ကြီး ကြီးထွားနေသည်ကို ရပ်တန့်ချင်လိုသည့်အလို့ငှာ သစ်ပင်ဆီသို့ ပြေးဝင်သွားကြပါသော်ငြား သစ်ပင်နားတွင် စောင့်ကြပ်နေကြသော ရန်ကိုင်အဖွဲ့သားများ၏ သတ်ဖြတ်ခြင်းသာ ခံခဲ့ရလေသည်။
ရုတ်တရက်ပေါ်လာသည့် အမြဲစိမ်းနတ်သစ်ပင်ကြီး နတ်ဆိုးစစ်တပ်တစ်ခုလုံးကို ခဏမျှကြာအောင် ဝရုန်းသုန်းကား ဖြစ်သွားစေခဲ့လေသည်။
သို့သော်ငြား မကြာမီတွင် အခြေအနေမှာ တည်ငြိမ်သွားခဲ့သည်။ ကြည့်ရသလောက် အထက်ခေါင်းဆောင်များဆီမှ အမိန့်အသီးသီး ရလိုက်သည့်ပုံပင်။ နတ်ဆိုးများသည် စည်းစနစ်ကျကျဖြင့် အမြဲစိမ်းနတ်သစ်ပင်ကို စတင်၍ ဝိုင်းရံကြတော့လေသည်။
မူလက အခြားတစ်နေရာ၌ ဖြစ်ပျက်နေခဲ့သော စစ်ပွဲကြီးသည် ရုတ်တရက်ဆိုသလို ကမ္ဘာလမ်းကြောင်းအောက်ခြေဆီသို့ ရွှေ့ပြောင်းလာခဲ့လေသည်။
နတ်ဆိုးပေါင်းများစွာသည် အဆုံးမသတ်သည့် ဒီရေလှိုင်းလုံးများပမာ သူတို့ဆီသို့ အဘက်ဘက်မှ တိုးဝင်လာနေသည့်အတွက်ကြောင့် ရန်ကိုင်၏အဖွဲ့သားများမှာ အလွန်တရာကိုမှ ကြီးမားလှသည့် ဖိအားအောက်သို့ ရောက်သွားခဲ့ရလေသည်။ နတ်ဆိုးများသည် ကြောက်ရွံ့မှုဆိုသည့်စကားကို လုံးဝ မသိတော့သည့်အလား ဝိဉာဉ်ဝါးမျိုအင်းစက်များကိုပင်လျှင် ကြောက်ရွံ့ခြင်းမရှိတော့ဘဲ အရူးတစ်ပိုင်း ပြေးဝင်လာကုန်ကြလေသည်။
အားဟူ၏ဦးဆောင်မှုနှင့်အတူ ရန်ကိုင်အဖွဲ့၏ နတ်ဆိုးသားရဲစစ်တပ်သည် ဧရာမသစ်ပင်ကြီးအား စက်ဝိုင်းပုံစံလှည့်ပတ်ရင်း တိုးဝင်လာနေသမျှနတ်ဆိုးများကို သစ်ရွက်ခြောက်များနှယ် ရှင်းထုတ်ပစ်နေခဲ့လေသည်။
အသက်ရှင်ကျန်ရစ်နေသည့် ရန်ကိုင်၏လက်အောက်ငယ်သား နတ်ဆိုးဘုရင်လေးပါးမှာလည်း သူတို့အား တိုက်ခိုက်နေသည့် နတ်ဆိုးဘုရင်များလက်မှ ရုန်းထွက်လာပြီးသည့်နောက် ရန်ကိုင်တို့ဆီသို့ ပြန်ရောက်လာကြလေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် လေးဦးစလုံးမှာ အတော်လေးကိုမှ အားအင်ကုန်ခမ်းနေသည့်ပုံရကာ မျက်နှာများမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေကြ၏။
ရှယမှာ မသေခဲ့ပေ။ သို့သော်ငြား လက်တစ်ဖက်တော့ ပြတ်နေခဲ့သည်။ ပေါင်ချီကိုတော့ မတွေ့ရတော့ချေ။ ကြည့်ရသလောက် ပေါင်ချီသည် သူ့အပေါင်းအပါများ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည့်ပုံပင်။
