← Chapters

တတိယ လူနာနှင့် တိုင်ပင်ဆွေးနွေးမှုအပြီး နောက်ဆက်တွဲ သက်ရောက်မှုများ

Vol. 14 Ch. 137

တတိယ လူနာနှင့် တိုင်ပင်ဆွေးနွေးမှုအပြီး နောက်ဆက်တွဲ သက်ရောက်မှုများ

Vol. 14 Ch. 137

ယူချီဟာမှာ သူ့ပါးသူ ခပ်ကြမ်းကြမ်း ဖြတ်ရိုက်ချင်မိသွားသည်။

ဒါက လခွမ်းတွေလား …

အင်တာနက်က ကောင်စုတ်လေးတွေကို လောကကြီးထဲ ကြောက်စရာ အကောင်းဆုံး အကောင်ပေါက်လေးတွေလို့ ပြောကြတာ မဆန်းတော့ပါဘူး …

ဒါပေမယ့်လည်း ဟုတ်ပါတယ် …

သူလည်း ငယ်ငယ်က ဆိုးသွမ်းတဲ့ ကောင်စုတ်လေး ဖြစ်ခဲ့တာပဲလေ …

“ ဒေါက်တာချန် … ငါ့ဘက်က စိတ်ရင်းအပြည့်နှင့် တောင်းပန်ရင် သူ ငါ့နောက် တွယ်ကပ်နေတာကို ရပ်သွားမယ်မလား … “

“ ငါ့ရဲ့ ကံကောင်းမှုကြီးရော ပျောက်ရှသွားနိုင်မယ်မလား …”

“ လူသားတွေက ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ရှင်သန်နေထိုင်ကြတယ်လို့ ဆိုကြတယ် … သဘာဝလွန်တဲ့ တည်ရှိမှုတွေ အတွက်ကရော မတူဘူးလို့ ဘယ်သူက ပြောနိုင်လဲ ….” ချန်ယွီ့ ပြောလိုက်သည်။

တကယ်တော့ ယူချီဟာက မိသားစု အစောင့်အရှောက်ငယ်လေးကို မတောင်းပန်ဘူးဆိုလျှင်ပင် သူ့ထံ၌ ကြာရှည်စွာ ကပ်ညှိနေနိုင်တော့မှာ မဟုတ်ချေ။

အကြောင်းအရင်းကတော့ သူ့ဘက်က ဆက်တောင်မခံထားနိုင်သောကြောင့် ဖြစ်၏။

မိမိတွင် ရှိသည့် အစွမ်းအစထက် ကျော်လွန်သည့် အင်အားကို အသုံးပြု၍ ယူချီဟာ၏ ကံကောင်းမှုကို ဆက်တိုက် တိုးမြင့်ပေးခဲ့သည်။

အိုင်းယွန်းမန်းပင် ထိုအချင်းအရာကို တောင့်ခံနိုင်မှာ မဟုတ်ချေ။ ကျင့်ကြံထားသည့် အစွမ်း များများစားစား မရှိသေးသည့် မြေခွေးလေးဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

“ ဒါဆိုရင် … သူ ထွက်သွားတာနဲ့ ငါ့ရဲ့ ကံကောင်းမှုတွေ အကုန် ယုတ်လျော့သွားပြီး ချက်ချင်း ကံဆိုးသွားမှာလား …”

“ အဲ့လိုတော့ ဖြစ်မှာ မဟုတ်ဘူး …”

ယူချီဟာ၏ စိုးရိမ်ပူပန်မှုကို သတိပြုတော့ ချန်ယွီ့ သူ့အား နှစ်သိမ့်ပေးလိုက်သည်။ “ သူ ထွက်သွားတာနဲ့ မင်းက သာမန်လူ ပြန်ဖြစ်သွားမယ် …”

“ နေ့တိုင်းနေ့ သာယာအေးချမ်းတဲ့ ဘဝမှာ နေနိုင်ပြီးတော့ အလုပ်ကိုလည်း ပုံမှန်အတိုင်း သွားနိုင်မယ် …”

“ အဲ့ဒီ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက မင်းကို ဆက်ပြီး နှောင့်ယှက်မှာ မဟုတ်တော့ဘူး ….”

