မီးတောက် အကုန် ကုန်ပြီဆိုရင် ငါ့အလှည့်ပဲ
Vol. 18 Ch. 258
တစ်ဖက်တွင် ယဲ့ယန်မှာ မိုင်ပေါင်းများစွာ အဝေးသို့ ရောက်သွားလေပြီ။ နဂါးကြီးများ၏ အော်သံကြောင့် စိတ်ဝင်စားကာ ပြန်တော့လှည့်ကြည့်မိ၏။
အစိမ်းရောင်ဝတ်ရုံဖြင့် လူတစ်ဦးမှာ မီးနဂါးကြီးများဖြင့် တိုက်ခိုက်နေသည်။
“ရှန်မိုလား”
ယဲ့ယန် မျက်နှာပျက်သွား၏။
“ဒါက ယင်-ယန် တွဲဖက်ဓားသိုင်းက ယင်ဓားစွမ်းအင်လေ”
“သူ ဘယ်လိုလုပ် အဲ့လောက် မြန်မြန်ကျွမ်းသွားတာလဲ”
ယဲ့ယန် မျက်မှောင်ကြုတ်နေသည်။
ရှန်မို စာကြည့်တိုက်တွင် ထိုကျင့်စဉ် ရွေးလိုက်ချိန်က ယဲ့ယန် နှာခေါင်းရှုံ့၍ အရွေးမှားပြီဟု တွေးခဲ့သည်။ သို့သော် ယခုတော့ မှားယွင်းသည်က သူဖြစ်နေလေပြီ။
တစ်နှစ်အတွင်း ရှန်မိုတစ်ယောက် ယင်-ယန် ဓားသိုင်းအား တတ်မြောက်၍ ယဲ့ယန်သာဆိုလျှင် အနည်းဆုံး အချိန် (၃) နှစ်မျှ ပေးရလိမ့်မည်။
ယဲ့ယန်မျက်နှာအလွန်ပျက်၍ ကောင်းကင်မှ တိုက်ပွဲကို ပြန်လှမ်းကြည့်မိပြန်သည်။
မီးနဂါးကြီး (၂) ကောင်လည်း မီးလုံးများဖြင့် ပြန်မှုတ်နေပြီး ကောင်းကင်တစ်ဝက်ခန့် နီရဲနေ၏။ ရှန်မို့ခန္ဓာကိုယ်လည်း မီးတောက်များကြား ပျောက်နေလေသည်။
ယဲ့ယန် ရုတ်တရက် ပြုံးသွား၏။
ငါကိုယ်တိုင် မီးနဂါးကို မယှဉ်နိုင်ပေမဲ့ ရှန်မိုလည်း ငါ့ထက်တော့ အင်အားမကြီးနိုင်ပါဘူး။ နဂါး (၂) ကောင်လုံးကို တစ်ပြိုင်တည်း ရှင်းပစ်တယ်လား။ အသက်ရှင်လျက် ထွက်ပြေးနိုင်ရင်တောင် ကံကောင်း။
ယဲ့ယန် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ရှန်မိုသာ သေသွားလျှင် အကောင်းဆုံး ဖြစ်၏။
အကယ်၍ ရှန်မိုနှင့် ဟီထျန်းချောင်တို့ လွတ်လာလျှင်လည်း သူကိုယ်တိုင် ရှင်းပစ်မည်ဟု တွေးလိုက်သည်။
“ရှန်မို မင်း ပေါ်ကို မလာသင့်တာ… သူရဲကောင်းလိုလိုနဲ့ လာကယ်နေသေးတယ်”
ယဲ့ယန် ရေရွတ်ပြောဆိုရင်း လှမ်းကြည့်နေ၏။
သူ ရှန်မို့ကို သတ်ချင်နေသည်မှာ အလွန်ကြာခဲ့ပြီဖြစ်သော်လည်း အခွင့်အရေး မရခဲ့ချေ။ ယခုတော့ တစ်သက်မှာ တစ်ခါသာရမည့် အခွင့်အရေး ပေါ်လာလေပြီ။
အပေါ်ဘက်တွင် မီးနဂါးကြီးများ အဆက်မပြတ် မီးမှုတ်၍ မုန်တိုင်းသဖွယ် ဖန်တီးထားသည်။
မြေပြင်၌ ဟီထျန်းချောင်တစ်ယောက် သတိလစ်လျက် လဲနေပြီး ကောင်းကင်ကို မှင်တက်စွာ မော့ကြည့်နေ၏။
ဒီမီးအဆင့်က… ခြေတည်ဝိညာဉ် အလယ်အဆင့် ကျင့်ကြံသူတောင် ပြာကျနေလောက်ပြီ… ရှန်မိုရော ခံနိုင်ရည် ရှိပါ့မလား။
“ရှန်မို… ကျွန်တော့်ကြောင့် ဒုက္ခရောက်ရပြီ”
