ချန်ဟွိုက်အန်က ချိန်ကိုက်ဗုံးလား...
Vol. 8 Ch. 77
“အော်မီတော်ဖော်၊ သက်ရှည်ကျန်းမာ ဘုန်းကြီးပါစေ၊ အာမင်... ဒကာ ငါးကြီးရေ။ မင်းက မိစ္ဆာအသွင် ပြောင်းနေပြီဆိုတာ သိနေပါတယ်။ မင်းကြောင့် ကမ္ဘာလောကကြီး ဘေးဒုက္ခ မရောက်ရလေအောင် ဒီနေ့တော့ ငါက ကောင်းကင်ဘုံရဲ့ အလိုကျ ဆောင်ရွက်ပေးရတော့မယ်...”
ချန်ဟွိုက်အန်က စဉ်းတီတုံးပေါ်တွင် အသက်ရှင်လျက် ရှိနေသေးသော ငါးပိဿာခန့် ရှိနေသည့် ငါးခေါင်းကြီးကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။ ထို့နောက် သူက အဝတ်လှန်းတံ၏ ထိပ်တွင် ချည်ထားသော မိုးကြိုးမီးအဆောင်တစ်ခုကို ထုတ်လိုက်သည်။ ၎င်းမှာ အဆောင်ကို အသက် သွင်းလိုက်ချိန်တွင် လက်ပါ ပါမသွားစေရန် ကြိုတင်ကာကွယ်ထားခြင်း ဖြစ်သည်။
“စိတ်မရှိပါနဲ့...”
စကားအဆုံးတွင် ချန်ဟွိုက်အန်က အဝတ်လှန်းတံကို အောက်သို့ ဖိချလိုက်ပြီး မျက်လုံးများတွင် ဆုံးဖြတ်ချက်များ တောက်ပလာသည်။ သူက စိတ်ထဲမှ တီးတိုးရွတ်လိုက်၏။
“ကောင်းကင်ဘုံအမိန့်တော်အရ... ဖြစ်စေသတည်း”
ဖတ်...
ငါးခေါင်းကြီးက စဉ်းတီတုံးပေါ်တွင် တစ်ချက်မျှသာ ဆတ်ခနဲ လှုပ်သွားပြီးနောက် မျက်လုံးများ ပြူးကျယ်သွားသည်။
သို့သော် မည်သည့်အရာမျှ ထူးခြားမလာခဲ့ပေ။
ချန်ဟွိုက်အန်က တိတ်ဆိတ်သွားပြီး ခေါင်းကို ၄၅ဒီဂရီခန့် စောင်းကာ မျက်နှာကြက်ကို ငေးကြည့် နေလိုက်သည်။
သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ လွှမ်းမိုးနေသည်။
“ထင်သားပဲ... ကျင့်ကြံခြင်းဆိုတာ စိတ်ကူးယဉ် သက်သက်ပါပဲလား။ စွမ်းအားမြင့် အကျိတ်ဝေဒနာရှင် စစ်သည်တော် ဖြစ်လာဖို့ကလွဲပြီးတော့ ငါ့မှာ တခြားလမ်း မရှိတော့ဘူးထင်တယ်...”
ထမင်းစား စားပွဲပေါ်တွင် ပါ့ကျီက ချန်ဟွိုက်အန်၏ ထူးဆန်းသော အမူအရာကို ကြည့်ရင်း လုံးဝ နားမလည်နိုင် ဖြစ်နေသည်။
[ သူ ဘာလုပ်နေတာလဲ။ ငါးတစ်ကောင် သတ်ဖို့ မိုးကြိုးအဆောင်ကို သုံးနေတာလား ]
[ ထင်ထားတဲ့အတိုင်း ဆရာကြီးပဲ။ တကယ် ချမ်းသာတာပဲ ]
[ ဒါပေမဲ့ သူက ဘာလို့ အဆောင်ကို လက်နဲ့ တိုက်ရိုက် မကိုင်တာလဲ ]
“ဪ... ငါ သိပြီ။”
ချန်ဟွိုက်အန် နဖူးကို ရိုက်လိုက်သည်။
“အဆောင်ကို အသက်သွင်းဖို့ဆိုရင် လက်နဲ့ ကိုင်ထားမှ ဖြစ်မှာပဲ။ ကောင်းပြီလေ...”
