ဒါတွေက တကယ့်အဆောင်တွေလား...
Vol. 8 Ch. 73
“ပစ္စည်းကောင်းဟေ့... လုံးဝကို ထိပ်တန်းပစ္စည်းတွေပဲ...”
ပါ့ကျီက သေတ္တာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
၎င်းတွင် ခံစားချက်တစ်ခု ရှိနေသည်။ အကယ်၍သာ ထိုသေတ္တာထဲ၌ ရှိသောအရာကို စားလိုက်ရပါက ၎င်း၏ ခွန်အားမှာ ကောင်းကင်သို့ ထိုးတက်သွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် လူသားတို့ ပြုလုပ်ထားသော ထိုသံသေတ္တာ (ကား) များကိုပင် ၎င်း၏ မေးရိုးများဖြင့် အမှုန့်ချေပစ်နိုင်မည် ဖြစ်သည်။ တစ်ခါတည်း ဝါးမျိုပြီး ခဏချင်းပင် အစာခြေဖျက်ပစ်နိုင်မည် မဟုတ်ပါလား...
ရက်ပေါင်းများစွာကြာအောင် “အမှိုက်” (ထမင်းဖြူ) တွေကိုပဲ ကျွေးခဲ့ပြီးတော့ ဒီလူကြီးလူကောင်းက နောက်ဆုံးတော့ သူ့ကို အရသာရှိတာ တစ်ခုခု ပေးတော့မည်လား...
ချန်ဟွိုက်အန်က ကတ်ကြေးတစ်လက်ဖြင့် သေတ္တာကို ဖွင့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း အတွင်းတွင် အပင်တစ်ပင် ပါရှိသည်။ အခြား သေတ္တာတစ်လုံးတွင်မူ ပန်းအိုးငယ်လေး တစ်ခုထဲ၌ ထူးထူးခြားခြား အရောင်အသွေးစုံလင်နေသော မြေကြီးခဲတစ်ခု ပါဝင်သည်။ သူသည် အပင်ကို မြေကြီးထဲသို့ စိုက်လိုက်ပြီး ပန်းအိုးကို ပြတင်းပေါက်ဘောင်ပေါ်တွင် တင်ကာ ခဏမျှ စိုက်ကြည့်နေမိသည်။ သံသယကို မဖျောက်ဖျက်နိုင်သဖြင့် သူ၏ အချက်အလက်စစ်ဆေးသည့်ကိရိယာ ထုတ်ကာ စကန်ဖတ်ကြည့်လိုက်သည်။
ရလဒ်က ချက်ချင်း ထွက်ပေါ်လာ၏။
[ မြက်ပင် - အပင်အမျိုးအစား တစ်မျိုးဖြစ်သည် ]
နေပါဦး။ တကယ်ကြီးလား...
သာမန် မြက်ပင်လေး တစ်ပင်တည်းလား...
ချန်ဟွိုက်အန် စကားပင် မပြောနိုင်တော့ပေ။
ဒီဂိမ်းကုမ္ပဏီကတော့ တကယ်ကို ကပ်စေးနှဲတာပဲ။ အခုခေတ်မှာ သစ်ခွပန်းအိုး တစ်အိုးက ဘာမှ တန်ဖိုးမရှိတာကို။ သူ့ဆီကို ဒီလို ညစ်ပတ်စုတ်ပြတ်နေတဲ့ မြက်ပင်လေးတစ်ပင် ပို့ပေးရဲတယ်ပေါ့... ဒါက ပျင်းလွန်းရာ ကျနေပြီ...
ပြီးတော့ အဲဒီမြေကြီးကလည်း အရောင်စုံတွေနဲ့ဆိုတော့ စက်ရုံကထွက်တဲ့ ညစ်ညမ်းပစ္စည်းတွေနဲ့တောင် တူနေသေးတယ်။ အလှအပဆိုတာ ဝေလာဝေး။
ထိုအချိန်တွင် သေတ္တာထဲ၌ အခြားအရာတစ်ခုကို သူ သတိထားမိသွားသည်။
ဆွဲထုတ်ကြည့်လိုက်ရာ ပလတ်စတစ်အိတ်ဖြင့် သေချာပိတ်ထားသော အဆောင်တစ်ခုနှင့် လမ်းညွှန် စာရွက်တစ်ခုကို တွေ့လိုက်ရသည်။
[ ခရမ်းကောင်းကင် နတ်မိုးကြိုး အဆောင် - အစားကြီး မိစ္ဆာသားရဲများ စားသောက်ခြင်းမှ ကာကွယ်ရန် ဤအဆောင်ကို ကိုးလှည့် စိတ်ဝိညာဉ်သစ်ခွ စိုက်ထားသော ပန်းအိုးတွင် ကပ်ထားပေးပါ ]
ချန်ဟွိုက်အန် - “…”
အစားကြူး မိစ္ဆာသားရဲ ဟုတ်လား...
