← Chapters

ငါ ကိုယ်နေဟန်ထား မှားနေတာလား

Vol. 8 Ch. 75

ငါ ကိုယ်နေဟန်ထား မှားနေတာလား

Vol. 8 Ch. 75

“ဒီရင်ပြင်ကြီးမှာသာ အပေါက်ကြီးဖြစ်အောင် ငါလုပ်လိုက်မိရင် လျော်ကြေးဘယ်လောက်တောင် ပေးရမလဲ...”

ချန်ဟွိုက်အန်က မြက်ခင်းပြင်ကြီးကို ငေးကြည့်ရင်း အတွေးများ နက်နေရှာသည်။

လက်ရှိ သူက ပိုက်ဆံပြတ်နေသည် မဟုတ်သော်လည်း ထိုမျှကြီးမားသော ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးနိုင်လောက်သည်အထိ ပိုက်ဆံမရှိလောက်ဟု သံသယ ဖြစ်မိသည်။

“လျော်ကြေး ပေးစရာမလိုဘဲ ဖောက်ခွဲပစ်လို့ရမယ့် အရာမျိုးရော ရှိမလား...”

ခဏလောက် စဉ်းစားပြီးနောက် အနီးနားက အမှိုက်ပုံကြီးဆီသို့ သူ ထွက်လာခဲ့လိုက်သည်။

အဲဒီနေရာမှာ အမှိုက်တွေက ပုံနေပြီး အမှိုက်သိမ်းကားကလည်း လာမသိမ်းရသေးဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက အမှိုက်တွေပဲဆိုတော့ ဒီနေရာမှာ အပေါက်ကြီး ဖြစ်သွားလည်း ပြဿနာရှိမယ် မထင်ပါဘူး။

“ကဲ... စလိုက်ကြတာပေါ့...”

သူ၏အကြည့်များ စူးရှသွားပြီး အသက်ကို ဝဝရှူသွင်းလိုက်ကာ လွယ်အိတ်ထဲသို့ လက်နှိုက်လိုက်သည်။

ထို့နောက် လက်ညှိုးနှင့် လက်သူကြွယ်ကို အသုံးပြုပြီး မိုးကြိုးမီးအဆောင် တစ်ရွက်ကို ညှပ်ယူကာ ဆွဲထုတ်လိုက်သည်။

ရွှီး...

အဆောင်က လေထဲ မီတာဝက်လောက်သာ ပျံဝဲသွားပြီး မြေကြီးပေါ်သို့ ခပ်ပျော့ပျော့လေး ပြုတ်ကျသွားလေသည်။

ချန်ဟွိုက်အန် - “...”

နေပါဦး... ဂါထာရွတ်ဖို့ လိုတာများလား။

သူက စက္ကူကို ပြန်ကောက်လိုက်ပြီး အသံကုန်ဟစ်ကာ အော်လိုက်သည်။

“ဝါး... ကောင်းကင်အမိန့်တော်...”

ရွှီး...

အဆောင်က မီတာဝက်လောက်ထပ်ပျံပြီး ပြန်ပြုတ်ကျသွားပြန်သည်။

... ဂါထာ ရွတ်တာ မှားနေလို့များလား။

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်ပြီး နောက်ထပ် စမ်းကြည့်လိုက်ပြန်သည်။

“စုစည်းစမ်း...”

“သွားစမ်း...”

“ပျံစမ်း... ငတုံးကောင်”

“ခရမ်းရောင် လျှပ်စီး...”

“အာဒိုကန်...”

“ချီဘီနီ...”

“ဘန်...ကိုင်း...”

အဆောင်များက တစ်ရွက်ပြီးတစ်ရွက် မြေကြီးပေါ်သို့ သက်မဲ့ရုပ်တွေလို ပြုတ်ကျလာကြသည်။

ချန်ဟွိုက်အန်းတစ်ယောက် အတွေးနက်သွားတော့၏။

မဟုတ်သေးဘူး... ဒါက အဓိပ္ပာယ်မရှိဘူး။

ဂိမ်းထဲမှာ ဘာဂါထာမှ ရွတ်ဖတ်နေစရာ မလိုခဲ့ဘူး။

ဒါဆို ပြဿနာက ဂါထာရွတ်တာမှာ မဟုတ်ဘူး။

ဆိုလိုတာက... ကိုယ်နေဟန်ထား မှားနေတာပဲ ဖြစ်ရမယ်။

အင်မော်တယ်တွေက အဆောင်တွေကို ဘယ်လိုမျိုး ပစ်လွှတ်ကြလဲ။

သူက ပုံစံမျိုးစုံ စမ်းသပ်ကြည့်လိုက်ပြန်သည်။

သံလုံးပစ်ပုံစံ၊ လှံတံပစ်ပုံစံ၊ ဖဲချပ်ဝေပုံစံ၊ ဆားဖြူးပုံစံ...