လက်ရှိအချိန်တွင် ရန်ကိုင်အဖွဲ့ထဲ၌ အဖွဲ့သားသုံးသောင်းပင် မရှိတတ်တော့။ မှော်ဘုရင်တစ်ပါး၊ နတ်ဆိုးဘုရင်ခြောက်ပါး၊ မှော်ဝိဇ္ဇာသုံးပါးနှင့် အခြားသောအဖွဲ့သားများသာ ကျန်ရစ်ကြတော့သည်။ ဤသည်မှာ နောက်ဆုံးလက်ကျန်အင်အားစုလည်း ဖြစ်ပေသည်။ သို့သော်ငြား သူတို့ရင်ဆိုင်နေရသည်မှာတော့ ဆယ်သန်းမကသည့်နတ်ဆိုးများ ဖြစ်ကြပေသည်။ ထို့အပြင် ထိုနတ်ဆိုးများထဲ နတ်ဆိုးဘုရင်အပါးသုံးဆယ်မကလည်း ပါဝင်နေပေသေးသည်။
နှစ်ဖက်အဖွဲ့အင်အားစုအရေအတွက်မှာ လုံးဝကို မမျှတချေ။ ဤတိုက်ပွဲ၏ရလဒ်သည် နောက်ဆုံးတိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲသွားစေပေလိမ့်မည်။
ရန်ကိုင်အဖွဲ့သားအားလုံး ကိုယ့်တာဝန်ကိုယ်သိကြသည်။ ရန်ကိုင်အနေဖြင့် အမိန့်ပေးနေစရာပင်မလိုခဲ့။ အကုန်လုံးမှာ ရဲစွမ်းသတ္တိရှိရှိဖြင့် အသက်ကိုပင် ပဓာနမထားတော့ဘဲ ရန်သူများကို များနိုင်သမျှများများ သတ်ဖြတ်သွားရန်သာ ဆုံးဖြတ်ထားကြလေသည်။
ရန်ကိုင်တစ်ဦးတည်းလက်ချက်ဖြင့်ပင်လျှင် နတ်ဆိုးပေါင်းနှစ်သောင်းကျော်မက သေခဲ့ရလေသည်။ ထိုနတ်ဆိုးနှစ်သောင်းကျော်ထဲ နတ်ဆိုးဘုရင်ခြောက်ပါးပင် ပါဝင်နေခဲ့လေသည်။ သို့သော်ငြား ရန်သူအရေအတွက်မှာ အဆမတန်ကို များပြားလွန်းနေသည့်အတွက်ကြောင့် ရန်ကိုင် မည်မျှပင်အားကောင်းနေစေကာမူ ထိုလူအုပ်ကြီးတစ်ခုလုံးကို သူတစ်ယောက်တည်းဖြင့် မတားဆီးနိုင်ချေ။ ဤကဲ့သို့သော စစ်တပ်ကြီးကို တားဆီးနိုင်သည့်လူဆို၍ မှော်သူတော်စင်များသာ ရှိပေလိမ့်မည်။
တဖြည်းဖြည်းနှင့် နတ်ဆိုးများ၏ တရစပ်ဖိအားပေးမှုကြောင့် ရန်ကိုင်တို့ခုခံနိုင်သည့်ပိုင်နက်စက်ကွင်းမှာ တဖြည်းဖြည်းနှင့် ကျဉ်းမြောင်းလာခဲ့ရလေသည်။
ရန်ကိုင်အဖွဲ့သားအရေအတွက်မှာလည်း လူသုံးသောင်းမှ နှစ်သောင်း၊ နှစ်သောင်းမှ တစ်သောင်းငါးထောင်အထိသို့ လျော့ကျလာခဲ့ရသည်။
မူလက ထောင်နှင့်ချီသော အဖွဲ့သားများကို ပိုင်ဆိုင်ထားသည့် အားဟူ၏ နတ်ဆိုးသားရဲစစ်တပ်မှာလည်း တစ်ထောင်ပင် မရှိတတ်တော့သည်ထိ လျော့ကျသွားခဲ့ရလေသည်။ တစ်ဦးချင်းစီတိုင်းသည် ရန်သူများ၏သွေးများဖြင့် စိုရွှဲနေကြပြီး သူတို့ကိုင်စွဲထားသည့် လက်နက်များမှာလည်း ထပ်ကာတလဲလဲ တိုက်ခိုက်ထားရသည့်အတွက်ကြောင့် ထိခိုက်ပွန်းပဲ့နေကုန်လေ၏။
ရန်ကိုင်သည် သူအသင့်ဖော်စပ်ထားသော ဆေးလုံးများကို မှော်ဆရာဆီသို့ ဝေပေးလိုက်လေသည်။ နတ်ဆိုးဘုရင်ခြောက်ပါးသည်ပင်လျှင် ရန်ကိုင်ဆီမှ ဆေးလုံးပေါင်းများစွာ ရရှိခဲ့ကြသည်။
ယခုဆိုလျှင် ရန်ကိုင်၏အဖွဲ့သားများမှာ ဆေးလုံးကို အားကိုး၍ တောင့်ခံနေရုံသာ တတ်နိုင်ကြတော့သည်။
