အခန်း(၁၉၈၄)
Vol. 139 Ch. 1984
ဤနေရာက ကျယ်ပြောပြီး အဆုံးမဲ့သော ကမ္ဘာတစ်ခု ဖြစ်သည်။
ထောင်ပေါင်းများစွာသော တောင်တန်းများ၊ ကုန်းမြင့်များရှိ၏။
ရှေးဟောင်းသစ်ပင်ကြီးများက ကောင်းကင်ကို ဖုံးလွှမ်းမတတ် ဖြစ်နေပြီး နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိ နွယ်ပင်များသည် ရှုပ်ထွေးစွာ ပေါက်ရောက်နေခဲ့သည်။
ဆိုရလျှင် ဤနေရာသည် နှစ်ပေါင်းများစွာ ဂရုစိုက်မှု မရှိဘဲ တည်ရှိနေသော ရှေးဟောင်း နေရာတစ်ခု ဖြစ်၏။
ရုတ်တရက် တိတ်ဆိတ်နေသော ရှေးဟောင်း တောင်များနှင့် သစ်တောများ၏ အထက်တွင် နေရာလွတ်လှိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မကြာမီမှာပင် တောက်ပသော ရွှေရောင်အလင်းတန်းသည် နေရာလွတ်ကို ဖြတ်ကျော်၍ ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်လာခဲ့သည်။
ထို့နောက်တွင် ရွှေရောင်အလင်းတန်းကနေ လူနှစ်ဦး ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့၏။
ရုတ်တရက် ပေါ်လာသော နှစ်ဦးမှာ အခြားသူများ မဟုတ်ဘဲ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကနေ ဘိုးဘွားမြေသို့ ခရီးထွက်လာကြသော ကျန်းချန်နှင့် ဖုန်းယန်တို့ ဖြစ်သည်။
"ဖုန်းယန်.. ဒီနေရာက မင်းတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေ ဖြစ်လိမ့်မယ်.. မင်းတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှာ ဒီနေရာနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ရှိလား"
ကျန်းချန်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး သူ့ဘေးမှ ဖုန်းယန်ကို မေးလိုက်သည်။
ဤနေရာက အဆုံးမဲ့ ရှေးဟောင်း အရှိန်အဝါများကို ထုတ်လွှတ်နေသော ရှေးဟောင်း နေရာတစ်ခု ဖြစ်ပြီး ၎င်း၏ တည်ရှိမှုသမိုင်းသည် ကျန်းချန် တစ်ချိန်က ဝင်ရောက်ခဲ့သော ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထက် များစွာ ပို၍ ရှည်ကြာသည်။
ထိုကဲ့သို့သော နေရာတွင် အခွင့်အလမ်း များစွာ ရှိသည်မှာ မှန်သော်လည်း အလွန် အန္တရာယ်များမည်မှာ သေချာသလောက်ပင်။
"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ အများကြီး မရှိပါဘူး"
"ကျွန်တော် သိထားသလောက်တော့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘေးတွေ ဖန်တီးခဲ့တဲ့ ကမ္ဘာငယ်လေး တစ်ခုပါ.. ဒီကမ္ဘာငယ်လေး ထဲမှာ ရှန်းယင်းတောင်လို့ ခေါ်တဲ့ တောင်တစ်လုံး ရှိပြီး အဲဒါက ဘိုးဘွားမြေရဲ့ အဓိကနေရာပဲ"
"ဒါပေမဲ့ မျိုးနွယ်စုထဲမှာ ဘိုးဘွားမြေရဲ့ မြေပုံမရှိတော့ ရှန်းယင်းတောင်က ဘယ်နေရာမှာ ရှိလည်း ဆိုတာ ကျွန်တော်လည်း မသိဘူး"
ဖုန်းယန်က သူသိထားသမျှ အချက်အလက် အားလုံးကို ပြောပြလိုက်သည်။
"သွားကြစို့.. အရင်ဆုံး ပတ်ဝန်းကျင်ကို လေ့လာကြည့်တာပေါ့"
