← Chapters

အခန်း (၂၈၉၇)

Vol. 124 Ch. 2897-2900

အခန်း (၂၈၉၇)

Vol. 124 Ch. 2897-2900

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၉၇)

ဘာသာပြန်သူ_တိမ်တိုက်

မိုတော့သည် သူ့ရှေ့တွင်ရှိနေသော ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ငေးကြောင်ကြည့်နေလေသည်။ မိုတော့၏လက်ကို ဖမ်းဆွဲထားပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျန်လက်တစ်ဖက်ဖြင့် မိုတော့မျက်နှာတည့်တည့်သို့ ထိုးချလိုက်လေသည်။

အလွန်ပြင်းထန်သည့် အားတစ်ရပ် သူ့မျက်နှာအား လာရောက်ထိမှန်လေရာ မိုတော့၏မျက်နှာတစ်ပြင်လုံး ပုံပျက်ပန်းပျက် ဖြစ်သွားရပြီး သူကိုယ်တိုင်သည်လည်း လေထဲကျွမ်းပစ်ကာ လွင့်စင်ထွက်သွားခဲ့လေသည်။ ခေါင်းလောင်း၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်လာပြီးသည့်နောက်တွင် မိုတော့မှာ သူ့ကိုယ်သူ အလျင်စလို ဟန်ချက်ပြန်ထိန်းလိုက်သည်။ သို့သော်ငြား ဟန်ချက်ထိန်းပြီးရုံပင်ရှိသေး နောက်ထပ်ခေါင်းလောင်းသံများ ထပ်မံထွက်ပေါ်လာပြန်လေသည်။

ယခုလေးတင် ပျောက်ကွယ်သွားသော ခေါင်းလောင်း၏ ဖိနှိပ်သည့်စွမ်းအားမှာ သူ့အား နောက်တစ်ကြိမ် ထပ်မံလွှမ်းခြုံလာခဲ့ပြန်လေသည်။ ထို့အတွက်ကြောင့် မိုတော့မှာ သူ့ခွန်အားကိုပင် ကောင်းကောင်း မလှည့်ပတ်နိုင် ဖြစ်သွားခဲ့ရလေသည်။ ထို ယာယီမျှ တုံ့နှေးမှုကြောင့် မိုတော့မှာ ရန်ကိုင်၏ နောက်ထပ်လက်သီးစာ မိသွားခဲ့ရလေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်၏လက်သီးချက်သည် သူ့ရင်ဘတ်ဆီသို့ တိုးဝင်လာလေ၏။ အရိုးကျိုးသံများနှင့်အတူ မိုတော့၏ရင်ဘတ် ချိုင့်ဝင်သွားခဲ့ပြီး သူကိုယ်တိုင်သည်လည်း လွင့်စင်ထွက်သွားခဲ့ရသည်။

ကြီးကျယ်မြင့်မြတ်လှသော နတ်ဆိုးသူတော်စင်တစ်ပါးသည် ယခုအချိန်တွင်တော့ သဲအိတ်နှင့်မခြား ဖြစ်နေခဲ့လေသည်။ နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်လင့်ကစား မှော်ဘုရင်တစ်ပါးအား အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်ခဲ့ခြင်း မရှိဘဲ တစ်ဖက်လူထိုးကြိတ်နေသည်ကိုသာ တောက်လျှောက် ခံနေခဲ့ရသည်။ ဤသည်မှာ သူ့အတွက်တော့ အရှက်ရစရာပင်။ မိုတော့ရင်ထဲရှိ ဒေါသတရားတို့မှာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် မီးတောင်ရှင်တစ်လုံးပမာ ဖြစ်လာရတော့လေသည်။

ရန်ကိုင်၏တိုက်ကွက်များသည် သေလောက်အောင် ပြင်းထန်ခြင်း မရှိပါသော်ငြား သန်းပေါင်းများစွာသော နတ်ဆိုးများရှေ့၌ ယခုကဲ့သို့ အရှက်ခွဲခံနေရသည့်အပေါ် မိုတော့အနေဖြင့် လုံးဝကို သည်းမခံနိုင်ချေ။

သူ့အနေဖြင့် ဤကဲ့သို့ မရှုမလှ ခံစားနေရခြင်းမှာ ဤသောက်စုတ်သောက်ပျက်ခေါင်းလောင်းကြောင့်သာ ဖြစ်လေသည်။ မိုတော့သည် မှော်ဆရာညိုကို မကြောက်ချေ။ သို့သော်ငြား ထိုထူးဆန်းသော ခေါင်းလောင်း၏ စွမ်းအားမှာ နတ်ဆိုးသူတော်စင်တစ်ပါးဖြစ်သည့် သူ၏စွမ်းအားကိုပင်လျှင် ဖိနှိပ်နိုင်ပေသည်။ ထို့အတွက်ကြောင့် မိုတော့မှာ ရန်ကိုင်အား အထက်စည်းမှနေ၍ မတိုက်ခိုက်နိုင်တော့။ အမှားလေးတစ်ချက်သည် သူ့အား တောက်လျှောက်ကို ရှုံးနိမ့်သွားစေခဲ့ရကာ မိုတော့အနေဖြင့် ရန်ကိုင်အပေါ် ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးတစ်ခုပင် မရရှိတော့ချေ။

ခေါင်းလောင်းသံမြည်လိုက်တိုင်း မြည်လိုက်တိုင်း မိုတော့ စုစည်းလက်စစွမ်းအင်များမှာ ဖိနှိပ်ခံလိုက်ရကာ ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် သူ့ပေါ်သို့ မိုးသီးမိုးပေါက်များပမာ လက်သီးချက်များ ပစ်ကျွေးလေသည်။

အမွှေးတိုင်တစ်ချောင်းစာအတွင်းမှာပင် ရန်ကိုင်သည် မိုတော့အား အကြိမ်တစ်ထောင်မက တိုက်ခိုက်ပြီးသွားခဲ့လေပြီ။ ရန်ကိုင်၏ ထိုတိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းသည် သာမန်နတ်ဆိုးဘုရင်တစ်ပါး၏ အသက်ကို ခြွေယူပစ်ရန် လုံလောက်ပေသည်။ သို့သော်ငြား ထိုမျှများပြားလှသော တိုက်ခိုက်မှုများကို ခံထားရသည့်တိုင် မိုတော့မှာတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ခြင်း မရှိသေးပေ။ မိုတော့၏ရင်ဘတ် မည်သို့ပင် ချိုင့်ဝင်နေစေကာမူ၊ သူ့အရိုးများ မည်မျှပင် ကျိုးနေစေကာမူ မိုတော့မှာတော့ အချိန်အနည်းငယ်အတွင်း သူရထားသည့် ဒဏ်ရာအားလုံးကို သက်သာပျောက်ကင်းသွားအောင် လုပ်နိုင်ပေသည်။

နတ်ဆိုးသူတော်စင်တစ်ပါး၏ အသက်စွမ်းအင်မှာ အလွန်တရာကိုမှ အားကောင်းလွန်းလှသည်။

ထိုးကြိတ်ခံနေရသည့်မိုတော့မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားခြင်း မရှိသေးပါသော်ငြား မိုတော့အား တောက်လျှောက်ထိုးကြိတ်နေသည့် ရန်ကိုင်မှာတော့ အမောတကော အသက်ရှူနေရလေပြီ။ လက်ရှိရန်ကိုင်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့ရသည်။ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုပြီးသည့်နောက်တွင် ရန်ကိုင်၏ခွန်အားမှာ အကြီးအကျယ် တိုးတက်လာခဲ့ရပါသော်ငြား စွမ်းအင်ကုန်ဆုံးနှုန်းမှာလည်း သိသိသာသာကို မြင့်တက်လာခဲ့ရသည်။ ထို့အပြင် ရန်ကိုင်သည် မိုတော့အား တိုက်ခိုက်နိုင်ရန်အတွက် တောင်နဲ့မြစ်ခေါင်းလောင်းကိုလည်း အဆက်မပြတ် အသုံးပြုနေရသေးသည်။ တောင်နဲ့မြစ်ခေါင်းလောင်းကို အသုံးပြုဖို့ရာလည်း ထိုမျှမလွယ်ပေ။ ရန်ကိုင်၏ အားကောင်းလှသော အခြေခံအုတ်မြစ်ကြောင့်သာ မဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် စွမ်းအင်အလွန်အကျွံသုံးစွဲ၍ အသက်ပင် ပျောက်နေရလောက်ပြီ။

သို့သော်ငြား ရန်ကိုင်မှာ စိတ်ရှည်ရှည်နှင့် ဆက်လက်၍ တိုက်ခိုက်နေပေသည်။ သူ့အနေဖြင့် မိုတော့အား တစ်ချက်တည်းနှင့် အပြတ်ဖြတ်နိုင်မည့် အခွင့်အရေးကို ရှာနိုင်ရန်အတွက် စိတ်ရှည်ရှည်နှင့် စောင့်နေရပေလိမ့်မည်။

ထိုအခွင့်အရေးသည် မကြာခင် ရောက်ရှိလာပေလိမ့်မည်။

တောက်လျှောက်နှိပ်စက်ခံနေရသည့်အတွက်ကြောင့် မိုတော့မှာ အလွန်တရာကိုမှ ဒေါသူပုန်ထနေလေကာ သူ့မျက်နှာကြီးမှာလည်း ရှုံ့မဲ့လို့နေခဲ့သည်။ အံကိုတင်းတင်းကြိတ်ရင်း စိတ်လွတ်သွားသည့်အလား သွေးနီရောင်မျက်လုံးများဖြင့် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေလေသည်။

တောင်နဲ့မြစ်ခေါင်းလောင်း နောက်တစ်ကြိမ် မြည်ဟည်းလာခဲ့ပြန်လေသည်။ အသံလှိုင်းမှာ မိုတော့ဆီသို့ ထပ်မံတိုးဝင်လာပြန်လေ၏။

ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်၏တိုက်ကွက်သည် အချိန်ကိုက်ဖြစ်မသွားခဲ့ချေ။ ခေါင်းလောင်းသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိုတော့သည် ဘေးဘက်သို့ တိမ်းရှောင်ပြီးသွားလေပြီ။ တောင်နဲ့မြစ်ခေါင်းလောင်း၏ ဖိနှိပ်မှု မရှိတော့သည့်အတွက်‌ကြောင့် မိုတော့မှာ ရန်ကိုင်နှင့် စိတ်လိုလက်ရ တိုက်ခိုက်နိုင်လေပြီ။ ညစ်ကျယ်ကျယ်ပြုံးရင်း မိုတော့သည် နတ်ဆိုးချီကို အရူးအမူးလှည့်ပတ်လျက် ရန်ကိုင်ဆီသို့ ခုန်ဝင်သွားလေ၏။

ရန်ကိုင်မှာလည်း ပျာယာခတ်သွားသည့် ပုံစံမျိုးဖြင့် အလျင်စလို နောက်သို့ဆုတ်လိုက်လေသည်။ သို့သော်ငြား မိုတော့နှင့် လူချင်းမခြားလိုက်နိုင်ချေ။

မိုတော့သည် ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး ရန်ကိုင်ခေါင်းတည့်တည့်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် သူ့လက်ကိုမြှောက်လျက် လောကဓာတ်လုံးကို ဆင့်ခေါ်လိုက်လေသည်။ ရန်ကိုင်၏ထိန်းချုပ်မှုအောက်၌ လောကဓာတ်လုံးသည် ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ပြီး ဝဲကတော့ကဲ့သို့သော ဝင်ပေါက်တစ်ခုသည် သူနှင့်မိုတော့ကြားတွင် ပေါ်လာခဲ့လေ၏။

ရန်ကိုင်၏ကောင်းကင်စိတ်အာရုံသည် ဒီရေလှိုင်းလုံးပမာ ဖြာထွက်လာခဲ့ပြီး မမြင်နိုင်သော ပိုက်ကွန်တစ်ခုအသွင်သို့ ပြောင်းကာ မိုတော့အား သားကောင်တစ်ကောင်ကို ဖမ်းနေသည့်နှယ် ဖမ်းချုပ်လိုက်လေသည်။

ရန်ကိုင်မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။ မိုတော့ကို သူ့စိတ်စွမ်းအင်ဖြင့် ဖမ်းဆီးဖို့ရာ လွယ်ကူလှသည်တော့မဟုတ်ချေ။ ထို့အတွက်ကြောင့် စိတ်စွမ်းအင်ကို အရူးအမူး သုံးစွဲနေရလေသည်။

သူသည်သာ မိုတော့အား လောကဓာတ်လုံးထဲသို့ ပို့နိုင်မည်ဆိုပါက မိုတော့၏ သေခြင်းရှင်ခြင်းသည် သူ့ထိန်းချုပ်မှုအောက်သို့ ရောက်လာပေလိမ့်မည်။ မိုတော့မှာ နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်ပါသော်ငြား လောကဓာတ်လုံးထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏ပြိုင်ဘက် ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ချေ။

မိုတော့သည် နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင် သူ့ခွန်အားခုနှစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုထားရသလို နတ်ဆိုးနှလုံးသားတစ်ခုမှာလည်း ဖျက်ဆီးခြင်း ခံထားရသည့်အတွက်ကြောင့် လောကဓာတ်လုံးထဲသို့သာ ရောက်သွားမည်ဆိုပါက ရန်ကိုင်၏ပြိုင်ဘက် လုံးဝဖြစ်နိုင်တော့လိမ့်မည်မဟုတ်ချေ။

ထို့အတွက်ကြောင့် လက်ရှိအချိန်၌ အရေးကြီးဆုံးသော အချက်မှာ မိုတော့အား လောကဓာတ်လုံးထဲသို့ ဆွဲထည့်နိင်ရန်သာ ဖြစ်လေသည်။

ဝဲကတော့ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိုတော့၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့သည်။ ဝဲကတော့သည် ပုံမှန်မဟုတ်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ နိုးနိုးကြားကြား ဖြစ်သွားကာ သူ့လက်ကို အလျင်စလို ပြန်ရုတ်သိမ်းလိုက်လေသည်။ မိုတော့မှာ အချိန်မီပြန်ဆုတ်ရန် ကြိုးစားလိုက်ပါသော်ငြား သူ့ကိုယ်သူ နွံအိုင်တစ်ခုထဲသို့ ကျသွားသည့်အလား ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံးမှာ အလွန်တရာကိုမှ စေးကပ်လာကြောင်း တွေ့ရှိလိုက်ရလေသည်။

