ဒါပဲလား...မြက်ပင်လေးကို..
Vol. 8 Ch. 72
ထိုဂိမ်းမှာ အနည်းငယ် ခေတ်နောက်ကျနေသော်လည်း ၎င်း၏ နေစရာဂူစနစ်မှာ ယခင်က နာမည်ကြီးခဲ့သည့် QQ Farm ဂိမ်းကို ပုံစံပြောင်းထားခြင်းသာ ဖြစ်သည်ကို ချန်ဟွိုက်အန် ချက်ချင်း သတိပြုမိလိုက်သည်။
“ငါသာ ဒီသားရဲခြံဝင်းကို ဆောက်လိုက်ရင် ဒီထဲမှာ စိတ်ဝိညာဉ်ကြက်တွေ၊ စိတ်ဝိညာဉ်နွားတွေပါ မွေးလို့ရဦးမှာပဲ...”
ချန်ဟွိုက်အန်က တစ်ချက်နှာခေါင်းရှုံ့လိုက်ပြီးနောက် ချင်းရန်၏ နေစရာဂူကို အဆင့်(၂)သို့ မြှင့်တင်လိုက်သည်။
ရွှေရောင်အလင်းတန်း တစ်ချက်လက်သွားပြီးနောက် သူ၏ သစ်သားတဲအိမ်လေးမှာ တစ်ခန်းစာ ပိုမိုကျယ်ဝန်းလာသည်။
ဘေးခန်းသစ် နှစ်ခန်းလည်း ပေါ်လာရာ...
တစ်ခန်းမှာ ရေချိုးကန်ပါဝင်ပြီး အခြားတစ်ခန်းမှာ ဟင်းချက်ရန် မီးဖိုချောင် ဖြစ်သည်။
“စိတ်ဝိညာဉ် ချီစွမ်းအင်ကိစ္စကိုလည်း မေ့ထားလို့ မဖြစ်ဘူး...”
ချန်ဟွိုက်အန်က ပတ်ဝန်းကျင် အနေအထားကို ခေတ္တအကဲခတ်လိုက်သည်။
တောင်ပေါ်တွင် အခြေခံ စိတ်ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း တစ်ခု ရှိနေပြီးသား ဖြစ်သည်။
သို့သော် အိမ်အတွင်း၌ နောက်ထပ် အခြေခံ စိတ်ဝိညာဉ် စုစည်းခြင်း အခင်းအကျင်းတစ်ခု ထပ်မံထည့်သွင်းလိုက်ပါက...
၎င်း၏ အာနိသင်မှာ အလယ်အလတ်အဆင့် အခင်းအကျင်းတစ်ခုနှင့် နီးပါးတူသွားမည် ဖြစ်သည်။
ပိုကောင်းသည့်အချက်မှာ...
အပိုပစ္စည်းများ မလိုအပ်ခြင်းပင်။ ၎င်းမှာ သူ့ကဲ့သို့ ငွေဖြုန်းတတ်သူအတွက် အလွန်သင့်လျော်သည်။
ငွေဖြည့်လိုက်ဦးမယ်။
အခြေခံ ချပ်ကာနက် ခံစစ်အခင်းအကျင်း၊ ချင်းရန် ဘေးကင်းဖို့ လိုအပ်သည် မဟုတ်လား။
ထပ်ဖြည့်မယ်။
ငွေအနည်းငယ် ထပ်မံသုံးစွဲပြီးနောက် နေစရာဂူမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
၎င်းမှာ ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခု မဟုတ်သေးသော်လည်း သန့်ရှင်းသပ်ရပ်ကာ လိုအပ်သည်များ အစုံအလင်ရှိသည့် အဆင့်မြင့် နေအိမ်တစ်လုံး ဖြစ်လာသည်။
ချင်းယွန်ဂိုဏ်းတွင် ဆိုပါက ၎င်းကို အဆင့်မြင့်နေအိမ်ဟု သတ်မှတ်နိုင်သော်လည်း...
ဓားကျောင်းတော်တွင်မူ...