ထိုစကားကိုပြောရင်း ကျန်းချန်က သူ၏ နတ်အသိစိတ်အာရုံကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။
ဖုန်းယန်က ဘိုးဘွားမြေ၏ အခြေအနေများကို သိပ်မသိသဖြင့် ဤနေရာတွင် ဖြည်းဖြည်းချင်း ရှာဖွေရမည် ဖြစ်သည်။
မကြာမီမှာပင် ကျန်းချန်၏ နတ်အသိစိတ်အာရုံသည် ကြီးမားသော အတားအဆီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
ဤကမ္ဘာတွင် မမြင်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခု ရှိနေပုံရ၏။
သူက မိုင်ထောင်ပေါင်းများစွာကို နတ်အသိစိတ်အာရုံဖြင့် ထောက်လှမ်းနိုင်သော်လည်း ဤနေရာတွင် မိုင်တစ်ရာခန့်သာ ထောက်လှမ်းနိုင်သည်။
ထို့အပြင် သူတို့၏ ကျင့်ကြံခြင်း အဆင့်သည်ပင် ဖိနှိပ်ခံထားရ၏။
ပုံမှန်အားဖြင့် သူက မိုင်ထောင်ပေါင်းများစွာကို ဘာမှမကျန်ရှိအောင် ဖျက်ဆီးနိုင်သော်လည်း ဤနေရာတွင် မီတာတစ်ထောင် မြင့်သော တောင်တစ်လုံးကိုပင် ဖျက်ဆီးရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူက လေထဲသို့ ခုန်တက်ရန် ကြိုးစားခဲ့ရာ ကောင်းကင်နှင့် မြေကြီးမှ အလွန် ကြောက်မက်ဖွယ်ရာကောင်းသော ဖိအားတစ်ခုသည် သူ၏ ဦးခေါင်း အထက်ကနေ ရုတ်တရက် ဖိနှိပ်လာပြီး သူ့ကို ပေတစ်ရာ အမြင့်ကနေ မြေပြင်သို့ ပြန်ရောက်ရန် ဖိအားပေးခဲ့သည်။
ဤအခြေအနေသည် မဟာနဂါးတောင်ထိပ်ရှိ အခြေအနေနှင့် အနည်းငယ် ဆင်တူ၏။
ဆိုရလျှင် သူသည် ဘိုးဘွားမြေတွင်လည်း နတ်ဘုရင်အဆင့်၏ ကြီးကျယ်သော စွမ်းအားဖြင့် ဖိနှိပ်ခံနေရသည်။
နတ်ဘုရင်အဆင့်၏ စွမ်းအားကို တွန်းလှန်ကာ ကောင်းကင်ယံ၌ ပျံသန်းရန် မဖြစ်နိုင်ပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဖုန်းယန်နှင့်အတူ လမ်းလျှောက်၍သာ ဆက်လက် စူးစမ်းခဲ့သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် ရှည်လျားသော သမိုင်းကြောင်း ရှိသောကြောင့် ဤနေရာတွင် သန်မာသော သားရဲများစွာ မွေးဖွားလာခဲ့သည်။
ကျန်းချန်တို့ မိုင်တစ်ထောင်ပင် မလျှောက်ရသေးချိန်တွင် မီတာတစ်ရာ အမြင့်ရှိသည့် ရုန့်ရင်းသော ငှက်သုံးကောင်က သူတို့ကို ဝန်းရံထားခဲ့သည်။
ဤငှက်သုံးကောင်သည် အလွန်သန်မာပြီး တစ်ကောင်ချင်းစီသည် သာမန် နယ်မြေ နတ်ဘုရားများနှင့် နှိုင်းယှဉ်နိုင်၏။
ကျန်းချန်က အရေးမစိုက်ဟန်ဖြင့် သူ၏ လက်ချောင်းများကို လေထဲတွင် အသာအယာ ဝဲယမ်းလိုက်ရာ ဌက်သုံးကောင်က အပိုင်းပိုင်း ပြတ်တောက်သွားပြီး ကောင်းကင်ယံကနေ အမွေးများနှင့် သွေးများစွာ ပြန့်ကျဲ၍ ကျလာခဲ့သည်။
"ဟူး.. ဘယ်လောက်တောင် အန္တရာယ်များလိုက်တဲ့ နေရာလဲ"
သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ဖုန်းယန်သည် စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် ဤမျှ အန္တရာယ်များလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
