ထူးခြားတဲ့ ကျေးလက်ရိုးရာ ကိုးကွယ်ပူဇော်မှု
Vol. 14 Ch. 135
“ တာဝန်ဟုတ်လား … ငါ့ရဲ့ ဒီကံကောင်းမှုက တစ်စုံတစ်ယောက် ကူညီပေးနေတာကြောင့်ပေါ့နော်…”
ယူချီဟာ၏ မျက်လုံးတို့မှာ နွားမျက်လုံးကဲ့သို့ ပြူးထွက်လာခဲ့တော့သည်။
အကယ်၍ တစ်စုံတစ်ယောက်က အခြားအရာများကို ကူညီပေးနေသည်ဆိုလျှင် နားလည်ပေး၍ရသေးသည်။
သို့သော် ကံကောင်းမှုကို အင်ဂျင်မော်တာတပ်သလို ဖြစ်စေသည်က တစ်စုံတစ်ယောက် အကူအညီကြောင့်ဆိုတာကို သူ မည်သို့ ယုံကြည်ရပါ့နည်း။
မည်သူကရော ထိုမျှအထိ စွမ်းအားကြီးနိုင်မည်နည်း။
“ မထူးဆန်းတော့ပါဘူး … ဆိုတော့ အဲ့တာကြောင့်ကိုး …”
“ အပေါ်ကရောင်းရင်းလည်း ငါ့လို ချက်ဆိုတာနဲ့ နားခွက်က မီးတောက်တဲ့ကောင်ပဲ …”
“ ဘာတွေ ဖြစ်နေလဲ ငါ နားလည်သွားပြီ ဒေါက်တာချန် …”
“ ငါတို့အားလုံးက တစ်နယ်တည်းသားချင်းတွေပဲဟ …”
“ ဟားဟား … ဟယ်လို … တစ်ရွာတည်းသားချင်းတို့ …”
ယူချီဟာမှာ အံ့အားသင့်သွားခဲ့၏။ ကြည့်ရှုသူတစ်ချို့က အဖြေကို သိရှိနေကြလေပြီ။
သို့သော် ကြည့်ရှုသူအများစုမှာမူကား ယူချီဟာကဲ့သို့ ကြောင်တောင်တောင် ဖြစ်နေကြဆဲပင်။
ဇဝေဇဝါ ဖြစ်နေသည့် ကွန်းမန့်များကို ကြည့်ရင်း ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်၏။
သူ့ လိုက်စထွင်းထဲရှိ ကြည့်ရှုသူများက တကယ့်ကို အံ့ဩဖို့ကောင်းလှသည်။
သူတို့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းနှင့် ထွင်းဖောက် တွေးတောနိုင်စွမ်းက အထင်သေး၍ ရသည့်အရာ မဟုတ်ပေ။
သူက နားလည်ရခက်သည့် အရိပ်အမြွက် အနည်းငယ်ကို ပေးရသေးသော်ငြားလည်း လူတော်တော်များများက ခန့်မှန်း မိနေကြပြီး ဖြစ်၏။
ဒါပေမယ့် ဒါပေါ့။ သူတို့ ခန့်မှန်းမိတယ်ဆိုကလည်း အမှန်တရားရဲ့ အစိတ်အပိုင်း သေးသေးလေးကိုပဲလေ။
“ စကားပြောခန်းထဲက ညီကိုတို့ … ဘာတွေဖြစ်နေလဲ တစ်ယောက်ယောက်လောက် ငါ့ကို ပြောပြကြစမ်းပါ …”
ယူချီဟာ ကွန်းမန့်များကို ဖတ်ရှုလေ ၊ သူ ပို၍ ရှုပ်ထွေးလာလေ ဖြစ်၏။ ကြံရာမရ ဖြစ်နေလေရာ သူ့ တုန်းပေလေသံကိုပင် ပြောထွက်မိသွားသည်။
“ မင်းရဲ့ ဘိုးဘွားတွေ သူတို့ မကွယ်လွန်ခင် ဘာတွေ အများဆုံးလုပ်လဲ ပြန်စဉ်းစားကြည့်…” ချန်ယွီ့ ပြောလိုက်သည်။
“ သူတို့ ဘာအများဆုံး လုပ်လဲ ဟုတ်လား ….”
