ရှန်မိုသာ ရှိရင်
Vol. 18 Ch. 269
မီးဖို (၅) သို့သွားသောလမ်းမှာ အပျက်အစီးများ ပြည့်နေ၏။
လျှိုရူယွန်းမှာ ထိုအမှိုက်ပုံနောက်ကွယ်၌ ပုန်းအောင်းကာ မီးနဂါး (၂) ကောင်နှင်ဘ မီးကျီးကန်းအုပ်ကိုပါ ဖုံးကွယ်ပေးထားသည်။
သူ မီးဖို (၅) ကိုသာ စိုက်ကြည့်နေသည်။
မီးနဂါးကြီးများသည် ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးနေပြီး လျှိုရူယွန်းလည်း စိတ်ရှည်ရှည် စောင့်နေ၏။
သဲမီးတောက်များ အသားအရည်ကို လောင်ကျွမ်းနေသည်ကိုပင် မမှုချေ။
သူသည် ရုံးတော်မှ ပျိုးထောင်ပေးထားသော အစေခံတစ်ဦး ဖြစ်၏။
မျိုးဆက် (၃) ခုအထိ သစ္စာရှိခဲ့ကြသည်။
ကျောက်စိမ်းဂိုဏ်းထဲ ရောက်နေခြင်းမှာလည်း ရုံးတော်မှ စေခိုင်းမှုကြောင့်ပင်။
ယခုအခါ ရာစုနှစ် (၂) ခုမျှကြာပြီးနောက် သူ့တာဝန်အတွက် ဆုလာဘ်များ ရယူရန် အချိန်ကျလေပြီ။
သူ ထိုနေ့ကို အတော်ကြာအောင် စောင့်ခဲ့ရ၏။
ကျောက်စိမ်းဂိုဏ်းထဲ၌ တည်ဆောက်ခဲ့သော ပတ်သက်မှုများမှာ အပေါ်ယံဟန်ဆောင်ခြင်းသာ ဖြစ်သည်။
အချိန်ကျလျှင် အားလုံးကို တုံ့ဆိုင်းမှုမရှိ ထားခဲ့မည်။
“ရှန်မိုတို့၊ ဟီထျန်းချောင်တို့ ဘယ်သူမှလည်း မလာဘူး… မီးဖို (၉) ကို သွားနေကြတယ်ထင်တယ်”
“နှမျောစရာပဲ… ကိုယ်တိုင် သတ်ချင်တာကို”
လျှိုရူယွန်းမှာ ဆက်သွယ်ရေးကျောက်စိမ်းပြားကို ကိုင်လျက် ရေရွတ်၏။
သူ ထိုကျောက်စိမ်းပြားများ ပေးထားခြင်းမှာ ရည်ရွယ်ချက် ရှိလေသည်။
ထိုပစ္စည်းများကို ရှားပါးသတ္ထုများဖြင့် ပြုလုပ်ထားပြီး မီတာ (၅၀၀) အတွင်း အတူရှိလျှင် ပူလာသောကြောင့် ပစ်မှတ်ကို အလွယ်တကူ ရှာနိုင်၏။
ရှန်မိုမှာ အလွန်ထူးချွန်ပြီး ကံကောင်းကြောင်း သိထား၍ သူ့ကို အတတ်နိုင်ဆုံး အရင်ရှင်းရမည်ဟု တွေးထားသည်။
ထိုအချိန်တွင် မြေကြီးများ တုန်ခါလာသည်ကို ခံစားမိ၏။
“တစ်ယောက်ယောက် လာနေပြီ”
“ငါပြင်ပေးထားတာကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်”
လျှိုရူယွန်း ပြုံးကာထွက်သွား၏။
အင်အားကြီးသော မီးနဂါးကြီးများ၊ မီးကျီးကန်းအုပ်များသာ လက်ဆောင်အဖြစ် ထားခဲ့သည်။
ထို့အပြင် နေရာအစုံတွင် ထောင်ချောက်ဆင်ထားသေး၏။
မကြာမီ ယန်ဝူယွမ်သည် အကြီးအကဲ (၆) ဦးကို ဦးဆောင်ကာ ရောက်လာသည်။
အဝေးမှ လှမ်းကြည့်ရုံဖြင့် မီးနဂါးကြီးများ မီးဖို (၅) အောက်တွင် စောင့်နေသည်ကို သတိပြုမိ၏။
“မီးနဂါးတွေပဲ… လျှိုရူယွန်းလည်း ဒီနားမှာ ရှိနိုင်တယ်… တိုက်ခိုက်ကြ”
ယန်ဝူယွမ်မှ ပြောလိုက်သည်။
မီးနဂါးကြီးများလည်း သူတို့ကို သတိထားမိကာ ပြင်းထန်စွာ တိုက်ခိုက်တော့၏။
ယန်ဝူယွမ်ဘက်တွင် အရေအတွက်သာ၍ ချက်ချင်းပင် အသာစီးရလာသည်။
သို့သော် သူတို့ အောင်မြင်ပြီဟု ထင်ချိန်မှ အနောက်ဘက်တွင် မီးနဂါးကြီး (၃) ကောင်နှင့် မီးကျီးကန်းအုပ်များသည် အပျက်အစီးများကြားမှ ထွက်လာ၏။
