ငါ့အခွင့်အရေးကို ဘယ်သူမှ မယူနိုင်ဘူး
Vol. 18 Ch. 265
ရက်အနည်းငယ်အကြာတွင်။
ယဲ့ယန် မီးဖို (၁၁) သို့ ပျော်ရွှင်စွာ ရောက်လာ၏။
နားနေဆောင်မှ ထွက်လာပြီးနောက် သူ ထူးဆန်းသော အိပ်မက်တစ်ခု မက်ခဲ့လေသည်။
မီးဖို (၁၁) သို့ ညွှန်ပြနေသည့်အိပ်မက် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သွားကြည့်လိုက်တာ မမှားဟု တွေးကာ ယဲ့ယန် ထွက်ခွါလာသည်။
လမ်းတစ်လျှောက်တွင် ကံကောင်းပြီး အဂ္ဂိရက် (၉) သွယ်ဂိုဏ်း အဆင့် (၄) အကြီးအကဲ၏ တိုကင်ကို ရလာသည်။
ထို့ကြောင့် အကာအကွယ်အတော်များများကို အန္တရာယ်မရှိဘဲ အလွယ်တကူ ကျော်ဖြတ်နိုင်လာလေသည်။
သူ အရင်က မရောက်သောနေရာများပင် သွားနိုင်နေ၏။
ယခုတော့ မီးဖို (၁၁) အခြေသို့ ရောက်နေသည်။
သို့သော် မြင်ရသော အခြေအနေကြောင့် အံ့ဩနေမိသည်။
“အကြီးအကဲ (၇) လည်း ဆေးဖော်ဖို့ ရှိနေရမှာ မဟုတ်ဘူးလား… ဘာလို့ ပြိုကျနေတာလဲ”
ယဲ့ယန် မျက်လုံးပြူး၍ နားမလည်နိုင်ဖြစ်နေ၏။
“တစ်ခုခု ရှိတယ်… တစ်ခုခုက ငါ့ကို ခေါ်နေတယ်”
ယဲ့ယန် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ပြီးနောက် ခုခံရေး အကာအကွယ်တစ်ခု တွေ့ရသည်။
သူ့မျက်လုံးများ လင်းလက်သွား၏။
အရင်က သူသာဆိုလျှင် တိုကင်မရှိ၍ ဝင်နိုင်မည် မဟုတ်ပါ။
သို့သော် ယခုတော့ ကံကြမ္မာမှ မျက်နှာသာပေးကာ အလွယ်တကူ ဝင်နိုင်လေပြီ။
ယဲ့ယန် စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ခဏထိန်းပြီးမှ အကြီးအကဲတိုကင်ထုတ်၍ ဝင်သွားလိုက်သည်။ ထိုအခါ ထင်ထားသည့်အတိုင်း အတားအဆီးမရှိတော့ဘံ ဖြတ်သန်းနိုင်လေ၏။
ထို့နောက် အောက်ဘက်သို့ဆင်းသည့် လှေကားကို တွေ့ရာ ယဲ့ယန် ပျော်ရွှင်စွာ သွားသည်။
လမ်းအဆုံးတွင် ချော်ရည်ကန်ကြီးအား တွေ့ရတော့၏။
“ဒီလိုကိုး… လက်နက်လုပ်၊ ဆေးဖော်ဖို့ ချော်ရည်ကန်ဆီ ခေါ်လာပေးတာပဲ”
“ဒါပေမဲ့ တစ်ခုခု ရှိဦးမယ့်ပုံပဲကို”
“ရတနာကို ဖွက်ထားတာလား”
ထို့နောက် သက်ပြင်းချကာ သဘောပေါက်သွားသလိုဖြင့်
“သိပြီ… ငါ့ကို ကျင့်ကြံစေချင်လို့ ဖြစ်မယ်”
သူချက်ချင်း တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံလေ၏။
အကြီးအကဲတိုကင်ရှိနေ၍ပဲလား၊ သူ့စိတ်ကူးကြောင့်လေလားမသိ ချက်ချင်း စိတ်တည်ငြိမ်လာသည်။
