← Chapters

မင်းက အနည်းဆုံး နှစ်၂၀ လောက် ပိုအိုစာနေသလိုပဲ

Vol. 14 Ch. 133

မင်းက အနည်းဆုံး နှစ်၂၀ လောက် ပိုအိုစာနေသလိုပဲ

Vol. 14 Ch. 133

“ ကဲ … ငါတို့ နောက်ဆုံးလူနာကို ဖိတ်ခေါ်လိုက်ကြရအောင် …”

စကားပြောခန်းထဲရှိ ကွန်းမန့်တို့ လျော့ကျသွားသည်နှင့် တတိယ ကံကောင်းသူက စခရင်ထက်တွင် ပေါ်လာသည်။

သူ့ရဲ့ သွင်ပန်းသဏ္ဌာန်နှင့် အွန်လိုင်းနာမည်ကို မြင်တော့ ကြည့်ရှုသူများမှာ ကြက်သေသေသွားခဲ့ကြသည်။

ဝင်ရောက်လာသည့်လူက အသက်လေးဆယ် အရွယ် သက်လတ်ပိုင်း အမျိုးသား ဖြစ်၏။

သူက အဖြူရောင် အင်္ကျီလက်ပြတ်နှင့် အနက်ရောင် ကိုင်းမျက်မှန်ကို တပ်ဆင်ထားသည်။

တည်ကြည်လေးနက်သည့် မျက်နှာပေါက်နှင့် အနည်းငယ်လည်း ဝဖိုင့်ဖိုင့်ရှိ၏။

စခရင်မှတစ်ဆင့်ပင် ကြည့်ရှုသူများက ၎င်းထံကနေ ထွက်ပေါ်နေသည့် ကြီးစိုးသည့် အရှိန်အဝါ အငွေ့အသက်များကို ခံစားမိနေကြသည်။

ပြည်သူ့ရေးရာဌာနတွင် အလုပ်လုပ်နေကြသူများမှာ မသိစိတ်အလျောက် သူတို့၏ အထက်လူကြီးများကို မြင်ယောင်မိသွားကြ၏။ သက်လတ်ပိုင်း အမျိုးသား၏ ဝတ်စားထားပုံနှင့် ကိုယ်ယောင် အငွေ့အသက်တို့က လုံးဝ ဆင်တူနေသည်။

သာမန် ကြည့်ရှုသူများပင် ၎င်းကို ခံစားမိကြသည်။

တတိယ ဝင်ရောက်လာသူက သာမန်လူတစ်ဦး မဟုတ်သည်မှာတော့ ကျိန်းသေသည်။

သူက ကုမ္ပဏီ တစ်ခု၏ အထွေထွေ မန်နေဂျာ ၊ ဒါမှမဟုတ် အကောင်ကြီးကြီး တစ်ကောင် ဖြစ်ရမည်။

သို့သော်လည်းပဲ ထိုလူကြီး၏ အွန်လိုင်း အသုံးပြုသူ နာမည်ကိုမြင်တော့ ကြည့်ရှုသူများမှာ မရယ်မောဘဲ မနေနိုင်ချေ။

[ကလေးတစ်ယောက်နဲ့ ယူချီဟာ ] ….

ဘယ်လိုနာမည်တုန်းဟ ….

ဒီရဲ့ သက်လတ်ပိုင်း လူကြီးကလည်း ဂျပန်ကာတွန်း ဖန်ပဲလား …

( ဂျပန်ကာတွန်းဖန် = အာနီမဲဖန်)

သူတို့မျက်လုံးနဲ့ ကိုယ်တိုင်သာ မမြင်မိဘူးဆိုရင် ဒီလိုလူကြီးတစ်ယောက်မှာ ချစ်ဖို့ကောင်းတဲ့ ဘက်ခြမ်း ရှိနေလိမ့်မယ်ဆိုတာ ယုံနိုင်မှာတောင် မဟုတ်ဘူး …

“ မင်္ဂလာပါ လူနာ … မင်းရဲ့ ရောဂါ အခြေအနေအကြောင်း ပြောပါဦး ….”

