← Chapters

မီးသားကောင် ထိန်းချုပ်သည့် လျှို့ဝှက်နည်း

Vol. 18 Ch. 267

မီးသားကောင် ထိန်းချုပ်သည့် လျှို့ဝှက်နည်း

Vol. 18 Ch. 267

“ဟူး… ဟူး… ဟူး”

ချော်ရည်ကန်ထိပ်၌ ယဲ့ယန်နှင့် ရှောင်ဖန်တို့ မျက်နှာချင်းဆိုင် ရှိနေကြသည်။

နှစ်ယောက်လုံး ပင်ပန်းနွမ်းနယ်ကာ စိတ်ဝိညာဉ်စွမ်းအင် ကုန်ခန်း၍ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နေ၏။

မျက်ဝန်းများမှာတော့ ဒေါသဖြင့် အရောင်လက်နေဆဲပင်။

ဖြစ်နိုင်လျှင် အသွေးအသားများအထိ စုတ်ဖြဲချင်နေသည်။

“ရတနာကို ထုတ်ပေးလိုက်… အဲ့ဒါဆို အသက်ချမ်းသာပေးမယ်”

ယဲ့ယန် အေးစက်စွာ ပြော၏။

ရှောင်ဖန် နှာခေါင်းရှုံ့လျက်

“ငါကတောင် မေးရဦးမှာ… ငါရောက်တည်းက ဒီမှာ ဘာမှမရှိဘူး… မင်းအရင်ယူသွားပြီး ထောင်ချောက်ဆင်နေတာမလား”

ထို့နောက် ဟိုဟိုဒီဲဒီ လိုက်ကြည့်ကာ ရှာနေသည်။

ရှောင်ဖန့်အမူအရာအရ သူ့တွင် ရတနာမရှိမှန်း သိသာ၏။

ဒါဆို ဘယ်သူယူသွားတာလဲ။

ပို၍ စိတ်ရှုပ်ရသည်မှာ ရှောင်ဖန်၏ဝှက်ဖဲများသည် သူနှင့် မကွာလှပေ။

ထို့ကြောင့် ယခုအချိန်တွင် သူ့ကိုသတ်ရန်လည်း မဖြစ်နိုင်သေး။

ဤသို့ဖြင့် တိုက်ပွဲရှည်ကြာနေသည်။

မည်သူမျှလည်း နောက်လှည့်၍ ထွက်မသွားရဲကြ။

ထိုစဉ် ချော်ရည်ကန်ထဲတွင် ပြောင်းလဲမှုများ ရုတ်တရက် ဖြစ်လာသည်။

ငြိမ်သက်နေသော ချော်ရည်များ ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားလာ၏။

မမြင်ရသော လက်ကြီးတစ်ခုမှ မွှေနှောက်နေသကဲ့သို့ ကြောက်စရာကောင်းလှသည်။

ရှောင်ဖန့်စိတ်ထဲ၌ ရှေးဝိညာဉ်၏အသံကို ကြားရသည်။

“ချော်ရည်ကန်က ထူးဆန်းနေပြီ… မကြာခင် ပေါက်ကွဲတော့မှာ… သူနဲ့ အချိန်ဖြုန်းမနေနဲ့ ချက်ချင်း ထွက်သွားရမယ်”

ရှောင်ဖန် မှင်တက်လျက်

“ဒါပေမဲ့ ကျွန်တော် ဘာရတနာမှ မရသေးဘူးလေ”

ရှေးဝိညာဉ်မှ

“မြေအောက်မီးတောက် ပေါက်ကွဲရင် ခြေတည်ဝိညာဉ် ကျင့်ကြံသူတောင် ဒဏ်ရာကြီး ရမှာ… ငါလည်း မကာကွယ်ပေးနိုင်ဘူး”

“အသက်ရှင်မှ နောက်နေ့ တိုက်ခိုက်နိုင်မှာပေါ့… ဒါမရလည်း တခြားအခွင့်အရေး ထပ်ရှာပေးပါမယ်ကွာ”

ရှောင်ဖန် သက်ပြင်းချလိုက်ပြီး

“ကောင်းပါပြီ သွားရအောင်”

သူ ချက်ချင်း မြေပြင်ပေါ်သို့ ခုန်ထွက်လိုက်၏။

ယဲ့ယန်လည်း ထူးခြားမှုကို သတိထားမိ၍ အနောက်မှ လိုက်ခုန်ထွက်လေသည်။

သူတို့လှေကားထိပ်ရောက်စတွင် မြေအောက်ထဲမှ ပေါက်ကွဲသံကြီးကို ကြားရ၏။

မီးဖို (၁၃) ပတ်ဝန်းကျင်အထိ တုန်ခါမှုကို ခံစားရသည်။

နှစ်ယောက်သား အချင်းချင်း ကြည့်ပြီးနောက် အားကုန်သုံး၍ စပြေးကြတော့၏။

အနောက်တွင် ထင်ထားသည့်အတိုင်း မီးတောက်ကြီးများ လိုက်လာနေသည်။

ထွက်ပြေးခြင်းကသာ သူတို့အတွက် ရွေးချယ်မှု ဖြစ်၏။

ပေ (၅၀၀)၊ ပေ (၄၀၀)၊ ပေ (၃၀၀)…

ဤသို့ဖြင့် ပို၍ နီးကပ်လာသည်။

ယဲ့ယန်မှာ အရင်တည်းက ကြိုပြင်ဆင်ထားသော မီးကြာပွတ်ကိုထုတ်၍ လက်မှမြဲမြဲကိုင်ကာ ရှောင်ဖန်အား တားလိုက်သည်။