တစ်ခုမှ အလုပ်မဖြစ်ခဲ့။

“ဟူး... ငါက သိပ်ကို တုံးအလွန်းတာပဲ...”

သူက ခေါင်းကို ၄၅ဒီဂရီလောက် မော့ပြီး ကောင်းကင်ကြီးကို လွမ်းဆွေးစွာ ငေးကြည့်လိုက်မိသည်။

မိမိကိုယ်ကို လှောင်ပြောင်လိုသော ရယ်သံသွင်သွင်ဖြင့် ရေရွတ်လိုက်၏။

“အဆောင်ဆိုတာ တကယ်မရှိပါဘူး။ ကျင့်ကြံခြင်း လောကဆိုတာလည်း မရှိပါဘူး။ ဒါတွေအားလုံးက ကင်ဆာနောက်ဆုံးအဆင့် လူနာတစ်ယောက်ရဲ့ စိတ်ကူးယဉ် သက်သက်ပါပဲ...”

ထိုအချိန်တွင် လမ်းဘေးခွေးတစ်ကောင် ဖြတ်လျှောက်သွားရင်း သူ့ဖိနပ်ကို လာနမ်းလေသည်။

ရုတ်တရက် ခွေး၏မျက်နှာထား ပြောင်းလဲသွား၏။

ကြောက်လန့်တကြား အော်မြည်သံနှင့်အတူ သရဲတွေ့လိုက်ရသလိုမျိုး ထွက်ပြေးသွားတော့သည်။

ချန်ဟွိုက်အန် မျက်တောင်ခတ်မိလိုက်ပြီး ရုတ်တရက် အသိဉာဏ်တစ်ခု ပွင့်လင်းသွားသည်။

ဟိုတုန်းက အဆောင်က သက်ရှိတစ်ခုခုအပေါ် ကျရောက်သွားမှသာ အသက်ဝင်ခဲ့တာပဲ။

ဒါကြောင့် ဒီအတိုင်း ပစ်လိုက်ရုံနဲ့ မလုံလောက်ဘူး...

တိကျတဲ့ ပစ်မှတ်တစ်ခု လိုအပ်တာပဲ...

... ဒါပေမဲ့ ပစ်မှတ်အနေနဲ့ ဘာကို သုံးရမလဲ။

ပါ့ကျီ၏ မျက်နှာက သူ့ခေါင်းထဲ ချက်ချင်းရောက်လာသည်။

အခန်းထဲ ပါ့ကျီတစ်ကောင် ဆိုဖာပေါ် ကွေးကွေးလေး အိပ်ပျော်နေရှာသည်။

ရုတ်တရက်... ၎င်း၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွား၏။

ခေါင်းမှ အမြီးဖျားထိတိုင်အောင် ကြက်သီးထဖွယ်ရာ အန္တရာယ်အငွေ့အသက်ကြီး လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။

ပါ့ကျီက ခေါင်းထောင်ပြီး အန္တရာယ်ကို ရှာဖွေကြည့်လိုက်သည်။

ဘာမှမရှိ။

သို့သော် တစုံတယောက်က သူ့အပေါ် သတ်ဖြတ်လိုစ်နါ ထားရှိခဲ့ကြောင်းကိုတော့ အာရုံခံလိုက်မိသည်။

“မဖြစ်ဘူး... မဖြစ်ဘူး... ပါ့ကျီ က အရမ်းချစ်စရာကောင်းလွန်းတယ်။”

ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။

“ငါက တိရစ္ဆာန်တွေကို နှိပ်စက်တဲ့လူ မလုပ်နိုင်ဘူး။”

ပါ့ကျီ ဘေးနားက မကောင်းဆိုးဝါး အငွေ့အသက်ကြီး ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

