အခန်း (၁၉၉၀)
Vol. 139 Ch. 1990
ကျန်းချန် ထပ်မံ တိုက်ခိုက်လိုက်သည်ကို မြင်လျှင် ယိုဝူလင်း၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။
သူက သူ့ဘေးရှိ ယိုချွမ်တို့ မဟာကောင်းကင် နတ်ဘုရား နှစ်ဦးကို ဂရုမစိုက်တော့ဘဲ ဆန်းကြယ်သော နေရာလွတ်စွမ်းအားများ ထုတ်လွှတ်နေသည့် ကျောက်စိမ်း အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူကာ ရုတ်တရက် ချေဖျက်လိုက်သည်။
နောက်ထပ် တစ်စက္ကန့်တွင် ထူးဆန်းသော အလင်းရောင် တစ်ခုသည် ယိုဝူလင်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ဝန်းရံသွားခဲ့၏။
ထို့နောက်တွင် ယိုဝူလင်းသည် နေရာလွတ်ကို ဆုတ်ဖြဲကာ နေရာလွတ် အက်ကြောင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ယံရှိ ကျူးရှန်း စည်းတံဆိပ်သည် အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့ပြီး နေရာလွတ် အက်ကြောင်းများကို လျင်မြန်စွာ ပြိုကျစေခဲ့သည်။
စည်းတံဆိပ်ကနေ ထုတ်လွှတ်နေသည့် တောက်ပသော ရွှေရောင်အလင်းသည် ယိုဝူလင်း ထွက်ပြေးတိမ်းရှောင်သွားသည့် နေရာလွတ်အက်ကြောင်းထဲကို ရိုက်ခတ်သွားခဲ့သည်။
"အား.."
နာကျင်စွာ အော်ဟစ်လိုက်သော အသံသည် နေရာလွတ်အက်ကြောင်းထဲကနေ ပဲ့တင်ထပ်လာခဲ့သည်။
ယင်းနောက်တွင် ယိုဝူလင်း၏ ဒေါသတကြီး ကြုံးဝါးသံသည် နေရာလွတ်အက်ကြောင်းကနေ ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။
"ခွေးမသား.. မင်းငါ့ကို စောင့်နေ.. ငါတို့ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုက မင်းနဲ့ ဒီကိစ္စကို ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး"
ကျန်းချန်က ယိုဝူလင်း ပျောက်ကွယ်သွားသည့်နေရာကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ပေါ်လာခဲ့၏။
ဤရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် နတ်ဘုရင်အဆင့်၏ အစွမ်းထက် ဖိနှိပ်မှု ရှိနေပြီး နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံသူပင်လျှင် လေထဲတွင် မပျံသန်းနိုင်ပေ။
သို့သော် ယိုဝူလင်းသည် ကျောက်စိမ်း အဆောင်လက်ဖွဲ့ဖြင့် နေရာလွတ်ကို ထိုးဖောက်ကာ သူ၏ ရှေ့ကနေ ထွက်ပြေးသွားခဲ့သည်။
ဤအချက်ကို ကြည့်လျှင် ယိုဝူလင်း အသုံးပြုခဲ့သော ကျောက်စိမ်း အဆောင်လက်ဖွဲ့သည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ရတနာ ဖြစ်မှန်း သိရှိနိုင်ပေသည်။
ယိုဝူလင်းက ကျောက်စိမ်း အဆောင်လက်ဖွဲ့ အားကိုးဖြင့် ထွက်ပြေး လွတ်မြောက်သွားသော်လည်း ကျန်ရှိနေသော ယိုချွမ်တို့ နှစ်ဦးမှာမူ ထိုမျှ ကံကောင်းခြင်း မရှိခဲ့ပေ။
အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ဖြစ်သည့် ယိုဝူလင်း ထွက်ပြေးသွားသောအခါ ဒဏ်ရာ အကြီးအကျယ် ရရှိထားသည့် ယိုချွမ်တို့ နှစ်ဦးသည် ကျန်းချန် ရှေ့တွင် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။
