← Chapters

ဘာပြောတယ်..ဓားချီ ဟုတ်လား

Vol. 8 Ch. 76

ဘာပြောတယ်..ဓားချီ ဟုတ်လား

Vol. 8 Ch. 76

အဘိုးအိုလီ တစ်ယောက် သူ့ကိုယ်သူ အမွှန်းတင် ကြွားလုံးထုတ်နေတာကို ကြည့်ပြီး ချန်ဟွိုက်အန် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။

“သေချာကြည့်ထား ကောင်လေး။ ငါ့ဓားသိုင်းက ရှယ်မိုက်တာကွ...”

ပြောပြောဆိုဆိုနှင့် အဘိုးအိုလီက နေရာယူလိုက်ပြီး ထိုက်ကျိဓားသိုင်း အပြည့်အစုံကို ကပြလိုက်သည်။

အစပိုင်းမှာ နှေးကွေးနေသော်လည်း တဖြည်းဖြည်း အရှိန်တင်လာပြီးနောက် ပြန်နှေးသွားပြန်သည်။

ဝါရင့်လူကြီးတစ်ယောက် ဖြစ်သည့် အားလျော်စွာ သူ့ဓားသိုင်းက အခြေခံပိုင်နိုင်လှသည်။

အနည်းဆုံးတော့ သာမန်မျက်လုံးနှင့် ကြည့်နေသော ချန်ဟွိုက်အန်အတွက် ထိုမျှသာ ပြောနိုင်သည်။

အဘိုးအိုလီ၏ လှုပ်ရှားမှုများက သိမ်မွေ့ပြီး ရေစီးလို အဆက်မပြတ်ရှိနေသည်မှာ နှစ်ရှည်လများ လေ့ကျင့်ထားကြောင်း သိသာလှသည်။

အရာအားလုံးက ချောမွေ့နေပြီး တောင့်တင်းနေခြင်းမျိုး လုံးဝမရှိပေ။

တကယ့်တိုက်ပွဲမှာပင် သုံး၍ရနိုင်မည့် ပုံစံမျိုးပင်။

သို့သော် တစ်ခုခုတော့ လိုနေသလို ခံစားရသည်။

သူ တိတိကျကျ မပြောတတ်သော်လည်း တချို့ လှုပ်ရှားမှုများက မလိုအပ်ဘဲ ပိုနေသလိုပင်။

ဖယ်ထုတ်လိုက်လျှင် (သို့) ပိုထိရောက်မည့်အရာနှင့် အစားထိုးလိုက်လျှင် ရနိုင်မည့် ပုံစံမျိုး။

သို့သော် သူက ဆရာတစ်ဆူမဟုတ်ပေ...

ထို့ကြောင့် မဝေဖန်ရဲခဲ့။

“ဘယ်လိုလဲ။ ဓားသိုင်းဆန်ရဲ့လား။”

အဘိုးအိုလီက မုတ်ဆိတ်မွေးကို သပ်ရင်း သူ့ဓားကို ယုံကြည်ချက်ရှိရှိ ပြန်သိမ်းလိုက်သည်။

သူ့မျက်နှာတွင် ဂုဏ်ယူမှုတို့ ဖြာထွက်နေကာ ချန်ဟွိုက်အန်ဆီမှ စာလုံးရေ ၃၀၀၀လောက်ရှိမည့် ချီးကျူးစကားများကို နားထောင်ရန် အသင့်ပြင်ထားခဲ့သည်။

“ကောင်းတယ်ဗျ... အရမ်း ဓားသိုင်းဆန်တာပဲ”

ချန်ဟွိုက်အန်က လက်မထောင်ပြလိုက်သည်။

အဘိုးအိုလီ၏အပြုံး ချက်ချင်းပျောက်သွားသည်။

“ဘာလဲ... ငါ့ဓားသိုင်းက လိုအပ်ချက်ရှိနေတယ် ထင်လို့လား။”

“မဟုတ်ပါဘူး...”

