အိုင်ဒေါ အဖြစ် ပွဲဦးထွက်ဖို့ ငွေမီးရှို့ခြင်း
Vol. 14 Ch. 131
ဤစကားကို ကြားတော့ ရွှီရိ ကြက်သေသေသွားခဲ့၏။
သူက ချန်ယွီ့ကို ပွဲဦးထွက်နိုင်မှာလားလို့ မေးနေတာလေ ….. ထောင်ကျမယ်ဆိုပြီး ဘာလို့ လာပြောနေတာလဲ …
ကြည့်ရှုသူများပင် ချန်ယွီ့ စကားကိုကြားတော့ အံ့ဩဘနန်း ဖြစ်သွားခဲ့ကြ၏။
သူတို့တွေ မူလတုန်းက ရွှီရိကို လူမဆန်သည့်အတွက် ဝေဖန်ပြစ်တင်ချင်နေခဲ့ကြသည်။ သူက သူ့ကိုယ်သူ နာမည် တစ်လုံး ဖန်တီးနိုင်ဖို့ရန်အတွက် မိသားစုဝင်များကိုပင် ခြောက်ကပ်သည်အထိ သွေးစုပ်ဝံ့သူ ဖြစ်၏။
ထိုငနဲက ထောင်ကျသွားလိမ့်မည်လို့တော့ သူတို့တွေ တစ်ဦးမှ မျှော်လင့်မထားခဲ့ပါချေ။
“ ထောင်ဆယ်နှစ် ကျသွားရလောက်အောင် ဒီ ကောင်စုတ်လေး ဘာတွေများ လုပ်ခဲ့လို့ပါလိမ့် ….”
ကြည့်ရှုသူများမှာ အမှန်တရားကို သိခွင့်ရဖို့ မစောင့်နိုင်ကြတော့ချေ။
“ ငါ အခု နားလည်သွားပြီ …” ရွှီရိက ရုတ်တရက်ချည်း ပြောလာသည်။
“ ဒေါက်တာချန် … မင်း ငါ့ကို ကြောက်အောင်လို့ တမင် ဖိန့်နေတာမလား …”
“ မင်းလည်း အဲ့ဒီလူတွေနဲ့ အတူတူပဲ … ငါ ပွဲဦးထွက်ပြီး နာမည်ကြီးနိုင်မယ်ဆိုတာကို မယုံကြည်ဘူး ….”
“ ဒီလို နည်းလမ်းတွေနဲ့ ငါ့ကို နောက်ဆုတ်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ် ….”
“ ထောင်ဆယ်နှစ် ကျမယ်ဆိုတာက ဘာသဘောလဲ … အဲ့တာက မဖြစ်နိုင်ဘူးဆိုတာ မင်း မသိဘူးလား …”
ရွှီရိက အသက် ၁၇ နှစ်မျှသာ ရှိသေးသော်လည်း ဥပဒေကို ချိုးဖောက်ပြီး ရာဇဝတ်မှုကို ကျူးလွန်သည်က မည်မျှ ကြီးလေးသည့် တန်ကြေးကို ပြန်ပေးဆပ်ရကြောင်းတော့ နားလည်ထားသည်။
ဆယ်လီ အနုပညာရှင်တစ်ဦးက ရာဇဝတ်မှု ကျူးလွန်လိုက်သည်နှင့် သူတို့ကို စောင့်မျှော်နေသည့် အရာက သံတိုင်များနောက်ကွယ်က ယူနီဖောင်းဝတ် ဘဝတစ်ခုဖြစ်ပြီး လူအများ၏ ဘွိုင်းကော့ခြင်းပင်။
လွန်ခဲ့သော ၂ နှစ်ခန့်က ရာဇဝတ်မှုများ ကျူးလွန်သည့်အတွက် ဆယ်လီအနုပညာရှင် တော်တော်များများ ဖမ်းဆီးခံခဲ့ရလေသည်။
မည်မျှပင် နာမည်ကြီးသည့် အနုပညာရှင် ဖြစ်နေစေကာမူ ဖမ်းခံရပြီးနောက်တွင် လူထုရှေ့မှောက်သို့ ပြန်ပေါ်လာနိုင်ခြင်း မရှိတော့ချေ။
ရွှီရိက A-list အိုင်ဒေါ တစ်ဦးဖြစ်လာဖို့ ရည်ရွယ်ထားလေရာ သူ့အနာဂတ်ကို ဖျက်စီးမည့် ထိုသို့သော အရာမျိုးကို အဘယ်ကြောင့် ပြုလုပ်လိမ့်မည်နည်း။
“ ဒီ ကလေးက ရူးနေတယ်ဆိုပေမယ့် အသိစိတ် နည်းနည်းပါးပါးတော့ ရှိသေးသားပဲ … ဘာတွေ လုပ်လို့ရပြီး ဘာတွေ လုပ်လို့မရဘူးလဲ သူသိတယ် …”
“ မဖြစ်နိုင်ဘူး… ဒေါက်တာချန်က သူ ထောင်ကျမယ် ပြောရင် သူ ထောင် ကျကိုကျနိုင်တယ် … ဒေါက်တာချန် ညာပြီးပြောတာ မင်းတို့ ဘယ်တုန်းက ကြားဖူးလဲ …”
“ ငါ့ ခေါင်းတွေ မီးတောက်နေပြီ….”
