← Chapters

အခန်း (၁၉၈၂)

Vol. 139 Ch. 1982

အခန်း (၁၉၈၂)

Vol. 139 Ch. 1982

"ဟုတ်တယ်..သူက ကုဟွမ်တောင်မှာ အရှင်ရွှယ်ကျီကို အနိုင်ယူခဲ့တဲ့ ကျန်းချန်ပဲ"

အရှင်ဖုန်းချီက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် လူတိုင်းကို လှမ်းကြည့်ကာ မေးလိုက်သည်။

"ညီနောင်ကျန်းချန်ကို ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ဖွင့်ဖို့ ငါတောင်းဆိုတာနဲ့ ပတ်သက်ပြီး မင်းတို့ ကန့်ကွက်စရာရှိလား"

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ ကျင့်ကြံသူများသည် ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ကြသည်။

ကျန်းဝူ ကောင်းကင်နယ်မြေသည် ခွန်အားမနိမ့်သော နယ်မြေတစ်ခုဟု သတ်မှတ်နိုင်သော်လည်း အဓိက အင်အားစုများထဲမှ ထိပ်တန်း ပါရမီရှင်များသည် ကောင်းကင် နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သော မဟာကောင်းကင်နတ်ဘုရား အဆင့်ထက် မပိုခဲ့ပေ။

ကန့်သတ်ချက်ကို နှစ်ကြိမ် ချိုးဖျက်ခဲ့သော အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျန်းဝူနတ်ဂိုဏ်းသာ တစ်ခါတစ်ရံတွင် တစ်ဦး သို့မဟုတ် နှစ်ဦး မွေးဖွားနိုင်သည်။

ဤအခွင့်အရေးကို လွဲချော်သွားလျှင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို ဖွင့်လှစ်ရန် သင့်လျော်သော ကိုယ်စားလှယ်လောင်းကို အချိန်မည်မျှကြာကြာ ရှာဖွေရဦးမလဲ မသိနိုင်ပေ။

ထို့အပြင် သူတို့ရှေ့မှ ကျန်းချန်သည် ကောင်းကင်အရှင်ကိုပင် အနိုင်ယူနိုင်သော သူတော်စင်ကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်သည်။

သူတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသာ ထိုကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး၏ အကူအညီကို ရရှိပြီး ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို ဖွင့်နိုင်ခဲ့လျှင် ယင်းသည် အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားသော ကိစ္စ တစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ ကျင့်ကြံသူများသည် ကန့်ကွက်စရာ မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။

"အားလုံးပဲ မကန့်ကွက်ဘူး ဆိုရင် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ရဲ့ စမ်းသပ်မှုကို ညီနောင်ကျန်းချန် လက်ခံဖို့ အတွက် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ် ခန်းမကို ဖွင့်ဖို့ ပြင်ဆင်ထားကြပါ"

အရှင်ဖုန်းချီက ထိုစကားကို ပြောပြီးနောက် ကျန်းချန် ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"ညီနောင်ကျန်းချန်.. ကုဟွမ်တောင် တိုက်ပွဲမှာ မင်း အများကြီး အားအင် ကုန်ခန်းခဲ့တာ ဆိုတော့ နောက်ထပ် ရက်အနည်းငယ်လောက် အနားယူဦးမလား"

ကျန်းချန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ရပါတယ် အကိုဖုန်း"

ကုဟွမ်တောင်နှင့် အရှင်ရွှယ်ကျီ တို့ကြား တိုက်ပွဲတွင် ကျန်းချန်သည် အမှန်တကယ်ပင် စွမ်းအင်များစွာ သုံးစွဲခဲ့ရသည်။

သို့သော် သူ၏ ခန္ဓာကိုယ် နှင့် သွေးကြောများသည် ထူးခြားပြီး အသက်သစ်ကိုင်းလည်း ရှိသောကြောင့် သူ၏ ပြန်လည် နာလန်ထူနိုင်စွမ်းသည် သြချလောက်စရာ ဖြစ်နေခဲ့၏။

ဆိုရလျှင် လွန်ခဲ့သည့် သုံးရက်အတွင်း ကျန်းချန်သည် ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