သူတို့က ဤနေရာသို့ ဝင်ရောက်လာပြီးနောက် နယ်မြေနတ်ဘုရားနှင့်ပင် နှိုင်းယှဉ်နိုင်သော ငှက်သုံးကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
သူ၏ မဟာကောင်းကင်နတ်ဘုရား ခွန်အားဖြင့် ဆိုလျှင် ငှက်သုံးကောင်ထဲမှ တစ်ကောင်ကိုသာ ကိုင်တွယ်နိုင်မည် ဖြစ်ပြီး သုံးကောင်လုံး တစ်ချိန်တည်း တိုက်ခိုက်ခဲ့လျှင် ထွက်ပြေးရန်တစ်လမ်းသာ ရှိမည် ဖြစ်သည်။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူတော်စင် ကောင်းကင်နတ်ဘုရားဖြစ်သည့် ကျန်းချန်နှင့်အတူ ဘိုးဘွားမြေသို့ ရောက်လာခဲ့သည်။
မဟုတ်လျှင် ဤနေရာတွင် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့ အခြေအနေမျိုးကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာသည် လုံးဝ မပြောင်းလဲခဲ့ပေ။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် အလွန်ကြာမြင့်စွာ တည်ရှိခဲ့ပြီး နှစ် သန်းပေါင်း များစွာ သို့မဟုတ် ဘီလီယံပေါင်း များစွာပင် တည်ရှိခဲ့လိမ့်မည်ဟု သူခန့်မှန်းခဲ့သည်။
ထို့အပြင် ဤနေရာရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကြွယ်ဝမှုသည် ကျန်းဝူ ကောင်းကင် နယ်မြေထက်ပင် သာလွန်သည်။
မည်သူမျှ ဂရုမစိုက်သော ထိုကဲ့သို့ ရှေးဟောင်းကမ္ဘာတွင် သာမန် ငှက်တစ်ကောင်ပင်လျှင် အချိန်ကြာမြင့်စွာ နေထိုင်ပါက နယ်မြေနတ်ဘုရားနှင့် နှိုင်းယှဉ်နိုင်သော ငှက်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။
ဆိုရလျှင် ယနေ့အချိန်ရှိ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် အမှန်တကယ်ပင် အလွန်အန္တရာယ်များသည်။
ကျန်းချန်၏ သူတော်စင်ကောင်းကင်နတ်ဘုရား ခွန်အားဖြင့်ပင် အနည်းငယ် ပေါ့ဆမိပါက မတော်တဆမှုများ ကြုံတွေ့ရနိုင်ဖွယ် ရှိ၏။
"ဖုန်းယန်.. မင်းတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက တပည့်တွေထဲမှာ ပကတိ နတ်ဘုရားအဆင့်ကို မထိုးဖောက်ရသေးဘဲ အသွင်ပြောင်းနိုင်တာကို ငါတွေ့ခဲ့တယ်...ဒီနေရာက ဌက်တွေက နယ်မြေနတ်ဘုရားနဲ့တောင် နှိုင်းယှဉ်နိုင်ပြီး ဘာလို့ အသွင်မပြောင်းနိုင်သေးတာလဲ"
ကျန်းချန်က ရုန့်ရင်းသော ငှက်သုံးကောင်ကို ရှင်းလင်းပြီးနောက် ဖုန်းယန်ကို စူးစမ်းစွာ မေးလိုက်သည်။
နတ်ဘုရားနယ်မြေသည် မျိုးနွယ်စုအားလုံး အတူယှဉ်တွဲနေထိုင်သည့် ကမ္ဘာတစ်ခု ဖြစ်သည်။
ကျန်းချန် မြင်ဖူးသော သားရဲ မျိုးနွယ်စုများထဲတွင် အားနည်းသော အပြာရောင် ကျားမျိုးနွယ် ပင်လျှင် စောစီးစွာ ဉာဏ်အလင်းပွင့်ပြီး အသွင်ပြောင်းလဲနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
သို့သော် အချို့သားရဲများကမူ ခွန်အားက နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိနေသည့်တိုင် သားရဲများသာ ဖြစ်နေဆဲပင်။
ဤအချက်က ကျန်းချန်ကို တကယ်ပင် သိချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