“ ဒေါက်တာချန် … မင်း အဖြေကို အမြန်လေး ပြောလိုက်ပါတော့ကွာ … ဒီမှာ ငါတို့တွေ သိချင်လွန်းလို့ တစ်ပိုင်းသေနေပြီ ….”
“ လူတိုင်းက ဦးဦးဖျားဖျား သတင်းကို စောင့်နေကြတယ် ဒေါက်တာချန်ရေ …”
သူ့စခရင်ထက်ရှိ ကွန်းမန့်များကို ကြည့်ရင်း ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ပြောလိုက်သည်။
“ ဟုတ်တယ် … အခု လက်ရှိ မင်းက ဥပဒေ မချိုးဖောက်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း ရှိတယ် ..”
“ တရားမဝင်တာတွေ မလုပ်ဖို့ အမြဲတမ်း မင်းကိုယ်မင်း သတိပေးတယ် …”
“ ကံဆိုးချင်တော့ မင်း ဖျော်ဖြေရေး နယ်ပယ်ထဲ ရောက်လာတာနဲ့ အခြေအနေတွေက ထိန်းချုပ်လို့ ရမှာ မဟုတ်တော့ဘူး …”
“ ဒါမှမဟုတ်လည်း မင်းကိုယ်၌က ရွေးချယ်စရာ မရှိတော့လို့ ဖြစ်မယ် …”
ချန်ယွီ့ သို့လောသို့လော ဖြစ်အောင် လုပ်မနေတော့ဘဲ ရွှီရိ ဘာကြောင့် ထောင်ကျသွားရမလဲဆိုတာကို စတင် ရှင်းပြ၏။
“ မင်းက ကိုယ့်ကိုယ့်ကို သတ်သေမယ်လို့ ခြိမ်းခြောက်ပြီး မင်းအဖေကို အိမ်ရောင်းအောင်လို့ အတင်းအကြပ် ဖိအားပေးတယ် …”
“ မင်းတို့ နေတဲ့ အိမ်က အိမ်အိုလေး … တည်နေရာကလည်း ဈေးကောင်းရနိုင်တဲ့ နေရာမဟုတ်တော့ မြေဈေးကလည်း တန်ဖိုးနည်းတယ် … နောက်ဆုံး မင်း အိမ်ရောင်းလို့ရတဲ့ငွေက ယွမ် ၂၀၀,၀၀၀ တည်းရှိတယ် ….”
“ ဒီငွေတွေနဲ့ မင်းရဲ့ နှစ်ဆက်ရှင်စာ သင်တန်းကြေးကို ပေးလိုက်တယ် …”
“ တစ်နှစ်ကြာပြီးတဲ့နောက်မှာ မင်း ပွဲဦးထွက်ဖို့ အခွင့်အရေး ရလာခဲ့တယ် ….”