“အင်း... ဒီလိုဆိုရင်တော့ ဈေးထဲက ငါးတစ်ကောင်လောက် သွားဝယ်လိုက်မယ်လေ။”

ဒါကတော့ ကျင့်ဝတ်နဲ့အညီဆုံး ဖြေရှင်းနည်း ဖြစ်လိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် စားမှာပဲဆိုတော့ ရက်စက်ရာမကျတော့ဘူးပေါ့။

ပြီးတော့ ပုံမှန် ငါးဟင်း ချက်မယ်ဆိုရင်တောင် အကြေးခွံထိုး၊ ဗိုက်ခွဲ လုပ်ရဦးမှာ။

တကယ်လို့ အဆောင်သာ အစွမ်းပြခဲ့ရင် ငါးက ချက်ချင်း မီးသွေးတုံး ဖြစ်သွားမှာဆိုတော့...

မြန်မြန်ဆန်ဆန်နဲ့ နာကျင်မှုမရှိတဲ့ သေဆုံးခြင်းမျိုး ဖြစ်သွားမှာပဲလေ။

စိတ်ပေါ့ပါးသွားသော ချန်ဟွိုက်အန်က အဘိုးအို သိုင်းကျင့်နေကျ နေရာဆီသို့ ရွှင်လန်းစွာဖြင့် ပြေးထွက်လာခဲ့သည်။

ထင်ထားတဲ့အတိုင်းပင် အဘိုးအိုက ထိုနေရာမှာ ရှိနေသည်။

“ဟေ့ကောင်လေး... မနေ့က ပေါ်မလာပါလား။ ငါကတော့ မင်း သုံးရက်လောက်ပဲ စိတ်ပါပြီး ပျောက်သွားပြီတောင် ထင်နေတာ...”

ချန်ဟွိုက်အန်ကို မြင်လိုက်ရသော် အဘိုးအိုလီ၏ မှုန်ဝါးနေသော မျက်လုံးအိုကြီးတွေက အရောင် တောက်သွားသည်။

တကယ်တမ်း ကောင်လေး ပေါ်မလာသောအခါ သူ အနည်းငယ် စိတ်ပျက်မိခဲ့သည်မှာ အမှန်ပင်။

“ဟားဟားဟား... မဟုတ်တာဗျာ။ မနေ့က ကိစ္စလေးတစ်ခု ပေါ်လာလို့ပါ အဘိုးလီ။”

ချန်ဟွိုက်အန်က ဆယ်လ်ဖီတုတ်တံကို ထောင်လိုက်ပြီး ဂိမ်းကို ဖွင့်လိုက်သည်။

ဖုန်းမျက်နှာပြင် ပွင့်လာတဲ့အချိန်တွင်တော့... သူ့နှာခေါင်းမှ သွေးများပင် ပန်းထွက်လုမတတ် ဖြစ်သွားရသည်။

ဂိမ်းထဲမှာ ချင်းရန်က အသစ်ဝယ်ပေးထားသော ညအိပ်ဝတ်စုံလေးကို လဲဝတ်ထားလေသည်။

ကွက်တိပဲ။

သူက ခုတင်စွန်းမှာ ထိုင်နေပြီး ပါးပြင်လေးတွေက ကြိတ်ချေထားတဲ့ ကြက်သွေးရောင်လို နီရဲနေကာ ထိုအနီရောင်သန်းနေမှုက သွယ်လျသော လည်တိုင်လေးဆီသို့ ဆင်းသက်သွားသည်။

ဆံနွယ်စလေးအချို့က မျက်နှာလေးပေါ် ဝဲကျနေပြီး အနက်ရောင် ပိုးသားအောက်မှာ ဖုံးကွယ်ထားတဲ့ သွေးရောင်ကျောက်စိမ်းတုံးလေးအလား နားရွက်လေးတွေကို တဝက်တပျက် ဖုံးအုပ်ထားသည်။

သူက ပါးလေးကို ဖောင်းလိုက်ပြီး ရှေ့ဆံမြိတ်လေးတွေကို လေနဲ့မှုတ်လိုက်ရာ ဖြူဥနေသော နဖူးပြင်လေး ပေါ်လာခဲ့သည်။

သူ၏ နူးညံ့သိမ်မွေ့သော ညှပ်ရိုးလေးများက ပေါ်လွင်နေပြီး ကျောက်စိမ်းရောင် တောင်တန်းများ အကြားက မျှော်စင်ငယ်လေးတွေအလားပင်။

