အခန်း (၁၉၈၆)
Vol. 139 Ch. 1986
ဧရာမ အနက်ရောင် ငှက်ကြီးက ကောင်းကင်သို့ မော့ကြည့်ကာ ကျယ်လောင်သော အော်ဟစ်သံကို ပြုလုပ်လိုက်၏။
ထိုအခါ ၎င်း၏ ပါးစပ်မှ အဆမတန် ကြီးမားသည့် အနက်ရောင် စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ဧရာမ အနက်ရောင် တွင်းနက်ကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရုတ်တရက် ထိုအနက်ရောင် တွင်းနက်ကြီးမှ ကောင်းကင်နှင့် မြေကြီးကိုပါ မျိုချတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော ဆွဲအားတစ်ခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ရှေးဟောင်း ခွန်ပန်နတ်သားရဲ၏ သွေးကို ပိုင်ဆိုင်ထားသောကြောင့် ခွန်ပန်ငှက်၏ မှော်စွမ်းအင် အချို့ကို အမွေဆက်ခံထားပြီး ကမ္ဘာကိုပင် မျိုချနိုင်သော ကမ္ဘာငယ်လေး တစ်ခုစီသည် ၎င်းတို့၏ ခန္ဓာကိုယ် အတွင်း၌ ပါရှိသည်။
ရှေးဟောင်းဒဏ္ဍာရီလာ သားရဲ ဖြစ်သည့် ခွန်ပန်ငှက်သည် နေမင်းကိုပင် မျိုချနိုင်သည်ဟု အဆိုရှိကြသည်။
တောင်ပံနက် ခွန်ပန် မျိုးနွယ်စုသည် သူတို့၏ ဘိုးဘေး ခွန်ပန်ဌက်နှင့် ယှဥ်လျှင် မနှိုင်းယှဥ်သာလောက်အောင် အားနည်းသော်လည်း ၎င်းတို့၏ ဝါးမျိုနိုင်သော စွမ်းအားသည် အလွန်အင်အားကြီးနေဆဲပင်။
ကျန်းချန်၏ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများ၊ ပန်းများနှင့် သစ်ပင် အမြောက်အမြားသည် ထူးခြားပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဝါးမျိုနိုင်သော စွမ်းအားကြောင့် မြေပြင်မှ စုပ်ယူခြင်း ခံရကာ ဧရာမ အနက်ရောင် ငှက်ကြီး၏ ပါးစပ်အရှေ့မှ တွင်းနက်ကြီး ဆီသို့ ပျံသန်းသွားခဲ့သည်။
ဖုန်းယန်ပင်လျှင် ဝါးမျိုနိုင်သော စွမ်းအားအောက်တွင် မျက်နှာများ ဖြူဖျော့နေခဲ့ပြီး မခုခံနိုင်တော့သည့် အခြေအနေမျိုး ရှိနေခဲ့သည်။
ဖုန်းယန်က သွားများကို အံကြိတ်ကာ သူ၏ စစ်မှန်သော ခန္ဓာကိုယ်ကို ထုတ်ဖော်၍ အစွမ်းကုန် ခုခံရန် ပြင်ဆင်နေချိန်တွင် ကျန်းချန်က စတင် လှုပ်ရှားလိုက်သည်။
သူက အေးစက်သော အမူအရာဖြင့် လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ တောက်ပသော ရွှေရောင်ဓားအလင်း တစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုရွှေရောင် ဓားအလင်းက ပဲပြားကို လှီးဖြတ်သကဲ့သို့ ကြီးမားသော အနက်ရောင် တွင်းနက်ကြီးကို ချက်ချင်းဆိုသလို ထက်ဝက် ပိုင်းဖြတ်လိုက်သည်။
ရွှေရောင်ဓားအလင်းက အနက်ရောင် တွင်းနက်ကြီးကို ခုတ်ပိုင်းပစ်ပြီးနောက်တွင် အရှိန် မလျော့သွားဘဲ ဧရာမ အနက်ရောင် ငှက်ကြီး ဆီသို့ပါ သက်ရောက်သွားခဲ့၏။
"မလုပ်ပါနဲ့"
ဧရာမ အနက်ရောင် ငှက်ကြီးက တုန်လှုပ်သွားပြီး ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းထားနိုင်သော သူ၏ အတောင်ပံများကို ခတ်ကာ ထွက်ပြေးရန် ကြိုးစားခဲ့သည်။
သို့သော်လည်း နောက်ကျသွားခဲ့ချေပြီ။
ရွှေရောင်ဓားအလင်းက ဧရာမ အနက်ရောင် ငှက်ကြီး၏ အတောင်ပံပေါ်သို့ ကျရောက်သွားပြီး ၎င်း၏ တောင်ပံတစ်ဖက်ကို ဖြတ်တောက် ပစ်လိုက်သည်။