လက်ရှိအချိန်တွင် အမြဲစိမ်းနတ်သစ်ပင်၏ ထိပ်ဖျားသည် တိမ်ယံများကို ထိုးဖောက်၍ အောက်ကနေပင် လှမ်းမမြင်နိုင်တော့သည့်အမြင့်ထိသို့ ရောက်သွားခဲ့လေပြီ။ စီနီယာချင်ကိုသာ အချိန်လုံလောက်အောင် ပေးလိုက်မည်ဆိုပါက စီနီယာချင်သည် ကမ္ဘာလမ်းကြောင်းကို ကျိန်းသေ ဖြည့်ပေးနိုင်ပေလိမ့်မည်။
အချိန်သည်သာ ဤတိုက်ပွဲ၏ သော့ချက်ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်တို့တွင် မရှိသည်မှာလည်း အချိန်သာ ဖြစ်လေသည်။ နတ်ဆိုးမျိုးနွယ်စုသည် ရန်ကိုင်တို့အား ဤအတိုင်း ထိုင်ကြည့်နေကြမည့်လူများ မဟုတ်ကြချေ။
ပိုပို၍ ပြင်းထန်သည့် တိုက်ခိုက်မှုများမှာ မရပ်မနား ရောက်ရှိလာခဲ့လေသည်။ ရန်ကိုင်၏အဖွဲ့သားများမှာလည်း ကျားကုတ်ကျားခဲ ပြန်လည်တိုက်ခိုက်နေခဲ့ပါသော်ငြား အဆက်မပြတ်တိုးဝင်လာနေသည့် တိုက်ခိုက်မှုများကို ခုခံနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ စစ်တပ်နှစ်ခုကြား အရေအတွက်မှာ အလွန်တရာကိုမှ ကွာခြားလွန်းနေလေရာ ရန်ကိုင်တို့အဖွဲ့သားများ လုပ်နိုင်သည့်အရာ ဘာမှသိပ်မရှိတော့။
ရုတ်တရက် ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာသဖြင့် ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ တစ်ခုသောနေရာရှိ သူ့အဖွဲ့သားများ တာဝန်ယူထားသည့် နေရာမှာ ပေါက်ထွက်သွားကြောင်း တွေ့လိုက်ရလေသည်။ ထိုအပေါက်မှတစ်ဆင့် နတ်ဆိုးများမှာ ကျူးကျော်ဝင်ရောက်လာပြီး သူ့အဖွဲ့သားများကို စတင်သတ်ဖြတ်ကြတော့လေသည်။
ရန်ကိုင်သည် ထိုနေရာသို့ ချက်ချင်း တည်နေရာခုန်ကူးသွားပြီး အနန္တဓါးကို ဝှေ့ယမ်းလျက် ကျူးကျော်ဝင်ရောက်လာသည့် နတ်ဆိုးများကို သတ်ဖြတ်ရင်း သူ့အဖွဲ့သားများ ထိုနေရာအား ပြန်ဖြည့်နိုင်ဖို့ရာ အချိန်ရအောင် ကူညီပေးထားလိုက်လေသည်။
သို့သော်ငြား မကြာမီမှာပင် အခြားတစ်နေရာဆီမှ အပေါက်တစ်ပေါက် ထပ်မံဖြစ်ပေါ်လာပြန်လေ၏။
ရန်ကိုင်က လှမ်းအော်ပြောလိုက်ရာ ဖေးလီသည် ထိုနေရာဆီသို့ အပြေးသွားပြီး ကျူးကျော်ဝင်ရောက်လာနေသည့် နတ်ဆိုးများကို တားဆီးထားလိုက်လေသည်။
ထို့အပြင် နောက်ထပ် တတိယအပေါက်တစ်ပေါက် ထပ်မံဖြစ်ပေါ်လာပြန်လေ၏။
ရန်ကိုင်အဖွဲ့သားများ၏ ခံစစ်လိုင်းသည် ကျိုးနေပြီဖြစ်သော လှေငယ်လေးတစ်စင်းပမာ ဘက်ပေါင်းစုံမှ အပေါက်များ ထွက်ပေါ်လာနေခဲ့ကြလေသည်။ မရေမတွက်နိုင်သော နတ်ဆိုးများသည် ခံစစ်ပေါက်ကြောင်းများမှတစ်ဆင့် အထဲသို့ တိုးဝင်လာကြပြီး ရန်ကိုင်၏အဖွဲ့သားများကို တိုက်ခိုက်ကြသည်။ တချို့မှာတော့ အမြဲစိမ်းနတ်သစ်ပင်ဆီသို့ ပြေးဝင်သွားကြလေသည်။
