ရှင့်မှာ လေပဲရှိပါတယ်
Vol. 18 Ch. 270
ယန်ဝူယွမ် နှာခေါင်းရှုံ့၍
“အခုချိန်ထိ ပြန်မလာသေးရင် အပြင်မှာ သေသွားလို့ပဲ”
လုတုံရွှမ် အေးစက်စက် စိုက်ကြည့်လိုက်သည်။
ယန်ဝူယွမ် ချက်ချင်း ကြက်သီးထကာ ငြိမ်သွား၏။
ဟီထျန်းချောင်နှင့် ဝူယန်ဝေ့တို့မှာ အချင်းချင်းကြည့်ရင်း စိုးရိမ်နေကြသည်။
ယန်ဝူယွမ်ပြောတာလည်း မမှားပါ။
အခုချိန်ထိ ပြန်မလာသေးလျှင် မီးသားကောင်ကြောင့်ဖြစ်စေ၊ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်စေ ပျက်စီးနေလေပြီ။
“ဟူး… လျှိုရူယွန်းက ဒီလိုမျိုး မီးသားကောင်တွေကို ထိန်းချုပ်ထားမယ်လို့ ဘယ်သူက ထင်မှာလဲ… အခုမှတော့ အကြီးအကဲ (၃) နဲ့ (၇) တို့ပါ အဆင်ပြေဖို့ မျှော်လင့်ရမှာပဲ”
“ထားလိုက်ပါတော့… သူတို့ကိုယ်တိုင်တောင် မနည်းကို”
ဟီထျန်းချောင် သက်ပြင်းချကာ ပြောသည်။
အကြီးအကဲများအပေါ် မျှော်လင့်ချက်များလည်း တဖြည်းဖြည်း ပျောက်ဆုံးလာ၏။
လျှိုရူယွန်းသည် အင်အားအကြီးဆုံး ထိုအကြီးအကဲ (၂) ဦးကို လွှတ်ထားမည်မဟုတ်ပါ။ ပိုအားကောင်းသော မီးသားကောင်ကြီးများနှင့်တွေ့ပြီး အသက်ရှင်ရန် ရုန်းကန်နေရလောက်သည်။
သူတို့ကို အရမ်းမျှော်လင့်နေ၍ မရပေ။
ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာဖြစ်သည်။
သို့သော် ထိုကဲ့သို့သားကောင်ကြီးများအား မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
ဂါး ဂါး ဝေါင်း!
အပြင်ဘက်မှ မီးသားကောင်ကြီးများ အော်ဟစ်သံကို ထပ်ကြားရသည်။
ယဲ့ယန် ပြတင်းပေါက်မှ လှမ်းကြည့်သောအခါ မီးဝံပုလွေနှင့် မီးကျားသစ် (၃၀) တို့ နားနေဆောင်အနီး ရောက်လာကြသည်ကို တွေ့ရသည်။
“ရောက်လာကြပြန်ပြီ… ဒီနေ့အတွက် (၅) ခေါက်မြောက်ပဲ”
ဝူယန်ဝေ့ ထိုစကားများကြောင့် ဆယ်စုနှစ်မျှ အိုစာသွားသလို ခံစားရသည်။
“နေဦး တစ်ခုခု မှားနေပြီ… အနောက်မှာလည်း အများကြီး ရှိလောက်သေးတယ်”
ဟီထျန်းချောင် မတ်တပ်ထရပ်ကာ မီးသားကောင်များ အနောက်ရှိအုပ်စုကို မျက်လုံးပြူးလျက် ကြည့်နေ၏။
သူတို့နောက်တွင် မီးနဂါးကြီးများ များစွာ လိုက်ပါလာသည်။
လုတုံရွှမ်တို့လည်း ထိတ်လန့်စွာ ငေးနေမိသည်။
“အရှေ့ဘက်က လာနေတာ… အနည်းဆုံး အကောင် (၅၀) လောက် ရှိတယ်”
“တောင်ဘက်မှာရောပဲ (၄၁) ကောင်”
“မြောက်ဘက်… ဘုရားသခင်… အပြည့်ပဲ”
ကျင့်ကြံသူများ မျက်လုံးပြူးနေကြတော့၏။
ထို့နောက် အခြေအနေကို သဘောပေါက်သွားသည်။
ဒီနေ့ နောက်ဆုံးနေ့ ဖြစ်၏။