ပေရာချီ ရှည်လျားသည့် ဧရာမ အတောင်ပံသည် လေထဲကနေ ပြင်းထန်စွာ ပြုတ်ကျလာခဲ့ရာ မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့ပြီး နီစွေးသော သွေးများသည်လည်း မိုးရေစက်များ ကဲ့သို့ ပြန့်ကျဲသွားခဲ့၏။
၎င်း၏ အတောင်ပံ တစ်ဖက်ကို ဆုံးရှုံးသွားသော ဧရာမ အနက်ရောင် ငှက်ကြီးသည် ချက်ချင်းပင် လူသားအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျလာခဲ့သည်။
သူက ကျန်းချန်ကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ အနက်ရောင်အလင်း အဖြစ် ပြောင်းလဲကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
"ငါ့လက်ထဲကနေ ထွက်ပြေးနိုင်မယ်များ ထင်နေလား"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး သူ၏ လက်ချောင်းများကို လေထဲတွင် ပွတ်ဆွဲလိုက်ရာ လူငယ် အရှေ့ရှိ လေထုသည် ချက်ချင်းဆိုသလို သံမဏိပြား တစ်ခုလို မာကျောသွားခဲ့သည်။
"ဝုန်း"
လူငယ်က အရှိန်ဖြင့် ဝင်ဆောင့်မိသွားပြီး ခန္ဓာကိုယ် တစ်ခုလုံး နောက်ပြန် လွင့်စင်သွားခဲ့သည်။
သူက သွေးအလိမ်းလိမ်း ဖြစ်နေပြီး မျက်နှာက အလွန်တရာ ဖြူဖျော့နေခဲ့၏။
သူ၏ လက်မောင်းတစ်ဖက်က ပျောက်ကွယ်နေခဲ့ပြီး သူ၏ အသက်ရှူသံက အလွန်ပင် အားလျော့နေပုံ ရသည်။
"အကြီးအကဲ... အကြီးအကဲ.. အသက်ချမ်းသာပေးပါ.. ကျွန်တော် မှားသွားပါတယ်"
လူငယ်က ထိတ်လန့်သော အမူအရာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျန်းချန်ကို အသနား ခံခဲ့သည်။
ဤအခြေအနေတွင် လူငယ်သည် သူ၏ရှေ့မှ လူက ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်ပြီး သာမန် ကောင်းကင် အရှင်နှင့်ပင် နှိုင်းယှဉ်နိုင်သည့် အစွမ်းထက် ကျင့်ကြံသူ ဖြစ်ကြောင်း ယုံကြည် လက်ခံလိုက်ရသည်။
ထိုကဲ့သို့ ပြိုင်ဘက်ကင်း နတ်ဆိုး တစ်ဦးကို ရင်ဆိုင်ရသောအခါ သူ့တွင် လုံးဝ ခုခံနိုင်စွမ်း မရှိတော့ပေ။
ကျန်းချန်က ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် မေးလိုက်သည်။
"ကဲ ပြောစမ်း.. မင်းတို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုက လူတွေက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို ဘာလို့ ရောက်လာကြတာလဲ"
ထိုမေးခွန်းကိုကြားလျှင် လူငယ်က အနည်းငယ်မျှပင် ဖုံးကွယ်ဝံ့ခြင်း မရှိဘဲ ကျန်းချန်ကို အလျင်အမြန် ပြောပြလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ ကြီးကျယ်သော နတ်ဘုရင် အဆင့် မျိုးနွယ်စု တစ်ခု ဖြစ်ခဲ့သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက အင်အားကြီးသော်လည်း ၎င်းတို့တွင် အလွန်တရာ အင်အားကြီးမားသော ရန်ဘက် မျိုးနွယ်စု တစ်ခုလည်း ရှိပြီး ၎င်းမှာ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု ဖြစ်သည်။
မူလက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုနှင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုတို့သည် ခွန်အားချင်း တူညီကြပြီး မည်သည့်ဘက်ကမှ အသာမရခဲ့ကြပေ။