ယူချီဟာ အတွေးနက်သွားသည်။
“ စားတယ် ၊ အိပ်တယ် ၊ ပြီးတော့ … ဆုတောင်းတယ် …”
ယူချီဟာက အလျင်အမြန် ခွန်းတုံ့ပြန်လာခဲ့ပြီး “ ဟုတ်တယ် … သူတို့ ဆုတောင်းတာ … အဘိုးနဲ့ အဘွားက တစ်နေ့ကို သုံးကြိမ် အမွှေးတိုင် ပူဇော်တယ် … တစ်ရက်လေးတောင် မပျက်ကွက်ဘူး …”
ဤစကားပြောရင်းဖြင့် ယူချီဟာမှာ ကိုးရို့ကားယား နိုင်သွားခဲ့သည်။
သူ့ အဘိုးအဘွားများ အသက်ရှိစဉ်အခါက မိသားစုတွင် နတ်နန်းတစ်ခု ထားရှိသည်။
ယူချီဟာ ကလေးဘဝ ၊ ဦးနှောက်မှတ်ဉာဏ် စတင် ဖွံ့ဖြိုးချိန်တွင် နေ့တိုင်းနေ့ အမွှေးတိုင်နံ့များ ရှူရှိုက်ရသည်ကို မှတ်မိသေးသည်။ စစချင်းတုန်းကတော့ အဆင်ပြေသေး၏။ အနံ့က အတော်လေး သင်းပျံ့လှသည်။
သို့သော် နှစ်ချီ၍ နေ့တိုင်းနေ့ ရှူရှိုက်ရသည့်အခါတွင်တော့ သူ ဘယ်လိုမှ သည်းမခံနိုင်တော့ချေ။
သူ့ အဝတ်အစားများနှင့် ဆံပင်များလည်း တဖြည်းဖြည်းချင်း အမွှေးတိုင်ရနံ့တို့ စွဲကပ်လာသည်။
ထိုကောင်းမှုဖြင့် ဘယ်သူငယ်ချင်းကမျှ သူနှင့် မကစားပေးချင်ကြပေ။ သူ့တွင် ထူးဆန်းသည့် အနံ့ရှိသည်ဟု ၎င်းတို့က ဆိုကြ၏။
သူ မူကြိုတက်တော့ ဆရာမများက အိမ်တွင် တစ်ခုခု ဖြစ်ခဲ့လို့လားဆိုပြီး အမြဲမေးသည်။
ယနေ့ထိတိုင် အမွှေးတိုင်အနံ့ရတိုင်း ယူချီဟာမှာ သူ့ ငယ်ဘဝ စိတ်ဒဏ်ရာကို ပြန်အမှတ်မရဘဲ မနေနိုင်ချေ။
“ မင်းရဲ့ ဘိုးဘွားတွေက ရွာစောင့်နတ်နဲ့ အိမ်စောင့်နတ်တွေ အမွှေးတိုင် ပူဇော်နေတာမလား ….” ချန်ယွီ့ မေးလိုက်သည်။
“ ဟုတ်တယ် ဟုတ်တယ် … အဲ့ဟာတွေကိုပဲ …”
ယူချီဟာက ရှုပ်ထွေးသိရခက်သည့် အမူအရာဖြင့် ပြော၏။ “ တုန်းပေမှာ ရှိတဲ့ မိသားစုနီးပါးတိုင်းက သူတို့ရဲ့ မိသားစု အစောင့်အရှောက်တွေကို ကိုးကွယ်ကြတယ် ….”
“ သူတို့ကသာ မိသားစု အစောင့်အရှောက်တွေဆိုပြီး ခေါ်နေကြတာ တကယ်တော့ တောရိုင်းတိရစ္ဆာန်တွေပါဗျာ …”
“ တစ်ခါတစ်လေဆို … ဒီလူတွေ ဦးနှောက်က ဘယ်လိုတွေ စဉ်းစားနေကြမှန်း ငါလည်း မသိတော့ဘူး ….”