သူက အားတင်းကာ မိုးကြိုးမီးအဆောင်ကို ကိုင်လိုက်ပြီး ငါးပေါ်သို့ တိုက်ရိုက် ဖိချလိုက်သည်။
ငါးကြီးမှာ ပြင်းထန်စွာ ရုန်းကန်နေ၏။
သို့သော် မည်သည့် အရာမျှ ထူးခြားမလာပြန်ပေ။
ချန်ဟွိုက်အန် - “...”
ပါ့ကျီ - “...”
ကြောင်နက်မှာ လုံးဝ နားမလည်နိုင်တော့ပေ။ အကယ်၍ ထိုလူသည် ငါးကို တကယ် သတ်ချင်သည်ဆိုလျှင် အဘယ်ကြောင့် အဆောင်ထဲသို့ စိတ်ဝိညာဉ် ချီစွမ်းအင်များ ထည့်မသွင်းသနည်း။ အဆောင်တစ်ခုကို အသက်သွင်းရန် စိတ်ဝိညာဉ် ချီစွမ်းအင် လိုအပ်သည်ကို သူ မသိခြင်းပေလား။
အလိုအလျောက် ပွင့်သော အဆောင်များအားလုံးက တူညီသော ပုံစံဖြင့် အလုပ်လုပ်သည်။
၎င်းတို့က မိစ္ဆာအရှိန်အဝါ၊ သတ်ဖြတ်လိုစိတ်၊ သရဲတစ္ဆေစွမ်းအင် သို့မဟုတ် မကောင်းသော ရည်ရွယ်ချက်များကို အာရုံခံမိမှသာ အလိုအလျောက် အလုပ်လုပ်ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက အသုံးပြုသူက စိတ်ဝိညာဉ်ချီစွမ်းအင်ကို အသုံးပြု၍ လက်ဖြင့် အသက်သွင်းရမည် ဖြစ်သည်။
ဒါကို... ဒီလူက တကယ်ပဲ မသိတာလား။
[ မဟုတ်ဘူး မဖြစ်နိုင်ဘူး။ ဒါက ထောင်ချောက်ပဲ ]
ပါ့ကျီသည် ချန်ဟွိုက်အန်၏ ကျောပြင်ကို ကြည့်ရင်း ထိုလူ၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ရှိနေလိမ့်မည်ဟု ထင်မြင်နေမိသည်။
“သူက ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်။ ငါ့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်အောင် သူက မြူဆွယ်နေတာပဲ။ ငါ့ကိုယ်ငါ ထုတ်ဖော်လိုက်တာနဲ့ ငါ အသတ်ခံရတော့မှာ။ ငါ အသေမခံနိုင်ဘူး...”
ပါ့ကျီက အမှောင်ထဲသို့ တဖြည်းဖြည်းနှင့် သတိကြီးစွာဖြင့် နောက်ဆုတ်သွားခဲ့သည်။
ကြောက်ရွံ့မှုများက ခံနိုင်ရည်မရှိလောက်အောင် ပြင်းထန်နေသည်။
ဒီလို သံသယတွေပြည့်နေတဲ့ အိပ်မက်ဆိုးကြီးက ဘယ်တော့မှ ပြီးဆုံးမှာလဲ။
စိတ်ဝိညာဉ် ချီစွမ်းအင်ရှိမှသာ သူ အနည်းငယ် စိတ်သက်သာရာ ရနိုင်သည်။
သူက ကြောင်တစ်ကောင်ကဲ့သို့ နေထိုင်ရန် အစွမ်းကုန် ကြိုးစားနေသော်လည်း အိမ်မွေးကြောင်စစ်စစ် ဖြစ်ဟန်ဆောင်ရန်မှာ အလွန်ပင် ပင်ပန်းလှသည်။
အချိန်မရွေး အမှားလုပ်မိပြီး သူ့ကိုယ်သူ ဖော်ထုတ်မိသွားနိုင်၏။
ခုနကလိုမျိုးပေါ့။
“...ထားလိုက်ပါတော့။ ငါက တကယ်ပဲ အထူးလူးသား တစ်ယောက်ပါပဲ။ သာမန် အထူးလူသား တစ်ယောက်ပေါ့။” ချန်ဟွိုက်အန် ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
ထို့နောက် ငါးခေါင်းကြီးကို ထည့်ရန် ဇလုံတစ်ခု ရှာလိုက်သည်။
ဇလုံထဲသို့ ရေဖြည့်ပြီး ပြတင်းပေါက်ဘောင်ပေါ်တွင် တင်ထားလိုက်၏။
ဇလုံက အနည်းငယ် သေးနေသဖြင့် ငါးမြီးတစ်ဝက်ခန့်မှာ အပြင်သို့ ထွက်နေသည်။
