← Chapters

အခန်း (၂၈၉၃-၂၈၉၆)

Vol. 124 Ch. 2893-2896

အခန်း (၂၈၉၃-၂၈၉၆)

Vol. 124 Ch. 2893-2896

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၉၃)

ဘာသာပြန်သူ_တိမ်တိုက်

နှင်းရေခဲကလန်မှ မှော်ဆရာတစ်ထောင်လည်း စတင်၍ လှုပ်ရှားကြတော့လေသည်။ ထိုမှော်ဆရာတစ်ထောင်အနက် သုံးပုံတစ်ပုံသည် အမြဲစိမ်းသစ်ပင်အောက်ခြေတွင် တင်ပျဉ်ခွေထိုင်လိုက်ကြပြီး ကျန်သုံးပုံနှစ်ပုံမှာတော့ သစ်ပင်ပင်စည်ပေါ်သို့တက်ကာ သစ်လိုဏ်ဂူများကြား ပျောက်ကွယ်သွားခဲ့လေသည်။

နောက်ဆုံးကျန်ရစ်နေသည့် နှင်းရေခဲကလန်မှမှော်ဘုရင်က ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်သည်။ “ငါတို့အတွက် အချိန်နည်းနည်းဆွဲထားပေး…”

ထိုသို့ပြောပြီးသည့်နောက် သူကိုယ်တိုင်သည် သစ်လိုဏ်ဂူတစ်လုံးဆီသို့ ပြေးတက်သွားလေသည်။

အမြဲစိမ်းနတ်သစ်ပင်သည် နှင်းရေခဲကလန်ကို နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ကာကွယ်ပေးခဲ့သည်။ အမြဲစိမ်းနတ်သစ်ပင်နှင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် တစ်ဦးအပေါ်တစ်ဦး အမှီသဟဲပြုခဲ့ရသည့် အတွက်ကြောင့် ဤလောကကြီးတွင် အမြဲစိမ်းနတ်သစ်ပင်နှင့် အရင်းနှီးဆုံးလူများကို ပြောပါဆိုလျှင် နှင်းရေခဲကလန်ကိုသာ ပြောရပေလိမ့်မည်။ ထို့အတွက်ကြောင့် နှင်းရေခဲကလန်သည် စီနီယာချင်၏ခွန်အားကို အကောင်းဆုံး အသုံးချနိုင်သည့် ကလန်တစ်ခုလည်း ဖြစ်ပေသည်။

လက်ရှိအချိန်တွင် စီနီယာချင်သည် သူ့စွမ်းအင်အားလုံးကို လျင်မြန်စွာကြီးထွားရာ၌ အသုံးပြုထားခဲ့သည်။ သို့မှသာလျှင် ကမ္ဘာလမ်းကြောင်းကို လျင်မြန်စွာ ပိတ်နိုင်လိမ့်မည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူ့အား လာရောက်တိုက်ခိုက်နေကြသည့် နတ်ဆိုးများအပေါ် အာရုံစိုက်နေရန် အချိန်မရှိပေ။

သို့သော်ငြား မည်သို့ပင်ဖြစ်နေစေကာမူ စီနီယာချင်သည် မှော်သူတော်စင်တစ်ပါးနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် နှင်းရေခဲကလန်သားများမှာ စီနီယာချင်၏စွမ်းရည်အချို့ကို သုံးကာ တိုက်ခိုက်လာနေကြသည့် နတ်ဆိုးများကို ခုခံနိုင်ကြပေသည်။ သို့သော်ငြား ဤသည်မှာ နှင်းရေခဲကလန်၏ တားမြစ်ပညာရပ်တစ်ခု ဖြစ်သည့်အတွက်ကြောင့် ထိုပညာရပ်ကို ထုတ်သုံးခြင်းအတွက် ကြုံရမည့်ဘေးထွက်ဆိုးကျိုးမှာ အလွန်ကိုမှ ပြင်းထန်ပေၐလိမ့်မည်။

ရန်ကိုင်မှ စီနီယာချင်၏အတွေ့အကြုံများကို ရရှိထားသည့်အတွက်ကြောင့် တားမြစ်ပညာရပ်အကြောင်းကို သေချာသိထားပေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် နှင်းရေခဲကလန်သားများ လုပ်နေသည်ကို မြင်ပြီးသည့်နောက် သူတို့ဘာကြံနေသလဲဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် အလေးအနက်အမူအယာဖြင့် အခြားသောအဖွဲ့သားများဘက်သို့လှည့်၍ ဆက်လက်တိုက်ခိုက်ထားကြရန် အော်ပြောလိုက်လေသည်။

နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုများမှာ အချိန်နှင့်အမျှ ပိုပို၍ ပြင်းထန်လာနေခဲ့သည်။ သို့သော်ငြား ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ အကူအညီကြောင့် ရန်ကိုင်၏အဖွဲ့သားများမှာ ဆက်လက်ထိန်းထားနိုင်ခဲ့သေးသည်။ လက်ရှိအချိန်တွင် မှော်ဆရာများ၏ မျက်နှာများမှာ အလွန်ကိုမှ ဖြူလျော်နေကြပြီး သူတို့၏ခြေထောက်များမှာလည်း ပျော့ခွေကျလုမတတ် ဖြစ်နေခဲ့လေသည်။ ထိုလက္ခဏာများမှာ သူတို့၏ မှော်စွမ်းအားကို အလွန်အကျွံအသုံးပြုခြင်း၏ လက္ခဏာများသာ ဖြစ်ကြလေသည်။ သို့သော်ငြား တိုက်ပွဲမှာ ပြီးပြတ်ခြင်း မရှိသေးသည့် အတွက်ကြောင့် အံကြိတ်ကာ မှော်မန္တန်များကို ဆက်လက်၍ ရွတ်ဆိုနေရလေသည်။ ရန်ကိုင်သည်လည်း မည်သည့်စွမ်းအားကိုမှ ထိန်ချန်ထားခြင်းမရှိဘဲ လဓါးသွားများကို အဆက်မပြတ် ထုတ်သုံးရင်းမှ ရာနှင့်ချီသော နတ်ဆိုးများကို သတ်ဖြတ်ပစ်နေခဲ့လေသည်။

ရုတ်တရက်ဆိုသလို အမြဲစိမ်းနတ်သစ်ပင်ကြီး ယိမ်းထိုးလာခဲ့လေသည်။ သစ်ပင်ကြီး ယိမ်းထိုးနေသည်မှာ ပိုပို၍ ပြင်းထန်လာခဲ့ပြီး သစ်ရွက်များမှာလည်း တဖွဲဖွဲ ကြွေကျလာကုန်ကြလေသည်။ ထို့အပြင် အမြဲစိမ်းနတ်သစ်ပင်၏ သစ်ကိုင်းများနှင့် သစ်ရွက်တော်တော်များများမှာ အလွန်ကိုမှ လျင်မြန်သည့်နှုန်းဖြင့် ညှိုးကျလာနေခဲ့၏။

“မှော်ဆရာညို… မြေအောက်ထဲမှာ…” နှင်းရေခဲကလန်မှ မှော်ဘုရင်၏အသံ သစ်ပင်ပင်စည်ဆီမှ ထွက်ပေါ်လာခဲ့သည်။

သဲနတ်ဆိုးများသည် အမြဲစိမ်းနတ်သစ်ပင်၏ အမြစ်များကို မြေအောက်ထဲမှနေ၍ ဖျက်ဆီးပစ်နေခြင်း ဖြစ်လေသည်။

ရန်ကိုင်သည် သူ့အဖွဲ့သားများကြားထဲရှိ တစ်ဦးဆီသို့ လှမ်းကြည့်၍ အော်ပြောလိုက်လေ၏။ “အာဆာခဲ…”

ရန်ကိုင်၏အဖွဲ့သားများနှင့်အတူ နတ်ဆိုးများကို ခုခံနေသည့် ထိုလူသည် ရန်ကိုင်၏စကားကို ကြားသော် ချက်ချင်း အဖွဲ့ထဲမှ ထွက်လာခဲ့သည်။ ထို့နောက် သဲပုံအဖြစ်သို့ပြောင်း၍ မြေအောက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

အာဆာခဲသည် ရန်ကိုင်၏လက်အောက်ခံနတ်ဆိုးဘုရင်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်ကာ သူ့ခွန်အားသည် နတ်ဆိုးဘုရင်ဆယ်ပါးအနက် အလယ်အလတ်အဆင့်ထဲ ပါပေသည်။ ထို့အပြင် အာဆာခဲသည် မြေလျှိုးသည့်ပညာရပ်ကို အထူးကျွမ်းကျင်သည့် သဲနတ်ဆိုးတစ်ကောင်လည်း ဖြစ်ပေသည်။ သူ့မွေးရာပါပညာရပ်ကြောင့် အာဆာခဲသည် မြေကြီးထဲတွင် ပေါ့ပေါ့ပါးပါး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပေသည်။

လက်ရှိအချိန်တွင် မြေအောက်ထဲတွင် သောင်းကျန်းနေသည့် သဲနတ်ဆိုးများမှာ သူ၏မျိုးနွယ်များ ဖြစ်ကြလေသည်။ ထို့အတွက်ကြောင့် ထိုမျိုးနွယ်များကို သူကိုယ်တိုင် သွားရှင်းပစ်သည်မှာ အကောင်းဆုံးသာ ဖြစ်လေသည်။

သူထင်ထားသည့်အတိုင်းပင် အာဆာခဲ မြေအောက်ထဲသို့ တိုးဝင်သွားသည်နှင့်တစ်ပြိုင်နက် အော်ဟစ်သံများစွာ အောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ကြည့်ရသလောက် အာဆာခဲ၏တိုက်ခိုက်မှုကြောင့် သဲနတ်ဆိုးများ ဒုက္ခလှလှနှင့် တွေ့နေသည့်ပုံပင်။ ထို့အတွက်ကြောင့် အမြဲစိမ်းနတ်သစ်ပင်၏ ယိမ်းထိုးနေသည့်နှုန်းမှာလည်း အတော်အတန်ကို လျော့ကျသွားခဲ့ရလေသည်။

သို့သော်ငြား မကြာမီတွင် အာဆာခဲမှာ သူ့ပြိုင်ဘက်တစ်ဦးနှင့် သွားတိုးကြောင်း ရန်ကိုင် တွေ့ရှိသွားခဲ့ရသည်။ ပြိုင်ဘက်သဲနတ်ဆိုးများကြားတွင် သဲနတ်ဆိုးဘုရင်တစ်ပါး ပေါ်လာခဲ့လေသည်။ ထိုသဲနတ်ဆိုးဘုရင်သည် အာဆာခဲထက်ပင် ပို၍အားကောင်းနေရာ အာဆာခဲမှာ အောက်စည်းသို့ ရောက်သွားခဲ့ရလေ၏။

ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်သည် အသက်ကိုပြင်းပြင်းရှူ၍ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်သည်။ ထို့နောက် သူ့ကောင်းကင်စိတ်အာရုံကို အမှတ်တစ်ခုတည်းပေါ် စုစည်းချလိုက်ကာ ရန်ကိုင်၏ကောင်းကင်စိတ်အာရုံသည် အလွန်ကိုမှစူးရှသည့် ဓါးသွားတစ်ခုအသွင်သို့ ပြောင်းလျက် မြေအောက်ထဲသို့ တိုးဝင်သွားခဲ့လေ၏။

မြေသားထုကြီး ခံနေသည့်အတွက်ကြောင့် ရန်ကိုင်၏တိုက်ခိုက်မှုမှာ အကြီးအကျယ်ကို လျော့ကျသွားခဲ့ရသည်။ သို့သော်ငြား ထိုမျှ လျော့ကျသွားခဲ့ရသည့်တိုင် ရန်ကိုင်၏တိုက်ကွက်သည် အာဆာခဲအဖို့ သူ့ရန်သူကို သတ်နိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးသွားခဲ့လေသည်။

သူ့ဘက်မှ ဝင်ကူညီပေးလိုက်သည့်နောက် အာဆာခဲမှာ သူ့ပြိုင်ဘက်အား အောင်မြင်စွာ သတ်ဖြတ်ပစ်လိုက်နိုင်ကြောင်းကို တွေ့ရှိသွားခဲ့ရသည်။

ရန်ကိုင် ခေါင်းပြန်မော့ကြည့်လိုက်သည့်အခိုက် သူ့အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ အကြောင်းမှာ သူ့အဖွဲ့သားများ၏ ခံစစ်လိုင်းမှာ နောက်တစ်ကြိမ် ကျိုးပျက်သွားပြီ ဖြစ်သည့်အတွက်ကြောင့်ပင်။ ယခုတစ်ကြိမ်မှာတော့ ယခင်တစ်ကြိမ်ကထက်ပင် ပိုဆိုးနေပေသေးသည်။ ယခင်တစ်ကြိမ်က လှေပေါ်တွင် ရေများယိုဝင်လာသည့် အပေါက်တစ်ပေါက် ဖြစ်လာသည်ဟုဆိုလျှင် ယခုတစ်ကြိမ်တွင်တော့ လှေသည် စတင်အက်ကွဲလာပြီး အချိန်မရွေးပျက်စီးတော့မည့် အရေးနှင့် ကြုံနေရသည့် အခြေအနေဟုပင် ပြော၍ရပေသည်။

နတ်ဆိုးများသည် ဟိန်းဟောက်အော်ဟစ်ကြရင်း ဘက်ပေါင်းစုံဆီမှ ဒီရေလှိုင်းလုံးများသဖွယ် တိုးဝင်လာနေခဲ့သည်။ ရန်ကိုင်၏အဖွဲ့သားများ မည်သို့ပင် ကြိုးစားနေစေကာမူ ထိုနတ်ဆိုးအားလုံးကို တားဆီးနိုင်ခဲ့ခြင်းမရှိပေ။ ရန်ကိုင်သည်တစ်ယောက်တည်းသည်သာ တောင်တစ်လုံးနှယ် မားမားမတ်မတ် ကျန်နေရစ်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော်ငြား သူတစ်ဦးတည်းသည် ထိုနတ်ဆိုးအားလုံးကိုမှ မခုခံနိုင်လေဘဲ။

“မင်း ငါ့ကို ကူညီပေးမှာလား…” ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို ကိုင်ရင်းမှ အော်ပြောလိုက်သည်။ သူသည်သာ သေချာရေရာသည့် အဖြေတစ်ခု မရပါက မတတ်သာသည့်အဆုံးတော့ ဘာကိုမှမစဉ်းစားတော့ဘဲ တိုက်ခိုက်ရပေတော့မည်။ တောင်နဲ့မြစ်ခေါင်းလောင်း၏ စွမ်းအားမှာ အလွန်ကိုမှ ပြင်းထန်လွန်းလှသည်။ သူကိုယ်တိုင်သည်ပင်လျှင် ဤခေါင်းလောင်းအား အပြည့်အဝ အသုံးမချနိုင်သေးချေ။ ဤခေါင်းလောင်း၏စွမ်းအားကိုသာ ဘာကိုမှငှဲ့ကွက်ခြင်းမရှိဘဲ ထုတ်ဖော်လိုက်မည်ဆိုပါက အသက်ရှင်ကျန်ရစ်နေသည့် ရန်ကိုင်၏အဖွဲ့သားများသည်ပင်လျှင် အခန့်မသင့်ပါက အသတ်ခံရနိုင်ပေသည်။

ရန်ကိုင်သည် သူ့အဖွဲ့သားများကို ပြန်သတ်ပစ်ရသည့် အခြေအနေမျိုးနှင့် မကြုံချင်ချေ။ ထို့အတွက်ကြောင့် အခြေအနေမှာ သူတို့ဘက် အလေးမသာသည့်တိုင် ရန်ကိုင်မှာ တောင်နဲ့မြစ်ခေါင်းလောင်းကို တစ်ခါမှ မသုံးခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား လက်ရှိအချိန်သည် သူ့အား ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ပေးမနေခဲ့ချေ။

မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာခဲ့။ ပိုမိုမြန်ဆန်သည့် နတ်ဆိုးများမှာ အမြဲစိမ်းနတ်သစ်ပင်၏ အမြစ်များဆီသို့ ရောက်ခါနီးပင် ဖြစ်နေခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း အရောင်တလက်လက် လက်သွားခဲ့သည်။ ခေါင်းလောင်းမျက်နှာပြင်ပေါ်ရှိ ဆန်းကျယ်နက်နဲလှသော အင်းကွက်များသည် ရှေးဟောင်းဆန်သည့် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လာခဲ့လေသည်။

ထိုအခိုက်အတန့်မှာတွင် အမြဲစိမ်းနတ်သစ်ပင်သည် ရုတ်တရက် ယိမ်းထိုးသွားခဲ့ပြီး သစ်ပင်ပေါ်မှ သစ်ကိုင်းတစ်ကိုင်း ပျံဆင်းလာခဲ့လေသည်။ ထိုသစ်ကိုင်း၏အရှည်ကိုတော့ မသိရပါသော်ငြား သစ်ကိုင်း၏အထူမှာတော့ လူတစ်ဦး၏ ရင်ဘတ်တစ်ခုစာမျှ ထူထဲလှသည်။ လက်ရှိအချိန်တွင် သစ်ကိုင်းမှာ အိပ်စက်နေရာမှ နိုးထလာသည့် နဂါးတစ်ကောင်ပမာ လူးလွန့်ရင်း အောက်သို့ဆင်းလာနေခဲ့သည်။ ထိုသစ်ကိုင်းသည် လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးအားလုံးကို ရှင်းထုတ်ပစ်သွားခဲ့လေသည်။ မည်သည့်နတ်ဆိုးမှ သစ်ကိုင်း၏စွမ်းအားကို ခုခံနိုင်ခဲ့ခြင်း မရှိခဲ့။ အချို့သောနတ်ဆိုးများသည် သွေးမြူအဖြစ်သို့ တိုက်ရိုက်ပေါက်ကွဲထွက်သွားခဲ့ပြီး အချို့မှာတော့ ဆိုးဆိုးရွားရွားကို ဒဏ်ရာရသွားကုန်ကြလေသည်။ သစ်ကိုင်း၏ ရိုက်ချက်သည် မည်မျှပြင်းထန်သလဲဆိုလျှင် နတ်ဆိုးများ၏ရင်ဘတ်များ ချိုင့်ဝင်ကုန်ကြပြီး အရိုးများ သွင်သွင်ကျိုးကုန်ကြရသည်။ မသေသည့်နတ်ဆိုးများသည်ပင်လျှင် သစ်ကိုင်း၏ရိုက်နှက်ခြင်း ခံလိုက်ရပြီးသည့်နောက် သင်္ချိုင်းကုန်းခြေတစ်လှမ်းသွားရသည့်အလား အသက်မျော့မျော့လေးသာ ကျန်ရစ်တော့လေသည်။

ထောင်နှင့်ချီသော နတ်ဆိုးများမှာ သေလျှင်သေ မသေလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကုန်ကြရသည်။

ရန်ကိုင်၏ ခံစစ်လိုင်းကို ချိုးဖောက်၍ ကျူးကျော်ဝင်ရောက်လာကြသည့် နတ်ဆိုးများမှာ ထိုရုတ်တရက်ထွက်ပေါ်လာသည့် သစ်ကိုင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပြီး အလိုလို နောက်ပြန်ဆုတ်မိသွားကြလေသည်။ လက်ရှိအချိန်တွင် နတ်ဆိုးတစ်ကောင်ချင်းစီတိုင်း၏အကြည့်သည် သူတို့အား အမှိုက်များပမာ လှည်းကျင်းထုတ်နေသည့် သစ်ကိုင်းဆီသို့သာ ရောက်ရှိနေကြလေသည်။

“ရွှစ်… ရွှစ်… ရွှစ်…”

သစ်ကိုင်းပေါင်းများစွာသည် သစ်ပင်ထက်ဆီမှ ကျာပွတ်ရှည်များနှယ် အောက်သို့ဆင်းလာကြပြီး အမှိုက်များကို လှည်းကျင်းနေသည့်နှယ် အမြဲစိမ်းနတ်သစ်ပင်ဆီသို့ စုပြုံဝင်လာကြသော နတ်ဆိုးများကို ရှင်းထုတ်ပစ်နေခဲ့လေသည်။ ထိုကျာပွတ်ရိုက်ချက်များသည် တိုးဝင်လာသမျှ နတ်ဆိုးအားလုံးကို ရှင်းထုတ်ပစ်နေလေရာ အမြဲစိမ်းနတ်သစ်ပင်၏ တစ်မိုင်အတွင်းတွင် ရှိနေသော နတ်ဆိုးများအားလုံးမှာ ကျာပွတ်ရိုက်ချက်များကြောင့် သေလျှင်သေ မသေလျှင် ဆိုးဆိုးရွားရွားဒဏ်ရာရကာ လွင့်စင်ထွက်သွားကုန်ကြလေသည်။

နတ်ဆိုးများအားလုံးမှာ ရှင်းပစ်ခံလိုက်ရပါသော်ငြား နှင်းရေခဲကလန်သားများနှင့် ရန်ကိုင်၏အဖွဲ့သားများမှာတော့ အကောင်းအတိုင်းသာ ရှိနေကြလေသည်။

လူရိုင်းများမှာ ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားကုန်ကြပြီး ရန်ကိုင်မှာလည်း တောင်နဲ့မြစ်ခေါင်းလောင်းကို ချက်ချင်း ပြန်သိမ်းလိုက်လေသည်။ နှင်းရေခဲကလန်သားများမှာ အမြဲစိမ်းနတ်သစ်ပင်၏စွမ်းအားကို စတင်၍ ယူငင်အသုံးချနေပြီမှန်း သဘောပေါက်လိုက်သည်။

ထိုကဲ့သို့သောစွမ်းအားမျိုး သူတို့အား နောက်ခံပေးထားလေရာ နတ်ဆိုးများအနေဖြင့် သစ်ပင်နားဆီသို့ ဆက်လက်၍ ချဉ်းကပ်လာနိုင်တော့လိမ့်မည်မဟုတ်ချေ။ အမြဲစိမ်းနတ်သစ်ပင်သည် သူတော်စင်တစ်ပါးနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် တည်ရှိမှုတစ်ခုဖြစ်လေရာ ၎င်း၏စွမ်းအားသည် သာမန်နတ်ဆိုး သို့မဟုတ် နတ်ဆိုးဘုရင်သည်ပင်လျှင် ခုခံနိုင်သည့် အရာမျိုးမဟုတ်ချေ။ တစ်ခုသာရှိပေသည်။

ရုတ်တရက်ဆိုသလို ဧရာမလက်ဝါးကြီးတစ်ခု ကောင်းကင်ထက်တွင် ထွက်ပေါ်လာခဲ့သည်။ ထိုလက်ဝါးမှာ မည်မျှကြီးမားသလဲဆိုလျှင် ကောင်းကင်တစ်ခုလုံးကိုပင်လျှင် ဖုံးကွယ်သွားသယောင် ထင်မှတ်ရပေသည်။ ထိုလက်ဝါးထွက်ပေါ်လာမှုသည် လက်ရှိအခြေအနေကို အပြောင်းလဲကြီး ပြောင်းလဲသွားစေခဲ့သည်။ ထိုလက်ဝါးချက်ကြီးသည် အမြဲစိမ်းနတ်သစ်ပင်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် ချိုးချပစ်မည့်အလား အမြဲစိမ်းနတ်သစ်ပင်၏ ထိပ်ဖျားဆီသို့ တိုးဝင်သွားခဲ့လေသည်။

နတ်ဆိုးများကို ရှင်းထုတ်ပစ်နေသည့် သစ်ကိုင်းသစ်ခက်များမှာလည်း ထိုချဉ်းကပ်လာနေသည့် အန္တရာယ်ကို သတိပြုမိသည့်အလား ချက်ချင်းပဲ ကောင်းကင်ထက်ရှိ လက်ဝါးချက်ကြီးဆီသို့ တိုးဝင်သွားလေသည်။

ရန်ကိုင်သည်လည်း ထိုလက်ဝါးချက်ကို မော့ကြည့်နေရင်းမှ ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက်တွင် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ဧရာမလက်ဝါးကြီးသည် တိုးဝင်လာနေသည့် သစ်ကိုင်းသစ်ခက်များစွာကို လွင့်စင်ထွက်သွားစေခဲ့လေသည်။ တစ်ချိန်တည်းတွင် အမြဲစိမ်းနတ်သစ်ပင်၏ သစ်ပင်ပင်စည်ထက်မှ ငြီးသံများ ထွက်ပေါ်လာခဲ့လေသည်။ ကြည့်ရသလောက် နှင်းရေခဲကလန်မှ မှော်ဆရာများ ဒဏ်ရာရသွားကြသည့်ပုံပင်။

သစ်ကိုင်းသစ်ခက်ပေါင်းများစွာ၏ တားဆီးခြင်း ခံလိုက်ရသည့်နောက်တွင် လက်ဝါးချက်ကြီး ထိုးဆင်းလာနေသည့်နှုန်းမှာ နှေးကျသွားခဲ့ရလေသည်။ သို့သော်ငြား လက်ဝါးချက်ကြီးမှာတော့ ပျက်စီးသွားခဲ့ခြင်းမရှိသေး။

ထိုအခိုက်အတန့်မှာပင်လျှင် ရန်ကိုင်သည် အမြဲစိမ်းနတ်သစ်ပင်နှင့် လက်ဝါးချက်ကြီးကြားတွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ သူ့လက်ထဲတွင် ခေါင်းလောင်းလေးတစ်လုံးမှာ လျင်မြန်စွာ လည်ပတ်နေခဲ့ပြီး မကြာမီ ဧရာမခေါင်းလောင်းကြီးအသွင်သို့ ပြောင်းလဲသွားကာ သစ်ပင်ထိပ်ဖျားပိုင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

“ဒေါင်…”

နားကွဲမတတ် ခေါင်းလောင်းသံအကျယ်ကြီး ထွက်ပေါ်လာခဲ့ပြီး တောင်နဲ့မြစ်ခေါင်းလောင်း၏ ပုံရိပ်ယောင်တို့ ပျက်စီးသွားခဲ့ရသည်။ ရန်ကိုင်သည်လည်း သွေးအပွက်ပွက်ထိုးအန်ရင်း ဥက္ကာခဲတစ်စင်းပမာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားခဲ့ရလေသည်။

သို့သော်ငြား တောင်နဲ့ခေါင်းလောင်း၏ တန်ပြန်စွမ်းအားကြောင့် လက်ဝါးချက်ကြီးမှာလည်း ပျောက်ကွယ်သွားခဲ့ရလေ၏။

“အို…” အံ့အားသင့်နေသည့် အသံတစ်သံနှင့်အတူ လူတစ်ဦး လေထဲ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုလူသည် ရန်ကိုင်ကိုငုံ့ကြည့်လိုက် အမြဲစိမ်းသစ်ပင်ကို လှမ်းကြည့်လိုက် လုပ်နေရင်းမှ သူ့မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်ရင်းမှ ပေါ်လာသည့်လူအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်၍ အံကြိတ်ကာ အော်ပြောလိုက်လေသည်။ “မိုတော့…”

ရန်ကိုင်၏အသံမှာ ကျယ်လောင်ခြင်းမရှိပါသော်ငြား စစ်ပွဲတွင်ရှိနေသည့်လူတိုင်း ကြားလိုက်ရပေသည်။ မိုတော့၏နာမည်သည် လူရိုင်းများ၏ရင်ထဲ အကြောက်တရား ကိန်းသွားစေခဲ့သည်။ ယခုလေးတင် ဒုက္ခလှလှနှင့် တွေ့နေကြသည့် နတ်ဆိုးများမှာတော့ မိုတော့ ရောက်လာပြီမှန်း ကြားလိုက်ရသည့်နောက် စိတ်အားတက်ကြွလာကုန်ကြလေသည်။

“နေပါဦး… မင်းရဲ့နာမည်ကို ဘယ်လိုခေါ်တာပါလိမ့်…” မိုတော့သည် လက်နောက်ပစ်နေရင်းမှ ရန်ကိုင်ကိုစိုက်ကြည့်လျက် အတွေးနက်နေဟန်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက်တွင် မှတ်မိသွားသည့်အလား “ဟုတ်သားပဲ… မင်းနာမည်က မှော်ဆရာညိုပဲ…”

ရန်ကိုင်သည် ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “နတ်ဆိုးသူတော်စင်တစ်ပါး ကျုပ်နာမည်ကို မှတ်မိနေလိမ့်မယ်လို့ မထင်ထားဘူး…”

မိုတော့က ရယ်သွမ်းသွေးလျက် “ထူးခြားတဲ့လူတွေအကုန်လုံးကို ငါ အမြဲတမ်းမှတ်မိတယ်…”

ရန်ကိုင်သည် အဝေးတစ်နေရာတွင် ဖြစ်ပွားနေသော စစ်မြေပြင်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်လေသည်။ “နတ်ဆိုးသူတော်စင်တွေက အဲ့မှာတိုက်ခိုက်နေရမှာမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ခင်ဗျားက ဒီလိုရောက်နေရတာလဲ… ခင်ဗျားအဖွဲ့သားတွေရဲ့အသက်တွေကို ဂရုမစိုက်တော့တာလား…”

“သူတို့အသက်တွေကို ငါဂရုစိုက်နေစရာမလိုဘူး… အခု စိတ်ပူသင့်တာက မင်းပဲ…”

ရန်ကိုင်စိတ်ထဲ ကြိတ်၍ဆဲရေးနေခဲ့လေသည်။ မှော်သူတော်စင်ရှုသည် နတ်ဆိုးသူတော်စင်တစ်ပါးကို ဤနေရာသို့ မည်ကဲ့သို့များ ရောက်လာစေရသလဲဟု ကြိတ်ကာ အပြစ်တင်နေမိလေသည်။ မှော်သူတော်စင်လေးပါးသည်သာ နတ်ဆိုးသူတော်စင်ငါးပါးကို ထိန်းထားနိုင်သရွေ့ ဤတိုက်ပွဲအတွက် သူတို့တွင် မျှော်လင့်ချက်ရှိသည်ဟု ပြော၍ရပေသည်။

ရန်ကိုင်၏အဖွဲ့သားများသည် အမြဲစိမ်းနတ်သစ်ပင်အား ဤနေရာသို့ အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့ပြီး အမြဲစိမ်းနတ်သစ်ပင်ကို ဤနေရာတွင် အမြစ်ပေါက်စေခဲ့လေသည်။ ယခုဆိုလျှင် အမြဲစိမ်းနတ်သစ်ပင်အဖို့ ကမ္ဘာလမ်းကြောင်းကို ချိတ်ပိတ်ဖို့ရာ အချိန်သာ လိုအပ်တော့သည်။

သို့သော်ငြား မိုတော့၏ ရုတ်တရက်ရောက်ရှိလာမှုသည့် ဤနေရာတွင်ရှိနေသော လူတိုင်းကို ရှင်းပစ်နိုင်သည့် ကပ်ဘေးတစ်ခု ဆိုက်ရောက်လာသည့်ပမာ ဖြစ်နေခဲ့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၉၄)

ဘာသာပြန်သူ_တိမ်တိုက်

ကမ္ဘာလမ်းကြောင်းအောက်တွင် နတ်ဆိုးသူတော်စင်မိုတော့ ရုတ်တရက် ပေါ်လာခြင်းသည် လူရိုင်းမျိုးနွယ်စု၏ မျှော်လင့်ချက်ရေးတေးတေးလေးကို ပျက်စီးပျောက်ကွယ်သွားစေခဲ့လေသည်။ အမြဲစိမ်းနတ်သစ်ပင်ကိုယ်တိုင်သည်သာ မလှုပ်ရှားလာပါက ရန်ကိုင်သည်ပင်လျှင် နတ်ဆိုးသူတော်စင်၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။