သူ့အခန်းထဲမှာရှိတာဆိုလို့ ခြင်တွေနဲ့ ဒီအရူးကြောင်တစ်ကောင်ပဲ ရှိတာ။
ထားလိုက်တော့။ အလှဆင်ပစ္စည်းအနေနဲ့ပဲ သဘောထားလိုက်မယ်။
နတ်နန်းတော်ပုံစံများနှင့် မင်္ဂလာရှိသော တိမ်တိုက်ပုံစံများ ထွင်းထုထားသော ပန်းအိုးမှာ မြက်ပင်လေးက နွမ်းဖတ်နေသော်လည်း တော်တော်လေးတော့ လှပသည်။
သူက အဆောင်ကို ခွာလိုက်ပြီး ပန်းအိုးတွင် ကပ်လိုက်သည်။
နွမ်းဖတ်ဖတ် အပင်လေးပါသော ပန်းအိုးမှာ အဆောင် ကပ်ထားခြင်းက သာမန်လူတစ်ယောက် လုပ်မည့် အလုပ်မျိုး မဟုတ်သည်တော့ သေချာသည်။
အဝေးကကြည့်လျှင် တစ်ခုခုတော့ လွဲနေသလိုပင်။
တစ်ချိန်တည်းမှာပင် ဂိမ်းအတွင်း၌ ချင်းရန်က အဝတ်အစားတစ်စုံကို ပွေ့ပိုက်ပြီး ခုတင်ဘေးတွင် လမ်းလျှောက်နေသည်။
လောလောဆယ် အရေးကြီးကိစ္စ မရှိသဖြင့် ချန်ဟွိုက်အန်သည် ဂိမ်းထဲမှ ထွက်လိုက်သည်။
ထိုအရာများအားလုံး လုပ်ပြီးသည့်တိုင် သူ မနက်စာ မစားရသေးပေ။
စားသောက်ပြီးလျှင် ရင်ပြင်သို့သွားကာ ဓားသိုင်းလေ့ကျင့်ရန် သူ စီစဉ်ထားသည်။
ဒီနေ့တော့ အဘိုးကြီးနှင့် ပြန်ဆုံဖို့ မျှော်လင့်ရတာပဲ။
…
ချန်ဟွိုက်အန် မနက်စာ ပြင်ဆင်နေစဉ် ပါ့ကျီက ကိုးလှည့် စိတ်ဝိညာဉ်သစ်ခွအနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။
နီးကပ်သွားလေလေ စိတ်ဝိညာဉ်စွမ်းအင်များ ပိုမိုသိပ်သည်းလာလေ ဖြစ်သည်။
[ ဒီလို စိတ်ဝိညာဉ် ချီစွမ်းအင် ခန်းခြောက်နေတဲ့ ခေတ်ကြီးမှာ ဒီလိုမျိုး ဝိညာဉ်အပင်က ဘယ်လိုလုပ် ရှိနေနိုင်တာလဲ... ဒီလူကြီးလူကောင်းက ဒါကို ဘယ်နေရာကနေများ ရလာတာပါလိမ့်... ]
ပါ့ကျီက လုံးဝ ဝေခွဲမရဘဲ သစ်ခွပင်ကို စိုက်ကြည့်နေမိသည်။
ဒါပေမဲ့ ဒါတွေက အရေးမကြီးပါဘူး။ စားလို့ရရင် ပြီးတာပဲ။
၎င်းက ပိုမိုနီးကပ်စွာ တိုးသွားပြီး ပြင်းထန်လှသော စိတ်ဝိညာဉ် ချီစွမ်းအင်ရနံ့ကို လောဘတကြီး ဝါးမျိုလိုက်သည်။
ရုတ်တရက်...
ဂျိန်း...