ချန်ယွီ့က ယူချီဟာရဲ့ သွင်ပြင်သဏ္ဌာန်ကို ကြည့်ပြီး ကျယ်လောင်စွာ အော်ရယ်လုနီးပါး ဖြစ်သွားခဲ့သည်။

“ ဟယ်လို ဒေါက်တာချန် …”

ယူချီဟာ စကားပြောလိုက်သည့်အချိန်၌ ကြည့်ရှုသူများမှာ တစ်ဖန်ထပ်ပြီး ကြက်သေသေသွားခဲ့ရပြန်သည်။

သူ့ အသံက သိပ်ကို ငယ်ရွယ်လွန်းသည်။

ဘယ်လိုပဲ စဉ်းစားစဉ်းစား အနည်းဆုံးတော့ နှစ်ဆယ်ကျော် အရွယ် လူငယ်လေးတစ်ယောက်၏ အသံဖြစ်၏။

“ အန်ကယ် … ခင်များ အသက်က ဘယ်နှနှစ်တုန်းဗျ …”

ကြည့်ရှုသူတစ်ဦးက မနေနိုင်ဘဲ အထူးကွန်းမန့်ပို့၍ မေးလာခဲ့သည်။

ယူချီဟာကလည်း ဤလူ ဘာကြောင့် ဒီမေးခွန်းမျိုး မေးလာလဲဆိုတာကို သဘောပေါက်ဟန်ရပြီး သူ့ရဲ့ တကယ့် အသက်အမှန်ကို ထုတ်ဖော်ပြောလာသည်။

“ ငါက ဒီနှစ်ထဲမှာမှ တက္ကသိုလ်ဘွဲ့ရပြီးတာ … အခု အသက် ၂၆ ပဲ ရှိသေးတယ် …”

သူ ထိုစကားပြောလိုက်သည်နှင့် စကားပြောခန်းထဲ ကွန်းမန့်တို့ ပေါက်ကွဲထွက်လာသည်။

“ ညီကို … မင်းရုပ် မင်းရည်နဲ့ အသက် ငါးဆယ်ပါလို့ ပြောရင်တောင် ငါယုံပါတယ်ကွာ ….”

“ ရုပ်ရည်သွင်ပြင်က တစ်ကဏ္ဍ ၊ ဘယ်လို ဝတ်စားလဲဆိုတာကလည်း အရေးကြီးတယ် … ဒီညီကိုက နှစ်ခုလုံးကို ကောင်းကောင်းမွန်မွန် ဖမ်းဆုပ်နိုင်တာပဲ ….”

“ အသက် ၂၀ ကျော်အရွယ် လူကြီးတဲ့ဟ … လိုး …..”

“ ယောက်ျားတစ်ယောက်က အသက် ၂၀ ကျော်သွားရင် ကလေးတစ်ယောက်လိုမျိုး မဝတ်စားသင့်တော့ဘူး …”

“ သူသာ အထွေထွေ မန်နေဂျာတစ်ယောက် မဟုတ်ဘူးဆိုရင် အလကား ဖြစ်သွားမှာပဲ …”

“ အနည်းဆုံးတော့ သူ့မှာ အကောင်ကြီးကြီး တစ်ကောင်လို ရုပ်ရည်သွင်ပြင်မျိုး ရှိပါသေးတယ်ဟ ….”

“ ယောက်ျားတွေ ဝိတ်တက်လာရင် သူတို့ရဲ့ သွင်ပြင်က အိုစာသွားတတ်တာ မဆန်းပါဘူး ….”

“ ညီကို …. မင်းရဲ့ အခု စတိုင်က ငါတို့ရဲ့ လက်ထောက် ဒါရိုက်တာနဲ့ အတူတူပဲကွ … “

ကြည့်ရှုသူများမှာ မရယ်မောဘဲ မနေနိုင်ကြချေ။

သူ၏ ဟန်ပန် အမူအရာက တည်ကြည်ခိုင်မာသည်။

အကယ်၍များ လက်နောက်ပစ်ပြီး နှုတ်ဆိတ်စွာ မတ်တပ်ရပ်နေမည်ဆိုပါက အလုပ်ခွင်ကို လာရောက်စစ်ဆေးသည့် မန်နေဂျာတစ်ဦးနှင့် တစ်ထပ်တည်းပင်။

“ ငါက အိမ်ခြံမြေ ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တာပါ … မင်းတို့ ထင်နေသလို အထက်ကြီးပိုင်းက မဟုတ်ဘူး …”

ကြည့်ရှုသူများ၏ စနောက်ခြင်းကို ခံလိုက်ရတော့ ယူချီဟာ၏ မျက်နှာမှာ နီမြန်းသွားသည်။ သူက ရာထူး အထက်ကြီးပိုင်းက လူတစ်ယောက် မဟုတ်ပါဘူးဆိုတာကို ထပ်ခါတလဲလဲ ရှင်းပြ၏။

