ကောင်စုတ်လေး နှစ်ကောင်တိုက်ခိုက် ၊ ကံကောင်းမှုတွေနဲ့ ပြည့်နှက်
Vol. 14 Ch. 136
သူ့ ဆွေမျိုးသားချင်းတို့က သူ့ရဲ့ မိသားစု ကိုးကွယ် ဝတ်ပြုနေသည့် မိသားစု အစောင့်အရှောက်က သာမန် မဟုတ်ကြောင်း ပြောလာတော့ ယူချီဟာက မဆိုင်းမတွ ချက်ချင်း ငြင်းဆန်သည်။
ဤလောကကြီးထဲ ‘ အစောင့်အရှောက်’ ဟူသည် မရှိပေ။
အကယ်၍ ရှိခဲ့လျှင်လည်း တိရစ္ဆာန်တစ်အုပ် မဟုတ်သည်ကတော့ သေချာသည်။
ဆွေမျိုးများ ပြောကြသည်ကတော့ လူတော်တော်များများ ကံကောင်းကြသည်မှာ မိသားစု အစောင့်အရှောက်ကို ဝတ်ပြုကိုးကွယ်သောကြောင့် ဟူ၍ပင်။ ဝတ်ပြုသူတိုင်းက ကြွယ်ဝချမ်းသာကြသလို စားဝတ်နေရေး ပူပန်စရာမလိုဘဲ ရောဂါဘယများလည်း ကင်းဝေး၏။
ယူချီဟာလည်း ပြန်ငြင်းသည်။ သူ့ အဘိုးအဘွားများက သူတို့ တစ်သက်လုံး ထို အစောင့်အရှောက်များကို ဝတ်ပြုကိုးကွယ်လာခဲ့သော်လည်း ကြီးပွားချမ်းသာသည်ကို တစ်မခါမျှ မမြင်တွေ့ဖူးခဲ့ချေ။
တစ်ဖက်က သူ့ကို မည်သို့ပဲ ပြန်ပြောလာပါစေ ၊ သူ့ဘက်ကလည်း ကန်နည်းပေါင်း မျိုးစုံနှင့် အကန်တွေချည်း ပြော၏။
နောက်ဆုံး သူ့အမေက ဒေါသတကြီးနှင့် သန့်ရှင်းရေးလုပ်သည့် ကြက်မွေးချောင်းနှင့် ယူချီဟာကို သင်ခန်းစာ ပေးတော့သည်။
ယူချီဟာ၏ စကားလုံးများက ကြည့်ရှုသူများကို ရယ်မောသွားစေသည်။
သူများတွေ ကံကောင်းမှုလို့ ယူဆတဲ့ အရာကို ကံဆိုးမှုလို့ သမုတ်တဲ့လူဆိုတဲ့အတိုင်းပဲ …
ငယ်ငယ်လေးကတည်းကရင် သူများတွေနဲ့ မတူညီတဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာကိုး …
“ ဖြစ်ခဲ့တာတွေကတော့ အဲ့လိုပဲ ဒေါက်တာချန် …”
“ အခု ငါ ဘာတွေ ဖြစ်နေလဲ ပြောလို့ရပြီလား … သိချင်လွန်းလို့ တစ်ပိုင်းသေနေပြီ …”
သူ့အတိတ်အကြောင်းကို ပြောပြပြီး စတိုခန်းထဲတွင် ရုပ်ပုံလွှာကို ရှာဖွေလာခဲ့ပြီးနောက် ယူချီဟာက အတော်လေး စိတ်လောနေခဲ့သည်။
“ ဒီရဲ့လူနာ … မင်း စိတ်လောဖို့ မလိုပါဘူး … အခု ငါတို့ ကုသမှု နောက်တစ်ဆင့်ကို သွားကြတာပေါ့ …”
