ဘာ မာစတာတုန်း … ငါက စိတ်ကျန်းမာရေး ဆရာဝန်
Vol. 14 Ch. 138
သူ့ရဲ့ တတိယမြောက် လူနာနှင့် ဆွေးနွေးတိုင်ပင်ပေးမှု အပြီးတွင် များပြားလှသည့် လူများက သူ့နည်းတူ လိုက်လုပ်ကြလိမ့်မည်ဟူ၍ ချန်ယွီ့ စိတ်ကူးယဉ်ခဲ့မိမှာ မဟုတ်ချေ။
နောက်တစ်နေ့ နေ့လည်ခင်း။
ဟန်ကျိုးမြို့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဌာနာ၊ ကပ္ပတိန် ရုံးခန်းတွင်။
သူ့ လက်အောက်ငယ်သားများ၏ တင်ပြချက်ကို နားထောင်ပြီးနောက် လီချန်ကျွင်းမှာ ရယ်ရအခက် ၊ ငိုရအခက် ဖြစ်သွားခဲ့၏။
အထက်က မြို့အသီးသီး၏ မြူနီစီပယ် ဗျူရိုများကို အထူးမစ်ရှင် ဌာနခွဲများ တည်ထောင်ဖို့ တောင်းဆိုလာခဲ့ပြီး လက်ထောက် ခေါင်းဆောင်ဖြစ်သည့် လီချန်ကျွင်းက ကွင်းဆင်း အလုပ်များကို ပြုလုပ်ရရုံမျှမက ၊ အဖွဲ့ဝင်များ ခေါ်ယူဖွဲ့အတွက်လည်း တာဝန်ရှိသည်။
တာအိုကိုယ်တော် ပိုင်ဟော်၏ စာရင်းအရ ၊ လီချန်ကျွင်းမှာ စီရင်စု၏ အစိတ်အပိုင်း အသီးသီးတွင် ပျံ့နှံ့နေသည့် အစွမ်းအစ ရှိသည့် ဆန်းကြယ်ဂိုဏ်းသားများကို ရှာဖွေခိုင်းခဲ့သည်။
ဟန်ကျိုးမြို့ထဲတွင် ရှာဖွေရန် တာဝန်ကျသည့် သူ့အသင်းဝင် နှစ်ဦးက ယခုလေးတင် ပြန်ရောက်လာပြီး သူ့ထံသို့ အစီရင်ခံလာသည်။
သူတို့ ရှာဖွေနေသည့် လူများအားလုံးက အလုပ်အကိုင် ပြောင်းကြသွားပြီ ဖြစ်၏။
“ ကပ္ပတိန် … ဒါကြီးကတော့ ရူးလောက်စရာပဲ … မနေ့တုန်းကပဲ သူတို့တွေ အကုန်လုံးက ဗေဒင်ဆရာတွေ၊ ဖုန်းရွှေ မာစတာတွေ ၊ ပရောဂဆရာတွေ ၊ ဝိဉာဏ်ဆင့်ခေါ်နိုင်တဲ့ နတ်ဆရာတွေ …. "
“ ဒီနေ့ကျတော့ သူတို့တွေ အကုန်လုံးက စိတ်ကျန်းမာရေး ဆရာဝန်တွေ ဖြစ်လာကုန်ပြီ …”
အသင်းသားတစ်ဦးက သူ့ဝီချက်ကို ပြလာခဲ့ပြီး စကားပြောခန်း များစွာအနက် အထူး စကားပြောခန်း တစ်ခုရှိနေသည်။
အထူးမစ်ရှင် ဌာနခွဲ အဖွဲ့ဝင်များ ( ဆန်းကြယ်ဂိုဏ်း အဖွဲ့သားများ)။
သူတို့ရဲ့ နဂိုနာမည်များက မာစတာ ဘယ်သူ၊ ဆရာ ဘယ်သူ များ ဖြစ်ကြသည်။
သို့သော် ယခု … သူတို့အားလုံးက နေ့တွင်းချင်း စိတ်ပညာ ကျွမ်းကျင်သူများ၊ စိတ်ကျန်းမာရေး ဆရာဝန်များနှင့် စိတ်ကျန်းမာရေး အတိုင်ပင်ခံများ ဖြစ်လာလေသည်။