ထိုသို့ဖြစ်ရခြင်းမှာ ရန်ကိုင်၏စိတ်စွမ်းအင်နှင့်တကွ အနီးအနားရှိ လေဟာနယ်နိယာမစွမ်းအားတို့ကြောင့်သာ ဖြစ်လေသည်။

မိုတော့သည် သူ၏စိတ်စွမ်းအင်ကိုလှည့်ပတ်၍ ရန်ကိုင်၏ ထိန်းချုပ်မှုအောက်မှ အတင်းရုန်းထွက်ရန် ကြိုးစားလိုက်လေသည်။

မိုတော့၏စိတ်စွမ်းအင်သုံးတိုက်ခိုက်မှုများကြောင့် ရန်ကိုင်၏စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော ပိုက်ကွန်ကြီးပေါ်တွင် အပေါက် အပေါက်များ ဖြစ်ပေါ်လာရတော့လေသည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ ရန်ကိုင်၏ဝိဉာဉ်မှာလည်း ဒဏ်ရာရသွားခဲ့ရသည်။ သူ့ဝိဉာဉ်ဒဏ်ရာရသွားသည့် အတွက်ကြောင့် ရန်ကိုင်၏ ဒွါရခုနှစ်ပေါက်မှ သွေးများ စီးကျလာခဲ့လေရာ ရန်ကိုင်၏ပုံစံမှာ အတော်လေးကိုမှ ကြောက်စရာကောင်းသွားရတော့လေသည်။

“ငါနဲ့များ စိတ်စွမ်းအင်လာပြိုင်ချင်နေသေးတယ်… မင်းက တကယ်ကို ရူးတဲ့ကောင်ပဲကွ…” မိုတော့သည် သူအနိုင်ရသွားပြီဟု ထင်နေသည့်အလား လှောင်ပြုံးပြုံးလျက် ရန်ကိုင်အား ကြည့်ကာ ပြောလိုက်လေသည်။ သူ့အနေဖြင့် ဤနေရာမှ ထွက်ပြေးရန် အလျင်မလိုသေးချေ။ အကြောင်းမှာ မှော်ဆရာညိုသည် သူ့အား စိတ်စွမ်းအင်ဖြင့် ဖမ်းဆီးရန် ကြိုးစားရာမှ သူ့အား မဖမ်းဆီးနိုင်ခဲ့ဘဲ သူကိုယ်တိုင်သည်သာ ဒဏ်ရာပြန်ရသွားသည်ကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင်။

ရန်ကိုင်၏စိတ်စွမ်းအင်ပိုက်ကွန်မှာ တရစပ် ဖျက်ဆီးခံနေရသည်နှင့်အမျှ ရန်ကိုင်၏ဝိဉာဉ်မှာလည်း ပိုပို၍ ဒဏ်ရာရလာခဲ့ရလေသည်။ ယခုဆိုလျှင် ရန်ကိုင်၏ပိုက်ကွန်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်ပါသော်ငြား ရန်ကိုင်မှာတော့ လက်မလျှော့သေးချေ။

တဖြည်းဖြည်းနှင့် လှောင်ရိပ်တို့သန်းနေသည့် မိုတော့၏မျက်နှာမှာလည်း လေးနက်တည်ကြည်လာခဲ့ရလေသည်။ အကြောင်းမှာ ရန်ကိုင်၏ခုခံနိုင်စွမ်းသည် သူမျှော်လင့်ထားသည်ထက်ကို ကျော်လွန်နေသည့်အတွက်ကြောင့်ပင်။

ဝိဉာဉ်သည် လူတစ်ဦး၏ အလွန်အရေးပါ အထိအခိုက်မခံသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။ ဝိဉာဉ်သည်သာ ဒဏ်ရာရသွားခဲ့မည်ဆိုပါက ထိုသူသည် ဦးနှောက်သေကာ လမ်းလျှောက်နေသည့် အလောင်းပမာ ဖြစ်သွားရပေလိမ့်မည်။

မိုတော့၏တိုက်ခိုက်မှုများမှာ အလွန်ကိုမှ ပြင်းထန်လွန်းလှသည်ဟု ပြော၍ရကာ သူ့တိုက်ခိုက်မှုများကြောင့် သူ့ရှေ့တွင်ရှိနေသည့် မှော်ဆရာညိုသည် ယခုအချိန်လောက်ဆိုလျှင် စိတ်မနှံ့သည့် အရူးကောင်သာသာသာ ဖြစ်သွားသင့်ပေသည်။ သို့သော်ငြား သူမျှော်လင့်ထားသလို ဖြစ်မနေကြောင်း မိုတော့ တွေ့ရှိလိုက်ရသည်။ မှော်ဆရာညိမှာ အတော်လေးကိုမှ အခြေအနေဆိုးသလို သူ့ဝိဉာဉ်မှာလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားပါသော်ငြား စိတ်လွတ်သွားခြင်း မရှိသေးချေ။

တစ်ခုခုသည် သူ့ဝိဉာဉ်အား ကာကွယ်ပေးနေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

မိုတော့သည် နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဝိဉာဉ်ကြာပန်းအကြောင်းကို မသိပါသော်ငြား ရန်ကိုင်အနေဖြင့် သူ့ဝိဉာဉ် ထိခိုက်ဒဏ်ရာရပြီးသည့်တိုင် ယခုကဲ့သို့ စိတ်မလွတ်ဘဲ နေနိုင်ရခြင်းမှာ သူ့တွင် သူ့ဝိဉာဉ်အား ကာကွယ်ပေးထားသည့် အဖိုးတန်ရတနာတစ်ခုခု ရှိနေသည့်အတွက်ကြောင့်သာ ဖြစ်ရလိမ့်မည်မှန်း ခန့်မှန်းမိသွားခဲ့လေသည်။

မိုတော့ခန့်မှန်းသည်မှာလည်း မှန်ပေသည်။ ဝိဉာဉ်ကြာပန်းကြောင့်သာလျှင် ရန်ကိုင်သည် မိုတော့နှင့် ဤပုံစံအတိုင်း တိုက်ခိုက်ရဲခြင်း ဖြစ်လေသည်။

ထိုကဲ့သို့ ခန့်မှန်းမိလိုက်သည့်နောက် မိုတော့ စိတ်လှုပ်ရှားလာခဲ့လေ၏။ သူ့စိတ်စွမ်းအင်ကို အရူးအမူးထုတ်လွှတ်၍ ရန်ကိုင်၏ အသိစိတ်ပင်လယ်အတားအဆီးကို ဖြတ်ကာ ရန်ကိုင်၏ လျှို့ဝှက်ချက်များကို ထိုးဖောက်ကြည့်ရန် ကြိုးစားလိုက်သည်။

ဝိဉာဉ်အား မပျက်စီးအောင် ကာကွယ်ပေးနိုင်သည့် ရတနာတစ်ခုသည် အလွန်ကိုမှ အဖိုးတန်သည့် ရတနာတစ်ခုဖြစ်ပေသည်။

ထိုအခိုက်အတန့်ထက်တွင် ရန်ကိုင်၏ နာကျင်နေသည့်မျက်နှာထက် ထူးဆန်းသည့်အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်၏ဘယ်ဘက်မျက်လုံးမှာ ရုတ်တရက်ဆိုသလို ရွှေရောင်တောက်လာခဲ့ပြီး သူ့မျက်ဆံမှာလည်း ဒေါင်လိုက်မျက်စံတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ချက်ချင်းဆိုသလို ဖူးပွင့်လာနေသည့် ကြာဖူးတစ်ခုသည် မိုတော့၏ အသိစိတ်ပင်လယ်ထဲ၌ ပေါ်လာခဲ့လေသည်။

မိုတော့ ဒေါသတကြီး ထအော်တော့လေသည်။ သူ့အနေဖြင့် သူ့အသိစိတ်ပင်လယ်ထဲတွင် ပွင့်လန်းလာရန် ကြိုးစားနေသည့် ကြာဖူးအား ခုခံတော့မည့်အပြု အစောပိုင်းက ဖျက်ဆီးခံလိုက်ရသည့် စိတ်စွမ်းအင်ပိုက်ကွန်မှာ ရုတ်တရက်ဆိုသလို အချင်းချင်း ပြန်ဆက်သွားကြောင်း တွေ့လိုက်ရလေသည်။ ထိုကဲ့သို့ ချိန်ကိုက်သားအခိုက်အတန့်ကြောင့် မိုတော့မှာ စိတ်စွမ်းအင်ပိုက်ကွန်ကို ခုခံနိုင်ခဲ့ခြင်း မရှိတော့ဘဲ ချုပ်နှောင်ခြင်းခံလိုက်ရကာ ဝဲကတော့ထဲသို့ ဆွဲထည့်ခံလိုက်ရလေသည်။

ထိုအဖြစ်အပျက်နှစ်ခု ဆုံသွားသည့်အခိုက်တွင် မိုတော့မှာ နှစ်ခုလုံးအား သေသေချာချာ မခုခံတော့နိုင် ဖြစ်သွားခဲ့ရလေသည်။ သူ့ခန္ဓာကိုယ်ကြီးသည် ဘာမှန်းမသိရသော ဝဲကတော့ထဲသို့ ဆွဲခေါ်ခံထည့်သွားခံရစဉ် ကြာဖူးမှာလည်း သူ့အသိစိတ်ပင်လယ်ထဲ ပွင့်လန်းနေရင်း သူ့အသိစိတ်စွမ်းအင်ကို စုပ်ယူဝါးမျိုနေခဲ့လေရာ မိုတော့မှာ ခေါင်းတဆစ်ဆစ် ကိုက်ခဲနေရတော့သည်။

နတ်ဆိုးဘုရင်အဆင့်သာ ရှိသေးသော လူတစ်ဦး၏ မလှိမ့်တပတ်လုပ်ခြင်း ခံလိုက်ရသည်မှာ မိုတော့အတွက်တော့ အမှန်တကယ်ကို အရှက်ရစရာပင်။ ထိုဝဲကတော့ မည်သည့်နေရာသို့ ဦးတည်နေသလဲဆိုသည်ကို မိုတော့မသိပါသော်ငြား ရန်ကိုင်သည် သူ့အား ဤဝဲကတော့ထဲသို့ နည်းလမ်းပေါင်းစုံသုံး၍ ခေါ်သွားချင်နေကြောင်းကိုတော့ မိုတော့သိပေသည်။ ထို့အတွက်ကြောင့် ဤနေရာသည် သူ့အတွက် ကောင်းသည့်နေရာတစ်ခုတော့ မဟုတ်ချေ။ ဖြစ်နိုင်သည်မှာတော့ သူ့အနေဖြင့် ထိုနေရာထဲသို့ ရောက်သွားပြီးသည့်နောက် လုံးဝ ပြန်ထွက်မလာနိုင်တော့လောက်ချေ။

ထို့အတွက်ကြောင့် မိုတော့သည် နာကျင်မှုကို တင်းခံရင်းမှ အော်ပြောလိုက်လေသည်။ “တော်လောက်ပြီ…”

မိုတော့၏အော်သံသည် လောကကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့လေသည်။

မိုတော့အား ဝဲကတော့ထဲသို့ ဆွဲခေါ်နေသည့် စွမ်းအားမှာ ယာယီမျှ ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူတော်စင်များ တိုက်ခိုက်နေရာဆီမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းတန်းသည် မိုတော့၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

မူလကတည်းက ကြောက်မက်ဖွယ်ရာကောင်းနေသည့် မိုတော့၏ အရှိန်အဝါသည် ရုတ်တရက်ဆိုသလို အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့လေသည်။

ရန်ကိုင်မှာလည်း လုံးဝကို ကူကယ်ရာမဲ့သွားရတော့လေသည်။

ရန်ကိုင်သည် တတ်စွမ်းသမျှနည်းလမ်းအကုန်အစင်ကို ထုတ်သုံး၍ မိုတော့အား လောကဓာတ်လုံးထဲသို့ ဆွဲယူရန် ကြိုးစားလိုက်ပါသော်ငြား မိုတော့သည် နောက်ဆုံးအခိုက်အတန့်ရောက်မှ သူ့စွမ်းအားအကုန်အစင်ကို ထုတ်သုံးရန် ကြိုးစားလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်၏အကြံအစည်မှာ လမ်းတစ်ဝက်နှင့်ပင် အဆုံးသတ်သွားခဲ့ရလေသည်။

လက်ရှိမိုတော့သည် ခွန်အားခုနှစ်ဆယ်ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားသည့် နတ်ဆိုးသူတော်စင်တစ်ပါး မဟုတ်တော့ဘဲ ခွန်အားတစ်ရာရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်နေခဲ့လေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်၏လှည့်ကွက်အားလုံးမှာ အလုပ်မဖြစ်တော့ချေ။

မျှချေအခြေအနေမှာလည်း ရုတ်ချည်းဆိုသလို ကျိုးပျက်သွားခဲ့ရသည်။

အထွဋ်အထိပ်အခြေအနေသို့ ရောက်ရှိလာသော မိုတော့သည် ဘာမှပင် လုပ်နေစရာမလိုခဲ့။ သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်ဝါဝါသက်သက်သည်ကပင်လျှင် ရန်ကိုင်၏စိတ်စွမ်းအင်နှင့်တကွ အနီးအနားရှိ လေဟာနယ်နိယာမများကို တစ်စစီ ပျက်စီးသွားစေခဲ့လေသည်။

အချင်းချင်း ရင်ဆိုင်တိုက်နေကြသော သန်းနှင့်ချီသည့် လူရိုင်းများနှင့် နတ်ဆိုးများမှာလည်း တစ်သက်မမေ့လောက်သည့် တစ်သက်မမေ့လောက်မည့် မြင်ကွင်းတစ်ရပ်ကို မြင်လိုက်ကြရသည်။

အနက်ရောင်အရိပ်ကြီးတစ်ခုသည် လေထဲ၌ ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအရိပ်ကြီးသည် တဖြည်းဖြည်း ဖောင်းကားထွက်လာနေသည့် ပူပေါင်းတစ်လုံးပမာ အရွယ်အစား ကြီးမားလာနေခဲ့လေ၏။