သို့သော်လည်း အခြေအနေအရ ရသလောက်နှင့်ပင် ကျေနပ်ရပေမည်။
အနည်းဆုံးတော့ ငါးက အသက်ရှင်နေသေးသည် မဟုတ်လား။
“ပါ့ကျီ။ ဒီလောက် ငါးကြီးတစ်ကောင်ကို မင်း စိတ်မဝင်စားဘူးလား။”
သူက ကြောင်နက်ကို အံ့သြစွာ လှည့်ကြည့်လိုက်သည်။
ဒဏ်ရာများ ပျောက်ကင်းသွားကတည်းက ပါ့ကျီသည် အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းအောင် ပြုမူနေတတ်သည်။
တကယ့်ကို... သံသယရောဂါသည် တစ်ယောက်လိုပင်။
ပါ့ကျီက သူ၏ စကားကြောင့် ကိုယ်ကို တောင့်လိုက်ပြီးနောက် ပြတင်းပေါက်ဘောင်ပေါ်သို့ ခုန်တက်ကာ ငါးမြီးကို ရူးသွပ်သလို လျှာဖြင့် လျက်ပြနေသည်။ ထိုသို့လုပ်နေစဉ်မှာပင် ချန်ဟွိုက်အန်၏ မျက်နှာကို ခိုးချောင်းကြည့်နေသေးသည်။
ချန်ဟွိုက်အန် - “...”
ဒီကြောင်က... လုံးဝ မူမမှန်ဘူး။
သူက ရယ်ရင်း ခေါင်းခါကာ ငါးခေါင်းကြီးနှင့် ပါ့ကျီကို လျစ်လျူရှုထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူ သတိမထားမိသော အချက်မှာ...
ကိုးလှည့် စိတ်ဝိညာဉ်သစ်ခွမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ် ချီစွမ်းအင်များက အခန်းထဲသို့ တရိပ်ရိပ် စိမ့်ဝင်နေပြီး သူ၏ အရေပြားထဲအထိ ပျံ့နှံ့နေခြင်းပင်။
၎င်းက သူ၏ ကင်ဆာဆဲလ်များ အတွက်သာမက ပုံမှန်ဆဲလ်များနှင့် အရိုးများအတွက်ပါ အာဟာရ ဖြစ်စေသည်။
ပါ့ကျီလည်း စိတ်ဝိညာဉ် ချီစွမ်းအင်များကို တက်ကြွစွာ စုပ်ယူနေသည်။
ပန်းအိုးအနီးရှိ သေလုမျောပါး ဖြစ်နေသော ငါးကြီးမှာလည်း ငြိမ်သက်သွားပြီး ဗိုက်ပြန်လှန်ခြင်း မရှိတော့ပေ။
သေးငယ်သော အပြောင်းအလဲများ စတင် ဖြစ်ပေါ်နေပြီ ဖြစ်သည်။
ချန်ဟွိုက်အန်သည် ပုံရိပ်ယောင် ကောင်မလေး ဂိမ်းကိုသာ ဖွင့်လိုက်သည်။
နောက်ဆုံးတွင် သူက ချင်းရန်ကို ဓားသိုင်းပညာ စတင်သင်ကြားပေးနိုင်တော့မည်။
မိုးမခပင် တစ်ပင်အောက်တွင် ခပ်ဖွာဖွာ မုတ်ဆိတ်မွေးများနှင့် သန်မာထွားကြိုင်းသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်ရှုနေသည်။
“လီ။ ခင်ဗျားပြောတဲ့ အဲဒီလူငယ်လေးက ဘယ်မှာလဲ။”
“သူ ဈေးသွားမယ်လို့ ပြောသွားတာပဲ။ အခုလောက်ဆို ဟင်းချက်စရာတွေ ဝယ်ပြီး အိမ်ပြန် သွားလောက်ပြီ။”
မုတ်ဆိတ်နှင့်လူမှာ ထိတ်လန့်သွားသည်။ “ဒါဆို ခင်ဗျားက ဘာလို့ သူ့နောက်ကို စောင့်မကြည့် ထားတာလဲ။”
အဘိုးအိုလီက မျက်လုံးလှန်ကြည့်လိုက်သည်။ “မင်းပဲ ဒီမှာနေဆို။ ငါက သူ့ကို ဘယ်လို စောင့်ကြည့်ရမှာလဲ။ ကိုယ်ပွားတွေ ရှိနေတယ် ထင်လို့လား။”
မုတ်ဆိတ်နှင့်လူမှာ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် လက်လျှော့ကာ သက်ပြင်းချလိုက်သည်။
“ကောင်းပြီလေ။ ဓားရာတွေကို အရင် စစ်ကြည့်တာပေါ့...”