“ ဒီလူတွေ အင်တာနက်ပေါ်မှာ ဒေါက်တာချန်ရဲ့ ကျော်ကြားမှုတွေကို မြင်ပြီး အားကျကုန်ကြတာ ဖြစ်မယ် …”
ဘာတွေ ဖြစ်နေလဲဆိုတာကို လီချန်ကျွင်း ခန့်မှန်းထားမိပြီး ဖြစ်သည်။
ဤလူတွေ ဒီလိုမျိုး တတ်နိုင်မယ်လို့ပဲ မစဉ်းစားခဲ့မိရုံမျှ ဖြစ်၏။
တာအိုကိုယ်တော် ပိုင်ဟော်ပေးသည့် လူစာရင်းထဲတွင် ဤလူများအားလုံးက တကယ့် စစ်မှန်သည့် စွမ်းရည်ကိုယ်စီဖြင့် အစွမ်းအစ ရှိကြသူများ ဖြစ်ကြသည်။
အနည်းဆုံးတော့ သူတို့တစ်ယောက်ချင်းဆီက ဆန်းကြယ်ဂိုဏ်းတွင် နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့ပြီးသူများပင်။
သူများ အကြံဉာဏ်ကို ခိုးယူအသုံးချသည့် နည်းလမ်းပေါင်းမျိုးစုံကို လီချန်ကျွင်း တွေ့ခဲ့ဖူးသည်။ သို့သော်လည်းပဲ အနှီ ဆန်းကြယ်ဂိုဏ်းသားများကပါ အလားတူ ပြုလုပ်လာကြသည်။ သူတို့တွေ အဆိုပါ ရေစီးကြောင်းကြီးထဲ လျင်မြန်စွာ မြောပါလာကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ညတွင်းချင်းမှာပဲ ထိုလူများအားလုံးက စိတ်ကျန်းမာရေး ဆရာဝန်ကြီးတွေ ဖြစ်ကုန်ကြသည်။
ဤ စိတ်ကျန်းမာရေး ဆရာဝန်များက သူတို့ ဆေးခန်းကို လိုင်စင် မရှိဘဲ လည်ပတ်နေသည့် တရားမဝင် ဆေးခန်းများ ဖြစ်ကြောင်း လီချန်ကျွင်း ရာနှုန်းပြည့် လောင်းကြေးထပ်ဝံ့၏။
“ လိုင်စင် မရှိဘူးပေါ့ …”
လီချန်ကျွင်း မကောင်းတာလုပ်တော့မည့် အပြုံးကြီးဖြင့် ပြုံးလိုက်၏။
တာအိုကိုယ်တော် ပိုင်ဟော်က အကယ်၍ ၎င်းတို့ကို အထူးမစ်ရှင် ဌာနခွဲသို့ ဖိတ်ခေါ်လိုလျှင် ၎င်းတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းသို့ အလည်သွားပြီး စိတ်ရင်းလေးနက်မှုကို ပြသရမည်ဟု ထပ်ခါတလဲလဲ သတိပေးခဲ့သည်။
သူတို့တွေ တံခါးပိတ် ကျင့်ကြံမှုက ထွက်လာဖို့ကိုလည်း တရိုတသေနှင့် သုံးကြိမ်သုံးခါ တိုင်တိုင် သွားရောက် တောင်းဆိုဖို့ လိုသည်။
ယခု ဤမျှ ကောင်းမွန်သည့် အခွင့်အရေးကြီးက သူ့ထံသို့ ကိုယ်တိုင် ရောက်လို့လာခဲ့သည်။
ပြီးတော့ လီချန်ကျွင်းက ထိုသူများကို နှိမ့်ချပြီးလည်း သွားပင့်နေစရာ မလိုတော့ချေ။
ဤအုပ်စုက ချန်ယွီ့၏ စတိုင်ကို အပေါ်ယံမျှသာ ပုံတူကူးနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ချန်ယွီ့က ဟန်ကျိုး တက္ကသိုလ်မှ စိတ်ပညာနှင့် ကျောင်းပြီး ဘွဲ့ရထားသူ ဖြစ်သည်။