“ ဗုဒ္ဓ ၊ ကျောက်စိမ်းနတ်မင်း ၊ ဒါမှမဟုတ် တစ်ချို့ လေးစားထိုက်တဲ့ အကြီးအကဲတွေကို ရုပ်ထုနဲ့ ကိုးကွယ်တာက အဆင်ပြေသေးတယ် … ဘာကိစ္စ တိရစ္ဆာန်တစ်သိုက်ကို မိသားစု အစောင့်အရှောက်ဆိုပြီး ကိုးကွယ်ဝတ်ပြုနေကြလဲ မသိပါဘူး …”
“ ငါတို့က မြေခွေးတွေ ၊ မြွေပါတွေ ၊ ဖြူကောင်တွေ ၊ မြွေတွေနဲ့ တခြား တိရစ္ဆာန်တွေကို ကိုးကွယ်တယ် …”
“ သူတို့ဆီကနေ ကံကောင်းမှုနဲ့ ကောင်းချီးကို တောင်းခံကြတယ် … ဒါကြီးက ရယ်ချင်စရာ မကောင်းဘူးလား ….”
ယူချီဟာမှာ မနေနိုင်ဘဲ စောဒကတက်ပြ၏။
အကယ်၍ သူတို့က နတ်မင်းကြီးများနှင့် နိဗ္ဗာန်တွင် ရှိနေသည့် ဗုဒ္ဓများကို ကိုးကွယ်လျှင် အဆင်ပြေသေးသည်။
ဘာပဲဆိုဆို သူတို့တွေက တစ်ကမ္ဘာလုံးနီးပါးမှာ နာမည်ဂုဏ်သတင်းကြီးခဲ့တဲ့ လေးစားဖွယ် ပုဂ္ဂိုလ်ကြီးတွေ၊ လမ်းပြဆရာတွေပဲလေ။
ဒါပေမယ့် တောရိုင်းတိရစ္ဆာန်တစ်အုပ်ကို ပူဇော်နေတာကြီးကကျတော့ …
အင်း …. ဘယ်လိုပြောရမှန်း မသိလောက်အောင်ကို ဆွံ့အမိတယ် ။
တကယ်လို့ ဒီတိရစ္ဆာန်တွေကသာ သူတို့ မိသားစုတွေကို ကောင်းချီးပေးနိုင်မယ်ဆိုရင် တိရစ္ဆာန်ရုံကြီးက အထွဋ်အမြတ်မြေ ဖြစ်သွားမှာပေါ့။
“ နေဦး ….”
ယူချီဟာက အလျင်စလို မေးလာသည်။ “ ငါ့ ကံဆိုးမှုတွေက သူတို့ကြောင့်လို့ ပြောချင်နေတာတော့ မဟုတ်ဘူးမလား ….”