အဘိုးအိုလီက ဦးဆောင်ပြီး မိုးမခပင်အိုကြီးကို တစ်ပတ်၊ နှစ်ပတ်၊ အကြိမ်ကြိမ် ပတ်ကြည့်ကြသည်။
နောက်ဆုံးတွင် သူတို့သည် သစ်ပင်အောက်၌ ရပ်ကာ မြင်တွေ့နေရသည့် အရာကို မယုံနိုင်လောက်အောင် တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။
သူတို့ မြင်နေရသည့် အရာကို သူတို့၏ ဦးနှောက်က လက်ခံနိုင်ရန် ရုန်းကန်နေရပုံပေါ်သည်။
အကြာကြီး တိတ်ဆိတ်ပြီးနောက် အဘိုးအိုလီက မုတ်ဆိတ်နှင့်လူဘက်သို့ လှည့်လိုက်သည်။
“ကဲ...မင်း ဘယ်လိုထင်လဲ။”
မုတ်ဆိတ်နှင့်လူ၏မျက်နှာ မှောင်မိုက်သွား၏။
“...ပြောရတော့ခက်တယ်။”
“ပြောရခက်တယ် ဟုတ်လား။”
“အင်း။ ကျုပ်က ဆရာသခင်အဆင့်ပဲ ရှိသေးတာ။ ဘာသိမှာလဲ။”
“ဒါဆို မင်းပြောချင်တာက ဒီကောင်လေးရဲ့ ဓားချက်က စစ်သည်အဆင့်ထက် ကျော်နေတယ်ပေါ့။”
မုတ်ဆိတ်နှင့်လူ တိတ်ဆိတ်သွား၏။ အဘိုးအိုလီသည်လည်း ထိုလူ၏ နေရခက်သော အမူအရာကို ကြည့်ပြီး တိတ်ဆိတ်သွားပြန်သည်။
စစ်သူကြီးအဆင့်လား။
စဉ်းစားရဲစရာပင် မရှိပေ။
စစ်သည်အဆင့် ဆိုသည်မှာပင် မယုံနိုင်လောက်အောင် ဖြစ်နေပြီ။
“လီ၊ မနှစ်က ဝမ်လောင်ဟူက ကျုပ်တို့ ပြည်နယ်က လူတစ်ယောက်ကို လာခေါ်သွားတာ မှတ်မိသေးလား။” မုတ်ဆိတ်နှင့်လူ၏ မျက်လုံးများတွင် အတိတ်ကို ပြန်လည် မြင်ယောင်လာပုံ ရသည်။
သူက သစ်ပင်ပင်စည်ပေါ်တွင် လက်တင်ရင်း ဆက်ပြောသည။
“အဲဒီကောင်က နဂိုက ဗီဒီယို ဖန်တီးသူ တစ်ယောက်ပဲ။ ရှေးဟောင်း ဓားသိုင်းတွေကို အပျော်တမ်း ကစားနေတဲ့သူပေါ့။ ဒါပေမဲ့ စိတ်ဝိညာဉ် ချီစွမ်းအင် ပြန်လည်နိုးထလာတဲ့အခါ အဲဒီဓားသိုင်းတွေက တစ်ညတည်းနဲ့ သူ့ရဲ့ သဘာဝလို ဖြစ်သွားခဲ့တယ်။ သူ မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ စစ်ဆေးခံရတဲ့အခါ ချက်ချင်း ထိပ်တန်း ဆရာသခင်အဆင့် ရသွားခဲ့တယ်...”