သူ့တွင် လိုအပ်သည့် စာရွက်စာတမ်းများနှင့် လိုင်စင်များအားလုံးလည်း ရှိသည်။
မကြာသေးမီကပင် ချန်ယွီ့က သူ၏ အထူးကုသရေး ကိရိယာများအတွက် အထူးမစ်ရှင် ဌာနခွဲထံ သက်ဆိုင်ရာ လိုင်စင်များ တောင်းဆိုလာခဲ့သေးသည်။
အဆိုပါ ပုံတူ သူခိုးလေးများအတွက်ကတော့ …
‘ ဟမ် … စိတ်ကျန်းမာရေး ဆရာဝန် ဟုတ်လား …
ဒါဆို ကျေးဇူးပြုပြီး စိတ်ကျန်းမာရေး ဆရာဝန်ဖြစ်ကြောင်း အရည်အချင်း အသိအမှတ်ပြု လက်မှတ်လေး တစ်ချက် ပြပေးပါ …’
ခင်များမှာ မရှိဘူးပေါ့ …
ဒါဆို ခင်များမှာ ဆရာဝန်ဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်တော့ ရှိရမှာပေါ့ ဟုတ်တယ်မလား …
ဟင် အဲ့တာလည်း မရှိတာဘူးပေါ့ …
ဒါဆိုရင် အနည်းဆုံးတော့ စီးပွားရေး လိုင်စင် ပြနိုင်တယ်မလား …
အို … ခင်များက လိုင်စင်မရှိဘဲ ဆိုင်ဖွင့် စီးပွားရေး လုပ်နေတယ်ပေါ့ …
ခင်များကို တရားမဝင် ဆေးကုပြီး လိုင်စင်မရှိဘဲ စီးပွားရေး လုပ်နေတာကို ခွင့်ပြုပေးလို့မရဘူး … ဒီတော့ … ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ စခန်းလိုက်ခဲ့ပေးပါ ..
ဝါး … ခင်များမှာ စာရွက်စာတမ်း အပြည့်အစုံ ရှိနေတာပဲ … ဒါပေမယ့် စာလုံးတွေက မှားတဲ့နေရာမှားနဲ့ သောက်တလွဲတွေ … အတုလုပ်ထားတာပဲ …
ဤမြင်ကွင်းကို မြင်ယောင်ကြည့်ပြီးနောက် လီချန်ကျွင်း မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောမိလိုက်သည်။
သူ့ အသင်းဝင် နှစ်ယောက်က ထူးဆန်းသည့် မျက်နှာကြီးဖြင့် ရယ်မောနေသည့် လီချန်ကျွင်းကို မြင်တော့ ကြက်သီးဖြန်းသွားခဲ့ကြ၏။
သူတို့တွေ ဘယ်လိုပဲ ကြည့်ကြည့် ကပ္ပတိန်လီက ကလိမ်ကကျစ်ဉာဏ်ထုတ်ဖို့ ကြံနေသည့် မြေခွေးအိုကြီးနှင့် တူနေသည်။
“ မင်းတို့နှစ်ယောက် အခု သွားလို့ရပြီ …”
လီချန်ကျွင်း လက်ဝှေ့ယမ်းပြီး အသင်းဝင် နှစ်ယောက်ကို အဝေးသို့ နှင်လွှတ်လိုက်၏။ သူ့ဘက်ကလည်း ကျန်းမာရေး ဌာနှင့် လက်တွဲပူးပေါင်းဖို့ ဟန်ပြင်နေသည်။
“ ဟပ်ချိုး … ဟပ်ချိုး …”
နေ့လည်စာ စားနေစဉ် ချန်ယွီ့ ဆက်တိုက် နှာချေနေမိ၏။
“ ကျင့်ကြံသူ ဖြစ်နေပြီကို အအေးက မိချင်နေတုန်းလားဟ ….”