၎င်းမှာ အိပ်မက်ဆန်သော စံအိမ်ကြီးပင်။
ချန်ဟွိုက်အန် နောက်ထပ် ဘာဝယ်ပေးရဦးမလဲဟု စဉ်းစားနေစဉ်မှာပင်...
ဂိမ်းထဲမှ တုံ့ဆိုင်းနေသော အသံ တိုးတိုးလေး ထွက်ပေါ်လာသည်။
“ဆ...ဆရာ... တော်ပါပြီ... ဒါတွေက များလွန်းနေပါပြီ...”
ချင်းရန်မှာ ခုတင်ဘေးတွင် ရပ်နေရင်း သူ၏ လက်ကလေးများဖြင့် အင်္ကျီလက်စကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားကာ နုနယ်သော မျက်နှာလေးမှာလည်း ရဲနေသည်။
သူက ဆရာ့၏ ဆန်းကြယ်သော စွမ်းအင်များကို အရင်က မြင်တွေ့ခဲ့ဖူးသဖြင့် မအံ့သြသော်လည်း....
ယခုမူ...
သူ၏ နေအိမ်မှာ ထိုမျှ ပြောင်းလဲသွားသည်ကို တခြားတပည့်များကို ဘယ်လို ရှင်းပြရမည်နည်း။
သူကိုယ်တိုင် ဆောက်သည်ဟု ပြောလျှင်လည်း မည်သူက ယုံမည်နည်း။
“ချင်းရန်က တော်ပြီလို့ ပြောနေတာလား...”
ချန်ဟွိုက်အန်ကတော့ ထိုသို့ မယူဆပေ။
မိန်းကလေးတစ်ယောက်က “မလိုပါဘူး”ဟု ပြောလျှင် ၎င်းမှာ “တကယ်တော့ လိုချင်တယ်” ဟု အဓိပ္ပာယ်ရသည်ဟု သူက တွက်ဆသည်။
[ ချင်းရန်၊ တခြားသူတွေမှာ စိတ်ဝိညာဉ် စိုက်ခင်းတွေ ရှိကြတယ်။ ဆရာ မင်းအတွက် လုပ်ပေးမယ် ]
“အို ဆရာ... မဟုတ်ဘူး... မလုပ်ပါနဲ့ဦး...”
[ ၁၀ ကွက်ဆိုရင် လုံလောက်မှာပါနော် ]
“၁၀ ကွက်လား..”
စီနီယာအစ်မတွင်ပင် စိုက်ခင်း နှစ်ကွက်သာ ရှိသည်ကို ချင်းရန် မှတ်မိနေသည်။
စိုက်ပျိုးနိုင်သော စိတ်ဝိညာဉ် စိုက်ခင်းတစ်ခု ဖော်ဆောင်ရန်မှာ မလွယ်ကူသဖြင့် စီနီယာအစ်မက ထိုအရာကိုပင် ကြွားလုံးထုတ်ခဲ့သေးသည်။
အခုတော့ ဆရာက သူကို ၁၀ကွက်တောင် ပေါ့ပေါ့ပါးပါး ပေးနေပြန်ပြီလား...
[ ကဲ... ၁၀ကွက်ပဲ ထားလိုက်တော့မယ် ]
ဝုန်း ဝုန်း ဝုန်း...
သစ်သားတဲအိမ်လေး၏ ပတ်ဝန်းကျင် မြေပြင်မှာ တုန်ခါသွားသည်။
တောက်ပနေသော စိုက်ပျိုးနိုင်သည့် စိတ်ဝိညာဉ် စိုက်ခင်း ၁၀ကွက် မြေပြင်မှ ပေါ်ထွက်လာသည်။
ချန်ဟွိုက်အန်က ထိုစိုက်ခင်းများကို အဆင့်(၁)အထိပါ မြှင့်တင်ပေးလိုက်သည်။
“ကဲ... ဒီလောက်ဆို ရလောက်ပါပြီ။ ထပ်လုပ်ရင် ငါ ငွေပြတ်တော့မယ်။ အရေးပေါ်သုံးဖို့ ချန်ထားဦးမှ..”