ဟီထျန်းချောင် မျက်ရည်များ စီးကျ၍ ပြော၏။
သူသာ လှမ်းမခေါ်လိုက်လျှင် ရှန်မိုလည်း လာစရာမလိုဘဲ ဤသို့ သေဆုံးရမည် မဟုတ်ပါ။ အားလုံး သူ့အမှားကြောင့်ပင်။
“ရှန်မိုက ငါ့အတွက် အဖိုးတန်တဲ့အချိန်တွေ အများကြီး ဖန်တီးပေးခဲ့တယ်… ငါ အသက်ရှင်မှ ဖြစ်မယ်… ဝူယန်ဝေ့တို့ကိုခေါ်ပြီး ရှန်မို့အတွက် ယဲ့ယန်ကို ပြန်လက်စားချေမယ်… ဒီနဂါးတွေကိုလည်း သတ်ပစ်မယ်”
ဟီထျန်းချောင် အားကုန်သုံး၍ ရုန်းကန်ကာ ထလာသည်။
ထို့နောက် ကောင်းကင်မှ မီးလုံးကြီးများကို တစ်ချက် လှမ်းကြည့်၍ အမြန်ပြေးလေ၏။
“မီးတောက်တွေ ကုန်ပြီလား… ဒါဆို ငါ့အလှည့်ပေါ့”
မီးပင်လယ်ကြားမှ တည်ငြိမ်သော အသံတစ်ခု ထွက်လာသည်။
ဟီထျန်းချောင် ပြေးနေရင်း လန့်ဖျပ်ကာ ကောင်းကင်ကို ဖြည်းဖြည်းချင်း မော့ကြည့်၏။
မီးနဂါးကြီး (၂) ကောင်မှာ မီးမှုတ်ရလွန်း၍ အားအင်ကုန်ခမ်းပြီး အသံလာရာဘက်သို့ မယုံနိုင်စွာ လှမ်းကြည့်နေသည်။
ရုတ်တရက် အပြာရောင်မီးတောက်များ တောက်ပလာပြီး အရင်မီးပင်လယ်အား ဝါးမျိုသွား၏။
မီးနဂါးကြီးများ၏ မီးတောက်မှာ သာမာန် မီးသားကောင် စွမ်းအင်ဖြစ်ကာ အကန့်အသတ်ရှိလေသည်။
ယခု ရှန်မို့ထံမှ မီးတောက်ပြာသည် ကြာပြာအမြုတေမှ ရသည့် ကောင်းကင်မီးတောက် ဖြစ်၏။
ရှန်မိုသည် တည်ငြိမ်စွာရပ်နေပြီး ဝတ်ရုံအစိမ်းမှာတော့ တလွင့်လွင့် လှုပ်ခတ်နေ၍ အရှိန်အဝါကြီးအား ပိုခံစားရစေသည်။
ခုနက မီးပင်လယ်သည် သူ့ကို အနည်းငယ်မှ မထိခိုက်ခဲ့ချေ။
ဟီထျန်းချောင် မြေပြင်ပေါ်မှ လှမ်းအော်၏။
“အသက်ရှင်တယ်နော် အသက်ရှင်တယ်ကွ”
ရှန်မိုမှာ မီးနဂါးကြီးများကိုသာ စိုက်ကြည့်၍
“မင်း သေရမယ့်အချိန် ကျပြီ”
သူ လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် ဓားတစ်လက် ပေါ်လာပြီး အဖြူနှင့်အနက် စွမ်းအင်များ မြွေကဲ့သို့ ရစ်ပတ်၍ ထွက်လာ၏။
ပိုကြီးသောနဂါးမှာ အန္တရာယ်ကို ခံစားမိပြီး ချက်ချင်း ခုခံလေသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်း ရှန်မို ပျောက်သွားကာ လျှပ်စီးတစ်ခုသာ ကျန်ခဲ့၏။
နဂါးကြီး လန့်သွားသည်။
ထို့နောက် သူလိုက်ရှာနေစဉ် ဓားရှည်ကြီးတစ်လက်မှာ စွမ်းအင်အပြည့်ဖြင့် အကောင်ပိုသေးသော နဂါးအား ထိုးချလိုက်၏။
အဆင့် (၅) အလယ်အဆင့် အင်အားကြီးလှသော မီးသားကောင်မှာ ခုခံချိန်ပင် မရလိုက်ဘဲ အသက်ဆုံးသွားလေပြီ။
ဟီထျန်းချောင် မျက်လုံးပြူးကာ ကြည့်နေမိ၏။
“ဒီလောက် အချိန်တိုအတွင်းမှာ မြန်လိုက်တာ”
