← Chapters

လှပပေမယ့် အကောင်အထည် ဖော်ဖို့ ခက်ခဲတဲ့အိပ်မက်

Vol. 14 Ch. 132

လှပပေမယ့် အကောင်အထည် ဖော်ဖို့ ခက်ခဲတဲ့အိပ်မက်

Vol. 14 Ch. 132

ရွှီရိ တိတ်ဆိတ်သွားခဲ့သည်။

သူ ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကို ရှာဖွေလိုက်၏။

ငွေကြေးအရင်း အနှီး များစွာ လိုအပ်သည့် ဤကစားပွဲကို ဆက်ကစားဖို့ မသင့်လျော်ကြောင်း သူ့ကို ကြင်နာစွာ သတိပေးခဲ့ဖူးသည့် ကင်းထောက် အစ်မကြီး၏ နံပါတ်ပင်။

“ ဆိုတော့ ဒါတွေက ပရိသတ်တွေ သူတို့အတွက် ပိုက်ဆံတွေ အများကြီး သုံးနေတဲ့ အိုင်ဒေါတွေပေါ့ … ဒါကြီးက ဘာလားဟ ….”

“ ထင်ထားတဲ့အတိုင်းပဲ သူက ပွဲဦးထွက်ပြီးတာနဲ့ နာမည်တော့ ကြီးလာပါရဲ့ …. တစ်ခါတည်းနဲ့ အဆုံးသတ်တာပဲ … ဥပဒေရဲ့ အပြစ်ပေးမှုကို ခံလိုက်ရတယ် ….”

“ အပြင်ဘက်မှာ ကြည့်ကောင်းပေမယ့် အသားထဲမှာတော့ လောက်တက်နေတဲ့ကောင် …”

“ လူ့အဖွဲ့အစည်းကြီးက ငွေကြေးဥစ္စာနဲ့ပဲ လည်ပတ်နေတာ … ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ကို ဆုံးရှုံးဖို့ အလွယ်ကူဆုံးက ဒီလို နာမည်ကြီး အနုပညာရှင်ဖြစ်ဖို့ ရူးသွပ်ကြတဲ့ ကလေးတစ်အုပ်စုပဲ …”

“ ထောင်ကျပြီးသွားရင် လူမှုလောကကြီးထဲမှာ သာမန်လူတစ်ယောက် ဖြစ်ဖို့တောင် ခဲယဉ်းတယ် … အိုင်ဒေါဖြစ်ဖို့ဆိုလို့ကတော့ ပြောတောင် မပြောနဲ့တော့ ….”

“ ဆေးရောင်းတဲ့ အိုင်ဒေါ … ရဲစခန်းမှာ အလယ်နေရာက ပွဲဦးထွက်လာတယ် ….”

“ သူနဲ့ ရွယ်တူတွေ ယွမ် သိန်းသောင်းချီတဲ့ ဝတ်ကောင်းစားလှတွေ ဝတ်စားနေချိန်မှာ မပြည့်စုံတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ လူငယ်တစ်ယောက်အတွက် မနာလိုစိတ် မဖြစ်မိဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာပဲ … ငါသာဆိုလည်း ဖြစ်မိမှာပဲ … ဒါပေမယ့် ကိုယ့်ကိုယ်ကို လမ်းမှား မလိုက်မိအောင် သတိကပ်ဖို့တော့ လိုတယ် ….”

“ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ မိသားစု ကျောထောက်နောက်ခံက အရေးကြီးဆုံးပဲ … ကိုယ့်မှာ ငွေလမ်းခင်းပေးနိုင်မယ့် မိဘမရှိဘူး ၊ မြှောက်စားပေးမယ့်လူ မရှိဘူးဆိုရင် ကိုယ်က တစ်သန်းမှာ တစ်ယောက်ပဲ တွေ့နိုင်မယ့် ပါရမီရှင်မျိုး ဖြစ်ဖို့လိုတယ် ….”