“ဒီနှစ်မှာတော့ သူက စစ်သည်အဆင့်ကို ရနေပြီးတော့ ခက်ခဲတဲ့ အမှုပေါင်း တစ်ဒါဇင်ကျော်ကို ဖြေရှင်းထားပြီးပြီလို့ ကြားတယ်။ သူ့နာမည်က ဟိုးလေးတကျော်ကျော် ဖြစ်နေတာပဲ... ဒါပေမဲ့ အဲဒီလိုလူတောင်မှ ဓားချီကို မနည်း ထုတ်လွှတ်နေရတာ။ သူ့တိုက်ကွက်တွေရဲ့ စွမ်းအားကလား။ ရိုးရိုးသားသား ပြောရရင် ရိုးရိုး ဓားလွှဲတာလောက်တောင် မကောင်းဘူး...”
“သိတာပေါ့။ အဲဒီ ကျေးဇူးကန်းတဲ့ ကောင်စုတ်...” အဘိုးအိုလီက နှာခေါင်းရှုံ့ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဒေါသတကြီး ပြောလိုက်သည်။
သူက ထိုသစ္စာဖောက်မှုကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်။
ဝူဟိုင်ထင်...
သူကိုယ်တိုင် ထိုကောင်လေးကို ဓားသိုင်းပညာ နားလည်အောင် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ပိုက်ဆံပိုရမည့် အခွင့်အရေးကို မြင်လိုက်သည်နှင့် သူက သူတို့အား စွန့်ခွာသွားပြီး အိမ်နီးချင်း ပြည်နယ်ရှိ မိစ္ဆာနှိမ်နင်းသူဗျူရိုသို့ ပြောင်းသွားခဲ့သည်။
C ပြည်နယ်၏ မိစ္ဆာနှိမ်နင်းသူဗျူရိုက သူ့အတွက် အရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံခဲ့သော်လည်း အကျိုးအမြတ်ကိုတော့ အခြားပြည်နယ်က ခံစားသွားရသည်။
ရလဒ်အနေဖြင့် သူတို့၏ ဌာနက လွန်ခဲ့သည့် ၂နှစ်လုံးလုံး ရုန်းကန်နေရသည်။
အဆင့်မြင့်သူများ မရှိခြင်း၊ လုပ်ဆောင်ချက် ညံ့ဖျင်းခြင်း၊ အမှုများအပေါ် တုံ့ပြန်မှု နှေးကွေးခြင်း...
တစ်ခါတစ်ရံတွင် အခြားဒေသများမှ အကူအညီတောင်းရန် ဌာနချုပ်သို့ တောင်းပန်တိုးလျှိုးရသည် အထိပင်။
အရှက်ရခြင်းမှာ ဒုတိယအချက် ဖြစ်သည်။
တကယ့် ကြေကွဲစရာမှာ အဆင့်မြင့် နှိမ်နင်းသူ မရှိခြင်းကြောင့် သားရဲများ၏ သတ်ဖြတ်ခြင်းကို ခံရသော အရပ်သား အရေအတွက်ပင်။
အကယ်၍ သူတို့တွင် စစ်သည်အဆင့် ကျွမ်းကျင်သူ တစ်ဦးတည်းသာ ရှိခဲ့လျှင် အခြေအနေများ ထိုမျှ ဆိုးရွားမည် မဟုတ်ပေ။
“ဒါကြောင့် လီ၊ ဒီလူငယ်ကို ငါတို့ မိစ္ဆာနှိမ်နင်းသူဗျူရိုထဲကို မဖြစ်မနေ ခေါ်ရမယ်။”
မုတ်ဆိတ်နှင့်လူက အဘိုးအိုလီ၏ လက်ကို ဆုပ်ကိုင်ကာ အသည်းအသန် ပြောလိုက်သည်။
“ပြီးခဲ့တဲ့လက ငါတို့ရဲ့ ကလေးကောင်းအချို့ ဆုံးရှုံးခဲ့ရတယ်။ အခုဆိုရင် တက်ကြွလှုပ်ရှားနေတဲ့ မိစ္ဆာနှိမ်နင်းသူ ၂၀တောင် မပြည့်တော့ဘူး...”
