သူ့ မိသားစုရဲ့ ဘိုးဘေးကို ခင်များတို့ရဲ့ ဘိုးဘေး သင်္ချိုင်းမှာ လာမြုပ်တယ် …
Vol. 14 Ch. 139
“ ကျွန်မတို့ ရွာက လူတွေအကုန် ဒီလိုမျိုး ဖြစ်မယ် ဟုတ်လား …”
လီရှို့ဟွား မယုံကြည်နိုင်ခဲ့ပေ။
ထို့နောက် လီရှို့ဟွား ကြည့်ရသည်မှာ တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့ပြီး နှုတ်က လွှတ်ခနဲ ပြောမိသွားခဲ့၏။
“ မဟုတ်မှလွဲရော … ကျွန်မ သမီးလေးရဲ့ ရောဂါက ကူးစက်ရောဂါလား ….”
“ အဲ့လိုမျိုးပဲ …”
“ ခင်များ အဲ့လို နားလည်ချင်ရင်လည်း ရတယ် …” ခေတ္တမျှ စဉ်းစားပြီးနောက် ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်သည်။ “ ဒါပေမယ့် … ခင်များ စဉ်းစားနေတဲ့ ကူးစက်ရောဂါနဲ့ ကျုပ် စဉ်းစားနေတဲ့ အရာက တစ်ထပ်တည်းတော့ မတူဘူး …”
ချန်ယွီ့ စကားက လီရှို့ဟွားကို နားရှုပ်သွားစေသည်။
“ မာစတာချန် … ကျွန်မက ပညာမတတ်ပါဘူး … ဒါကြောင့်မို့ ရှင် ပြောနေတာတွေ နားမလည်ဘူး … ကျေးဇူးပြုပြီး ကျွန်မ သမီးလေးကိုပဲ ကုပေးပါနော်…. ကျွန်မမှာ သမီးလေးပဲ ကျန်တော့လို့ပါ …”
“ မြှောင်မြှောင့်အဖေက ငယ်ကတည်းကရင် မရှိတော့ဘူး … မှီခိုစရာဆိုလို့ ကျွန်မတို့ သားအမိပဲ ရှိတယ် …”
“ သူသာ တစ်ခုခု ဖြစ်သွားရင် ကျွန်မ … ကျွန်မ ဆက်ပြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး…”
လီရှို့ဟွားက သူ့မသီးလေးကို ပွေ့ပြီး ဒူးထောက်ရန် ဟန်ပြင်လိုက်သည်။
“ ကျေးဇူးပြုပြီး ဒူးမထောက်ပါနဲ့ …”
လီရှို့ဟွားကို လက်ဖြင့် ဆန့်တန်းပြီး ဟန့်တားလိုက်ရင်း ချန်ယွီ့ လေးနက်သည့် လေသံဖြင့် ဆိုလိုက်၏။ “ ဒီလောကကြီးထဲမှာ ခင်များဒူးထောက်တာကို ခံယူထိုက်တဲ့လူ မရှိဘူး … ကျုပ်ဆိုရင်တောင်မှပေါ့ …”
“ ပြီးတော့ … ကျုပ် အစ်မကြီးရဲ့ သမီးကို မကယ်ဘူးလို့လည်း မပြောခဲ့ဖူးဘူး ….”
“ ကျုပ် အခုပြောနေတာတွေက ခင်များကို စိတ်ပိုင်းဆိုင်ရာအရ ကြိုပြီး ပြင်ဆင်ထားလို့ရအောင်ပဲ … ခင်များကို နားမလည်တဲ့ စကားတွေပြောပြီး ခြောက်လန့်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး … ထပါ … ပြီးရင် ဆေးကုသဖို့ လုပ်ကြတာပေါ့ ….”
“ မာစတာချန် … တောင်းပန်ပါတယ် ကျွန်မ …….”
လီရှို့ဟွားက ထိုင်ခုံသို့ ပြန်ထိုင်ပြီး တောင်းပန်လိုက်သည်။
ချန်ယွီ့ လက်ကာပြပြီး သူမစကားကို ဖြတ်ပြောလိုက်၏။
“ ခင်များ ဘာမှားယွင်းတာမှ မလုပ်ထားဘူး … ပြီးတော့ ကျုပ်ကို တောင်းပန်ဖို့လည်း မလိုဘူး … မိခင်စိတ်ရှိတဲ့ အမေတစ်ယောက်က သူ့ကလေးကို တန်ဖိုးထားတယ်ဆိုတာ ပုံမှန်ပါပဲ …”
“ ပြီးတော့ ခင်များ ကျုပ်ကို ပြောင်းပြီး ခေါ်ပေးပါလား ….”
