← Chapters

အခန်း (၁၉၈၁)

Vol. 139 Ch. 1981

အခန်း (၁၉၈၁)

Vol. 139 Ch. 1981

"ငါတို့ ရှာဖွေနေတဲ့သူက ကျန်းဝူကောင်းကင်နယ်မြေမှာ ရှိနေတာ အမှန်ပဲ"

ဆံဖြူလူငယ်က သူ၏ လက်ဖဝါးရှိ အနက်ရောင်တံဆိပ်ပြားကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

ဤအနက်ရောင် တံဆိပ်ပြားသည် သူတို့ ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ နာမည်ကျော် ဝိညာဥ်ရှာဖွေတံဆိပ်ပြား ဖြစ်ပြီး ၎င်းတံဆိပ်ပြားမှတစ်ဆင့် သူတို့ ရှာဖွေလိုသည့် ပစ်မှတ်ကို ခြေရာခံနိုင်သည်။

သို့သော် ဤတစ်ကြိမ် သူတို့ ခြေရာခံမည့် ပစ်မှတ်သည် အလွန် ဝေးကွာနေသောကြောင့် ဝိညာဥ်ရှာဖွေတံဆိပ်ပြားကို အသုံးပြုသည့်တိုင် အကြမ်းဖျင်း ညွှန်ပြမှုကိုသာ ခံစားသိရှိနိုင်ခဲ့သည်။

ယခုအခါတွင်မူ ဝိညာဥ်ရှာဖွေတံဆိပ်ပြားသည် သူ့ဘာသာသူ စတင် ခံစား သိရှိလာခဲ့ချေပြီ။

ပစ်မှတ်က သူတို့နှင့် နယ်မြေ အတူတူ ဖြစ်နေမှသာလျှင် ဝိညာဥ်ရှာဖွေတံဆိပ်ပြားသည် ဤကဲ့သို့ ပြောင်းလဲလာလိမ့်မည် ဖြစ်၏။

"မထင်မှတ်ဘဲ ဒီလူက ကျန်းဝူကောင်းကင်နယ်မြေမှာ ရှိနေတာဆိုတော့ တကယ်ကို ဟန်ကျတာပဲ"

ပိန်ပါးပါးလူငယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အစ်ကို အချိန်မဆွဲဘဲ သူ့ကို အမြန်ဆုံး ရှင်းလိုက်ပြီး နန်းတော်သခင်ဆီ အစီရင်ခံဖို့ ပြန်သွားကြရအောင်"

ဤမစ်ရှင်အတွက် နန်းတော်သခင်သည် သူတို့အား ဝိညာဥ်ရှာဖွေတံဆိပ်ပြား တစ်ခုသာ ပေးအပ်ခဲ့ပြီး နတ်ကုန်းမြေတိုက်မှ ထွက်ခွာစေကာ အဆုံးမဲ့ထာဝရဟင်းလင်းပြင်ရှိ ပစ်မှတ်ကို လိုက်လံ ရှာဖွေစေခဲ့သည်။

ဝိညာဥ်ရှာဖွေတံဆိပ်ပြားသည် သူတို့အား ခန့်မှန်းခြေ နေရာကို ညွှန်ပြပေးနိုင်သော်လည်း အဆုံးမဲ့ ထာဝရဟင်းလင်းပြင်တွင် ရှာဖွေရခြင်းမှာ ပင်လယ်ထဲတွင် အပ်ပျောက် ရှာသကဲ့သို့ ဖြစ်သည်။

ထို့ကြောင့် ဤတာဝန်ကို ပြီးမြောက်ရန် အနည်းဆုံး ဆယ်နှစ် သို့မဟုတ် နှစ်ရာပေါင်း များစွာ ကြာမြင့်လိမ့်မည်ဟု သူတို့ မူလက ထင်ထားခဲ့သည်။

သို့သော် သူတို့ နတ်ကုန်းမြေတိုက်မှ တောင်ဘက် လမ်းတစ်လျှောက်လုံးရှိ ထာဝရဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီးနောက် ပထမဆုံး ခြေချမည့် နယ်မြေသို့ ရောက်ရှိလာသည့်အခါ ပစ်မှတ်၏ တည်နေရာကို တွေ့ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယင်းက သံဖိနပ်များ စုတ်ပြဲသွားသည်အထိ ရှာဖွေရခြင်းမျိုး မဟုတ်ဘဲ အားစိုက်ထုတ်စရာ မလိုဘဲ တွေ့ရှိခြင်းပင်။

