← Chapters

သူတို့ ဒီအိမ်ကို သိမ်းပိုက်တော့မှာလား

Vol. 8 Ch. 79

သူတို့ ဒီအိမ်ကို သိမ်းပိုက်တော့မှာလား

Vol. 8 Ch. 79

[ ချင်းရန်၊ ကြာစိမ်းဓားသိုင်းကျမ်းရဲ့ အနှစ်သာရက ကဗျာပဲ။ စိတ်ဓာတ်ထဲကို ကဗျာသွင်းရမယ်။ စကားတစ်လုံး၊ ဓားတစ်ချက်... စကားလုံးတွေက ဓားပညာကို ပိုပြီးအားကောင်းစေတယ်... ]

“ဟုတ်ကဲ့ပါ ဆရာ။ ကျွန်မ မှတ်သားထားပါ့မယ်။”

လီချင်းရန်သည် ကျောတွင် ဓားလွယ်ထားသော ဝတ်ရုံဖြူပုံရိပ်ကို စိုက်ကြည့်ရင်း အချက်တစ်ခုကို ပိုမိုသေချာသွားသည်။ သူ၏ဆရာသည် ပြိုင်ဘက်ကင်းသော ဓားဘုရင်တစ်ပါး ဖြစ်ရမည်။

၎င်းသည် သူ၏ ယခင်က ထင်မြင်ချက်ကိုပါ ထပ်လောင်းအတည်ပြုပေးလိုက်သည်။

သူ၏ဆရာသည် ဓားကျောင်းတော်၏ အန္တိမအကြီးအကဲ ဖြစ်ရမည်။ ဓားကျောင်းတော်မှ ကျင့်ကြံသူတိုင်းက ထက်မြက်သောအရှိန်အဝါကို ဆောင်ကြသည်။ အချို့က အားမာန်အပြည့်ဖြင့် အသစ် ပုံသွင်းထားသော ဓားများကဲ့သို့ဖြစ်ပြီး၊ အချို့က အနားသတ်များပေါ်လွင်သော ထုတ်ထားသည့် ဓားများကဲ့သို့ ဖြစ်နေပြီး၊ အချို့ကမူ စွမ်းအားဖုံးကွယ်ထားသော ဓားအိမ်မ်ထဲမှဓားများကဲ့သို့ ဖြစ်ကြသည်။

ထို့နောက် ဂိုဏ်းချုပ်ကိုယ်တိုင်က တောင်ကဲ့သို့ ခိုင်မြဲသည်။

သို့သော် ၎င်းတို့ထဲမှ မည်သူမျှ သူ၏ဆရာကဲ့သို့ လွှမ်းမိုးနိုင်သောအရှိန်အဝါမျိုး မပိုင်ဆိုင်ကြပေ။

၎င်းက ကောင်းကင်ကို ခွဲခြမ်းနိုင်သော ဓားတစ်လက်...

ပြိုင်ဘက်ကင်း၊ အတုမရှိသော ဓားတစ်လက် ဖြစ်၏။

ထိုသို့သော ဓားတစ်လက်က လိုက်ဖက်သော ပြီးပြည့်စုံသည့် ဓားအိမ်တစ်ခု လိုအပ်သည်။

သူက ထိုဓားအိမ် ဖြစ်ချင်၏။

သို့သော် ယခုအချိန်တွင်မူ သူက ထိုမျှလောက် အရည်အချင်းမမီသေးပေ။

...

ခြောက်နာရီတိတိ ကြာပြီးနောက်တွင်...

လီချင်းရန်သည် ကြာစိမ်းဓားသိုင်းကျမ်း၏ ပထမအခန်း (၁၂)ခန်းကို နားလည်အောင် သင်ယူရန် ထိုမျှ အချိန်ယူခဲ့ရသည်။

ထိုမျှ ရှုပ်ထွေးနက်နဲသော ဓားပညာမျိုးကို သူ တစ်ခါမှ မကြုံဖူးခဲ့။

ရိုးရှင်းပုံရသည့် အခြေခံလှုပ်ရှားမှုများပင်လျှင် ဆက်တိုက်ချိတ်ဆက်ရာတွင် အလွန်ခက်ခဲနေသည်။

လှုပ်ရှားမှုတစ်ခုစီကို မှန်ကန်စွာ လုပ်ဆောင်ခြင်းကပင် သူ၏ စိတ်ဝိညာဉ် ချီစွမ်းအင်အများစုကို ကုန်ခမ်းစေခဲ့သည်။

အားအင်ကုန်ခမ်းမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် သူက မတည်မငြိမ် ယိမ်းယိုင်နေသည်။

တစ်ကိုယ်လုံး ပေါ့ပါးနေပြီး သူ ဆန္ဒရှိသည်မှာ ဆရာ၏ နွေးထွေးခန့်ညားသော အကြည့်အောက်၌ အိပ်ရာပေါ် လဲလျောင်းကာ အိပ်လိုက်ရဖို့ပင်။

နေဦး... ဆရာဆိုမှ..