“ ဒါပေါ့ … မင်း ကောင်းကင်ကနေ တရားလွန်ကံကောင်းမှုတွေလည်း ဘယ်တော့မှ ထပ်ရနိုင်တော့မှာ မဟုတ်ဘူး ….”

ချန်ယွီ့၏ အတည်ပြုစကားကို နားထောင်ပြီးနောက် ယူချီဟာ မျက်နှာထက်တွင် အနည်းငယ် တုံ့ဆိုင်းမှုတို့ ဖြစ်လာသည်။

သူ့ထံသို့ ယူဆောင်လာသည့် ကံကောင်းမှုများအကြောင်းကို သူ့ဘက်က ဆက်တိုက် စောဒက တက်နေမိသော်လည်းပဲ ၎င်းတို့ကို တစ်ခါမျှ မုန်းတီးခြင်း မဖြစ်မိခဲ့ပေ။

သူ ငယ်စဉ်ကတည်းက သူ့ဘေးနား ရှိလာခဲ့သည့် ကံကောင်းမှုက ပျောက်ကွယ်တော့မည် ဆိုတာကို သိလိုက်ရတော့ အနည်းငယ်ပင် နောင်တရချင်သလို ခံစားမိလာသည်။

ယူချီဟာမှာ လက်လွှတ်လိုက်ဖို့ကို အနည်းငယ် တုံ့ဆိုင်းနေမိ၏။

ကံကောင်းမှုက သူ့ထံသို့ ပြဿနာ မျိုးစုံကို ယူဆောင်လာပေးသော်လည်း အခြားသော ဒုက္ခများနှင့် နှိုင်းစာကြည့်လိုက်မည်ဆိုပါက အကျိုးအမြတ်တို့က များစွာ သာသည်။

သူ့မှာ ငယ်စဉ်ကတည်းက ပါရမီရှင် ထိပ်တန်းကျောင်းသား တစ်ဦး ဖြစ်ခဲ့ရသည်။

သူ့ ကံကောင်းမှုအပေါ် အခိုင်အမာ ယုံကြည်သည့်အတွက်လည်း အခြားသူများကို လိုလိုလားလား ကူညီပေးလိုစိတ်နှင့် ကူညီပေးလိုသည့် သတ္တိတို့ သူ့တွင် အပြည့်ရှိခဲ့သည်။

အလုပ်၌ ဖောက်သည်မရမှာကိုလည်း စိတ်ပူဖို့ မလိုအပ်။ ဖောက်သည်များကပင် သူတို့ ပိုက်ဆံကို ပေးချင်လွန်း၍ တန်းစီနေရလေသည်။

သူ တစ်ဦးတည်းကသာ ဤအချင်းအရာများက သူ့ ပင်ကိုယ် အစွမ်းအစကြောင့် မဟုတ်ဘဲ မိသားစု စောင့်ရှောက်သူ အသေးလေး ပေးအပ်သည့် ကံကောင်းမှုကြောင့်ဆိုတာကို နားလည်ထားသည်။

ရုတ်တရက်ချည်း သူလိုငါလို သာမန်လူ ဖြစ်လာမည်ဆိုသည့်အရာကို လက်ခံဖို့ သူ့အတွက် အနည်းငယ် ခဲယဉ်းနေသည်။

စိတ်ထဲ လွန်ဆွဲပွဲဖြစ်နေသည့် ယူချီဟာကို ချန်ယွီ့ တစ်ချက်ကြည့်လိုက်သည်။

ဤငနဲ သူ့ စိတ်ခံစားချက်များနှင့် လွန်ဆွဲပွဲ ဖြစ်နေတာကို ခန့်မှန်းကြည့်ဖို့ မခက်ခဲပေ။

မည်သို့ပင်ဆိုစေ ၊ ယူချီဟာဆိုသည်မှာလည်း လူသား တစ်ယောက်ဖြစ်၏။

လူ့အလိုကို နတ်မလိုက်နိုင်ဆိုသည့် စကားလည်း ရှိသေးတာပဲမလား …

သူ့ဘက်က စောဒကတက်နေတိုင်းလည်း သူ့ဘက်က မနှစ်သက်ဘူးလို့ မဆိုလိုဘူးလေ …

ဘာပဲဆိုဆို လူသားများရဲ့ နှလုံးသားကို စကားလုံးများဖြင့် တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် အရာ ဖြစ်သည်။