သူတို့နှစ်ဦးက အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ကျန်းချန်၏ ကျူးရှန်း စည်းတံဆိပ်အောက်တွင် ရူးသွပ်စွာ ရုန်းကန်ခဲ့ကြသော်လည်း လုံးဝ ခုခံနိုင်ခြင်း မရှိဘဲ အဆုံးသတ်တွင် ဘာမှမကျန်ရှိတော့သည်အထိ ပျက်စီးသွားခဲ့သည်။
"အကိုကျန်းချန်.. ယိုဝူလင်း ထွက်ပြေးသွားပြီ ဆိုတော့ ဒီနေရာရဲ့ သတင်းကို တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဆီ ပို့မှာ အသေအချာပဲ.. တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက နောက်ထပ် လူတွေကို စေလွှတ်မယ် ထင်တယ်"
ဖုန်းယန်၏ မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့.. ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို တောင်ပံနက် ခွန်ပန် မျိုးနွယ်စု လုပ်ချင်တိုင်း လုပ်လို့ မရစေရဘူး"
ယိုဝူလင်းက သူ့ထံမှ ထွက်ပြေးလွတ်မြောက်သွားသော်လည်း ပြဿနာ မရှိပေ။
တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ယခုတစ်ကြိမ်တွင် ပါရမီရှင် နှစ်ဆယ်ကိုသာ ဤနေရာသို့ ဝင်ရောက်ခွင့်ပေးခဲ့ခြင်းက တောင်ပံနက်ခွန်ပန် မျိုးနွယ်စု အတွက် တပည့်များ စေလွှတ်ရန် မလွယ်ကူကြောင်း ပြသနေ၏။
တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် အချိန်တိုအတွင်း စေလွှတ်ရန်မှာ မလွယ်ကူပေ။
အကယ်၍ စေလွှတ်ခဲ့လျှင်ပင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူ မပါသရွေ့ ကောင်းကင်နတ်ဘုရား အဆင့်ရှိ မည်သူကမျှ သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။
"ကောင်းပြီ.. တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို စိတ်မဝင်စားနဲ့တော့"
"ငါတို့ ရှေ့မှာရှိတဲ့ ရေကန်ထဲက အရာတွေကို အရင်ယူကြမယ်.. ပြီးတာနဲ့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အဓိက အမွေအနှစ်ကို ရအောင် မင်းကို ကူညီပေးပြီးရင် တတ်နိုင်သမျှ ဒီကနေ မြန်မြန် ထွက်သွားကြမယ်"
ကျန်းချန်၏ မျက်ဝန်းများက သူ၏ ရှေ့ရှိ ရေကန်ပေါ်သို့ တစ်ဖန် ပြန်လည် ကျရောက်သွားပြီး လေးနက်စွာ ပြောလိုက်သည်။
"ဒီရေကန်ထဲမှာ ထူးခြားတဲ့ အရာတစ်ခုခု ရှိနေလောက်တယ်"
"ထူးခြားတဲ့ အရာလား"
ဖုန်းယန်က ကျန်းချန်၏ စကားကို ကြားလျှင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ဝင်ရောက်လာကတည်းက ကျန်းချန်သည် ပတ်ဝန်းကျင်မှ မည်သည့်ရတနာကိုမှ လုံးဝ ကြည့်ရှုခြင်း မရှိခဲ့ပေ။
ဤအချက်ကနေ ကျန်းချန်၏ အမြင်က မည်မျှ မြင့်မားသည်ကို သူအကဲခတ်မိသည်။
ယခုအခါ ရေကန်ရှေ့တွင် ကျန်းချန်သည် ပထမဆုံးအကြိမ်အဖြစ် အလွန် လေးနက်သော အမူအရာကို ပြသခဲ့သည်။