ချင်းရန် တုန်တုန်ရီရီဖြင့် တံခါးကို ဖွင့်လိုက်သည်။
ကျယ်ပြောလှသော စိုက်ခင်းများကို မြင်လိုက်ရချိန်တွင် သူ၏ ဒူးများ ညွှတ်ခွေသွားတော့သည်။
သူ မြေပြင်ပေါ်သို့ လဲကျသွားကာ မျက်လုံးများကို မှိတ်လျက် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
“သွားပြီ။ အကုန်သွားပြီ။”
ဆရာက ပေးလိုက်ပြီးပြီဆိုလျှင် ပြန်ယူရန် နည်းလမ်း မရှိတော့ပေ။
သူ၏ အနာဂတ်ကို သူ မြင်ယောင်နေမိသည်။
သူသည် ဓားကျောင်းတော်၏ အကြီးမားဆုံး ဒဏ္ဍာရီ ဖြစ်လာတော့မည်။
တခြားတပည့်များက သူကို “ဆရာ့အချစ်ဆုံးတပည့်” ဟု ကွယ်ရာတွင် ခေါ်ကြတော့မည်လား မသိ...
ထိုအတောအတွင်း ချန်ဟွိုက်အန်က လက်မလျှော့သေးပေ။
[ ဒီဝတ်စုံလေးက ကြည့်ကောင်းသားပဲ။ အိပ်ရင် ဒါလေးဝတ်အိပ် ]
အဝတ်အစားတစ်စ ခုတင်ပေါ်သို့ ကျလာသည်။
ချင်းရန်က ကောက်ယူကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ခရမ်းချဉ်သီးကဲ့သို့ နီရဲသွားတော့သည်။
၎င်းမှာ အဖြူရောင် ပိုးသား အိပ်ယာဝင်ဝတ်စုံလေး ဖြစ်ပြီး ကျောဘက်မှာ ဟာလာဟင်းလင်း၊ ခါးနှင့် တင်ပါးနေရာများမှာ ကျပ်ထုတ်နေကာ ပေါင်အထိ ခွဲထား၏။
တစ်ချက်ကြည့်ရုံဖြင့် ထိုဝတ်စုံမှာ ခန္ဓာကိုယ် ကောက်ကြောင်းများကို အထင်းသား ပေါ်လွင်စေမည်မှာ သိသာသည်။
၎င်းကို အပြင်တွင် ဝတ်ရန် လုံးဝ မဖြစ်နိုင်ပေ။
ဆရာက... ဒါကို ဝတ်အိပ်စေချင်တာလား ။
ဆိုလိုတာက... ဆရာက သူ ဝတ်ထားတာကို မြင်ချင်နေတာလား...
အိုး... သူ ထပ်မတွေးရဲတော့ပေ။
အရမ်းကို ရှက်ဖို့ကောင်းလွန်းသည်။
သူ၏ မျက်နှာမှာ နားရွက်များအထိ နီရဲတောက်လာသည်။
“ဒီလောက်အထိ ပေါ်လွင်တာမျိုး တစ်ခါမှ မဝတ်ဖူးဘူး...”
“...ဒါပေမဲ့ ဒါက ဆရာ့ရဲ့ တောင်းဆိုချက်ဆိုရင်တော့... အဆင်ပြေမှာပါ...”
ချင်းရန် တစ်ယောက် အတွေးထဲတွင် နစ်မြောနေစဉ်မှာပင် ချန်ဟွိုက်အန်က ပုံရိပ်ယောင် ကောင်မလေး စျေးဆိုင်ထဲမှ ထွက်သွားပြီ ဖြစ်သည်။
လက်တွေ့တွင်မူ သူ ထိုမျှအထိ နက်နက်ရှိုင်းရှိုင်း မတွေးခဲ့ပေ။
ဆိုင်တွင် လျှော့စျေးဖြင့် ၁၈ ယွမ်တည်းနှင့် ရောင်းနေသော ညအိပ်ဝတ်စုံကို တွေ့သဖြင့် “ဝယ်ထားလိုက်တာပေါ့” ဟု တွေးလိုက်ခြင်းသာ ဖြစ်သည်။
တာဝန် အဆင့်မြှင့်တင်မှု...