သူ့ရဲ့ ဆံပင်အတို ၊ အဖြူရှောင် အင်္ကျီလက်ပြတ်နှင့် အနက်ရောင် ဘောင်းဘီရှည်က သူ့ ကုမ္ပဏီ ယူနီဖောင်း ဖြစ်၏။

ကုမ္ပဏီက ဝန်ထမ်းများကို ဘောင်းဘီနှင့် အဝတ်အစားများ ထောက်ပံ့ပေးသည်။

“ အားလုံးပဲ … ပေါက်ကရ လျှောက်လုပ်နေတာတွေ တော်လိုက်တော့ ….”

ချန်ယွီ့က ကြည့်ရှုသူများ စနောက်နေသည်ကို ကြားဖြတ် တားမြစ်လိုက်ပြီး ယူချီဟာကို ကြည့်လိုက်သည်။

“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး မင်းရဲ့ ရောဂါ အခြေအနေအကြောင်း ပြောပါ …”

“ ဟင်း …”

ယူချီဟာက အုံ့မှိုင်းစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

ဤသည်ကို မြင်တော့ ကြည့်ရှုသူ တော်တော်များများက ယူချီဟာသည် ငယ်ရွယ်သည့် သွင်ပန်းသဏ္ဌာန်ကို ရယူလို၍ ချန်ယွီ့ထံ အကူအညီလာတောင်းခြင်း ဖြစ်ကြောင်း ခန့်မှန်းမိလိုက်ကြသည်။

သူ့ရဲ့ သွင်ပန်းသဏ္ဌာန်က လူအများရှိန်လောက်သော်လည်းပဲ သူ၏ ရှိရင်းစွဲ အသက်အရွယ်နှင့် နှိုင်းစာလျှင် အိုစာလွန်းနေသည်။

ထိုသို့သော ပုံစံမျိုးက လက်ထပ်ပြီး ၊ အိမ်ထောင်ကျပြီးသည့် အမျိုးသားတစ်ဦးနှင့် ဆင်တူလှသည်။ မည်သို့သော မိန်းမငယ်လေးက သူနှင့် တွဲဝံ့လိမ့်မည်နည်း။

“ ဒေါက်တာချန် … ငါ မင်းရဲ့ လိုက်စထွင်းတွေကို အများကြီး ကြည့်ဖူးတယ် .. ပြီးတော့ မင်းက ကူညီပေးတဲ့နေရာမှာ တော်တာလည်း သိတယ် … ငါ့ ကံတရားကို ကူပြီး ပြောင်းလဲပေးနိုင်မလား ….”

ယူချီဟာက ချန်ယွီ့ကို စိတ်အားထက်သန်ပြီး တောင်းဆိုသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်သည်။

ယူချီဟာက သူ့ ကံကြမ္မာ ပြောင်းလဲလိုသည်ကို ကြားသိတော့ ကြည့်ရှုသူများမှာ တဟားဟား ရယ်မောလိုက်ကြ၏။

တစ်ချို့ ကြည့်ရှုသူများက ယူချီဟာ မိန်းမကံခေနေသောကြောင့် ချန်ယွီ့ထံ ဓာတ်ရိုက်ဓာတ်စင် လာလုပ်သည်ဟု ဆိုနေကြသည်။

သို့ပါသော်လည်း ယူချီဟာ၏ နောက်ဆက်တွဲ စကားလုံးများက သူတို့ မျက်နှာကို ဖြတ်ရိုက်လာလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်ပါမည်နည်း။

ချန်ယွီ့ စကားပြောသည်ကို မစောင့်ဘဲ ယူချီဟာက ထပ်ပေါင်း ဖြည့်စွက်ပြောလာသည်။ “ ငါ့ကံက ဒီနှစ်တွေ တစ်လျှောက်လုံး ကောင်းလွန်းနေတယ် … ကောင်းလွန်းလို့ ပုံမှန်အတိုင်း အသက်ရှင်ပြီး အလုပ်မလုပ်နိုင်တော့တဲ့အထိကိုပဲ….”