လီချင်းရန်က လျှာဖျားကို အားရပါးရ ကိုက်လိုက်သည်။

မအိပ်ရဘူး။ အားတင်းထား..

သူ၏ ဆရာက ဓားပညာများကို သင်ကြားပေးနေဆဲ ဖြစ်သည်။

ငါက ဘာလို့ အာရုံပျက်ခွင့် ပေးရမှာလဲ။

[ ချင်းရန်၊ အစအဆုံး တစ်ခါပြန်ပြီး ကပြ။ ပြီးရင် ဒီနေ့အတွက် အဆုံးသတ်ကြမယ်။ မနက်ဖြန်ကျရင် ပထမဆုံး ဓားသိုင်းကွက်ဖြစ်တဲ့ လေကိုခွင်း၍လှိုင်းကိုခွဲကို သင်ပေးမယ် ]

“ဟုတ်ကဲ့ပါ ဆရာ။”

လီချင်းရန်က ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အားယူပြီး ဓားအကကို ကပြရန် ထရပ်လိုက်သည်။

ချန်ဟွိုက်အန်က မြေပဲတစ်ဆုပ်ကို ပါးစပ်ထဲ ပစ်ထည့်ကာ ဖန်သားပြင်ကို စွဲမက်စွာ ကြည့်နေသည်။

အမှန်တကယ်တော့ လီချင်းရန်က ပထမအခန်း (၁၂)ခန်း၏ အခြေခံများကို နားလည်ပြီးသား ဖြစ်သည်။

သူ ပြန်လည်ကပြသည်ကို ထပ်ကြည့်ချင်ရုံသာ ဖြစ်သည်။

ရွှမ်း..ရွှင်း...ချွမ်း...

ဖန်သားပြင်ပေါ်တွင် မိန်းကလေးငယ်က ကြိုးကြာငှက်ဟန်ဖြင့် စတင်ရန်အတွက် သူ၏ စုရွှမ်ဓားကို ကိုင်ဆွဲထားသည်။ သူ၏ ပေါ့ပါးသောခြေလှမ်းများနှင့် လှပသောဟန်ပန်သည် ကျက်သရေရှိပြီး လှုပ်ရှားမှုများက ချောမွေ့ခိုင်မာသည်။ သူ၏ လက်က ဓားကို ကျွမ်းကျင်စွာ လှည့်ပတ်လိုက်ရာ ဝတ်ရုံများ လေထဲတွင် ဝဲပျံသွားပြီး တောက်ပနေသော ဓားသွားသည် မိုးဦးကျဆီးနှင်းများကဲ့သို့ တလက်လက် ထနေသည်။ ခန့်မှန်းရခက်သော်လည်း စွဲမက်ဖွယ်ကောင်း၏။

ချန်ဟွိုက်အန် လုံးဝစိတ်ဝင်စားသွားကာ အချိန်ပင် ကုန်ဆုံးသွားသည်ကို သတိမထားမိလိုက်ချေ။

မိန်းကလေး၏ မျက်နှာပေါ်သို့ စိမ့်ဝင်လာသော ပင်ပန်းနွမ်းနယ်မှုကိုလည်း သူ သတိမထားမိလိုက်ပေ။

(၁၂)ခန်းကို ပြီးဆုံးသောအခါ လီချင်းရန်က ချွေးများရွှဲနေခဲ့သည်။ ပါးလွှာပြီး အနည်းငယ် ပွင့်လင်း နေသော သူ၏ ညအိပ်ဝတ်စုံက အရေပြားပေါ် ကပ်နေသဖြင့် ချန်ဟွိုက်အန်ကို ရည်ရွယ်ချက်မရှိဘဲ မျက်စိပသာဒ ဖြစ်စေခဲ့သည်။

“ဆရာ... ကျွန်မရဲ့ ကပြမှုက ဘယ်လိုလဲ...”