“ ငွေသာ အလုံအလောက် ရှိရင် ဘယ်ကြက် ၊ ဘယ်ခွေး ၊ ဘယ်ကြောင်မဆို အိုင်ဒေါ ဖြစ်လာနိုင်တယ် …”

“ ဖျော်ဖြေရေး ကုမ္ပဏီတွေ တော်တော်များများကလည်း အမှိုက်သရိုက်တွေကို အိုင်ဒေါတွေဆိုပြီး ရောင်းစားနေကြတာပဲ မဟုတ်လား … သူတို့ထဲက ကံကောင်းပြီး ဖြစ်ထွန်းသွားခဲ့ရင်တောင် ဆယ်စုနှစ် သုံးခုလောက် ကြာတဲ့ စာချုပ်ကြီးတွေနဲ့ ဂုပ်သွေးက စုပ်ခံရဦးမယ် …. ”

ရွှီရိ ယုံသည်ဖြစ်စေ ၊ မယုံသည်ဖြစ်စေ ၊ လူတော်တော်များများကတော့ ယုံကြည်ကြသည်။

talent show များ၊ ဖျော်ဖြေရေး နယ်ပယ်များတွင် အဆက်အသွယ် ရှိသူတစ်ချို့က ရှေ့ထွက်လာကြပြီး ချန်ယွီ့ ပြောသွားသည်များက မှန်ကန်ကြောင်း ထောက်ခံကြ၏။

Talent shows များက ပါရမီအရှိဆုံး အိုင်ဒေါများကို ရွေးချယ်ခြင်း မဟုတ်ပါဘဲ မည်သူ့တွင် အရင်းမြစ် ကြွယ်ဝဆုံးလဲဆိုတာကို ရွေးချယ်ခြင်းပင်။

မိသားစု ကျောထောက်နောက်ခံ အားကောင်းသည့် သင်တန်းသားများဆိုလျှင် သူတို့ရဲ့ အရည်အချင်းက ဘယ်လောက်ပဲ စုတ်ချာနေပါစေ ၊ ငွေလမ်းခင်းပြီး အိုင်ဒေါ ဖြစ်လာနိုင်သည်။

ဖျော်ဖြေရေး ကုမ္ပဏီတိုင်းကလည်း ထိုကဲ့သို့ သိုးဝဝကြီးကို ရာစုနှစ် တစ်ခုတွင် တစ်ယောက်သာ ရှိနိုင်မည့် စတားတစ်ပွင့်အဖြစ် လက်ခံလိုကြမှာ ဖြစ်၏။

ဆန့်ကျင်ဘက်အနေဖြင့် စိတ်ဝင်စားဖို့ကောင်းသည့် အပြင်ပန်း သရုပ်ကို ငွေဖြင့် မဖန်တီးနိုင်သူများကတော့ အာရုံစူးစိုက်ခြင်း ခံရမှာ မဟုတ်ချေ။ သူတို့ရဲ့ တင်ဆက်နိုင်စွမ်း အရည်အချင်းက မည်မျှပင် ကောင်းမွန်နေပါစေ ၊ Talent show များတွင် ထင်ပေါ်ဖို့ ကြိုးစားနေသည်က အချည်းနှီး ဖြစ်သည့် ရုန်းကန်မှု တစ်ရပ်ဖြစ်၏။ ယင်းကလည်း အမြဲတစေ ရက်စက်လှသည့် အမှန်တရားတစ်ခုပင်။

ရွှီရိမှာ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက်တွင် ထိုအမျိုးသမီး၏ နံပါတ်ကို ဆက်သွယ်လိုက်၏။

“ အစ်မရန် … ကျွန်တော် ရွှီရိပါ … ကျွန်တော် တစ်ခု မေးချင်တာရှိလို့ …”

ဖုန်းဝင်သွားသည်နှင့် ရွှီရိက talent show တွင် သူပေးဆပ်ဖို့ လိုအပ်သည့် အမျိုးမျိုးသော အရာရာများနှင့် ပွဲစဉ်များအကြောင်းကို မေးမြန်းသည်။

“ ဟင်း …”

အမျိုးသမီးတစ်ဦး၏ သက်ပြင်းချသံက ဖုန်းတစ်ဖက်ခြမ်းကနေ ထွက်ပေါ်လာသည်။

“ ရွှီရိ … ဒါတွေ နင့်ကို ဘယ်သူပြောပြလဲ ငါမသိဘူး … ဒါပေမယ့် သူ ပြောသွားတာတွေက အကုန် အမှန်တွေချည်းပဲ …”