ချန်ယွီ့မှာ ဤအဆင့်သို့ ရောက်တိုင်း အမြဲတစေ ခေါင်းကိုက်ရသည်။ သူ့ဘက်က မတူကွဲပြားသည့် စကားလုံးများကို လှည့်ပတ်အသုံးပြု၍ ယူချီဟာတွင် ဖြစ်ပျက်နေသည်များကို နားလည်အောင် ရှင်းပြဖို့လိုသည်။ သူက စိတ်ကျန်းမာရေး ဆရာဝန် တစ်ယောက်ဖြစ်၏။ ဘိုးတော်ယောင် ၊ ဆရာယောင်လည်း မဟုတ်ပေ။
“ မိသားစု အစောင့်အရှောက်လို့ ခေါ်တဲ့ အရာတွေက တကယ်တော့ သဘာဝလွန်တဲ့ ဖြစ်တည်မှုတွေပါပဲ …”
“ လူတွေ တစ္ဆေဆိုပြီး ပြောဆိုနေကြတဲ့ အထူးစွမ်းအင် ခန္ဓာနဲ့ အတူတူပဲလို့ ပြောလို့ရတယ် … နှစ်ခုလုံးကို သိပ္ပံနယ်ပယ်မှာ သုတေသန ပြုလုပ်ထားပြီးထား ..”
ချန်ယွီ့က သူ့ ဦးနှောက်ထဲရှိ မရေမတွက်နိုင်သည့် ဦးနှောက်ဆဲလ်များကို အလုပ်ပေး၍ မိသားစု အစောင့်အရှောက်၊ နတ်ဆိုး ၊ တစ္ဆေ စသည့် အရာများအတွက် သင့်လျော်သည့် နာမည်များကို ရှာဖွေနေသည်။
သဘာဝလွန် ဖြစ်တည်မှု ။
၎င်းနောက် ချန်ယွီ့က ယူချီဟာ၏ ငယ်စဉ်ကတည်းက ကံကောင်းလွန်းသည့် လူနေမှုဘဝအကြောင်းကို ဆက်ပြီး ရှင်းပြသည်။
“ စိတ်ပညာမှာ ကျေးလက်ရိုးရာပုံပြင် စိတ်ပညာဆိုတဲ့ စိတ်ပညာ ခေါင်းစဉ်ခွဲတစ်ခု ရှိတယ် ….”
“ ဒီနယ်ပယ်က ဒေသမျိုးစုံမှာရှိတဲ့ ကျေးလက်ရိုးရာ ယုံတမ်း ပုံပြင်တွေ အများကြီးကို လေ့လာ သုတေသန ပြုတယ် ….”
“ အဲ့ဒီ ဒေသဓလေ့တွေရဲ့ ဖြစ်ပေါ်လာမှုနဲ့ တိုးတက်မှု ဖြစ်စဉ်အကြောင်းကို စိတ်ပညာရှုထောင့်ကနေတစ်ဆင့် ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ရတယ် …”
“ အဲ့တာကလည်း စိတ်ပညာနဲ့ ကျေးလက်ပုံပြင်တွေ ပေါင်းစည်းထားတဲ့ စိတ်ဗေဒခွဲတစ်ခုပါပဲ …”
ဤအထိတိုင် ပြောဆိုလာခဲ့ပြီးနောက် ချန်ယွီ့ စကားလမ်းကြောင်း လွှဲလိုက်၏။
“ တုန်းပေရဲ့ ဓလေ့ထုံးတမ်းအရဆိုရင် မိသားစုမှာ အစောင့်အရှောက်တွေကို ကိုးကွယ်တဲ့ လူက ကွယ်လွန်သွားပြီး တကယ်လို့ နောက်မျိုးဆက်တွေက သူတို့ကို ဆက်ပြီး ပူဇော်ကိုးကွယ်မှုတွေ မပြုတော့ဘူးဆိုရင် …. “
“ မိသားစု အစောင့်အရှောက်တွေက အဲ့ဒီအိမ်ကနေ ထွက်သွားကြတယ် ….”
