← Chapters

ယဲ့ယန် မင်းက တကယ်အရှက်မရှိဘူး

Vol. 18 Ch. 257

ယဲ့ယန် မင်းက တကယ်အရှက်မရှိဘူး

Vol. 18 Ch. 257

တစ်လအကြာတွင်။

“ဒါက သန့်စင်တဲ့ ခြေတည်ဝိညာဉ်ဆေးနည်းလား”

“ငါ့လက်ထဲကို လွယ်လွယ် ရောက်လာတာပဲ”

မှောင်မိုက်သော လိုဏ်ဂူထဲရှိ မီးဖို (၉) တွင် ရှန်မိုတစ်ယောက် အဝါရောင်စာရွက်ပိုင်းကို ကိုင်၍ အလွန်ပျော်ရွှင်နေသည်။ စာရွက်ထဲတွင် ဆေးနည်းများ ရေးထားပြီး ပြုလုပ်နည်းအဆင့်ဆင့်ကို အသေးစိတ် ပါရှိပါသည်။

ရှန်မိုကြည့်နေရင်း တက်ကြွကာ ချက်ချင်းပင် ဆေးဖော်ချင်လာသည်။

နားမလည်နိုင်သူများမှာတော့ ဆေးနည်းရှိလျှင်ပင် စာရွက်ကို ကြောင်တောင်တောင် ငေးကြည့်နေရမည် ဖြစ်၏။

“နည်းလမ်းက (၂) မျိုး ရှိတာပဲ”

ရှန်မို ရေရွတ်ကာ ဆက်ဖတ်ကြည့်သည်။

“ပထမနည်းက တိုက်ရိုက်ပဲ… ဆေးပင် (၁၂) မျိုးလိုတယ်… ဒါပေမဲ့ ငါ့မှာ တစ်ခုမှ မရှိဘူး… ဒုတိယကတော့ ဖြတ်လမ်းနည်းလိုမျိုး… သန့်စင်တဲ့ ခြေတည်ဝိညာဉ်ဆေးက ခြေတည်ဝိညာဉ်အထူးဆေးနဲ့ ပါဝင်ပစ္စည်း ဆင်တူတော့ နောက်ပိုင်းဆေး (၈) မျိုးနဲ့ အဆင့် (၅) မီးသားကောင်အမြုတေပေါင်းပြီး မွမ်းမံလို့ ရတယ်”

ရှန်မိုတွေးနေရင်း သိုလှောင်လက်စွပ်ထဲ ရှာလိုက်သောအခါ ခြေတည်ဝိညာဉ် အထူးဆေးများစွာနှင့် အဆင့် (၅) မီးသားကောင် အမြုတေတို့ ရှိနေ၏။

“ငါ့မှာ ခြင်္သေ့ဂူကရတဲ့ ဆေးမီးဖိုလည်းရှိတာပဲ… တစ်ခါမှတောင် မသုံးရသေးဘူး”

ရှန်မိုတွေးရင်း သိုလှောင်လက်စွပ်ထဲမှ ဖုန်တက်နေသည့် ဆေးမီးဖိုအား ထုတ်လိုက်သည်။ မီးဖိုသည် ခေါင်းတစ်လုံးအရွယ်အစားခန့်ရှိပြီး ရှေးဆန်သည့် အပင်ပုံများ ရေးထွင်းထား၏။

“ဒါပေမဲ့ ဒါက ထိပ်တန်း ဆေးမီးဖိုဆိုတော့ သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေးလောက် ဖော်ဖို့ကို အရမ်းများနေမလားပဲ… လုပ်နေရင်း ပေါက်ကွဲနိုင်တယ်”

သူ တွေးတွေးဆဆဖြင့် မီးဖိုအား ပြန်သိမ်းထားလိုက်သည်။

လတ်တလောတွင် အဆင့်နိမ့်မြေအဆင့် မီးဖိုမျိုး လိုအပ်၏။

“ဒီဆေးတိုက်ထဲမှာ မြေအဆင့်မီးဖိုတစ်ခုခုတော့ ရှိမှာပါ… ဒါကို သေချာရှာရမယ်”