နားလည်မှုလွဲသွားမှန်း သိလိုက်ရာ ချန်ဟွိုက်အန်က ခေါင်းကုတ်လိုက်မိသည်။

“အဘိုးလီ... တကယ်တော့ ကျွန်တော် ဒီရက်ပိုင်း နည်းနည်း ဉာဏ်အလင်းပွင့်သွားသလို ခံစားရလို့ပါ။ အဘိုး တစ်ချက်လောက် ကြည့်ပေးပါလား။”

“ကောင်းပြီလေ။ ဒါပေမဲ့ အားနည်းချက်တွေ့ရင်တော့ ငါ အားမနာတမ်း ပြောမှာနော်။”

“ရပါတယ်။ ဓား ခဏငှားပါဦး။”

ချန်ဟွိုက်အန်က ဓားကိုယူလိုက်ပြီး အသက်ရှူနှုန်းကို ညှိကာ ခဏလောက် မျက်လုံးမှိတ် ထားလိုက်သည်။

သူ့ခြေကွက်က မြင်းထိုင်ဟန် ခိုင်ခိုင်မာမာဖြစ်သွားပြီး ခန္ဓာကိုယ်အနေအထားက ကြာစိမ်းဓားသိုင်းကျမ်း ထဲမှ ကြိုးကြာဟန်ဆီသို့ သဘာဝကျကျ ပြောင်းလဲသွားသည်။

သူ နေရာယူလိုက်တဲ့ ခဏမှာပင်...

ပြင်းပြင်းထန်ထန် ဝေဖန်ရန် ပြင်ထားသော အဘိုးအိုလီတစ်ယောက် မျက်လုံးပြူးသွားရ၏။

တစ်ရက်တည်း...

တစ်ရက်တည်းပဲ ရှိသေးတယ်....

ဒါပေမဲ့ ဒီကောင်လေးက လုံးဝ တခြားလူတစ်ယောက်လို ဖြစ်သွားပါလား။

သူ့ခြေထောက် ပြန်ကောင်းသွားတာတင် မကဘူး...

လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူက ဘာမှမတတ်တဲ့ လူသစ်လေးပါ။

ဒါပေမဲ့ အခုတော့ ....

သူ့လှုပ်ရှားမှုတွေက အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံနေပြီး တစ်ကိုယ်လုံးက စည်းချက်ညီညီ လှုပ်ရှားနေတယ်။

အရေးအကြီးဆုံးကတော့...

သူ့ဆီမှာ “ရှင်း” (စိတ်ဝိညာဉ်အနှစ်သာရ) ရှိနေတာပဲ။

ခေတ်သစ်သိုင်းပညာတွေက ဟန်ပြသက်သက်ပဲ၊ လက်တွေ့မကျဘူးလို့ အလှောင်ခံရတာက ပုံစံကိုပဲ အာရုံစိုက်ပြီး ပညာရပ်ရဲ့ အနှစ်သာရဖြစ်တဲ့ “ရှင်း”ကို လျစ်လျူရှုထားကြလို့ပဲ။

စစ်မှန်တဲ့ ကျွမ်းကျင်မှုဆိုတာ ပုံစံနဲ့ စိတ်ဝိညာဉ် မျှတမှုအပေါ်မှာ တည်ရှိတယ်။

ပြီးတော့ “ရှင်း”ဆိုတာ ပုံစံထက် ပိုအရေးကြီးတယ်။

ရှေးခေတ် စစ်သည်တော်တွေက ဘာလို့ ထိုးနှက်တဲ့ပုံစံ တစ်မျိုးတည်းကိုပဲ အကြိမ်ကြိမ် လေ့ကျင့် ကြတာလဲ။

အကြိမ်ကြိမ် လေ့ကျင့်ခြင်းပြီးတော့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ပြီး အမြင့်ဆုံးစွမ်းအားနဲ့ ဘယ်လိုတိုက်ခိုက်ရမလဲ၊ သံချပ်ကာဖောက်အောင် ဘယ်နေရာကို ထိုးရမလဲ၊ တိုက်ပွဲမှာ ဘယ်လို ချက်ချင်း တုံ့ပြန်ရမလဲဆိုတာ နားလည်လာကြလို့ပဲ။

အဲဒီ လှုပ်ရှားမှုက သဘာဝလို ဖြစ်သွားပြီး စဉ်းစားနေစရာမလိုတော့တဲ့အချိန်...