သို့သော်ငြား စီနီယာချင်သည် ကမ္ဘာလမ်းကြောင်းကို ချိတ်ပိတ်ပစ်နိုင်ရန်အလို့ငှာ အစွမ်းကုန်ကြိုးစားနေရလေရာ နတ်ဆိုးသူတော်စင်တစ်ပါးနှင့် တိုက်ခိုက်ရန် မည်ကဲ့သို့များ အချိန်ရှိပါမည်နည်း။ လက်ရှိအချိန်တွင် စီနီယာချင်သည် သူ၏အသက်စွမ်းအင်ကို လောင်ကျွမ်း၍ သူ့ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ကြီးထွားအောင် လုပ်နေရသည့်အတွက်ကြောင့် အခြားကိစ္စများအပေါ် အာရုံစိုက်နေနိုင်လိမ့်မည်မဟုတ်ချေ။

“ကျုပ်က မှော်ဘုရင်တစ်ပါးပဲလေ… စီနီယာမိုတော့ ကြီးနိုင်ငယ်ညှင်း လုပ်စရာလိုလို့လား…”

“ဟား ဟား ဟား…”

မိုတော့သည် ဖော်ရွေစွာပြုံးရင်း အော်ရယ်မောလိုက်လေသည်။ သူ့အကြောင်းကိုသာ မသိထားပါက မိုတော့သည် အမှန်တကယ်ကို ဖော်ရွေပျူငှာလွန်းလှသည့် လူတစ်ယောက် ဖြစ်သည်ဟု ထင်မိသွားပေလိမ့်မည်။ “မင်းက အားနည်းတာမှမဟုတ်တာ…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒါပေမယ့် ကျုပ်က ခင်ဗျားထက် အားနည်းနေသေးတယ်လေ… ခင်ဗျားမှာလည်း ခင်ဗျားတိုက်ရမယ့် တိုက်ပွဲရှိတယ်… ကျုပ်မှာလည်း ကျုပ်တိုက်ရမယ့်တိုက်ပွဲရှိတယ်… ဘာဖြစ်လို့ ကိုယ့်ကိစ္စကိုယ်ပဲ အာရုံမစိုက်ပဲ သူများကိစ္စတွေ ဝင်ပါနေရတာလဲ…”

မိုတော့က ကူကယ်ရာမဲ့ဟန်နေဖြင့် “ငါဝင်မပါလို့လည်း မရဘူးလေ… မင်းရဲ့ဒီသစ်ပင်ကြီးက နည်းနည်းထူးဆန်းနေတယ်ကွ… ငါတို့သာ ဒီသစ်ပင်ကို ဆက်ပြီး ကြီးထွားခွင့် ပေးလိုက်လို့ရှိရင် နတ်ဆိုးနယ်မြေနဲ့ ဒီကမ္ဘာကို ဆက်သွယ်ပေးထားတဲ့လမ်းကြောင်းက ပျောက်ကွယ်သွားရတော့မှာ… ဒီတော့ ငါလည်း ဒီသစ်ပင်ကို ဖျက်ဆီးရုံပဲ ရှိတော့တာပေါ့…”

မိုတော့ပြောသည့်စကားကိုနားထောင်ရင်း ရန်ကိုင်မှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသည်။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ ကြိတ်၍ဝမ်းသာနေခဲ့သည်။

အကြောင်းမှာ မိုတော့သည် စီနီယာချင်မှ ကမ္ဘာလမ်းကြောင်းကို ချိတ်ပိတ်ပစ်နိုင်သည့် စွမ်းရည်အား ပိုင်ဆိုင်ထားသည်ကို အမှတ်မထင် ပြောလိုက်သည့် အတွက်ကြောင့်ပင်။ ယခု ရန်ကိုင်လုပ်ဖို့လိုသည်မှာ စီနီယာချင်အတွက် လုံလောက်အောင် အချိန်ဆွဲထားပေးဖို့ရာသာ ရှိတော့လေသည်။

ရန်ကိုင်က သက်ပြင်းချလျက် ကူကယ်ရာမဲ့နေဟန်ဖြင့် ဆက်ပြောလိုက်သည်။ “စီနီယာဘာပြောချင်လဲ ကျုပ်နားလည်တယ်…”

မိုတော့က ယဲ့ယဲ့လေးပြုံးရင်းမှ ခေါင်းညိတ်လျက် “မင်းသေဖို့အဆင်သင့်ဖြစ်ပြီလား…” တစ်ချက်ရပ်ပြီးသည့်နောက် မိုတော့က ဆက်၍ ပြောလိုက်လေသည်။ “တကယ်တော့ မင်း ငါ့လက်အောက်ထဲ ခိုဝင်ချင် ခိုဝင်လို့ရတယ်နော်… အဲ့ဒါဆို ငါတို့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေစရာ လိုတော့မှာမဟုတ်ဘူး…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သေလည်။ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ… ဒါပေမယ့် ကျုပ်က လူရိုင်းမျိုးနွယ်ထဲမှာ မွေးဖွားလာတာဆိုတော့ လူရိုင်းတစ်ယောက်အဖြစ်နဲ့ပဲ သေရလိမ့်မယ်… နတ်ဆိုးမျိုးနွယ်စုလက်အောက်ထဲကို ခိုဝင်မှာမဟုတ်ဘူး…”

ရန်ကိုင်၏စကားကို ကြားသော် အောက်ဘက်တွင်ရှိနေသည့် လူရိုင်းမျိုးနွယ်စုဝင်များမှာ ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်ကြလေသည်။

မိုတော့က ပုခုံးတွန့်လျက် “အဲ့လိုဆိုရင်လည်း ငါ့မှာ ရွေးစရာမရှိတော့ဘူးပေါ့… ကဲ… အပိုစကားတွေတော်လောက်ပြီ… အခု မင်းသေလို့ရပြီ…”

လက်ရှိအချိန်တွင် မိုတော့သည် သားသတ်သမားမှ ကြက်တစ်ကောင်ကို သတ်တော့မည့်အလား သူ့ပုံစံမှာ အလွန်ကိုမှ တည်ငြိမ်အေးဆေးနေခဲ့လေသည်။

သူ့စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်အား လှမ်းဖမ်းဆွဲလိုက်လေသည်။

မိုတော့၏လှုပ်ရှားမှုမှာ သာမန်လှုပ်ရှားမှုသာ ဖြစ်ပါသော်ငြား မိုတော့မှ သူ့လက်ကို ဆန့်ထုတ်လိုက်သည့်အခိုက် အနီးအနားတစ်ဝိုက်တွင်ရှိနေသော လောကနိယာမစွမ်းအားများ တုန်ခါသွားခဲ့ရလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကော်ရည်ပမာ စေးပျစ်လာသလို ရန်ကိုင်ခံစားလိုက်ရသည်။ ကြည့်ရသလောက် သူကိုယ်တိုင်သည် နွံအိုင်တစ်ခုထဲသို့ ကျဆင်းသွားသည့်အလား ရန်ကိုင်မှာ ရုန်းလေရုန်းလေ ပိုနစ်လေပင်။

နတ်ဆိုးသူတော်စင်များနှင့် မှော်သူတော်စင်များ၏ ရန်ကိုင်ခေတ်၏ မဟာဧကရာဇ်များနှင့် ယှဉ်ပြိုင်နိုင်ပေသည်။ ထိုပညာရှင်များသည် လောကကြီးနှင့် ဆက်သွယ်နိုင်သည့်အဆင့်ကို ရောက်နေပြီဖြစ်ကာ မဟာတာအိုကို ထိတွေ့နိုင်နေပြီဖြစ်သည့် လူများလည်း ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ထိုကဲ့သို့သောပညာရှင်များ၏ သာမန်တိုက်ခိုက်မှုများသည်ကပင်လျှင် မခန့်မှန်းနိုင်လောက်အောင် စွမ်းအားပြင်းထန်လွန်းလှပေသည်။

ရန်ကိုင်ဘေးပတ်လည်ရှိ လေဟာနယ်နိယာမစွမ်းအားတို့ လှုပ်ခတ်လာခဲ့ပြီး ခဏမျှကြာပြီးသည့်နောက် ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

တသဲ့သဲ့မြည်သံနှင့်အတူ ရန်ကိုင်ရပ်နေသည့်မြေပြင်ထက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ တစ်ခုခုမှာ ကျိုးကြေပျက်စီးသွားသည့် အသံမျိုးပင် ဖြစ်လေသည်။ ထိုအသံထွက်ပေါ်လာပြီးနောက် အနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်တစ်ခုလုံး ပျက်စီးပြိုကျတော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်ကို လူတိုင်းတွေ့လိုက်ကြရသည်။

မိုတော့သည် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်ရင်းမှ စိတ်ဝင်တစားဖြင့် ပြောလိုက်လေသည်။ “လေဟာနယ်ပညာရပ်တွေက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ… ငါ မင်းကိုသတ်ဖို့တောင် ပိုပြီး တုံ့ဆိုင်းလာနေရပြီ… မင်းသာ မဟာနတ်ဆိုးနတ်ဘုရားကို ကူညီနိုင်မယ်ဆိုလို့ရှိရင် ငါတို့နတ်ဆိုးတွေ အခြားကမ္ဘာကြီးဆီသွားဖို့ ပိုလွယ်သွားတော့မှာ… မင်းသာကူညီပေးရင် မဟာနတ်ဆိုးနတ်ဘုရားကိုယ်တိုင်တောင် အခြားကမ္ဘာတွေဆီ ဆင်းလာလို့ ရလောက်တယ်”

“ကျုပ်ကိုသတ်ဖို့ ဝန်လေးနေရင်လည်း မသတ်နဲ့လေ…” ရန်ကိုင်သည် နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်ပစ်ရင်းမှ အားတင်းပြုံးလျက် “ခင်ဗျား ဘာလို့ လူကြမ်းပုံစံ လုပ်ချင်ရတာလဲ… လူကောင်းတစ်ယောက်ပုံစံအတိုင်း အေးအေးဆေးဆေးလေး စကားလေးပြောပါလား… တိုက်ပွဲကိစ္စကိုတော့ အခြားသူတွေကိုပဲ စိတ်ပူခိုင်းလိုက်လေ…”

မိုတော့က ခေါင်းခါလျက် “ငါ့တာဝန်က မင်းကို သတ်ရင်သတ်၊ မသတ်ရင် ဖမ်းဖို့ပဲ။ ငါ့မှာ မင်းနဲ့ လေကုန်ခံနေဖို့ အချိန်မရှိဘူး”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ချောင်းကို တောက်ချလိုက်ရာ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားလေ၏။

ရန်ကိုင်သည် ထိုအလင်းတန်းဆီသို့ လဓါးသွားတစ်စင်း ပြန်လည် ပစ်လွှတ်လိုက်လေသည်။ တိုက်ကွက်နှစ်ခု လေထဲတွင် ထိပ်တိုက်တွေ့သွားသည့်အခိုက် တိုက်ကွက်နှစ်ခုလုံးမှာ တစ်ခုကိုတစ်ခု ချေဖျက်ကာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်က မျက်ခုံးပင့်လျက် “ဆရာ… ဒါ ခင်ဗျားရဲ့ ခွန်အားအကုန်မဟုတ်ဘူးမလား… ခင်ဗျားခွန်အားကို ထိန်ချန်ထားနေတာလား…”

“ဟား ဟား ဟား…” မိုတော့သည် ယဲ့ယဲ့လေးပြုံးလျက် နတ်ဆိုးချီကို လှည့်ပတ်လိုက်လေသည်။ ရုတ်တရက် နတ်ဆိုးချီတို့ဖြင့် ဖွဲ့စည်းထားသည့် ဧရာမဓါးသွားတစ်စင်း ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားခဲ့လေ၏။ တစ်ချိန်တည်းတွင် မိုတော့က အော်ပြောလိုက်သည်။ “ဒါ ငါ့ရဲ့ ခွန်အားအကုန်ပဲ… ငါ ဘာခွန်အားကိုမှ ထိန်ချန်ထားမနေတော့ဘူး…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ မိုတော့ပြောသည့်စကားကို သူမယုံချင်ပေ။ သို့သော်ငြား မိုတော့လိမ်နေခြင်းမဟုတ်မှန်း သူသိနေခဲ့သည်။ မိုတော့ထုတ်သုံးသည့်စွမ်းအားမှာ အတော်လေးကိုမှ အားကောင်းလှပါသော်ငြား ရန်ကိုင်မကိုင်တွယ်နိုင်သည့် အဆင့်ထိတော့ ရောက်မနေခဲ့ပေ။

လက်ရှိမိုတော့သည် သူ ဤကမ္ဘာသို့ ပထမဦးဆုံးအကြိမ် ရောက်လာစဉ်က ခွန်အားလောက်သာ ရှိနေခဲ့လေသည်။

လွန်ခဲ့သောနှစ်နှစ်ခန့်က မိုတော့ ဤကမ္ဘာထဲသို့ ရောက်လာခဲ့သည်။ ထိုစဉ်က ကမ္ဘာလမ်းကြောင်းကို ဖြတ်ကျော်ရန်အတွက် တန်ရာတန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရလေသည်။ ထို့အတွက်ကြောင့် သူ့ခွန်အားမှာ အကြီးအကျယ် လျော့ကျခဲ့ရလေရာ ရန်ကိုင်ကိုယ်တိုင်သည်လည်း ထိုအကြောင်းကြောင့်ပင်လျှင် မိုတော့လက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

နှစ်နှစ်ကြာပြီးသည့်နောက် မိုတော့သည် သူ၏အထွဋ်အထိပ်ခွန်အားသို့ ပြန်လည်ရောက်ရှိသွားသင့်ပေသည်။ သို့သော်ငြား လက်ရှိ သူထုတ်ပြနေသည့်ခွန်အားမှာ လွန်ခဲ့သောနှစ်နှစ်က သူ ဤကမ္ဘာသို့ စရောက်လာစဉ်ကခွန်အားနှင့် ဘာမှသိပ်မကွာချေ။ ကွာခြားသည်ဆို၍ မိုတော့သည် ထိုစဉ်ကလောက် အားနည်းဖျော့တော့နေခြင်း မရှိတော့ခြင်းသာ ရှိလေသည်။

နတ်ဆိုးသူတော်စင်တစ်ပါး၏ စွမ်းအားမှာ ဤကဲ့သို့ ဖြစ်မနေသင့်ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ သတိချပ်နေမိလေသည်။

ရန်ကိုင်သည် တည်နေရာခုန်ကူးရင်းမှ မိုတော့၏ တိုက်ခိုက်မှုများကို တောက်လျှောက် ရှောင်တိမ်းနေခဲ့လေသည်။

သို့သော်ငြား တစ်ခုသောအခိုက်အတန့်တွင် မိုတော့၏မျက်လုံးများ ရုတ်တရက် တောက်ပလာခဲ့ပြီး အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ လှမ်း၍ ကြည့်လိုက်လေသည်။

ထိုဟင်းလင်းပြင်ထဲတွင် ရန်ကိုင်၏အရိပ်အယောင်ကို မြင်တွေ့လိုက်ရသည်။ လေဟာနယ်ပညာရပ်များမှာ လုံးဝ ပြိုင်ဘက်ကင်းသည်တော့မဟုတ်ချေ။ ရန်ကိုင်သည် ဟင်းလင်းပြင်ထဲသို့ စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သလို တစ်နေရာမှ တစ်နေရာသို့ တည်နေရာခုန်ကူးနိုင်ပါသော်ငြား ရန်ကိုင် တစ်ကြိမ်လှုပ်ရှားလိုက်တိုင်း သဲလွန်စအချို့တော့ ကျန်ရစ်ခဲ့ပေသည်။