"အကိုကျန်းချန်.. ဘိုးဘေး နတ်သားရဲတွေရဲ့ သွေးစွမ်းအားကို အမွေဆက်ခံထားတဲ့ ကျွန်တော်တို့ သားရဲ မျိုးနွယ်စုတွေက ဘိုးဘွားမြေမှာ မွေးဖွားလာတဲ့ သားရဲတွေနဲ့ အတော်လေး ကွာခြားပါတယ်"
ဖုန်းယန်က ခဏမျှ အံ့အားသင့်သွားသော်လည်း သူသိရှိသည့် အချက်အလက်များကို ကျန်းချန်အား ရှင်းပြခဲ့သည်။
နတ်ဘုရင် အဆင့်သည် ကောင်းကင်နိယာမ စွမ်းအားကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။
နတ်ဘုရင်အဆင့် သားရဲကနေ ဖြစ်တည်လာခဲ့သော ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ကဲ့သို့ ကြီးမားသည့် မျိုးနွယ်စုများသည် လူသားများနှင့် အတူတူနီးပါး ဖြစ်သည်။
နတ်ဘုရင်အဆင့်မှ ဆင်းသက်လာသော သွေးဗီဇကြောင့် အသွင်ပြောင်းလဲရန်နှင့် ဉာဏ်အလင်းပွင့်ရန်မှာ တခြားသော သားရဲများထက် မခက်ခဲပေ။
ထို့အပြင် အသွင်ပြောင်းလဲနိုင်သော အစွမ်းထက် နည်းစနစ်များလည်း ရှိပြီး တချို့နည်းစနစ် ဆိုလျှင် မိခင်ကိုယ်တိုင် ကျင့်ကြံလိုက်သည်နှင့် သန္ဓေသားက မိခင်၏ ကိုယ်ထဲမှာပင် အသွင်ပြောင်းလဲနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်စေနိုင်သည်။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် မွေးဖွားလာသော သားရဲများသည် သာမန် သားရဲများသာ ဖြစ်ကြပြီး တစ်နှစ်ပတ်လုံး ကြွယ်ဝစွာ ဖြစ်ပေါ်နေသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကြောင့်သာ တစ်စထက် တစ်စ အစွမ်းထက်လာကြခြင်း ဖြစ်၏။
၎င်းတို့တွင် အားကောင်းသော သွေးဗီဇများ မရှိသလို မည်သည့် အမွေအနှစ်မှလည်း မရှိ၍ လူသားအသွင် ပြောင်းလဲရန်မှာ မလွယ်ကူနိုင်ပေ။
ထို့အပြင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် လူလုပ်ဖန်တီးထားသော ကမ္ဘာငယ်လေး တစ်ခုသာ ဖြစ်၍ စစ်မှန်သော ကောင်းကင်ဥပဒေသများ မရှိချေ။
ဤနေရာတွင် ကြီးပြင်းလာသော သားရဲများသည် စစ်မှန်သော ကောင်းကင်ဥပဒေ စွမ်းအားဖြင့် ကောင်းချီးပေးမှုကိုမရရှိ၍ ဉာဏ်အလင်းရကာ အသွင်ပြောင်းရန်မှာ မဖြစ်နိုင်လုနီးပါးပင်။
ဖုန်းယန်နှင့် စကားပြောနေရင်း ကျန်းချန်သည် ပတ်ဝန်းကျင်ကို မပြတ် စူးစမ်းနေခဲ့သည်။
ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက်တွင် မိုင်တစ်ရာအကွာ၌ စွမ်းအင်လှုပ်ခတ်မှု ဖြစ်ပေါ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
ကျန်းချန် ရုတ်တရက် အံ့အားသင့်သွား၏။
သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ရှေ့မှာ တစ်ယောက်ယောက် တိုက်ခိုက်နေတယ်.. ငါတို့အပြင် တခြားသူတွေလည်း ဒီမှာ ရှိနေပုံပဲ"
ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ် မျှော်လင့်ထားသည့်အတိုင်းပင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်မှာ သေချာနေခဲ့ချေပြီ။
အခန်း(၁၉၈၄) ပြီး၏