“ ဒီရဲ့လူနာ … ငါ မင်းကို တစ်ခုတော့ သတိပေးချင်တယ် … အရာရာတိုင်းမှာ ကောင်းကျိုး ဆိုးပြစ်ဆိုတာ ရှိတယ် … မင်းသေချာ ချင့်ချိန်ပါ … စဉ်းစားပါ …”

အဆုံးသတ်တွင် ရပ်တန့်လိုက်သည်က ချန်ယွီ့၏ ပုံမှန်စတိုင်ပင်။

အကူအညီ တောင်းဆိုလာသူ၏ ရွေးချယ်မှုကတော့ သူတို့အပိုင်းပဲ ဖြစ်၏။

“ ဟင်း … အဲ့လိုပဲ လုပ်ကြတာပေါ့ ….”

“ ငါ လိုင်းဆင်းပြီး သူ့ကို တောင်းပန်လိုက်မယ် …”

ယူချီဟာ သက်ပြင်းအရှည်ကြီး ချလိုက်၏။

ချန်ယွီ့ စကားက သူ့ကို လှုပ်နှိုးလာစေသည်။

အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်၏ ပုံစံက အသက် လေးဆယ်ကျော်အရွယ် ယောက်ျားရင့်မာကြီးပုံစံ ဖြစ်နေခဲ့သည်။

ဒါက သူပေးဆပ်ရတဲ့ တန်ဖိုးပဲ မဟုတ်လား …

တကယ်လို့ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် သူ အသက် သုံးဆယ်ရောက်တာနဲ့ လူတွေက အဖိုးလို့တောင် ခေါ်ရင် ခေါ်နေကြဦးမယ် …

“ ညီကို … မင်း သေချာ စဉ်းစားပါဦးလားကွာ … အဲ့တာမရှိတော့ဘူးဆိုရင် မင်း လျှမ်းလျှမ်းတောက် လူတစ်ယောက် မဖြစ်နိုင်တော့ဘူးနော်….”

တစ်ချို့ ကြည့်ရှုသူများက မတောင်းပန်မီ နှစ်ခါ ပြန်စဉ်းစားဖို့ အကြံပြုကြသည်။

ဆုံးရှုံးနစ်နာမှု ရှိသော်လည်းပဲ မည်သို့ပင် ဆိုစေကာမူ ယူချီဟာအတွက် ကံကောင်းမှုကို ထိန်းသိမ်းထားသည်က သူ့အတွက်လည်း အကျိုးရှိနေဆဲပင်။

ဤမျှကောင်းမွန်လှသည့် ကံတရားဖြင့် သူဘာပဲ လုပ်လုပ် အောင်မြင်နိုင်သည်။

“ လူတိုင်းပဲ … တော်လိုက်ပါတော့ … ငါ သေချာ စဉ်းစားပြီးသွားပြီ …”

“ မင်းတို့ ငါ့မျက်နှာကို ကြည့်ကြစမ်းပါ …” ယူချီဟာက ခါးသက်စွာ ပြုံးလျက် ပြောလိုက်ပြီး “ ငါနဲ့ မသိတဲ့လူဆို ငါ့အသက် နှစ်ဆယ်ကျော်ပဲ ရှိပါသေးတယ်လို့ ပြောရင် သူတို့ ယုံနိုင်မှာလား …”

“ နေ့တိုင်းနေ့ အဘိုး ၊ ဦးလေးဆိုပြီး ခေါ်ခံနေရမှာထက်စာရင် ကံမကောင်းတော့ရော ဘာဖြစ်သေးလဲ …”

ထိုအချိန်၌ ယူချီဟာက ချန်ယွီ့ကို ထပ်ပြီး မေးမြန်းလာသည်။

သူ့ သွင်ပန်းသဏ္ဌာန် အိုစာမှုအပြင် သူ့ရဲ့ ကာယကြံ့ခိုင်မှုသည်လည်း ယုတ်လျော့လာသည်လော။

ချန်ယွီ့ ခေါင်းညိတ်ပြီး ပြတ်သားသည့် အဖြေတစ်ခု ပေးလိုက်၏။

“ ဟူး ….”

ယူချီဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။

သူ့ခန့်မှန်းချက် မှန်ကန်နေခဲ့သည်။

သူ့ မျက်နှာတစ်ခုတည်းသာ အသက်ကြီးသွားခဲ့တာ မဟုတ်ဘဲ သူ့ ခန္ဓာကိုယ်သက်လုံနှင့် လျင်မြန်မှုသည်လည်း ကျဆင်းသွားခဲ့သည်။

ချန်ယွီ့ထံက အဖြေကို သိရပြီးနောက် ယူချီဟာကို နှစ်ခါပြန်စဉ်းစားဖို့ အကြံပေးနေကြသည့် ကွန်းမန့်များလည်း ပျောက်ကွယ်ကုန်ကြ၏။

ရုပ်ရင့်သည်က တစ်ကဏ္ဍ ၊ သို့သော်လည်းပဲ အသက် နှစ်ဆယ်ကျော် အရွယ်တွင် လေးဆယ်ကျော်အရွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ကတော့ မတူသည့် အရာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ထိုအချင်းအရာကို မည်သူကများ တောင့်ခံနိုင်လိမ့်မည်နည်း။

ဤအတိုင်း ဆက်သွားနေမည်ဆိုပါက မိန်းမလှလေးများနှင့်ပင် ဒိတ်ခွင့် ရှိမှာ မဟုတ်တော့ချေ။

နောက် ၂ နှစ်ဆိုပါက စကားသံ ကတုန်ကယင်နှင့် လမ်းလျှောက်တိုင်း မောဟိုက်နေလောက်ပေသည်။ တွေးကြည့်ရုံမျှနှင့် ကြောက်စရာ အင်မတန် ကောင်းလှသည်။

မိုးထိမြင့်အောင် ကံကောင်းပါမည် ဆိုစေကာမူ ကိုယ့်ကျန်းမာရေးနှင့်တော့ လုံးဝ လဲလှယ်နိုင်မည်မဟုတ်ပေ။

“ ဒေါက်တာချန် … မင်းရဲ့ ဖုန်းနံပါတ် ပေးထားလို့ရလား ….”

“ တကယ်လို့ အဲ့ကောင်ကြီးက မသွားချင်တာ ဒါမှမဟုတ် တခြား နားလည်မှု လွဲနေတာတွေ ရှိလာခဲ့ရင် ဒေါက်တာချန်ကိုပဲ ထပ်ပြီး ဆက်သွယ်ရမှာပဲ …”

ယူချီဟာက ချန်ယွီ့ကို တောင်းပန်တိုလျှိုးစွာ ကြည့်လိုက်၏။ ထိုသို့သော ဆန်းကြယ်သည့် ဖြစ်ရပ်များကို ကိုင်တွယ်ရာ၌ သူ့တွင် အတွေ့အကြုံ မရှိပေ။ ချန်ယွီ့ ဖုန်းနံပါတ်ကို ရထားတာက ပိုပြီး လုံခြုံသည်။

“ ရတာပေါ့ …”

ချန်ယွီ့လည်း သူ့ ဖုန်းနံပါတ်ကို တိုက်ရိုက်မက်ဆေ့ချ် ပို့သည့် နေရာကတစ်ဆင့် ပို့ပေးလိုက်၏။

ယူချီဟာက မပြောလာခဲ့လျှင်ပင် ချန်ယွီ့က ဖုန်းနံပါတ်လဲဖို့ စီစဉ်ထားသည်။

သူတို့၏ ကံကြမ္မာကို ကြည့်ရသလောက်ကတော့ ဤဖြစ်ရပ် ပြီးဆုံးလင့်ကစား၊ နှစ်ယောက်ကြား ဆက်နွယ်မှုကတော့ ရှိနေသေးဆဲပင်။

ချန်ယွီ့ ဖုန်းနံပါတ်ကို ရပြီးတော့ ယူချီဟာက တိုင်ပင်ဆွေးနွေးခ ယွမ်တစ်သောင်းလွှဲပေးလိုက်၏။

“ ကဲ… ဒီနေ့ တိုင်ပင်ဆွေးနွေးမှု သုံးခု ပြီးသွားပြီ ..”