အဲဒီအချိန်မှာ “ရှင်း” မွေးဖွားလာတာ။

အတော်ဆုံး စစ်သည်တော်တွေက သူတို့ရဲ့ “ရှင်း”ကို တိုက်ပွဲတွေထဲမှာ ပုံဖော်ကြပြီး ပြီးပြည့်စုံတဲ့ တိုက်ခိုက်မှုတစ်ချက်တည်းနဲ့ ရန်သူအယောက်တစ်ရာကို အမိန့်ပေးစေခိုင်းနိုင်တဲ့အထိ သွေးကြတယ်။

စစ်သူကြီးဆိုတာက “ရှင်း”ပေါင်းများစွာကို ပိုင်နိုင်ကျွမ်းကျင်ထားတဲ့ စစ်သည်တော်တစ်ဦးပဲ။

အဘိုးအိုလီ တွေးတောနေစဉ်မှာပဲ ချန်ဟွိုက်အန်က ကြာစိမ်းဓားသိုင်းကျမ်းရဲ့ ပထမ ၁၂ခန်းလုံးကို ကပြပြီးသွားလေပြီ။

အစပိုင်းမှာ သီးခြားပုံစံများလို ဖြစ်နေသော်လည်း တဖြည်းဖြည်းနှင့် သိုင်းကွက်များ ပေါင်းစပ်သွားပြီး အဆက်မပြတ် စီးဆင်းနေသော တိုက်ခိုက်မှုများ ဖြစ်လာသည်။

ထိုးခြင်း၊ ခုတ်ခြင်း၊ ရိုက်ခြင်း...

လှုပ်ရှားမှုတိုင်းက သပ်ရပ်ပြတ်သားပြီး အပိုအလိုမရှိပေ။

တစ်ခဏတာမျှ...

အဘိုးအိုလီ မြင်ယောင်လိုက်မိသည်။

အဖြူရောင်ဝတ်စုံနဲ့ ဓားသမားတစ်ယောက်... လေထဲမှာ ဝဲပျံနေတဲ့ နဂါးတစ်ကောင်လို လွတ်လပ် ပေါ့ပါးစွာ ရွေ့လျားနေပုံကိုပင်။

လက်တစ်ဖက်မှာ ဓားကိုကိုင် ကျန်တစ်ဖက်မှာ အရက်အိုးကိုဆွဲပြီး... အရိုင်းဆန်ဆန်နဲ့ အချုပ်အနှောင် ကင်းမဲ့နေတဲ့ ပုံစံမျိုး....

“ဒါ... ဒါ မဖြစ်နိုင်ဘူး။”

အဘိုးအိုလီ ဆွံ့အသွားသည်။

ဒီကောင်လေးက လူသစ်မဟုတ်ဘူး။

ဆရာတစ်ဆူပဲ။

မဟုတ်ဘူး...

သူမြင်ဖူးတဲ့ ဆရာကြီးတွေတောင် သိုင်းကွက်အများကြီးမှာ “ရှင်း”ကို တစ်ပြိုင်နက်တည်း ထည့်သွင်း မကပြနိုင်ကြဘူး။

အများစုက သိုင်းကွက် နှစ်ကွက် သုံးကွက်လောက်မှာပဲ “ရှင်း”ကို ထည့်နိုင်တာဖြစ်ပြီး အဲဒါနဲ့တင် နာမည်ကြီးနေကြတာ။

ဒါပေမဲ့ ဒီကောင်လေးက...

သူက ဘယ်သူလဲဟ။

ရုတ်တရက်... ဓားကစားမှု ရပ်တန့်သွားသည်။

ချန်ဟွိုက်အန် က မတ်မတ်ရပ်လိုက်ပြီး မျက်လုံးမှိတ်ကာ ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်သည်။

ဘယ်လက်က ဓားအိမ်ကိုကိုင်ပြီး ညာလက်က ဓားရိုးပေါ် တင်ထားသည်။

လေပြေတစ်ချက် ဝေ့သွား၏။

လေထုထဲမှာ စူးရှတဲ့ စွမ်းအင်တွေ တောက်ပသွားသည်။

“ကြယ်ပျံအလား အမွှေးအတောင်ဖြူ ခါးတွင် ဓားအိမ်ကို ချိတ်ဆွဲထား...

