ဆေးရည်များ ပျက်စီးခြင်း
Vol. 18 Ch. 264
ထိုအချိန်တွင် ရုတ်တရက် တစ်ကိုယ်လုံး ယားယံလာသလို ခံစားရ၏။
သူ့အရေပြား၊ အသွေးအသား တစ်နေရာချင်းစီတွင် အင်အားကြီးစွမ်းအင်များ ပြည့်ဝလာမှန်း သိသာသည်။
ရှန်မို သူ့အရေပြားကို ဖိကြည့်သောအခါ မာကျစ်နေမှန်း သိသာသည်။
ကိုယ်တိုင်ပင် အနည်းငယ် အံ့ဩသွား၏။
“ဒီလောက်အချိန်လေးအတွင်းမှာ တော်တော် တိုးတက်လာတာပဲ”
“အနန္တမီးတောက်လို့ ခေါ်ကြတာ မဆန်းပါဘူး”
ရှန်မို ကျေနပ်နေလေသည်။
သူ ကြာနီမီးတောက်ကို ထိန်းကျောင်းစဉ်ကလည်း ခန္ဓာကိုယ်တိုးတက်မှုကို သိသိသာသာ ခံစားရ၏။
ယခုအခါ နေစွမ်းအင်မီးတောက်ပါ ထပ်ပါလာ၍ အရင်ထက် စွမ်းအင်ပိုကြီးလာလေသည်။
လှုပ်ရှားလေ့ကျင့်ခြင်းမဟုတ်ဘဲ ထိုင်၍ ကျင့်ကြံခြင်းဖြင့်ပင် အခြားပုံမှန်လူများထက် တိုးတက်နှုန်း ပိုမြန်၏။
ကျင့်စဉ်ကိုသာ သေချာကျင့်ကြံလျှင် သူ့အရှိန်မှာ အံ့ဩမှင်တက်လောက်အောင် ဖြစ်လိမ့်မည်။
“သူ လုံးဝ ဖွံ့ဖြိုးလာမယ့်အချိန်ကို အရမ်း မျှော်လင့်နေမိပြီ”
“သေချာပေါက် အင်အားပိုကြီးမှာပဲ”
ရှန်မို အလွန်စိတ်လှုပ်ရှားနေ၏။
ထိုအချိန်တွင် မီးဖို (၁၁) အပေါ်ဘက်၌။
အကြီးအကဲ (၇) သည် မီးတောက်စွမ်းအင် ပြောင်းလဲသွားသည်ကို ခံစားမိပြီး မျက်နှာအမူအရာ ပြောင်းသွား၏။
“ဘာဖြစ်တာလဲ”
“မီးတောက်အင်အားက ရုတ်တရက် ပိုပိုပြီး အားနည်းလာတယ်”
အကြီးအကဲ (၃) လည်း ငြိမ်၍ သေချာဂရုစိုက်ကြည့်လိုက်ပြီး ခံစားမိသွားသည်။
သူပြောတာ မှန်နေ၏။
မီးတောက်အရင်းအမြစ် ပြောင်းလဲသွားသည်။
“ဘယ်လိုဖြစ်လို့လဲ”
အကြီးအကဲ (၇) ဒေါသတကြီးဖြင့်
“ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ဆေးတွေအကုန် ပျက်စီးတော့မယ်”
အကြီးအကဲ (၃) ချောင်းဟန့်၍
“အရမ်း မစိုးရိမ်ပါနဲ့… စိတ်ရှုပ်နေတာတော့ သိပေမဲ့ ဒေါသထွက်နေလို့ ဖြေရှင်းပြီးတာမှ မဟုတ်တာ”
“မီးဖို (၁၁) ကို မီးတောက် တည်ငြိမ်လို့ ရွေးထားတာလေ… ဒါပေမဲ့ အခု ဒီလိုဖြစ်လာမယ်လို့မှ မသိတာ”
“ခဏစောင့်ကြည့်ရင် ပြန်အဆင်ပြေရင် ပြေလာမှာပါ”
အကြီးအကဲ (၇) မျက်စောင်းသာ ထိုးနေ၏။
မဟုတ်တာတွေ။