ရှောင်ဖန်သည် တိုက််ခိုက်မှုကို ရုတ်တရက် ခုခံရသောကြောင့် နောက်ကျန်ခဲ့ပြီး ညာဘက်ခြေထောက်သည် မီးတောက်များစွဲသွား၏။

သူ နာကျင်စွာ အော်ဟစ်မိလေသည်။

ကံကောင်းစွာဖြင့် ရှေးဝိညာဉ်၏ အင်အားအရှိန်ကြောင့် အပြင်ရောက်ပြီး လွတ်သွားရ၏။

“ထွက်ပြေးရင်း တိုက်ခိုက်တယ်တဲ့… ငါတို့ သူ့ကို မသတ်နိုင်သလို သူလည်း မင်းကို မသတ်နိုင်ပါဘူး”

ရှေးဝိညာဉ်မှ ပြောသည်။

ယဲ့ယန်နှင့် ရှောင်ဖန်တို့ အချင်းချင်း မုန်းတီးစွာ စိုက်ကြည့်ရင်း တဖြည်းဖြည်း နောက်ဆုတ်ကာ တစ်လမ်းစီ ထွက်သွားကြတော့၏။

သူတို့ထွက်သွားပြီးမှ ရှန်မို သူ့လိုဏ်ဂူထဲမှ ထွက်လာသည်။

“စိတ်ဝင်စားစရာပဲ”

ရှန်မို ရေရွတ်ကာ ရယ်မောမိသည်။

အသေအကြေတိုက်ခိုက်ခဲ့ကြသော်လည်း လက်ဗလာဖြင့် ပြန်သွားရသည်မှာ သူ့အတွက်တော့ ရယ်စရာဖြစ်နေသည်။

“ချော်ရည်ကန်မှာ နည်းနည်း ပေါက်ကွဲသွားလို့ ဒီဘက်မှာ သိပ်မသိသာပေမဲ့ တခြားနေရာတွေလည်း အစဖြစ်သွားပြီ”

“နောက်ဆုံးမှာ မခန့်မှန်းနိုင်လောက်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်လာလိမ့်မယ်”

ရှန်မို သေချာပြန်တွေးမိ၏။

သူ လျှိုရူယွန်းနှင့် တွေ့စဉ်က ထိုမြေအောက်ပေါက်ကွဲမှုတွင် သူ့တာဝန်ပါနေကြောင်း သိထားသည်။

သို့သော် တိကျသောသက်သေမရှိဘဲ စွပ်စွဲလျှင် သူ့ကိုပြန်၍ ပစ်မှတ်ထားလိမ့်မည်။

“ဒါပေမဲ့ ဒီပေါက်ကွဲမှုက ထင်ထားတာထက်တော့ စောနေတယ်… ကံကြမ္မာ ပြောင်းသွားတာပဲ”

ရှန်မို တွေးတောရင်း သူ့ကံကြမ္မာကို ပြန်ကြည့်မိ၏။

[လတ်တလောဖြစ်စဉ်: (၁၀) ရက်အကြာတွင် လျှိုရူယွန်းမှ နားနေဆောင်၏ အရှေ့မြောက်ပိုင်းတွင် မီးနဂါး (၃) ကောင်ကို ထိန်းချုပ်နိုင်မည်။ နားနေဆောင်သို့ ခေါ်လာပြီး အကြီးအကဲများစွာ ပျက်စီးကြမည်။

ရှန်မိုသည် လုတုံရွှမ်၏ အကူအညီဖြင့် နားနေဆောင်မှ လွတ်ကာ အကြီးအကဲ (၃) နှင့်တွေ့မည်။ သူ့အကာအကွယ်ဖြင့် လုံးဝအသက်ရှင်မည်]

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောပေါက်သွား၏။

အဲ့လိုကိုး။

မြေအောက်မီးတောက် ပေါက်ကွဲရုံဖြင့် အားလုံးကို သတ်နိုင်မည်ဟု ယုံကြည်ချက်မရှိသောကြောင့် ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ ရုတ်တရက်အလွဲအချော်များ ဖြစ်နိုင်လေ၏။

ထိုအချိန်အတွင်း လျှိုရူယွန်းမှ မီးသားကောင်များကို ထိန်းချုပ်ရန် ပြင်ဆင်နေသည်။

မီးသားကောင်များတွင် အင်အားအကြီးဆုံးမှာ အဆင့် (၅) ထိပ်တန်းသာ ရှိသော်လည်း လူသား ခြေတည်ဝိညာဉ်ထိပ်ဆုံးနှင့် တူ၏။

ထို့ကြောင့် အရေအတွက် (၃) ကောင်ဖြင့် အကြီးအကဲများကို သေချာပေါက် ရှင်းနိုင်ပါသည်။

ရှန်မို တောက်ခေါက်၍ စိတ်ပျက်သွားမိသည်။

“သူ ဘာနည်းနဲ့ ထိန်းချုပ်မှာပါလိမ့်… မီးသားကောင် အမှုန့်လား”

“ဒါမှမဟုတ် ရုံးတော်က ဖန်တီးပေးတာလား”

အဂ္ဂိရက် (၉) သွယ်ဂိုဏ်း မီးတောက်ဆေးတိုက်ကို ထိန်းချုပ်စဉ်က မီးသားကောင်အမှုန့်ဖြင့် ထိန်းချုပ်ခဲ့ကြသည်။

သို့သော် သူတို့ဂိုဏ်း ပျက်စီးပြီးနောက် ကျန်ရှိသူများမှ ဆေးနည်းကို မီးရှို့ဖျက်ဆီးထားခဲ့သည်။

သို့သော် ရုံးတော်မှာမူ အင်အားကြီးသောကြောင့် ဆင်တူသောဆေးများ ဖန်တီးနိုင်တတ်၏။

All Chapters