ထိုကဲ့သို့သော သဲလွန်စများကို ထိပ်တန်းပညာရှင်များကသာ မြင်တွေ့နိုင်လေ၏။ မိုတော့သည် ထိုကဲ့သို့သော ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်အား ရှာတွေ့သွားသည့်နောက် သူ့လက်ကို ဝှေ့ယမ်း၍ ဟင်းလင်းပြင်ထဲသို့ တိုက်ကွက်တစ်ကွက် ပစ်လွှတ်လိုက်လေ၏။

“ဘုန်း” ခနဲမြည်သံနှင့်အတူ ဟင်းလင်းပြင်တစ်ခုလုံး စုတ်ပြဲထွက်သွားခဲ့ပြီး ရန်ကိုင်၏ပုံရိပ် ဒယီးဒယိုင်ဖြင့် ပြန်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်အား ဖမ်းဆီးချင်နေသည့်အလား ပိန်းပိန်းပိတ်အောင် နက်မှောင်သည့် ပိုက်ကွန်ကြီးတစ်ခုဟာလည်း ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ လွှမ်းခြုံထားခဲ့လေ၏။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး သူ့လက်ကို ကမန်းကတန်း မြှောက်၍ အချိန်ကုန်လွန်ခြင်းပညာရပ်ကို ထုတ်သုံးလိုက်လေသည်။

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ဧရာမပိုက်ကွန်ကြီးမှာ ယာယီမျှ ရပ်တန့်သွားခဲ့ရပြီး ရန်ကိုင်မှာ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ပိုက်ကွန်၏ လွှမ်းခြုံမှုမှာ ရွှစ်ခနဲ ထွက်ပြေးသွားခဲ့လေသည်။ ရန်ကိုင် ဟန်ချက်ပြန်ထိန်းလိုက်နိုင်ချိန် သူ့ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေလေ၏။

မိုတော့မှာ နှစ်ကြိမ်ဆက်တိုက် တရစပ် တိုက်ခိုက်ခဲ့ပါသော်ငြား လိုချင်သည့်ရလဒ်ကို မရရှိခဲ့ပေ။ ထို့အတွက်ကြောင့် ကူကယ်ရာမဲ့စွာဖြင့်သာ သက်ပြင်းချလျက် “ကြည့်ရတာ ငါ့ရဲ့ခွန်အား ငါးဆယ်ရာခိုင်နှုန်းက မင်းနဲ့ရင်ဆိုင်ဖို့ မလုံလောက်ဘူးပဲ…”

“ငါးဆယ်ရာခိုင်နှုန်း…” ရန်ကိုင်သည် မိုတော့အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်၍ “ခုနတုန်းက ခင်ဗျား ခွန်အားအကုန်အစင်ကို ထုတ်သုံးနေပြီလို့ ပြောလိုက်တာမဟုတ်ဘူးလာ… အခုကျမှ ဘယ်လိုလုပ်ပြီး ငါးဆယ်ရာခိုင်နှုန်း ဖြစ်သွားရတာလဲ… ခင်ဗျားပြောတာ ဘယ်ဟာကအမှန်လဲ…”

မိုတော့က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “နှစ်ခုစလုံး အမှန်ပဲ…”

ထိုသို့ပြောပြီးသည့်နောက်တွင် တစ်ခုသောဘက်ဆီသို့ လက်ဝှေ့ယမ်းလိုက်လေ၏။

မိုတော့ နောက်ထပ်ပညာရပ်တစ်ခုခုအား ထုတ်သုံးတော့မည်ဟု အထင်ရောက်လျက် ရန်ကိုင် ချက်ချင်း သတိချပ်လိုက်လေသည်။ သို့သော်ငြား မိုတော့မှ သူ့လက်ကို ဝှေ့ယမ်းပြီးသည့်တိုင် သူ့ဆီသို့ တိုးဝင်လာနေသည့် မည်သည့်တိုက်ကွက်ကိုမှ မခံစားမိပေ။ ထို့အစား အဝေးတစ်နေရာဆီမှ အနက်ရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာခဲ့ပြီး မိုတော့၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရသည်။

ထိုအလင်းတန်း မိုတော့၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားပြီးသည့်နောက် မိုတော့၏အရှိန်အဝါသည် ရန်ကိုင်အား ခေါင်းကိုက်အောင် လုပ်နိုင်သည့် အဆင့်ထိသို့ ရောက်ရှိလာခဲ့လေသည်။

မိုတော့၏ နွေးထွေးဖော်ရွေသည့် မျက်နှာထက်တွင်လည်း ကြမ်းတမ်းခက်ထန်သည့် အရိပ်အယောင်တို့ကိုပါ မြင်တွေ့လာရလေသည်။ သူရရှိလိုက်သည့်စွမ်းအားသည် မိုတော့၏ လက်ရှိစိတ်အခြေအနေကိုပါ သက်ရောက်သွားစေသည့်အလား။ အနက်ရောင်အလင်းတန်း သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားပြီးသည့်နောက်တွင် မိုတော့သည် နှုတ်ခမ်းကိုလျှာဖြင့်သပ်ရင်းမှ ပြောလိုက်လေ၏။ “ဒါဆိုရင်တော့ ငါ့ခွန်အားရဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်း ဖြစ်သွားပြီ…”

ရန်ကိုင်က အံကြိတ်၍ ပြန်ပြောလိုက်သည်။ “ခင်ဗျားက ဝိဉာဉ်ကိုယ်ပွားလား…”

မိုတော့က ပြန်ပြောလိုက်သည်။ “ငါက ငါပဲ… ကိုယ်ပွားတွေ ဘာတွေဆိုတာ ဘာမှမရှိဘူး… ဒီမှာကလည်း ငါပဲ… ဟိုမှာကလည်း ငါပဲ…”

ဟိုမှာကလည်းငါပဲ ဆိုသည်မှာ သူတော်စင်များနှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် မိုတော့ကို ပြောနေခြင်း ဖြစ်လေသည်။

ယခုမှသာလျှင် မှော်သူတော်စင်များမှာ မိုတော့အား ထိုနေရာမှ လွတ်မလာစေခဲ့မှန်း ရန်ကိုင်နားလည်သွားခဲ့ရသည်။ မိုတော့သည် မှော်သူတော်စင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေဆဲပင်။ သို့သော်ငြား ဤနေရာသို့ ရောက်လာသည်မှာ မိုတော့၏ကိုယ်ပွားတစ်ခု ဖြစ်ဟန်တူလောက်ပေသည်။

ဤဝိဉာဉ်ကိုယ်ပွားသည် နတ်ဆိုးမျိုးနွယ်စု၏ အရေးပေါ်နည်းလမ်းများအနက် တစ်ခု ဖြစ်လောက်သည်။ ထိုဝိဉာဉ်ကိုယ်ပွားမှာ အမှန်တကယ်ကို အသုံးဝင်သည်ဟု ပြောရပေမည်။ မိုတော့သည်သာ ဝင်မရှုပ်ပါက အမြဲစိမ်းနတ်သစ်ပင်သည် မည်သည့်အနှောင့်အယှက်မှ မပါဘဲ အေးအေးဆေးဆေး ကြီးထွားလာနိုင်ပေလိမ့်မည်။ သို့သော်ငြား‌ မိုတော့ ရုတ်တရက်ပေါ်လာသည့်အတွက်ကြောင့် ရန်ကိုင်အခြေအနေသည် ရေခဲပါးပါးလေးပေါ် လမ်းလျှောက်နေရသည့်ဘဝသို့ ရောက်သွားခဲ့ရလေသည်။

လက်ရှိ ရန်ကိုင်အား ပို၍ ခေါင်းကိုက်သွားစေသည်မှာ မိုတော့၏ခွန်အားသည် သူ၏ပင်မခန္ဓာကိုယ်နှင့် ဝိဉာဉ်ကိုယ်ပွားကြားတွင် လွတ်လွတ်လပ်လပ် ကူးပြောင်းနိုင်သည့် ပုံစံမျိုး ပေါက်နေခြင်းပင်။ မိုတော့သည် သူ၏ခွန်အား ငါးဆယ်ရာခိုင်နှုန်းဖြင့် ရန်ကိုင် တည်နေရာခုန်ကူးသည်အား မတားနိုင်မှန်း သိလိုက်သော် သူ့ဝိဉာဉ်ကိုယ်ပွားထဲသို့ သူ့ပင်မစွမ်းအင်၏ ခုနှစ်ဆယ်ရာခိုင်နှုန်းကို ထပ်ဖြည့်ပေးလိုက်လေသည်။ မိုတော့သည်သာ သူ့ခွန်အားကို ဤကဲ့သို့ တရိပ်ရိပ် ထပ်မံတိုးမြှင့်နိုင်မည်ဆိုပါက မှော်သူတော်စင်များနှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် မိုတော့၏ခွန်အားမှာ သိသိသာသာကို လျော့ကျလာရပေလိမ့်မည်။

“မင်း ဘာကြံနေလဲ ငါသိတယ်…” မိုတော့က ပြန်ပြောလိုက်သည်။ “ကမ္ဘာလမ်းကြောင်းကို ချိတ်ပိတ်လို့ရအောင် မင်း ငါ့ကို အချိန်ဆွဲနေမှန်း ငါသိပြီးသား… ဒါပေမယ့် မင်း အခု အဲ့လိုမျိုး လုပ်နိုင်တော့မှာမဟုတ်ဘူး… ဘာဖြစ်လို့လဲဆိုတော့ မင်းက ငါ့ပြိုင်ဘက် မဖြစ်နိုင်တော့လို့ပဲ…”

ထိုသို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် မိုတော့သည် ရန်ကိုင်၏ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး သူ့လက်ဖြင့် ရန်ကိုင်၏ရင်ဘတ်တည့်တည့်သို့ ထိုးစိုက်ချလိုက်လေသည်။

ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ရန်ကိုင်နှင့် အဝေးတစ်နေရာတွင် ရပ်နေခဲ့သည့် မိုတော့၏ပုံရိပ်မှာ အကောင်းအတိုင်း ရှိနေဆဲ။ သို့သော်ငြား လက်ရှိအချိန်တွင် သူ့ရှေ့၌ အခြားသောမိုတော့တစ်ဦး ပေါ်လာပြီး သူ့ရင်ဘက်တည့်တည့်သို့ လက်ဖြင့် ထိုးချနေခဲ့သည်။

ရန်ကိုင်မှာ အထိတ်ထိတ်အလန့်လန့်ဖြင့် တည်နေရာခုန်ကူးရန် ကြိုးစားလိုက်ပါသော်ငြား ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချိတ်ပိတ်ခြင်း ခံထားရကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်အနေဖြင့် မည်သို့ပင်ကြိုးစားနေစေကာမူ အနည်းငယ်မျှပင် တည်နေရာခုန်ကူးနိုင်ခြင်း မရှိချေ။

မိုတော့၏နှုတ်ခမ်းလေး ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခုအသွင်သို့ တွန့်ကွေးသွားခဲ့ပြီး နတ်ဆိုးချီဖြင့် လွှမ်းခြုံနေသော သူ့လက်သည် ရန်ကိုင်၏ရင်ဘတ်အား ဖောက်ဝင်သွားခဲ့လေသည်။

သို့သော်ငြား မည်သည့်သွေးမှ ပန်းထွက်လာခဲ့ခြင်း မရှိခဲ့။ အသွေးအသားခန္ဓာကိုယ်တစ်ခုအား ထိတွေ့လိုက်ရသည့် ခံစားချက်မျိုးကိုပင် မရလိုက်သည့်အတွက်ကြောင့် မိုတော့ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထိုအခါမှသာလျှင် သူ့ရှေ့ရှိရန်ကိုင်သည် ပုံရိပ်ယောင်တစ်ခုသက်သက်သာဖြစ်မှန်း မိုတော့ နားလည်သွားခဲ့ရသည်။ သူ့လက် ဖောက်ဝင်သွားသည်မှာလည်း ထိုပုံရိပ်ယောင်သာ ဖြစ်လေသည်။

ရန်ကိုင်မှာ အလွန်တရာကိုမှ နာကျင်နေရသည့်အလား ကြောက်ရွံ့တုန်လှုပ်နေဟန်ဖြင့် နောက်သို့ ခုန်ဆုတ်လာခဲ့လေသည်။ ထိုသို့ခုန်ဆုတ်ပြီးသည့်နောက် တစ်ပြိုင်နက် တည်နေရာခုန်ကူးခြင်းပညာရပ်ကိုသုံး၍ မိုတော့၏ထိန်းချုပ်မှုမှ ရုန်းထွက်ကာ အခြားတစ်နေရာသို့ ခုန်ဆုတ်သွားခဲ့လေ၏။ ရန်ကိုင်၏ခန္ဓာကိုယ် ပြန်ပေါ်လာချိန်တွင် ရန်ကိုင်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့်အလား သွေးတစ်ပွက်ကို ထိုးအန်ချလိုက်ရလေသည်။

ထို့နောက်တွင် အသစ်ပြင်ထားသည့် ဆေးလုံးများကို ချက်ချင်းထုတ်သောက်လိုက်လေ၏။ ချွေးသီးချွေးပေါက်များမှာတော့ ရန်ကိုင်၏နဖူးထက်မှ ရေတံခွန်အား တရစပ်ကို စီးကျနေခဲ့လေသည်။

“ဒါကလည်း လေဟာနယ်ပညာရပ်တစ်ခုလား…” မိုတော့ မျက်မှောင်ကျုံ့သွားခဲ့သည်။ သူ၏တိုက်ကွက်ကို မှော်ဆရာညိုသည် သူပင် နားမလည်နိုင်သည့်နည်းလမ်းဖြင့် တန်ပြန်ပြသွားခဲ့သည်။ တစ်ဖက်လူမှာ ဒဏ်ရာရသွားခဲ့ပါသော်ငြား မိုတော့မျှော်လင့်ထားသည့် ရလဒ်နှင့်တော့ လုံးဝကို ကွဲပြားနေခဲ့လေသည်။ ဤသည်မှာ မိုတော့မြင်ချင်သည့်အရာမျိုးမဟုတ်။

“လေဟာနယ်ပညာရပ်ဆိုတာ တစ်နေရာကနေတစ်နေရာကို လှုပ်ရှားနိုင်မှ လေဟာနယ်ပညာရပ်လို့ ခေါ်တာမဟုတ်ဘူးလေ…” ရန်ကိုင်သည် ဆေးလုံးများကို ပါးစပ်ထဲသို့ ပစ်ထည့်နေရင်းမှ မိုတော့နှင့် စကားပြောကာ အချိန်ဆွဲရန် ကြိုးစားလိုက်လေသည်။ “ဒါကို ဗလာနတ္ထိပညာရပ်လို့ ခေါ်တယ်…”

“ဟင်းလင်းပြင်နဲ့ ပေါင်းစပ်သွားပြီးတော့ အားကောင်းတဲ့တိုက်ကွက်တွေကို ရှောင်တိမ်းတဲ့ပညာရပ်မျိုးပေါ့…” မိုတော့ ချီးကျူးစကား ဆိုလိုက်လေ၏။ “မဆိုးဘူးပဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ခင်ဗျားက အားကောင်းလွန်းတယ်… ခင်ဗျားရဲ့စွမ်းအားအများစုက ကျုပ်ကိုဖြတ်ကျော်သွားပေမယ့် အချို့ကတော့ ဟင်းလင်းပြင်ကို တုန်ခါစေပြီးတော့ အဲ့ဟင်းလင်းပြင်ကနေ ကျုပ်ဆီကို ပြန်ရောက်လာတယ်… ဒါကြောင့်ပဲ ကျုပ် သေခါနီး ဖြစ်သွားခဲ့ရတာ…”