“ ကုမ္ပဏီတစ်ခုတည်းက မင်းလိုမျိုး တခြား လူငယ် ကောင်လေးတွေနဲ့ အတူ စုပေါင်းပြီးတော့ boy group တစ်ခု တည်ထောင်ပြီး talent show အကြီးစား တစ်ခုမှာ ဝင်ပြိုင်တယ် …”
( boys planet လို အိုင်ဒေါတွေ မွေးထုတ်ပေးတဲ့ talent show မျိုးပါ၊ အဲ့မှာ အငယ်ဆုံးဆို ၁၂နှစ် ၁၃ နှစ် ကလေးတွေတောင် ပါကြပါတယ်၊ ဒီခုက တရုတ်ဆိုတော့ c-idol ပေါ့၊ တရုတ်မှာလည်း TNT လို နာမည်ကြီး အိုင်ဒေါဂရုတွေ ရှိပါတယ်။)
“ အဲ့ဒီ ရှိုးက နှစ်ဝက်ကြာမြင့်တယ် … ပြီးတော့ အဲ့ဒီ နှစ်ဝက်ကလည်း မင်းရဲ့ စိတ်ဓာတ်ကို လုံးဝ သိသိသာသာ ပြောင်းလဲ သွားစေခဲ့တယ် …”
“ talent show ထဲ ပါဝင်တဲ့ အိုင်ဒေါဂရုတွေက အများကြီးပဲ .. အဲ့ဒီလို များပြားတဲ့ လူအုပ်ကြီးထဲမှာ ကိုယ်က အများအာရုံစိုက်စရာ ဖြစ်ဖို့ဆိုရင် အင်မတန် ပြောင်မြောက်တဲ့ အဆို အက အရည်အချင်းတွေ အပြင်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အပြင်ပန်း သရုပ်သကန်လည်း လိုအပ်သေးတယ် …”
“ မင်းတို့အသင်းက ဒုတိယမြောက် လူစစ်ထုတ်တဲ့ ပွဲစဉ်ကို ဖြတ်ကျော်နိုင်တော့ မင်းရဲ့ မန်နေဂျာက မင်းအတွက် မီတင်တစ်ခု လုပ်ပေးတယ် …”
“ နောက်လာမယ့် ပြိုင်ပွဲက ကိုယ့်ရဲ့ တစ်ကိုယ်တော် အရည်အချင်းနဲ့ ပရိသတ်တွေရဲ့ vote(မဲ) ကို ဆွဲဆောင်နိုင်တဲ့ အစွမ်းအစ ဘယ်လောက်ရှိလဲဆိုတာကို ဆန်းစစ်မယ့် ပွဲ …”
“ ပရိသတ်တွေကို ဆွဲဆောင်ဖို့ဆိုတာက … ငွေကို မီးနဲ့ရှို့တာနဲ့ မခြားဘူး …”
ချန်ယွီ့က လေးနက်သံဩဩဖြင့် ပြောလိုက်သည်။
သူတို့တွေ အစစ်အမှန် ပွဲဦးမထွက်နိုင်ခင်အထိ ပါဝင်ယှဉ်ပြိုင်သူများ အားလုံးတွင် အထောက်အထားက တစ်ခုတည်းသာ ရှိသည်။
ယင်းက ထရိန်နီ သင်တန်းသား ဖြစ်၏။
သင်တန်းသားများက မည်သည့် အထောက်အပံ့ကိုမျှ ရရှိနိုင်မှာ မဟုတ်ချေ။
ရှိုးပွဲပရိုဂရမ် ရိုက်နေစဉ်အတွင်း သင်တန်းသားများက မိမိတို့၏ အစားအသောက်နှင့် ကုန်ကျစရိတ် အဖုံဖုံကို ကိုယ့်ဘာကိုယ်ပဲ ကျခံရသည်။
ဤသည်ကလည်း ရေခဲတောင် ထိပ်ဖျားလေးမျှသာ ရှိသေး၏။
သင်တန်းသား အများစုက အသက် နှစ်ဆယ် မရောက်တရောက် လူငယ်များပင်။
ရွှီရိ သူ့ကိုယ်သူ ဖန်တီးထားသည့် သရုပ်သကန်က ဖက်ရှင်ကျပြီး တက်တက်ကြွကြွ ရှိသည့် လူငယ် သင်တန်းသား တစ်ဦး ဖြစ်၏။
သူ စင်ပေါ်တက်သည့် အချိန်တိုင်း ၊ ဒါမှမဟုတ် သူ့ပရိသတ်များနှင့် တွေ့ဆုံသည့်အခါတိုင်း အင်္ကျီအဝတ်ကို ဘယ်တော့မှ နှစ်ခါ ထပ်အောင် မဝတ်ပေ။