“ မင်းရဲ့ ဘိုးဘွားတွေက မင်းအကြောင်း သိတယ် ... ပြီးတော့ မင်းမိဘတွေကလည်း ဒီလို အရာမျိုးတွေကို မယုံဘူး … သူတို့ သေပြီးသွားရင် ဘယ်သူကမှ အစောင့်အရှောက်တွေကို ဆက်ပြီး ကိုးကွယ်ကြမှာ မဟုတ်ဘူး ….”
“ သူတို့ မသေခင်မှာ နှစ်ယောက်လုံးက မိသားစု အစောင့်အရှောက်ဆီ တစ်နေ့ သုံးကြိမ်ဒူးထောက်ပြီး ကိုးကြိမ် ဝတ်ပြုတယ် …”
“ ဒါက မူရင်း စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်ရာ ရောက်တယ် … ဒါပေမယ့် မင်းရဲ့ ဘိုးဘွားတွေက ကိုင်းကိုင်းရှိုင်းရှိုင်းနဲ့ မိသားစု အစောင့်အရှောက်တွေဆီ အင်မတန် ရိုသေတယ် ….”
“ အစောင့်အရှောက်က သူ့ သဘောနဲ့သူ မထွက်ခွာခင် မိသားစုနဲ့ အဓိကက မင်းကို စောင့်ရှောက်ပေးဖို့ သူလည်း သဘောတူတယ်…”
“ မင်းရဲ့ ဆွေမျိုးတွေကို အကန်တွေ ပြောတဲ့နေ့က အစောင့်အရှောက်ငယ်လေး မင်းတို့ အိမ်ကို ရောက်လာတဲ့နေ့ပဲ …”
“ အစောင့်အရှောက်က ကလေးဆန်တဲ့ မင်းရဲ့ ပေါက်ကရ စကားတွေကို ကြားသွားတယ် ….”
“ တကယ်လို့ လူသားအသက်နဲ့ တွက်ကြည့်ရင် သူလည်း မင်းနဲ့ ရွယ်တူပဲ …”
“ ဒီတော့ … သူ့ကိုယ်သူ တည်ရှိကြောင်း သက်သေပြဖို့ မင်းကို ကောင်းချီးတွေ ပေးတော့တာပဲ …”
ချန်ယွီ့ ကောင်းကင်လျှို့ဝှက် နည်းဗျူဟာကျမ်းကို ရရှိသည်မှာ အချိန်တစ်ချို့ ကြာပြီး ဖြစ်၏။
ဤအတောအတွင်း မရေမတွက်နိုင်သည့် ထူးခြား ဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ဖူးသည်။
သိုသော် ယူချီဟာထံ ဖြစ်ပျက်နေသည့် အရာကတော့ အထူးဆန်းဆုံးဖြစ်၏။
သာမန် လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ရန်ညှိုးရန်စ ဖွဲ့သည်မှာ မထူးဆန်းချေ။
သို့သော် လူသား တစ်ယောက်နဲ့ အစောင့်အရှောက် တစ်ယောက် …
ပြီးတော့ ရွယ်တူ ကလေးနှစ်ယောက် ….