အချို့သောနတ်ဆိုးများသည် သစ်ပင်အမြစ်နားတွင် စုဝေးနေကြပြီး သူတို့၏လက်နက်များကို ဒေါသတကြီးဝှေ့ယမ်းရင်း စီနီယာချင်၏ ပင်စည်ကို ခုတ်ထစ်ရန် ကြိုးစားနေကြလေသည်။ သို့သော်ငြား အများစုမှာတော့ သစ်ပင်ပေါ်သို့ ခုန်တက်၍ သူတို့၏လက်သီးများသုံးကာ သစ်ပင်ပင်စည်အား ဖျက်ဆီးရန် ကြိုးစားကြလေသည်။
ထိုလူများကိုကြည့်ရင်း ရန်ကိုင်မှာ သူ့ကိုယ်သူ ကိုယ်ပွားပေါင်း တစ်သန်းလောက်ခွဲ၍ တိုက်ခိုက်ပစ်ချင်စိတ်များသာ ပေါက်လာရတော့လေသည်။
ထိုအခိုက်အတန့်မှာပင် အပြင်ဘက်ဖျားတစ်နေရာသည် ရုတ်တရက်ဆိုသလို ဝရုန်းသုန်းကား ဖြစ်သွားတော့လေသည်။ မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာပြီး တိုက်ခိုက်သံများ ညံမစဲအောင် ထွက်ပေါ်လာခဲ့လေသည်။
မကြာမီ လူရိုင်းတစ်အုပ် ရန်ကိုင်တို့မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့လေသည်။ ထိုလူရိုင်းများကို ဦးဆောင်လာသည့်လူမှာ ရန်ကိုင်ရင်းနှီးနေသည့် မှော်ဘုရင်တစ်ဦး ဖြစ်လေသည်။ ထိုမှော်ဘုရင်သည် နှင်းရေခဲကလန်၏ မှော်ဘုရင်ဖြစ်သည့်ပုံပင်။
လွန်ခဲ့သည့်နှစ်နှစ်အတွင်း ရန်ကိုင်သည် အခြားသော မှော်ဘုရင်များစွာနှင့် အဆက်အသွယ်ရှိခဲ့သည်။ ရန်ကိုင်နှင့် ထိုမှော်ဘုရင်များကြား ရင်းနှီးသည့်ဆက်ဆံရေး မရှိပါသော်ငြား အနည်းဆုံးတော့ ထိုထိပ်တန်းခေါင်းဆောင်များကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူးပေသည်။
ရန်ကိုင်အထင်သာ မမှားလျှင် ဤမှော်ဘုရင်သည် ကျိန်းသေကို နှင်းရေခဲကလန်မှ လာခြင်း ဖြစ်ရပေမည်။
အကြောင်းမှာ ထိုမှော်ဘုရင်၏လက်တွင် ရေခဲနဂါးတက်တူးကို တွေ့လိုက်ရသည့် အတွက်ကြောင့်ပင်။ ထိုမှော်ဘုရင်သည် စစ်မြေပြင်ဆီသို့ ပြေးဝင်လာပြီး နတ်ဆိုးများကို ဝင်ရောက်ကူညီ တိုက်ခိုက်ပေးလိုက်သည့်အတွက်ကြောင့် ရန်ကိုင်အဖွဲ့သားများ ရင်ဆိုင်နေရသည့် ဖိအားမှာ အတော်လေး လျော့ကျသွားခဲ့ရသည်။
စစ်ကူများ ရောက်လာသည့်အတွက်ကြောင့် ရန်ကိုင်၏အဖွဲ့သားများမှာလည်း ယခင်ကထက်ပို၍ အားရှိလာရလေသည်။ ရောက်ရှိလာကြသည့် စစ်သည်များနှင့်အတူ ပူးပေါင်း၍ ရန်ကိုင်တို့အဖွဲ့သားများသည် သူတို့၏ခံစစ်လိုင်းကို ပြန်လည်အားဖြည့်ကြတော့လေသည်။
သို့သော်ငြား ရောက်လာသည့်လူအရေအတွက်မှာ မများလှ။ ငါးထောင်လောက်သာ ရှိပေသည်။ ထိုငါးထောင်ဟူသောပမာဏကို ဤနေရာသို့ ရောက်ရန်အတွက်ပင်လျှင် နှင်းရေခဲကလန်အဖွဲ့သားများမှာ ကြီးကြီးမားမား ပေးဆပ်ခဲ့ရပေလိမ့်မည်။