ပြင်းထန်သော လျှပ်စီးတန်းတစ်ခု လေထဲတွင် တဖျပ်ဖျပ် လက်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ၎င်း၏ဦးခေါင်းပေါ်သို့ ကျရောက်လာသဖြင့် ပါ့ကျီက ထိတ်လန့်တကြား နောက်သို့ ဆုတ်ပြေးရင်း ဆိုဖာပေါ်သို့ လူးလိမ့်ကျသွားတော့သည်။
ထိုအခါမှသာ ပန်းအိုးဘေးတွင် ကပ်ထားသော အဝါရောင်စာရွက်ကို ပါ့ကျီ သတိထားမိသည်။
အဆောင်တစ်ခုပါလား။
တံခါးနှင့် ပြတင်းပေါက်များတွင် ကပ်ထားသော အဆောင်များထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းလှသည်။
အကယ်၍သာ ထိုပန်းအိုးကို ထိမိခဲ့ပါက ချက်ချင်း သေသွားနိုင်ပေသည်။
ဘေးကင်းသော အကွာအဝေးသို့ ဆုတ်ခွာသွားသောအခါ အဆောင်မှ ထွက်ပေါ်နေသော လျှပ်စီးတန်းများမှာ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားသည်။
[ အဟက်... ငါ အရမ်း နုံအခဲ့တာပဲ ]
ပါ့ကျီသည် ခေါင်းကို ၄၅ဒီဂရီခန့် စောင်းကာ မျက်နှာကြက်ကို မော့ကြည့်လိုက်သည်။
[ ဒီလောက် တန်ဖိုးရှိတဲ့အရာကို ဒီလူကြီးလူကောင်းက ငါ့ကို အလွယ်တကူ ပေးစားလိမ့်မယ်လို့ ထင်နေတာပဲ ]
ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ရင်း ခေါင်းခါလိုက်ပြီးနောက် စားလက်စ ဘဲစပ်ကိုသာ ဆက်လက် ကိုက်ဝါးနေတော့သည်။
ဒါပေမဲ့လည်း ဒီကိုးလှည့် စိတ်ဝိညာဉ်သစ်ခွ ရှိနေသရွေ့တော့ ဒီနေရာက မကြာခင်မှာ ကျင့်ကြံခြင်း နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာတော့မှာပဲ။
အခန်းတစ်ခုလုံး စိတ်ဝိညာဉ် ချီစွမ်းအင်တွေ ပြည့်နှက်နေလိမ့်မယ်။
သာမန်ထမင်းက စိတ်ဝိညာဉ်ထမင်း ဖြစ်လာမယ်။ ဘဲစပ်က စိတ်ဝိညာဉ်ဘဲသား ဖြစ်လာမယ်။ အိမ်မွေး ငါးလေးတောင်မှ နောက်ဆုံးမှာ အသိဉာဏ်ပွင့်သွားနိုင်တယ်...
အစားအသောက်တွေက အရသာမရှိတာတော့ အတူတူပဲ ဖြစ်နိုင်ပေမယ့် အနည်းဆုံးတော့ အခုက “အမှိုက် အရသာရှိတဲ့ ချောကလက်” ဖြစ်သွားပြီလေ။
ထိုသို့ တွေးတောရင်း ပါ့ကျီက ပို၍ပင် အားရပါးရ စားသောက်နေတော့သည်။
…
[ သတင်းထူး - ထျန်းမင်တောင်တွင် တောဝံပုလွေတစ်ကောင်ကို တွေ့ရှိ... ခရီးသွားများ ဘေးကင်းရေးအတွက် အာဏာပိုင်များ ဝင်ရောက် ဆောင်ရွက်နေ ]
တစ်တော့ ကြည့်နေစဉ် သတင်းတိုလေးတစ်ခုက ချန်ဟွိုက်အန်၏ အာရုံကို ဖမ်းစားလိုက်သည်။
[ ဒီထူးထူးခြားခြား ကြီးမားတဲ့ ဝံပုလွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက ဘယ်လိုပြောသလဲ... ]
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က C ပြည်နယ် စိုက်ပျိုးရေးတက္ကသိုလ်က ခွေးမျိုးနွယ်ဆိုင်ရာ ကျွမ်းကျင်သူ ပရော်ဖက်ဆာဝမ် ဖြစ်ပါတယ်။ တချို့က ဒီထျန်းမင်တောင်က ဝံပုလွေကို မိစ္ဆာသားရဲလို့ ထင်ကြေးပေးနေကြတယ်။ ဟားဟား၊ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို အတည်မယူကြပါနဲ့။ ဒီဝံပုလွေက ညစ်ညမ်းနေတဲ့ ပင်လယ်ရေတွေကို သောက်သုံးမိလို့ မျိုးဗီဇပြောင်းလဲသွားတဲ့ သတ္တဝါ တစ်ကောင်ပါ။ သူက ကြည့်ရတာ ကြီးပေမယ့် သူ့ရဲ့ ခန္ဓာကိုယ် ဟန်ချက်ညီမှုက တကယ်တော့ အရမ်း ညံ့ဖျင်းပါတယ်။ ဒါကြောင့် သာမန် ဝံပုလွေတွေထက်တောင် ရန်မူနိုင်စွမ်း ပိုနည်းပါတယ်...”