ဆယ်မီတာ… ဆယ့်ငါးမီတာ… မီတာသုံးဆယ်… မီတာခြောက်ဆယ်…။

အနက်ရောင်အရိပ်ကြီး၏ အရွယ်အစားမှာ တဖြည်းဖြည်း ကြီးမားလာနေခဲ့လေရာ နောက်ဆုံး မီတာသုံးရာအထိသို့ ရောက်ရှိသွားသည့်အခါမှသာ ရပ်တန့်သွားခဲ့လေသည်။

မိုတော့သည် ဧရာမ မွန်းစတားကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ သူ၏နဖူးထက်တွင်တော့ အလွန်တရာကိုမှ ထက်ရှလွန်းလှသည့် ဦးချိုနှစ်ချောင်း ထွက်နေခဲ့လေ၏။ လက်ရှိမိုတော့၏ ရှေ့မှောက်တွင် ကမ္ဘာလောကထဲရှိ အရာမှန်သမျှသည် အလွန်တရာကိုမှ သေးငယ်သွားသည့်အလား။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ သတ္တုသားဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦးတစ်ခုပမာ သတ္တုရောင်တလက်လက် တောက်နေခဲ့လေသည်။

ခွန်အား တစ်ရာရာခိုင်နှုန်းကို ရရှိသွားသည့်နောက်တွင် မိုတော့သည် မနုဿတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့လေသည်။ သိပ်သည်းလှသည့် နတ်ဆိုးချီတို့သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားခဲ့လေသည်။

(မနုဿဆိုတာကတော့ အောက်ပိုင်းက မြင်းခန္ဓာကိုယ်၊ အပေါ်ပိုင်းက လူခန္ဓာကိုယ် ရှိတဲ့ သတ္တဝါကို ပြောတာပါနော်)

တစ်ချိန်တည်းတွင်လည်း ရန်ကိုင်သည် လောကဓာတ်လုံးနှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။

မိုတော့ ခွန်အားအကုန်အစင်ကို ပြန်လည်ရရှိသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ဘာမှ တိုက်ခိုက်နေရန် ကြိုးစားမနေတော့ဘဲ စတင်၍သာ ပုန်းတော့လေသည်။

မိုတော့သည် အိမ်တစ်လုံးစာခန့်မျှရှိသော သူ၏မျက်လုံးကြီးများဖြင့် ဘေးပတ်ဝန်းကျင်တစ်ခွင့် လှည့်ပတ်ကြည့်လိုက်သည်။ ထိုသို့ဝေ့ကြည့်ပြီးသည့်နောက်တွင် မိုတော့သည် သူ့ခန္ဓာကိုယ်ဆီမှ အမွေးတစ်မျှင်ကို ဆွဲနှုတ်၍ ထိုအမွေးမျှင်ကို သူ့လက်ချောင်းထဲ ကိုင်စွဲကာ ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်လိုက်လေသည်။

“ဝှစ်” ခနဲမြည်သံနှင့်အတူ မိုတော့၏အမွှေးသည် ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။

တစ်ခဏအကြာ၌ မိုတော့နှင့် ဆယ်မိုင်ခန့်အကွာဆီမှ ငြီးသံသဲ့သဲ့တစ်သံ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်မှာ ဒယီးဒယိုင်ဖြစ်လျက် ဟင်းလင်းပြင်ထဲမှ အောက်သို့ ပြုတ်ကျလာခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏ဝမ်းဗိုက်အား အနက်ရောင်စွမ်းအင်တန်းတစ်ခုမှ ထိုးဖောက်ထားခဲ့ပြီး ထိုစွမ်းအင်တန်းသည် ရန်ကိုင်အား မြေပြင်နှင့် ပူးကပ်နေအောင် ဆွဲကပ်ထားခဲ့လေသည်။ ထိုအနက်ရောင်စွမ်းအင်သည် မိုတော့၏ အမွေးအမျှင်မှ ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။ ထိုအမွေးအမျှင်သည် ရန်ကိုင်၏ခန္ဓာကိုယ်နှင့် မြေပြင်အား ပူးကပ်နေအောင် လုပ်ထားရုံမက ထိုအမွေးအမျှင် ထိုးစိုက်ခြင်းခံလိုက်ရပြီးသည့်နောက် ရန်ကိုင်မှာ သူ့စိတ်တစ်ခုလုံး ဝိုးတဝါးတားဖြစ်သွားသလို ခံစားလိုက်ရလေသည်။

“ဒုန်း… ဒုန်း… ဒုန်း…”

မိုတော့သည် ရန်ကိုင်ဆီသို့ တစ်လှမ်းခြင်းတစ်လှမ်းခြင်း လျှောက်လာလေ၏။

ရန်ကိုင်နှင့် မိုတော့ကြားတွင် မူလက ဆယ်မိုင်ခန့် ဝေးနေခဲ့ပါသော်ငြား အသက်သုံးရှိုက်စာအတွင်း မိုတော့သည် ရန်ကိုင်ဆီသို့ ရောက်လာခဲ့လေ၏။ ထို့နောက် အထက်စီးမှ ရန်ကိုင်အား ပုရွတ်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသည့်ပမာ ငုံ့ကြည့်လျက် ပြောလိုက်လေသည်။ “ငါ့စွမ်းအားအကုန်ကို ထုတ်သုံးလာအောင် တွန်းအားပေးနိုင်တာ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်…”

မိုတော့ ပထမဦးဆုံး ပေါ်လာစဉ်က သူ့ခွန်အားငါးဆယ်ရာခိုင်နှုန်းကိုသာ ထုတ်သုံးခဲ့သည်။ ငါးဆယ်ရာခိုင်နှုန်းနှင့် မလုံလောက်မှန်း သိလိုက်သော် ခုနှစ်ဆယ်ရာခိုင်နှုန်းကို ထုတ်သုံးကာ တိုက်ခိုက်ရန် ကြိုးစားတော့သည်။ ကံမကောင်းစွာဖြင့် ခုနှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုခဲ့သည့်တိုင် မိုတော့မှာ ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ မည်သို့ပင် ဖြစ်နေစေကာမူ သူ့ခွန်အားတစ်ရာရာခိုင်နှုန်းကို ရရှိသွားပြီးသည့်နောက်တွင်တော့ မိုတော့မှာ သူ့ပြိုင်ဘက်အား လွယ်လင့်တကူ အနိုင်ယူနိုင်ခဲ့တော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၉၈)

ဘာသာပြန်သူ_တိမ်တိုက်

“ဟဲဟဲ” ပြုံးဖြီးရင်းမှ တောင်ပမာ ကြီးမားလွန်းလှသည့် သူ့ရှေ့ရှိ မိုတော့ကိုကြည့်ရင်း ရန်ကိုင် လှောင်ပြုံးပြုံးလိုက်လေသည် “ခင်ဗျား နိုင်တယ်။ ကဲ အခုဘာလုပ်မှာလဲ။ ကျုပ်ကို သတ်မှာလား။ သတ်မယ်ဆိုရင်လည်း မြန်မြန်သတ်လိုက်၊ မဟုတ်ရင် ခင်ဗျား နောက်တစ်ကြိမ် ထပ်ပြီး အံ့အားသင့်နေရဦးမယ်”

မိုတော့သည် အေးစက်စက် အမူအရာဖြင့် ရန်ကိုင်အား သူ့ခြေထောက်ဖြင့် နင်းချလိုက်လေသည်။

သူ့အား ပြဿနာများစွာတက်အောင် လုပ်ခဲ့သော ရန်သူကို ဤနည်းဖြင့် သတ်လိုက်ခြင်းသည် သက်ညှာလွန်းရာ ကျပေသည်။ သို့သော်ငြား မိုတော့မှာ ရန်ကိုင်ကြောင့် အတော်လေး အချိန်ကုန်ထားခဲ့ရသဖြင့် ရန်ကိုင်နှင့် ဆက်၍ အချိန်မဖြုန်းနိုင်တော့ချေ။ ရန်ကိုင်အား မြန်မြန်ဆန်ဆန် ရှင်းပစ်လိုက်ခြင်းသည် သူ့အတွက် အကောင်းဆုံးသာ ဖြစ်လေသည်။

ကြီးမားလှသော မြင်းခွာကြီးသည် ရန်ကိုင်အား ဆောင့်နင်းချလာခဲ့သည်။ ခွာကျသွားသည့် မြေပြင်တစ်ခုလုံးအနှံ့ အက်ရာများဖြင့် ပြည့်သွားလေ၏။

ဆောင့်နင်းချလိုက်ပြီးသည့်နောက်တွင် မိုတော့ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ အကြောင်းမှာ အသွေးအသားတစ်ခုကို နင်းချလိုက်ရသည့် ခံစားချက်မျိုးကို မခံစားရသလို သူ့ခြေထောက်အောက် မည်သည့်သွေးမှလည်း ဖြာထွက်လာခြင်း မရှိသည့် အတွက်ကြောင့်ပင်။ တစ်ချိန်တည်းတွင် ရန်ကိုင် မူလ ရှိနေခဲ့သည့် နေရာ၌ လေဟာနယ် နိယာမစွမ်းအားတို့ လှုပ်ခတ်သွားသည်ကို သတိထားမိလိုက်သည်။

မှော်ဆရာညိုဆိုသည့်လူ နောက်တစ်ကြိမ် ထွက်ပြေးသွားပြန်လေပြီ။ ယခုတစ်ကြိမ်တွင်တော့ သူပင် သတိမထားမိစေဘဲ ထွက်ပြေးခြင်း ဖြစ်သည်။ မိုတော့မှာ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးကြည့်လိုက်ပါသော်ငြား ရန်ကိုင်နှင့် ပက်သက်သည့် သဲလွန်စကို ရှာမတွေ့ခဲ့ချေ။

ထို့ကြောင့် ရန်ကိုင်အား အာရုံစိုက်မနေတော့ဘဲ အမြဲစိမ်းနတ်သစ်ပင် ရှိနေသည့် ဘက်ဆီသို့သာ လျှောက်သွားလေ၏။

ထိုလူရိုင်းကောင်နှင့် အချိန်ဖြုန်းဖို့ကို မိုတော့ စိတ်မဝင်စားတော့ချေ။ ထိုပုရွတ်ဆိတ်ကောင် အသက်ရှင်နေဦးမည် ဆိုလျှင်ပင် ရထားသည့် ဒဏ်ရာများကြောင့် သူ့အား လာတားနိုင်တော့လိမ့်မည် မဟုတ်။ လက်ရှိအချိန်တွင် သူ၏ အရေးအကြီးဆုံး တာဝန်မှာ ဤသစ်ပင်ကို ဖျက်စီးပစ်ရန်သာ ဖြစ်လေသည်။

မီတာသုံးရာခန့် မြင့်မားသော ဧကရာမ ခန္ဓာကိုယ်ကြီးသည် အမြဲစိမ်းနတ်သစ်ပင် ရှိရာဆီသို့ ပြေးသွားနေခဲ့သည်။ ၎င်း၏ ပြေးလမ်းကြောင်းတစ်လျှောက် ရှိနေသူများမှာတော့ မြင်းခွာအောက်ရောက်ကာ စိစိညက်ညက် ကြေကုန်ကြရသည်။ လူရိုင်းများဖြစ်စေ၊ နတ်ဆိုးများဖြစ်စေ၊ ချွင်းချက်မဟုတ်၊ ထိုအားနည်းသည့် သတ္တဝါများသည် မိုတော့အတွက်တော့ အတူတူသာ ဖြစ်ကြလေသည်။

ဒုန်း... ဒုန်း... ဒုန်း...

စစ်ဗုံ မြည်ဟည်းလာသည့်ပမာ တဒုန်းဒုန်း မြည်သံများနှင့်အတူ မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာခဲ့ရာ တိုက်ခိုက်နေကြသည့် လူတိုင်း၏ ရင်အစုံမှာ တုန်ခါနေသည့် မြေပြင်နည်းတူ အဆက်မပြတ် ခုန်လာခဲ့ကြသည်။

မိုတော့ သူတို့ ရှိနေသည့် ဘက်ဆီသို့ ပြေးဝင်လာနေသည်ကို သတိထားမိလိုက်သည်နှင့် နတ်ဆိုးကော၊ လူရိုင်းပါ တိုက်ခိုက်နေကြရာမှ ထွက်ပြေးကြတော့လေသည်။ မည်သူမှ မိုတော့၏ ပြေးလမ်းကြောင်းတွင် ပိတ်ရပ်မနေရဲကြ။ ပိတ်ရပ်နေသည့် လူတိုင်းမှာတော့ မြင်းခွာအောက်ရောက်၍ အသားပြားများ ဖြစ်ကုန်ကြလေပြီ။

လက်ရှိအချိန်တွင် လူရှစ်ထောင်ပင် မရှိတတ်တော့သော ရန်ကိုင်၏ အဖွဲ့သားများသည် အမြဲစိမ်းနတ်သစ်ပင်နားတွင် စုဝေးနေခဲ့ကြလေသည်။ သူတို့အား တိုက်ခိုက်နေသည်မှာတော့ ရှစ်သိန်းပင် မကသော နတ်ဆိုးများဖြစ်ကြသည်။ အမြဲစိမ်း နတ်သစ်ပင်၏ ကာကွယ်မှုသာ မရရှိထားပါက လူအင်အား အဆမတန် ကွာခြားမှုကြောင့် ရန်ကိုင်၏ အဖွဲ့သားအားလုံး ရှင်းပစ်ခံရနေပြီးလောက်ပေပြီ။

မိုတော့ သူတို့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်သည့်အခါ အမြဲစိမ်းနတ်သစ်ပင်နားတွင် စုဝေးနေကြသည့် လူရိုင်းများ၏ မျက်နှာထက် တုန်လှုပ်ချောက်ခြားမှုတို့ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းတွင် အမြဲစိမ်းနတ်သစ်ပင်နားနေ၍ နတ်ဆိုးများကို ခုခံတိုက်ခိုက်နေကြသည့် နတ်ဆိုးဘုရင်ခြောက်ပါးမှာ ပထမဦးဆုံး ထွက်ပြေးကြတော့လေသည်။ ရန်ကိုင်သည် သူတို့အား ဤနေရာကို ကာကွယ်ရန် အမိန့်ပေးထားပါသော်ငြား နတ်ဆိုးသူတော်စင်တစ်ပါး၊ အထူးသဖြင့် ဒေါသထွက်နေသည့် နတ်ဆိုးသူတော်စင်တစ်ပါးကို ရင်ဆိုင်ရဲလောက်သည့်သတ္တိ သူတို့တွင် ရှိမနေခဲ့ချေ။