အကယ်၍ သူသာ တူညီသည့် အင်္ကျီအဝတ်ကို ထပ်ခါတလဲလဲ ဝတ်ဆင်နေမည်ဆိုပါက ဖက်ရှင်ကျသည့် အိုင်ဒေါဟူသည့် သူ့သရုပ်သကန်အပေါ် ထိခိုက်မှု ရှိလာနိုင်မည်။
ထို့ကြောင့် သင်တန်းသားများက မိမိတို့၏ အစားအသောက်နှင့် နေရာထိုင်ခင်းအတွက် ကုန်ကျစရိတ် ပေးနေရစဉ် ၊ ရွှီရိက များပြားလှသည့် အင်္ကျီအဝတ်အစားများနှင့် လက်ဝတ်တန်ဆာ ပစ္စည်းများကို ဝယ်ဖို့ရာ လိုအပ်နေသေး၏။
ယင်းတို့က သူဖန်တီးထားသည့် သရုပ်သကန်အတွက် အရေးကြီးသည့် ပစ္စည်းများ ဖြစ်၏။
၎င်းအပြင်ကို သင်တန်းသား အများစုအတွက် အခြားသော ငွေကုန်ပေါက်များကလည်း အများအပြားပင်။
ထိုအနက် တစ်ခုက သီချင်းအတွက် copyright fees ဖြစ်၏။
အကယ်၍ သင်တန်းသားများက ပရိုဂရမ်ထဲတွင် screen times အများစုကို ရယူလိုပါက ထရန်းဒင်းဖြစ်နေသည့် သီချင်းများကို တတ်နိုင်သလောက် သီဆိုနိုင်ဖို့ လိုသည်။
သီချင်းက ပို၍ ပေါ်ပြူလာဖြစ်လေ ၊ copyright fees ကလည်း မြင့်မားလေဖြစ်၏။
ရွှီရိက ရှိုးပွဲအတွက် ဒါဇင်ချီသည့် အဝတ်အစားများကို ပြင်ဆင်ရသည့်အပြင် သီချင်းများ၏ copyright ကိုလည်း ဝယ်ရသေး၏။
အနှီ သင်တန်းသားများက အမှန်တကယ် ပါရမီပါသူ မဟုတ်သရွေ့ ဖျော်ဖြေရေးကုမ္ပဏီများက အဆိုပါ ကုန်ကျစရိတ်များအတွက် တစ်ပြားတစ်ချပ်လေးမျှပင် ကုန်ကျခံပေးမှာ မဟုတ်ချေ။
သင်တန်းသားများကပဲ ကိုယ့်ဘာကိုယ် ပေးရမှာ ဖြစ်သည်။
“ အဝတ်အစား ကုန်ကျစရိတ် ၊ သီချင်း copyright ကုန်ကျစရိတ် ၊ နေထိုင်စားသောက်စရိတ် ၊ ဒါတွေ အကုန်လုံး ပေါင်းလိုက်ရင် အနည်းဆုံး ယွမ်သိန်းဂဏန်းပဲ …”
“ မင်း သင်တန်းသား ဖြစ်လာဖို့အတွက် ….” ချန်ယွီ့က တည်တည်ငြိမ်ငြိမ်ပဲ ဆက်ပြီးပြော၏။ “ မင်း မိသားစုရဲ့ ပိုက်ဆံကိုလည်း ကုန်အောင် သုံးပြီးပြီ …. အိမ်တောင် မင်း ရောင်းလိုက်သေးတယ် ….”
“ မင်းအဖေက မင်း လိုအပ်နေတဲ့ ပိုက်ဆံပမာဏကို ဖြည့်ဆည်းမပေးနိုင်တော့ဘူးဆိုတာ မင်းသိတယ် ….”
“ ဒါပေမယ့် မင်း ဒီငွေတွေကို မရဘူးဆိုရင် မင်း ရှိုးမှာ ဘယ်လောက်ပဲ ကြိုးစားပြီး တင်ဆက်တင်ဆက် ၊ ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကိုတော့ မင်းရနိုင်မှာ မဟုတ်ဘူး …. တကယ့် စစ်မှန်တဲ့ အိုင်ဒေါ တစ်ယောက်အနေနဲ့ ပွဲဦးထွက်ဖို့ကတော့ ပြောမနေနဲ့တော့ ….”