“ တကယ်လို့ နင်က အိုင်ဒေါ ဖြစ်လာချင်တယ်ဆိုရင် အနည်းဆုံး ယွမ် ငါးသိန်းလောက်ကတော့ အချိန်မရွေး ပေါ့ပေါ့ပါးပါး သုံးနိုင်တဲ့ အနေအထားမှာ ရှိရတယ် …”

ရွှီရိ ဖုန်းခေါ်ဆိုလိုက်သည့် အစ်မရန် ဆိုသူက ရွှီရိ၏ မေးခွန်းများကို ရှုပ်ထွေးနေသည့် လေသံဖြင့် အတည်ပြုပေးလိုက်သည်။

Talent show တွင် ပါဝင်ရာ၌ အသုံးပြုရမည့် ငွေကြေးပမာဏနှင့် နှိုင်းစာလိုက်မည်ဆိုပါက သင်တန်းကြေးမှာ မပြောပလောက်သည့် ပါမွှားလေးပင်။

“ ရွှီရိ … အစ်မက ကုမ္ပဏီကို နှုတ်ထွက်စာ တင်ပြီးသွားပြီ …”

“ တစ်လအတွင်းမှာ တရားဝင် နှုတ်ထွက်တော့မှာ …. ပြီးတော့ ငါ မထွက်သွားခင် အစ်မနင်နဲ့ စကား ကောင်းကောင်း ပြောနိုင်ဖို့ မျှော်လင့်တယ် ….”

“ အဲ့တုန်းက အစ်မနင့်ကို လမ်းမှာ ခေါ်ယူခဲ့တယ်ဆိုတာ နင်က ရုပ်ချောလို့ ၊ ပါရမီရှိလို့ မဟုတ်ဘူး … ဒီတိုင်း ကုမ္ပဏီက သတ်မှတ်ပေးလာတဲ့ စံချိန်စံနှုန်းအတိုင်း လိုက်နာနေရုံသပ်သပ်ပဲ ….”

အစ်မရန် ပြောသည့်အတိုင်းဆိုပါက သူတို့ကုမ္ပဏီတွင် ပါရမီရှင် ကင်းထောက်များအတွက် စံသတ်မှတ်ချက် သုံးရပ်ရှိသည်။

အသက် ၂၁ နှစ် မကျော်သည့် လူငယ်တစ်ယောက် ဖြစ်ရမည်။

ဆယ်လ်ဖီရိုက်ရတာကို နှစ်သက်ပြီး ရုပ်မဆိုးလွန်း ၊ ယုံကြည်ချက် အပြည့်ရှိသူ ဖြစ်ရမည်။

တတိယ တစ်ချက်ကတော့ အရေးကြီးဆုံး အချက်ဖြစ်ပြီး ချမ်းသာဖို့လည်း လိုသည်။

အစ်မရန်က ရွှီရိ ဘရန်းဒက် စနိကာများ ဝတ်ထားတာကို မြင်တော့ ရွှီရိ၏ မိသားစုကို ငွေမရှားသည့် မိသားစုအဖြစ် အထင်မှားသွားခဲ့ခြင်းပင်။ ထို့ကြောင့်လည်း သူ့ကို သူမတို့၏ ကုမ္ပဏီသို့ အတင်းဖိတ်ခေါ်ခဲ့ခြင်း ဖြစ်၏။

အချိန်ကြာလာသည်နှင့်အမျှ အစ်မရန်က ရွှီရိ၏ မိသားစုနောက်ခံမှာ သူမ ထင်ထားသကဲ့သို့ ကြွယ်ဝခြင်း မရှိကြောင်းကို သတိထားမိသွားခဲ့သည်။

ထို့အပြင် သူ့အဖေက ခြေတစ်ဖက် ဒုက္ခိတ ဖြစ်နေသူလည်း ဖြစ်၏။

ထို့ကြောင့် ရွှီရိကို ငွေမီးရှို့ရသည့် ဂိမ်းကို ဆက်မကစားဖို့ ကြင်နာစိတ်ဖြင့် သတိပေးခဲ့လေသည်။

“ နင့်ဘာနင် ယုံကြည်ချက် ရှိတာဖြစ်ဖြစ် ၊ မရှိတာဖြစ်ဖြစ် အရေးမပါဘူး … ပြောရရင် နင့်မိသားစုရဲ့ အခြေအနေတစ်ခုတည်းနဲ့တင် နင် ဘယ်လိုမှ အိုင်ဒေါအနေနဲ့ ပွဲဦးထွက်နိုင်မှာ မဟုတ်ဘူး ….”