[ အဓိကတာဝန် ၂.၀ - သင့်ရဲ့ ပုံရိပ်ယောင် ကောင်မလေးကို “အစောင့်အရှောက်အိမ်” အသစ်တွင် အခြေချနိုင်အောင် ကူညီပါ... ပြီးမြောက်ပါပြီ ]
ဆုလာဘ်များ-
• ကိုးလှည့် စိတ်ဝိညာဉ်သစ်ခွ (ပို့ဆောင်ပြီး)
• နွီဝါးမြေ တစ်အိုး (ပို့ဆောင်ပြီး)
[ အဓိကတာဝန် ၃.၀ - ကျုံးကျိုး လျို့ဝှက်နယ်မြေ အပိုင်းကို ရက်ပေါင်း ၃၀အတွင်း ဖွင့်လှစ်ပါမည်။ သင့်ရဲ့ ပုံရိပ်ယောင် ကောင်မလေး ထိုနယ်မြေအတွင်း ရှင်သန်နှုန်းကို မြှင့်တင်ပေးပါ။ ရှင်သန်နှုန်း ၃၀% မြှင့်တင်နိုင်တိုင်း “ကောင်းကင်ထိုးထွင်းသိမြင်မှု” တစ်ခု ရရှိမည်။ လက်ရှိ ရှင်သန်နှုန်း - ၀% ]
ဒုန်း...
ရင်းနှီးနေသော အသံတစ်ခု တံခါးဝမှ ထွက်ပေါ်လာသည်။
ချန်ဟွိုက်အန် မအံ့သြတော့ပေ။
နောက်ထပ် လျှို့ဝှက်ဆန်းကြယ်သော ပါဆယ်ထုပ်တစ်ခု ရောက်လာပြန်ပြီ။
သူ အလျင်မလိုပေ။
ထိုပစ္စည်းများကို အချိန်မရွေး သွားယူနိုင်၏။
ယခု သူ ပို၍ အာရုံစိုက်နေသည်မှာ အဓိကတာဝန် ၃.၀ ပေါ်တွင် ဖြစ်သည်။
“နောက်ဆုံးတော့ ပထမဆုံး ဂူသင်္ချိုင်း စတော့မယ်ပေါ့...”
ထိုကဲ့သို့သော MMOဂိမ်းမျိုးတွင် ဂူသင်္ချိုင်း အပိုင်းများ ရှိမည်ကို သူ ကြိုတင် သံသယရှိခဲ့သည်။
မြေပုံကြီးက ကျယ်ပြန့်နေသဖြင့် စူးစမ်းစရာများစွာ ရှိလိမ့်မည်။
ဘော့စ်အကြီးများတောင် ရှိကောင်း ရှိနိုင်သည်။
ဝမ်ချင်းတောင်မှ ထွက်ခွာခြင်းမှာ သင်ခန်းစာအဆင့် ပြီးမြောက်ခြင်းသာ ဖြစ်ပြီး ဓားကျောင်းတော်သို့ ဝင်ရောက်ခြင်းမှာ ဂိမ်းအစစ်အမှန် စတင်ခြင်း ဖြစ်သည်။
ယခုမှစ၍ သူက ချင်းရန်၏ အမြင်မှတစ်ဆင့် ချန်းယွန်ဘုံ၏ အာဏာလုပွဲများကို တွေ့ကြုံရတော့မည်။
၎င်းနှင့်အတူ အဆုံးမဲ့ အန္တရာယ်များလည်း ပါလာလိမ့်မည်။
“သူကို မသွားခိုင်းဘဲ ထားလိုက်ရင်ရော...”