မျက်လုံးများမှိတ်လျက် ကျင့်ကြံနေသော်လည်း ခန္ဓာကိုယ်မှာ အလိုလို လှုပ်ရှားနေ၏။
ချက်ချင်း မတ်တပ်ထရပ်ကာ လက်များလည်း လှုပ်နေသည်။
ပတ်ဝန်းကျင်မှ မီးတောက်စွမ်းအင်များ အားလုံး စုစည်း၍ ကြီးမားသော ဓားရှည်ကြီးပုံ ပေါ်လာသည်။
သူ့အရင် မီးဓားနှင့်ယှဉ်လျှင် အရှိန်အဝါချင်း အလွန် ကွာခြားလေသည်။
ဓားပေါ်မှ ပုံရိပ်များပင် ထင်ရှားလှပ၏။
“ခုတ်မယ်”
သူ ရုတ်တရက် ခပ်တိုးတိုး ရေရွတ်လိုက်ရာ ဓားကို အလိုလို အင်အားအပြည့်ဖြင့် ခုတ်မိသည်။
ထိုအခါ ချော်ရည်ကန်သည် အလိုလို ကွဲပြားသွားပြီး မှောင်မိုက်သော ချောက်နက်သဖွယ် ပေါ်လာသည်။
ယဲ့ယန် မျက်လုံး ပြန်ပွင့်လာကာ တွေ့ရသော မြင်ကွင်းကြောင့် အလွန်မှင်တက်နေမိသည်။
“လောင်ကျွမ်းနှလုံးသားဓားသိုင်း… ငါ တတ်ပြီးသားပဲ”
ထိုဓားသိုင်းကို သူ့ဆရာ ယန်ချီယဲ့ကိုယ်တိုင် သင်ပေးထားခြင်း ဖြစ်၏။
ဆရာတပည့်ချင်းတိုက်ရိုက် သင်ကြားပေးခြင်းဖြစ်၍ ဂိုဏ်းအမှတ်သီးသန့် မလိုပါ။ ဆရာ့အတွက် အနည်းအကျဉ်း ပေးလျှင်ရပါသည်။
ရက်အနည်းငယ် ကြာသောအခါ။
လောင်ကျွမ်းနှလုံးသားဓားသိုင်းတွင် မီးတောက်ဓား၊ ပျက်စီးခြင်း၊ နေစွမ်းအင်တို့ ပါဝင်၏။
ယဲ့ယန်မှာ ပထမကျင့်စဉ် (၂) ခုကို အလွယ်တကူ တတ်မြောက်ပြီးသော်လည်း တတိယကျင့်စဉ် နေစွမ်းအင်ကိုတော့ (၃) နှစ်လုံး ကြိုးစားနေရသည်။
ယခုအခါ ချော်ရည်ကန်ထဲ၌ ချော်ရည်စွမ်းအင်များ တွေ့ကာ တတိယကျင့်စဉ်ကို တတ်မြောက်သွားတော့၏။
“ထင်ထားတဲ့အတိုင်းပဲ… ငါ့အခွင့်အရေးမလို့ ပြပေးတာကိုး”
“ဘယ်သူမှ မယူနိုင်ဘူးကွ”
ယဲ့ယန် အားရပါးရ ရယ်မောကာ ကျေနပ်နေသည်။
သူ၏ပိုကြီးသော အခွင့်အရေးကို လူတစ်ယောက် ယူသွားပြီးသည်ကိုတော့ မသိချေ။
ခြောက်သွေ့နေသော သစ်ပင်ကြီးမှာ မြေကွက်လပ်၌ ထီးထီးကြီး ရှိနေ၏။
သစ်ကိုင်းများ၌ မီးကျီးကန်းများ နားနေသောကြောင့် အပူရှိန်အနည်းငယ် ခံစားရသည်။
ခပ်လှမ်းလှမ်းမှ ကျီးကန်းများလည်း ထပ်ပျံလာသောကြောင့် နတ်ဆိုးအုပ်ကြီးဟုပင် ထင်ရသည်။
သူတို့၏ အော်ဟစ်သံများမှာလည်း ပတ်ဝန်းကျင်တွင် စူးရှဆူညံနေ၏။
ထိုသစ်ပင်ကြီးအောက်တွင် လျှို့ဝှက်လိုဏ်ဂူရှိနေမည်ဟု မည်သူမျှ ထင်မည် မဟုတ်ပါ။