ကျန်းချန်လို လူကိုပင် ဤမျှအထိ ဆွဲဆောင်နိုင်၍ ရေကန်ထဲတွင် အံ့သြဖွယ်ကောင်းသော အရာတစ်ခုခု ရှိနေပုံရသည်မှာ သေချာသလောက်ပင်။
"ငါတို့ သွားကြည့်ရအောင်"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ဖုန်းယန် စကားပြန်ပြောမည်ကိုပင် စောင့်မနေတော့ဘဲ သူ၏ရှေ့ရှိ ရေကန် ဆီသို့ လျှောက်လာခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်တို့ နှစ်ဦးသည် ရေကန် အစပ်နားရှိ ထူးဆန်းသော သားရဲကြီးနှင့် မီတာတစ်ရာအောက် အကွာအဝေးသို့ ရောက်လာခဲ့သည်။
ဤအချိန်တွင် ထူးဆန်းသော သားရဲကြီးသည် သူ၏ ကြီးမားသော မျက်လုံးများဖြင့် ကျန်းချန်တို့ နှစ်ဦးကို တိုက်ရိုက် ကြည့်ရှုခဲ့ပြီး ပါးစပ်ကနေလည်း စကားသံ ထွက်ပေါ်လာခဲ့သည်။
"မင်းတို့လည်း ရေကန်ထဲက အရာအတွက် ရောက်လာတာလား"
ကျန်းချန်က ထူးဆန်းသော သားရဲကြီး ထံမှ ရုတ်တရက် ထွက်ပေါ်လာသော စကားသံကို ကြားလိုက်ရလျှင် မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ဤထူးဆန်းသော သားရဲကြီးသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ ကဲ့သို့ ကမ္ဘာငယ်လေးတွင် ဉာဏ်အလင်း ပွင့်လာသည်အထိ ပြောင်းလဲလာခြင်းမှာ အမှန်ပင် ထူးခြားလှ၏။
"ဟုတ်တယ်.. ငါက ရေကန်ထဲက ပစ္စည်းအတွက် ရောက်လာတာပဲ"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"မင်းက သန်မာပေမဲ့ ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး.. မင်း ဒီနေရာမှာ အခုချိန်ထိ ကြီးပြင်းလာဖို့က မလွယ်ဘူးလို့ ငါထင်တယ်.. မင်း ဒီနေရာကနေ ထွက်သွားဖို့ ဆန္ဒရှိရင် ငါ မင်းကို မသတ်ဘူး"
"ငါက မင်းရဲ့ ပြိုင်ဘက်မဟုတ်တာ ခံစားမိတယ်.. မင်းနဲ့ ရန်သူဖြစ်ဖို့လည်း လုံးဝ မတွေးဖူးဘူး.. မင်းငါ့ကို အခြေအနေ တစ်ခု ကတိပေးရင် ရေကန်ထဲက အရာကို ပေးနိုင်ပါတယ်"
လိပ်သားရဲက ကျန်းချန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးမှ လေးနက်စွာ ပြောလိုက်သည်။
ကျန်းချန်က အံ့အားသင့်သော အမူအရာဖြင့် လိပ်သားရဲကို ကြည့်ကာ မေးလိုက်သည်။
"ဘယ်လို အခြေအနေမျိုးလဲ"
"ငါဒီနေရာကနေ ထွက်သွားချင်တယ်.. မင်း ဒီနေရာကနေ ထွက်သွားတဲ့အခါ ငါ့ကို ခေါ်သွားပေးရင် ရပြီ"
သားရဲက မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ သူ၏ အခြေအနေများကို ရှင်းပြခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်ဆယ့်ရှစ်သန်း ကတည်းက ဤနေရာတွင် သူက ဉာဏ်အလင်းရခဲ့ပြီး လူသားများ နည်းတူ စဥ်းစားတွေးခေါ်တတ်သည့် ဉာဏ်ရည်မျိုးကို ရရှိခဲ့သည်။
ထိုကြောင့်လည်း သူက သူ၏ ပျင်းရိဖွယ်ကောင်းသော ဘဝကို တဖြည်းဖြည်း စိတ်ကုန်လာခဲ့၏။
နှစ်ပေါင်း တစ်ဆယ့်ရှစ်သန်းကျော် ကာလအတွင်း သူက ဤကမ္ဘာငယ်လေးမှ ထွက်ခွာရန် တစ်ကြိမ်ထက်မက ကြိုးစားခဲ့ဖူးသည်။