“ မင်း မေးခွန်းကို မဖြေခင် … မင်းရဲ့ ဘိုးဘွားတွေ ဝတ်ပြုခဲ့တဲ့ ပုံတော်ကို တစ်ချက် သွားယူပြီး ကင်မရာကို အရင်ပြပေးပါလား …” ချန်ယွီ့က ပြုံးလျက် တောင်းဆိုလိုက်၏။
“ အာ … ခဏနော်… ငါ စတိုခန်းထဲ သွားရှာလိုက်ဦးမယ် … ရှိသေးမယ်တော့ ထင်တာပဲ …”
မိသားစုထဲတွင် ယူချီဟာ၏ ဘိုးဘွားများကသာ ဤအရာကို ကိုးကွယ်ယုံကြည်သည်။
ဘိုးဘွားများလည်း ကွယ်လွန်တော့ သူ့မိဘတွေကလည်း ထိုရုပ်ပုံကို တစ်နေရာ ပစ်ထားကြသည်။
အကယ်၍ အမှိုက်ပစ်တဲ့ထဲ ပါမသွားဘူးဆိုလျှင်တော့ စတိုခန်းထဲ ရှိကောင်းရှိနေနိုင်သည်။ သို့နှင့် ယူချီဟာလည်း ကွန်ပျူတာရှေ့က ထပြီး စတိုခန်းဘက် ထွက်သွားခဲ့၏။
ယူချီဟာ ထွက်သွားသည်နှင့် များပြားလှသည့် ကွန်းမန့်တို့က စကားပြောခန်းထဲ ထွက်ပေါ်လာသည်။
“ တုန်းပေသားတွေ ဘာကြောင့် တောရိုင်းတိရစ္ဆာန် အသားကို မစားကြလဲ သိလား …”
“ ဒီမေးခွန်းကို ငါဖြေမယ် … ငါသိတယ် … သူတို့က အကောင်ကြီးကြီးကို အပြစ်ပြုလို့ မတတ်နိုင်သလို အကောင်းသေးသေးကိုလည်း အပြစ်မပြုနိုင်လို့ပဲ …”
“ ဟားဟား … အတိအကျပဲ …”
“ လူသားတွေက မန်ချူးရီးယား ကျားရိုင်းတွေနဲ့ ဝက်ဝံရိုင်းတွေရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ … တစ်ဖက်မှာကျ မြေခွေးတို့ ၊ မြွေပါတို့ ၊ ဖြူကောင်တို့ ၊ မြွေတို့ ဆိုတာက မိသားစုအားလုံးရဲ့ အစောင့်အရှောက်တွေလေ … မင်း သူတို့ကို ထိဝံ့မှာလား …”
“ သူတို့အတွက်က လူသားတွေဆိုတာ သူတို့ရဲ့ အစာတွေ …”
“ ပြောခါမှ ယူချီဟာရဲ့ ကံကောင်းမှုက သူ့ရဲ့ မိသားစု အစောင့်အရှောက်တွေ ပေးအပ်ထားတာတော့ မဟုတ်ပါဘူးနော…”
“ သူ့လေသံနဲ့ အမူအရာကို ကြည့်လိုက်တာနဲ့တင် မိသားစုအစောင့်အရှောက်တွေ တည်ရှိတယ်ဆိုတာကို မယုံဘူးဆိုတာ သိသာနေတာကိုပဲ … သူ့မိသားစု အစောင့်အရှောက်တွေ သူ့ကို ပြဿနာ မရှာရင်ကိုပဲ ကျေးဇူးတင်ဖို့ ကောင်းလှပြီ … ဘာဆိုင်လို့ ကောင်းချီးပေးရမှာ …”
“ မပူနဲ့ … စောင့်ကြည့်လိုက် … ခဏနေ သိရလိမ့်မယ် ….”
ဤကွန်းမန့်အများစုက တုန်းပေ ကြည့်ရှုသူများထံကပင်။
ပထမဦးစွာ သူတို့က အနှီ အစောင့်အရှောက် သတ္တဝါကလန် ငါးခု၏ မူလအကြောင်းကို ရှင်းပြ၏။
ထို့နောက် ဆွေးနွေးမှုက ယူချီဟာ၏ ကံကောင်းမှုတို့မှာ မိသားစု အစောင့်အရှောက်များ ပေးထားခြင်း ဟုတ်မဟုတ် အပေါ် ဆွေးနွေးကြတော့သည်။
ယုတ္တိကျကျ ပြောကြေးဆိုပါက ထိုကဲ့သို့သော ရယ်ချင်ဖွယ်ကောင်းသည့် ကောင်းကင်ကိုပင် ဖီဆန်နေသည့် ကံကောင်းမှုများမှာ လူတစ်သန်းတွင် တစ်ယောက်ပင် မရနိုင်သည့် ကောင်းချီးမျိုး ဖြစ်သည်။