“ငါသိပြီ…” မိုတော့ သဘောပေါက်သွားခဲ့လေသည်။ ထို့နောက် တွေးတွေးဆဆအမူအယာဖြင့် ဆက်ပြောလိုက်လေ၏။ “ကြည့်ရတာ မင်းကိုသတ်ဖို့က လွယ်မယ့်ပုံတော့ မပေါက်ဘူးပဲ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၉၅)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားရဲ့ခွန်အားအကုန်လုံးကို ခင်ဗျားရဲ့ဝိဉာဉ်ကိုယ်ပွားဆီ ပို့လိုက်ချင်လား… တကယ့်သူတော်စင်တစ်ပါးကိုတော့ ကျုပ် ဘယ်လိုမှ ယှဉ်တိုက်နိုင်မှာမဟုတ်ဘူး…”

“မလိုဘူး…” မိုတော့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ နတ်ဆိုးဘုရင်အဆင့်နှင့် တူညီသော လူတစ်ဦးအား သူ့ခွန်အားခုနှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြု၍ တိုက်ခိုက်ခြင်းမှာ တစ်ဖက်လူအား အတော်ကိုမှ ပစားပေးရာ ရောက်နေလေပြီ။ သူသာ သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးမည်ဆိုပါက နတ်ဆိုးသူတော်စင်တစ်ပါးဖြစ်သည့် သူ့ကဲ့သို့သောလူမျိုးအတွက် မျက်နှာပျက်စရာပင်။ မိုတော့တွင်လည်း ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် မာနတရား ရှိနေပေသေးသည်။

ပြောနေရင်းမှ သူ့လက်ထဲ အနက်ရောင်သံခွာတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်. ထိုသံခွာတစ်ခုလုံးသည် သိပ်သည်းလှသည့် နတ်ဆိုးချီများနှင့် ပြည့်နေလေရာ လူတစ်ဦး၏ စိတ်ထဲတွင် ရှိနေသော စိတ်ဆန္ဒရိုင်းများကို နှိုးဆွပေးသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသယောင် ထင်မှတ်ရလေသည်။

ထိုသံခွာကို မြင်လိုက်သည့်အခိုက် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။

ထိုသံခွာသည် လက်ရှိ သူ၏ကျောက်တုံးကိုယ်ပွားမှ ပိုင်ဆိုင်ထားသည့် နတ်ဆိုးတိုက်ပွဲတူနှင့် ဆင်တူလှသည်။ ပုံစံမှာ မတူပါသော်ငြား အရှိန်အဝါမှာတော့ တူပေသည်။ ဤသည်မှာ သူတော်စင်မှော်ရတနာတစ်ခုဖြစ်သည်။ ပေါင်ချီနှင့် အခြားသူများ ပြောလေ့ရှိသည့် သူတော်စင်မှော်ရတနာတစ်ခု ဖြစ်လောက်လေသည်။ နတ်ဆိုးနယ်မြေတွင် နတ်ဆိုးသူတော်စင်များသည်သာ ထိုကဲ့သို့သောမှော်ရတနာများကို ထိန်းချုပ်ပိုင်ဆိုင်နိုင်ကြသည်။ တစ်နည်းဆိုရသော် ဤသံခွာနှင့် နတ်ဆိုးတိုက်ပွဲတူတို့သည် အဆင့်တူမှော်ရတနာများ ဖြစ်ကြလေသည်။

ရန်ကိုင်၏အမူအယာ ရုတ်ချည်း လေးနက်သွားတော့လေသည်။

မိုတော့မှ သူ၏ နတ်ဆိုးသူတော်စင်မှော်ရတနာအား ထုတ်ယူလိုက်ခြင်းသည် သူသည် တိုက်ပွဲအား အလေးအနက်ထား၍ တိုက်ခိုက်တော့မည်ဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သတိထား၍ သေချာလှုပ်ရှားရပေတော့မည်။

သို့သော်ငြား မိုတော့မှ သံခွာကို ထုတ်ယူပြီးသည့်နောက် သူ့အား ချက်ချင်းမတိုက်ခိုက်သေးသဖြင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေသည်။ ထို့အစား မိုတော့သည် သံခွာအား သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ထဲသို့ ဝှေ့ယမ်းချလိုက်သည်။ ထို့နောက် သူ့အပေါ်ဘက်သို့လှည့်၍ ဝှေ့ယမ်းချလိုက်ပြန်လေသည်။ ထိုသို့ဖြင့် သူ့ဘယ်ဘက်၊ သူ့ညာဘက်နှင့် သူ့အောက်ဘက်အသီးသီးဘက်သို့ သံခွာဖြင့် ချိန်ရွယ်၍ ဝှေ့ယမ်းချလိုက်လေသည်။

အစပိုင်းတွင်တော့ မသိသာသေးပါသော်ငြား တဖြည်းဖြည်းနှင့် ရန်ကိုင် မျက်နှာပျက်သွားတော့သည်။ အကြောင်းမှာ မိုတော့၏လှုပ်ရှားမှုများနှင့်အတူ ပတ်ဝန်းကျင်ဟင်းလင်းပြင်သည် တဖြည်းဖြည်းနှင့် သီးခြားဟင်းလင်းပြင်တစ်ခု ဖြစ်လာသည်ကို ခံစားမိလိုက်သည့်အတွက်ကြောင့်ပင်။ လက်ရှိ ရန်ကိုင်တို့ရှိနေသည့် နေရသည် ဤကမ္ဘာကြီးထဲတွင် ရှိနေသော ဟင်းလင်းပြင်ဆီမှ တသီးတခြား ဆွဲထုတ်ခံလိုက်ရသည့်အလား။

ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်တွင် ရှိနေသော ရှုခင်းများကို မြင်နိုင်သေးပါသော်ငြား ယခင်ကကဲ့သို့ ထိုနေရာများဆီသို့ တည်နေရာခုန်ကူး၍ မသွားနိုင်တော့ချေ။

တည်နေရာခုန်ကူးခြင်းသည် အလွန်ကိုမှ ရင်ဆိုင်ရခက်သည့် ပညာရပ်တစ်မျိုးဖြစ်ပေသည်။ နတ်ဆိုးသူတော်စင်တစ်ပါးဖြစ်သော မိုတော့သည်ပင်လျှင် ရန်ကိုင်အနေဖြင့် ထိုပညာရပ်အား ထုတ်မသုံးနိုင်တော့အောင် အရင်ဦးစွာ ကြိုတင်ပြင်ရပေသည်။

ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေရင်းမှ မိုတော့သည် သံခွာကို အသာလေးမြှောက်၍ ဟင်းလင်းပြင်ကို သူ့ဆီသို့ ဆွဲယူလိုက်လေသည်။ ဝိဉာဉ်ချွေလက်နက်တစ်ခုနှင့်ဆင်တူသော ဧရာမသံခွာကြီး၏ အရိပ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့လေသည်။

သံခွာလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေပြင်သည်ပင်လျှင် ယိမ်းထိုးသွားခဲ့ရလေသည်။ အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ရပ်သည်လည်း ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့လာခဲ့လေသည်။

ရန်ကိုင်သည် အလွန်ကိုမှ လေးနက်တည်ကြည်သည့်အမူအယာဖြင့် နောက်သို့ အလျင်စလို ခုန်ဆုတ်လိုက်လေသည်။ ထို့နောက်တွင် တစ်ချက်ကလေးမှပင် သတိလက်လွတ်နေရဲခြင်းမရှိဘဲ သူ့လက်ကို ကမန်းကတန်းဝှေ့ယမ်း၍ လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်ကာ လဓါးသွားပေါင်းများစွာကို သူ့ဆီသို့ တိုးဝင်လာနေသည့် သံခွာအရိပ်ကြီးဆီသို့ ပစ်လွှတ်လိုက်လေသည်။ ရန်ကိုင်သည် ထိုမျှနှင့်ပင် ရပ်တန့်သွားခြင်းမရှိသေး လက်ကွက်များကိုထုတ်ဖော်ရင်း အချိန်ကုန်လွန်ခြင်းပညာရပ်ကိုပါ ထပ်မံအသုံးပြုလိုက်လေသည်။

အလွန်ကိုမှ နက်နဲလွန်းလှသည့် အချိန်နှင့် လေဟာနယ်နိယာစွမ်းအားတို့သည် ရှင်းပြမရသည့်ဟန်ပန်ဖြင့် အတူတကွ ပေါင်းစပ်သွားကြလေသည်။

ထိုအချင်းအရာကိုကြည့်ရင်း မိုတော့၏မျက်နှာထက် အံ့အားသင့်ရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ လက်ရှိအခြေအနေသည် သူနားလည်နိုင်သည်ထက်ကို ပို၍ ထူးဆန်းနေကြောင်း တွေ့ရှိလိုက်ရလေ၏။ အချိန်နှင့် လေဟာနယ်နိယာစွမ်းအားနှစ်ခုလုံးကို ပြိုင်တူကျင့်ကြံသည့် မည်သူ့ကိုမျှ သူမတွေ့ဖူးပေ။

ရှေးခေတ်အချိန်ကတည်းက မိုးမြေတစ်ခွင်အောက်ဝယ် မဟာတာအိုပေါင်း သုံးထောင် ရှိပေသည်။ မရေမတွက်နိုင်သော နိယာမများသည် ထိုတာအိုပေါင်းသုံးထောင်မှ အရင်းတည်၍ ဖြစ်ပေါ်လာကြသည်။ သို့သော်ငြား အချိန်နိယာမဖြစ်ပါစေ လေဟာနယ်နိယာမဖြစ်ပါစေ နှစ်ခုလုံးသည် ကံကောင်းသည့် လူအနည်းငယ်သည်သာ နားလည်တတ်ကျွမ်းနိုင်သည့်အရာများ ဖြစ်ကြသည်။ ထိုနှစ်ခုလုံးကို ကျွမ်းကျင်ထားသည့်လူဟူ၍မူ ရှိလေ့မရှိပေ။ ထိုနိယာမနှစ်ခုသည် ကံကောင်းရုံသက်သက်ဖြင့် အတူတကွလေ့လာနိုင်သည့် အရာမျိုး မဟုတ်ချေ။ ကောင်းကင်၏ ကောင်းချီးကို ရရှိထားသည့် ကောင်းကင်သားတော်များသည်သာလျှင် လေဟာနယ်နိယာမစွမ်းအားတို့ကို ပြိုင်တူ နားလည်တတ်ကျွမ်းနိုင်ကြခြင်း ဖြစ်လေသည်။

“ဘုန်း…”

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ လဓါးသွားနှင့် အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်တို့သည် အနက်ရောင်အရိပ်ခွာကြီးနှင့် ထိပ်တိုက်သွားရောက်တွေ့ဆုံလေသည်။ ထိုတိုက်ကွက်နှစ်မျိုး ထိပ်တိုက်တွေ့ဆုံရာမှ အလွန်ပြင်းထန်သည့် စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေ၏။ မိုတော့မှ သီးခြားခွဲထုတ်ထားသည့် ဟင်းလင်းပြင်မှာလည်း အဆက်မပြတ် တုန်ခါလာခဲ့လေသည်။

မိုင်ပေါင်းရာနှင့်ချီအကွာတွင် လူရိုင်းများနှင့် နတ်ဆိုးမျိုးနွယ်စုဝင်များသည်ပင်လျှင် တိုက်ကွက်နှစ်မျိုး ထိပ်တိုက်တွေ့ဆုံရာမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်ခြင်း ခံလိုက်ရလေသည်။ အချို့ဆိုလျှင် ထိုစွမ်းအင်လှိုင်းများကြောင့် လွင့်ထွက်ကုန်ကြရပြီး အချို့ဆိုလျှင်တော့ တစ်ခါတည်းပင် ပွဲချင်းပြီး သေသွားခဲ့ကြရသည်။ ရန်ကိုင်သည်ပင်လျှင် ထိုပေါက်ကွဲအားကြောင့် နောက်သို့ လွင့်စင်ထွက်သွားခဲ့ရလေသည်။ နောက်ဆုံး ဟန်ချက်ထိန်းလိုက်နိုင်သည့်အခိုက်တွင် သူ့မျက်နှာတစ်ပြင်လုံးမှာ သွေးမရှိတော့သည့်အလား ဖြူလျော်နေခဲ့လေသည်။ သို့သော်ငြား ပြန်၍တော့ အော်ပြောလိုက်သေး၏။ “မိုတော့… ခင်ဗျားရဲ့ ခွန်အား ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်နဲ့ ကျုပ်ကို ထိန်းနိုင်မှာမဟုတ်ဘူးနော်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆေးလုံးများကိုထုတ်၍ ပဲကြီးလှော်ကို ဝါးစားသည့်နှယ် သူ့ပါးစပ်ထဲသို့ပစ်ကာ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားပြလိုက်သည်။

မိုတော့မှာလည်း ယခင်ကကဲ့သို့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ရှိမနေနိုင်တော့ချေ။ ရန်ကိုင်၏ လှောင်ပြောင်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် မိုတော့မှာ စတင်၍ ဒေါသထွက်လာခဲ့ပြီး အမြဲစိမ်းနတ်သစ်ပင်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။ ရန်ကိုင်နှင့် ပြဿနာတက်နေစဉ်အတောအတွင်း အမြဲစိမ်းနတ်သစ်ပင်မှာ နောက်ထပ်တစ်မိုင်ခန့် ပိုမိုမြင့်မားလာခဲ့ပြန်လေသည်။

“ငါ့တိုက်ကွက်ကို မင်း ဘယ်နှစ်ကြိမ်တားနိုင်မလဲ ကြည့်ရသေးတာပေါ့…” မိုတော့သည် ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်ပြီးသည့်နောက်တွင် သံခွာကို ရန်ကိုင်ရပ်နေရာဆီသို့ လှမ်း၍ပစ်လိုက်သေလည်။

ဧရာမသံခွာအရိပ်ကြီး နောက်တစ်ကြိမ် ပေါ်လာပြန်လေ၏။

ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး သူ့စိတ်ထဲ မိုတော့အား အကြိမ်ပေါင်းများစွာ ဆဲရေးတိုင်းထွာလိုက်လေသည်။ သို့သော်ငြား သူ့လှုပ်ရှားမှုများမှာတော့ နှေးကွေးလေးလံနေခြင်း မရှိခဲ့။ ဤတိုက်ပွဲသည် သူနှင့် မိုတော့ကြားရှိ ခွန်အားကွာခြားချက်ကို ရန်ကိုင်အား ကောင်းကောင်းနားလည်သွားစေခဲ့လေသည်။ မိုတော့သည် သူ့ခွန်အားခုနှစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သည့်တိုင် ထိုမိုတော့သည် ရန်ကိုင်အနိုင်ယူနိုင်သည့်လူမျိုး မဟုတ်ပေ။

မိုတော့၏ ပထမတိုက်ကွက်ကို ခုခံနိုင်ခဲ့ခြင်းမှာ ကံကောင်းသွားသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ထိုကဲ့သို့သောတိုက်ကွက်မျိုးကို ရန်ကိုင်အနေဖြင့် ဒုတိယအကြိမ် ထပ်မံခုခံနိုင်လိမ့်မည်မဟုတ်ချေ။

“ခင်ဗျား ဒီတစ်ကွက်ပဲတတ်တာလား… အခြား ဘာမှမတတ်တော့ဘူးလား…” ရန်ကိုင်က လှောင်ပြောင်ထေ့ငေါ့ကာ ပြောဆိုလိုက်လေသည်။

မိုတော့က လှောင်ပြုံးပြုံးလျက် “ငါ့ဘာသာငါ တစ်ကွက်ပဲတတ် နှစ်ကွက်ပဲတတ် မင်းကိုအနိုင်ယူနိုင်ရင် လုံလောက်ပြီ…”

သူ့ဘက်မှ အသာရနေမှန်း မိုတော့သိပေသည်။ ထို့အတွက်ကြောင့် သူတော်စင်မှော်ရတနာကိုသုံး၍ ရန်ကိုင်အား ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်လေသည်။

သံခွာပျံသန်းလာသည့် လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျသွားခဲ့ရသည်။

ရန်ကိုင်ဆီမှလည်း ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ရွှေရောင်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရွှေနဂါးတစ်ကောင် ရန်ကိုင်၏ကျောထက်တွင် ပေါ်လာခဲ့လေသည်။