“ ကျုပ်ကို ဒေါက်တာချန် … မဟုတ်လည်း ချန်ယွီ့လို့ ခေါ်လို့ရတယ် … မာစတာလို့တော့ မခေါ်ပါနဲ့ …”
လီရှို့ဟွား အလျင်အမြန် ခေါင်းညိတ်ပြီး ဂရုတစိုက်နှင့် ပြောသည်။ “ ဟုတ် မာစတာချန် .. အိုး ဒေါက်တာချန် …”
“ ကျွန်မ သမီးလေးက ဘယ်လိုဖြစ်ပြီး ဖျားသွားတာလဲဟင် … သူ့ ရောဂါ အရင်းအမြစ်က ဘာလဲဟင် …”
“ ဆိုရိုးစကားတွေ အတိုင်းပဲ… ကိုယ်စားသောက်တဲ့ပုံစံက ကိုယ့်လက်ရှိပုံစံကို ဖြစ်လာစေတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ အစ်မကြီး သမီးရဲ့ ရောဂါက သူ စားတဲ့ အရာကနေ လာတာပဲ …”
“ မြှောင်မြှောင်ရဲ့ အစားအစာ … ဒါက … ၊ မဖြစ်နိုင်ဘူးနော်…”
သူမရဲ့ စိုးရိမ်ပူပန်မှုများကို ချန်ယွီ့ နားလည်မှု လွဲမှာစိုး၍ လီရှို့ဟွားက အလျင်အမြန် ရှင်းပြလာသည်။
အခြားသော မိဘများနည်းတူ လီရှို့ဟွားသည်လည်း သူမ သမီးလေး၏ ကျန်းမာရေးက အရာအားလုံးထက် ဦးစားပေးပင်။
ယခင်နှစ်များတွင် အမျိုးမျိုးသော အစားအသောက်များ၏ ဘေးကင်းစိတ်ချရခြင်း မရှိမှုကို ဖော်ထုတ်ပြီး တစ်ကာလတွင် လီရှို့ဟွားမှာ အင်မတန် စိုးရိမ်ကြောင့်ကြမိ၏။
ထို့ကြောင့် လွန်ခဲ့တဲ့ သုံးနှစ်ကပဲ ယာမြေကွက် အသေးလေးတစ်ခုကို ထွန်ယက်ပြီး အမျိုးမျိုးသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခဲ့သည်။
ရွာအနောက်ဘက်ရှိ တောင်ကုန်းကြီးအောက်ခြေတွင် သူမ၏ ယာခင်းအသေးစား ရှိလေသည်။
သောက်စရာရေကိုတော့ ရေတွင်းထဲက ခပ်ပြီး သေချာကျိုချက်၍ အအေးခံကာ သူမသမီးကို တိုက်သည်။
မကောင်းသည့် သွားရည်စာမုန့်များကိုလည်း မကျွေးခဲ့ပေ။
“ ဒေါက်တာချန် … ကျွန်မလည်း ငယ်ရွယ်တဲ့ အမျိုးသမီးပါပဲ … ပြီးတော့ ကလေးကို ဘာတွေ ပေးရမလဲဆိုတာ သိတယ် …”
“ သူ့ အစားအသောက်ကနေ ကူးစက်ရောဂါ ရလာတယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး …”
နို့ဖြတ်ပြီးချိန်ကစပြီး လီရှို့ဟွားက သူ့သမီးလေးကို ကျိုချက်ထားသည့်ရေနှင့် အော်ဂဲနစ် အစားအစာများကိုပဲ ကျွေးခဲ့သည်။
အစားအစာကတစ်ဆင့် ရောဂါရရှိဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
သို့သော်လည်းပဲ ချန်ယွီ့မှာ လီရှို့ဟွာနှင့် သူ့သမီးလေး အမှိုက်ပုံးဘေးနားတွင် ရပ်နေသည်ကို မြင်ကတည်းက ဘာတွေ ဖြစ်နေလဲဆိုတာကို သိထားပြီး ဖြစ်၏။
လီရှို့ဟွား ပြောတာ မှန်သည်။