တကယ့်ကို ရှားရှားပါးပါး မြင်ကွင်းပင်။
ကြည့်ရှုသူများ ပြောသည်က မှန်ကန်သည်။ မိသားစု အစောင့်အရှောက်များက စိတ်သဘောထား သေးသိမ်ပြီး ဒေါသလည်း ကြီးကြသည်။
တစ်စုံတစ်ယောက်က သူတို့ကို မေးခွန်းထုတ်ပြီး စော်ကားပုတ်ခတ်ပြောဆိုသည်နှင့် ထိုလူက ကျိန်းသေပေါက်ကို ဆိုးဆိုးရွားရွား ခံစားသွားရမှာ ဖြစ်သည်။
သို့ပေမယ့်လည်း …
ယူချီဟာမှာ အနှီ အစောင့်အရှောက်ငယ်လေး၏ စီနီယာထံ စောင့်ရှောက်ပေးရန်အတွက် အထူးတလှယ် တောင်းဆိုခြင်း ခံထားရသူ ဖြစ်နေသည်။
ဤသို့ဖြင့် နာကျင်အောင် ညှင်းပန်းနှိပ်စက်သည့် နည်းလမ်းများအားလုံးက စာရင်းထဲက ဖယ်ထုတ်ခြင်း ခံလိုက်ရသည်။
ကူကယ်ရာမဲ့သည့် အခြေအနေနှင့် ရင်ဆိုင်ရတော့ အစောင့်အရှောက်ငယ်လေးက သူ့အစွမ်းအစတွေကို ပြသရုံသာ တတ်နိုင်တော့လေသည်။
အမျိုးမျိုးသော ကံကောင်းခြင်းတို့က ယူချီဟာ၏ မိသားစု အစောင့်အရှောက်က အစွမ်းပြနေခြင်းပင်။
“ အကြောင်းအရင်းက ဒါလေးပေါ့ ….”
ယူချီဟာမှာ အံ့အားတကြီး ဖြစ်နေမိသည်။
သူ ပုန်ကန်တတ်စ ပြုသည့် အရွယ်က ပြောခဲ့သည့် စကားလုံးတို့က သူ့ကို ဤမျှ ကံကောင်းခြင်းတို့ ယူဆောင်လာပေးခဲ့သည်တဲ့လော။
“ ဆိုတော့ ဒါက ချမ်းသာနိုင်မယ့် နည်းလမ်းပေါ့ …”
“ ငါလည်း အိမ်မှာ မိသားစု အစောင့်အရှောက်ရဲ့ ပုံတော်ရှိတယ် … ဒါပြီးရင် အိမ်က အစောင့်အရှောက်နဲ့ ရန်သွားဖြစ်ရမယ် ….”
“ ဒီနည်းလမ်းက တကယ်ပဲ ထပ်တူကူးချလို့ရမှာ သေချာလို့လား ….”
“ တစ်ယောက်က လူသား ၊ တစ်ယောက်က အင်မော်တယ် ၊ ကြွယ်ဝလာတဲ့အထိ အချင်းချင်း တိုက်ခိုက်ကြတယ် … ဒီဇာတ်လမ်းကို ငါ ကြိုက်တယ် … အမှတ်ပြည့်ပေးတယ် …”
“ ပြောတော့ဖြင့် မိသားစု အစောင့်အရှောက်တွေက စိတ်သေးသိမ်ပြီး ဒေါသကြီးကြတယ်ဆို … ဒါက လက်စားချေနေတာလား … ဒါမှမဟုတ် ကျေးဇူးတင်နေတာလား ….”
“ ငါတို့ တောင်ပိုင်းသားတွေတော့ စောက်ရမ်း မနာလို ဖြစ်နေမိပြီ ….” ( တုန်းပေက မြောက်ပိုင်းသား)
“ ယူချီဟာက သူ့ကိုယ်သူ ဒီရဲ့ ကံဆိုးမှုကြောင့် စိတ်ဓာတ်ကျနေတာလေ … ဆိုတော့ လက်စားချေတာလို့ သတ်မှတ်လို့ရတာပဲ ဟုတ်တယ်မလား …”
ကြည့်ရှုသူများမှာ ရယ်မောမိသွားခဲ့ကြသည်။ သူတို့တွေ အရင်က ကလေးတွေ ရန်ဖြစ် ၊ စကားများကြတာကို မြင်ခဲ့ဖူးသည်။ သို့သော် မိသားစု စောင့်ရှောက်သူ အငယ်လေးနှင့် ဖြစ်တာကိုတော့ မမြင်ဖူးကြချေ။
ထိုကောင်လေးက ယူချီဟာကို အကန့်အသတ်မဲ့သည့် ကံကောင်းမှုတို့ ပေးအပ်ရင်း တကယ်လည်း တကယ်လည်း လက်စားချေနိုင်ခဲ့သည်။
ယူချီဟာက ဝမ်းနည်းညှိးငယ်နေသည့် မျက်နှာလေးနှင့် မေး၏။ “ ဒေါက်တာချန် … တကယ်လို့ ငါ သူ့ကို ပြန်တောင်းပန်လိုက်မယ်ဆိုရင် သူ့ မှော်အစွမ်းကို ပြန်ရုပ်သိမ်းပေးလောက်လား ….”