ရွှေနဂါးပုံရိပ်သည် ယာယီမျှသာ ပေါ်လာခဲ့ပြီးနောက် ရန်ကိုင်၏ခန္ဓာကိုယ်ထဲ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။

မူလက အားနည်းဖျော့တော့လှသော ရန်ကိုင်၏အရှိန်အဝါသည် ရုတ်တရက်ဆိုသလို အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့လေ၏။

“ဒါက…” မိုတော့သည် ရန်ကိုင်၏နောက်ဘက်ဆီသို့ လှမ်းကြည့်ရင်း ကြောင်နေခဲ့လေသည်။ အစောပိုင်းက ရန်ကိုင်၏နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သော ရွှေနဂါးပုံရိပ်ကို သူ့အနေဖြင့် သေသေချာချာ ထပ်ကြည့်ချင်ပါသော်ငြား ရွှေနဂါးပုံရိပ်မှာ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။ ထို့နောက် မယုံကြည်နိုင်ဟန်ဖြင့် ဆိုလိုက်လေ၏။ “နတ်… နတ်သားရဲ… မင်းမှာ ဘယ်လိုလုပ်ပြီး နတ်သားရဲအမြုတေတစ်ခု ရှိနေရတာလဲ…”

ဤရှေးခေတ်ကမ္ဘာကြီးတွင်ပင် နတ်သားရဲများသည် မြင့်မားလှသော စွမ်းအားကို ကိုယ်စားပြုကြသည့် အမှတ်သင်္ကေတများ ဖြစ်ကြပေသည်။ အထူးသဖြင့် နဂါးကလန်ပင်။ ထိုနဂါးကလန်သည် နတ်ဆိုးသူတော်စင်များသည်ပင်လျှင် လျစ်လျူရှု၍မရသည့် တည်ရှိမှုမျိုး ဖြစ်ပေသည်။ နတ်ဆိုးမျိုးနွယ်တွင်လည်း နဂါးကလန်တစ်ခု ရှိပေသည်။ ထိုကလန်တွင် နတ်ဆိုးနဂါးများသာ ပါဝင်ကြလေ၏။ ထိုနတ်ဆိုးနဂါးကလန်၏ ခေါင်းဆောင်များသည် နတ်ဆိုးသူတော်စင်များနှင့်ပင် ယှဉ်ပြိုင်နိုင်ကာ နတ်ဆိုးနဂါးတစ်ကောင်ချင်းစီသည် ကြောက်မက်ဖွယ်ရာအဖျက်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

“ခင်ဗျားက အရမ်းနားငြီးလွန်းတယ်…” ရွှေရောင်အလင်းတန် ပျောက်ကွယ်သွားသည့်နောက်တွင် ရန်ကိုင်၏ပုံရိပ် ပြန်ပေါ်လာခဲ့လေသည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် အားနည်းသည့်လူသားမဟုတ်တော့။ ထို့အစား အကြေးခွံသံချပ်ကာကို ပိုင်ဆိုင်ထားခဲ့ပြီး ခေါင်းပေါ်တွင် ဦးချိုနှစ်ချောင်း ပေါက်နေကာ စူးရှသည့်လက်သည်းများကို ပိုင်ဆိုင်ထားသည့် ခြောက်မီတာအမြင့်ခန့်ရှိသော မွန်းစတားကြီးတစ်ကောင် ဖြစ်နေလေပြီ။

ခွာအရိပ်ကြီးမှာ ရန်ကိုင်ဆီသို့ ထပ်မံတိုးဝင်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် အနန္တဓါးကို ဝှေ့ယမ်း၍သာ သံခွာအရိပ်အား ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးပြီးသည့်နောက် ရန်ကိုင်၏ခွန်အားမှာ အကြီးအကျယ် တိုးတက်လာခဲ့လေသည်။ ပုံမှန်အားဖြင့် ရန်ကိုင် လုံးဝမယှဉ်နိုင်သည့် ခွာအရိပ်ကြီးမှာ ရန်ကိုင်၏ဓါးချက်နှင့်အတွေ့တွင် ချိုးဖြတ်မရသည့် အကာအရံတစ်ခုနှင့် သွားရောက်ထိပ်တိုက်တွေ့မိသည့်အလား ရပ်တန့်သွားခဲ့လေသည်။

ရန်ကိုင်၏ခန္ဓာကိုယ် ကျုံ့ဝင်သွားခဲ့သည်။ သို့သော်ငြား နောက်မဆုတ်ဘဲ အတတ်နိုင်ဆုံးအားစိုက်၍ ခွာအရိပ်အား တွန်းလှန်နေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် မိုတော့သည် လှောင်ပြုံးပြုံးလျက် သူ့လက်ထဲတွင် ကိုင်စွဲထားသည့် သံခွာကို ရန်ကိုင်တည့်တည့်သို့ ဝှေ့ယမ်းချလိုက်လေသည်။

ထို့နောက်တွင် ရန်ကိုင်မှာ သူ့ဝိဉာဉ်ကို ဆုံးရှုံးလိုက်ရသည့်အလား ရန်ကိုင်၏မျက်လုံးများမှာ ပြူးကျယ်သွားခဲ့လေသည်။ သံခွာရိပ်အား ခုခံနေသည့် ရန်ကိုင်၏ခုခံမှုမှာလည်း အားနည်းသွားခဲ့လေရာ ခွာအရိပ်မှာ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်ဆီသို့ ခိုဝင်လာတော့သည်။

အသက်တစ်ရှိုက်စာ ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ခေါင်း နောက်တောက်တောက်ဖြစ်သွားသည်ကို ကြိတ်မှိတ်သည်းခံရင်းမှ ဒေါသတကြီး အော်ပြောလိုက်လေ၏။ “စိတ်စွမ်းအင်တိုက်ခိုက်မှု… မိုတော့… ခင်ဗျားက တကယ်ကို ကြီးနိုင်ငယ်ညှင်းလုပ်နေတာပဲ… အဲ့ဒါနဲ့များ ခင်ဗျားကိုယ်ခင်ဗျား နတ်ဆိုးသူတော်စင်လို့ ခေါ်ရဲသေးတယ်…”

မိုတော့မှာ အံကိုတင်းတင်းကြိတ်၍ ရှက်ရှက်ဖြင့် ပြန်အော်ပြောလိုက်လေသည်။ “မင်း ဘာတွေ ငါ့ကို လာစွပ်စွဲနေတာလဲ…”

ယခုလေးတင် မိုတော့သည် စိတ်စွမ်းအင်တိုက်ခိုက်မှုကို ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။ သူ့လက်ထဲတွင်ရှိနေသည့် သံခွာသည် အားကောင်းသည့် တိုက်ခိုက်ရေးစွမ်းအင်များကိုသာလျှင် ပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ တစ်ဖက်လူ၏ဝိဉာဉ်ကိုလည်း ဆွဲယူနိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ ယာယီမျှ ငေးကြောင်ကြောင် ဖြစ်သွားရခြင်း ဖြစ်လေသည်။

မိုတော့သည်သာ ရန်ကိုင်၏ဝိဉာဉ်ကို သူ့ကိုယ်ထဲမှ ဆွဲထုတ်နိုင်မည် ဆိုပါက ရန်ကိုင်သည် လမ်းလျှောက်နေသည့် အလောင်းကောင်တစ်ကောင်သာသာသာ ဖြစ်သွားပေတော့မည်။

ခွာအရိပ်၏ ဒုတိယအကြိမ်တိုက်ခိုက်မှုသည် ရန်ကိုင်အာရုံပြောင်းအောင် လုပ်လိုခြင်းသာ ဖြစ်လေသည်။ မိုတော့၏ တကယ့်တိုက်ခိုက်မှုမှာ စိတ်စွမ်းအင်တိုက်ခိုက်မှုသာ ဖြစ်လေ၏။ သို့သော်ငြား သူ၏တိုက်ကွက်သည် ရန်ကိုင်အပေါ် ထိရောက်မှုမရှိဘဲ နေလိမ့်မည်ဟုတော့ မိုတော့ မထင်ထားခဲ့ပေ။

နတ်ဆိုးဘုရင်အဆင့်သာ ရှိသေးသော ရန်ကိုင်သည် သူ့ခွန်အားခုနှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုထားသည့်တိုင် သူနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်နေလေသည်။ မိုတော့မှာ သူ့ခွန်အားအကုန်အစင်ကို ထုတ်မသုံးရသေးပါသော်ငြား အပြင်လူများ၏ အမြင်အရတော့ ရန်ကိုင်မှ မိုတော့အား ဤမျှခုခံထားနိုင်သည်ကပင်လျှင် အတော်လေး အထင်ကြီးဖွယ်‌ကောင်းနေပေသည်။

မိုတော့လက်မခံနိုင်သည့်အချက်မှာ သူ၏ အလစ်ချောင်းစိတ်စွမ်းအင်သုံးတိုက်ခိုက်မှုသည် ဒဏ်ရာအနည်းအကျဉ်း ရသွားစေရုံမှအပ အခြားမည်သည့်ဒဏ်ရာကိုမှ ရမသွားစေသည့်အချက်ပင်။ သူ့ရှေ့ရှိလူငယ်လေးသည် နတ်ဆိုးဘုရင်များနှင့် ယှဉ်နိုင်သည့်လူ လုံးဝမဟုတ်တော့ချေ။ နတ်ဆိုးသူတော်စင်တစ်ပါးဖြစ်သော မိုတော့သည်ပင်လျှင် ဤကဲ့သို့သော မွန်းစတားကောင်မျိုးကို မမြင်ခဲ့ဖူးပေ။

ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာသေဖြင့်သာ ရှိနေလေသည်။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ စိတ်စွမ်းအင်သုံးတိုက်ခိုက်မှုကြောင့် အတော်လေးကိုမှ ထိတ်လန့်နေခဲ့ရသည်။ အစောပိုင်းက အခိုက်အတန့်သည် အလွန်ကိုမှ တိုတောင်းပါသော်ငြား ထိုအခိုက်အတန့်သည် ရန်ကိုင် မိုတော့နှင့် တိုက်ခိုက်နေစဉ်အတောအတွင်း အန္တရာယ်အများဆုံး အခိုက်အတန့်လည်း ဖြစ်လေသည်။ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းကြောင့်သာ မဟုတ်ပါက သူ့ဝိဉာဉ်မှာ မိုတော့၏ ဆွဲထုတ်ခြင်း ခံနေရလောက်ပေပြီ။

ရန်ကိုင်၏ဝိဉာဉ်မှာ ပုံမှန်ထက်ပို၍ အားကောင်းပါသော်ငြား မိုတော့၏ စိတ်စွမ်းအင်သုံး တိုက်ခိုက်မှုကို ခုခံနိုင်သည့်အဆင့်ထိတော့ မရောက်သေးချေ။ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းမှ သူ့ဝိဉာဉ်အား ပြန်ဆွဲခေါ်ပေးထားသည့် အတွက်ကြောင့်သာလျှင် ရန်ကိုင်မှာ ချက်ချင်းဆိုသလို အသိပြန်ဝင်လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူမည်မျှအားနည်းကြောင်းကို တွေးရင်း ရန်ကိုင်၏သွေးများ ဆူပွက်လာခဲ့ရလေသည်။ မိုတော့ အနည်းငယ် သတိလက်လွတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်သည် အနန္တဓါးထဲသို့ စွမ်းအင်များကို ထပ်မံပေါင်းထည့်ကာ မိုတော့၏ခွာအရိပ်ကို တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် တလက်လက်တောက်ပနေသည့် ဓါးအလင်းတန်းတစ်ခုသာ ကျန်ရစ်တော့သည်။

မိုတော့မှာတော့ ငေးကြောင်ကြောင်သာ ရှိနေဆဲ။ ဤကဲ့သို့ဖြစ်သည်မှာ နတ်ဆိုးသူတော်စင်တစ်ပါးအတွက် လုံးဝကို ပုံမှန်မဟုတ်ချေ။ ထိုကဲ့သို့ဖြစ်နေရခြင်းမှာလည်း ရန်ကိုင်၏စွမ်းဆောင်ရည်မှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်ဖွယ်‌ ကောင်းနေသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။

မိုတော့ ငေးကြောင်ကြောင်ဖြစ်နေသည်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်သည် ခက်ထန်ကြမ်းကြုတ်သည့် အမူအယာဖြင့် မိုတော့ဆီသို့ ပြေးဝင်သွားလေသည်။

ရန်ကိုင်သည် သူ၏နဂါးလက်သည်းကို တင်းတင်းဆုပ်လျက် မိုတော့အား ထိုးချလိုက်လေသည်။

ရန်ကိုင်၏လက်သီးချက် ဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်တို့ ပြိုကွဲပျက်စီးကြရသည်။

သို့သော်ငြား မိုတော့သည် ရန်ကိုင်တည့်တည့်ကို စိုက်ကြည့်လာလျက် ခံစားချက်မရှိသည့် မျက်လုံးများဖြင့် ပြောလိုက်လေသည်။ “မင်းရဲ့ တဇွတ်ထိုးနိုင်မှုအတွက် တန်ကြေးကို မင်းပေးဆပ်ရလိမ့်မယ်…”

ထိုသို့ပြောပြီးသည့်နောက် သူ့လက်သီးဖြင့် ရန်ကိုင်၏လက်သီးကို ထိပ်တိုက်တွေ့လိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၉၆)

ဘာသာပြန်သူ_တိမ်တိုက်

နတ်ဆိုးမျိုးနွယ်စုနှင့် လူရိုင်းမျိုးနွယ်စု နှစ်ခုလုံးသည် ခန္ဓာသန့်စင်ခြင်းကို သေချာအာရုံစိုက်ကြသည်။ အထူးသဖြင့် နတ်ဆိုးသူတော်စင်တစ်ပါးဖြစ်သော မိုတော့ပင်။ သူ့ခန္ဓာကိုယ်သည် ဖျက်ဆီး၍မရသည့် အင်မော်တယ်ခန္ဓာကိုယ်တစ်ခု မဟုတ်ပါသော်ငြား မိုတော့သည် သူ့ခန္ဓာကိုယ်ကို အဆုံးစွန်အထိ လေ့ကျင့်ထားပြီး ဖြစ်ရပေလိမ့်မည်။

ရန်ကိုင်သည်သာ အမျိုးမျိုးသောမှော်ပညာရပ်များ၊ သူ၏လျှို့ဝှက်ပညာရပ်များကို အသုံးပြု၍ မိုတော့အား အဝေးမှ တိုက်ခိုက်နေမည်ဆိုပါက မိုတော့အနေဖြင့် ရန်ကိုင်အား ရင်ဆိုင်ရာတွင် ပို၍အခက်တွေ့ရလိမ့်မည် ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ သူနှင့် ခွန်အားချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် သူ့အနီးသို့ ပြေးဝင်လာခဲ့လေသည်။ ထို့အတွက်ကြောင့် မိုတော့မှာ ရန်ကိုင်၏တဇွတ်ထိုးနိုင်မှုအပေါ် လှောင်ပြောင်လိုက်ခြင်း ဖြစ်လေသည်။

သူ့စိတ်ထဲ တစ်ဖက်လူ၏ ရူးမိုက်မှုအပေါ် လှောင်ရယ်မိနေသလို တစ်ချိန်တည်းတွင်လည်း တစ်ဖက်လူမှ သူ့အား အထင်သေးလိုက်သည်ဟု ခံစားရသည့်အတွက်ကြောင့် ဒေါသထွက်သွားခဲ့လေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် မိုတော့သည် သူ၏လက်သီးချက်ထဲ စွမ်းအားအကုန်အစင်ကို ထုတ်သုံးလိုက်လေ၏။

လက်သီးချင်း ထိပ်တိုက်တွေ့သွားသည့်အခိုက်တွင် မိုတော့၏ခန္ဓာကိုယ် တုန်ခါသွားခဲ့ပြီး ရန်ကိုင်မှာတော့ ခြေလှမ်းအချို့ ပြန်ဆုတ်သွားခဲ့ရသည်။

ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုထားသည့်တိုင် ခွန်အားခုနှစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုထားသော မိုတော့အား ရုပ်ခွန်အားချင်း ပြိုင်ဆိုင်ရာတွင် ရှုံးနိမ့်ခဲ့ရသည်။ ဤနတ်ဆိုးသူတော်စင်၏စွမ်းအားကို ထိုတစ်ချက်တည်းကို ကြည့်ရုံဖြင့်ပင်လျှင် သိနိုင်နေပေသည်။

မိုတော့၏လက်သီးချက်ဆီမှ ထွက်ပေါ်လာသည့် စွမ်းအားသည် ရန်ကိုင်၏လက်မောင်းတစ်လျှောက် စီးဝင်သွားပြီး သွေးကြောများနှင့် ကြွက်သားများကို ရိုက်ခတ်သွားခဲ့လေရာ ရန်ကိုင်မှာ တစ်ကိုယ်လုံး အလွန်ကိုမှ နာကျင်သွားခဲ့ရလေသည်။

သူ့ကိုယ်သူ ဟန်ချက်ပြန်မထိန်းနိုင်သေးခင်မှာပင် မိုတော့သည် ရန်ကိုင်ဆီသို့ ပြေးဝင်လာနေခဲ့လေသည်။ ကြောက်မက်ဖွယ်ရာအဖျက်စွမ်းအင်တို့ ကိန်းအောင်းနေသည့် လက်သီးချက်သည် ရန်ကိုင်၏ ဝမ်းဗိုက်တည့်တည့်အား လာရောက်ထိမှန်လေသည်။ ထိုလက်သီးချက်ကြောင့် ရန်ကိုင်၏မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့ရလေသည်။

မိုတော့သည် ထိုမျှနှင့်ပင် ရပ်တန့်သေးခြင်းမရှိဘဲ ရန်ကိုင်၏မျက်နှာတည့်တည့်ဆီသို့ နောက်ထပ်လက်သီးတစ်ချက် ထိုးချလိုက်ရာ ရန်ကိုင်မှာ သွေးအပွက်ပွက်အန်ထွက်ရင်း လေထဲ ဂျွမ်းပစ်သွားခဲ့ရလေသည်။

သူ့ရုပ်ခွန်အားကို အကြီးအကျယ် မြှင့်တင်ပေးထားသော နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကြောင့်သာ မဟုတ်ပါက ထိုလက်သီးချက်နှစ်ချက်သည် ရန်ကိုင်၏အသက်ကို ခြွေယူသွားရန် လုံလောက်ပေသည်။ သို့တိုင် ရန်ကိုင်မှာတော့ ဆိုးဆိုးရွားရွားကို ခံစားလိုက်ရလေ၏။ ကိုယ်တွင်းအင်္ဂါအားလုံး အထက်အောက် ပြောင်းပြန်လှန်လိုက်သည့်ပမာ ဗြောင်းဆန်သွားသလို ခံစားလိုက်ရလေသည်။ ထို့အပြင် မိုတော့၏ လက်သီးချက်ဆီမှ သူ့ကိုယ်ထဲသို့ စီးဝင်လာသည့် နတ်ဆိုးချီများသည်လည်း သူ၏သွေးကြောများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖျက်ဆီးရန် ကြိုးစားနေခဲ့လေသည်။

ရန်ကိုင် မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ ပြုတ်ကျသွားခဲ့သည်။ ခက်ခက်ခဲခဲဖြင့် ကြိုးစားရုန်းကန် ထလာပြီးသည့်နောက် ခြေခိုင်ခိုင် မရပ်နိုင်သေးခင်မှာပင် မိုတော့သည် သူ့ရှေ့၌ ပြန်ပေါ်လာပြီး ရန်ကိုင်အား နောက်ထပ်လက်သီးတစ်ချက်ဖြင့် မိတ်ဆက်ပေးလိုက်လေသည်။

ရုတ်တရက်ဆိုသလို ဒွိဟဖြစ်နေသည့် ရန်ကိုင်၏မျက်နှာသည် ခက်ထန်ကြမ်းကြုတ်သည့် အမူအယာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်၏မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး တောင်နဲ့မြစ်ခေါင်းလောင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို ထိန်းချုပ်၍ သူရပ်နေသည့် နေရာတစ်ခုလုံးကို အုပ်ချစေလိုက်လေ၏။

မိုတော့ မျက်လုံးပြူးကျယ်သွားခဲ့ပြီး သူ့လက်သီးကို ချက်ချင်း ပြန်ရုတ်ရန် ကြိုးစားလိုက်ပါသော်ငြား နောက်ကျသွားခဲ့သည်။ ရန်ကိုင်မှ တောင်နဲ့မြစ်ခေါင်းလောင်းအား အချိန်ကိုက်ဆင့်ခေါ်မှုသည် မိုတော့ လက်သီးထိုးလိုက်သည့်အချိန်နှင့် ကွက်တိကျနေခဲ့လေသည်။

“ဒေါင်…”

မိုတော့၏ ဖျက်အားပြင်းလက်သီးချက်သည် တောင်နဲ့မြစ်ခေါင်းလောင်းအား ထိမှန်သွားခဲ့သည်။ လက်သီးချက်ထိမှန်သွားသည်နှင့်တစ်ပြိုင်နက် တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ရှေးကျသည့် အရှိန်အဝါတို့ ကိန်းအောင်းနေသော လှိုင်းတွန့်တစ်ခု ထွက်ပေါ်လာခဲ့သည်။

တောင်နဲ့မြစ်ခေါင်းလောင်းအား သွားရောက်ထိမှန်သော မိုတော့၏လက်သီးချက်မှာ ချက်ချင်း ပြန်ကန်ထွက်လာခဲ့လေသည်။ နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်နေသည့်တိုင် မိုတော့မှာ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ပြန်ကန်ထွက်လာသည့် သူ့လက်သီးချက်ကို ခုခံဖို့ရာ ခက်ခက်ခဲခဲကို ကြိုးစားနေခဲ့ရသည်။ သို့သော်ငြား အရေးအကြီးဆုံးအချက်မှာ ထိုကိစ္စမဟုတ်သေးချေ။ တကယ့်ပြဿနာမှာ တောင်နဲ့မြစ်ခေါင်းလောင်း၏ ခေါင်းလောင်းသံသာ ဖြစ်လေ၏။ ထိုခေါင်းလောင်းသံကို ကြားလိုက်သည့်အခိုက် မိုတော့မှာ သူ့ကိုယ်သူ ဖိနှိပ်ခံလိုက်ရသလို ခံစားလိုက်ရလေ၏။

မရေမတွက်နိုင်သော တောင်ပေါင်းများစွာတို့သည် ကျောဘက်မှနေ၍ သူ့အား ပြားပြားဝပ်အောင် ဖိချရန် ကြိုးစားနေသည့်ပမာ ခံစားနေခဲ့ရသည်။ တောင်နဲ့မြစ်ခေါင်းလောင်း၏ ခေါင်းလောင်းသံသည် တောင်နဲ့မြစ်များကို ဖိနှိပ်ရန် လုံလောက်ပြီး တောင်နဲ့မြစ်ခေါင်းလောင်း၏ အရှိန်အဝါမှာတော့ စကြာဝဠာတစ်ခုလုံးကိုပင်လျှင် ထက်အောက်ပြောင်းပြန် လန်သွားစေနိုင်လောက်အောင် အားကောင်းလွန်းလှပေသည်။ ဤသည်မှာ ခက်အဆက်ဆက်မှ ပညာရှင်များ၏ တောင်နဲ့မြစ်ခေါင်းလောင်းအပေါ် မှတ်ချက်သာ ဖြစ်လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း၏ အကြီးကျယ်ဆုံးသော စွမ်းရည်ကို ဤလောကကြီးထဲရှိ အရာမှန်သမျှကို ဖိနှိပ်နိုင်ခြင်းပင်။

မိုတော့၏အရှိန်အဝါမှာ ရုတ်ချည်းဆိုသလို ထိုးကျသွားခဲ့ရလေသည်။

ထိုအခိုက်အတန့်မှာပင် တောင်နဲ့မြစ်ခေါင်းလောင်းမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်သည် မိုတော့ဆီသို့ အကြမ်းပတမ်း ပြေးဝင်လာခဲ့လေသည်။ ဤလောကကြီးထဲရှိ အထက်ရှဆုံးသော ဓါးသွားထက်ပင်လျှင် ပိုမို၍ထက်ရှလှသည့် သူ၏နဂါးလက်သည်းများကို မိုတော့၏ရင်ဘတ်တည့်တည့်သို့ ထိုးစိုက်ချလိုက်လေသည်။

မိုတော့မှာလည်း သွေးရူးသွေးတမ်းဖြင့် ဒေါမာန်တကြီးအော်ဟစ်ရင်း တောင်နဲ့မြစ်ခေါင်းလောင်းကြောင့် ခံစားနေရသည့် မသက်မသာခံစားချက်ကို နတ်ဆိုးချီအား လှည့်ပတ်၍ ရှင်းထုတ်ပစ်ရန် ကြိုးစားလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်၏တိုက်ခိုက်မှုကို တားဆီးနေချင်သည့်အလား လျှပ်စီးတမျှအမြန်နှုန်းဖြင့် ရန်ကိုင်၏ နဂါးလက်သည်းတစ်ဖက်ကို လှမ်းဖမ်းဆွဲလိုက်သည်။

ရုတ်တရက်ဆိုသလို တောင်နဲ့မြစ်ခေါင်းလောင်း ပြန်ပေါ်လာခဲ့လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ တောင်နဲ့မြစ်ခေါင်းလောင်းသည် ရန်ကိုင်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားရမည့်အစား ထိုသို့မလုပ်တော့ဘဲ ပုံမှန်ခေါင်းလောင်းတစ်ခုအရွယ်အစားသို့ ပြောင်းလျက် ရန်ကိုင်၏ ကျန်လက်သည်းတစ်ဖက်ကို ဖုံးအုပ်လိုက်လေသည်။

ရန်ကိုင်မှ သူ့လက်အား လှုပ်ခါချလိုက်သည့်အခါ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ကျယ်လောင်သည့်ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ထိုခေါင်းလောင်းသံသည် မမြင်နိုင်သည့် တိုက်ခိုက်မှုအသွင်သို့ ပြောင်းကာ မိုတော့အား သွားရောက်ရိုက်ခတ်လေသည်။

မိုတော့၏ခါး ကုန်းကျသွားခဲ့ပြီး ယခုလေးတင် ပြန်ကြည်လာသည့် သူ့စိတ်မှာလည်း ရုတ်ချည်းဆိုသလို ဝရုန်းသုန်းကား ဖြစ်သွားရပြန်လေသည်။

“စွပ်…”

ရန်ကိုင်၏ ထက်ရှသည့် နဂါးလက်သည်းသည် မိုတော့၏ ရင်ဘတ်တည့်တည့်ကို ဖောက်ဝင်၍ သူ့နောက်ကျောဘက်မှ ဖောက်ထွက်သွားခဲ့သည်။ ရန်ကိုင်၏လက်ထဲတွင်တော့ တဒုတ်ဒုတ်ခုန်နေသည့် နတ်ဆိုးနှလုံးသားတစ်ခု ရှိနေခဲ့လေသည်။

“မင်း…” မိုတော့မှာ ရန်ကိုင်ကို စိုက်ကြည့်နေရင်း ဒေါသအမျက်ချောင်းချောင်း ထွက်သွားရတော့သည်။

အလွန်တရာကိုမှ ပြင်းထန်သည့် စွမ်းအင်လှိုင်းတစ်ရပ်သည် မိုတော့၏ ပါးစပ်ဆီမှ ရန်ကိုင်၏ရင်ဘတ်တည့်တည့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။ ထိုစွမ်းအင်လှိုင်းကြောင့် ရန်ကိုင်မှာ ကြိုးပြတ်သွားသည့်စွန်တစ်စင်းနှယ် လွင့်စွင်ထွက်သွားခဲ့ရပြီး ရင်ဘတ်ရိုးများမှာလည်း သွင်သွင်ကျိုးသွားခဲ့ရလေသည်။

မိုတော့မှာ ခက်ခက်ခဲခဲဖြင့် ခါးကို ပြန်မတ်လိုက်သည်။ ရန်ကိုင်၏လက် သူ့ရင်ဘတ်မှ ထွက်သွားသည့်အချိန်တွင် ရင်ဘတ်တစ်ခုလုံး သွေးချင်းနီရဲသွားခဲ့ရလေသည်။ လက်ရှိအချိန်တွင်တော့ မိုတော့၏ရင်ဘတ်နေရာ၌ အပေါက်ကြီးတစ်ပေါက် ရှိနေလေရာ ထိုအပေါက်ဆီမှ သူ၏ ကိုယ်တွင်းအင်္ဂါများကိုပင်လျှင် လှမ်းမြင်နေခဲ့ရသည်။

မိုတော့သည် သူ့ရင်ဘတ်ရှိ ဒဏ်ရာအား မယုံကြည်နိုင်ဟန်ဖြင့် ငုံ့ကြည့်လိုက်လေသည်။

လွင့်စင်ထွက်သွားသော ရန်ကိုင်သည် ကုန်းရုန်းပြန်ထလာခဲ့သည်။ သွေးတစ်ပွက် အန်ထုတ်လိုက်ပြီးသည့်နောက် နတ်ဆိုးနှလုံးသားကို ကိုင်ရင်းမှ မိုတော့အား ပြုံးဖြီးကာ ပြောလိုက်လေသည်။ “ခင်ဗျားတို့လို ပညာရှင်တွေမှာ နတ်ဆိုးနှလုံးသား တစ်ခုထက်မက ရှိတယ်ဆို… အဲ့နတ်ဆိုးနှလုံးသားတွေသာ ရှိနေသေးသရွေ့ နတ်ဆိုးမျိုးနွယ်တွေက ဘယ်တော့မှမသေဘူးတဲ့… ဒီတော့ ခင်ဗျားမှာ နတ်ဆိုးနှလုံးသားဘယ်နှစ်ခုရှိလဲ…”

မိုတော့၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အလွန်တရာကိုမှ အေးစက်သည့် အလင်းတစ်ချက် သူ့မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့လေသည်။ နတ်ဆိုးချီတို့ စီးဆင်းလာသည့်အခိုက် ဟောင်းလောင်းပေါက်ဖြစ်နေသည့် မိုတော့၏ ရင်ဘတ်ရှိဒဏ်ရာမှာ တဖြည်းဖြည်းနှင့် သူ့အလိုလို ပြန်ပိတ်သွားခဲ့လေသည်။

“ငါ့ကိုပြန်ပေး….” မိုတော့က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

မိုတော့တွင် နတ်ဆိုးနှုလံးသားတစ်ခုမက ရှိနေသဖြင့် နတ်ဆိုးနှလုံးသားတစ်ခုအား ဆုံးရှုံးလိုက်ရခြင်းသည် သူ့အား မည်သည့် အသက်အန္တရာယ်မဖြစ်စေပါသော်ငြား အနည်းဆုံးတော့ သူ့ခွန်အားအပေါ်တော့ အနည်းနှင့်အများတော့ သက်ရောက်နိုင်ပေသည်။ ရန်ကိုင်သည် လက်ရှိသူ့ကိုပင်လျှင် ယှဉ်ပြိုင်တိုက်ခိုက်နေနိုင်ခဲ့လေရာ မိုတော့သည်သာ သူ၏နတ်ဆိုးနှလုံးသားတစ်ခုကို ဆုံးရှုံးလိုက်ရမည်ဆိုပါက ရန်ကိုင်နှင့်ရင်ဆိုင်ရာတွင် အောက်စည်းသို့ ရောက်သွားရပေလိမ့်မည်။