နှာခေါင်းကို ပွတ်သပ်လိုက်ရင်း ဇဝေဇဝါ ဖြစ်နေသည့် အမူအရာက ချန်ယွီ့ မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။
သူ့လို အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ပင် ရောက်ရှိနေသူက အအေးမိဖို့ မပြောနှင့် ၊ ခေါင်းကိုက်ဖို့ပင် ဝေလာဝေးဖြစ်၏။
ဒီလောက် ဆက်တိုက် နှာချေနေတယ်ဆိုတော့ သူ့ကို နောက်ကွယ်မှာများ တစ်စုံတစ်ယောက်က ကျိန်ဆဲနေလို့များလား …
ဘာတွေပဲ ဖြစ်နေစေကာမူ ၊ ချန်ယွီ့ ခေါင်းရှုပ်ခံမနေတော့ပေ။ သူ့ ပစ္စည်းများကို သိမ်းဆည်းပြီး အမှိုက်ပုံးထဲသို့ ပစ်ရန် အပြင်သို့ ထွက်လာခဲ့၏။
နေ့လည်စာဘူးကို အမှိုက်ပုံးထဲ ထည့်ပြီးသည့် အချိန်မှာပဲ မျက်နှာချင်းဆိုင် အရပ်မျက်နှာဘက်ကနေပြီး အမျိုးသမီး တစ်ဦးက ကလေးငယ်ကို ပွေ့ချီလျက်အလျင်စလို ပြေးလာသည်။
သူမက အမှိုက်ပုံးထဲ ပစ်ထည့်ထားသည့် နေ့လည်စာဘူးကို ကောက်ယူပြီး စားကြွင်းစားကျန်များကို အပြတ်ရှင်းလိုက်၏။
ဤသည်ကို မြင်တော့ ချန်ယွီ့ ဟန့်တားတော့မည့် အချိန်မှာပဲ သူ ရုတ်ချည်း မျက်မှောင်ကြုတ်သွားခဲ့သည်။
အမျိုးသမီးက အသက် နှစ်ဆယ်ကျော် အရွယ်မျှသာ ရှိသေးပြီး ဖာထေးရာပါသည့် အင်္ကျီ အဝတ်အစားကို ဝတ်ဆင်ထားကာ လက်ထဲတွင်လည်း အသက် လေးငါးနှစ် အရွယ်ရှိမည့် ကလေးတစ်ယောက်ကိုလည်း ပွေ့ထားသေးသည်။
ကလေးက ငိုယိုခြင်းလည်း မရှိသလို ၊ မည်သည့် ကလန်ကဆန် ပြုမှုကိုမျှ မပြဘဲ မိခင်ရင်ခွင်ထဲတွင် တိတ်ဆိတ်စွာ ရှိနေသည်။
အမျိုးသမီးငယ်လေးကတော့ ဘေးနားတွင် ချန်ယွီ့ မတ်တပ်ရပ်နေသည်ကိုပင် သတိထားမိဟန် မတူပေ။
နေ့လည်စာဘူးထဲရှိ အကျန်များကို နှစ်ကိုက်သုံးကိုက်ဖြင့် အပြတ်ဖြတ်လိုက်၏။
ပါးစပ်သုတ်ပြီးနောက် သူမ မေးလာသည်။ “ ဆရာ … ဒီနားမှာ မာစတာချန်ကို သိလားမသိဘူး …”
“ ခင်များက ဘာကိစ္စ သူ့ကို ရှာနေတာ …”
နာမည်နားထောင်ကြည့်လိုက်ကတည်းက သူ့ထံသို့ ရောက်လာမှန်း ချန်ယွီ့ တပ်အပ်သိလိုက်သည်။
“ ဟင်း …”
“ ကျွန်မ ရှင့်ကို ရိုးရိုးသားသား ပြောပြလိုက်မယ် …” အမျိုးသမီး ငယ်လေးက ခါးသက်စွာ သက်ပြင်းချ၍ “ ကျွန်မ သမီးလေးကို မာစတာချန်နဲ့ ပြချင်လို့ လိုက်ရှာနေတာပါ …”
အမျိုးသမီး၏ နာမည်က လီရှို့ဟွား ဖြစ်ပြီး ဟန်ကျိုး ဆင်ခြေဖုံး ရွာတစ်ရွာတွင် နေထိုင်သူ တစ်ဦး ဖြစ်၏။
သိပ်မကြာခင်တုန်းက သူမ သမီးလေးမှာ ရုတ်တရက် အဖျားရောဂါ စွဲကပ်လာပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေကပါ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ဆိုးရွားလာသည်။