“ဓားစွမ်းအင်ကရော… ဘာပါလိမ့်… မီးနဂါးအကောင်ငယ်ကို တစ်ချက်တည်း သတ်လိုက်နိုင်တယ်”
ခပ်လှမ်းလှမ်းမှ ကြည့်နေသော ယဲ့ယန်ပင် မှင်တက်နေ၏။
သူ ထိုနဂါးအကောင်သေးကို တစ်ယောက်ချင်း တိုက်ခိုက်လျှင် သတ်နိုင်မည်ဟု တွေးထားသော်လည်း ဤမျှလောက်တော့ မမြန်ချေ။
“ဒီဓားစွမ်းအင်က… အင်အားကြီး စိတ်ဝိညာဉ်လက်နက်ကြောင့်ပဲ… အနည်းဆုံး မြေအဆင့် ထိပ်တန်း ဖြစ်လောက်တယ်”
ယဲ့ယန်မှာ ကြည့်ရင်းကြည့်ရင်း ပိုမနာလိုဖြစ်ပြီး ပူလောင်လာ၏။
ရှန်မို့တွင် အဘယ်ကြောင့် ရတနာအားလုံး ရှိနေသနည်း။ သူ့အတွက် တရားမျှတသော ကံကြမ္မာ ဘာကြောင့် မရှိသနည်း။
ဂါး ဝေါင်း!
အကောင်ပိုကြီးသော နဂါးမှာ သူ့အဖော် သေဆုံးသွား၍ ပိုဒေါသထွက်နေ၏။
ရှန်မို့ကို အသေအကြေ တိုက်ခိုက်တော့သည်။
“မင်းက မပြေးဘဲ တိုက်ခိုက်တယ်ပေါ့လေ… မင်းဘဝရဲ့ အမှားဆုံး ဆုံးဖြတ်ချက်ပဲ”
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် ရှန်မိုမှ တွဲဖက်ဓားကို တစ်ဖန်မြှောက်ကိုင်လိုက်ပြန်သည်။
“ခုနကနည်းနဲ့ဆိုရင် မပြေမှာစိုးလို့ ဒီနေ့တော့ မင်းကို တွဲဖက်ဓားသိုင်းနဲ့ ပို့ပေးလိုက်မယ်”
ရှန်မို ပြောပြောဆိုဆိုနှင့် လက်ထဲမှဓားကို ခုတ်လွှဲချလိုက်၏။
ချက်ချင်းပင် ဓားချီစွမ်းအင် (၂) မျိုး ပျံ့နှံ့၍ ကောင်းကင်ကိုပါ အဖြူနှင့်အနက် ဖုံးလွှမ်းကာ မီးပင်လယ်လုံးဝ ပျောက်ကွယ်သွားသည်။
စွမ်းအင်များအချင်းချင်း ထပ်ပေါင်းစည်း၍ ကောင်းကင်မှာ မီးခိုးရောင် ဖြစ်သွားလေ၏။
မီးခိုးရောင်။
သေခြင်းတရား၏ အဓိပ္ပာယ်။
ယင်-ယန်တွဲဖက်ဓားသိုင်း တတိယအဆင့်။
ထိုမျှမကသေး။
ရှန်မို့ ပုံရိပ်ငယ်ထဲတွင် ခြေတည်ဝိညာဉ်မှာ ရွှေရောင်ဆေးကို ပိုက်လျက် မျက်လုံးများ ပွင့်လာပြီး လက်ချောင်းသေးသေးများ လှုပ်ရှားနေ၏။
ပုံရိပ်ငယ်တွင် ရွှေရောင်စွမ်းအင် ရရှိနေလေပြီ။
“ဝှစ်”
ထိုစဉ် ရှန်မို အေးစက်စွာဖြင့် ဓားကို လွှဲချလိုက်၏။
မီးနဂါးကြီးသည် နေရာ၌ပင် မှင်တက်ရင်း မကြာမီ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း ပြတ်ထွက်ကုန်သည်။
ကောင်းကင်မီးခိုးရောင်မှာ စွမ်းအင်ပြင်းထန်၍ မည်သူမျှ စေ့စေ့ မကြည့်ရဲကြပေ။
ဟီထျန်းချောင်လည်း မျက်လုံးပြူးလျက် မယုံနိုင်အောင် ဖြစ်နေ၏။
ယဲ့ယန်မှာ အစပိုင်း မှင်တက်နေရာမှ ရုတ်တရက် ကြောက်စိတ် ပိုဝင်လာသည်။
ထို့နောက် ရှန်မို့ကို တစ်ချက်ကြည့်ကာ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။