နောက်ပိုင်းတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုတွင် ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်ခဲ့ပြီး ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက ထိုအပြောင်းအလဲကို အခွင့်အရေးယူကာ တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ အနိုင်ယူခြင်းကို ခံရပြီး နတ်ကုန်းမြေတိုက်ကနေ ပျောက်ကွယ်သွားခဲ့သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ပျက်သုဉ်းပြီးနောက် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ နယ်မြေကို ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက သိမ်းယူခဲ့ပြီး ဘိုးဘွားမြေကိုမူ မျိုးနွယ်စု သုံးစုထဲမှ တစ်ခုဖြစ်သော တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို ပေးအပ်ခဲ့၏။
သို့သော် တောင်ပံနက် ခွန်ပန် မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို ရရှိခဲ့သော်လည်း ကျူးကျော် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
ဤနှစ်များအတွင်း တောင်ပံနက် ခွန်ပန် မျိုးနွယ်စုသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို ဖောက်ထွင်း ဝင်ရောက်ရန် ကြိုးစားနေခဲ့သော်လည်း တစ်ခါမျှ မအောင်မြင်ခဲ့ပေ။
သို့ရာတွင် မကြာသေးမီက တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် ဝင်ပေါက်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပြီး နယ်မြေ နတ်ဘုရား အဆင့်အောက်ရှိ လူများကို ဝင်ရောက်ခွင့်ပေးခဲ့၏။
ရှင်းလင်းစွာဆိုရလျှင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို စူးစမ်းလေ့လာရန် ကောင်းကင်နတ်ဘုရား အဆင့် တပည့်အချို့ကို စေလွှတ်ခဲ့သည်။
သူ့ရှေ့မှ လူငယ်သည် ထိုအထဲမှ တစ်ဦး ဖြစ်သည်။
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်းတို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုက လူဘယ်နှစ်ယောက်လောက် ဒီကို စေလွှတ်ခဲ့လဲ.. သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်အဆင့်လဲ"
လူငယ်က အလျင်အမြန် ပြန်ဖြေခဲ့သည်။
"တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက ဒီတစ်ကြိမ်မှာ စုစုပေါင်း ကောင်းကင်နတ်ဘုရားအဆင့် တပည့် ၂၀ စေလွှတ်ခဲ့တယ်.. အဲဒီအထဲမှာ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါး.. မဟာကောင်းကင်နတ်ဘုရား သုံးပါး ပါဝင်ပြီး ဆယ်ဦးက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်မှာ ရှိကြတယ်"
ဖုန်းယန်က လူငယ်၏ စကားကို ကြားလျှင် အသက်ရှူရပ်လုမတတ် ဖြစ်သွားခဲ့သည်။
ဤတောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ခွန်အားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
အထွတ်အထိပ် ကောင်းကင် နတ်ဘုရားတစ်ပါး၊ မဟာကောင်းကင်နတ်ဘုရား သုံးပါး။
ဤကဲ့သို့သော အင်အားစုကို ကျန်းဝူ ကောင်းကင် နယ်မြေ တစ်ခုလုံးတွင် ကျန်းဝူ နတ်ဂိုဏ်း သာလျှင် စုစည်းနိုင်ပေလိမ့်မည်။
ပြောနေစရာ မလိုလောက်အောင်ပင် ဤတောင်ပံနက် ခွန်ပန်မျိုးနွယ်စုသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ မျိုးနွယ်စုသုံးစုထဲမှ တစ်ခုသာ ဖြစ်သည်။