ဓားအလင်းပွင့်သော် ဆောင်းဦးကြာပန်းပမာ ရောင်စဉ် ဖြာထွက်စေသား...”

သူ စကားဆုံးသွားသည်နှင့်...

ရွှမ်း...

အဘိုးအိုလီက ဓားရွေ့သွားသည်ကိုပင် မမြင်လိုက်ရပေ။

သူ မြင်လိုက်ရသည်က မနက်ခင်းနေရောင်အောက်မှာ လက်ခနဲ ဖြစ်သွားသော ငွေရောင် အလင်းတန်းတစ်ခုသာ။

အလင်းတန်းက ကွဲထွက်သွားပြီး ပွင့်အာလာတဲ့ ဆောင်းဦးကြာပန်းတစ်ပွင့်လို ပြန့်ကျဲသွားခဲ့သည်။

လေထုထဲ တရှဲရှဲမြည်သံ သဲ့သဲ့ ထွက်ပေါ်လာပြီး....

ထို့နောက်...

စိတ်ကူးယဉ် ကြာပန်းဖတ်လေးများက ကြွေမွပျောက်ကွယ်သွားတော့သည်။

ချွမ်းခနဲ အသံနှင့်အတူ ချန်ဟွိုက်အန်၏ ဓားက ဓားအိမ်ထဲ ပြန်ရောက်သွားလေသည်။

အဘိုးအိုလီမှာ စကားမပြောနိုင်တော့ဘဲ ငူငိုင်ရပ်နေမိသည်။

လည်ချောင်းတွေ ခြောက်ကပ်နေပြီး အသံပင် မထွက်နိုင်တော့။

သူ့ခေါင်းထဲတွင်တော့ ပဲ့တင်သံများ ထပ်နေ၏။

အဲဒါက... လူငယ်လေးတစ်ယောက် လုပ်နိုင်တဲ့ ဓားသိုင်းကွက် ဟုတ်ရဲ့လား။

ခုနက ဆောင်းဦးကြာပန်းပွင့်သွားတာက...

ဓားချီလား။

အဲလိုလုပ်နိုင်ဖို့ ဘယ်လောက်ကြီးမားတဲ့ စွမ်းအားနဲ့ အမြန်နှုန်း လိုအပ်လဲ။

ဒီအဆင့်ရောက်ဖို့ ဘယ်နှစ်နှစ်လောက် အတွေ့အကြုံလိုလဲ။

ဒါပေမဲ့ ချန်ဟွိုက်အန်ကတော့ ရှေ့မှ သစ်ပင်ကြီးကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“မကောင်းသေးဘူး...”

သူ့ရည်ရွယ်ချက်က သစ်ကိုင်းတစ်ခုကို ဖြတ်ရန်ပင်။

အဘိုးအိုလီ၏ဓားက မထက်သော်လည်း အားပါရင် ကလေးပင် သစ်ကိုင်းတစ်ကိုင်းကို ချိုးနိုင်သည် မဟုတပါလား။

သို့သော် သစ်ကိုင်းက လေထဲ ယိမ်းနွဲ့နေပြီး ဘာမှမဖြစ်သလိုပင်။

“ထားလိုက်ပါတော့... ဂိမ်းမက္ကင်းနစ်တွေပဲ ဖြစ်မှာပါလေ။ ကြည့်ကောင်းရင် ပြီးတာပဲ။”

သူ၏ တိုးတက်မှု အကြောင်းရင်းကို သူ ရိပ်မိပြီးသား ဖြစ်သည်။

ဗီအာဦးထုပ်က ဓားသိုင်းကွက်တွေကို သူ့အာရုံကြောတွေထဲ တိုက်ရိုက် ထည့်ပေးလိုက်တာ ဖြစ်ရမယ်။