သူမက ကလေးကို အင်မတန် ဂရုစိုက်တတ်သည့် မိခင်ကောင်းတစ်ယောက် ဖြစ်သည်။
သို့သော် တစ်ချို့သော အရာများက လီရှို့ဟွား ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်နေသည်။
“ သိပ်မကြာခင်တုန်းက ရုပ်ရှင်ရိုက်တဲ့ အဖွဲ့သား တစ်အုပ်စု ခင်များတို့ရွာကို ရောက်လာခဲ့သေးတယ်မလား …”
လီရှို့ဟွားက ချန်ယွီ့ကို နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမ သမီးလေးရဲ့ ရောဂါ အကြောင်းကို ပြောနေတာ မဟုတ်ဘူးလား … ဘယ်ကနေ ဘယ်လိုဖြစ်ပြီး စကားလမ်းကြောင်းက ရုပ်ရှင်ရိုက်တဲ့ အုပ်စုအကြောင်း ရောက်သွားရတာလဲ …
“ ရုပ်ရုပ်အဖွဲ့သားတွေ ကျွန်မတို့ရွာဆီ သိပ်မကြာခင်တုန်းက ရောက်လာခဲ့တာ ဟုတ်တယ် … ပြီးတော့ ရွာမှာ နှစ်လလောက်လည်း နေသွားခဲ့သေးတယ် …”
နေဦး … အစားအသောက် ဆိုတော့ … လီရှို့ဟွားမှာ ချန်ယွီ့ အဘယ်ကြောင့် ဤမေးခွန်းမျိုး မေးလာခဲ့လဲဆိုတာကို သဘောပေါက်သွားခဲ့သည်။
“ ဒေါက်တာချန် … ရှင် အတင်းတုပ်ချင်တယ်ဆိုလည်း သမီးလေးကို ကုပြီးရင် ကျွန်မ အားလုံး ပြောပြပေးပါ့မယ်ရှင် ….”
“ ကျွန်မ သမီးကို အရင် ကုပေးပါလား ….”
လီရှို့ဟွားမှာ အနည်းငယ် စိတ်မရှည်နိုင် ဖြစ်လာခဲ့သည်။
“ ကျုပ် အခု ခင်များ သမီးကို ကုသပေးနေတာပဲလေ …”
“ ရုပ်ရှင်ရိုက်တဲ့ အဖွဲ့သားတွေ ရွာထဲ ဝင်မလာခင် … ရွာလူကြီးက ခင်များတို့ ရွာသားတွေကို ခေါ်ပြီး အစည်းအဝေးထိုင်တယ် …” ချန်ယွီ့ တည်ငြိမ်စွာ ပြောလိုက်ပြီး “ သူပြောတာ ရုပ်ရှင် ရိုက်ကူးမယ့် အဖွဲ့သားတွေက ရွာပြင်မှာ ရိုက်ကွင်းတစ်ချို့ ဆောက်ချင်တယ် …. ပြီးတော့ ရွာသားတွေဘက်ကလည်း ပူးပေါင်းပေးကြဖို့ မျှော်လင့်တယ်လို့ ပြောတယ် …”
“ ဆောက်လုပ်နေတဲ့ ကာလအတွင်းမှာ အိမ်ထောင်စုတိုင်းက ထောက်ပံ့ငွေ ယွမ် တစ်သောင်းရမယ် … ကျုပ် ပြောတာ မှန်တယ်မလား …”
“ ဟုတ်တယ် ဟုတ်တယ် … အမှန်ပဲ …”
လီရှို့ဟွားက ခေါင်းညိတ်ပြီး မေးလိုက်၏။ “ ဒေါက်တာချန် … ရှင်လည်း ကျွန်မတို့ရွာကို အလည်လာဖူးတာပဲလား … ဘာလို့ ဒီလောက်အများကြီး သိနေတာလဲဟင် …”
“ ကျုပ် အစ်မကြီးတို့ရွာဆီ တစ်ခါမှ မရောက်ဖူးပါဘူး ….” ချန်ယွီ့ ပြုံးလျက် ပြန်ဖြေလိုက်ပြီး “ ကျုပ်က အခြေအနေကို ဝေဖန်သုံးသပ်ကြည့်ရုံတင်ပါပဲ …”
“ ဝေဖန်သုံးသပ်ကြည့်တယ် ဟုတ်လား ….”