နတ်ဆိုးဘုရင်များမှာ ထွက်ပြေးသွားကြပါသော်ငြား လူရိုင်းများမှာတော့ ထွက်မပြေးနိုင်။ အမြဲစိမ်းနတ်သစ်ပင်သည် ကမ္ဘာလမ်းကြောင်းကို ချိပ်ပိတ်နိုင်မည့် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ သူတို့အဖို့ ယခုအချိန်ရောက်သည်အထိ တောင့်ခံထားဖို့ရာ မလွယ်ကူလှလေရာ ဘာကြောင့်များ လမ်းတစ်ဝက်နှင့် လက်လျှော့လိုက်ရမည်နည်း။

ရန်ကိုင်၏ အဖွဲ့သားများသည် အမြဲစိမ်းနတ်သစ်ပင်၏ အမြစ်နားဆီသို့ ချက်ချင်း ကပ်သွားကြလေသည်။

အမြဲစိမ်းနတ်သစ်ပင်ပေါ်ရှိ သစ်လိုဏ်ဂူများထဲတွင် ရှိနေကြသော နှင်းရေခဲကလန်သားများသည် မန္တန်များကို ရွတ်ဆို၍ အမြဲစိမ်းနတ်သစ်ပင်၏ စွမ်းအားကို ငှားရမ်း အသုံးချရင်း နတ်ဆိုးသူတော်စင်မိုတော့ကို တားဆီးရန် ကြိုးစားလိုက်ကြသည်။

မြစိမ်းရောင်အလင်းအကာအရံတစ်ခု ရုတ်တရက် ပေါ်လာပြီး မီတာတစ်ထောင် ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့သည်။ နတ်ဆိုးများမှာ ထိုအကာအရံနှင့်အတွေ့ လက်မှိုင်ချကုန်ကြရသည်။ အားကောင်းလှသည့် နတ်ဆိုးဗိုလ်ချုပ်၊ နတ်ဆိုးဗိုလ်ချုပ်မှူးများနှင့် နတ်ဆိုးဘုရင်များသည်ပင်လျှင် ထိုအလင်းအကာအရံအား မသိမသာလေး တုန်ခါသွားစေရုံသာ တတ်နိုင်ခဲ့သည်။

ထို့အတွက်ကြောင့် လူရိုင်းများ၏ရင်ထဲ မျှော်လင့်ချက် အလင်းရောင်တို့ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့ရသည်။

သို့သော် ထိုမျှော်လင့်အလင်းရောင်မှာ ရုတ်ချည်းဆိုသလို ထိတ်လန့်တုန်လှုပ်မှု အဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။

မိုတော့၏ မီတာသုံးရာခန့် အမြင့်ရှိသော ခန္ဓာကိုယ်ကြီးသည် မြစိမ်းရောင် အလင်းအကာအရံကို ဝင်ဆောင့်လေ၏။

ဘုန်း ဟူသော မြည်သံနှင့်အတူ အလင်းအကာအရံ ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ လူရိုင်းများမှာလည်း ရင်တဒုန်းဒုန်း ခုန်နေခဲ့ရာ သူတို့၏ နှလုံး လည်ချောင်းထဲမှ ခုန်ထွက်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ အကုန်လုံးမှာ အသက်ပင် မရှူနိုင်တော့ဘဲ မိုတော့ ဝင်ဆောင့်လိုက်သည့် နေရာကိုသာ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်ကြသည်။

အလင်းအကာအရံ ပျက်စီးသွားမည်ကို လူတိုင်း လန့်နေကြပေသည်။ အလင်းအကာအရံသာ ပျက်စီးသွားမည်ဆိုပါက မည်သူမှ နတ်ဆိုးသူတော်စင်ကို တားဆီးနိုင်ကြတော့လိမ့်မည် မဟုတ်ချေ။ ထိုသို့ ဖြစ်သွားမည်ဆိုပါက အမြဲစိမ်းနတ်သစ်ပင် ဖျက်စီးခံလိုက်ရမည်ဖြစ်ကာ လူရိုင်းမျိုးနွယ်၏ နောက်ဆုံး မျှော်လင့်ချက်မှာလည်း ပျောက်ကွယ်သွားရပေလိမ့်မည်။

ကံကောင်းစွာဖြင့် အလင်းအကာအရံသည် ပျက်စီးသွားခြင်း မရှိခဲ့ပေ။ သို့သော်ငြား အတော်လေးကိုတော့ အရောင်မှိန်သွားခဲ့သည်။ ထိုအခါမှသာလျှင် လူရိုင်းမျိုးနွယ်များ သက်ပြင်းချလိုက်နိုင်ကြလေ၏။ သို့သော် မကြာမီ ထပ်မံ စိတ်ပူလာရပြန်လေသည်။

အလင်းအကာအရံသည် မိုတော့၏ ယခုတစ်ကြိမ် တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်ငြား နောက်တစ်ကြိမ်ကော ခုခံနိုင်မည်လား။ မိုတော့သည် နောက်တစ်ကြိမ်နှင့် မရပါက နောက်ထပ် တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာပေလိမ့်မည်။ မိုတော့၏ ထပ်တလဲလဲ တိုက်ခိုက်မှုများကို အလင်းအကာအရံ တောင့်ခံနိုင်ပါမည်လား။ မိုတော့ အနေဖြင့် အလင်းအကာအရံကို အနှေးနှင့်အမြန်ဆိုသလို ဖျက်စီးပစ်ပေလိမ့်မည်။

အကုန်လုံး၏ စိုးရိမ်တကြီး အကြည့်အောက်၌ မိုတော့သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ အရှိန်ယူပြီးနောက် မြစိမ်းရောင်အလင်းအကာအရံအား နောက်တစ်ကြိမ် ပြေးဝင်ဆောင့်လေသည်။

ဘုန်း...

အလင်းအကာအရံ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပါပြီး အတော်လေးကို အရောင်မှိန်ကျသွားခဲ့သည်။ မိုတော့ကမူ တစ်ချက်မျှမနားဘဲ သူ့လက်သီးဖြင့် အားကုန်သုံးကာ ထိုးချလိုက်လေသည်။

ဘုန်း..

အိမ်တစ်လုံးစာမျှ ကြီးမားသော လက်သီးချက်ကြီး ကျလာတိုင်း အလင်းအကာအရံ၏ မျက်နှာပြင် လှိုင်းထန်သွားသည်။ လူတိုင်းများမှာလည်း အလင်းအကာအရံပေါ် လာကျသည့် လက်သီးချက်များကိုကြည့်ရင်း ရင်တဒုန်းဒုန်း ခုန်နေခဲ့ရသည်။

ခရက်...

နောက်ဆုံးတွင်တော့ လူရိုင်းမျိုးနွယ်များ မကြာချင်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ အက်ရာတစ်ခုသည် အလင်းအကာအရံ မျက်နှာပြင်ပေါ်၌ ပေါ်လာခဲ့လေပြီ။

ထိုအခြင်းအရာကိုမြင်သော် မိုတော့သည် ပြုံးဖြီးလျက် အက်ရာပေါ်လာသည့် နေရာဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေ၏။

မှန်တစ်ချပ် ကွဲကြေသွားသည့်ပမာ၊ အလင်းအကာအရံသည် မိုတောက် လက်သီးချက်အောက်တွင် တစ်စစီကွဲကြေပျက်စီးကာ မရေမတွက်နိုင်သော အလင်းစက်လေးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။

အလင်းအကာအရံ၏ ကာကွယ်မှုမရရှိတော့သည့်နောက်တွင် လူရိုင်းမျိုးနွယ်များမှာ မိုတော့ရှေ့၌ ကျားရှေ့မှောက်လျက်လဲသည့် ယုန်သူငယ်လေးများပမာ ဖြစ်ကုန်ကြ၏။

မိုတော့ကမူ ထိုသေးနုပ်သည့်လူများကို ဂရုစိုက်မနေခဲ့ချေ။ သူ၏ ပစ်မှတ်မှာ အမြဲစိမ်းနတ်သစ်ပင်သာ ဖြစ်သည်။ တစ်လှမ်းခြင်း ပြေးတက်သွားရင်းမှ မိုတော့သည် အမြဲစိမ်းနတ်သစ်ပင်ကြီးကို သူ့ခန္ဓာကိုယ်ဖြင့် ပြေးဝင်ဆောင့်လေသည်။

အမြဲစိမ်းနတ်သစ်ပင် တစ်ပင်လုံး ပြင်းပြင်းထန်ထန် လှုပ်ခါလာပြီး မြစိမ်းရောင် သစ်ရွက်များစွာ ကြွေကျလာခဲ့ရသည်။ ထိုသစ်ရွက်များမျာ မြေပေါ်သို့ မရောက်ခင်မှာပင် ညိုးလျော်ကျကုန်လေသည်။

တစ်ချိန်တည်းတွင် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား အမြဲစိမ်းနတ်သစ်ပင်၏ သစ်လိုဏ်ဂူများထဲတွင် ရှိနေကြသော နှင်းရေခဲကလန်သားများ သွေးအပွက်ပွက် အန်ထွက်ကုန်ကြလေသည်။ အချို့ဆိုလျှင် တစ်ခါတည်း ပွဲချင်းပြီး သေသွားကြ၏။

ထိုလူများသည် အမြဲစိမ်းနတ်သစ်ပင်၏ ပင်စည်ထဲတွင် နေနေကြခြင်း ဖြစ်သည်။ တားမြစ်ပညာရပ်ကို ထုတ်သုံးလိုက်သည့်နောက်တွင် သူတို့အနေဖြင့် အမြဲစိမ်းနတ်သစ်ပင်၏ စွမ်းရည်အချို့ကို ယူငင်သုံးစွဲနိုင်သော်ငြား သူတို့၏ အသက်ဓါတ်ဟာလည်း အမြဲစိမ်းနတ်သစ်ပင်နှင့် ချိတ်ဆက်သွားရတော့သည်။ မိုတော့မှ သစ်ပင်အား ဝင်ဆောင်သည့်အခါ သစ်ပင်တစ်ပင်လုံးသည် သူဝင်ဆောင့်သည့်အားကို ခံလိုက်ရသည်။ ထိုအားကို မခံနိုင်သည့် မှော်ဆရာများသည် တစ်ခါတည်း အသက်ပျောက်သွားကုန်ကြရ၏။

သစ်ပင်အား အားကုန်သုံး၍ ဝင်ဆောင့်လိုက်သည့်တိုင် အရွက်ကြွေရုံမှလွဲ၍ အခြား ဘာမှဖြစ်မလာသည့်အတွက်ကြောင့် မိုတော့ အတော်လေး မကျေမနပ် ဖြစ်သွား၏။

သို့သော်ငြား သူနောက်တစ်ကြိမ် မလှုပ်ရှားနိုင်သေးခင်မှာပင် နှင်းရေခဲကလန်သားများ တန်ပြန်တိုက်ခိုက်ကြတော့လေသည်။

ပင်မြင့်ထက်ဆီမှ သစ်ကိုင်းသစ်ခက်များသည် လျောဆင်းလာပြီး ကျာပွတ်များသဖွယ် မိုတော့ဆီသို့ တိုးဝင်သွားလေသည်။

ယခင်က နှင်းရေခဲကလန်သားများသည် ဤနည်းလမ်းကိုသုံး၍ အမြဲစိမ်းနတ်သစ်ပင်ကို ဖျက်စီးရန် ကြိုးစားသည့် နတ်ဆိုးပေါင်းများစွာကို ရှင်ထုတ်ခဲ့သည်။ သို့ရာတွင် ဤကဲ့သို့သော တိုက်ခိုက်မှုသည် နတ်ဆိုးသူတော်စင်တစ်ပါးအတွက်တော့ အလွန်ကိုမှ အားပျောနေခဲ့သည်။ ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်စီးပစ်နိုင်သယောင် ထင်မှတ်ရသော သစ်ကိုင်းသစ်ခက်များမှာ မိုတော့အား ဘာမှမလုပ်နိုင်ခဲ့ဘဲ မိုတော့ကို စိတ်ဆွပေးလိုက်သလိုပင် ဖြစ်သွားခဲ့သည်။

မိုတော့သည် သူ့ဆီသို့ တိုးဝင်လာနေသည့် သစ်ကိုင်းများကို ဖမ်းဆွဲ၍ ချိုးပစ်လေသည်။ သစ်ကိုင်းပေါင်းများစွာကို ချိုးပစ်ပြီးသည့်နောက်တွင် မိုတော့မှာ ပို၍ စိတ်မရှည် ဖြစ်လာကာ သစ်ကိုင်းများကို ဂရုစိုက်မနေတော့ဘဲ သစ်ပင် ပင်စည်ကိုသာ အာရုံစိုက်လိုက်တော့သည်။

တဝုန်းဝုန်း မြည်သံများနှင့်မတူ အမြဲစိမ်းနတ်သစ်ပင် အဆက်မပြတ် လှုပ်ရမ်းနေခဲ့သည်။ ရွက်စိမ်းဟာလည်း အဆက်မပြတ်ကို ကြွေကျနေခဲ့၏။ တစ်ချိန်တည်းတွင် နှင်းရေခဲ ကလန်သားများစွာတို့ဟာလည်း ကြွေကျနေသည့် သစ်ရွက်စိမ်းများနင့်အတူ ကြွေလွင့် ပျောက်ကွယ်နေခဲ့ရသည်။

မိုတော့မှာ စတင်၍ ဒေါသထွက်လာခဲ့ရာ သစ်ပင်အား သူ့ခန္ဓာကိုယ်နှင့် ဆက်၍ ဝင်ဆောင့်မနေတော့ချေ။ ထို့အစား သစ်ပင်ပေါ်သို့တက်၍ သစ်ပင်ပေါ်ရှိ သစ်ကိုင်း သစ်ခက်များကို ချိုးပစ်တော့လေသည်။