"ဒီလိုဆိုရင်လည်း ညီနောင်ကျန်းချန် ငါနဲ့ လိုက်ခဲ့ပါ"

အရှင်ဖုန်းချီက ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ကျန်းချန်ကို ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဓိက နေရာသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။

--------------------

မကြာမီ သူတို့ လူအုပ်စုသည် ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခုဆီ ရောက်ရှိလာခဲ့သည်။

ခန်းမကြီးက ခမ်းနားထည်ဝါပြီး မီတာ တစ်ရာကျော် မြင့်၏။

ခန်းမ၏ ထိပ်တွင် အတောင်ပံဖြန့်ကားနေသော ဧရာမ ရွှေတောင်ပံ နတ်လင်းယုန် ရုပ်တု ရှိသည်။

ထိုရုပ်တုကနေ မြင့်မြတ်သော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။

အရှင်ဖုန်းချီက သူ့ရှေ့မှ ခန်းမကို ကြည့်ကာ သူ၏ လူများကို ပြောလိုက်သည်။

"အကြီးအကဲ အားလုံးပဲ.. ကောင်းကင် သိမ်းဌက်ပျံသန်းယာဥ်ခန်းမကို အတူတူ ဖွင့်လှစ်ကြစို့"

အရှင်ဖုန်းချီ၏ စကားသံ အဆုံးသတ်သည်နှင့် အမျှ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ နယ်မြေနတ်ဘုရားအဆင့် အကြီးအကဲ ရှစ်ဦးသည် တစ်ချိန်တည်းနီးပါး လေထဲသို့ ခုန်တက်ကာ ခန်းမ ပတ်ပတ်လည်ရှိ လေးဘက်လေးတန်တွင် ရပ်တန့်နေခဲ့ကြသည်။

အရှင်ဖုန်းချီက သူ၏ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရမ်းလိုက်ရာ ခန်းမ၏ အထက်သို့ ရောက်ရှိသွားခဲ့သည်။

"ဖွင့်စမ်း"

အရှင်ဖုန်းချီက လက်ဝါးနှစ်ဖက်လုံးကို လှုပ်ရှားလိုက်ပြီး ခမ်းနားထည်ဝါသော နယ်မြေနတ်ဘုရား စွမ်းအားကို ထုတ်ဖော်လိုက်ရာ နတ်မြေနတ်ဘုရား စွမ်းအားသည် ရွှေရောင်တောက်ပသော အလင်းတန်း အဖြစ် ပြောင်းလဲသွားပြီး ခန်းမထဲသို့ ဝင်ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ ကျန်အကြီးအကဲ ရှစ်ဦးသည်လည်း ကိုယ်စီ လှုပ်ရှားလိုက်ကြသည်။

၎င်းတို့ထံမှ နယ်မြေနတ်ဘုရား စွမ်းအားသည် လေပြင်းများကို လှုပ်ခါစေပြီး တောင်များနှင့် မြစ်များကို ဗြောင်းဆန်စေကာ ခန်းမထဲသို့ ပေါင်းစည်း ဝင်ရောက်သွားခဲ့သည်။

နယ်မြေနတ်ဘုရား ကိုးပါးလုံး တစ်ပြိုင်ထဲ လှုပ်ရှားမှုကြောင့် ခန်းမကနေ တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။

အရှင်ဖုန်းချီတို့ ကိုးဦး၏ စွမ်းအားအောက်တွင် အောက်ဘက်ရှိ ခန်းမသည် တုံ့ပြန်မှု ရှိလာခဲ့ပြီ ဖြစ်သည်။

"ဝုန်း"

ကျယ်လောင်သော အသံ ထွက်ပေါ်လာခဲ့ပြီး ခန်းမတစ်ခုလုံး ရုတ်တရက် တုန်ခါသွားကာ ပိတ်ထားခဲ့သော ကြေးဝါတံခါးသည် အဆုံးသတ်တွင် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