“ငါ ဘာမှတော့ ကတိမပေးနိုင်ဘူး...” အဘိုးကြီးလီက ပင်ပန်းနွမ်းနယ်စွာ ခေါင်းခါရင်း သက်ပြင်း ချလိုက်သည်။ “မင်း ဘာလို့ အသည်းအသန် ဖြစ်နေလဲဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ဒါကို အလျင်စလို လုပ်လို့ မရဘူး။ ပထမအချက်၊ သူ ဘယ်မှာ နေလဲဆိုတာ ငါ မသိဘူး။ ဒုတိယအချက်၊ သူ့ကို ငါ သုံးလေးရက်ပဲ တွေ့ဖူးသေးတာ။ သူက ဘယ်လိုလူလဲဆိုတာ လုံးဝ မသိသေးဘူး။”
“တကယ်လို့ ဒီကောင်လေးက ဓားချီကို တကယ် ကျွမ်းကျင်နေပြီဆိုရင် ငါတို့ အားလုံး ပေါင်းရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ၃၁ခုနှစ်တုန်းက ထွက်ပြေးနေတဲ့ နိုးထသူအကြောင်း မေ့သွားပြီလား။ သူ ဘယ်လောက်တောင် သတ်ဖြတ်မှုတွေ လုပ်ခဲ့လဲ။ အခုထိလည်း သူ့ကို မဖမ်းနိုင်သေးဘူး...”
“ဘာလို့လဲ သိလား။ ဘာလို့လဲဆိုတော့ ငါတို့က အန္တရာယ်ကို လျှော့တွက်ခဲ့လို့ပဲ။ သူ့ရဲ့ လူသားဆန်မှုကို အထင်ကြီးခဲ့ပြီး သူ့ရဲ့ ရည်မှန်းချက်တွေကို အကဲဖြတ် မှားခဲ့ကြလို့ပဲ...”
မုတ်ဆိတ်နှင့်လူ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
သူ မငြင်းနိုင်။
သူတို့၏ လက်ရှိ စွမ်းဆောင်ရည်များဖြင့် ဓားချီကို အပြည့်အဝ ကျွမ်းကျင်ထားသော နိုးထသူတစ်ဦးကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
သေနတ်များနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများသည် နိုးထသူ အများစုကို ခြိမ်းခြောက်နိုင်ဆဲ ဖြစ်သော်လည်း...
တစ်စုံတစ်ယောက်က ဆရာသခင်အဆင့်သို့ ရောက်ရှိသွားပါက သူတို့တွင် ဗီဇအရ အန္တရာယ်ကို အာရုံခံနိုင်စွမ်း ရှိလာသဖြင့် သူတို့ကို ပစ်ခတ်ရန်မှာ သိသိသာသာ ခက်ခဲသွားပေသည်။
စစ်သည်အဆင့် နိုးထသူများလား။
သူတို့က ပြင်းထန်သော ပစ်ခတ်မှုများအကြား ပိတ်မိမနေသရွေ့ အကာအကွယ်များကို အသုံးပြု၍ သေနတ်ဖြင့် တိုက်ခိုက်မှု အများစုကို ကျော်လွှားနိုင်သည်။
စစ်သူကြီးအဆင့် ဆိုလျှင်မူ...
သူတို့က ကျည်ဆန်များကို ဓားဖြင့် ကာကွယ်နိုင်ကြ၏။
“ကျုပ် နားလည်ပါပြီ...”
မုတ်ဆိတ်နှင့်လူ အသက်ပြင်းပြင်း ရှူလိုက်သည်။
“ကျုပ် စိတ်လောသွားမိတယ်။ လီ၊ အစီအစဉ်ကတော့... ခင်ဗျား အဲဒီလူငယ်နဲ့ ဆက်သွယ်ထားပါ။ သူ့ရဲ့ စရိုက်ကို စမ်းသပ်ဖို့ နည်းလမ်းရှာပါ။ တကယ်လို့ သူက စိတ်ချရတယ်ဆိုရင် သူ့ကို မိစ္ဆာနှိမ်နင်းသူဗျူရိုနဲ့ တဖြည်းဖြည်း မိတ်ဆက်ပေးပြီး သူ့အခြေအနေကို စုံစမ်းကြည့်ကြတာပေါ့...”