“မဖြစ်ဘူး… ငါ အောက်ဆင်းပြီး သွားကြည့်လိုက်ဦးမယ်… စိတ်ဝိညာဉ်ဆေးတွေက အရေးကြီးတဲ့အဆင့် ရောက်နေပြီ… ဒီအချိန်ခဏအတွင်း မတိုးတက်လာရင် အကုန် ပျက်စီးသွားလိမ့်မယ်”
အကြီးအကဲ (၇) အံကြိတ်ကာ ပြောရင်း အကာအကွယ် ကျင့်စဉ်သုံး၍ မီးတောက်အရင်းအမြစ်ရှိရာသို့ ဝင်သွား၏။
ချော်ရည်ကန်သို့ သွားရသည့်လမ်းမှာ အနည်းငယ်လှမ်းပြီး သူ လမ်းတစ်ဝက်မျှတွင် မီးတောက်စွမ်းအင်များ ပြင်းထန်စွာ စိမ့်ထွက် ပေါက်ထွက်လာသည်။
အကြီးအကဲ (၇) အလွန်လန့်သွားပြီး မျက်လုံးပြူးလျက် အမြန်ပြေး၏။ တစ်ချိန်တည်းတွင် ခုခံရေးကျင့်စဉ်ကိုလည်း သုံးကာ မီးတောက်ပေါက်ကွဲမှုကို ခုခံနေသည်။
ဘုံး!
ကောင်းကင်တွင် မီးရှူးမီးပန်း ဖောက်သကဲ့သို့ ပေါက်ကွဲနေ၏။
မကြာမီ မီးဖို (၁၁) ကိုပါ ဖောက်ထွက်ကာ ကြောက်စရာ မိုးခြိမ်းသံကြီးနှင့်အတူ မီးဖို (၁၁) ပြိုကျလေသည်။
အထဲမှ ဆေးရည်များလည်း ချော်ရည်များထဲ ဖိတ်စင်ကုန်၏။
ထိုအခါ မျက်စိတစ်မှိတ်အတွင်း ရေငွေ့ပျံ၍ ကောင်ကင်ပေါ်သို့ ပျောက်ကွယ်သွားလေသည်။
အဟွတ်!
အကြီးအကဲ (၇) မှာ မီးစွမ်းအင်ကြောင့် ထိခိုက်ပြီး သွေးပါအန်လေ၏။
အကြီးအကဲ (၃) လည်း ရုတ်တရက် မှင်တက်နေပြီးမှ အမြန်ပြေးလာကာ ထူပေးလိုက်သည်။
အကြီးအကဲ (၇) ၏ ဝတ်ရုံများလည်း မီးလောင်ကျွမ်းကာ အသားအရည်ပါ ထိခိုက်ကုန်သည်။
ဆံပင်နှင့် မုတ်ဆိတ်မွေးများတော့ လုံးဝ မရှိတော့ချေ။
“ဟေ့ ဟေ့ ဟေ့ အဆင်ပြေရဲ့လား”
နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူမှာ မြေအဆင့်မီးတောက်ကြောင့် ဤမျှထိခိုက်သွားမည်ဟု မထင်ထားချေ။
အကြီးအကဲ (၇) အန်သမျှ သွေးများပင် ချက်ချင်း အငွေ့ပျံကာ ခြောက်သွေ့ကုန်၏။
“ငါပုံစံက အဆင်ပြေနေပုံ ပေါ်လို့လား”
အကြီးအကဲ (၇) အံကြိတ်ကာ အပြစ်တင်သေးသည်။
“အဟမ်း… မသေရင်ပဲ တော်သေးတာပေါ့ဗျာ… ကဲပါ အနာသက်သာဆေး မြန်မြန် သောက်လိုက်ဦး”
သူ အကြီးအကဲ (၇) ပါးစပ်ထဲ ဆေးအချို့ ထည့်ပေးလိုက်၏။
ထိုအခါမှ နည်းနည်း အသက်ရှူနိုင်လာသည်။
သို့သော် ဒေါသတကြီးဖြင့်
“ဒီမီးတောက်အရင်းအမြစ်ကတော့ကွာ… ရုတ်တရက်ကြီး ဘာလို့ ပေါက်ကွဲရတာလဲ”