ထိုအောက်မှာတော့ အနီရောင်ကြိုးလေးနှင့် သီထားသော ဇာမဏီငှက်ပုံစံ ကျောက်စိမ်းဆွဲပြားလေးက သူ၏ အသားအရေပေါ် တည်ရှိနေပြီး နှင်းပြင်ပေါ်က ဆီးပွင့်လေးတစ်ပွင့်လို ဖြစ်နေသည်။

ခါးကလည်း သေးသွယ်လွန်းလှပြီး လက်တစ်ဆုပ်စာသာသာလောက်သာ ရှိပေမည်။

မှိန်ပျပျ ဖယောင်းတိုင်မီးရောင် အောက်တွင် ခြေထောက်သေးသေးလေးတွေက ခပ်ဖွဖွလေး လှုပ်ရမ်းနေပြီး ကိုယ်ခန္ဓာကောက်ကြောင်း အချိုးအဆစ်တွေကို ညလေညင်းကြောင့် လှုပ်ရှားသွား သလိုမျိုး သိမ်မွေ့စွာ ပြောင်းလဲသွားစေသည်။

ပြီးတော့ အဲဒီ ခြေထောက်လေးတွေ...

အဲဒီ ခြေထောက် သေးသေးသွယ်သွယ်လေးတွေက...

“ဟေ့ ကောင်လေး... မှောင်မည်းနေတာကို ဘာတွေ ဒီလောက်တောင် ကြည့်နေတာလဲ။”

ချန်ဟွိုက်အန်တစ်ယောက် လက်တွေ့ကမ္ဘာထဲ ပြန်ရောက်လာပြီး အလိုအလျောက် ဖုန်းမျက်နှာပြင်ကို လက်နှင့် အုပ်လိုက်မိသည်။

အနေခက်စွာ ရယ်မောလိုက်ရင်း သူ စကားထစ်သွားသည်။

“ဘာ... ဘာမှ မဟုတ်ပါဘူး။ စာ... စာမေးပွဲအတွက် စာပြန်နွှေးနေတာပါ အဟား... အဟားဟား...”

“တာဝန်သိသားပဲ။ ငါ့မြေးက မင်းအရွယ်လောက် ရှိနေပြီ... ဒါပေမဲ့ သူ လုပ်သမျှက စီးပွားရေး စလုပ်မယ် ဆိုတာချည်းပဲ။ ယွမ်သန်းနှစ်ဆယ် ရှုံးပြီးတာတောင် နောက်ထပ် စီးပွားရေးတစ်ခု ထပ်ပြီးတော့ လုပ်ချင်နေသေးတယ်...”

အဘိုးအိုလီက သက်ပြင်းချရင်း နားထင်ကို ဖိနှိပ်လိုက်သည်။

ချန်ဟွိုက်အန် မျက်လုံးများ အရောင်တောက်သွား၏။

“နေပါဦး အဘိုးလီ... အခုနက ဘာပြောလိုက်တာ...”

“ငါ့မြေး စီးပွားရေးလုပ်တဲ့ အကြောင်းလား...”

“မဟုတ်ဘူး... နောက်ဆုံးတခွန်း...”

“ယွမ်သန်းနှစ်ဆယ် ရှုံးသွားတယ်ဆိုတာလား။”

“ဟုတ်တယ် ဟုတ်တယ်... အဲဒါပဲ..”

ချန်ဟွိုက်အန်က ၉၉%သော မျက်နှာပြောင်တိုက်မှု အပြည့်ဖြင့် ပြုံးဖြီးလိုက်သည်။

“အဘိုးလီ... စီးပွားရေးလုပ်တယ်ဆိုတာ တာဝန်ကြီးပါတယ်၊ အဘိုးရဲ့ မြေးတစ်ယောက်တည်းကိုပဲ ထမ်းပိုးခိုင်းထားတာက ရက်စက်လွန်းရာ ကျမနေဘူးလား။ ကျွန်တော့်ကိုပါ ထည့်ပါလား...”

“အဲ... အင်း... မဖြစ်နိုင်တာတော့ မဟုတ်ဘူး...”

အဘိုးအိုလီက လက်ကာပြလိုက်သည်။

“ဒါပေမဲ့ ငါ့မြေးက ချေးငွေယူပြီးတော့ လုပ်တာ...”