ရန်ကိုင်က ပြုံးဖြီးလျက် “ခင်ဗျားဘာပြောလိုက်တာလဲ… ကျုပ် နားကြားမှားသွားတာလား… ဒါမှမဟုတ် ခင်ဗျားပဲ စကားမှားသွားတာလား… ဒါကို ခင်ဗျားဆီပြန်ပေးဖို့ ပြောရဲတယ်ပေါ့ ဟုတ်လား…”

“မင်း နားကြားမမှားဘူး… အဲ့ဒါကို ငါ့ဆီပြန်ပေး…” မိုတော့က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ဟား ဟား ဟား …” ရန်ကိုင်က အော်ရယ်မောလျက် “ခင်ဗျားက တကယ်ရယ်ဖို့ကောင်းတာပဲနော်… အခုလောလောဆယ် ခင်ဗျားနဲ့ကျုပ်က သူသေကိုယ်သေ တိုက်ခိုက်နေကြတာလေ… ခင်ဗျားလည်း ကျုပ်ကို သတ်ချင်တယ်… ကျုပ်လည်း ခင်ဗျားကို သတ်ချင်တယ်… ဒါပေမယ့် အခု ကျုပ်က ခင်ဗျားရဲ့နတ်ဆိုးနှလုံးသားကို ရသွားတော့ ခင်ဗျားက ကျုပ်ကို ပြန်ပေးဖို့တောင်းတယ်ပေါ့ ဟုတ်လား… ကျုပ်သိချင်နေတာလေ… ခင်ဗျား ခေါင်းရောကောင်းသေးရဲ့လား…”

“ငါ့ဆီပြန်ပေး… အဲ့ဒါဆို ငါ မင်းကို ဘာနာကျင်မှုမှ မခံစားရဘဲ သေအောင်လုပ်ပေးမယ်… မဟုတ်ရင်တော့ မင်း သေတာထက်ဆိုးတဲ့ ကံတရားနဲ့ ကြုံသွားရလိမ့်မယ်…”

ရန်ကိုင်၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ခင်ဗျားရဲ့နတ်ဆိုးနှလုံးသားက အခု ကျုပ်လက်ထဲမှာရှိနေတာ…. အဲ့ဒါကို ယဉ်ယဉ်ကျေးကျေးတောင်းရမယ့်အစား ကျုပ်ကို လာပြီး ခြိမ်းခြောက်နေတယ်ပေါ့ ဟုတ်လား…” ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် “ခင်ဗျားက တကယ်ကို အရူးပဲ…”

မိုတော့သည် ဘာမှပြောမနေတော့ဘဲ ရန်ကိုင်လက်ထဲရှိ နတ်ဆိုးနှလုံးသားကိုသာ စိုက်ကြည့်နေခဲ့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင်၏ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့လေသည်။ သူ့အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း လက်ကို တင်းတင်းဖျစ်ချလိုက်လေသည်။

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ နတ်ဆိုးနှလုံးသား ပေါက်ကွဲထွက်သွားခဲ့သည်။ သို့သော်ငြား မည်သည့်သွေးမှ ပန်းထွက်လာခဲ့ခြင်းမရှိသလို အသွေးအသားတို့လည်း ပန်းထွက်လာခဲ့ခြင်း မရှိချေ။ နတ်ဆိုးနှလုံးသားထဲတွင် ကိန်းအောင်းနေသော နတ်ဆိုးချီသည် အနက်ရောင်မြူခိုးများအသွင်သို့ ပြောင်းလျက် ရန်ကိုင်အား ဖုံးအုပ်သွားစေ၏။ ထိုအနက်ရောင်မြူခိုးသည် အသက်ရှိနေသည့် သက်ရှိတစ်ကောင်ပမာ ရန်ကိုင်အား ဖုံးအုပ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ သူ၏မွေးညင်းပေါက်များမှတစ်ဆင့် စိမ့်ဝင်သွားခဲ့လေသည်။

ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။ ထိုနတ်ဆိုးချီကို တားဆီးချင်ပါသော်ငြား သူလုပ်နိုင်သည့်အရာ ဘာမှရှိမနေခဲ့ပေ။ ရန်ကိုင်မှာ သူ့ခွန်အားကို မည်သို့ပင် လှည့်ပတ်နေစေကာမူ နတ်ဆိုးချီများသူ့ကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာနေသည်ကို လုံးဝ တားဆီးနိုင်ခဲ့ခြင်း မရှိခဲ့။

ထို့အပြင် နတ်ဆိုးနှလုံးသား ပေါက်ကွဲထွက်သွားရခြင်းမှာ သူ့ကြောင့်မဟုတ်ပေ။ မိုတော့မှ သူ့၏နတ်ဆိုးနှလုံးသားကို သူ့ဘာသာ ဖောက်ခွဲလိုက်သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။

နတ်ဆိုးနှလုံးသား ပေါက်ကွဲထွက်သွားပြီးသည့်နောက်တွင် မိုတော့သည်လည်း တစ်ချက် ငြီးတွားလိုက်ရလေသည်။ တစ်ချိန်တည်းတွင်လည်း သူ့အရှိန်အဝါမှာလည်း သိသိသာသာကို အားနည်းသွားခဲ့သည်။ သို့သော်ငြား ဆက်၍ ပြောလိုက်လေ၏။ “မင်း သာမန်နတ်ဆိုးချီတွေ တိုက်စားတာကို ခုခံနိုင်မှန်း ငါသိပြီးသား… ဒါပေမယ့် ငါ့ရဲ့နတ်ဆိုးချီတွေကို မင်းခုခံနိုင်မှာလား… မင်း စိတ်လွတ်ပြီးတော့ ငါ့ရဲ့အစေခံဖြစ်လာမှာ… အဲ့ချိန်ကြရင်တော့ ငါပြောထားတဲ့စကားအတိုင်း သေတာထက်ဆိုးတာ ဘာလဲဆိုတာကို ငါ မင်းကို ကောင်းကောင်းပြပေးရသေးတာပေါ့ မှော်ဆရာညို… အခုချက်ချင်း ငါ့ကို ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင်တော့ ငါမင်းကို ညှာတာပေးရင် ညှာတာပေးဦးမှာ…”

မိုတော့၏စကားကို အတည်ပြုပေးနေသည့်အလား ရန်ကိုင်၏မျက်နှာထက် အလွန်တရာကိုမှ နာကျင်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာနေခဲ့လေသည်။ သူ့မျက်လုံးများမှာလည်း ပေါက်ကွဲထွက်တော့မည့်အလား လုံးဝကို ပြူးကျယ်နေခဲ့သည်။ ရန်ကိုင်၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း စတင်၍ အနက်ရောင်သန်းလာတော့လေသည်။

မိုတော့ကမူ ထိုမြင်ကွင်းအား အေးစက်စက်အမူအယာဖြင့်သာ စောင့်ကြည့်နေခဲ့သည်။ ထို့အပြင် အမြဲစိမ်းနတ်သစ်ပင်အား ဖျက်ဆီးပစ်ရင် ကောင်းမလားဟု စဉ်းစားနေသည့်အလား မကြာမကြာဆိုသလို အမြဲစိမ်းနတ်သစ်ပင်ကို လှမ်းလှမ်း၍ ကြည့်နေပေသည်။

နတ်ဆိုးချီအားလုံးသည် ရန်ကိုင်၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့်အလား ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားကုန်ကြလေသည်။

နောက်ဆုံးတွင် မိုတော့မှာ စိတ်မရှည်တော့သည့်အဆုံး ရန်ကိုင်၏ခေါင်းဆီသို့ သူ့လက်ကို လှမ်းလိုက်လေသည်။ ဤကဲ့သို့ အားနည်းသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရသည့် အခိုက် သူ့နတ်ဆိုးနှလုံးသား ဖျက်ဆီးခံလိုက်ရသည်ကို လက်မခံနိုင်သလို သူ့စိတ်ထဲ ရန်ကိုင်အား အေးအေးဆေးဆေး ထိုင်နှိပ်စက်ချင်နေပါသော်ငြား လက်ရှိအချိန်တွင် သူ့၌ ပိုအရေးကြီးသည့်ကိစ္စများ ရှိနေခဲ့လေသည်။

ဧရာမသစ်ပင်ကြီးသည် ကောင်းကင်ယံသို့ပင် ရောက်ရှိနေပြီဖြစ်ကာ ကမ္ဘာလမ်းကြောင်းကို ပိတ်ပစ်ဖို့ရာ သိပ်၍ အလှမ်းမဝေးတော့ချေ။ မိုတော့သည်သာ ဆက်၍ နှောင့်နှေးနေဦးမည်ဆိုပါက ပြဿနာတက်သွားရနိုင်ပေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်အား ဦးစွာ သတ်ပစ်ပြီးမှသာ သစ်ပင်ကြီးနှင့်ရင်ဆိုင်ရန် မိုတော့ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် မိုတော့လှုပ်ရှားတော့မည်အပြု ထိတ်လန့်ဖွယ်ရာအဖြစ်အပျက်တစ်ခု သူ့ရှေ့တည့်တည့်၌ ဖြစ်ပေါ်လာခဲ့လေသည်။

အလွန်တရာကိုမှ နာကျင်နေသည့်ပုံ ပေါက်နေသော ရန်ကိုင်သည် ရုတ်တရက်ဆိုသလို လေသံတိုးတိုးဖြင့် ဟိန်းဟောက်လျက် သိပ်သည်းလှသည့် အနက်ရောင်ချီတို့ကို သူ့ပါးစပ်ထဲမှ ထွေးထုတ်လိုက်လေသည်။

မိုတော့ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်သွားခဲ့လေသည်။

ရန်ကိုင်ထွေးထုတ်လိုက်သည့် နတ်ဆိုးချီများမှာ သူ့နတ်ဆိုးနှလုံးသားထဲတွင် ရှိနေသည့် နတ်ဆိုးချီများသာ ဖြစ်ကြလေသည်။ ထိုနတ်ဆိုးချီသည် မှော်ဆရာညို၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး သူ့အသွေးအသားများနှင့် ပေါင်းစပ်သွားရမည်ဖြစ်လေရာ မှော်ဆရာညိုသည် မည်ကဲ့သို့များ သူ့နတ်ဆိုးချီကို ပြန်လည်ထွေးထုတ်နိုင်ရလေသနည်း။

ရန်ကိုင်သည် ပိုမို၍များပြားလှသော နတ်ဆိုးချီများကို ထွေးထုတ်နေခဲ့လေသည်။ နတ်ဆိုးချီများမှာလည်း အသက်ရှိနေသည့်အလား ပျာယာခတ်နေသည့်ပုံစံဖြင့် ရန်ကိုင်ဆီမှ ထွက်ပြေးနေလေ၏။ ကြည့်ရသလောက် ရန်ကိုင်၏ကိုယ်ထဲတွင် သူတို့ကြောက်ရွံ့ရသည့် အရာတစ်ခုခု ရှိနေသည့်ပုံပင်။

မိုတော့မှာ ထိုမြင်ကွင်းကိုကြည့်ရင်း အလွန်တရာကိုမှ မယုံကြည်နိုင် ဖြစ်နေလေရာ ယာယီမျှ မှင်တက်နေခဲ့လေသည်။

တစ်ခဏအကြာတွင် ရန်ကိုင်သည် သူ့ကိုယ်ထဲသို့ ဝင်သွားသော မိုတော့၏နတ်ဆိုးနှလုံးသားထဲမှ နတ်ဆိုးချီအားလုံးကို ထွေးထုတ်လို့ ပြီးသွားခဲ့လေသည်။ ထို့နောက်တွင် သူ့ဝမ်းဗိုက်ကိုပုတ်၍ ရွံရှာနေသည့်အမူအယာဖြင့် “အဲ့ဒါဘာကြီးလဲ… အရသာလည်း မရှိဘူး…”

“မင်း… မင်း ဘယ်လိုလုပ်ပြီး…” မိုတော့မှာ ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းလိုက်ချင်ပါသော်ငြား ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူမေးလျှင်ပင် သူ့ပြိုင်ဘက်မှာ ဖြေလိမ့်မည်မဟုတ်မှန်း သိနေခဲ့လေသည်။ မှော်ဆရာညိုသည် သူ့လျှို့ဝှက်ချက်များကို ကျိန်းသေ ဖုံးကွယ်ထားပေလိမ့်မည်။ ထို့အတွက်ကြောင့် မိုတော့လည်း အဆုံးထိပြောမနေတော့ဘဲ ပြောလက်စတန်းလန်းနှင့် ရပ်လိုက်လေသည်။

သူထင်သည့်အတိုင်းပင် ရန်ကိုင်သည် သူ့အား မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။ နတ်ဆိုးချီများကို ထွေးထုပ်လိုက်ပြီးသည့်နောက်တွင် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ တောင်နဲ့မြစ်ခေါင်းလောင်းသည် မိုတော့ဆီသို့ ပျံသန်းသွားပြီး တဖြည်းဖြည်း အရွယ်အစား ကြီးမားလာလျက် မိုတော့အား အပေါ်မှ အုပ်ချလိုက်လေသည်။

မိုတော့သည် တောင်နဲ့မြစ်ခေါင်းလောင်း အုပ်ခံရမည်ကို မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။ ခေါင်းလောင်း၏စွမ်းအားကို သူသိပြီးသားပင်။ ထို့အတွက်ကြောင့် တောင်နဲ့မြစ်ခေါင်းလောင်း ရွေ့လျားလာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း ဘေးသို့ တိမ်းရှောင်လိုက်လေသည်။

မိုတော့ ရှောင်တိမ်းရန် ကြံနေသည်ကို တွေ့လိုက်သည့်အခါတွင် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို အလျင်အမြန် ဖမ်းယူ၍ ခေါင်းလောင်းမျက်နှာပြင်ကို ရိုက်ချလိုက်လေသည်။

“ဒေါင်…” စွမ်းအင်လှိုင်းတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး ထိုစွမ်းအင်လှိုင်းသည် ထက်ရှသည့်ဓါးသွားပမာ မိုတော့ဆီသို့ တိုးဝင်သွားခဲ့လေသည်။

မိုတော့မှာ ရှောင်တိမ်းရင်းလက်စ ဖြစ်နေသည့်အတွက်ကြောင့် ထိုတိုက်ခိုက်မှုကို အချိန်မီ မခုခံနိုင်တော့ချေ။ အသံလှိုင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် မိုတော့မှာ ယာယီမျှ ငေးငိုင်ငိုင် ဖြစ်သွားခဲ့ရပြီး သူ့မျက်နှာမှာလည်း နာကျင်မှုကြောင့် ရှုံ့မဲ့သွားခဲ့ရလေသည်။

ယခင်တည်းက မိုတော့သည် တောင်နဲ့မြစ်ခေါင်းလောင်းအား အသည်းအသန် ခုခံခဲ့ရလေရာ ယခုဆိုလျှင် နတ်ဆိုးနှလုံးသားတစ်ခုကိုပါ ဆုံးရှုံးထားလိုက်ရသည့်အတွက်ကြောင့် တောင်နဲ့မြစ်ခေါင်းလောင်း၏ တိုက်ခိုက်မှုများကို သူ့အနေဖြင့် ခုခံဖို့ရာ ပိုမိုခက်ခဲလာရတော့လေသည်။

မိုတော့ ငေးကြောင်ကြောင်ဖြစ်နေစဉ် ရန်ကိုင်သည် ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် မိုတော့ဆီသို့ ပြေးဝင်သွားလေသည်။

မိုတော့သည် အလိုလို နောက်သို့ ခုန်ဆုတ်လိုက်ပါသော်ငြား ရန်ကိုင်သည် သူ၏နဂါးလက်သည်းဖြင့် မိုတော့၏လက်ကို လှမ်းဖမ်းဆွဲထားခဲ့လေသည်။ ထို့နောက် သူ့လက်အား ဖျစ်ညှစ်ချလိုက်ရာ မိုတော့၏လက်ထဲရှိ အရိုးများ သွင်သွင်ကျိုးသွားခဲ့ရလေသည်။

All Chapters