လီရှို့ဟွားက ပို၍ အသေးစိတ် မေးမြန်းတော့မည့် အချိန်မှာပဲ ကြင်နာတတ်သည့် အဘိုးကြီး၏ သတိပေးစကားကို နားထဲ ကြားယောင်မိသွားသည်။
ဒေါက်တာချန်ရဲ့ စကားတွေက ခေါင်းရှုပ်ချင်စရာ ဖြစ်ရင် ဖြစ်နေလိမ့်မယ် …
ဒါပေမယ့် ဒေါက်တာချန် ဘာပဲပြောပြော သူ့စကားအတိုင်း ရေလိုက်ငါးလိုက်ပြော …
ထို့ကြောင့် လီရှို့ဟွားလည်း သူမ ပြောတော့မည့် ဆဲဆဲ စကားလုံးများကို ပြန်လည် မျိုချလိုက်ရသည်။
“ ခင်များတို့ရွာရဲ့ အသိအမှတ်ပြုမှုကို ရတော့ ရုပ်ရှင် အဖွဲ့သားတွေက ရွာထဲဝင်ပြီးတာနဲ့ ကျတ်တီးတောင်ကုန်းပေါ်မှာ ဆောက်လုပ်ရေးစတယ် …”ချန်ယွီ့ ထပ်ပြီး ဖြည့်စွက်ပြောလိုက်၏။ “ ခင်များ သမီးရဲ့ ရောဂါကလည်း အဲ့ဒီ ဆောက်လုပ်ရေးကြောင့်ပဲ …”
“ အဲ့လူတွေက ဘာလုပ်လိုက်လို့ ကျွန်မသမီးက ဒီလိုမျိုး ဖျားသွားရတာလဲဟင် …” လီရှို့ဟွားက မယုံကြည်နိုင်စွာ မေးမြန်းလိုက်၏။
“ ဒေါက်တာချန်ရယ် … ကျေးဇူးပြုပြီး အချိန်မဆွဲပါနဲ့တော့ … ဘာတွေ ဖြစ်နေလဲဆိုတာပဲ တိုက်ရိုက်ပြောလိုက်ပါတော့ရှင် …”
“ ခင်များတို့ရွာနောက်က တောင်ကုန်းပေါ်မှာ အုတ်ဂူတွေ တစ်ဝက်လောက် ရှိနေတာကို သိတယ်မလား …” ချန်ယွီ့ မေးလိုက်၏။
“ အင်းလေ … ရွာနောက်က တောင်ကုန်းက ရွာရဲ့ သင်္ချိုင်းဆိုလည်း ဟုတ်တယ် …” လီရှို့ဟွားက တုံ့ဆိုင်းခြင်းမရှိ ခွန်းတုံ့ပြန်လိုက်သည်။
“ ရွာမှာ မြေနေရာက ရှားပါးတော့ အဲ့တောင်ကုန်းပေါ်မှာပဲ လူသေတွေကို မြုပ်နှံကြတယ် …”
ချန်ယွီ့ ဤအကြောင်းအရာတွေကို ဘယ်လိုသိလဲဆိုတာ လီရှို့ဟွား မသေချာပေ။ သို့ပေမယ့်လည်း ချန်ယွီ့ မေးသည့် မေးခွန်းများကို ဖြေပေးဖို့သာ တတ်နိုင်သည်။
သူတို့ရွာကလေးကို လီမိသားစု ကျေးရွာဟု ခေါ်သည်။
၈၀ ရာခိုင်နှုန်းသော ရွာသားများ၏ မျိုးရိုးနာမည်က လီဖြစ်ပြီး တစ်ရွာလုံးနီးပါးက ကိုယ့်မျိုးကိုယ့်ဆွေလို ရင်းနှီးကြသည်။
သူတို့ရွာအနောက်ရှိ တောင်ကုန်းကြီးက လီကျေးရွာ ဘိုးဘေးများ ခေါင်းချရာ နေရာ ဖြစ်၏။
သက်ပြင်းချလျက် ချန်ယွီ့ ပြောလိုက်သည်။ “ ခင်များတို့အားလုံ ရုပ်ရှင် အဖွဲ့သားတွေ လိမ်တာကို ခံလိုက်ရပြီ …”
“ သူတို့က သရဲကား ရိုက်ချင်လို့ တောင်ကုန်းပေါ်မှာ ရိုက်ကွင်းဆောက်ချင်တယ် ပြောတယ်နော်… တကယ်တော့ သူတို့က ကျွင်းပေါက်တူးပြီး အုတ်ဂူတစ်ခုကို တည်ဆောက်နေခဲ့တာပဲ …”
“ သူတို့က တခြား လူတစ်ယောက်ရဲ့ ဘိုးဘေးကို ခင်များတို့ ဘိုးဘေးတွေရဲ့ သင်္ချိုင်းထဲမှာ မြုပ်နှံခဲ့တယ် …”