လီချင်းရန်က ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး ညာလက်ဖြင့် ဓားရိုးကို ကိုင်ထားရင်း တုန်ရီနေသော ခြေထောက်များကို စကတ်နောက်တွင် လျှို့ဝှက်ထားသည်။

တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းရန် ကြိုးစားသော်လည်း အမောဖောက်နေသော အသက်ရှူသံနှင့် နီမြန်းနေသော မျက်နှာတို့က သူ၏ ပင်ပန်းနွမ်းနယ်မှုကို ဖော်ပြနေသည်။

ချွေးတစ်စက်က သူ၏ နဖူးမှ နူးညံ့သော နှာခေါင်းဖျားဆီသို့ စီးကျလာပြီး နှုတ်ခမ်းထောင့်သို့ ရောက်လာသည်။

ယားယံသော အာရုံကြောင့် သူက လျှာကို အလိုလို ထုတ်ကာ လျက်လိုက်သည်။

သူက ပုံစံ မည်မျှ ပျက်ယွင်းနေသည်ကို စိတ်ကူးကြည့်နိုင်သည်။

သူ၏ စိတ်ဝိညာဉ် ချီစွမ်းအင် လုံးဝကုန်ခမ်းသွားသဖြင့် နောက်ဆုံးအခန်း(၂)ခန်းတွင် သူ၏ ဓားပညာမှာ ချို့ယွင်းခဲ့သည်။

နာကျင်မှုကို ခံနိုင်ရည်ရှိပြီး အပြီးသတ်နိုင်ရန် စိတ်စွမ်းအားဖြင့်သာ အတင်းအကျပ် တွန်းအားပေးခဲ့ရခြင်း ဖြစ်သည်။

သူက မျက်နှာကြက်ကို တောင့်တစွာ ကြည့်လိုက်သည်။

သူ၏ ဆရာက သူကို ကြည့်နေကြောင်း သူသိသည်။ ခံစား၍ရသည်။

ဒါပေမဲ့ ဘာလို့ အကြာကြီး တိတ်ဆိတ်နေရတာလဲ။

သူ... သူ ကပြတာ မကောင်းဘူးလို့ ထင်နေတာလား။

ဖန်သားပြင် အပြင်ဘက်တွင် ချန်ဟွိုက်အန်က ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

[ မဆိုးဘူး။ ဆက်ကြိုးစား ]

ဆရာ၏ ချီးမွမ်းသံကို ကြားရသောအခါ လီချင်းရန်၏ နှုတ်ခမ်းများက တောက်ပစွာ ပြုံးလိုက်ပြီး သူ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်လျှံသွား၏။

၎င်းမှာ ပျားရည်ကဲ့သို့ ချိုမြိန်လှသည်။

သူ၏ ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားသလို ဖြစ်သွားသည်။

ထိုအရာကို သူ စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်...

ဆရာ၏ အသိအမှတ်ပြုမှုထက် ပိုအရေးကြီးတာ မရှိတော့။

“ဆရာ၊ ကျွန်မက ဉာဏ်နည်းပါတယ်။ အခြေခံကို နားလည်ဖို့ ခြောက်နာရီတောင် အချိန်ယူခဲ့ရတယ်။ ဆရာဆိုရင်တော့ နာရီဝက်လောက်နဲ့ ကျွမ်းကျင်ပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။”

သူက စုရွှမ်ဓားကို မှီထားကာ လက်ချောင်းများက ဝတ်ရုံစကို ဆော့ကစားနေ၏။

သူ၏ မျက်နှာကို ငုံ့ထားမှုက စနောက်လိုသော အမူအရာကို ဖော်ပြနေသည်။

သူက န်ဟွိုက်အန်ကို ထွက်သွားစေချင်သေးသည် မဟုတ်၍ တမင် စကားပြောစရာ တစ်ခုခု ရှာလိုက်ခြင်း ဖြစ်သည်။