“ ရတယ်… ဒါပေမယ့် ဒီရဲ့ ကံကောင်းမှုအတွက် မင်း ပေးဆပ်ခဲ့ရတဲ့ တန်ကြေးကတော့ ပြန်ရနိုင်မှာ မဟုတ်ဘူးနော်….”
“ တန်ကြေး … ဟုတ်လား … ငါက ဘာတန်ကြေး ပေးခဲ့ရလို့….”
ယူချီဟာ ထပ်ပြီး ကြက်သေသေသွားခဲ့ပြန်သည်။
အဲ့ဒီ မိသားစု စောင့်ရှောက်သူ အသေးလေးကပဲ သူ့ကို စိတ်ဆိုးပြီး ကံကောင်းမှုတွေ ပေးရင်း တိုက်ခိုက်လာခဲ့တာ မဟုတ်ဘူးလား …
သူကလည်း ကံကောင်းမှုတွေကို သူ့ဆီကနေ တစ်ခါမှ မတောင်းဆိုခဲ့ဖူးဘူးလေ … ဒီတော့ ဘာကြောင့် တန်ကြေးပေးရမှာလဲ …
သူ့ မျက်နှာကို ညွှန်ပြရင်း ချန်ယွီ့ ပြောလိုက်သည်။ “ ဒါက မင်းပေးခဲ့ရတဲ့ တန်ကြေးပဲ ….”
“ ဘယ်လို …”
ယူချီဟာ ရှော့ခ်ရသွားခဲ့၏။
သူ ငါးတန်း၊ ခြောက်တန်းနှစ်ကတည်းကစပြီး နေ့တိုင်းနေ့ အိုစာပြီးရင်း အိုစာနေခဲ့တာ မဆန်းတော့ပါဘူး …
သူ အထက်တန်းနှစ် တက်တဲ့ အချိန်မှာပဲ လူတွေက သူ့ကို ဦးလေးဆိုပြီး စခေါ်နေကြပြီ …
သူ ထင်တာကတော့ သူ့အသားအရည်က မကောင်းတော့ အရွယ်မတိုင်ခင် ရုပ်ရင့်တယ်လို့ပဲ ထင်ခဲ့တာပေါ့…
လက်စသတ်တော့ ဒါတွေ အကုန်လုံးက အဲ့ဒီ မိသားစု စောင့်ရှောက်တဲ့ကောင်သေးသေးလေးရဲ့ အမှားဖြစ်နေတာကိုး ….
“ ဒီရဲ့ လူနာ …” ချန်ယွီ့က ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း ပြောလိုက်၏။ “ ငါ ပြောတာကို ဖြည်းဖြည်းချင်းနားထောင် ... ငါ မင်းကို ထိခိုက်နစ်နာအောင် လုပ်ချင်တာ မဟုတ်ဘူး ..”
“ ဒီကိစ္စက နည်းနည်းရှုပ်တယ် …”
“ သူက မင်းကို ကံကောင်းမှု ချီးမြင့်တယ် … ကျေးလက်ဓလေ့ထုံးတမ်းတွေအရ ဆိုရင် မင်းနဲ့ သူ့ကြားမှာ ဆက်နွယ်မှု တစ်ခု ရှိနေတယ်…”
“ ပုံမှန် အခြေအနေအောက်မှာသာဆိုရင် မင်းက သူ့ကို ဆီမီးနံ့သာနဲ့ ပူဇော်ပေးဖို့ လိုတယ် ..."