တက်တက်ကြွကြွ နေတတ်သည့် သူမ၏ အမူအကျင့်သည်လည်း ၁၈၀ ဒီဂရီကို ပြောင်းလဲသွားခဲ့သည်။
လီရှို့ဟွားက သူ့သမီးလေး မြှောင်မြှောင်ကို စကားပြောဖို့ ကြိုးစားသော်လည်း မြှောင်မြောင်က သူမကို မည်သည့် တုံ့ပြန်မှုတို့မျှ မပြ။
ဟန်ကျိုးမြို့ရှိ ဆေးရုံများသို့လည်း သွားပြဖူးပြီး စမ်းသပ်စစ်ဆေးမှုများနှင့် ဆေးညွှန်းများစွာကို သောက်သုံးခဲ့ဖူးသည်။
သို့သော် အရာအားလုံးက အချည်းနှီးသာ ဖြစ်၏။
ထိုအဖြစ်အပျက်က လေးလကြာသည်။
လေးလကြာပြီးနောက် သူမ စုဆောင်းထားသည့် ငွေများအားလုံးနှင့် အလုပ်ခွင် ပေါ့ဆမှုကြောင့် သေဆုံးသွားခဲသည့် သူ့ယောက်ျား၏ လျော်ကြေးငွေများအားလုံး သုံးစွဲ၍ ကုန်စင်သွားခဲ့သည်။
သူမ သမီးလေးရဲ့ ရောဂါကို ကုသရန်အလို့ငှာ လူစည်ကားသည့် ဟန်ကျိုးမြို့တွင်း ဧရိယာတွင် ဒူးထောက်ပြီး နေ့စဉ်နေ့တိုင်း အကူအညီ တောင်းသည်။
သူမ သမီးလေးရဲ့ ဆေးမှတ်တမ်းများကို ရှေ့တွင် ချထားပြီး သူ့ သမီးလေးရဲ့ ရောဂါကို ကုသပေးနိုင်မယ့် ဆရာဝန်တစ်ယောက်ကို ရှာတွေ့နိုင်ဖို့ရာ မျှော်လင့်မိ၏။
“ ကျွန်မ ဒီနေ့ ဒူးထောက်ပြီး အကူအညီတောင်းနေတဲ့အချိန် ကြင်နာတတ်တဲ့ အဘိုးကြီးတစ်ဦးက မြစ်လမ်းမှာ မာစတာချန် နေတဲ့အကြောင်း ပြောပြတယ် …”
“ မာစတာချန် ဆန္ဒရှိသရွေ့ ကျွန်မ သမီးလေးရဲ့ ရောဂါကို ကုသပေးနိုင်တယ်တဲ့ ….”
“ ဆရာ … ကျေးဇူးပြုပြီး မာစတာချန် ဘယ်မှာနေလဲ ကျွန်မကို ပြောပြပါနော်….”
“ ကျွန်မ သူနဲ့ ချက်ချင်းတွေ့ဖို့ လိုနေလို့ ….”
လီရှို့ဟွား၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ချန်ယွီ့ သက်ပြင်းချလျက် ခွန်းတုံ့ပြန်လိုက်သည်။ “ အစ်မကြီး … ဒီမှာ မာစတာချန်တော့ မရှိဘူး … ဒါပေမယ့် ခင်များ ရှာနေတဲ့လူက ကျုပ်လို့တော့ ထင်တယ် …”
“ ရှင်လား …”
လီရှို့ဟွာက ချန်ယွီ့ကို မယုံကြည်နိုင်သည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်သည်။
ခေါင်းညိတ်လျက် ချန်ယွီ့ ဖြည့်စွက်ပြောလိုက်၏။ “ ကျုပ်က အစ်မကြီး ပြောနေသလို မာစတာ မဟုတ်ဘူး … ကျုပ်က စိတ်ကျန်းမာရေး ဆရာဝန် … ကျုပ်ရဲ့ ကုသနည်းလမ်းတွေက ကောင်းလွန်းတော့ တစ်ချို့လူနာတွေက နောက်ပြောင်ပြီး ချစ်စနိုးနဲ့ မာစတာချန်ဆိုပြီး ခေါ်တတ်ကြတယ်လေ …”
“ အဲ့စကားတွေကို အလေးအနက် ထားဖို့ မလိုပါဘူး ….”