ဟားဟား။ ဘယ်လောက် အပြစ်ကင်းဟန်ဆောင်နေလဲ ကြည့်ပါဦး။

ချန်ဟွိုက်အန်သည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။

အမှန်တကယ်တော့ သူ ကြာစိမ်းဓားသိုင်းကျမ်းကို အချိန်အတော်ကြာ လေ့ကျင့်ခဲ့ရသည်။

ဂိမ်းဦးထုပ်က သူ့ကို အခြေခံလှုပ်ရှားမှုများကို မှတ်မိစေရန် မကူညီခဲ့ပါက သင်ကြားပေးနိုင်သည့် အဆင့်ရောက်အောင် တစ်ပတ်ခန့် အချိန်ယူရပေလိမ့်မည်။

[ အင်း... အဟမ်း... ဒီလောက် နှိမ့်ချစရာ မလိုပါဘူး။ ပထမဆုံးအကြိမ် နားလည်အောင် ခြောက်နာရီ ဆိုတာတောင် အထင်ကြီးစရာပါ ]

“ဒါဆို... ဆရာက ဘယ်လောက် အချိန်ယူခဲ့ရလဲ...”

[ အင်း... အဟမ်း... ဆယ့်ငါးမိနစ်လောက်ပေါ့ ]

“ဝိုး... ဆရာက တကယ်ကို အံ့မခန်းပါပဲ။ ကျွန်မလည်း ဆရာနဲ့ တူအောင် ပိုကြိုးစားရမယ်”

ချန်ဟွိုက်အန်က သူ၏ စစ်မှန်သော လေးစားကြည်ညိုမှုအကြည့်အောက်တွင် မျက်နှာ နီမြန်းလာသည်ကို ခံစားလိုက်ရသည်။

သူနှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် လျှင်မြန်စွာ ထွက်ခွာသွားသည်။

သူ လေ့ကျင့်သည်ကို အချိန်အတော်ကြာ ကြည့်နေခဲ့ပြီးနောက် ဗိုက်က ဆာလောင်လာခဲ့သည်။

လီချင်းရန်လည်း သူ့ကို ဆက်နေရန် မတိုက်တွန်းတော့ပေ။

ထိုအစား သူက စကားနားထောင်ပြီး ရေချိုးကာ အဝတ်အစားသစ်လဲလိုက်သည်။

သူ အနားမယူသေးပေ။ ပင်ပန်းနွမ်းနယ်မှု အနည်းငယ် လျော့ပါးသွားသည်နှင့် ကုန်ဆုံးသွားသော စိတ်ဝိညာဉ် ချီစွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် ချက်ချင်း တရားထိုင်လိုက်သည်။

...

တစ်ချိန်တည်းမှာပင် လျိုရှား တောင်ထွတ်တွင်...

“ဟေး မင်းတို့ ကြားပြီးပြီလား။ ဂျူနီယာညီမလေးအသစ်က ပထမဆုံးနေ့မှာတင် အိမ်ကောင်းကောင်းနဲ့ စိတ်ဝိညာဉ်စိုက်ခင်း ၁၀ကွက် ရတယ်တဲ့...”

“ဘာ။ မဖြစ်နိုင်တာ..”

“မင်းတို့ ကြားပြီးပြီလား။ ဂျူနီယာညီမလေးအသစ်က ခမ်းနားတဲ့အိမ်နဲ့ စိတ်ဝိညာဉ်စိုက်ခင်း ၅၀နဲ့ ရောက်လာတာတဲ့...”

“သတင်းထူးဟေ့။ ဂျူနီယာညီမလေး အသစ်က အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာ စိတ်ဝိညာဉ်စိုက်ခင်း ၁၀၀ ဖွင့်ပြီး အင်မော်တယ် အိမ်တော်တစ်ခုတောင် ဆောက်လိုက်တယ်တဲ့...”

“မယုံနိုင်စရာပဲ။ မင်းတို့ သိကြလား။ ဂျူနီယာညီမလေး အသစ်က တိမ်တွေထဲက ကောင်းကင် နန်းတော်ကြီး၊ စိတ်ဝိညာဉ်စိုက်ခင်း ဧကတစ်ရာရှိပြီးတော့ နဂါးပြာနှစ်ကောင်ကိုပါ အိမ်မွေး တိရစ္ဆာန်အဖြစ် ဖမ်းထားတယ်တဲ့...”

“ဘာ။ မဖြစ်နိုင်တာ...”

“သွားကြည့်ရအောင်... တကယ် ဟုတ်ဟုတ် မဟုတ်ဟုတ် ဘာဖြစ်လဲ။”

...

ဝှစ် ဝှစ် ဝှစ်...