ဒါကြောင့် ဒီနေ့ အရာအားလုံးက သဘာဝကျနေတာပေါ့။

အချိန်ကြည့်လိုက်ရာ မနက် ၉နာရီ ထိုးလုနီးပါး ဖြစ်နေလေပြီ။

သူ နေ၍ ကောင်းနေသေးသော်လည်း ဓားကစားသည်က အချိန် တော်တော်ကြာသွားပုံရသည်။

“အဘိုးလီ... နောက်ကျနေပြီ။ ကျွန်တော် ဈေးဝင်ရဦးမှာမို့ သွားတော့မယ်ဗျာ။”

သူက အဘိုးအိုလီ လက်ထဲကို ဓားပြန်ထိုးထည့်ပေးလိုက်ပြီး တောင့်နေတဲ့ လက်ချောင်းတွေကို အတင်းဖြည်ကာ ဓားအိမ်ကို ဆုပ်ကိုင်ခိုင်းလိုက်ရင်း ထွက်ခွာသွားတော့သည်။

ချန်ဟွိုက်အန် ပျောက်ကွယ်သွားပြီး တော်တော်ကြာမှ အဘိုးအိုလီ အသိပြန်ဝင်လာသည်။

စကားတစ်ခွန်းမှမဆိုဘဲ သူ့မျက်နှာထား တည်သွားပြီး သစ်ပင်နားသို့ လျှောက်သွားသည်။

သူက သစ်ကိုင်းတွေကို မကြည့်ဘဲ သစ်ပင်စည်ကို လက်ဖြင့် ပွတ်သပ်ပြီး တစ်စုံတစ်ခုကို စမ်းသပ်ကြည့်လိုက်၏။

ခဏကြာသော်...

သူ့လက်ချောင်းများက သစ်ခေါက်ပေါ်မှ နက်ရှိုင်းပြီး ပါးလွှာသော အရာတစ်ခုကို စမ်းမိသွားသည်။

အလွန်ပင် ပါးလွှာလွန်းပြီး ဆံခြည်မျှင်တစ်မျှင်လောက်သာ ရှိမည့် အရာတစ်ခုပင်။

လက်နှင့် မစမ်းမိလျှင် သူဘယ်တော့မှ သတိထားမိမည် မဟုတ်ပေ။

အဘိုးအိုလီ အသက်ရှူရပ်မတတ် ဖြစ်သွားသည်။

ကြွက်သားတွေ တင်းမာသွား၏။

သူ သစ်ပင်တစ်ဖက်ခြမ်းကို လျှောက်သွားလိုက်သည်။

ဟိုဘက်ခြမ်းတွင်လည်း... ထပ်တူညီသော ဓားရာတစ်ခုကို တွေ့လိုက်ရသည်။

ဓားချက်က သစ်ပင်စည်တစ်ခုလုံးကို ဖောက်ထွင်းသွားခဲ့တာပဲ။

သူ့လက်တွေ တုန်ယင်နေရင်း ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

အက်ကွဲကွဲ အသံကြီးတစ်ခု ထွက်ပေါ်လာ၏။

“ဟေ့...လီ အသံမကြားရတာ ကြာပြီ... မိတ်ဆွေဟောင်းကို မေ့နေပြီလား။”

အဘိုးအိုလီက နောက်ပြောင်နေသည်ကို လျစ်လျူရှုလိုက်သည်။

“ဖုန်း... မင်း စိတ်ကို ပြင်ဆင်ထား။ ငါ အခုပဲ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်...”

“သူက ဓားချီကို သုံးနိုင်တယ်။”

“ဘာပြောတယ်...”

တစ်ဖက်အသံက အသံဝါကြီးနဲ့ အော်လိုက်သည်မှာ ဖုန်းကွဲမတတ်ပင်။

“ခင်ဗျား သေချာရဲ့လား။”

“သေချာတာပေါ့။”

အဘိုးအိုလီက သစ်ပင်ပေါ်က ဓားရာကိုကြည့်ရင်း အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

“ငါ့မျက်စိ အရှေ့မှာတင်ကွ။ ရွှမ်းခနဲပဲ... ဓားတစ်ချက်တည်းနဲ့ ဖောက်ထွက်သွားတာ။”

“အဲဒီမှာပဲနေနေ။ ဘယ်မှမသွားနဲ့။ ကျုပ် မိစ္ဆာနှိမ်နင်းသူဗျူရိုကနေ အခုပဲ လာခဲ့မယ်...”

All Chapters