“ကောင်းပါတယ်...” အဘိုးကြီးလီ ခေါင်းညိတ်လိုက်သည်။
ချန်ဟွိုက်အန်က ဓားသိုင်းပညာနှင့် ရှေးဟောင်း ကိုယ်ခံပညာများကို စိတ်ဝင်စားနေသဖြင့် ထိုလူငယ်သည် ထိုနေရာသို့ နောက်ဆုံးတွင် ပြန်လာလိမ့်မည်ဟု သူ ယူဆထားသည်။
သူတို့ ထပ်မံ တွေ့ဆုံရန် အခွင့်အရေး ရှိဦးမည် ဖြစ်ပြီး ထိုသို့ ဖြစ်လာပါက သူ ဘယ်မှာ နေထိုင်သည်ကို စုံစမ်းရန် ကြိုးစားမည် ဖြစ်သည်။ ထို
သို့ဆိုလျှင် နောက်ပိုင်းတွင် သူ့ကို ရှာဖွေရန် ပိုမို လွယ်ကူသွားမည် ဖြစ်သည်။
သူတို့ ဆွေးနွေးမှု ပြီးဆုံးသွားသဖြင့် မုတ်ဆိတ်နှင့်လူက မိစ္ဆာနှိမ်နင်းသူဗျူရိုသို့ ပြန်ရန် တက္ကစီ တစ်စီး ငှားလိုက်သည်။
သို့သော် သူက ကားပေါ်တွင် ထိုင်ရုံရှိသေးရာတွင် ဖုန်း တုန်ခါလာ၏။
ခေါ်ဆိုသူကို ကြည့်လိုက်ပြီး သူ ချက်ချင်း ဖုန်းကိုင်လိုက်သည်။
“ဆရာ အခြေအနေ မဟန်တော့ဘူး...”
ဖုန်း၏ အခြားတစ်ဖက်မှ အသံမှာ အလွန်ပင် ပျာယာခတ်နေသည်။
“အရပ်သား မိစ္ဆာနှိမ်နင်းသူ တစ်ယောက်က အခုလေးတင် သတင်းပို့လာတယ်။ ထျန်းဖူမြို့မှာ အဆင့် (A) မိစ္ဆာတွေ ရှိနေတယ်လို့ ယူဆရတယ်။ နှစ်ကောင်တောင်တဲ့...”
“အဆင့် (A) နှစ်ကောင်။”
မုတ်ဆိတ်နှင့်လူ၏ မျက်နှာပျက်သွား၏။ သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“နားလည်ပြီ။ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်...”
သူ ဖုန်းချလိုက်၏။
တက္ကစီ ပြတင်းပေါက်မှတဆင့် မြင့်မားလှသော မြို့ပြ အဆောက်အအုံများကို သူ ကြည့်လိုက်မိသည်။
သူ၏ မျက်ခုံးများ တွန့်ချိုးနေ၏။
အပြင်ဘက်ရှိ လမ်းမများပေါ်တွင် ကားဟွန်းသံများ၊ အလုပ်သွားရန် အလျင်စလို သွားလာနေကြသော လမ်းသွားလမ်းလာများဖြင့် စည်ကားနေသည်။
သူတို့၏ ကမ္ဘာကြီး ပျက်စီးခြင်း အနားသတ်သို့ ရောက်နေပြီဆိုသည်ကို သူတို့ထဲမှ မည်သူမျှ မသိကြပေ။
နီယွန်မီးရောင်များ မှိန်ဖျဖျ တောက်ပနေ၏။
ညဘက်တွင် သရဲတစ္ဆေများ လမ်းမပေါ်တွင် သွားလာနေကြသည်။
မြောက်အမေရိကတွင် မိစ္ဆာဝိညာဉ်များ သောင်းကျန်းနေကြသည်။
ဥရောပတွင် ဒေသအတော်များများမှာ သွေးစုပ်ဖုတ်ကောင်များနှင့် လူဝံများ၏ အမဲလိုက်ရာ မြေပြင်များ ဖြစ်နေပြီ။
တစ်ခါတစ်ရံတွင် သူက ရုံးဝန်ထမ်း တစ်ယောက်အဖြစ် နေခဲ့ရသော အတိတ်က နေ့ရက်များကို လွမ်းဆွတ်မိသည်။
မှန်ပေသည်။ ထိုအချိန်က ဘဝမှာ ငြီးငွေ့စရာ ကောင်းခဲ့သည်။ သူက နောက်ခံလူ တစ်ယောက်မျှသာ ဖြစ်ခဲ့သည်။
သို့သော် အနည်းဆုံးတော့ အချိန်မရွေး အသတ်ခံရနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုမျိုး မရှိခဲ့ပေ။
ကမ္ဘာကြီး ပြောင်းလဲသွားခဲ့လေပြီ။
သားရဲမိစ္ဆာများကလည်း ပိုပိုပြီး ပေါ်ထွက်လာနေပြီ ဖြစ်သည်။