“ တကယ်လို့ ခင်များ သမီးရဲ့ ရောဂါကို ကုသချင်တယ်ဆိုရင် ကျုပ်နဲ့အတူ အထဲ လိုက်ခဲ့လို့ရတယ် ….”
ချန်ယွီ့ စကားကို ကြားတော့ လီရှို့ဟွားက သံသယများစွာနှင့်အတူ ချန်ယွီ့၏ ဆေးခန်းထဲသို့ လိုက်ဝင်လာသည်။
“ ဟုတ်တယ် ဟုတ်တယ် … ရှင်က မာစတာချန်ပဲ …”
လီရှို့ဟွားက ဆေးခန်းထဲမှာရှိတဲ့ ရွှေရောင် ရုပ်ထုကြီးကို မြင်တော့ ရွှင်မြူးတက်ကြွစွာ အော်ပြောလိုက်၏။
ကြင်နာတတ်သည့် လူကြီးမင်းက မာစတာချန်၏ ဆိုင်တွင် ရွှေရောင် ရုပ်ထုကြီး တစ်ခု ရှိသည်ဟု သေချာပြောပြခဲ့သည်။
ချန်ယွီ့ ရှင်းပြသည်ကို မစောင့်တော့ဘဲ လီရှို့ဟွားက သူမ ရင်ဘက်ထဲကနေ အဝတ်အိတ်တစ်ခုကို ထုတ်လာသည်။
အဝတ်အိတ်ကို ဖွင့်လိုက်တော့ အထဲတွင် အကြွေစေ့တို့ ကျစ်ထုပ်နေအောင် ရှိနေခဲ့သည်။
“ အဘိုးပြောတာတော့ ရှင့်ဆီကနေ အကူအညီတောင်းချင်တယ်ဆိုရင် ယွမ်တစ်သောင်းပေးဖို့ လိုတယ်တဲ့ … ကျွန်မမှာ ယွမ် ခြောက်ထောင်ကျော်ရှိတယ် …”
“ ဒါတွေကကျ ကျွန်မယောက်ျား ကျွန်မကို ယူတော့ ပေးခဲ့တဲ့ လက်စွပ်နဲ့ နားကပ်ပဲ … နှစ်ခုပေါင်းလိုက်ရင် ယွမ် လေးထောင်တော့ ကျော်ပါတယ် …”
လီရှောင်ဟွားက သူမ၏ အိတ်ကပ် တစ်ဖက်ကနေပြီး နားကပ်တစ်စုံကို ထုတ်ပေးလာသည်။
ချန်ယွီ့က အိတ်ထဲသို့ လက်နှိုက်လိုက်ပြီး တစ်ယွမ်တန် အကြွေစေ့ကို ယူလိုုက်သည်။
“ အစ်မကြီး … ခင်များ နားကြားမှားခဲ့ပြီနဲ့တူတယ် … ကျုပ်တောင်းတဲ့ကြေးက တစ်ယွမ်ပါပဲ … ယွမ်တစ်သောင်း မဟုတ်ပါဘူး …”
“ တစ်ယွမ်လား …”
လီရှို့ဟွား ရှော့ခ်ရသွားခဲ့၏။
“ အင်း … တစ်ယွမ် ….”
“ အစ်မကြီး သမီးရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့က မခက်ပါဘူး ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ပြောလိုက်ပြီး “ ခက်တာက ပြဿနာရဲ့ အရင်းမြစ်ကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ ….”
“ တကယ်လို့ အရင်းမြစ်ကို မဖြေရှင်းဘူးဆိုရင် ခင်များရဲ့ ကလေးတင် မကဘူး … ခင်များတို့ရွာမှာ နေထိုင်တဲ့ တခြားကလေးတွေ ၊ ပြီးတော့ လူကြီးတွေတောင် အခု အစ်မကြီး သမီး ဖြစ်တဲ့အတိုင်း ခံစားကြရလိမ့်မယ် …”