ဆံဖြူလူငယ်က ပိန်ပါးပါးလူငယ်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

"ပေါ့ဆမနေနဲ့.. သခင်က မင်းနဲ့ ငါ့ကို ကိုင်တွယ်ခိုင်းမှတော့ အဲဒီလူက သာမန်မဟုတ်တာ သက်သေပြဖို့ လုံလောက်တယ်"

"အစ်ကိုက တခြားသူတွေကို အမွှမ်းတင်ပြီး ကိုယ့်ကိုယ်ကိုယ် သိက္ခာချနေတာပဲ.. နတ်ကုန်းမြေတိုက် ပြင်ပကနေ မွေးဖွားလာတဲ့ ပါရမီရှင် ဆိုတာ ကျွန်တော့် မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပါဘူး"

ပိန်ပါးပါးလူငယ်က ဆံဖြူလူငယ်၏ စကားများကို အလေးအနက်မထား သကဲ့သို့ နှုတ်ခမ်းကို တွန့်ကွေးကာ ပြောလိုက်သည်။

သူတို့နှစ်ဦးသည် နတ်ဘုရားနယ်မြေရှိ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သော ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

နှစ်ဦးလုံးက ဝိညာဥ်နတ်ဆိုးဘုရားကျောင်းမှ ဂရုတစိုက် ပျိုးထောင်ထားသော လက်ရွေးစင် ကျင့်ကြံသူများ ဆိုလည်းမမှားပေ။

သူတို့၏ ကျင့်ကြံခြင်း အဆင့်သည် နယ်မြေနတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မဟာကောင်းကင်နတ်ဘုရားအဆင့်ဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် ကြယ်တစ်ပွင့်အရှင်များလည်း ဖြစ်သည်။

သူတို့၏ ခွန်အားဖြင့် ဆိုလျှင် ထာဝရဟင်းလင်းပြင်ရှိ ကောင်းကင်အရှင် အစောပိုင်း အဆင့်ပင် သူတို့၏ ပြိုင်ဘက်များ မဖြစ်နိုင်ပေ။

နန်းတော်သခင်က သူတို့ကို လိုက်လံဖမ်းဆီးရန် အမိန့်ပေးထားသော လူသည် အလွန်ငယ်ရွယ်ပုံရသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ် တစ်ဦးသာ ဖြစ်သည်။

ဤအနက်ရောင်ဝတ် လူငယ်သည် ထာဝရဟင်းလင်းပြင်တွင် မွေးဖွားလာသူ ဖြစ်ရာ ၎င်း၏ ပါရမီသည် မည်မျှပင် ဆွဲဆောင်မှု ရှိစေကာမူ သူတို့နှင့် မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။

"ဟွမ်ချုံ.. နတ်ကုန်းမြေတိုက် ပြင်ပက ကျင့်ကြံသူတွေကို အထင်မသေးပါနဲ့"

"ထာဝရဟင်းလင်းပြင်မှာ ရှိတဲ့ နယ်မြေတွေက နတ်ကုန်းမြေတိုက်ကို အဘက်ဘက်က မယှဉ်သာပေမဲ့ နတ်ကုန်းမြေတိုက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ကျင့်ကြံသူတွေက ဒီနယ်မြေတွေကနေ ထွက်ပေါ်လာကြတာပဲ"

ဆံဖြူလူငယ်က ထိုစကားကို ပြောပြီးနောက်တွင် ချက်ချင်းပင် ဝိညာဥ်ရှာဖွေတံဆိပ်ပြားကို အသုံးပြုကာ ပစ်မှတ်၏ ဦးတည်ရာကို အာရုံခံလိုက်သည်။

ယင်းနောက်တွင် သူတို့နှစ်ဦးသည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ တောင်ဘက်သို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။

-----------------

ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ အစည်းအဝေး ခန်းမ။

ကျန်းချန်နှင့် အရှင်ဖုန်းချီတို့သည် ဘေးချင်းကပ်လျက် ထိုင်နေကြသည်။

ရုတ်တရက် ကျန်းချန်သည် တစ်စုံတစ်ရာကို ဝိုးတဝါး ခံစားမိလိုက်သကဲ့သို့ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး မြောက်ဘက်အရပ်သို့ လှမ်းကြည့်လိုက်သည်။