ရန်ကိုင်တို့အဖွဲ့သားများ ဤနေရာသို့ရောက်အောင် လာနိုင်ခဲ့ရခြင်းမှာ ရန်ကိုင်ကိုယ်တိုင်သည် အလွန်တရာကိုမှ အားကောင်းလှသည့် မှော်ဘုရင်တစ်ပါး ဖြစ်နေသည့်အပြင် သူ့လက်အောက်တွင် နတ်ဆိုးဘုရင်ဆယ်ပါးလည်း ရှိနေခဲ့လေသည်။ နှင်းရေခဲကလန်တွင်တော့ ထိုမျှအားကောင်းလှသည့် ပညာရှင်များလည်း ရှိမနေခဲ့ပေ။ မူလက ဤနေရာသို့ လာခဲ့သည်မှာ သူတို့၏အဖွဲ့သား တစ်သိန်းနှစ်သိန်းလောက် ရှိပေလိမ့်မည်။ သို့သော်ငြား ဤနေရာကိုမူ ငါးထောင်လောက်သာ ရောက်အောင် လာနိုင်ခဲ့ပြီး ကျန်လူအားလုံးမှာတော့ လမ်းတစ်ဝက်တွင် သေဆုံးခဲ့ရပေလိမ့်မည်။
ထို့အတွက်ကြောင့် အမြဲစိမ်းနတ်သစ်ပင်ရှေ့သို့ ရောက်ဖို့ရာ နှင်းရေခဲကလန်မှာ အလွန်ကိုမှ ကြီးမားသည့် တန်ကြေးကို ပေးဆပ်ခဲ့ရပေလိမ့်မည်။
မှော်ဘုရင်သည် ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “အခု ငါတို့ကနေ နတ်သစ်ပင်ကို ကာကွယ်ပေးရမယ့်အလှည့် ရောက်လာခဲ့ပြီ…”
အမြဲစိမ်းနတ်သစ်ပင်သည် နှင်းရေခဲမြို့တော်အား အမျိုးမျိုးသော ဘေးအန္တရာယ်များမှ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ကာကွယ်ပေးခဲ့လေသည်။ ထို့အတွက်ကြောင့် နှင်းရေခဲမြို့ထဲတွင် ရှိနေသော နှင်းရေခဲကလန်မှာလည်း အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ရှင်သန်နိုင်ခဲ့သည်။ ယနေ့တွင်တော့ နှင်းရေခဲကလန်သည် အမြဲစိမ်းနတ်သစ်ပင်အပေါ် နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် တင်ရှိခဲ့သောအကြွေးကို ပြန်လည်ပေးဆပ်နေခဲ့လေသည်။ နှင်းရေခဲကလန်သားများသည် သူတို့၏ခန္ဓာကိုယ်ကို အသုံးချလျက် အမြဲစိမ်းနတ်သစ်ပင်အား မည်သည့်နတ်ဆိုးမှ လာရောက်မထိခိုက်နိုင်အောင် ကြိုးစား၍ ကာကွယ်ပေးနေကြသည်။
“ခင်ဗျားတို့ရောက်လာတာ အချိန်ကိုက်ပဲ…” ရန်ကိုင်က ပြုံးဖြီးပြလိုက်လေ၏။
ထိုမှော်ဘုရင်က ခေါင်းပြန်ညိတ်ပြလိုက်ပြီးသည့်နောက် သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ သူခေါ်လာသည့်လူငါးထောင်မှာ ချက်ချင်း လူခွဲလျက် နေရာအသီးသီးကို သွားရောက်အားဖြည့်ပေးကြလေသည်။ ရောက်လာသည့်လူငါးထောင်အနက် လေးထောင်လောက်မှာ ခံစစ်လိုင်းကို သွားရောက်အားဖြည့်ပေးကြပြီး ကျန်သည့်လူတစ်ထောင်မှာ ကျန်နေရစ်ခဲ့လေသည်။ ရန်ကိုင်လည်း ထိုတစ်ထောင်ကို ဝေ့ကြည့်လိုက်ရာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။ အကြောင်းမှာ ထိုလူတစ်ထောင်လုံးသည် မှော်ဆရာများ ဖြစ်နေသည့် အတွက်ကြောင့်ပင်။