သို့သော် ဤကမ္ဘာငယ်လေးသည် သူ့အတွက် ကြီးမားသော လှောင်အိမ်ကြီး တစ်ခုနှင့် တူပြီး သူမည်မျှပင် အားထုတ်ရုန်းကန်စေကာမူ လုံးဝ ထွက်မသွားနိုင်ခဲ့ပေ။
ယခု ပြင်ပမှ လူသားများ ဤနေရာသို့ ရောက်လာပြီ ဖြစ်ရာ ဤအခွင့်အရေးကို သူက မည်ကဲ့သို့ လျစ်လျူရှုနိုင်ပါမည်နည်း။
ကျန်းချန်က အနည်းငယ် စဥ်းစားဟန် ပြုလိုက်ပြီးနောက် လိပ်သားရဲကို ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ.. ငါ မင်းကို ကတိပေးတယ်"
သူ၏ရှေ့ရှိ ထူးဆန်းသော သားရဲကြီး၏ ခွန်အားသည် မြေကြီးအရှင် အဆင့် အထွတ်အထိပ် စွမ်းအားနှင့် နှိုင်းယှဉ်နိုင်ပြီး တစ်နှစ်ပတ်လုံး မြေကြီးစွမ်းအားကို စုပ်ယူထားသောကြောင့် ၎င်း၏ ခုခံမှု စွမ်းအားသည် သာမန် ကောင်းကင်အရှင် အချို့ထက်ပင် ပိုမို ကောင်းမွန်ဖွယ် ရှိသည်။
သူ့အနေဖြင့် လိပ်သားရဲကို ရင်ဆိုင်မည်ဆိုလျှင် အားထုတ်မှုများစွာ ပြုလုပ်ရလိမ့်မည် ဖြစ်ရာ မတိုက်ခိုက်ရလျှင် အကောင်းဆုံး ဖြစ်သည် မဟုတ်ပါလား။
ထို့အပြင် လိပ်သားရဲ တောင်းဆိုသည့် အခြေအနေကို သဘောတူလိုက်သည်နှင့် သူက အခမဲ့ သက်တော်စောင့် တစ်ဦး ပိုင်ဆိုင်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ကျန်းချန်က အခြေအနေ တစ်ခုကို သဘောတူလိုက်ရုံဖြင့် အရာအားလုံး အဆင်ပြေနိုင်မည် အခွင့်အရေးကို အဘယ်ကြောင့် သဘောမတူဘဲ နေပါမည်နည်း။
"မင်း ပြောတဲ့အတိုင်း လုပ်မယ်လို့ မျှော်လင့်ပါတယ်.. မဟုတ်ရင် ငါ သေရရင်တောင် မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"
ထိုစကားကို ပြောပြီးနောက်တွင် လိပ်သားရဲက ချက်ချင်းပင် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
"ရေကန်ထဲက အရာတွေကို မင်း ကိုယ်တိုင် သွားယူမလား ဒါမှမဟုတ် ငါ မင်းကို ကူညီပေးရမလား"
"လိပ်အိုကြီး.. ဒီရေကန်ထဲက ရေတွေမှာ အဆုံးမဲ့ မြေကြီးစွမ်းအားတွေ ပါဝင်နေပုံပဲ.. အထဲမှာ ဘာတွေရှိနေတာလဲ"
လိပ်သားရဲက ရေကန်ထဲရှိ ပစ္စည်း အကြောင်း ပြောနေသည်ကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် ထူးဆန်းသော အမူအရာများ ပေါ်လာခဲ့သည်။
ပုံမှန်အားဖြင့် သူ့ ရှေ့ရှိ ရေကန်သည် မြေကြီးစွမ်းအားများ ရှိနိုင်မည် မဟုတ်ပေ။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ဤရေကန်ထဲတွင် မြေကြီးစွမ်းအား ပါဝင်သော ပစ္စည်း တစ်ခုခု ရှိရပေမည်။
"ဒီရေကန်ထဲမှာ ရှိတဲ့ မြေကြီးစွမ်းအားက ဒီပစ္စည်းကနေ လာတာ ထင်တယ်"
ထိုစကားကို ပြောပြီးနောက်တွင် လိပ်သားရဲသည် ချက်ချင်းပင် သူ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး လက်သီးဆုပ် အရွယ်အစားရှိ အဝါရောင် ဖျော့ဖျော့ ကျောက်သလင်းတုံး တစ်ခုကို အန်ထုတ်လိုက်သည်။
အခန်း(၁၉၉၀) ပြီး၏