ဤအချိန်တွင် ကျန်းချန်သည် မြောက်ဘက်အရပ် ကနေ လျှို့ဝှက်ဆန်းကြယ်သော တစ်စုံတစ်ယောက်၏ ချောင်းကြည့်ခြင်းကို ခံရသကဲ့သို့ ခံစားလိုက်ရသည်။

အရှင်ဖုန်းချီက ကျန်းချန်၏ ထူးဆန်းသော အမူအရာကို သတိပြုမိသဖြင့် သံသယဖြင့် မေးလိုက်သည်။

"ညီနောင်ကျန်းချန်.. ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး"

ကျန်းချန်က ခေါင်းခါလိုက်သော်လည်း သူ၏ စိတ်ထဲတွင် ပို၍ သတိထားလာခဲ့သည်။

သူ့ကို ချောင်းကြည့်နေသည့် အင်အားက ဝေးကွာနေသော်လည်း ကျန်းချန်သည် အမှန်တကယ် ခံစားမိခဲ့သည်။

ထိုကဲ့သို့ အကွာအဝေးမှ သူ့ကို ချောင်းကြည့်နိုင်ရန်မှာ သာမန်ကောင်းကင်အရှင် တစ်ဦးပင်လျှင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ဟု သူထင်ခဲ့သည်။

ယင်းကြောင့် သူ့ကို ချောင်းကြည့်ခဲ့သူသည် သာမန်လူ မဟုတ်သည်မှာ ထင်ရှားနေ၏။

သူက ကျန်းဝူကောင်းကင်နယ်မြေတွင် အချိန်အကြာကြီး မနေရသေး၍ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းနှင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတို့မှ လွဲ၍ ကျန်းဝူကောင်းကင်နယ်မြေရှိ အခြား ထိပ်တန်း အင်အားစုများနှင့် အဆက်အသွယ် မရှိခဲ့ပေ။

သို့ဆိုလျှင် မည်သူက သူ့ကို လျှို့ဝှက်စွာ စောင့်ကြည့်နေပါသနည်း။

ယင်းမှာ ကျန်းဝူနတ်ဂိုဏ်း၏ လက်ချက် ဖြစ်နိုင်ပါသလော။

ကျန်းဝူ ကောင်းကင် နယ်မြေတွင် ကျန်းဝူနတ်ဂိုဏ်းသာ သူ့ကို စောင့်ကြည့်နိုင်သည့် စွမ်းရည် ရှိမည်ဟု သူထင်သည်။

ကျန်းချန် လျှို့ဝှက်စွာ တွေးနေစဉ် ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ အကြီးအကဲများသည် အရှင်ဖုန်းချီ၏ ဆင့်ခေါ်မှုအောက်တွင် ခန်းမထဲသို့ တစ်ဦးပြီး တစ်ဦး ရောက်ရှိလာခဲ့သည်။

မကြာမီ ခန်းမထဲတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ အကြီးအကဲ ဆယ်ဂဏန်းခန့် စုဝေးခဲ့ကြသည်။

သူတို့က အရှင်ဖုန်းချီနှင့် ဘေးချင်းကပ်လျက် ထိုင်နေသော ကျန်းချန်ကို ကြည့်နေကြ၏။

သူတို့၏ မျက်ဝန်းများတွင် စူးစမ်းသော အမူအရာများ ထင်ဟပ်နေသည်။

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ အသက်ခပ်ကြီးကြီး အကြီးအကဲ တစ်ဦးက မေးလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်.. ဒီတစ်ကြိမ် ငါတို့ကို ဘာအတွက် ဆင့်ခေါ်လိုက်တာလဲ ဆိုတာ သိချင်ပါတယ်"

"မိတ်ဆက်ပေးရဦးမယ်.. ဒီက ညီနောင် ကျန်းချန်က ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို ဖွင့်လှစ်ဖို့ ငါ အထူးဖိတ်ခေါ်ခဲ့တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးပါ"

အရှင်ဖုန်းချီက ပြုံးရွှင်စွာဖြင့် လူတိုင်းကို မိတ်ဆက်ပေးလိုက်သည်။

အရှင်ဖုန်းချီ၏ စကားကိုကြားလျှင် ခန်းမတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

"မျိုးနွယ်စုခေါင်းဆောင်.. ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို ဖွင့်ဖို့ဆိုတာ သာမန်ကိစ္စ မဟုတ်ဘူး.. သူ တကယ် လုပ်နိုင်ပါ့မလား"