နောက်တစ်စက္ကန့်၌ စခရင်မှာလည်း အမည်းရောင် ဖြစ်သွားခဲ့သည်။

“ တူညီနေတဲ့ ခံစားချက် … ၊ သူ့ လိုက်စထွင်းလွှင့်တဲ့ အချိန်ကလည်း ခန့်မှန်းလို့မရဘူး … ပြီးတော့ သူ လိုင်းဆင်းသွားတဲ့ အမြန်နှုန်းကလည်း ကောလိပ်ကျောင်းသားတွေ အတန်းပြီးလို့ ကန်သင်းပြေးတာထက်တောင် မြန်နေသေးတယ် …”

“ ညီကိုတို့ … နောက်ဆုံးလူနာ တိုင်ပင်ဆွေးနွေးသွားတာက အယူသည်းတဲ့ ဝါဒ ဖြန့်ကျက်မှုလို့ ယူဆလို့ မရဘူးလား …”

ဤကွန်းမန့်က ချက်ချင်းပဲ ကြည့်ရှုသူများ၏ အသိအမှတ်ပြုမှု များစွာကို ရရှိသွားခဲ့သည်။

ယူချီဟာ၏ တရားလွန် ကံကောင်းနေမှုက သူ့ မိသားစု စောင့်ရှောက်သူ သေးသေးလေးကြောင့်ဟု အတည်ပြုပေးလိုက်သည်က အယူသည်းမှု ဖြစ်သည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာသည်။

သို့ပေမယ့် …

ချန်ယွီ့ သူ့ ရှင်းပြချက်ကို မစတင်မီ ‘ သဘာဝလွန် ဖြစ်တည်မှုများ ‘ ဆိုသည့် အကြောင်းအရာကို ရှင်းပြခဲ့ပြီး စိတ်ပညာဘာသာရပ်ခွဲ တစ်ခုပင် ရှိကြောင်းကို စကားပလ္လင်ခံထားခဲ့သည်။

“ သိပ္ပံ ဖြစ်ဖြစ် ၊ အယူသည်းတာ ဖြစ်ဖြစ် ငါတော့ ဂရုမစိုက်ဘူး … ကြည့်လို့ကောင်းတယ်ဆို ပြီးရောပေါ့ … အချိန်ပေးရတာ တန်တယ်လေ …”

“ ပညာရှိစကားပဲ … တကယ်လို့ ဒေါက်တာချန်က သိပ္ပံလို့ ပြောရင် အဲ့တာက သိပ္ပံပဲ … သူ တစ်နေ့ ဇွန်ဘီ ဖမ်းတဲ့ လိုက်စထွင်းတွေ လွှင့်လာရင်တောင် အဲ့တာက သိပ္ပံစမ်းသပ်မှုအတွက်ပဲ ဖြစ်ရမယ် …”

“ ကြည့်ရသလောက်တော့ အားလုံးက ဒေါက်တာချန်ကို လုံးဝ ဆလံသထားပြီပဲ …”

……..

လူဦးရေ အနည်းငယ်မျှသာရှိသည့် ကောင်တီ သေးသေးလေး တစ်ခုတွင် ၊ ဖူရှီ ခန်းမဟု အမည်တွင်သည့် ဗေဒင်ဟောခန်းဆိုင်လေးတစ်ဆိုင် ရှိသည်။

အတွင်းတွင် အနည်းငယ် ဝဖိုင့်ဖိုင့်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက တာအိုဝတ်ရုံနှင့် တာအို သရဖူကို ဝတ်ဆင်ထားသည်။

ချန်ယွီ့ အရင် လိုက်စထွင်း မှတ်တမ်းများကို ကြည့်နေစဉ် သူ့ ဖုန်းကို ထုတ်၍ ခေါ်ဆိုမှု တစ်ခု ပြုလုပ်လိုက်၏။

“ ဟုတ်တယ် … စိတ်ကျန်းမာရေး ဆေးခန်းစတိုင်ပဲ … ဟုတ်တယ် ဟုတ်တယ် … မင်း နားကြား မမှားဘူး …”

“ တစ်လက်စတည်း ငါ့ဖို့ ဆိုင်းဘုတ်အသစ်ပါ လုပ်ပေးစမ်းပါ … နာမည်ကိုတော့ ဖူရှီ စိတ်ကျန်းမာရေး ဆေးခန်းလို့ နာမည်ပေးလိုက် … “