နှင်းရေခဲကလန်သားများသည် မိုတော့အား လုံးဝ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ မိုတော့ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော သစ်ကိုင်းသစ်ခက်များ၊ သစ်ခေါက်များ ချိုးခံ၊ ခွာခံရလေသည်။

နတ်ဆိုးများသည်လည်း မိုတော့ကို ကြည့်နေရင်းမှ အမြဲစိမ်းနတ်သစ်ပင်ဆီသို့ ပြေးဝင်သွားကြလေသည်။ ပျံသန်းနိုင်သည့် နတ်ဆိုးများကမူ လေပေါ်ပျံဝဲရင်း သစ်ပင်ပေါ်ရှိ ဖျက်စီးနိုင်သည့် အရာမှန်သမျှကို ဖျက်စီးပစ်သည်။ မြေပြင်ပေါ်ရှိ နတ်ဆိုးများကလည်း သူတို့ လမ်းကြောင်းတွင် ရှိနေသည့် အရာမှန်သမျှကို ဖျက်စီးပစ်လေသည်။

လက်ရှိအချိန်တွင်တော့ နှင်းရေခဲကလန်သားများလည်း ဘာမှ မတတ်နိုင်တော့ချေ။ သူတို့အနေဖြင့် တတ်နိုင်သလောက် ကူညီပေးပြီးသွားလေပြီ။ သူတို့ကြောင့်သာ မဟုတ်ပါက ရန်ကိုင်၏ အဖွဲ့သားများ ရှင်ထုတ်ခံရလိမ့်မည် ဖြစ်သလို အမြဲစိမ်း နတ်သစ်ပင်သည်လည်း အေးအေးလူလူဖြင့် ကြီးထွားနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သူတို့၏ အကန့်အသတ်သို့ ရောက်သွားခဲ့လေပြီ။

ရှုံးနိမ့်မှုမှာ လက်တစ်ကမ်းသာ လိုတော့သည့် အတွက်ကြောင့် လူရိုင်းမျိုးနွယ် အတော်လေးကို စိတ်ဓါတ်ကျသွားကြရသည်။

ယွဲ့နှင့်လုတို့မှာတော့ သူမတို့ ရှာချင်နေသည့်လူကို လိုက်ရှာနေကြသည်။ ထိုလူသည် လက်ရှိအခြေအနေကို ပြောင်းလဲသွားအောင် လုပ်နိုင်လောက်သည်အထိ အားကောင်းခြင်း မရှိပါသော်ငြား သူမတို့၏ ရင်ထဲတွင်တော့ အနည်းငယ်တော့ မျှော်လင့်နေမိပေသည်။

သို့သော်ငြား သူမတို့ တွေ့ချင်နေသည့်လူကို ရှာမတွေ့ခဲ့ချေ။ နောက်ဆုံးကြိမ် ဆိုးဆိုးရွားရွား ထိခိုက်ပြီးသွားသည့်နောက်တွင် ထိုလူများ သေလားရှင်လား မသိရတော့ဘဲ တစ်ခါမှ ပေါ်လာခြင်း မရှိတော့သည်။

ထိုလူ သေပြီဟုသာ အမွှာနှစ်ဦး ယုံကြည်လိုက်ကြတော့သည်။ ထို့ကြောင့်သာ ထိုလူကို ရှာမတွေ့ခြင်း ဖြစ်သည်။

ဝုန်း...

ထိုစဉ် ကျယ်လောင်သည် ပေါက်ကွဲသံကြီးနှင့်အတူ အမြဲစိမ်းနတ်သစ်ပင်၏ ပင်စည်ပေါ် ပြေးတက်နေကြသည့် နတ်ဆိုးပေါင်းများစွာ သစ်ပင်ပေါ်မှ ပြုတ်ကျလာကုန်ကြလေသည်။

ယွဲ့နှင့်လုတို့ လှမ်းမော့ကြည့်လိုက်ရာ ရင်းနှီးနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ သစ်ကိုင်းသစ်ခက်များ ကွယ်နေသည့် အတွက်ကြောင့် ထိုလူ၏မျက်နှာကို သေချာ မတွေ့ရပါသော်ငြား ထိုလူသည် သူတို့ရှာနေသည့်လူမှန်း အမွှာနှစ်ဦး သိနေကြသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၉၉)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင် လူလုံး ထွက်ပြလာခဲ့လေပြီ။ သို့သော် သူ့အကန့်အသတ်ကို ရောက်နေသည့် အလား သူ့မျက်နှာတစ်ခုလုံး ဖြူလျော်နေခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း မှာတော့ ရန်ကိုင်ရှေ့တွင် ဝဲလျက် အဆက်မပြတ် လည်ပတ်ရင်း ခေါင်းလောင်းသံများကို ထုတ်လွှတ်နေခဲ့သည်။ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ထွက်ပေါ်လာသည့် အသံလှိုင်းတို့သည့် အမြဲစိမ်းနတ်သစ်ပင်ပေါ် ဖက်တက်နေသည့် နတ်ဆိုးများအား အောက်သို့ ပြုတ်ကျသွားကုန်ကြစေလေသည်။ အားနည်းသည့် နတ်ဆိုးများဆိုလျှင် အောက်သို့ မရောက်သေးခင်မှာပင် သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကုန်ကြ၏။

အားကောင်းသည့် နတ်ဆိုးများသည်သာ အနည်းငယ် ခုခံနိုင်ကြခြင်း ဖြစ်သည်။ သို့တိုင် နတ်ဆိုးဗိုလ်ချုပ်မှူးများသည်ပင်လျှင် အသံလှိုင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးနောက် ဒွါရခုနှစ်ပေါက်မှ သွေးများ ယိုစီးကျလာကုန်ကြရပြီး ငေးကြောင်ကြောင် ဖြစ်ကုန်ရသည်။ နတ်ဆိုးဘုရင်များမှာတော့ ခက်ခက်ခဲခဲဖြင့် ခုခံနိုင်ပါသော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းမှ ဝေးရာသို့ ဆုတ်သွားကြရလေသည်။

ခေါင်းလောင်းသံ ဆယ်ခါ ထွက်ပေါ်လာပြီးနောက် အမြဲစိမ်းနတ်သစ်ပင်ပေါ်မှ နတ်ဆိုးများအားလုံး ပြောင်ရှင်းသွားခဲ့ရလေသည်။

နတ်ဆိုးသူတော်စင်ဖြစ်သည့် မိုတော့ တစ်ဦးသည်သာ အရှိန်အဟုန်ပြင်းပြင်းဖြင့် သစ်ပင်ပေါ်သို့ ဆက်တက်နေခြင်း ဖြစ်သည်။ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ထွက်ပေါ်လာသည့် အသံလှိုင်းသည် မိုတော့၏ အသားကို လှိုင်ခတ်ပြီး သူ့ခန္ဓာကိုယ်အား တုန်ရီသွားစေသည့်တိုင် သူ့ခြေလှမ်းများကိုတော့ ရပ်တန့်နိုင်ခဲ့ခြင်း မရှိချေ။

“ခွေးကောင်လေး၊ မင်းသေချင်လို့ ထွက်လာတာလား” မိုတော့သည် သစ်ရွက်များကြားမှ ရန်ကိုင်အား လှမ်းကြည့်ရင်းမှ အရှိန်တင်လိုက်လေသည်။

နောက်ဆုံးတွင် မိုတော့သည် ရန်ကိုင်အောက်သို့ ရောက်လာပြီး ရန်ကိုင်အား လှမ်းဖမ်းဆွဲလိုက်လေသည်။ ရန်ကိုင်ကမူ ရှောင်တိမ်းခြင်းမရှိခဲ့ချေ။ မရှောင်တိမ်းနိုင်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ နတ်ဆိုးသူတော်စင်သည် သူ့လက်ဖြင့် ရန်ကိုင်အား လှမ်းဖမ်းလိုက်ခြင်းသာ ဖြစ်ပါသော်ငြား ထိုသို့ လှမ်းဖမ်းလိုက်သည့်အခိုက် ရန်ကိုင် တစ်ကိုယ်လုံးမှာ လှုပ်မရ ဖြစ်သွားခဲ့ရလေသည်။

ရန်ကိုင်အား သူ့လက်ကြီးဖြင့် ဖမ်းကိုင်လိုက်ပြီးနောက် တင်းတင်းဆုပ်လိုက်ရင်း သူ့ဆီသို့ ဆွဲယူလိုက်သည်။

အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့လေ၏။ နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးထားသည့်တိုင် ရန်ကိုင်မှာ နတ်ဆိုးသူတော်စင်၏ စွမ်းအားကို မည်သို့မှ ခုခံနိုင်ခဲ့ခြင်း မရှိချေ။

သို့ရာတွင် ရန်ကိုင်သည် နာကျင်ပြရမည့်အစား လုံးဝကို တည်ငြိမ်နေခဲ့သည်။ မိုတော့သည်လည်း ပုံမှန်မဟုတ်ဘဲ ထူးထူးခြားခြား တည်ငြိမ်နေသည့် ရန်ကိုင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့၏။

“မင်းမှာ သုံးစရာအခြားအကွက်တွေ ရှိသေးရင် ထုတ်သုံးလိုက်တော့။ မဟုတ်ရင် ထုတ်သုံးချိန် ရတော့မှာမဟုတ်ဘူး” မိုတော့သည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့ရင်းမှ ပြောလိုက်သည်။

“ခင်ဗျားပြောတာ အမှန်ပဲ။ ကျုပ်မှာ မသုံးရသေးတဲ့အကွက်တစ်ကွက် ရှိတယ်” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးသွားလိုက်သည်။

မိုတော့ ဆွံ့အသွားလေ၏။ ဤလူရိုင်းကောင်လေးတွင် ဝှက်ဖဲတစ်ခု ရှိနေဦးမည်ဟု မထင်ထားခဲ့ချေ။ သို့သော် မကြာမီ သူ့မျက်နှာမှာ အေးစက်စက် ပပြန်ဖြစ်သွားလေသည်။ သူ့ပြိုင်ဘက်တွင် မည်သို့သော ဝှက်ဖဲမျိုး ရှိနေပါစေ၊ သူ့အား နိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သူ့နှင့် ယှဉ်ပြိုင်နိုင်သည့် ခွန်အားမျိုးရအောင် လုပ်ပေးနိုင်သည့် ဝှက်ဖဲမျိုးကို ပိုင်ဆိုင်ထားမှသာလျှင် သူကဲ့သို့ နတ်ဆိုးသူတော်စင်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။ သို‌သော် ထိုကဲ့သို့ ပညာရပ်မျိုး ရှိကောရှိလေရဲ့လော။

မိုတော့သည် မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ ရန်ကိုင်ကို လက်ဖြင့် ညစ်သတ်ရန် ကြိုးစားနေသည့်အလား သူ့လက်ဖျစ်အားကို တိုးလိုက်လေသည်။

အရိုးကျိုးသံမှာ ပိုမို ကျယ်လောင်လာခဲ့သည်။ သို့သော် ရန်ကိုင်ကမူ အရိုးကျိုးသည့် ဝေဒနာကို အနည်းငယ်မျှပင် မခံစားရသည့်အလား ထူးမခြားနားဟန်ဖြင့် ရှိနေ၏။ ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်၍ သူ့လက်မကို နဖူးတစ်လျှောက် ဖြတ်ဆွဲချရင်း တိုးတိုးလေး ရေရွတ်လိုက်၏ “နတ်ဆိုးအသွင်ပြောင်းလဲခြင်း”

ဖောက်...

တစ်ခုခု ပေါက်ထွက်သွားသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မိုတော့စိတ်ထဲ ဘာကြောင့်မှန်းမသိ ထိတ်လန့်လာခဲ့သည်။ သူပင် မထင်မှတ်ထားသည့် အရာတစ်ခုခု ဖြစ်လာတော့မည်ဟု သူ့စိတ်ထဲ အလိုလို ခံစားနေခဲ့ရသည်။ နတ်ဆိုး သူတော်စင်တစ်ပါး ဖြစ်သည့်အလျောက် အန္တရာယ်အပေါ် မိုတော့၏ အာရုံခံစားနိုင်စွမ်းသည် အလွန်ကိုမှ မြင့်မားပေသည်။

ထို့ကြောင့် အချိန်ဆွဲမနေတော့ဘဲ ရန်ကိုင်အား မြန်မြန်သတ်ပစ်ရန်အတွက် သူ့လက်ကို တင်းချလိုက်လေ၏။ သို့သော် ထိုသို့ လုပ်လိုက်သည့်အခိုက် မိုတော့သည် မယုံကြည်နိုင်ဖွယ်ရာကောင်းလွန်းသည့် အရာတစ်ခုကို ကြုံလိုက်ရသည့်အလား သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

ဘာကြောင့်မှန်းမသိ သူ့လက်ကို ဆက်မညစ်နိုင်အောင် တားတားသည့် အတားအဆီး တစ်ခု ရှိနေခဲ့၏။ ထိုအတားအဆီသည် သူ့နတ်ဆိုးချီကဲ့သို့ နတ်ဆိုးချီတစ်မျိုး ဖြစ်နေသည့် အတွက်ကြောင့် မိုတော့ ကြောင်သွားခဲ့ရခြင်းပင်။

အနက်ရောင်စွမ်းအင်တို့သည် မိုတော့၏ လက်ချောင်းများကြားမှ စီးထွက်လာပြီး ပြန်လည် စုဝေးသွားခဲ့ကြသည်။ တစ်ချိန်တည်းတွင် ထိတ်လန့်ဖွယ်ရာ အရှိန်အဝါ တစ်ရပ်မှာလည်း ပေါက်ကွဲထွက်လာတော့လေသည်။

သူ့လက်ထဲတွင် ရှိနေသည့် လူရိုင်းကောင်လေး၏ ညာဘက်မျက်လုံးသည် ရုတ်ချည်းဆိုသလို မည်းနက်သွားခဲ့လေသည်။ ထိုအနက်ရောင် မျက်လုံးကို ကြည့်ရင်း မိုတော့ ယာယီမျှ ငေးကြောင်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင် သူ့ဝိဥာဉ်မှာလည်း စတင်၍ ဂနာမငြိမ် ဖြစ်လာတော့လေသည်။

ထို့နောက်တွင် မိုတော့သည် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေသည့် လေသံဖြင့် ထအော်လေ၏ “မင်းမှာ ဘယ်လိုလုပ်ပြီး ရှေးဟောင်းနတ်ဆိုးရဲ့ အရှိန်အဝါ ရှိနေရတာလဲ”