လျှိုရူယွန်းမှာ တစ်ချီတည်းဖြင့် အပြီးသတ်ရန် ကြံစည်ထားပုံပင်။
မကြာမီ နားနေဆောင်ကို အားလုံးဝိုင်းမိသွားသည်။
မီးနဂါးကြီးများမှာ အထဲမှ အကြီးအကဲများအား စိုက်ကြည့်နေကြ၏။
“လျှိုရူယွန်းပဲ… သူ ရောက်လာပြီ”
“ဒီစုန်းမ… ငါ့အစ်ကို သူ့ကြောင့် သေခဲ့ရတာ… မီးတောက်ပေါက်ကွဲမှုမှာ အရှင်လတ်လတ် လောင်ကျွမ်းနေတာတောင် ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး”
“ငါကိုယ်တိုင် သတ်မယ်”
အကြီးအကဲတစ်ဦးမှ မျက်လုံးများနီရဲလျက် စိတ်ဝိညာဉ် မြှားကိုထုတ်ကာ ပစ်ရန် ပစ်လိုက်သည်။
“နေပါဦး… သူဘာပြောမလဲ နားထောင်ကြည့်တာပေါ့”
ယန်ဝူယွမ်မှ ဝင်ဟောက်၏။
လျှိုရူယွန်း ပြုံးလျက်
“အကြီးအကဲတို့ ဘာတွေတွေးနေလဲဆိုတာ သိပါတယ်… ကျွန်မ သက်ညှာပေးမယ်လို့ မျှော်လင့်နေတာမလား”
“အားတော့နာပေမဲ့ အဲ့လိုစိတ်ကူးတော့ မရှိဘူး”
“ရှင်တို့ သေတာကို လာကြည့်ရုံပဲ”
“ကျွန်မရဲ့ ဝါသနာလေးတစ်ခုပေါ့”
သူ ပါးစပ်လေးအုပ်ကာ နူးညံ့စွာ ရယ်မောရင်း မျက်ဝန်းများမှာတော့ စူးရှတောက်ပနေသည်။
သူ့အပြုံး၊ သူ့အမူအရာမှာ အကြီးအကဲများအတွက်တော့ ကြက်သီးထဖွယ်ရာပင်။
လျှိုရူယွန်း သားကောင်များအား အမိန့်ပေးရန် ပြင်လိုက်စဉ် တစ်ခုခု မှားနေသလို ခံစားရပြီး အနောက်ကို လှည့်ကြည့်လိုက်၏။
ထိုအခါ အစိမ်းရောင်ဝတ်ရုံဖြင့်လူကို တွေ့ရသည်။
သူတင်မက လုတုံရွှမ်၊ ယန်ဝူယွမ်၊ ယဲ့ယန်၊ ဟီထျန်းချောင်နှင့် အခြားအကြီးအကဲများလည်း ထိုလူကို ရင်းနှီးနေ၏။
“ရှန်မိုလား… အဲ့ဒါ ရှန်မိုမလား”
ဟီထျန်းချောင်တို့ မျက်လုံးပြူးကာ လန့်ဖျပ်နေသည်။
လုတုံရွှမ် အလွန်ဝမ်းသာလျက်
“ဂျူနီယာလေး မသေသေးဘူးပဲ”
“တကယ် သူ မသေသေးဘူးပဲ… ဒါပေမဲ့ အခုရောက်လာပြီဆိုတော့ သတ်သေတဲ့သဘောပဲ”
ယန်ဝူယွမ် မျက်မှောင်ကြုတ်ကာ ဆို၏။
ယဲ့ယန် တိတ်ဆိတ်နေသော်လည်း ရှန်မိုအား အေးစက်စက် စိုက်ကြည့်နေသည်။
မီးသားကောင်များ ရှန်မို့အပေါ် ခုန်အုပ်၍ တစ်စစီ ဆွဲဖြဲပစ်ရန် မျှော်လင့်နေ၏။
လျှိုရူယွန်း ရှန်မို့ကိုကြည့်၍ ရယ်မောကာ
“ရှန်မို… မင်းက တကယ် ထူးချွန်လွန်းတာပဲ… ငါ့စာရင်းထဲမှာ နံပါတ် (၁) လေ”
“အစကတော့ အဲ့နေရာက ယဲ့ယန်အတွက်ပေမဲ့ အခု မင်းဖြစ်သွားပြီ”
“မင်းက ငါ အသတ်ချင်ဆုံးလူပဲ…. အခုလို အရှေ့ကို ကိုယ်တိုင်ရောက်လာမယ်လို့တော့ မထင်ထားမိဘူး”
သူ မျက်လုံးလေးများပိတ်အောင် ရယ်မောနေပြန်သည်။
“ဂျူနီယာလေး ပြေးတော့… ငါ အချိန်ဆွဲပေးထားမယ်”
ဘုံး!