“ နင်က ကိုယ့်ကိုယ်ကို နာမည်ကြီးလာမယ်လို့ မျက်ကန်း ယုံကြည်တယ် … ဒါပေမယ့် နာမည်ကြီး အိုင်ဒေါဖြစ်ဖို့ ငွေတွေ ဘယ်လောက်တောင် ရင်းနှီးရမလဲဆိုတာ နင်မသိဘူး ….”

“ ရွှီရိ …. အစ်မ ကလေးတွေ အများကြီးနဲ့ ကြုံခဲ့ပြီးပြီ … ဒါက သူတို့ရဲ့ နှစ်ဆယ်ကျော် ဒါမှမဟုတ် ဆယ်ကျော်သက်ဘဝမှာ ငွေထုပ်ပိုက်ပြီး ဖန်တီးရမယ့် အိပ်မက်ပဲ … ဒါပေမယ့် အချိန်တစ်ခုကြာလာတာနဲ့ ပြန်လှည့်ဖို့ဆိုတာ ခက်ခဲသွားပြီ …”

“ နင်က ငယ်သေးတယ် … အခုချိန်မှာ နောက်ပြန်လှည့်ပြီး ကျောင်းဆက်တက်ရင် မှီသေးတယ် …”

အစ်မရန်က ရွှီရိကို ပါရမီရှင် ကင်းထောက်များ၏ တာဝန်က ဆယ်လီဖြစ်ဖို့ အလားအလာရှိသူများကို ရှာဖွေဖို့ မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့၏။

သူမက အရောင်းသမားပင်။ နေ့ချင်းညချင်း ထင်ပေါ်ကျော်ကြားလိုစိတ်တို့ဖြင့် ပြည့်နှက်နေသည့် အနှီ လူငယ်များကို အိပ်မက်ဆိုသည့်အရာအား ရောင်းချနေခြင်း ဖြစ်၏။ ရွှီရိကဲ့သို့ ငယ်ရွယ်သည့် ကလေးများမှာ သူတို့ ဘာလိုချင်ကြလဲ ဆိုတာကို မသိကြပေ။

အိုင်ဒေါတစ်ယောက်၏ မီးရောင်စုံလင်သည့် ဘဝများနောက်လိုက်ရင်း ၊ သူတို့ကိုယ်တိုင်လည်း ထိုသို့ ဖြစ်လာနိုင်သည်ကို သိလိုက်ရချိန်တွင် မသိစိတ်က လိုချင်လာခဲ့သည်။

အစ်မရန်နှင့် ကုမ္ပဏီဝန်ထမ်းများ၏ ချီးမွမ်းမြှောက်ပင့်မှုကိုပါ ထပ်ပေါင်းထည့်လိုက်တော့ သူတို့တွေ တောက်ပသည့် ကြယ်တစ်ပွင့် ဖြစ်လာနိုင်သည်ဟု ထင်ယောင်ထင်မှား ယုံကြည်ချက်တို့က နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာသည်။

“ ရွှီရိ … အစ်မ အခု ရင်သွေးရဲ့ ကျန်းမာရေး စစ်ဖို့ သွားရတော့မယ် … နင် နောင်ကျ ကိုယ့်ကိုယ့်ကို ဂရုစိုက်ပါ …”

ပြောပြီးနောက် ရွှီရိ ဖုန်းချသွားခဲ့သည်။

“ ဒါတွေ အားလုံးက ဒီတိုင်း အိပ်မက်သပ်သပ်ပဲလား ….”

ရွှီရိ နာကျင်နေသည့် အမူအရာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်၏။

ချန်ယွီ့ လက်ပိုက်လျက် မေးတစ်ဖက်ထောက်ပြီး ထူးမခြားနားသည့် အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်၏။ “ မင်းကို ရှာဖွေခဲ့တဲ့ အစ်မရန်ကတောင် ရှင်းအောင် ပြောပြီးနေပြီပဲဟာ …”

“ ဒီအိပ်မက်က အိပ်မက်သပ်သပ်ပါပဲ ဆိုတာတောင် သတိပြုမိဖို့ ခဲယဉ်းလွန်းတဲ့ လှပလွန်းတဲ့ အိပ်မက်တစ်ခုပဲ …”

“ တကယ်လို့ မင်းက တန်တယ်ထင်ရင် မင်းရဲ့ တိုင်ပင်ဆွေးနွေးမှုကို အခုပဲ ရပ်တန့်လိုက်လို့ရတယ် ….”