ဆံပင်ဖြူဖြူ ပရော်ဖက်ဆာကြီးက ယုံကြည်ချက်အပြည့်နဲ့ ပေါက်ကရတွေ ပြောနေတာကို ကြည့်ရင်း ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်သွား၏။
ရန်မူနိုင်စွမ်း နည်းတယ် ဟုတ်လား...
အဲဒီအကောင်ကသာ ရန်မူနိုင်စွမ်းနည်းတယ်ဆိုရင် ဘာလို့ ဗန်ကားတစ်စီးလုံးကို အရုပ်တစ်ခုလို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ခဲ့တာလဲ...
သို့သော်လည်း လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ မျိုးဗီဇပြောင်းလဲနေတဲ့ သတ္တဝါများ တကယ်ပင် ပိုများလာခဲ့သည်။
အရာအားလုံးက လွန်ခဲ့တဲ့ ဆယ်နှစ်က ကောင်းကင်နဲ့ လူသားများ ဒေါသထွက်ခဲ့ရသော ဆိုးရွားလှသည့် ဘေးအန္တရာယ်တစ်ခုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အစပိုင်း လူများက အလေးမထားခဲ့ကြသော်လည်း၊ ပင်လယ်ရေ ညစ်ညမ်းမှု၏ သက်ရောက်မှုတွေကို လျစ်လျူရှု၍ မရတော့သော အချိန်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့လေပြီ။
မျိုးဗီဇပြောင်းလဲနေသော သတ္တဝါများက အကျိုးဆက်များထဲမှ တစ်ခုသာ ရှိပါသေးသည်။
အမြန်စားစရာများတွင် အသုံးပြုသော ကြက်များက ခြေထောက်၊ အတောင်ပံများ ပိုထွက်လာအောင် မျိုးဗီဇ ပြုပြင်ထားကြောင်း ကောလာဟလများ ရှိခဲ့ဖူးသောလည်း ၎င်းတို့ကို မြို့ပြဒဏ္ဍာရီများလိုသာ ထင်ခဲ့ကြသည်။
အခုတော့... ခေါင်း ၃လုံးမှ ၅ လုံးအထိပါသော ကြက်များက တကယ့် လက်တွေ့ဘဝ ဖြစ်လာခဲ့လေပြီ။
ယခင်က ထိုကဲ့သို့ သတ္တဝါများမှာ ဓာတ်ခွဲခန်းထဲမှာပဲ ရှိတတ်သည်။ အခုတော့ သာမန် ကြက်မွေးမြူရေးခြံတွေမှာပင် ခေါင်းအများကြီးပါသော ကြက်များ ရံဖန်ရံခါ ထွက်လာတတ်သည်။
ထိုသို့ မျိုးဗီဇပြောင်းလဲထားသော ကြက်များက အသက်ရှင်ရုံတင်မကဘဲ သက်တမ်းလည်း ပိုရှည်ကြသည်။ ပိုဆိုးသည်က ခေါင်းတစ်လုံးချင်းစီတွင် ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိနေကြပြီး အချင်းချင်းလည်း ပြန်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ရှားပါးလေ တန်ဖိုးရှိလေပင်။
စားသုံးရန် ဘေးကင်းမကင်း မသေချာသေးသော်လည်း တချို့နေရာတွေတော့ ခေါင်းအများကြီးပါသော ကြက်များကို ဇိမ်ခံအစားအစာအဖြစ် သတ်မှတ်ပြီး စတင် စားသုံးနေကြလေပြီ။ တချို့ မွေးမြူရေး ခြံများတွင် တမင်တကာတောင် မျိုးဖောက်နေကြပြီ ဖြစ်သည်။
သာမန်လူများလိုပင် ချန်ဟွိုက်အန်ကလည်း မျိုးဗီဇပြောင်းလဲနေတဲ့ သတ္တဝါတွေသည် မကြာခင် ကျရောက်လာမယ့် ဘေးအန္တရာယ်တစ်ခုဟူ၍ ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။
လောလောဆယ် အခြေအနေက ထိန်းချုပ် ရနေသေးသည်။ ကျည်ဆန်နှင့် သတ်၍ရနေသရွေ့တော့ ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှု မရှိသေးပေ။
သို့သော် ထိုသတ္တဝါများက သေနတ်ဖြင့် ပစ်မရသော အဆင့်အထိ ဆင့်ကဲပြောင်းလဲသွားသော နေ့ကျလျှင်တော့ အမှန်တရားကို အာဏာပိုင်များ ဖုံးကွယ်ထား၍ ရမည် မဟုတ်တော့ပေ။
မည်သို့ပင် ဆိုစေကာမူ ချန်ဟွိုက်အန်ကတော့ ထိုနေ့ကို မြင်တွေ့ရသည်အထိ အသက်ရှင်မည် မဟုတ်ကြောင်း တွက်ဆထားသည်။
အကြောင်းမှာ သူက ယခုနှစ်ထက် ပိုပြီး အသက်ရှင်မည် မဟုတ်၍ပင်။
သူ မရှိတော့သည့် နောက်ပိုင်း ကမ္ဘာကြီး ပျက်စီးသွားလျှင်လည်း သူနှင့် ဘာမှ မဆိုင်တော့ပေ။
…
“ဟိုမိန်းကလေးက အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့... သူက ပစ္စတို ထုတ်ပြီး ဝံပုလွေကို အသေသတ်လိုက်တာ...”