ယခုမှသာလျှင် ဤလူရိုင်းကောင်လေးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် မည်သို့သော အရှိန်အဝါ ဖြစ်သလဲဆိုသည်ကို မိုတော့ နားလည်သွားရတော့သည်။ ထိုအရှိန်အဝါသည် အလွန်ကိုမှ သန့်စင်လှသည့် ရှေးဟောင်းနတ်ဆိုး၏ အရှိန်အဝါ ဖြစ်ပေသည်။ ရှေးဟောင်းနတ်ဆိုးသည် မိုတော့ထက်ပင် ပို၍ သက်တမ်းရင့်သည့် နတ်ဆိုးမျိုးဖြစ်သည်။ ရှင်းရှင်းပြောရသော် ရှေးဟောင်းနတ်ဆိုးများသည် နတ်ဆိုးနယ်မြေကို ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့သည့် နတ်ဆိုးမျိုးနွယ်စု၏ ဘိုးအေများ ဖြစ်ကြသည်။ ထိုသို့ဖြင့် နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် လက်ရှိ နတ်ဆိုးမျိုးနွယ် ဖြစ်ပေါ်လာရတော့လေသည်။

ရှေးဟောင်းနတ်ဆိုးများမှာ အရှင်းပျောက်ကွယ်သွားခြင်း မရှိသေးချေ။ ယခုအချိန်ထိတိုင် နတ်ဆိုးနယ်မြေထဲ အသက်ရှင်နေသေးသည့် ရှေးဟောင်းနတ်ဆိုးများ ရှိနေသေး၏။ ထိုနတ်ဆိုး တစ်ကောင်ချင်းစီသည် အလွန်ကိုမှ အားကောင်းလှသော နတ်ဆိုးသူတော်စင်များသည်ပင်လျှင် ထိုနတ်ဆိုးများကို သတိထားရသည်။

သို့ရာတွင် ရှေးဟောင်းနတ်ဆိုးများမှာ အားကောင်းကြပါသော်ငြား အသိဥာဏ်မြင့်မားခြင်း မရှိချေ။ ထိုနတ်ဆိုးများသည့် မွေးရာပါ မသိစိတ်အတိုင်း လှုပ်ရှားနေကြသည့် သားရဲသဖွယ် နတ်ဆိုးများသာ ဖြစ်ကြသည်။ ထို့ကြောင့် မဟာနတ်ဆိုးနတ်ဘုရားသည်ပင်လျှင် ထိုနတ်ဆိုးများကို မထိန်းချုပ်နိုင်ချေ။

နတ်ဆိုးနယ်မြေထဲ အသက်ရှင်ကျန်ရစ်နေသေးသည့် ရှေးဟောင်းနတ်ဆိုးများကို လက်ချိုးရေ၍ ရပေသည်။ ထို့ကြောင့် သာမန်နတ်ဆိုးများ မဆိုထားနှင့်၊ နတ်ဆိုးသူတော်စင်များပင်လျှင် ရှေးဟောင်းနတ်ဆိုးများကို တစ်ဘဝလုံးတွင် တစ်ကြိမ် တွေ့ရလေ့မရှိချေ။ ရှေးဟောင်းနတ်ဆိုးများသည် ချောင်ကျပြီး ဆိုးရွားသည့် ပတ်ဝန်းကျင်များတွင် နေလေ့ရှိပြီး လူရှေ့သူရှေ့ ပေါ်လာခဲပေသည်။

မိုတော့မှာတော့ ကံကောင်းပြီး ရှေးဟောင်းနတ်ဆိုးတစ်ကောင်နှင့် တွေ့ခဲ့ဖူး၏။ ထိုစဉ်က မိုတော့သည် ရှေးဟောင်းနတ်ဆိုးနေသည့် နေရာထဲသို့ အမှတ်မထင် ဝင်သွားခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ရှေးဟောင်းနတ်ဆိုးသည် မိုတော့အား ကျူးကျော်သူ အဖြစ် သဘောထားပြီး လိုက်လံတိုက်ခိုက်ခဲ့ရာ မိုတော့မှာ မိုင်ပေါင်း သိန်းနှင့်ချီအောင် အမြီးကုတ်ကာ ထွက်ပြေးခဲ့ရလေသည်။ ထိုရှေးဟောင်းနတ်ဆိုးလက်မှ ထွက်ပြေးရင်း အသက်ပျောက်ခါနီးပင် ဖြစ်ခဲ့ရသဖြင့် မိုတော့သည် ထိုရှေးဟောင်းနတ်ဆိုး၏ အရှိန်အဝါကို ကောင်းကောင်း မှတ်မိနေခဲ့လေသည်။

ထို့ကြောင့်ပင် လူရိုင်းကောင်လေး၏ ခန္ဓာကိုယ်ဆီမှ ရှေးဟောင်းနတ်ဆိုး၏ အရှိန်အဝါ ထွက်ပေါ်လာသည့်အခါ မိုတော့ အလွန်ကိုမှ ထိတ်လန့်သွားရခြင်းပင်။

ထို့အပြင် သူ့နတ်ဆိုးချီ ဤကောင်လေးအပေါ် ဘာကြောင့် အလုပ်မဖြစ်သလဲ ဆိုသည်ကိုပါ နားလည်သွားခဲ့ရလေသည်။ ဤကောင်လေး၏ ကိုယ်ထဲတွင် ရှေးဟောင်းနတ်ဆိုးချီများ ရှိနေသည့်အတွက်ကြောင့် သူ့နတ်ဆိုးချီ၏ တိုက်စားမှုကို ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြား မေးစရာရှိသည်မှာ... ဤကောင်လေး၏ ကိုယ်ထဲတွင် မည်ကဲ့သို့များ ရှေးဟောင်းနတ်ဆိုးချီများ ရှိနေရသနည်း။

ရန်ကိုင်သည် မိုတော့၏ အမေးကို ပြန်မဖြေခဲ့ချေ။ မဖြေချင်သည့် အတွက်ကြောင့်ပဲလား၊ မိုတော့၏ မေးခွန်းကို မကြားသည့်အတွက်ကြောင့်ပဲ ဆိုသည်ကိုတော့ မသိရာ။ လက်ရှိ အချိန်တွင် သူ့ဝိဥာဉ်တစ်ခုလုံး ကသောင်းကနင်း ဖြစ်နေသလိုသာ ခံစားနေရသည်။ နတ်ဆိုးချီ၏ ချိပ်ကို ဖြည်ပေးလိုက်သည့်နောက်တွင် သူ့ခန့်မှန်းချက်ကိုပင် ကျော်လွန်နေသည့် စွမ်းအားတစ်ရပ် သူ့ကိုယ်အနှံ့ စီးဆင်းလာသည်ကို ရန်ကိုင် ခံစားလိုက်ရသည်။ ထိုစွမ်းအားကို ရရှိလိုက်သည့်နောက်တွင် ရန်ကိုင်မှာ နေလကြယ်များကို ခူးဆွတ်နိုင်လောက်သည်အထိ အားကောင်းလာသလို ခံစားလိုက်ရလေသည်။

တစ်ချိန်တည်းတွင် သူ့စိတ်ထဲ ကိန်းအောင်းနေသော စိတ်ဆန္ဒရိုင်းတို့မှာလည်း နိုးကြွလာခဲ့ရလေရာ ရန်ကိုင်မှာ တဖြည်းဖြည်းနှင့် စိတ်လွတ်သွားတော့မည့်နှယ် ဖြစ်လာခဲ့ရလေသည်။ သူ့ဘယ်ဘက် မျက်လုံးသည် ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့ပါသော်ငြား ညာဘက်မျက်လုံးမှာတော့ တွင်းနက်ကြီးသဖွယ် ငြိမ်သက်စွာ ရှိနေခဲ့လေ၏။

ရန်ကိုင်သည် သူ့နာဝိဥာဉ်အား ခုနှစ်ရောင်ခြယ်ကျွန်းပေါ်တွင် အမြန် ပုန်းနေစေကာ သူ့ကိုယ်သူ စိတ်လွတ်မသွားအောင် အတတ်နိုင်ဆုံး ထိန်းချုပ်နေလေ၏။

ဤသည်မှာ ရန်ကိုင်အဖို့ နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို ပထမဆုံးအကြိမ် ထုတ်သုံးဖူးခြင်း မဟုတ်ပါသော်ငြား ယခုတစ်ကြိမ်သည် ယခင်အကြိမ်များနှင့် အနည်းငယ် ကွာခြားနေခဲ့သည်။ ယခုတစ်ကြိမ် သူ့ကိုယ်ထဲ စီးဆင်းလာသည့် စွမ်းအားသည် ယခင်ထက်အများကြီး ပိုမိုအားကောင်းနေကြောင်း တွေ့လိုက်ရသည်။ ဤသို့ ဖြစ်ရခြင်းမှာ နတ်ဆိုးချီသည် တစ်ခါတစ်ထက်တစ်ခါ ရန်ကိုင်၏ ခန္ဓာကိုယ်နှင့် ပိုပို၍ အသားကျလာနေသည့် အတွက်ကြောင့်ပင်။

ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင်အနေဖြင့် ဤဝှက်ဖဲကို ထုတ်မသုံးချင်ချေ။ နတ်ဆိုးချီကို ချိပ်ဖြေပေးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် နတ်ဆိုးဘဝသို့ ရောက်မည့် အရေးနှင့် ရင်ဆိုင်ရတော့သည်။ ထို့အတွက်ကြောင့် နတ်ဆိုးချီကို ချိပ်မဖြေလိုခြင်း ဖြစ်သည်။ သို့ရာတွင် နတ်ဆိုးသူတော်စင်မိုတော့၏ စွမ်းအားသည် သူလုံးဝ မယှဉ်ပြိုင်နိုင်သည့် အရာမျိုး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း မတတ်သာတော့ဘဲ သူ့ကိုယ်ထဲတွင် ချိပ်ပိတ်ထားသည့် နတ်ဆိုးချီကို ထုတ်သုံးရတော့လေသည်။

ခြောက်မီတာခန့် အမြင့်ရှိသော ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးသည် နတ်ဆိုးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးလိုက်ပြီးနောက်တွင် ပိုမို၍ အရွယ်အစား ကြီးမားလာခဲ့ရာ ဆယ်မီတာခန့်အထိ ရောက်သွားခဲ့ရသည်။ အရွယ်အစား ကြီးမားလာသည့် ရန်ကိုင်၏ ခန္ဓာကိုယ်ကြောင့် တင်းတင်းဆုပ်ထားသည့် မိုတော့၏ လက်ချောင်းများမှာလည်း ပြန့်ကားထွက်လာခဲ့ရလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏ နဖူးပေါ်ရှိ ဦးချိုနှစ်ချောင်းမှာလည်း ပိုရှည်လာခဲ့၏။

ထို့နောက်တွင် အချက်တစ်ချက်ကို ရန်ကိုင် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။

နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးပြီး နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို ထုတ်သုံးလိုက်သည့်အခါ ရန်ကိုင်သည် အသိစိတ်လွတ်သွားခြင်း မရှိတော့ချေ။ လက်ရှိ အချိန်တွင် သူ့အသိစိတ်ပင်လယ်တစ်ခုလုံးမှာ ကသောင်းကနင်း ဖြစ်နေသော်ငြား ရန်ကိုင်မှာတော့ စိတ်လွတ်သွားခြင်း မရှိသေး။ ထိုသို့ ဖြစ်ရခြင်းမှာ ဝိဥာဉ်ကြာပန်း၏ ကျေးဇူးကြောင့်ဖြစ်သလို နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကြောင့်လည်း ပါပေသည်။

ဘာတွေဖြစ်သွားသလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား ယခုကိစ္စသည် ရွှေနဂါးအမြူတေနှင့် ပက်သက်နေရလိမ့်မည်မှန်းတော့ သိနေခဲ့သည်။

နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်သည် ရွှေနဂါးအမြူတေထဲရှိ စွမ်းအားကို ယူငင်သုံးစွဲသည့် ပုံစံပြောင်းသည့် ပညာရပ်တစ်ခု ဖြစ်သည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် ရွှေနဂါးအမြူတေထဲရှိ စွမ်းအား တစ် ရာခိုင်နှုန်းလောက်ကိုသာ အသုံးပြုနိုင်ပေသေးသည်။ (၁၀၀)ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်မည်ဆိုလျှင်တော့ ရန်ကိုင်သည် ယခုကဲ့သို့ နဂါးတစ်ပိုင်းလူတစ်ပိုင်း ဖြစ်နေတော့လိမ့်မည် မဟုတ်ဘဲ နဂါးတစ်ကောင်အသွင်သို့ လုံးလုံး ပြောင်းလဲသွားနိုင်ပေလိမ့်မည်။

ရွှေနဂါးအမြူတေစွမ်းအားသည် အလွန်ကိုမှ ကြီးစိုးနိုင်လွန်းလှကာ ရှေးဟောင်းနတ်ဆိုးချီများမှာတော့ တိုက်စားနိုင်စွမ်း ပြင်းထန်လွန်းလှသည်။ ထိုစွမ်းအားနှစ်မျိုးကို အတူတကွ ထုတ်ဖော်လိုက်သည့်အခါ စွမ်းအင်နှစ်မျိုးသည် တစ်မျိုးတစ်မျိုး အားဖြည့်ပေးသလို အပြန်အလှန်လည်း ကန့်သတ်ချုပ်နှောင်ကြ၏။

ရန်ကိုင်မှ စွမ်းအားကို လိုချင်သည့်အတွက်ကြောင့် ရှေးဟောင်းနတ်ဆိုးချီကို ထုတ်သုံးလိုက်သည်။ ထိုသို့ဖြင့် သူလိုချင်နေသည့် စွမ်းအားကို ရရှိလာခဲ့သည်။ သို့သော် အသိစိတ်လွတ်သွားသည့် နတ်ဆိုးတစ်ကောင်လုံးလုံး ဖြစ်မသွားချင်ချေ။ ထိုအချိန်တွင် ရွှေနဂါးအမြူတေစွမ်းအားနှင့် ဝိဥာဉ်ကြာပန်းသည် အတူတကွ ပေါင်းစပ်၍ ရန်ကိုင်အား စိတ်မလွတ်သွားအောင် ကူထိန်းပေးကြလေသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ပြန်လည် ပေါင်းစပ်နေသည့်အလား ရန်ကိုင်တစ်ကိုယ်လုံးမှာ နာကျင်နေခဲ့ရလေသည်။ ဤကဲ့သို့သော နာကျင်မှုမျိုးသည် တော်ရုံလူ မခံနိုင်သည့် အရာမျိုးလည်း ဖြစ်သည်။