“ မင်းရဲ့ ဒီ လက်တွေ့မကျတဲ့ အိပ်မက်ကြောင့် ကိုယ့်ကိုယ်ကို အပြစ်တွေတင်ရင်း စိတ်ဓာတ်ကျမှုတွေ ဖြစ်လာမယ် …”

“ မတန်ဘူးထင်ရင်တော့ မင်း ဆက်နေပြီး ငါ့စကားကို နားထောင်လိုက် ….”

ရွှီရိ မလှုပ်မယှက် ရှိနေသည်။ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့သည်အထိအောင် နာကျင်ဝမ်းနည်းနေလျက် ရှိသည်။

ခေတ္တကြာအောင် စောင့်ပြီးသည့်တိုင် ရွှီရိ ထွက်ခွာသွားခြင်း မရှိတာကို မြင်တော့ ချန်ယွီ့ ပြောလိုက်၏။ “ ဆိုရိုးစကားတွေအတိုင်းပဲ … အမှားပြင်ဖို့ နောက်ကျတယ်ဆိုတာ မရှိဘူး ….”

“ မင်း ဒီအိပ်မက်ကနေ လှုပ်နိုးလာပြီဆိုရင် မင်းရဲ့ ပုံမှန် နဂိုဘဝကို ပြန်သွားပြီး မင်းလုပ်သင့်တာကို လုပ်လို့ရတယ် …”

“ လာမယ့်နေ့ရက်တွေမှာ မင်း ခါးသီးမှုတွေ အများကြီး ခံစားရလိမ့်မယ် … ဒါပေမယ့် လက်တွေ့မကျတဲ့ အိပ်မက်ကြောင့် ခံစားရတာထက်စာရင်တော့ အများကြီး သာပါသေးတယ် ….”

“ ဒေါက်တာချန် … ငါ့စိတ်တွေ အရမ်း ရှုပ်ထွေးနေပြီ … ငါ လိုင်းအရင် ဆင်းသွားဦးမယ် …”

ရွှီရိ လိုရင်းတိုရှင်းပဲ ပြောပြီး သူ့မျက်နှာက စခရင်ထက်ကနေ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် စကားပြောခန်းထဲ၌ ကွန်းမန့်အများအပြား တက်လာသည်။

“ ဒီကလေး ကယ်လို့တော့ ရပါသေးတယ် ဟုတ်တယ်မလား ….”

“ ဒေါက်တာချန်က သူ့အနာဂတ်ကိုတောင် ပြောပြပြီးနေပြီလေ … အခု သူ့အပေါ်မှာပဲ မူတည်တယ် …. သူသာ ဒီလမ်းကြောင်းကို ဆက်လျှောက်နေမယ်ဆိုရင်တော့ နတ်သိကြားတွေတောင် ဆင်းပြီး ကယ်နိုင်မှာ မဟုတ်တော့ဘူး ….”

“ ငါက ၈၀ ခုနှစ်ဖွား … ငါ ငယ်ငယ် ကျောင်းတက်တုန်းကဆို ဆရာမက ငါတို့ကို ဘာဖြစ်ချင်လဲ အမြဲမေးတယ် … အဖြေကလည်း အမြဲတမ်း သိပ္ပံပညာရှင်ကြီး ၊ ဆရာဝန်ကြီး ၊ ကျောင်းဆရာကြီး ၊ မဟုတ်ရင် စစ်သားကြီးပဲ ဖြစ်ရမယ် ….”

“ ငါ ငယ်ငယ်ကကျတော့ ကျောင်းဆရာ ဖြစ်ချင်ခဲ့တာဟ …. ဒါပေမယ့် ကြီးလာတော့ ငါ အမုန်းဆုံး ဖြစ်တဲ့ စက်ရုံအလုပ်သမား တစ်ယောက်ပဲ ဖြစ်လာရတယ် ….”