ရှန်မို မတ်တပ်ထရပ်ကာ မြေအောက်ဂူထဲမှ ထွက်ရန် ပြင်လိုက်၏။

ထိုစဉ် ဆက်သွယ်ရေးကျောက်စိမ်းပြားမှာ ရုတ်တရက် တုန်ခါလာ၏။

လျှိုရူယွန်း ပေးခဲ့သောပစ္စည်းဖြစ်သည်။

ရှန််မို ချက်ချင်း ထုတ်၍နားထောင်လိုက်သည်။

“ဟီထျန်းချောင် ပြောနေတာပါ… ယဲ့ယန်နဲ့ ကျွန်တော် အခု မီးဖို (၉) ရဲ့ မြေမီးတောက်နားမှာ ရှိနေပါတယ်… အဆင့် (၅) မီးနဂါးကြီး (၂) ကောင် လိုက်နေလို့ နီးတဲ့ တစ်ယောက်လောက် လာကယ်ပါဦး… ကူညီပေးပါ”

ရှန်မို မျက်ခုံးပင့်မိ၏။

မီးနဂါးလား။

ထိုကဲ့သို့ မီးသားကောင်မှာ အလွန်ရှားပါး၍ မီးသားကောင် အမြုတေ ရှိတတ်သည်။ ထို့အပြင် ဟီထျန်းချောင်မှာ သူ့လူဖြစ်၍ ဒုက္ခရောက်နေသည်အား မသိချင်ယောင် မဆောင်နိုင်ပေ။

ယဲ့ယန်မှာတော့ ရှန်မို ဝင်မပါလျှင်ပင် သေမည့်ကံ မဟုတ်။ သူ့ကံကြမ္မာအခွင့်အရေးများအား ရှန်မို မကြာခဏ လုယူနေသည့်တိုင် အခွင့်အရေးအသစ်များ ပေါ်နေဆဲပင်။

ရှန်မို လိုဏ်ဂူထဲမှ အမြန်ပြေးထွက်၍ မီးဖို (၉) အောက်မှ မြေမီးတောက်နား သွားလေသည်။

မကြာမီ အသက်လု၍ ပြေးလာသည့် လူ (၂) ယောက်နှင့် မီးနဂါးကြီး (၂) ကောင်ကို တွေ့ရ၏။

ဟီထျန်းချောင်မှာ ဒဏ်ရာများအပြည့်ဖြင့် မီးငွေ့ကြောင့် မည်းတူးနေသည်။ သူ့စိတ်ဝိညာဉ်လက်နက်မှာ ပြာကျပြီးတာ ကြာလေပြီ။

ယဲ့ယန်မှာတော့ အခြေအနေ အနည်းငယ် ပိုကောင်း၏။ ဝတ်ရုံသည် အနည်းငယ်စုတ်ပြဲ ပျက်စီးနေသော်လည်း အေးစက်စက် အရှိန်အဝါမျိုး ခံစားနေရဆဲပင်။

နှစ်ယောက်ပူးပေါင်း၍ မီးနဂါးအသေးကို ယှဉ်နိုင်သော်လည်း ယခုအခါ အင်အားကြီး (၂) ကောင် ဖြစ်သောကြောင့် အခွင့်အရေးမရှိပေ။

ဟီထျန်းချောင် အံကြိတ်၍သာ အားကုန်ပြေးရ၏။

အကူအညီမလာမချင်း သူသေနိုင်သည့်အတွေးများ ပြည့်နေသည်။

ယခုနှစ် မီးတောက်ဆေးတိုက်အခြေအနေမှာ ပိုကြောက်စရာ ကောင်းလေသည်။

အရင်က ထိုကဲ့သို့ အင်အားကြီးသားကောင်များ မရှိဖူးပါ။

ယဲ့ယန် အနောက်လှည့်ကြည့်ရင်း အန္တရာယ်နီးလာသည့် အရိပ်အယောင် ခံစားမိ၏။

နတ်ဆိုးသားကောင် အလိုက်ခံရလျှင် သားကောင်ကို တုံ့ပြန်ရန် အချိန်မရှိပါ။ အဖော်ပါသူထက် မြန်အောင် ပြေးလျှင်ပြေး၊ မဟုတ်လျှင် အဖော်ကို အရှိန်နှေးအောင် ပြုလုပ်ခဲ့ရမည်။

ယဲ့ယန် ရုတ်တရက် အနောက်ဘက်ကို လက်ယမ်းလိုက်ရာ ဟီထျန်းချောင်အရှေ့၌ မီးဓားတစ်လက် ပေါ်လာ၏။

ဟီထျန်းချောင်လန့်ကာ အရင်ရှောင်လိုက်ရ၍ အရှိန်လျော့သွားပြီး မီးနဂါးများနှင့် ပိုနီးသွားသည်။

ဂါး!