သူ့ကံတရား ဤမျှကောင်းလွန်းနေခြင်း နောက်ကွယ်တွင် အကြောင်းအရင်း တစ်ခုခုတော့ မလွဲဧကန်ကို ရှိနေရမည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကံကြမ္မာကို ပြောင်းလဲပေးခြင်း မရှိဘူးဆိုပါက သူ့ဘိုးဘွားများ ပြုခဲ့သည့် ကုသိုလ်ကောင်းမှုများကြောင့် ကံကောင်းခြင်းကို ခံစားရတာပဲ ဖြစ်ရမည်။
သို့သော် ချန်ယွီ့က မိသားစု အစောင့်အရှောက်များအကြောင်း ပြောဆိုလာသည်။ ထို့ကြောင့် လူတိုင်းမှာ အဆိုပါ ဦးတည်ရာလမ်းကြောင်းဘက်သို့ စဉ်းစားနေကြခြင်း ဖြစ်၏။
မိသားစု အစောင့်အရှောက် တိရစ္ဆာန်များက : မြေခွေး ၊ မြွေပါ ၊ ဖြူကောင်၊ မြွေနှင့် ကြွက်တို့ ဖြစ်၏။
တုန်းပေရှိ ကလေးလူကြီး မရွေး ၊ ဤအကြောင်းကို သိကြသည်။
ယခုထိတိုင် လူတော်တော်များများက သူတို့အိမ်တွင် ပုံတော်များ ချိတ်ဆွဲ၍ ကိုးကွယ် ပူဇော်နေကြဆဲ ဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်ကများ မြောက်ပိုင်း၏ လမ်းမများသို့ ထွက်၍ သက်ကြီးပိုင်း တစ်ယောက်ယောက်ကို မိသားစု အစောင့်အရှောက် တိရစ္ဆာန်များအကြောင်း မေးမြန်းကြည့်မည်ဆိုပါက တစ်ထိုင်တည်းနှင့် ပုံပြင် ဇာတ်လမ်းအရှည်ကြီး တစ်ပုဒ်ကို နားထောင်ရလိမ့်မည်။
ထို့ပြင် သူတို့က မိသားစု အစောင့်အရှောက် သတ္တဝါ ကလန်(အုပ်စု) ငါးခုအကြောင်းကို အသေးစိတ် ပြောပြရုံတင်သာမက သူတို့တွေ မည်မျှ ဒေါသကြီးကြောင်းကိုလည်း ရှင်းပြကြလိမ့်မည်။
သူတို့ကို ကိုးကွယ်သည့် အချိန်၌ အင်မတန် သတိထားရ၏။
တစ်နေ့ကို သုံးကြိမ်အောက် မနည်း ဝတ်ပြုရသည်။
နှစ်သစ်ကူးနေ့ရက်များဆိုလျှင် အသားများ ၊ အရက်များ ၊ သစ်သီးများနှင့် ဆေးလိပ်များကိုလည်း ဆည်းကပ်ရသေး၏။
မှန်သည်။ မိသားစု အစောင့်အရှောက်များက ဆေးလိပ်သောက်ရတာလည်း နှစ်သက်ကြသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ယူချီဟာက ဖုန်များ ပေကျံနေသည့် မျက်နှာဖြင့် ကွန်ပျူတာရှေ့သို့ ပြန်ရောက်လာသည်။
သူ့လက်ထဲတွင် လူအရပ်တစ်ဝက်လောက် ရှိမည့် ပုံတော်စာလိပ်တစ်ခုလည်း ပါလာခဲ့သည်။
အတွင်းတွင် အဝါရောင် စက္ကူအရှည်တစ်ချို့လည်း ကပ်ညှိနေသည်။
အချိန်သက်တမ်းကြောင့် စကားလုံးတစ်ချို့ဆိုလျှင် ဝေဝါးနေပြီ ဖြစ်၏။
ကြည့်ရှုသူများက အနှီ စကားလုံးများကို ကြိုးစား ဖတ်ရှုသော်ငြား ၎င်းအပေါ်တွင် မည်သည့်စာလုံးများ ရေးသားထားခြင်းဖြစ်ကြောင်းကို မမြင်နိုင်ကြချေ။
“ ဒေါက်တာချန် … ဒါ ငါ့ဘိုးဘွားတွေ သူတို့ အသက်ရှိတုန်းက နေ့တိုင်း ဝတ်ပြုရှိခိုးတဲ့ ပုံတော်ပဲ …”
“ ဒါက ဘာကြီးလဲတော့ ငါလည်း သေချာမသိဘူး … ကြည့်ရတာ မြေခွေးဖြစ်မယ် ထင်တာပဲ ….”