အရှင်ဖုန်းချီက ခန်းမကို ဖွင့်လှစ်ပြီးနောက် လေးနက်သော အမူအရာဖြင့် ကျန်းချန်ကို လက်သီးဆုပ်၍ ဂါရဝပြုကာ ပြောလိုက်သည်။

"ညီနောင်ကျန်းချန်...ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်က ဒီခန်းမထဲမှာပဲ.. ကျန်တာ မင်းကိုပဲ အားကိုးရတော့မယ်"

"စိတ်မပူပါနဲ့ အကိုဖုန်း...ကျွန်တော် ကတိပေးထားတာမို့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးပါ့မယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ခန်းမထဲသို့ ဝင်ရောက်သွားခဲ့သည်။

"မျိုးနွယ်စုခေါင်းဆောင်.. ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက မဟုတ်တဲ့သူတွေကို စမ်းသပ်ခွင့် ပေးပါ့မလား"

အကြီးအကဲတစ်ဦးက ခန်းမထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသော ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းများတွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ကျန်းချန်၏ ခွန်အားနှင့် ပတ်သက်၍ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အကြီးအကဲများသည် အနည်းငယ်မျှပင် သံသယရှိမည် မဟုတ်သော်လည်း မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ မဟုတ်ခဲ့ပေ။

"နောက်ဆုံးအကြိမ်က ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်နဲ့ ဒီကိစ္စကို ဆွေးနွေးပြီးပြီ.. ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်က ငြင်းပယ်ခြင်းမရှိခဲ့တဲ့ အတွက် ပြဿနာ မရှိလောက်ပါဘူး"

အရှင်ဖုန်းချီ၏ မျက်ဝန်းများက အနည်းငယ် လင်းလက်လာသည်။

သူက စိတ်ထဲတွင် သက်ပြင်းတစ်ချက်ကို ခိုးချလိုက်သည်။

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘေးများ တည်ဆောက်ခဲ့သော နေရာလွတ် ရတနာတစ်ပါး ဖြစ်ပြီး ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စု၏ ဘိုးဘွားမြေနှင့် ခွဲခြား၍ မရသော ဆက်နွှယ်မှုများလည်း ရှိသည်။

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်နှင့် နောက်ဆုံး ဆက်သွယ်မှုမှ တစ်ဆင့် အရှင်ဖုန်းချီသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေရှိ အခြေအနေသည် အလွန်ဆိုးရွားနေပြီ ဖြစ်ကြောင်း သိရှိထားခဲ့သည်။

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို အချိန်တိုအတွင်း အသက်သွင်းနိုင်ခြင်း မရှိလျှင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် ဘိုးဘွားမြေရှိ အမွေအနှစ်များကို ရယူရန် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။

ဤအကြောင်းကြောင့်ပင် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်သည် အရှင်ဖုန်းချီကို ပြင်ပမှ ပါရမီရှင်များ ရှာဖွေခွင့် ပေးရခြင်း ဖြစ်သည်။

------------------

ကျန်းချန်က ခန်းမအတွင်းသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်ရှုရန် အချိန်မရမီမှာပင် မမြင်နိုင်သော နေရာလွတ် ဖိအား တစ်ခုသည် သူ၏ ဦးခေါင်းအထက်မှ ဖိနှိပ်လာခဲ့သည်။

ထိုကြောက်မက်ဖွယ် ဖိအားသည် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်း ကြေမွသွားစေကာ ကျန်းချန်ကို အပိုင်းပိုင်းဆုတ်ဖြဲတော့မည့် အလား ဖြစ်နေခဲ့၏။

"ပျက်စီးစမ်း"

ကျန်းချန်က လမ်းစဉ်ကိုးပါး၏ စွမ်းအားကို ထုတ်ဖော်ကာ လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ကိုးရောင်ခြယ် လက်သီးစွမ်းအားသည် ရုတ်တရက် ထွက်ပေါ်လာသော ဖိနှိပ်မှု စွမ်းအားကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်သည်။

"လမ်းစဉ်ကိုးပါးရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ သူတော်စင် ကောင်းကင် နတ်ဘုရားပါလား"