လုတုံရွှမ်မှာ နားနေဆောင်တံခါးကို ဆောင့်ကန်၍ ထွက်လာ၏။
ဟီထျန်းချောင်၊ ဝူယန်ဝေ့နှင့် အချို့အကြီးအကဲများလည်း အနောက်မှ ကပ်ပါလာသည်။
ရှန်မို ပြုံးကာ
“စီနီယာ မစိုးရိမ်ပါနဲ့”
“ကျွန်တော်ရှိနေရင် ဒီမီးသားကောင်တွေ လက်လွတ်စပယ် မလုပ်ရဲပါဘူး… စီနီယာလည်း အသက်ရှင်မယ်၊ ကျွန်တော်လည်း အသက်ရှင်မယ်၊ အားလုံး အသက်ရှင်ကြမှာပါ”
လုတုံရွှမ် မှင်တက်နေမိ၏။
ဟီချန်းချောင်နှင့် ဝူယန်ဝေ့လည်း ရှန်မို့ကို လှမ်းကြည့်ကာ
“ဘာတွေပြောနေတာလဲကွ”
သူတို့ ပို၍ မျက်မှောင်ကြုတ်နေကြသည်။
“ဘာပေါက်ကရတွေ ပြောနေတာလဲ”
“အကြီးအကဲ (၃) နဲ့ (၇) တို့ မရောက်မချင်း ငါတို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး”
“သူက ခြေတည်ဝိညာဉ်အဆင့်ပဲ ရှိသေးတာလေ… ဘာလုပ်နိုင်မှာမို့လို့လဲ”
သူ့ယုံကြည်ချက် မည်သို့ရလာမှန်း အကြီးအကဲများ နားမလည်နိုင်ဖြစ်နေကြသည်။
လျှိုရူယွန်းမှာ ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသကိုကြားသကဲ့သို့ ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်အောင် ရယ်မောနေသည်။
“ဒီမှာ မီးသားကောင်တွေ ဘယ်လောင်တောင်ရှိတယ် ထင်လို့လဲ”
“(၃၆၂) ကောင်နော်”
“အဲ့ထဲမှာ အဆင့် (၄) မီးနဂါးတွေလည်း ပါတယ်”
“အဆင့် (၅) က အကောင် (၅၀) ကျော်”
“ကျန်တာက အနိမ့်ဆုံး အဆင့် (၄) ပဲ”
“မင်းတော်တာ သိပါတယ်… မီးနဂါး (၂) ကောင်ကို သတ်လိုက်တာပဲ… အဲ့တုန်းက ဟီထျန်းချောင်ကို ကယ်လာတာတွေ့တော့ တော်တော်တောင် အံ့ဩသွားတာ”
“ဒါပေမဲ့ ဘယ်နှစ်ကောင်အထိ သတ်နိုင်မှာလဲ”
“(၅) ကောင်လား… (၁၀) ကောင်လား… အကောင် (၂၀) လား”
သူ ယုံကြည်ချက်အပြည့်ဖြင့် ပြုံးကာ ပြောလေသည်။
“လူသားတွေရဲ့အင်အားက အကန့်အသတ်ရှိတယ်လေ… ဒီလောက်အများကြီးတော့ ဘယ်လိုရင်ဆိုင်မှာလဲ”
“ဒါမှမဟုတ် ငါ ထွက်ပေါက်ပေးလိုက်မယ်”
“မင်းအရည်အချင်းက အရမ်းမြင့်တော့ ဒီနေရာမှာ သေသွားရမှာ နှမျောစရာပဲ… ကျောက်စိမ်းဂိုဏ်းကို ထားခဲ့ပြီး ရုံးတော်နဲ့ ပူးပေါင်းပါလား”
ထိုစကားကြောင့် အကြီးအကဲများပါ ဒေါသထွက်သွားကြသည်။
“သူ တကယ်ပဲ ရုံးတော်အတွက်ကိုး”
“ငါတို့ဆီကို ရာရာစစ သူလျှို ထည့်ရဲတယ်ပေါ့လေ… လုံးဝ ခွင့်မလွှတ်နိုင်ဘူး”
“အကြီးအကဲ (၂) က သူတို့ကိုယုံပြီး အထောက်အပံ့ရမယ် ထင်နေသေးတာ… ပေါက်ကရတွေ”
ရှန်မို သူ့ကိုကြည့်ကာ ခေါင်းယမ်း၍
“ငါ ဒီမှာသေမယ်လို့ ဘယ်သူပြောလဲ”
“ရှင့်မှာ လေပဲ ရှိတော့ပါတယ်”
သူ့အမူအရာမှာ လှောင်၍ပြုံးနေသည်။
“ကျွန်မက အခွင့်အရေး ပေးတယ်နော်… အလင်းကို မမြင်နိုင်ဘဲ အမှောင်ထဲပဲ နေမယ်ဆိုရင်တော့ ကျောက်စိမ်းဂိုဏ်းနဲ့အတူ သေလိုက်တော့”
“ဒီနေ့ ဒီလူတွေအကုန် ပျက်စီးရမယ်”
လျှိုရူယွန်း လက်ယမ်းလိုက်သောအခါ မီးသားကောင်များ အော်ဟစ် ဟိန်းဟောက်၍ ပြေးလာကြတော့သည်။