“အကြီးအကဲ (၃) မင်းသွားကြည့်လိုက်ဦး… အဲ့ထဲမှာ တစ်ခုခု ဖြစ်နေပြီ”
အကြီးအကဲ (၃) မှာ ဂူကို လှမ်းကြည့်ပြီးနောက် ခေါင်းတွင်တွင် ယမ်းနေတော့သည်။
လာနောက်နေတာလား။
ခင်ဗျားတောင် ဝင်သွားပြီး ဒီလိုဖြစ်လာတာကို ကျွန်တော်ဝင်လည်း ဒီပုံပဲ ဖြစ်မှာမလား။
“ငါ့ဆေးရည်တွေ”
အကြီးအကဲ (၇) မှာ ပြန့်ကျဲပျောက်ဆုံးသွားသော ဆေးရည်များကို ကြည့်၍ အာခေါင်ခြစ်ကာ အော်မိသည်။
ချစ်သူကို ဆုံးရှုံးရသကဲ့သို့ ဖြစ်နေ၏။
ထိုဆေးများသာ အောင်မြင်လျှင် အနည်းဆုံး ဆေးအလုံးရေ (၁၀၀) ခန့် ထုတ်နိုင်လေပြီ။
သို့သော် ယခုတော့ ဆေးရည်များ အလဟဿ ဖြစ်ရုံသာမက မီးဖိုပါ ပျက်စီးသွားလေသည်။
သူ ပြန်သွားလျှင် အခြားအကြီးအကဲများကို မည်သို့ မျက်နှာပြရတော့မည်နည်း။
ရှက်စရာကောင်းသော သတင်းဆိုးများကို ပြောရမည်လား။
အကြီးအကဲ (၃) မှာတော့ ကူညီရုံသာ လိုက်လာ၍ သူ့တာဝန်မရှိလှပေ။ သူ့ဆေးများလည်း သပ်သပ် ကျန်သေးသည်။
“အကြီးအကဲ (၃) ရဲ့ပစ္စည်းတွေ ငှါးပေးပါလား”
အကြီးအကဲ (၇) မှာ ရွေးချယ်စရာမရှိတော့၍ သူ့ဘက် လှည့်လာ၏။
အကြီးအကဲ (၃) ပြုံးလျက်
“ကျွန်တော်ကြားထားတာတော့ အကြီးအကဲ (၇) မှာ အဆင့်မြင့်စိတ်ဝိညာဉ်လက်နက် မြေအဆင့်နဲ့ အဆင့် (၅) နတ်ဆိုးကျောက်မျက်ကို မွမ်းမံတာဆို”
အကြီးအကဲ (၇) စိတ်ထဲမှ ကြိတ်ဆဲလိုက်သော်လည်း မကျေနပ်ကြောင်းပြ၍ မဖြစ်ပါ။
မည်သို့ပင်ဖြစ်စေ အကြီးအကဲ (၃) ပြောသည်အား သဘောတူရတော့မည်။
တစ်ဖက်တွင်။
ရှန်မိုမှာ ခြေရာဖျောက်၍ ပြန်ထွက်လာပြီး မီးဖို (၁၁) ဘက် လှမ်းကြည့်လိုက်သည်။
မီးဖိုမှာ ပျက်စီး၍ မီးတောက်ငွေ့များ ထွက်နေသည်။
ဆေးရည်များမှာမူ မတွေးရဲစရာပင်။
ထိုအခါမှ အခြေအနေကို သဘောပေါက်သွားသည်။
“သူတို့ရဲ့ ဒီကျင့်ကြံမှုက အနည်းဆုံး နှစ် (၅၀၀) လောက် ကြာတာပဲ”
“ဟောင်းနေတာလည်းပါတော့ ပြင်းထန်တဲ့ အင်အားကို ခံနိုင်ရည်မရှိဘဲ ပြိုကျသွားပြီ”
“ဆိုးလိုက်တာ”
“တကယ် စိတ်မကောင်းပါဘူး”
ရှန်မို ရေရွတ်ကာ ချက်ချင်း ပြန်သွားတော့၏။
ထို့နောက် ဟီထျန်းချောင်ပြောသည့်နေရာသို့ ထိပ်တန်း မြေအဆင့် ဆေးမီးဖိုရှာရန် ထွက်လာခဲ့သည်။