“ဒါနဲ့... ဆန်းကွမ်ရဲ့ ဗန်ကားကတော့ တကယ်ကို အညံ့စား အရည်အသွေးပဲဗျာ... ကျွန်တော် တံခါးကို ပိတ်လိုက်ရုံရှိသေးတယ်။ တစ်စီးလုံး ပြုတ်ကျသွားတာပဲ...”
“ဘာ... အဲဒီမိန်းမငယ်လေးက တကယ် ရဲအရာရှိတစ်ယောက်တဲ့လား... သေနတ်ပါတာ မဆန်းပါဘူး... ကျွန်တော်ကတော့ အလယ်တန်းကျောင်းသူလေးလို့ ထင်နေတာ။ ဟားဟား...”
“အိုး... ဒါ...ဒါရိုက်တာ ကျန်း မဟုတ်လား...”
မျက်နှာပြင်ပေါ်တွင် လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အင်တာဗျူးပုံ ပေါ်လာပြီး ချန်ဟွိုက်အန်က အရူးတစ်ယောက်လို ပြုံးကြည့်နေမိသည်။
“နောက်ထပ် ဝံပုလွေတစ်ကောင်ကတော့ မိုးကြိုးပစ်ခံလိုက်ရတာ တော်သေးလို့ပေါ့... မဟုတ်ရင် ကျွန်တော်တို့ အဖွဲ့သားသုံးယောက် သေသွားနိုင်တယ်...”
မီးလောင်ကျွမ်းနေသော ကျင်းကြီးတစ်ခု၏ ဓာတ်ပုံအချို့ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ မိုးကြိုးပစ်ခံထားရသော မျိုးဗီဇပြောင်းဝံပုလွေ၏ အကြွင်းအကျန်များမှာ မီးသွေးခဲများ ဖြစ်နေ၏။
ချန်ဟွိုက်အန်က ထမင်းကို ပါးစပ်ထဲ ခွံ့နေရင်း ရုတ်တရက် တောင့်သွားသည်။
အဲဒီကျင်းက... တစ်ခုခုတော့ မှားနေပြီ။
အဲဒီညက သူ ကြားခဲ့ရတဲ့ မိုးခြိမ်းသံ။
တော်တော်လေး ရင်းနှီးနေတဲ့ မီးးလောင်ထားတဲ့ မြေပြင်။
ပြီးတော့ ပျောက်ဆုံးသွားတဲ့ မိုးကြိုးမီးအဆောင်...
သူက ဂျာကင်အင်္ကျီအိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး တွန့်ကြေနေသော မိုးကြိုးမီးအဆောင် အနည်းငယ်ကို ထုတ်ယူကာ ဟင်းသပြဒါးဖြင့် ရေးထားသော စာလုံးများကို ကြောင်အစွာ စိုက်ကြည့်နေမိသည်။
ဂရုတစိုက်ဖြင့် ထိုအဆောင် ၇ခုကို ကော်ဖီစားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။
ထို့နောက် သတိကြီးစွာဖြင့် တစ်ခုကို လက်ချောင်းဖြင့် တို့ကြည့်လိုက်၏။
ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် သူ တီးတိုး ရေရွတ်လိုက်သည်။
“…မဖြစ်နိုင်တာ။ ဒါတွေက... တကယ့်အဆောင်တွေလား...”