“ အဟင့် ရွှတ် … အပေါ်က ညီကို … မင်း တော် တော်လိုက်တော့ကွာ … မင်းဆက်ပြီးပြောနေရင် ငါငိုချင်လာပြီ ….”

“ ငါသာ အတိတ် နှစ် ၂၀ က ငါ့ကိုယ်ငါနဲ့ ပြန်တွေ့ဖြစ်ခဲ့ရင် သူ့ကို ပြန်တောင်းပန်ချင်တယ် .. ငါက သူ ဖြစ်ချင်တဲ့လူတစ်ယောက် မဖြစ်နိုင်ခဲ့တဲ့အပြင် သူလိုငါလို သာမန်လျှံကာ သက်လတ်ပိုင်း လူကြီးတစ်ယောက်ပဲ ဖြစ်လာခဲ့မိတယ် …”

“ ငယ်ဘဝကငါလည်း ငါ ဖြတ်သန်းခဲ့ရတဲ့ ခါးသီးမှုတွေကို သိရင် ကျိန်းသေပေါက် ငါ့ကို ခွင့်လွှတ်မှာပါ ….”

မသိလိုက်စွာဖြင့် စကားပြောခန်းထဲရှိ လေထုက အတိတ်ကို ပြန်လွမ်းဆွေးတမ်းတသည့် ဘက်ခြမ်းသို့ ရောက်ရှိသွားခဲ့သည်။

ကြည့်ရှုသူ တော်တော်များများက သူတို့တွေ အတိတ်တွင်တုန်းက မက်ခဲ့ဖူးသည့် အိပ်မက်များအကြောင်း ပြောပြကြသည်။ အနည်းငယ်သော လက်တစ်ဆုပ်စာ လူတစ်စုကသာလျှင် သူတို့ရဲ့ မူလရည်မှန်းချက်များအတိုင်း ဆက်ပြီး လျှောက်လှမ်းနိုင်ခဲ့ကြ၏။ အများစုကတော့ အကြောင်းအရင်း အမျိုးမျိုးတို့ကြောင့် အိပ်မက်လမ်းကြောင်းပေါ်ကနေ သွေဖည်သွားခဲ့ကြရသည်။

ချန်ယွီ့ ညင်သာစွာ သက်ပြင်းချလိုက်၏။

လောကကြီးထဲ ဈေးအပေါဆုံး အရာက အိပ်မက်ဖြစ်သလို တန်ဖိုးမဖြတ်နိုင်ဆုံး အရာများကလည်း အိပ်မက်များပင်။

လူတစ်ဦး အိပ်မက်နောက် လိုက်ဖို့ သော့ချက်က သူတို့ရဲ့ မူလ ရည်ရွယ်ချက်များ မပြောင်းလဲဖို့ဖြစ်၏။ ရွှီရိ၏ အိပ်မက်ကတော့ … မိသားစု၏ အနာဂတ်ကို လောင်းကြေးထပ်ရမည့် အိပ်မက်တစ်ခု ဖြစ်နေသည်။

သူက အရာရာတိုင်းကို အိပ်မက်တစ်ခုအပေါ်တွင် လောင်းကြေးထပ်နေပြီး ကုန်းကောက်စရာ မကျန်သည့် အဆုံးသတ်မျိုးနှင့် အဆုံးသတ်သွားနိုင်သည်။

ကောင်းကင်လျှို့ဝှက် နည်းဗျူဟာက ချန်ယွီ့ကို အခြားသူများ၏ အနာဂတ်အား ထောက်ပြပေး၍ သူတို့နှင့် အသင့်လျော်ဆုံး လမ်းကြောင်းသို့ လျှောက်လှမ်းရန် ကူညီပေးသည်။

သို့ပေမယ့်လည်း ထိုမျှသာဖြစ်၏။

အကယ်၍ လူတစ်ယောက်က ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ နည်းလမ်းကို မတတ်မြောက်ထားပါဘူးဆိုလျှင် တစ်ချို့သော ကြည့်ရှုသူများ ပြောသည့်အတိုင်း နတ်သိကြားများ ဆင်းကယ်လျှင်ပင် ကယ်တင်နိုင်မှာ မဟုတ်ချေ။

All Chapters