အကယ်၍ ပင်မမျိုးနွယ်စု ဖြစ်သည့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသာ ဆိုလျှင် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါမည်နည်း။
သူတို့၏ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အထွတ်အထိပ် ကာလတွင် သူတို့သည် ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုနှင့် ခွန်အားချင်း တူညီလုနီးပါး ဖြစ်ခဲ့သည်။
ဖုန်းယန်သည် သူတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက ထူးခြားသော ဇစ်မြစ် ရှိကြောင်း သိသော်လည်း ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု အနေဖြင့် တစ်ချိန်က ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသည်အထိ အင်အားကြီးခဲ့မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
"သူတို့ထဲမှာ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်က အမြင့်ဆုံး ဆိုတော့ တော်သေးတယ်"
ကျန်းချန်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ စေလွှတ်လိုက်သော အင်အားစုသည် အလွန် အင်အားကြီးသော်လည်း ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် ကောင်းကင်နတ်ဘုရား အဆင့်၌ သူ့ကို အခက်တွေ့စေနိုင်သည့် တစ်ခုတည်းသော အဆင့်မှာ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သာ ဖြစ်သည်။
သို့ဖြစ်ရာ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုမှ စေလွှတ်လိုက်သော ဤတပည့် နှစ်ဆယ်သည် သူ့ကို မည်သို့မျှ ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
"အကြီးအကဲ.. ကျွန်တော် သိသမျှ ပြောပြပြီးပြီ ဆိုတော့ အခု ကျွန်တော့်ကို လွှတ်ပေးလို့ရမလား"
လူငယ်က ငြိမ်သက်နေသော ကျန်းချန်ကို ကြည့်ကာ သတိထား၍ ပြောလိုက်သည်။
ကျန်းချန်က လူငယ်ကို မထီမဲ့မြင် ကြည့်၍ မေးလိုက်သည်။
"မင်းက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို ဝင်လာတာ အချိန်တစ်ခုကြာပြီ ဆိုတော့ ဒီနေရာနဲ့ပတ်သက်ပြီး ရင်းနှီးနေလောက်ပြီထင်တယ်.. ဒီမှာ ရှန်းယင်းတောင်လို့ ခေါ်တဲ့ နေရာတစ်ခု ဘယ်နေရာမှာ ရှိလည်း ဆိုတာ မင်းသိလား"
"ရှန်းယင်းတောင်လား"
လူငယ်က ခဏမျှ အံ့အားသင့်သွားပြီးမှ ခါးသီးစွာ ပြုံး၍ ပြန်ဖြေလိုက်သည်။
"အကြီးအကဲ.. ကျွန်တော်က ဒီနေရာမှာ ရှိနေတာ နည်းနည်းတော့ ကြာပါပြီ.. ဒါပေမဲ့ ဒီနေရာက နတ်ဘုရင် စွမ်းအားရဲ့ ဖိနှိပ်မှု ရှိနေတဲ့ အတွက် အရမ်း အန္တရာယ်များတယ်.. ဒါကြောင့် ကျွန်တော့်ရဲ့ စူးစမ်းရှာဖွေမှု အတိုင်းအတာက သိပ်မများပါဘူး"
"မင်းမသိမှတော့ မင်းကို ဆက်ထားလို့ ဘာအသုံးဝင်တော့မှာလဲ.. သွားသေလိုက်တော့"
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏လက်ဖဝါးမှ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"မသတ်ပါနဲ့... အကြီးအကဲ ခဏနေပါဦး.. ကျွန်တော် အခုမှ နေရာတစ်ခုကို ရုတ်တရက် သတိရလိုက်တယ်.. အဲဒီနေရာက အကြီးအကဲ ရှာနေတဲ့ ရှန်းယင်းတောင် ဖြစ်နိုင်တယ်"
အခန်း(၁၉၈၆) ပြီး၏