“ အမှန်အတိုင်း ပြောပြရရင် ဒေါက်တာချန် … ငါ ဒီရဲ့ ဆိုးဆိုးရွားရွား ကောင်းလွန်းနေတဲ့ ကံကြောင့် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ သုံးခါလောက်တောင် ပြခဲ့ဖူးတယ် … “

“ ကြာရင် ငါ တကယ် ရူးသွားတော့မှာ …”

ယူချီဟာ၏ စကားလုံးများက ကြည့်ရှုသူများကို ကြက်သေသေသွားစေခဲ့သည်။

ယူချီဟာ၏ ပုံစံထဲတွင် တစ်ပါးသူများ လိုချင်လွန်း၍ တောင်းပန်ယူနေရသည့် ကံကောင်းမှုမျိုး ရှိနေကြောင်း ရွှတ်နောက်သည့် လေသံဖြင့် ကြွားဝါနေသည့်ဟန်လည်း မမြင်ရ။

ထိုအစား ဤ ကောင်းလွန်းသည့်ကံတရားက သူ့အတွက် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်ဟု အတည်ပေါက် လေးလေးနက်နက် ပြောဆိုနေသည်။

သူ့ကံတရားက အင်မတန် ကောင်းလွန်း၍ စိတ်ကျန်းမာရေး ဆရာဝန်နှင့်ပင် သုံးခေါက်ပြဖူးသည်ဟုပင် ပြောနေလိုက်သေးသည်။

ဒါကြီးက ငါလခွမ်းလား …

“ အင်း …” ချန်ယွီ့ ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ မင်းကံက တကယ်လည်း နည်းနည်းကောင်းလွန်းနေတယ် ….”

“ မင်းလည်း အဲ့လို ထင်တယ်ပေါ့ ဒေါက်တာချန် …”

ယူချီဟာမှာ သူနှင့် စိတ်တူကိုယ်တူ တစ်ယောက်ကို မြင်တွေ့လိုက်ရသည့်နှယ် စိတ်လှုပ်ရှားသွားခဲ့ပြီး “ ဒီ ဆိုးလွန်းတဲ့ကံက ငါ့ကို အပြင်ထွက်ပြီး ဈေးမဝယ်ရဲအောင်ကို လုပ်နေတော့တာပဲ ….”

“ သွားဝယ်လိုက်ရင် ကိုယ်က သူရဲကောင်းကြီး ဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် လူတိုင်းအာရုံစိုက်တာကို ခံရတယ် …”

“ မဟုတ်လည်း ခဏလောက် အပြင်ထွက်စားတဲ့ အခါကျရင် ထင်မှတ်မထားတဲ့ ဖြစ်ရပ်မျိုးစုံနဲ့ ကြုံတွေ့ရတော့တာပဲ ..”

သူ ပြောသွားသည်များ မှန်ကန်ကြောင်း သက်သေပြရန်အတွက် ယူချီဟာက သူ့ကွန်ပျူတာရှေ့ကို ဂုဏ်ပြုမှတ်တမ်းလွှာ တစ်ထပ်ကြီး ယူလာပြသည်။

သတ္တိရှင် သူရဲကောင်း အဖြစ် စံပြုခံရသူ မှတ်တမ်းလွှာက ငါးခု ရှိနေသည်။

အခြားသော ဂုဏ်ပြုမှတ်တမ်းလွှာများကလည်း မတူကွဲပြားသည့် ဌာနများက ပေးအပ်ထားသည့် အမျိုးမျိုးသော မှတ်တမ်းလွှာများပင်။

“ ဒေါက်တာချန်ရာ … မင်းလည်း မြင်တာပဲ … ငါ တကယ်ကြီး လုံလောက်လှပါပြီ …”

“ တစ်ခါက ငါ အပြင်ထွက်စားတုန်း ရုတ်တရက်ဆိုသလို ကတ်စတန်မာတစ်ယောက်နဲ့ လူချင်းဝင်တိုက်မိပြီး သတိမေ့အောင် လုပ်မိလိုက်တယ် … အဲ့နောက်မှာ လူတစ်ယောက်က အဲ့လူကို အလိုရှိရာဇဝတ်သားဆိုပြီး ထအော်တော့တာပဲ ….”