“ တခြား သင်တန်းသားတွေက အင်္ကျီတွေဝယ် ၊ သီချင်း copyright တွေ ဝယ်နေကြတာကို မြင်တော့ မင်းခေါင်းထဲ အရင်ဆုံး အတွေးဝင်လာတာက ကုမ္ပဏီကနေ ပိုက်ဆံချေးဖို့ပဲ ….”
“ ငြင်းပယ်ခံလိုက်ရတော့ …. မင်းရဲ့ သူငယ်ချင်းတွေဆီကနေ ပိုက်ဆံလိုက်ချေးတယ် …”
“ အဲ့မှာ ရုတ်တရက် မင်း သူငယ်ချင်း တစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာမှာ နိုင်ငံခြားက တင်သွင်းလာတဲ့ ဆေးတစ်မျိုးကို ပိုက်ဆံအများကြီးပေးပြီး ဝယ်နေတာကို မြင်တွေ့သွားတယ် …”
“ စူးစမ်းချင်စိတ်နဲ့ လိုင်းပေါ်မှာ အဲ့ဆေးနာမည်ကို ရိုက်ပြီး စုံစမ်းကြည့်တော့ လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းကရင် ဒီဆေးထုတ်လုပ်တဲ့ ကုမ္ပဏီက ပြဿနာတစ်ချို့တက်ပြီး ထုတ်လုပ်ရေးပိုင်းကလည်း အတော်လေးကို ကျဆင်းသွားခဲ့တာကို မင်း သိလိုက်ရတယ် …”
“ နိုင်ငံထဲမှာ ဒီဆေးကို လိုအပ်နေတဲ့ လူနာတွေ အများကြီးပဲ …. နေရာတိုင်းမှာ ဒီဆေးရောင်းတဲ့ လမ်းကြောင်းကို လိုက်ရှာနေကြပြီး ဆေးရဖို့အတွက်လည်း ပိုက်ဆံအများကြီး သုံးလိုကြတယ် …”
“ ချက်ချင်းဆိုသလို အခွင့်အရေးကောင်းတစ်ခုတော့ ရောက်လာပြီဆိုတာကို မင်း သိလိုက်တယ် … ပြီးတာနဲ့ မင်းရဲ့ အဲ့ဒီ သူငယ်ချင်းကို ဆက်သွယ်ပြီး မင်းမှာ အဲ့ဆေးကို ရနိုင်မယ့် နည်းလမ်း ရှိတယ်လို့ ပြောတယ် …”
“ မင်းသူငယ်ချင်းကလည်း စစချင်းတော့ မယုံဘူး … ဒါပေမယ့် မင်းရဲ့ တော်ကီတွေအောက်မှာ သူလည်း လိမ်ခံလိုက်ရတယ် …”
“ ဘာလို့ဆိုတော့ မင်းက ဖျော်ဖြေရေးနယ်ပယ်ထဲ ရောက်ပြီး ချိတ်တွေ အများကြီး ရှိနေပြီလို့ ပြောလိုက်တာကြောင့်လေ …”
စကားကို ခေတ္တတစ်ထောက်နားပြီး နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်လဲဆိုတာကို ချန်ယွီ့ ရှင်းပြသည်။
ရွှီရိက သူ့သူငယ်ချင်းကို ပိုက်ဆံတွေ လိမ်ပြီး ချက်ချင်းပဲ အဝတ်အစား အကောင်းစားတွေ အများကြီးနှင့် သူ့နောက် ဖျော်ဖြေတင်ဆင်မှုအတွက် copyright သီချင်းတွေ အများအပြားကို ဝယ်ယူခဲ့သည်။
ထို့ကြောင့် ရွှီရိက သူ့ သူငယ်ချင်းကို ထပ်မံဆက်သွယ်ပြီး သူ့တွင် ဆေးတွေ အများအပြား ရှိနေသေးကြောင်း ပြော၏။