“ ဒါပေါ့ … မင်းကတော့ အဲ့အကြောင်း မသိဘူးလေ … အဲ့ဟာလေးကလည်း မင်း အမှားဝန်ခံလာမှာကို စောင့်နေတော့ သူ့ဘက်ကနေ အရင်ဦးဆုံး မဆက်သွယ်လာဘူး … “
“ တစ်ယောက်က ဘာမှမသိ ၊ နောက်တစ်ယောက်လည်း ကျောက်တုံးကြီးလုံး မတုန်မလှုပ် ၊ လောကကြီးက မျှမျှတတရှိတယ် …”
“ ဘာ တန်ကြေးမှ ပေးစရာမလိုဘဲ ကံတွေ လွှတ်ကောင်းနေတာက ယုတ္တိရှိတယ်လို့ ထင်လား ….”
ချန်ယွီ့မှာ ထိုသို့ ဝေ့လည်ကြောင်ပတ် ပြောရလွန်း၍ နဖူးထက်၌ ချွေးများပင် စို့လာသည်။
အကြောင်းအရင်းကို စကားလုံး အနည်းငယ်ဖြင့် နားလည်အောင် ရှင်းပြဖို့ဆိုသည်မှာ အတော်လေး အားထုတ်ယူရသည်။
ယူချီဟာ၏ မိသားစု အစောင့်အရှောက် သေးသေးလေးက နံ့သာအမွှေးတိုင် ပူဇော်ခြင်း မရှိပါဘဲ သူ့ရဲ့ ကျင့်ကြံမှုနှင့် နတ်အစွမ်းက တိုးတက်မလာနိုင်ကြောင်းကို ရှင်းပြလိုက်သည်။
သို့သော်လည်းပဲ သူ၏ ကျင့်ကြံမှုက မြင့်တက်မလာသည့်တိုင် ယူချီဟာကို ကောင်းချီးတို့ ဆက်တိုက် ချီးမြင့်နေသည်။
သူ့ဘက်က ကောင်းချီးပေးလေလေ၊ သူ့ ကျင့်ကြံမှုကလည်း လျော့နည်းနည်းလာလေလေ ဖြစ်၏။
ထို့ကြောင့် မိသားစု အစောင့်အရှောက် သေးသေးလေးက ယူချီဟာ၏ အသက်စွမ်းအင် အနှစ်သာရကို စုပ်ယူပြီး ကောင်းချီး အထောက်အပံ့အဖြစ် အသုံးချသည်။
ထို့ကြောင့်လည်း ယူချီဟာမှာ ရှိရင်းစွဲ အရွယ်ထက် များစွာ အိုစာနေရခြင်း ဖြစ်၏။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက လူပင် ကောင်းကောင်း မဖြစ်သေးသည့် ကလေးတစ်ယောက်က တကယ့် အစွမ်းပါဝါတွေ ရှိသည့် ကလေးတစ်ယောက်ကို စကားနှင့် စော်ကားလိုက်ခြင်းပင်။
ထိန်းမနိုင် သိမ်းမရသည့် ကလေးနှစ်ယောက်က နေရာမှာတင် အချင်းချင်း တိုက်ခိုက်ကြပြီး အဆုံး၌ နှစ်ဖက်လုံးလည်း ထိခိုက်နစ်နာကြရသည်။
တစ်ဦးက အရွယ်မတိုင်မီ အိုမင်းလာရသလို ၊ ကျန်တစ်ဦးကလည်း သူ့ရဲ့ ကျင့်ကြံဆင့်သို့ အောက်ခြေထိတိုင် နိမ့်ဆင်းသွားခဲ့ရသည်။