"ဖုန်းချီ ဆိုတဲ့ ကောင်လေးမှာ ကံကောင်းခြင်းတွေ ရှိသားပဲ.. မင်းလို အဆင့်ရှိတဲ့ ပါရမီရှင် တစ်ဦးကို ရှာတွေ့နိုင်ခဲ့တာက ငါတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု အတွက် တကယ်ကို အကျိုးရှိစေတယ်"

ကျန်းချန်က နေရာလွတ် ဖိအားကို လက်သီးချက်ဖြင့် အနိုင်ယူလိုက်ချိန်တွင် ခန်းမအတွင်း၌ အံ့အားသင့်စွာ ရေရွတ်လိုက်သော အသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က စိတ်လှုပ်ရှားသွားပြီး အသံထွက်ပေါ်လာသည့် ဦးတည်ရာသို့ လှမ်းကြည့်လိုက်၏။

ထိုအခါ ရွှေတောင်ပံနတ်လင်းယုန် ရုပ်တုကို ထွင်းထုထားသည့် ဧရာမ ကျောက်တိုင် တစ်တိုင်ကို တွေ့လိုက်ရသည်။

ကျောက်တိုင်၏ ထိပ်တွင် အလျား ၁၀ ပေခန့်ရှိသော ရွှေရောင် အရာဝတ္ထု တစ်ခု ရှိနေခဲ့သည်။

၎င်း၏ အစွန်းနှစ်ဖက်က ချွန်ပြီး အလယ်က ထူကာ စွန်ပုံသဏ္ဌာန် နှင့် ဆင်တူ၏။

ကိုယ်ထည်တွင်လည်း လျှို့ဝှက်ဆန်းကြယ်သော အစီအရင်သင်္ကေတများ ဆွဲထား၍ အလွန် ထူးခြားသည်။

ကျန်းချန်က ထိုအရာဝတ္ထုကနေ နေရာလွတ်စွမ်းအားများ အဆက်မပြတ် ထုတ်လွှတ်နေသည်ကို ခပ်ရေးရေး ခံစားမိခဲ့သည်။

တွေးနေစရာ မလိုလောက်အောင်ပင် ထိုအရာက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အထွတ်အမြတ် ရတနာ ဖြစ်သည့် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ် ဖြစ်ရပေမည်။

ကျန်းချန်က လေးနက်သော အမူအရာဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

"အကြီးအကဲ.. ကျန်းချန်က အရှင်ဖုန်းချီရဲ့ အမိန့်အရ စမ်းသပ်မှု ခံယူဖို့ ရောက်လာတာပါ"

သူ၏ မြင်နိုင်စွမ်းဖြင့် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်သည် အနည်းဆုံး မဟာနဂါးနန်းတော်လို နတ်ဘုရင်အဆင့် ရတနာ ဖြစ်နိုင်သည်ဟု မှန်းဆမိသည်။

မဟာနဂါးနန်းတော်နှင့် နှိုင်းယှဉ်လျှင် ၎င်းက ပို၍ပင် သာလွန်ကောင်းမွန်သည်ဟု ထင်ရ၏။

"မင်းရဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား ခွန်အားနဲ့ဆိုရင် စမ်းသပ်မှုကို ကျော်ဖြတ်ဖို့က လုံလောက်တာထက် ပိုပါတယ်.. စမ်းသပ်ဖို့ မလိုအပ်ပါဘူး"

"အရှင်ဖုန်းချီက မင်းကို ရှာတွေ့ခဲ့တာ ဆိုတော့ အသေးစိတ်အချက်အလက်တွေကို ပြောပြီးလောက်ပြီ ထင်တယ်.. ဒါကြောင့် ငါအများကြီး မပြောတော့ဘူး"

"ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို အသက်သွင်းတဲ့ နည်းလမ်း မင်းကို ငါ သင်ပေးမယ်"

ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်၏ ဝိညာဥ် ထံမှ စကားသံ အဆုံးသတ်သည်နှင့် အမျှ ကျန်းချန်သည် သူ၏ စိတ်ထဲသို့ လျှို့ဝှက်ဆန်းကြယ်သော သတင်းစကား တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

အခန်း(၁၉၈၂) ပြီး၏

All Chapters