လီရှို့ဟွားမှာ လုံးဝ ကြက်သေသေသွားခဲ့၏။
ဘာဖြစ်တယ် …
သူတို့က သူများရဲ့ ဘိုးဘေးကို ဘာကြောင့် တခြားလူရဲ့ ဘိုးဘေးအုတ်ဂူထဲမှာ မြုပ်ချင်နေကြရတာလဲ …
လီရှို့ဟွား ခေါင်းခါယမ်းလိုက်သည်။
သူမ ဘယ်လိုပဲ စဉ်းစားစေကာမူ ၊ လုံးဝ မယုံကြည်နိုင်ပေ။
“ အဲ့ဒီရဲ့ ရုပ်ရှင်ကုမ္ပဏီက အတော်လေး လွှမ်းမိုးမှုရှိတယ် … သူတို့ရဲ့ ပိုင်ရှင်က ဘီလီယမ် ဆယ်နဲ့ချီ ကြွယ်ဝချမ်းသာတယ် … အဲ့လောက် ပိုက်ဆံတွေ အများကြီး ရှိရဲ့သားနဲ့ သူကြိုက်တဲ့ သင်္ချိုင်းကို စိတ်ကြိုက်ဖန်တီးလို့ရနေတာပဲဟာ ဘာကိစ္စ သူ့ဘိုးဘေးကို သူများရဲ့ သင်္ချိုင်းမှာ လာမြုပ်နှံမှာလဲ …”
“ ပြီးတော့ အဲ့တာက ကျွန်မ သမီးလေးရဲ့ ရောဂါနဲ့ ဘာဆိုင်လို့ …”
လီရှို့ဟွာမှာ အင်မတန် နားရှုပ် ၊ ခေါင်းခြောက်နေမိသည်။
သူတို့ရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး မိသားစု တစ်စုချင်းစီတိုင်းက လျော်ကြေးငွေ ယွမ်တစ်သောင်း ရရှိ၏။ ပမာဏက ယွမ် ၂ သန်းပင်။
ဤမျှ များပြားသည့် ငွေပမာဏနှင့်ဆိုပါက တောင်ကုန်းကြီး တစ်ခုလုံးကို ဝယ်ယူနိုင်သည်အထိ လုံလောက်နေချေပြီ။ ထိုသို့သော အရာမျိုးကို အဘယ်ကြောင့် ခိုးကြောင်ခိုးဝှက် ပြုလုပ်လိမ့်မည်နည်း။
“ ခင်များတို့ရွာက ချမ်းသာတဲ့ ရွာမဟုတ်လား …” ချန်ယွီ့ မေးလိုက်သည်။
လီရှို့ဟွား မသိစိတ်အလျောက် ခေါင်းညိတ်မိလိုက်၏။
သူမတို့ ရွာကလေးက အရည်အသွေးကောင်းမွန်သည့် ရေခံမြေခံ ရှိပြီး မိသားစုတိုင်းကလည်း စုငွေ သောင်းဂဏန်း ပိုင်ဆိုင်ကြသည်။
ချန်ယွီ့က ဤအရာများကို ကောင်းကင်လျှို့ဝှက် နည်းဗျူဟာကျမ်မှတစ်ဆင့် မြင်တွေ့ခဲ့ခြင်း ဖြစ်၏။
သူမ၏ မှတ်ဉာဏ် အပိုင်းအစများထဲတွင် ကျတ်တီးတောင်ကုန်း၏ သွင်ပြင်သဏ္ဌာန်ကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
ချန်ယွီ့ မြင်တွေ့ခဲ့ဖူးသည့် မရေမတွက်နိုင်သည့် လူများထဲတွင် အနှီ ဖျော်ဖြေရေး ကုမ္ပဏီပိုင်ရှင်က နှလုံးသား အမည်းနက်ဆုံ လူများထဲက တစ်ဦးပင်။
သူ့ကိုယ်ပိုင် အကျိုးစီးပွားအတွက် တစ်ရွာလုံး၏ အနာဂတ်ကို နင်းချခံ ကျောက်တုံးအဖြစ် သဘောထား ဆက်ဆံသည်။
“ ခင်များတို့ရဲ့ ရွာက ကြီးမြတ်တဲ့ ဖုန်းရွှေနဲ့ ရတနာမြေပဲ ….” ချန်ယွီ့ ရှင်းပြလိုက်သည်။ “ အဲ့ဒီ ရတနာမြေရဲ့ အဓိက အူတိုင်က အဲ့ဒီ ကျတ်တီးတောင်ကုန်းကြီးပဲ ….”
“ ခင်များသမီးရဲ့ နာမကျန်း ဖြစ်မှုက တစ်ရွာလုံး မကြာခင် ကပ်ဘေးစိုက်တော့မယ်ဆိုတော့ လက္ခဏာကို ပြသနေတာပဲ …”