အကြီးအကဲများက ကျန်းချန်ကို ကြည့်ကာ သံသယ အမူအရာများ ဖြစ်ပေါ်နေကြသည်။

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ နတ်ဘုရင် အဆင့် ရတနာ ဖြစ်သည့် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်နှင့် ပတ်သက်၍ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ အကြီးအကဲများသည် ကောင်းစွာ သိရှိထားကြသည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို ဖွင့်လှစ်ရန် ကြိုးစားခဲ့သော်လည်း မည်သူမျှ မအောင်မြင်ခဲ့ပေ။

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို ဖွင့်လှစ်ပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ သွားလိုလျှင် ကောင်းကင် နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို အနည်းဆုံး နှစ်ကြိမ် ချိုးဖျက်နိုင်သူမှသာ မျှော်လင့်ချက် ရှိမည်ဟု ထင်ရသည်။

ယနေ့ ကျန်းဝူ ကောင်းကင်နယ်မြေတွင် နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် ကျန်းဝူနတ်ဂိုဏ်း၌သာ ထိုကဲ့သို့ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ရှိ၏။

သူတို့ရှေ့မှ လူငယ်လေးသည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေပါသလော။

"စိတ်ချပါ"

အရှင်ဖုန်းချီက ယုံကြည်မှုရှိစွာ ပြုံး၍ ပြောလိုက်သည်။

"ညီနောင်ကျန်းချန်သာ ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ရဲ့ အသိအမှတ်ပြုမှုကို မရရှိရင် ဒီကမ္ဘာမှာ ဘယ်သူမှ တတ်နိုင်တော့မှာ မဟုတ်ဘူး"

"ကျန်း.. ကျန်းချန်လား"

အရပ်ရှည်ရှည်နှင့် ဆံပင်ရွှေရောင်ရှိသည့် လူငယ်တစ်ဦးသည် တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်သွားကာ မယုံကြည်နိုင်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။

"သူက ကုဟွမ်တောင်မှာ အရှင်ရွှယ်ကျီနဲ့ တိုက်ခိုက်ဖို့ ချိန်းဆိုခဲ့တဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား ကျန်းချန်လား"

ဆံပင်ရွှေရောင်နှင့် လူငယ်က ထိုစကားကို ပြောလိုက်သည်နှင့် ချက်ချင်းပင် ခန်းမထဲ၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

ကျန်းချန်ကို ကြည့်နေသော လူတိုင်း၏ မျက်ဝန်းများတွင် ဤအချိန်၌ ဖုံးကွယ်၍ မရနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ရှိနေခဲ့၏။

ကျန်းချန်နှင့် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေးတို့ ကုဟွမ်တောင်တွင် တိုက်ခိုက်ရန် ချိန်းဆိုခဲ့သည်ကို သူတို့ ကြားသိခဲ့ကြသည်။

အကယ်၍ ဤအဆုံးအဖြတ် တိုက်ပွဲ ကျင်းပမည့် နေရာကသာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုနှင့် ဝေးကွာခြင်း မရှိသည့် အပြင် သူတို့က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို စောင့်ရှောက်ရန်လည်း မလိုအပ်ခဲ့လျှင် လောကကို တုန်လှုပ်စေသော တိုက်ပွဲကို သွားရောက် ကြည့်ရှုကြလိမ့်မည် ဖြစ်၏။

ကျန်းချန်က ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်သော်လည်း အရှင်ရွှယ်ကျီ ကဲ့သို့ ကျန်းဝူကောင်းကင်နယ်မြေမှ ဝါရင့် ကောင်းကင်အရှင်နှင့် ရင်ဆိုင်ရာတွင် ရှုံးနိမ့်နိုင်ခြေ ပိုများသည်ဟု မူလက သူတို့ ထင်ခဲ့ကြသည်။

သို့သော် ကျန်းချန်သာ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင် အရှင်ဖုန်းချီ၏ ဖိတ်ကြားချက်ဖြင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသို့ ရောက်လာနိုင်မည် မဟုတ်ပေ။

ယင်းမှာ ကုဟွမ်တောင် တိုက်ပွဲတွင် ဤလူငယ်သည် သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့် ခွန်အားဖြင့် အရှင်ရွှယ်ကျီကို အနိုင်ယူခဲ့သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလား။

အခန်း(၁၉၈၁) ပြီး၏

All Chapters