ယူချီဟာက ပုံတော်ကို ကွန်ပျူတာ ကုလားထိုင်ပေါ်သို့ တင်ပြီး နဖူးထက်ရှိ ချွေးများကို သုတ်လိုက်သည်။
ချန်ယွီ့ ပုံတော် စာလိပ်ကို သေချာ ဂရုတစိုက်နှင့် ကြည့်ရှုလိုက်၏။
“ ဒေါက်တာချန် မင်းအခု ပြောပြလို့ ရပြီလား … သူတို့က ငါ အခု ရှိနေတဲ့ ကံကောင်းမှုတွေကို ပေးနေတာလား ဟုတ်လား …”
ဤသည်ကို ကြားတော့ ချန်ယွီ့ အဖြေကို တိုက်ရိုက် မဖြေ။ ထိုအစား နောက်ကိစ္စတစ်ခုကို မေးမြန်းလိုက်၏။
“ မင်းရဲ့ ဘိုးဘွားတွေ ကွယ်လွန်ပြီး … တစ်နေ့ .. မင်း ဆွေမျိုးတွေက မင်းရဲ့ အိမ်ကို ဧည့်သည်အနေနဲ့ရောက်လာတယ် … မင်း သူတို့ကို မပျော်မရွှင် ဖြစ်စေတဲ့ စကားနည်းနည်း ပြောမိသေးလား ….”
ယူချီဟာ တဒင်္ဂမျှ တွေးတောပြီးနောက် မရေမရာ ဖြေသည်။ “ အင်း … ပြောခဲ့တယ် ထင်တာပဲ ….”
ဆွေမျိုးများက ယူချီဟာ၏ ဘိုးဘွားများ ကိုးကွယ်သည့် အစောင့်အရှောက်တို့မှာ သူတို့ အစောင့်အရှောက်များထက် စီနီယာကျပြီး တန်ခိုးလည်း အင်မတန်ကြီးကြောင်း ပြောသည်။
အကယ်၍ သူတို့ မိသားစုကသာ ဤမိသားစု အစောင့်အရှောက်ကို ဆက်ပြီး ကိုးကွယ် ဝတ်ပြုမည်ဆိုပါက ကံကောင်းခြင်းတို့ ပေးသနားခံရမည်မှာ ကျိန်းသေပေါက်ပင်။
သူ့ကို မွှန်းကြပ်ပြီး သူငယ်ချင်းမရှိအောင် လုပ်သည့် အဆိုပါ နံ့သာ မီးခိုးငွေ့များကို ပြန်စဉ်းစားမိတော့ ယူချီဟာလည်း မနေနိုင်ဘဲ နှုတ်က ပြောမိသွားခဲ့၏။
အကယ်၍ သူသာ ကျန်သည့် သက်တမ်းတစ်လျှောက်လုံး ကံကောင်းမည်ဆိုလျှင် ထိုအခါမှပဲ မိသားစု အစောင့်အရှောက်များ တည်ရှိသည်ကို ယုံကြည်လိုက်မည် ဟူ၍ပင်။
ထိုအချိန်တုန်းက ယူချီဟာမှာ အသက် ရှစ်နှစ် အရွယ်မျှသာ ရှိသေး၏။ သို့သော်လည်း ခပ်ဆိုးဆိုး အကျင့်စရိုက်လေးက ရှိနေချေပြီ။
သူ့ ဆွေမျိုးတွေ ဘာပဲပြောပြော ၊ သူ့ဘက်က အကန်တွေချည်း ပြော၏။