ရုတ်တရက်ဆိုသလို ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ယံတွင် ဓားများ လေကို ခုတ်ထစ်သည့် အသံများ ပြည့်နှက်သွား၏။

လီချင်းရန် အံ့သြတုန်လှုပ်သွားသည်။

သူက ချက်ချင်း ထရပ်ကာ စစ်ဆေးရန် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။

အပြင်ဘက်မြင်ကွင်းက သူကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။

ကောင်းကင်ယံတွင် ဓားကျင့်ကြံသူ လူအုပ်ကြီးသည် ရောင်စုံဓားပျံများပေါ်၌ မတ်တပ်ရပ်နေကြပြီး ၎င်းတို့၏ ဝတ်ရုံများ လေထဲတွင် လွင့်နေသည်။ ထိုသူများသည် တောင်ထွတ်ကို လုံးဝ ဝိုင်းရံထား၏။

သူတို့အားလုံးက ဓားကျောင်းတော်မှ တပည့်များပင်။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ အပါအဝင် ဖြစ်ကြသည်။

“ဘာ... ဘာတွေဖြစ်နေတာလဲ။”

လီချင်းရန် မျက်နှာ ဖြူဖတ်သွားသည်။ သူ၏ စိတ် လုံးဝလွတ်နေပြီး အလိုလို ပြတင်းပေါက်ကို ပိတ်ကာ ကာကွယ်ရေးအနေအထားဖြင့် နံရံကိုမှီကာ ကုန်းထိုင်လိုက်သည်။

“ဂျူနီယာညီမလေး ချင်းရန်။ ပုန်းနေလို့ အသုံးမဝင်ဘူး။ ငါတို့အားလုံး မြင်နေရတယ်...”

၎င်းမှာ စီနီယာအစ်မ ယွယ်ချန်ချီ၏ အသံ ဖြစ်သည်။

ဘာကို မြင်နေရတာလဲ...

လီချင်းရန်၏ ဦးနှောက်သည် ပို၍ပင် လွတ်သွား၏။

ဆရာက အထူးအခွင့်အရေးပေးနေသည်ကို သူတို့ မြင်လိုက်တာလား...

ညအိပ်ဝတ်စုံနှင့် လေ့ကျင့်နေသည်ကို သူတို့ မြင်လိုက်တာလား...

ဖားသေးသေးလေးတွေနဲ့ ကြာပန်းတွေ ပုံနှိပ်ထားတဲ့ သူရဲ့ ညအိပ်ဝတ်စုံကိုလား...

ခြေအိတ်တောင် မဝတ်ထားသေးဘူး... သူ၏ ခြေဗလာတွေ ပေါ်နေတာလား....

အား... ဆရာ၊ ဒါ အရမ်း ရှက်ဖို့ကောင်းတာပဲ....

“ဘယ်လောက်ပဲ ပုန်းပုန်း၊ အိမ်နဲ့ စိတ်ဝိညာဉ်စိုက်ခင်းတွေ ပျောက်သွားမှာ မဟုတ်ဘူး။ ထွက်လာခဲ့..”

“သြော်...”

လီချင်းရန် သက်ပြင်းချရင်း သက်သာရာရသွားသည်။

သို့သော် သူ၏ ရင်ထဲတွင် ပြန်လည် တင်းကြပ်သွားသည်။

သူတို့အားလုံး ဘာလို့ ဒီကို စုရုံးနေကြတာလဲ....

ဓားကျောင်းတော်မှ တပည့်များ၏ ရန်လိုသော သဘောသဘာဝကို ထည့်သွင်းစဉ်းစားလျှင်...

သူက စိုးရိမ်တကြီး တံခါးကို တွန်းဖွင့်လိုက်ပြီး အခွံကို ကာကွယ်နေသော ဂဏန်းငယ်လေးကဲ့သို့ တံခါးကို မှီတွယ်ထားကာ ရေပြင်လို ပျံဝဲနေသော ဓားကျင့်ကြံသူ ပင်လယ်ကြီးကို မော့ကြည့်လိုက်၏။

သူက အလွန် မကောင်းသော ခံစားချက် ရှိနေသည်။

လျိုရှား တောင်ထွတ်တစ်ခုလုံး သူကို ရင်ဆိုင်ဖို့ ရောက်လာကြတာလား...

သူတို့... တကယ်ပဲ ဒီအိမ်ကို သိမ်းပိုက်တော့မှာလား...

All Chapters