ဖုန်းချပြီးနောက် တာအိုဝတ်ရုံနှင့် သက်လတ်ပိုင်း အမျိုးသားက ခေတ္တအတွေးနက်သွားပြီး နောက်ဆုံး၌ လိုက်စထွင်းထဲက ထွက်မည် ခလုတ်ကို ကလစ်နှိပ်လိုက်သည်။

သူ့ လက်နှစ်ဖက်ကို ကီးဘုတ်ပေါ်သို့ တင်ပြီး ရှော့ပင်း ဝက်ဘ်ဆိုဒ်တစ်ခုထဲဝင်လိုက်၏။

အဖြူရောင် ဆရာဝန် ကုတ်အရှည်နှင့် ရွှေရောင် ကိုင်းမျက်မှန် တစ်လက်၊ ပြီးနောက် ဒါဇင်ချီသည့် စိတ်ပညာရှင်များ၏ ပုံတူ ဓာတ်ပုံများကို ဈေးဝယ်ခြင်းထဲသို့ ထည့်လိုက်သည်။

ပြီးသွားတော့ .. တာအိုဝတ်ရုံနှင့် သက်လတ်ပိုင်း အမျိုးသားက နာမည်ကတ် သေတ္တာ အနည်းငယ်ကိုလည်း အော်ဒါတင်လိုက်သည်။

‘ ဖူရှီ စိတ်ကျန်းမာရေးဆေးခန်း ၊ အထူးအဆင့် စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးပေးသူ ‘

တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် …

တူညီသည့် ထိုတစ်နေ့၌ နိုင်ငံအနှံ့အပြားရှိ လူတော်တော်များမှာ သူ့နည်းတူ ပြုလုပ်နေကြသည်။

သူတို့အားလုံးက နာမည်ကျော်ကြားခြင်း မရှိသည့် ဆန်းကြယ်ဂိုဏ်းသားများ ဖြစ်ကြ၏။

ဟန်ကျိုးမြို့ ဆောက်လုပ်ရေးဆိုက် တစ်နေရာ၌။

“ ယီးပဲ … ဒီ ချီးပေတဲ့ ဆောက်လုပ်ရေးဆိုက်မှာ နေတာ လုံလောက်ပြီ …”

မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူး ၊ အရိုးငေါထွက်နေသည့် သက်လတ်ပိုင်း အမျိုးသားက နံရံအချောကိုင်သည့် သူ့ သံလက်ကို အလုပ်သမားခေါင်းထံ ပစ်ပေါက်ပြီး လက်ကိုင်အိတ်ကို ဆွဲလျက် ထွက်ခွာသွားသည်။

“ စိတ်ကျန်းမာရေး ဆရာဝန်လုပ်တာက အဲ့လောက် အမြတ်ထွက်နေရင် ငါက ရူးလို့ ဒီစောက်ချီးထုပ်နေရာကြီးမှာ အလုပ်ဆက်လုပ်တော့မှာလား …”

အမျိုးသားက ထွက်ခွာသွားရင်း နှုတ်ကလည်း မြည်တွန်တောက်တီးလိုက်၏။

အုတ်သယ်ရင်း စုထားသည့် ငွေလေးများကို ရေတွက်ကြည့်လိုက်တော့ ဆိုင်တစ်ဆိုင်ငှားပြီး စိတ်ကျန်းမာရေး ဆရာဝန် အဝတ်အစားနှင့် ပစ္စည်းတစ်ချို့ ဝယ်ဖို့ရာ လုံလောက်သည်။

အမျိုးသားက ချန်ယွီ့ကို အတုလိုက်ခိုးသည့်အတွက် သူ့စိတ်ထဲ လိပ်ပြာမလုံသလို မခံစားမိ။

တာအိုဂိုဏ်းကကျတော့ ဒီလောက် အမြတ်များတဲ့ စီးပွားရေးကို လုပ်နေတဲ့အချိန် ငါတို့လို တခြား ဆန်းကြယ်ဂိုဏ်းသားတွေက လမ်းဘေးမှာ ခွက်မဆွဲရုံတမယ် အလုပ်လုပ်နေရရင် ဘယ်လိုလုပ် မျှတမှာ … ဟုတ်တယ်ဟုတ် …။

All Chapters