အကယ်၍ သူသာ ဆေးလိုအပ်နေသည့် လူနာများနှင့် ဆက်သွယ်ပေးမည်ဆိုပါက ၁၀ ရာခိုင်နှုန်း ကော်မရှင်ခ ပေးမည်ဟုလည်း ကတိပေးလိုက်သည်။
နှစ်လအတွင်းမှာပဲ ရွှီရိက ထို ကျားဖြန့် နည်းလမ်းတစ်ခုတည်းအပေါ် မူတည်ပြီး ယွမ် ၆ သိန်းခန့် ရိတ်သိမ်းသွားနိုင်ခဲ့၏။
Copyrights များနှင့် အဝတ်အစားများ ဝယ်ယူသည့်အပြင်၊ တစ်စိတ်တစ်ပိုင်းကို သူ ယူထားသည့် အွန်လိုင်းချေးငွေအား ပြန်ဆပ်လိုက်သည်။
ဤသို့ဖြင့် … ပိုက်ဆံများအားလုံး ကုန်စင်ပြောင်လက်အောင် အသုံးပြုပြီးသွားခဲ့၏။ သို့ပါသော်လည်း ဆေးဝါး အရိပ်အယောင်ကတော့ အမြီးလေးပင် မြင်တွေ့ရခြင်း မရှိသေးချေ။
များပြားလှသည့် လူနာ အမြောက်အများက ရွှီရိ၏ သူငယ်ချင်းထံသို့ ရောက်လာကြပြီး ဖြေရှင်းချက်ပေးဖို့ တောင်းဆိုကြ၏။
သူ့သူငယ်ချင်းကလည်း ရွှီရိထံသို့ အကြိမ်များစွာ ဆက်သွယ်သည်။ သို့သော် ရွှီရိက ဆင်ခြေဆင်လက် ပေါင်းစုံပေးပြီး အချိန်ဆွဲထားဆဲပင်။
အဆုံး၌ သူ့သူငယ်ချင်းက ရဲကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်၏။
စုံစမ်းစစ်ဆေးပြီးနောက်တွင် ရွှီရိထံ၌ အဆိုပါ ဆေးဝါးများ ဝယ်ယူရန် မည်သည့် ချာနယ်လမ်းကြောင်းမျှ မရှိနေကြောင်းကို တွေ့ရှိသွားခဲ့သည်။
သက်သေအချက်အလက်များလည်း ထင်ရှားနေပြီး အမှုလည်း ပိတ်သိမ်းသွား၏။
လိမ်လည်ခဲ့သည့် ငွေပမာဏက ယွမ် ၅ သိန်း ကျော်သဖြင့် ရွှီရိကို တရားသူကြီးက ထောင်ဒဏ်ဆယ်နှစ် ကျခံဖို့ စီရင်ချက် ချလိုက်သည်။
“ မဟုတ်ဘူး … ငါ အဲ့လိုလုပ်မှာ မဟုတ်ဘူး … “
ရွှီရိ တုန်ယင်သွားသည်။
ထိုသို့ အောက်တန်းကျသည့် လုပ်ရပ်မျိုးကို သူ မည်သို့ လုပ်နိုင်ပါမည်နည်း။
ယင်းက လုံးဝ မဖြစ်နိုင်ပေ။
“ talent ရှိုးပွဲမှာ အခက်ခဲဆုံးအရာက မင်းရဲ့ ကိုယ်ပိုင် အရည်အချင်း မဟုတ်ဘူး …” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ အဲ့တာက မင်းကိုယ်မင်း ဘယ်လောက်ထိ ငွေလမ်းခင်းနိုင်လဲဆိုတာပဲ ….”
“ ပွဲဦးထွက်နိုင်ဖို့အတွက် မူလက ချမ်းသာတယ်လို့ သတ်မှတ်နိုင်တဲ့ မင်းမိသားစုမှာ ဘယ်တော့မှ ဖာလို့ မပြီးနိုင်တဲ့ ယိုပေါက်ကြီးတွေနဲ့ ပြည့်နှက်လာတယ် …”
“ အခု အခွင့်အရေးက မင်းရှေ့မှာပဲ … မင်းကိုယ်မင်း နာမည်ကြီးလာဖို့ အတွက်နဲ့ မစွန့်စားဘဲနေမှာ သေချာလား …”