“ တစ်ခါက ငါ မောလ်ကို သွားပြီး ဈေးဝယ်တဲ့အချိန် မီးသတ်ဆေးဘူးဘေးမှာ မီးသေးသေးလေး လောင်နေတာကို မြင်လိုက်ရတယ် …”

“ တစ်နေ့ အလုပ်ကဆင်းတော့ လက်ထဲမှာ ကလေးကိုင်ထားတဲ့ လူအိုကြီးက သူ့ပိုက်ဆံအိတ် အောက်မှာ ပြုတ်ကျနေတယ် …”

“ ကိုယ်က ကောက်ပြီး သွားပေးမယ်လုပ်တော့ အဲ့ အဘိုးကြီးက ကလေးကို ပစ်ပြီး ချက်ချင်း ထွက်ပြေးသွားတော့တာပဲ … “

“ တကယ်တော့ အဲ့အဘိုးကြီးက ကလေးတွေကို ဖမ်းပြီး ရောင်းစားနေတဲ့ လူကုန်ကူးသမားတဲ့လေ …”

ယူချီဟာက ပြောရင်း သက်ပြင်းချလိုက်သည်။

သူလည်း ကောင်းမှုများကို ပြုလုပ်ချင်ပါသည်။

သို့သော်လည်းပဲ သူ ကြုံတွေ့လိုက်ရသည့် အခြေအနေတိုင်းက သတိပေးချင်း အလျဉ်းမရှိပါဘဲ ဗြုတ်စဗျင်းတောင်း ရောက်လာသည့် အရာများပင်။

သူ ဘာမှ မလုပ်ဘဲ ဒီတိုင်း လမ်းလျှောက်နေလျှင်ပင် တန်ဖိုးကြီး ရတနာပစ္စည်းများကို ကောက်ရတတ်၏။

ထိုသို့သော နေ့ရက်များတွင် နေထိုင်ရသည်ကို သူတကယ်ပဲ လုံလောက်လေပြီ။ အတော်လေး ငြီးငွေ့လှပြီ ဖြစ်၏။

ယူချီဟာ၏ အိမ်တွင် ထိုသို့သော လုပ်ရပ်အပြုအမူများအတွက် ချီးမွမ်းသည့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ ပြည့်နှက်နေအောင် ရှိသည်။

ယင်းကိစ္စရပ်များအပြင် သူ့ကို အကြီးအကျယ် စိတ်ဒုက္ခပေးနေသည့် အခြားသော ကိစ္စရပ်များလည်း ရှိသေး၏။ သူ့မှာ ဘာစားစား ၊ စားလို့လည်း မကောင်း ၊ တီဗွီဇာတ်ကားများ ကြည့်ချင်စိတ်ပင် မရှိတော့ချေ။

“ မင်းဖြစ်နေတာတွေက တကယ်လည်း နည်းနည်းတော့ ပြဿနာများတယ် ….”

“ မင်း အသက် ရှစ်နှစ်လောက်တုန်းကတည်းကစပြီး ပြဿနာ အမျိုးမျိုးက မင်းကို ဒုက္ခပေးနေခဲ့တာ ဟုတ်တယ်မလား …” ချန်ယွီ့ မေးလိုက်၏။

“ ဟုတ်တယ် ဟုတ်တယ် … အဲ့နှစ်ကစပြီး ငါ့ဆီကို ဒီရဲ့ ကံဆိုးမှုတွေ ရောက်လာတော့တာပဲ …”

ကြည့်ရှုသူများမှာ အံ့အားတကြီး ဖြစ်နေမိကြသည်။

ကိုယ့်လူ … မင်းက တကယ်ကြီး ဒါကို ကံဆိုးမှုလို့ ခေါ်နေတယ်ပေါ့ …..

ဒီညီကိုက လူကောင်း ဖြစ်တဲ့ ဂုဏ်ပြုလွှာ အမျိုးမျိုး ရထားပြီး ကောင်းမှုမျိုးစုံကိုလည်း လုပ်ခဲ့ဖူးတယ် …

မီးလောင်တာကို မြင်တော့လည်း မီးသတ်ဆေးဘူးက ဘေးနားလေးမှာ ….

ပိုက်ဆံအိတ်ကောက်ရလို့ ပိုင်ရှင်ဆီ ပေးမယ်လုပ်တော့လည်း ကလေးဖမ်းသမားနဲ့ သွားတိုးတယ် ….

တကယ်လို့ ယူချီဟာက ကြွားပြောနေတာ မဟုတ်ဘူးဆိုရင် သူက တကယ့်ကို ဟော့ရှော့ လူငယ်ပဲ …

(ဟော့ရှော့ - လျှမ်းလျှမ်းတောက် )

ယူချီဟာ၏ သူ့ပြဿနာများ ပြန်ပြောင်းပြောပြသည်ကို နားထောင်ပြီးနောက် ကြည့်ရှုသူများမှာ သူတို့တွေ စိတ်ကျရောဂါ ရတော့မည်ဟု ခံစားနေကြရ၏။

All Chapters