ယန်ဝူယွမ်တို့ မျက်နှာများ ဖြူဖျော့သွားကြသည်။
“ပြေးတော့… အခုရှောင်ကြတော့”
ထိုစဉ် သားကောင်ကြီးများလည်း အုပ်မိုးသွားလေ၏။
…
အဆုံးမရှိ ကျယ်ပြန့်သော ကန္တာရနီထဲတွင် အစိမ်းရောင်ဝတ်ရုံဖြင့် လူတစ်ယောက် လျှောက်လာ၏။
ရှန်မို ဖြစ်လေသည်။
သူ မီးဖို (၁၃) မှထွက်ကာ နားနေဆောင်ဆီ သွားနေခြင်းပင်။
ခါးတွင် အိတ်တစ်လုံးချိတ်ထားပြီး မီးသားကောင်ဆေးများ ပါဝင်၏။
“ဟင်… မီးသားကောင်တွေ နီးလာပြီ… အတော်ပဲ”
ရှန်မို သူ့အနား နီးကပ်လာသော မီးကားကြီးများအား ချက်ချင်း အာရုံခံမိသွားသည်။
မကြာမီ သူ့ကို စူးရဲစွာစိုက်ကြည့်နေကြသော ကျားကြီးများ ပေါ်လာ၏။
ရှန်မိုပြုံးကာ ခါးမှအိတ်ကိုပုတ်လိုက်ပြီး မီးသားကောင် ထိန်းချုပ်ဆေးမှုန့်များ လေထဲပျံ့သွားသည်။
ခုန်အုပ်ရန်ပြင်နေသော ကျားကြီးများမှာ ရုတ်တရက် ကြမ်းတမ်းမှုများ ပျောက်ကွယ်၍ နူးညံ့စွာ မြေပေါ် ဝပ်သွားကြသည်။
အကောင်အသေးဆုံးမှာ ခွေးပေါက်လေးကဲ့သို့ လူးလိမ့်ပြနေသေး၏။
ရှန်မို ပြုံးမိ၏။
သူ ထင်ထားသည့်အတိုင်းပင်။
မီးသားကောင်များမှာ အရင်အတိုင်း ထိန်းချုပ်နိုင်နေသေးသည်။
လျှိုရူယွန်း၏ နည်းပညာကို စိုးရိမ်နေစရာ မလိုတော့ချေ။
“နားနေဆောင်ကို သွားမှပဲ”
ရှန်မို အမြန်ဆက်လာခဲ့သည်။
…
မီးတောက်ဆေးတိုက် အလယ်တွင် နားနေဆောင်ကြီး ရှိ၏။
နားနေဆောင်အပြင်ဘက်၌ အလောင်းများစွာ ရှိနေပြီး ကျင့်ကြံသူများဖြစ်သည်။
ထိုအခြေအနေကြောင့် အခြားသားကောင်များပါ ရောက်လာကြသော်လည်း အခြေအနေကို စောင့်ကြည့်နေကြ၏။
ထိုအချိန်တွင် ဟီထျန်းချောင်နှင့် ဝူယန်ဝေ့တို့မှာ အဖွဲ့ငယ်လေးကို ဦးဆောင်၍ ကျဆုံးသွားသော ကျင့်ကြံသူများအား လိုက်ရှာနေသည်။
ခုနလေးတင် ပြင်းထန်သော တိုက်ပွဲကြီးများကိုလည်း ကျော်ဖြတ်ခဲ့ရ၏။
“ဒီမှာတစ်ခု တွေ့ပြီ”
“ဒီမှာရောပဲ”
“ဟိုဘက်မှာ”
အလောင်းများစုကာ နားနေဆောင်ထဲ သိမ်း၍ မီးသားကောင်များ ထပ်သတိမထားမိစေရန် ကြိုးစားနေ၏။
နားနေဆောင်ထဲမှ အခြေအနေမှာလည်း မှုန်မှိုင်း စိတ်ဓာတ်ကျဖွယ်ရာပင်။
အကြီးအကဲအတော်များများ ဒဏ်ရာရထား၏။ ယန်ဝူယွမ် ရှင်သန်နေသော်လည်း သူ့လူတစ်ဝက် ပျက်စီးသွားလေပြီ။
ယဲ့ယန်ပင် ပြန်ရောက်နေ၏။
လူအင်အားမှာ အရေးကြီးနေသောကြောင့် ရန်ငြှိုးများ ထည့်မတွေးနိုင်သေးပေ။
“ရှန်မိုသာရှိနေရင်…”
ဝူယန်ဝေ့ သက်ပြင်းချကာ ဆိုသည်။
“သူက အင်အားကြီးပြီး ဉာဏ်ကောင်းတယ်… သူ အဖြေတစ်ခုခုရပြီး ရောက်လာမှာပါ”
“ဟုတ်တယ်… အကြီးအကဲရှန် မြန်မြန်ရောက်လာဖို့ပဲ မျှော်လင့်ပါတယ်”
ဟီထျန်းချောင် ခပ်လှမ်းလှမ်းကိုငေးကြည့်ကာ ပြော၏။
ကောင်းကင်ကြီးမှာ နီရဲလျက် ကြာကြာကြည့်လျှင် မျက်လုံးများပင် နာလာစေသည်။