သို့သော်ငြား သတိလွတ်သွားခြင်း မရှိသည့် ရန်ကိုင်မှာ သူ့ခံနိုင်ရည်ကို ကျော်လွန်နေသည့် ပုံမှန်ထက် ဆယ်ဆ၊ အဆနှစ်ဆယ်ခန့် ပိုမို ပြင်းထန်သော နာကျင်မှုကို ခံစားနေခဲ့ရလေသည်။ နာကျင်လွန်းသဖြင့် ကောင်းကင်ပေါ်သို့ မော့၍ပင် အော်ဟစ်ပစ်လိုက်ရသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း တဆတ်ဆတ် တုန်ရီနေပြီး ညာဘက်မျက်လုံးမှာတော့ အဆက်မပြတ်ကို လှုပ်ခါနေခဲ့သည်။

သူမည်သို့ပင် ကြိုးစားနေစေကာမူ သူ့လက်ကို ဆုပ်၍ လူရိုင်းကောင်လေးကို သတ်ပစ်လို့ မရတော့ကြောင်း တွေ့လိုက်ရသည့်နောက် မိုတော့၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။

လက်ရှိအချိန်တွင် လူရိုင်းကောင်လေးသည် သူနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် စွမ်းအားကို ရရှိထားလေပြီ။

ထိုကဲ့သို့သော ရလဒ်မျိုးကို မိုတော့ လက်မခံနိုင်ချေ။ ရန်ကိုင်အား လက်တစ်ဖက်နှင့် ညစ်သတ်၍ မရတော့သည့်အဆုံး၊ မိုတော့သည် နောက်လက်တစ်ဖက်ကိုသုံး၍ လက်နှစ်ဖက်ဖြင့် ပူးညှပ်သတ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ် ရန်ကိုင်၏ အော်သံ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး သူ့ဆီမှ ထွက်ပေါ်နေသည့် အရိုးကျိုးသံတို့မှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။ လက်ရှိတွင် ရန်ကိုင် တစ်ကိုယ်လုံးကို နတ်ဆိုးချီများမှ အပြည့်အဝ လွှမ်းခြုံထားခဲ့လေရာ သူ့ခန္ဓာကိုယ်ကိုပင် မမြင်နိုင်တော့ချေ။ သို့သော်ငြား အထူးဆန်းဆုံးသော အချက်မှာ လုံးဝကို သိသာထင်ရှားလွန်းလှသည့် သူ၏ ညာဘက်မျက်လုံးပင်။

“ရှေးဟောင်းနတ်ဆိုးရဲ့ မျက်လုံး” ရန်ကိုင်၏ ညာဘက်မျက်လုံးကို ကြည့်ရင်း မိုတော့ အထိတ်တလန့်ဖြင့် ရေရွတ်လိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၀၀)

ဘာသာပြန်သူ_တိမ်တိုက်

နယ်ဆိုးနယ်မြေထဲရှိ ရှေးဟောင်းနတ်ဆိုးများမှာ တစ်ကောင်နှင့်တစ်ကောင် အရွယ်အစား မတူညီကြချေ။ သို့သော် အကုန်လုံးမှာ ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

မယုံကြည်နိုင်စရာ စွမ်းရည်တစ်မျိုးကို ထုတ်သုံးနိုင်ပြီး တောင်တစ်လုံးစာမျှ ကြီးမားလှကာ မျက်လုံးတစ်လုံးတည်းကိုသာ ပိုင်ဆိုင်ထားသည့် ရှေးဟောင်းနတ်ဆိုး တစ်ကောင်ကို မိုတော့သိပေသည်။

ရန်ကိုင်၏ ပုံမှန်မဟုတ်သည့် ညာဘက်မျက်လုံးကို မြင်လိုက်သည့်အခိုက် မိုတော့သည် ထိုနတ်ဆိုးနှင့် ပက်သက်သည့် အကြောင်းအရာများကို ပြန်သတိရသွားခဲ့သည်။ သူ့စိတ်ထဲ ထိုနတ်ဆိုး မဟုတ်ပါစေနှင့်ဟုသာ ကြိတ်၍ ဆုတောင်းနေရတော့သည်။ ထိုနတ်ဆိုးသာ ဖြစ်နေခဲ့မည်ဆိုလျှင် ရန်ကိုင်သည် သူနှင့် ပြိုင်ဆိုင်နိုင်သည့် စွမ်းရည်ကို တကယ်ကြီး ပိုင်ဆိုင်ထားသည်ဟု ပြော၍ရသွားပေပြီ။

“မျက်လုံးနက်အကျဉ်းထောင်၊ အဆုံးမဲ့အမှောင်ထု ထွက်ပေါ်လာစမ်း”

ထိုစကားကို ကြားလိုက်သည့်အခိုက် မိုတော့ ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။ တစ်ချိန်တည်းတွင် လောကကြီးတစ်ခုလုံး မှောင်အတိကျသွားခဲ့လေသည်။ သူ့ခေါင်းပေါ်ရှိ တိမ်စိုင်တိမ်တိုက်အားလုံး ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို အမှောင်ထုမှ လွှမ်းခြုံသွားခဲ့သည်။

မှောင်မိုက်နေသည့် ကောင်းကင်ထက်တွင်တော့ ဧရာမအနက်ရောင် မျက်လုံးကြီးတစ်လုံး ရှိနေခဲ့လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်နေသည့်အတွက် မိုတော့ အနေဖြင့် ဘာကိုမှ မမြင်နိုင်ခဲ့သော်ငြား ကောင်းကင်ထက်တွင် မျက်လုံးကြီးတစ်လုံး ရှိနေသည်ကိုတော့ ခံစားမိနေခဲ့သည်။ လူတိုင်းသည် အနက်ရောင်မျက်လုံးကို မမြင်နိုင်သော်ငြား ခံစားမိနိုင်ကြသည်။

နတ်ဆိုးများအားလုံး ကျောက်ရုပ်ပမာ ဖြစ်သွားကုန်ကြပြီး မျက်လုံးရှိရာဆီသို့ မော့ကြည့်လိုက်ကြလေသည်။ ထို့နောက်တွင် နတ်ဆိုးဘုရင်များ အပါအဝင် နတ်ဆိုးအားလုံး၏ မျက်နှာထက် ယုံကြည်ကိုးစားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

ကောင်းကင်ထက်၌ ရှိနေသည့် မျက်လုံးကြီးသည် အကျဉ်းထောင်တစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး နတ်ဆိုးအားလုံးကို မျက်လုံးထဲ ပိတ်ချလိုက်သည့်အလား၊ နတ်ဆိုးများမှာ ဘေးပတ်ဝန်းကျင်ကို သတိမမူတော့ဘဲ မျက်လုံးကိုသာ ယုံကြည်ကိုးစားစွာ မော်ကြည့်နေကြတော့၏။

မိုတော့ ကြောက်ရွံနေသည့်အရာမှာ တကယ်ကြီး ဖြစ်လာခဲ့သည်။ ဤမျက်လုံးသည် သူသိသည့် ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးဖြစ်ကာ မျက်လုံးနက်အကျဉ်းထောင် ဆိုသည်မှာလည်း ထိုမျက်လုံးတစ်လုံးရှေးဟောင်းနတ်ဆိုး၏ မွေးရာပါစွမ်းရည်တစ်မျိုး ဖြစ်ပေသည်။

(ဒီကောင်က ရှေးဟောင်းနတ်ဆိုးရဲ့ အနက်ရောင်မျက်လုံးကို ဘယ်လိုရသွားတာလဲ။ သူ့ခန္ဓာကိုယ်ကလည်း ဘယ်လိုလုပ်ပြီး ဒီမျက်လုံးနဲ့ ပေါင်းစပ်နိုင်ရတာလဲ။ နတ်ဆိုးချီနဲ့ ပေါင်းစပ်သွားရင် နတ်ဆိုးဖြစ်သွားရမှာကို ဘာလို့ ဒီကောင် နတ်ဆိုးပြောင်းမသွားတာလဲ)

အမျိုးမျိုးသော မေးခွန်းများ မိုတော့စိတ်ထဲ ထွက်ပေါ်လာခဲ့သည်။ သို့တိုင် သူ့တွင် အဖြေရှိမနေခဲ့ချေ။

ထိုစဉ် ရန်ကိုင်၏ တိုက်ခိုက်မှု ရောက်ရှိလာခဲ့သည်။

အနက်ရောင်မျက်လုံးမှာ မျက်တောင်ခတ်လိုက်ရာ အနက်ရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး မိုတော့အား ထိမှန်သွားခဲ့သည်။

အနက်ရောင်အလင်းတန်း၏ ထိမှန်ခြင်း ခံလိုက်ရသည့်နောက်တွင် မိုတော့သည် ပုံရိပ်ယောင်တစ်ခုထဲသို့ ကျသွားသည့်အလား ငေးကြောင်ကြောင် ဖြစ်သွားလေသည်။ သူ့ကိုယ်သူလည်း နတ်ဆိုးနယ်မြေရှိ သူ့အိပ်ခန်းထဲသို့ ပြန်ရောက်သွားကြောင်း တွေ့ရှိလိုက်ရသည်။ ထိုနေရာတွင် စိတ်ရှုပ်စရာ သွေးဆာသည့် မည်သည့်စစ်ပွဲကိုမှ မကြုံရဘဲ အေးအေးဆေးဆေး လေ့ကျင့် အနားယူနေနိုင်ခဲ့သည်။

ထို့အတွက်ကြောင့် မသိလိုက်မသိဘာသာနှင့် ရန်ကိုင်အား ဆုပ်ထားသည့် မိုတော့၏ လက်မှာ တဖြည်းဖြည်း ပြေလျော့သွားခဲ့လေသည်။

သို့ရာတွင် နတ်ဆိုးသူတော်စင်တစ်ပါးမှာ နတ်ဆိုးသူတော်စင်ဖြစ်နေဆဲ။ အနက်ရောင် မျက်လုံးကြောင့် ပုံရိပ်ယောင်ထဲသို့ ကျသွားသည့်တိုင် တစ်ခဏလေးအတွင်း မိုတော့ထဲ ထိုပုံရိပ်ယောင်ထဲမှ ပြန်ရုန်းထွက်လာနိုင်ခဲ့သည်။ ထို့နောက်တွင် တုန့်ဆိုင်းခြင်းမရှိဘဲ ရန်ကိုင် တည့်တည့်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

ရန်ကိုင်သည် မိုတော့၏ လက်ဝါးချက်ကို ရှောင်တိမ်းခြင်းမရှိဘဲ သူ့လက်ကိုမြှောက်၍ တိုက်ပွဲတူကို ထုတ်ယူလိုက်သည်။ ထို့နောက်တွင် တိုက်ပွဲတူဖြင့် မိုတော့ခေါင်းကို အားကုန်သုံးကာ ရိုက်ချလိုက်လေသည်။

ဘုန်း ဟူသော အသံနှင့်အတူ ရန်ကိုင်သည် မိုတော့၏ လက်ဝါးချက်ကြောင့် ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ လွင့်စင်ထွက်သွားခဲ့သည်။ မိုတော့ ခေါင်းသည်လည်း ရန်ကိုင်၏ တူကြောင့် ကွဲထွက်သွားပြီး သွေးများ ယိုစီးကျလာရသည်။ တစ်ချိန်တည်းတွင် မိုတော့၏ ခန္ဓာကိုယ်ကြီးသည် ဥက္ကာခဲတစ်စင်းပမာ အရှိန်အဟုန်ပြင်းစွာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့လေသည်။

နတ်ဆိုးမျက်လုံးအား ယုံကြည်ကိုးစားစွာ မော်ကြည့်နေကြသည့် နတ်ဆိုးများစွာမှာ ရုတ်တရက် ပြုတ်ကျလာသည့် မိုတော့၏ ခန္ဓာကိုယ်ကြီးကြောင့် ကိစ္စချောကုန်ရလေ၏။

မိုတော့သည် ခေါင်းတခါခါဖြင့် မြေပြင်ပေါ်မှ ကုန်းရုန်းထလာခဲ့သည်။ နဖူးဒဏ်ရာမှ ယိုစီးကျနေသည့် သွေးများကြောင့် သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးနေ၏။ သို့ရာတွင် မိုတော့၏ အမူအရာမှာတော့ အလွန်ကိုမှ ခက်ထန်နေခဲ့လေသည်။ မျက်လုံးကို ပိတ်၍ ကောင်းကင်ထက်တွင် ရှိနေသော အနက်ရောင်မျက်လုံး၏ ထိန်းချုပ်မှုကို အတတ်နိုင်ဆုံး ခုခံရင်းမှ အမှောင်ထုထဲ ရန်ကိုင်ကို လိုက်ရှာလိုက်သည်။

ရန်ကိုင်သည် လုံးဝ ပုန်းနေရန် မကြိုးစားခဲ့ချေ။ နတ်ဆိုးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးပြီးနောက်တွင် ရန်ကိုင်၏ စရိုက်မှာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်နှင့် ဝိဥာဉ်ကြာပန်းသည် လက်ရှိအချိန်တွင် ရန်ကိုင်၏ ဝိဥာဉ်ကို ကာကွယ်ပေးထားပါသော်ငြား နတ်ဆိုးချီသည် ရန်ကိုင်အပေါ် အနည်းနှင့်အများတော့ သက်ရောက်မှုရှိနေဆဲ။

နတ်ဆိုးချီကြောင့် ရန်ကိုင်မှာ ယခင်ကထက်ပို၍ သွေးဆာလာတော့ရသည်။ လက်ရှိတွင် သူ့စိတ်ထဲ သူ့ရှေ့၌ရှိနေသည့် နတ်ဆိုးသူတော်စင်အား သတ်ပစ်ချင်နေသည့် အတွေးသာ ရှိလေသည်။