သို့သော် စိတ်ဝိညာဉ်လက်နက်လည်း မရှိတော့၍ ခုခံရန် မဖြစ်နိုင်ပေ။

သူ့ခန္ဓာကိုယ် မြောက်တက်သွားကာ နောက်ကျောဘက်တွင် ဒဏ်ရာကြီးတစ်ခု ပေါ်လာ၏။

ဟီထျန်းချောင်မှာ နာကျင်လွန်း၍ အသံပင် မထွက်နိုင်ဘဲ အံကြိတ်ခံနေရသည်။

ယဲ့ယန်မှာ ထိုအခွင့်အရေးတွင် အမြန်ပိုပြေးသွားသည်။

ဟီထျန်းချောင် ဒေါသတကြီးလှမ်းကြည့်၍

“ယဲ့ယန် မင်းတကယ် အရှက်မရှိတာပဲ”

သူတို့နှစ်ယောက်ကြား ရန်ငြှိုးတစ်စုံတစ်ရာ မရှိသော်လည်း ယဲ့ယန်သည် သူ့ကို ဒိုင်းကာသဖွယ် အသုံးချ၍ ထွက်ပြေးသွား၏။

မည်သူက ဒေါသမထွက်ဘဲ နေမည်နည်း။

ဂါး!

ဟိန်းဟောက်သံကြီး ပိုကျယ်လာ၍ ဟီထျန်းချောင် တုန်ရီကာ မော့ကြည့်မိသည်။

မီးနဂါးကြီးများ သူ့အပေါ်ဘက်မှ အုပ်မိုးထားလေပြီ။

ဟီထျန်းချောင် အလွန်တုန်လှုပ်ကြောက်ရွံ့နေ၏။

ယခုလိုအခြေအနေတွင် မည်သူက ကယ်နိုင်တော့မည်နည်း။

ချွင်!

စူးရှထက်မြက်သော ဓားစွမ်းအင်တစ်ခု အရောင်လက်သွားပြီး မီးနဂါးကြီးတစ်ကောင်၏ ခေါင်းကို ရိုက်ချလိုက်သည်။

ထိုအခါ အစာလွတ်သွားသော မီးနဂါးကြီးသည် ဒေါသတကြီးဖြင့် အော်ဟစ်ရင်း တိုက်ခိုက်သူအား လှည့်ကြည့်၏။

“ဖယ်နေ”

ရင်းနှီးနေသောအသံတစ်ခု ထွက်လာပြီး မှင်တက်နေသော ဟီထျန်းချောင်လည်း တုန်တုန်ရီရီဖြင့် ထပြေးလေသည်။

ထို့နောက် အပေါ်ကို မော့ကြည့်လိုက်သောအခါ အစိမ်းရောင်ဝတ်ရုံဖြင့် လူတစ်ယောက်သည် မီးနဂါးကြီးများအား အသေအကြေ တိုက်ခိုက်နေသည်အား တွေ့ရ၏။

ဟီထျန်းချောင် မျက်ရည်များပင် ဝဲသွားသည်။

ရှန်မိုပဲ။

သူမိတ်ဆွေရွေး မမှားခဲ့ပေ။

သို့သော် အဆင့် (၅) ထိပ်ဆုံးနှင့် အလယ်အဆင့်ရှိသော မီးနဂါးကြီးများကို ရှန်မို ယှဉ်နိုင်ပါ့မလား စိုးရိမ်မိ၏။

ဂါး ဂါး ဂါး!

မီးနဂါးကြီးများ ဒေါသတကြီး အော်ဟစ်ရင်း ပါးစပ်ထဲမှ မီးလုံးများ ပစ်လွှတ်၏။

ရှန်မိုမှာ ယင်-ယန်ဓားဖြင့် ကောင်းစွာ ခုခံထားပြီး မီးလုံးများ လေထဲတွင် ပေါက်ကွဲကုန်သောကြောင့် ကောင်းကင်၌ မီးရှူးမီးပန်းများသဖွယ် ဖြစ်နေသည်။

ဟီထျန်းချောင် မယုံကြည်နိုင်စွာ လှမ်းကြည့်ရင်း ရေရွတ်မိ၏။

“ဒါက ယင်-ယန် တွဲဖက် ဓားသိုင်းမလား… သူ ဘယ်ကနေ တတ်လာတာလဲ”

All Chapters