ချန်ဟွိုက်အန် - “... သိုင်းပဲ ဆက်ကျင့်တာပေါ့။”

လေ့ကျင့်ခန်း ပြန်စသော်...

ချန်ဟွိုက်အန်က ချင်းရန်ကို မကြည့်မိအောင် မိမိကိုယ်ကို အတင်းထိန်းချုပ်ထားရသည်။

ထိုအစား သူက ကြာစိမ်းဓားသိုင်းကျမ်း တိုးတက်မှုကို စစ်ဆေးလိုက်ရာ... ချက်ချင်းဆိုသလို ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သိုင်းကွက်တွေရဲ့ ပထမ ၁၂ခန်းလုံးက ၉၉% အထိ နားလည်သဘောပေါက်ထားပြီး ဖြစ်နေ၏။

နောက်ထပ် နည်းနည်းလေး ထပ်လုပ်လိုက်လျှင် နောက်တစ်ဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်တော့မည်။

ပိုပြီး အံ့သြစရာကောင်းသည်က...

ပထမသိုင်းကွက်ဖြစ်သော လေကိုခွင်း၍ လှိုင်းကိုခွဲ နှင့် ဒုတိယသိုင်းကွက် ဓားအလင်းထုတ် တို့က ပွင့်နေကာ လေ့ကျင့်ရန် အဆင်သင့် ဖြစ်နေလေပြီ။

“ဘာလားဟ။ ဘာတွေဖြစ်ကုန်တာလဲ...”

ချန်ဟွိုက်အန် လုံးဝ ကြောင်အသွားသည်။

သူ ၎င်းတို့ကို လေ့ကျင့်ခဲ့ကြောင်း မမှတ်မိပေ။

ဘယ်လိုလုပ်ပြီး အကုန်လုံး သူ့အလိုလို အဆင့်တက်ကုန်တာလဲ။

အိပ်နေရင်းများ လေ့ကျင့်မိနေတာလား။

“ကောင်လေး... မင်းက ဓားသိုင်းကို တော်တော်လေး စိတ်ဝင်စားတဲ့ပုံပဲ။”

ချန်ဟွိုက်အန်တစ်ယောက် အဖြေရှာရန် ဖုန်းကို ကပျာကယာ လိုက်နှိပ်နေစဉ်မှာပဲ အဘိုးအိုလီက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဝင်ပြောလိုက်သည်။

“ငါ အိမ်ပြန်ရောက်တော့ ပြီးခဲ့တဲ့တခေါက်က မင်းလုပ်ပြတဲ့ ပုံစံကို ပြန်လေ့လာကြည့်လိုက်တယ်။ တကယ်တမ်းကျတော့ အဲဒါက ဓားသိုင်း အဖွင့်ကွက် ဖြစ်နေတာကိုး။ ဒါနဲ့ ငါလည်း ငါ့ရဲ့ ထိုက်ကျိဓားသိုင်း အစွမ်းတွေကို ပြန်ထုတ်လိုက်ရတာပေါ့... ဘယ်လိုလဲ။ ဒီအဘိုးဆီကနေ သင်ချင်လား။”

ချန်ဟွိုက်အန် မျက်လုံးကျဉ်းမြောင်းသွား၏။

“နေပါဦး... အဘိုးလီ၊ ခင်ဗျားက တကယ် ဓားသိုင်းကျွမ်းလို့လား။”

“အဟမ်း...”

အဘိုးအိုလီက မေးစေ့ကို မော့လိုက်သည်။

“ကြွားတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီပြည်နယ်တစ်ခုလုံးမှာတော့ ငါ့ကိုမီမယ့်သူ မရှိလောက်ဘူး။”

“ဝိုး မိုက်လှချည်လား...”

အဘိုးအိုလီက ပြုံးဖြီးလိုက်ပြီး ချန်ဟွိုက်အန်၏ ပခုံးကို ပုတ်လိုက်သည်။

“ငါ အာမခံတယ် ကောင်လေး... ငါ့ဓားသိုင်းကို တစ်ချက်လောက် မြင်လိုက်တာနဲ့ မင်း ငါ့ကို ဆရာခေါ်ဖို့ တောင်းပန်လာလိမ့်မယ်...”

All Chapters