ချန်ဟွိုက်အန် မေးစေ့ကို ပွတ်သပ်စဉ်းစားသည်။
သူတို့ကြားမှ မြင့်မားသော နှစ်သက်မှုရ မှတ်အရ သူကို မသွားရန် ဖျောင်းဖျနိုင်လောက်သည်။
သို့သော် ထိုအတွေးမှာ နုံအလွန်းသည်ကို သူ မကြာမီ သိလာရမည် ဖြစ်သည်။
“သူ သွားသွား၊ မသွားသွား၊ သူရဲ့ ရှင်သန်နှုန်းကိုတော့ မြှင့်တင်ပေးရမှာပဲ...”
သူ ချင်းရန်၏ အခြေအနေကို စစ်ဆေးလိုက်သည်။
[အခြေအနေ - စိတ်ကူးယဉ်နေသည်]
[ကျင့်ကြံမှု တိုးတက်မှု - ၃၉၉/၈၀၀ (ချီ စုစည်းခြင်း တတိယအဆင့်)]
[လက်ကျန် သက်တမ်း - ၁၄၃ နှစ်]
[နှစ်သက်မှုရမှတ် - ၈၅ (ချစ်စိတ်အဖူးအငုံ)]
သူက ပန်းရောင်ပူဖောင်းများ ဝန်းရံလျက် ရှက်သွေးဖြာကာ စိတ်ကူးယဉ်နေသည်။
သူ၏ ကျင့်ကြံမှုမှာ ချီ စုစည်းခြင်း တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရှင်သန်နှုန်း ၀% ဖြစ်နေခြင်းမှာ လက်ရှိစွမ်းအားမှာ လျို့ဝှက်နယ်မြေအတွက် မလုံလောက်သေးကြောင်း ပြသနေသည်။
သူ့အနေဖြင့် နည်းစနစ်ရော အင်အားပါ လျင်မြန်စွာ တိုးတက်ရန် လိုအပ်သည်။
“ငါလည်း ကြာစိမ်းဓားသိုင်းကျမ်းကို မြန်မြန် ကျွမ်းကျင်အောင် လုပ်ရမယ်နဲ့ တူတယ်...”
သို့သော်လည်း တစ်လအလို ရှိနေသေးသဖြင့် အချိန်အလုံအလောက် ရနိုင်ပါသေးသည်။
သူ့ကဲ့သို့ ငွေပေးကစားသူအတွက်မူ ငွေဖြည့်ပြီး ဂိမ်းကို ပျော်ပျော်ကြီး ဆော့ရန်သာ လိုအပ်သည်။
ဂိမ်း၏ ဟန်ချက်ညီမှုကိုတော့ ဖန်တီးသူများသာ စိတ်ပူရလိမ့်မည်။
“ကဲ... ပါဆယ်ထုပ် သွားယူတာပေါ့...”
ချန်ဟွိုက်အန် တံခါးကို ဖွင့်လိုက်သည်။
ပုံမှန်အတိုင်းပင် သေတ္တာနှစ်လုံး ရှိနေသည်။
တစ်လုံးမှာ အညှောင့်လေး တစ်ခု ပြူထွက်နေပြီး အခြားတစ်လုံးမှာ မြေကြီးနံ့ ဖျော့ဖျော့နှင့်အတူ လေးလံနေသည်။
“ကိုးလှည့် စိတ်ဝိညာဉ်သစ်ခွ။ နွီဝါးမြေ။ နာမည်တွေကတော့ တကယ့်ကို ဆန်းကြယ်တာပဲ...”
သူက ဖုန်ထူနေသော သေတ္တာများကို အထဲသို့ သယ်လာပြီး ကတ်ကြေးနှင့် တစ်ရှူးများကို ယူလိုက်သည်။
ကော်ဖီစားပွဲပေါ်တွင် ဘဲစပ်ကြောင့် သေလုမျောပါး ဖြစ်နေသည့် ပါ့ကျီမှာ ရုတ်တရက် ခန္ဓာကိုယ်ကို လှန်လိုက်သည်။
ကြောင်မျက်လုံးများ တောက်ပလာပြီး သေတ္တာများဆီသို့ စူးစိုက်ကြည့်နေတော့သည်။
....
....