မိုတော့၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီးနောက်တွင် ရန်ကိုင်သည် ပြန်ကုန်းထလာပြီး တိုက်ပွဲတူကို ကိုင်ဆွဲ၍ လေဟာနယ်နိယာမစွမ်းအားကို သုံးကာ မိုတော့ဆီသို့ ပြေးဝင်သွားလေသည်။ ရုတ်တရက်ဆိုသလို ရန်ကိုင်သည် မိုတော့ရှေ့တွင် ပေါ်လာပြီး မိုတော့အား တိုက်ပွဲတူဖြင့် ထုချလိုက်သည်။

မိုတော့သည် ရန်ကိုင်၏ တူကို သူ့လက်သီးဖြင့် ပြန်ထိုးလိုက်လေသည်။

လက်သီးနှင့်တူတို့ ထိပ်တိုက်တွေ့ရာမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းကြောင့် ဟင်းလင်းပြင်တစ်ခုလုံး ကွဲကြေသွားရပြီး အနားတွင် ရှိနေသည့် နတ်ဆိုးများမှာလည်း ပေါက်ကွဲထွက်၍ သေဆုံးကုန်ကြလေသည်။

မိုတော့၏ လက်အရိုး အက်သွားခဲ့၏။ ရန်ကိုင်မှာတော့ ပြန်ကန်ထွက်လာသည့် အားကြောင့် သွေးအပွက်ပွက် အန်ထွက်ရင်း နောက်သို့ လွင့်ထွက်သွားခဲ့သည်။ သို့သော် အနည်းငယ်မျှပင် နာကျင်နေသည့် အရိပ်အယောင်မပြဘဲ ဟန်ချက်ကို ထိန်းပြီးနောက် မိုတော့ဆီသို့ ထပ်မံ ခုန်ဝင်သွားပြန်လေသည်။

ယခုကဲ့သို့ အနီးကပ်တိုက်ခိုက်ရာတွင် မိုတော့သည် အထက်စီးမှနေ၍ တိုက်ခိုက်နေနိုင်ခဲ့သည်။ ရန်ကိုင်၏ တိုက်ခိုက်မှုများသည် မိုတော့ ဒဏ်ရာရသွားစေခဲ့ပါသော်ငြား ထိုဒဏ်ရာများသည် မိုတော့အတွက်တော့ ဘာမှ မဟုတ်ချေ။ ရန်ကိုင်ကိုယ်တိုင်မှာတော့ မိုတော့၏ မိုးသီးမိုးပေါက်သဖွယ် ကြွေဆင်းကျလာသည့် လက်သီးချက်များအောက်ဝယ် ထပ်တလဲလဲ လွင့်စင်ထွက်နေခဲ့ရသည်။

သို့ရာတွင် လက်ရှိအချိန်၌ ရန်ကိုင်သည် အလွန်ကိုမှ သတ်ရခက်သည့် ပိုးဟပ်တစ်ကောင်ပမာ ဖြစ်နေခဲ့သည်။ သူ့အနေဖြင့် မည်မျှပင် လွင့်ထွက်နေစေကာမူ၊ မိုတော့ဆီသို့ ပြန်ပြေးဝင်လာပြီး တိုက်ခိုက်လေသည်။

ရန်ကိုင်နှင့် မိုတော့တို့ တိုက်ခိုက်ကြရာတွင် ကံမကောင်း အကြောင်းမလှ ဖြစ်သွားသည့် လူများမှာတော့ နတ်ဆိုးများသာ ဖြစ်ကြလေသည်။

အမြဲစိမ်းနတ်သစ်ပင်အောက်တွင် အနည်းဆုံး နတ်ဆိုးပေါင်းတစ်သန်းခန့် စုဝေးနေကြသည်။ ရန်ကိုင်မှ မျက်လုံးနက်အကျဉ်းထောင်ကို ထုတ်သုံးစဉ်က ထိုနတ်ဆိုးအားလုံးကို လွှမ်းခြုံခဲ့လေသည်။ လက်ရှိအချိန်တွင် ထိုနတ်ဆိုး အားလုံးသည် မည်သည့် အန္တရာယ်ကိုမှ သတိမမူဘဲ အနက်ရောင်မျက်လုံးကိုသာ ယုံကြည်ကိုးစားသည့် အမူအရာဖြင့် မော်ကြည့်နေကြသည်။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့် မိုတော့တို့ တိုက်ခိုက်ရာမှာ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများကြောင့် နတ်ဆိုးတစ်သန်းအနက် တစ်ဝက်လောက်မှာ ဒဏ်ရာရသူကရ၊ သေသူကသေ ဖြစ်ကုန်ကြလေသည်။ သွေးများမှာ မြစ်သဖွယ် စီးဆင်းနေပြီး အလောင်းများနှယ် တောင်နှယ် ပုံထပ်နေကုန်၏။

အဆက်မပြတ် ကြီးမားလာနေသည့် သစ်ပင်ကိုကြည့်ရင်း မိုတော့မှာတော့ အရူးတစ်ပိုင်း ဖြစ်နေခဲ့သည်။ သူတစ်ဘဝလုံးတွင် တစ်ခါမှ ဤမျှ ဒေါသမထွက်ရဖူးချေ။

ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင်နှင့်ဆက်၍ အချိန်ကုန် မခံချင်တော့ဘဲ အမြဲစိမ်းနတ်သစ်ပင်ကိုသာ ပြေးဖျက်စီးချင်မိလိုက်တော့သည်။ ရန်ကိုင်မှ နတ်ဆိုးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်မသုံးစဉ်က အမြဲစိမ်းနတ်သစ်ပင်ကို ဖျက်စီးပစ်ရမည့် သူ့တာဝန်သည် ဤမျှ ခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဧရာမသစ်ပင်ကြီးသည် မည်သည့် တိုက်ခိုက်ရေးစွမ်းရည်ကိုမှ ပိုင်ဆိုင်ထားခြင်းမရှိဘဲ ကြီးသာကြီးထွားနိုင်သည့် အတွက်ကြောင့် သူ့အနေဖြင့် ဤသစ်ပင်ကြီးကို အလွယ်တကူ ဖျက်စီးပစ်နိုင်လိမ့်မည်ဟု မိုတော့ ထင်ထားခဲ့သည်။ သို့သော်ငြား ရန်ကိုင်မှ နတ်ဆိုးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးပြီးနောက်တွင် သစ်ပင်ကြီးကို ဖျက်စီးပစ်ရမည့် တာဝန်မှာ လုံးဝကို မဖြစ်နိုင်လုနီးပါး ဖြစ်သွားခဲ့လေသည်။

မိုတော့အနေဖြင့် သစ်ပင်ကြီးကို ဖျက်စီးပစ်လိုပါက ဤမှော်ဆရာညိုဆိုသည့် လူကို သတ်ပစ်မှသာ ရပေလိမ့်မည်။ သို့သော်ငြား မှော်ဆရာညိုကိုသတ်ဖို့ရာ ထိုမျှ လွယ်နေမည် ဆိုလျှင် သူ့အနေဖြင့် ဘာကြောင့်များ ယခုအချိန်ထိ စောင့်နေရပါဦးမည်နည်း။

ရန်ကိုင်နှင့် နောက်ထပ်တိုက်ကွက်ဆယ်ကွက် ဖလှယ်လိုက်ပြီးနောက်တွင် မိုတော့သည် ရန်ကိုင်အား ဖယ်ထုတ်၍ အပေါ်သို့ မော့ကြည့်ရန် အချိန်ရလိုက်သည်။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မိုတော့၏ မျက်နှာကြီး သုန်မှုန်သွားခဲ့သည်။

အကြောင်းမှာ ရန်ကိုင်နှင့် အချိန်ဖြုန်းနေရသည့် အချိန်အတောအတွင်း သစ်ပင်မှာ ကမ္ဘာလမ်းကြောင်း၏ အဖျားပိုင်းနားသို့ပင် ရောက်ခါနီးနေပြီ ဖြစ်ကြောင်းကို တွေ့လိုက်ရသည့် အတွက်ကြောင့်ပင်။ ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် နောက်ထပ် အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာအတွင်း သစ်ပင်ကြီးသည် ကမ္ဘာလမ်းကြောင်းကို အပြည့်အဝ ပိတ်သွားပေလိမ့်မည်။

မိုတော့သည် ရန်ကိုင်မှာ သူ့အား နှောင့်ယှတ်နေသည်ကို ဂရုမစိုက်တော့ဘဲ မာန်သွင်းအော်ဟစ်၍ အမြဲစိမ်းနတ်သစ်ပင်ပေါ်သို့ ပြေးတက်လိုက်သည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် မိုတော့သည် မီတာတစ်ထောင်ကျော်သို့ ခုန်တက်လိုက်နိုင်ခဲ့သည်။

သို့သော်ငြား သူ့အနေဖြင့် သစ်ပင်ပေါ်သို့ တက်ပြီးရုံရှိသေး ရန်ကိုင်သည် သူ့ခေါင်းပေါ်တွင် တစ္ဆေသရဲတစ်ကောင်နှယ် ပေါ်လာပြီး မိုတော့၏ခေါင်းကို နတ်ဆိုးတူကြီးဖြင့် အားပါးတရ ထုချလိုက်လေသည်။

မိုတော့၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး တိုက်ပွဲတူကို သူ့လက်ဖြင့် ကောက်ခံလိုက်လေသည်။

မိုတော့၏ လက်ရိုး ကျိုးသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ယိမ်းထိုးသွားကာ အောက်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။ သို့သော် အလျော့မပေးဘဲ ကျားကုတ်ကျားခဲဖြင့် အပေါ်သို့ ဆက်တက်လေသည်။

ရန်ကိုင်ကလည်း လက်မလျှော့ဘဲ မိုတော့အား နတ်ဆိုးတူဖြင့် ထပ်တလဲလဲထုရိုက်သည်။

ဘုန်း… ဘုန်း... ယုန်း...

နောက်ဆုံးတွင်တော့ မိုတော့သည်လည်း မခံနိုင်တော့ဘဲ သစ်ပင်ပေါ်မှ ခွေးကျဝက်ကျ ပြုတ်ကျလာခဲ့လေသည်။ ရန်ကိုင်၏ တူချက်ကို အဆက်မပြတ် ကာထားသည့် သူ့လက်မှာတော့ ရစရာမရှိအောင်ကို ပျက်စီးနေတော့လေ၏။

သို့သော်ငြား ပြုတ်ကျလာနေစဉ် အတောအတွင်း မိုတော့ ပြုံးနေခဲ့လေသည်။

အကြောင်းမှာ ကောင်းကင်ထက်၌ နောက်ထပ် မိုတော့တစ်ယောက် ပေါ်လာသည့် အတွက်ကြောင့်ပင်။ ထိုမိုတော့သည် မီတာသုံးရာခန့် မြင့်မားခြင်း မရှိသော်ငြား မီတာပေါင်းများစွာတော့ မြင့်မားနေပေသေးသည်။ ထိုမိုတော့သည် မိုတော့၏ ဝိဥာဉ်ကိုယ်ပွားသာ ဖြစ်လေသည်။

မိုတော့ သူ့ဝိဥာဉ်ကိုယ်ပွားကို ခန္ဓာကိုယ်ထဲမှ မည်ကဲ့သို့ ခွဲထုတ်လိုက်လဲ မည်သူမှ မသိကြ။ ရန်ကိုင်ပင်လျှင် သတိမထားမိခဲ့ချေ။ နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို အသုံးပြုပြီးနောက်တွင် ရန်ကိုင်သည် သတ်ဖြတ်ဖို့သာ သိတော့သည့်အတွက်ကြောင့် သူ၏ အာရုံခံစားနိုင်စွမ်းမှာ သိသိသာသာကို လျော့ကျသွားခဲ့ရသည်။ ထို့ကြောင့်ပင် မိုတော့မှာ သူ့ဝိဥာဉ်ကိုယ်ပွားကို ရန်ကိုင်ပင် သတိမထားမိလိုက်စေဘဲ သူ့ကိုယ်ထဲမှ ခွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မိုတော့၏ ဝိဥာဉ်ကိုယ်ပွားသည် ကောင်းကင်ထက်တွင် ဝဲနေသည့် အနက်ရောင်မျက်လုံးရှေ့ရပ်၍ လက်ကွက်တစ်ခုကို ထုတ်ဖော်၍ ဘာမှန်းမသိရသည့် မန္တန်တစ်ခုကို ရွတ်ဆိုနေခဲ့သည်။

ရုတ်တရက်ဆိုသလို မိုတော့ဝိဥာဉ်ကိုယ်ပွား၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး သူ့လက်ကိုမြှောက်၍ အနက်ရောင်မျက်လုံးကို ရိုက်ချလိုက်လေသည်။

စူးရှသည့် အလင်းရောင်တို့ အနက်ရောင်မျက်လုံးထက် ထွက်ပေါ်လာပြီး ထိုအလင်းရောင်သည် အနက်ရောင်မျက်လုံးကို စတင် တိုက်စားတော့လေသည်။ မကြာမီ အလင်းရောင်သည် အနက်ရောင်မျက်လုံး တစ်ဝက်လောက်ကို လွှမ်းခြုံသွားလေ၏။

ရန်ကိုင်လည်း ထိုအခါမှ တစ်ခုခု မှားယွင်းနေမှန်း သတိထားမိသွားခဲ့ပြီး ချက်ချင်း အနက်ရောင်မျက်လုံးရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် အော်ဟစ်ရင်းမှ အနက်ရောင်မျက်လုံးဆီ အပြေးပျံတက်သွားလေ၏။

သို့သော် နောက်ကျလွန်းသွားခဲ့လေသည်။ အလင်းရောင်မှ အနက်ရောင်မျက်လုံးကို ဖုံးသွားချိန်တွင် အမှောင်ထုကြီး တစ်စတစ်စ ပျောက်ကွယ်သွားတော့လေ၏။ တစ်ချိန်တည်းတွင် လေပေါ်သို့ ပျံတက်နေသည့် ရန်ကိုင်သည်လည်း မိုးကြိုးပစ်ခံလိုက်ရသည့်အလား စူးစူးဝါးဝါး အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာခဲ့လေသည်။ သူ့ညာဘက်မျက်လုံးမှာတော့ တောက်လျှောက်ကို သွေးယိုစီးကျနေလေ၏။

All Chapters