ထိုထဲတွင် ရှန်မိုတစ်ယောက်တည်း အဂ္ဂိရက်အတွက် ပြင်ဆင်နေသည်။
ထိုနေရာမှာ လူသူအရောက်အပေါက် နည်းနိုင်၍ ကြိုတင်စီစဉ်ထားခြင်းဖြစ်၏။
ပို၍စိတ်ချရရန် အကာအကွယ်နှင့် အဆောင်အင်းများပါ ချထားသည်။
ထို့နောက် တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံလေသည်။
သူ့အရှေ့တွင် ရှေးကျသော ဆေးမီးဖိုကြီးရှိပြီး သားကောင်မီးဖိုဟု ခေါ်ကြသည်။
မီးဖိုမျက်နှာပြင်တွင် ရှားပါးသားရိုင်းကောင်များပုံကို ထွင်းထုထား၏။
နတ်ဆိုးကျောက်မျက်ကိုသာ လောင်စာအဖြစ် အသုံးပြုလျှင် ပိုကောင်းသည်။
“သွေးအကြေးခွံဆေးနဲ့ စလိုက်တာပေါ့… အဆင့် (၅) နတ်ဆိုးကျောက်မျက် (၃) ခုတောင် ရှိတာဆိုတော့ ဆေးလည်း (၃) လုံး သေချာပြီ”
“ပြီးရင် သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေးအတွက် လုပ်ရမယ်”
ရှန်မို အပြင်ဘက်ကို လုံးဝဂရုမစိုက်နိုင်ဘဲ အဂ္ဂိရက်၌သာ အာရုံထားလေ၏။
ယဲ့ယန်နှင့် ရှောင်ဖန်တို့ တွေ့သွားကြမည်ကိုလည်း မစိုးရိမ်ပါ။ မီးတောက်ဆေးတိုက်မှာ အလွန်ကျယ်၍ သွားလာရန် အလွန် အချိန်ပေးရသည်။
တစ်ရက်အကြာတွင် သွေးအကြေးခွံဆေးများ အောင်မြင်စွာ ဖော်စပ်ပြီးသွား၏။
“မဆိုးပါဘူး… ပထမဆုံးအကြိမ်မှာတင် အောင်မြင်တာပဲ”
နှစ်ရက်အကြာ၌ သွေးအကြေးခွံဆေးများအား တစ်ဆင့် ဖော်စပ်ရာတွင် (၁၁) လုံး ရရှိလေည်။
ပထမတစ်လုံးတွင် (၃) ခု၊ ဒုတိယနှင့် တတိယ၌ (၄) ခုစီ ရ၏။
ရှန်မို တွေဝေမနေဘဲ ဆေးတစ်လုံး ချက်ချင်း သောက်လိုက်သည်။
ထိုအချိန်အတွင်း သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေးများအား စဖော်ရန် ပြင်ဆင်ထား၏။
(၅) ရက်အကြာ၌ ရှန်မို ဆေး (၁၁) လုံး အားလုံး ကျင့်ကြံမှုပြီးသွားပြီး သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေး (၂) လုံးပါ သောက်လိုက်သည်။
သူကျင့်ကြံနေရင်း အဆင့်တက်တော့မည်ကို ခံစားမိ၏။
နောက်ထပ် သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေး (၃) လုံးမျှ ထပ်ရလျှင် သေချာပေါက် အဆင့်တက်နိုင်လေပြီ။
“အရေးအကြီးဆုံး ရတနာကို ရှာရမယ့်အချိန်ပဲ”
ရှန်မို မီးဖို (၁၃) ထံ တန်းလာခဲ့သည်။
အဂ္ဂိရက် (၉) သွယ် ကျင့်စဉ်နဲ့ ထိုက်ရိ သူတော်စင်ဆေး ရှိသည့်နေရာပင်။