သေလုဆဲဆဲ ကျေးရွာ
Vol. 14 Ch. 140
“ အချိန်ကြာလာတော့ ရတနာ တောင်ကုန်းကြီးက ထုတ်လွှတ်နေတဲ့ ကောင်းချီးတွေက ကုန်လု ကုန်ဆဲ ဖြစ်နေပြီ …”
“ ဒါပေမယ့် ခင်များတို့ ရွာကလေးကို ပူပင်ကြောင့်ကြမဲ့တဲ့ ဘဝနဲ့ နေထိုင်နိုင်အောင် ကာကွယ်ပေးနိုင်တဲ့အထိတော့ လုံလောက်နေဆဲပဲ….”
“ ဖုန်းရွှေ မာစတာ တစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင် ခင်များတို့ရွာကို သွားတွေ့တယ် …”
“ အဲ့ဒီ ဖုန်းရွှေမာစတာက ခင်များပြောတဲ့ ဖျော်ဖြေရေး ကုမ္ပဏီ ပိုင်ရှင် သူ့အဖေရဲ့ အလောင်းအတွက် ဖုန်းရွှေ နေရာ ကောင်းကောင်း ရှာပေးဖို့ ငှားထားတဲ့လူပဲ …”
“ ကံဆိုးစွာနဲ့ဘဲ …” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များတို့ ရွာရဲ့ ကျတ်တီးတောင်ကုန်းက အဲ့ဒီ လူတွေရဲ့ တရားမဝင် လုပ်ရပ်တွေ လုပ်ဖို့ ပစ်မှတ်တစ်ခု ဖြစ်လာရတယ် …”
“ ဒေါက်တာချန် … ဒီမှာ ကျွန်မတစ်ခု နားမလည်တာ ရှိတယ် …”
လီရှို့ဟွား စိတ်တစ်ခုလုံး ရှုပ်ထွေးနေသည်။
လီမိသားစု ကျေးရွာက ရတနာမြေဖြစ်ပြီး ဖျော်ဖြေရေးကုမ္ပဏီပိုင်ရှင်က သူ့အဖေကို သူတို့သင်္ချိုင်းတွင် မြုပ်နှံ့လိုလျှင် သူတို့ဘက်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရတာပဲ မဟုတ်လား …
ဘာကြောင့် ဒီလိုတွေ ခိုးကြောင်ခိုးဝှက် လာလုပ်နေတာလဲတဲ့ ….
“ ရွာပြင်မှာ သေတဲ့လူကို ရွာထဲဝင်ဖို့တောင် လက်မခံချင်တာ ခင်များတို့ ရွာသားတွေက သူများအဖေကို သူတို့ ဘိုးဘေးတွေရဲ့ သင်္ချိုင်းမှာ မြုပ်နှံချင်ပါတယ်လို့ ပြောရင် သဘောတူမယ်ထင်လား ….” ချန်ယွီ့ ပြုံးလျက် မေးလိုက်၏။
“ ဒါက ….”
လီရှို့ဟွား တုံ့ဆိုင်းသွားခဲ့၏။ ဘာကြောင့်ဆိုတော့ တစ်ရွာလုံးက သဘောတူလိမ့်မှာ မဟုတ်မှန်း သေချာနေသောကြောင့်ပင်။
အဆိုပါ တောင်ကုန်းပေါ်တွင် မြုပ်နှံထားသူများအားလုံးက လီမိသားစု ဘိုးဘေးများ ဖြစ်သည်။
သူတို့ ဘိုးဘေးများရဲ့ ခေါင်းချရာ နေရာကို အပြင်လူတစ်ယောက် လာရောက် မြုပ်နှံမည်အား အဘယ်ကြောင့် သဘောတူနိုင်မည်နည်း။
“ ဒါပေါ့ … ဖျော်ဖြေရေး ကုမ္ပဏီ ပိုင်ရှင်ကလည်း အဲ့ဒီအချက်ကို သဘောပေါက်တယ် …” ချန်ယွီ့ ညှင်သာစွာ ပြုံး၍ ပြောလိုက်ပြီး “ သူ ပိုက်ဆံဘယ်လောက်ပဲ ကမ်းလှမ်းပါစေ … ခင်များတို့ တစ်ရွာလုံးကို ဖြောင်းဖြနိုင်စွမ်းတော့ ရှိမှာမဟုတ်ဘူး ….”
“ ခင်များတို့ရဲ့ ရွာလူကြီးနဲ့ သူ့ အတွင်းရေးမှူးက သဘောတူတယ် ထားဦးတော့ …. တခြား ရွာသားတွေထဲ သဘောမတူထဲ လူတွေ ရှိနိုင်တာပဲလေ ….”
“ တစ်ယောက်ယောက်က အဖျက်အမှောင့်လုပ်တာနဲ့ သူ့ အကြံအစည်လည်း လုံးဝ ပျက်စီးသွားရမှာ …..”
ယနေ့မျက်မှောက်ခတ်တွင် ဖုန်းရွှေကောင်းသည့် ရတနာမြေဆိုသည်မှာ အင်မတန် ရှားပါးသွားပြီ ဖြစ်၏။
လီမိသားစု ကျေးရွာ၏ ဖုန်းရွှေက ယုတ်လျော့စ ပြုလာပြီ ဆိုသော်လည်း ရတနာမြေ ဖြစ်နေဆဲပင်။
ဖျော်ဖြေရေး ကုမ္ပဏီပိုင်ရှင်က သူ့ အဖေရဲ့ အရိုးများကို ထိုတောင်ကုန်းပေါ် သွားရောက် မြုပ်နှံမည်ဆိုပါက ရွာသူရွာသားများ သဘောတူနိုင်မည် မဟုတ်တာကို ကောင်းကောင်းကြီး သဘောပေါက်သည်။
ထို့ကြောင့် လူတိုင်းကို လိမ်လည်လှည့်ဖြားရန်အတွက် လှည့်ကွက်လေးတစ်ခု ထုတ်လိုက်၏။
ရုပ်ရှင်ရိုက်မည်ဟု ဆင်ခြေပေးပြီး ဆောက်လုပ်ရေး အသင်းကို တောင်ကုန်းပေါ်တွင် အုတ်ဂူတစ်လုံး လျှို့ဝှက် ဆောက်လုပ်ခိုင်းလိုက်သည်။
ထို့နောက် သူ့ အဖေ၏ အရိုးများကို ထို အုတ်ဂူထဲတွင် မြုပ်နှံထားလိုက်၏။
ပြီးသည့်နောက် ဖုန်းရွှေမာစတာကို လီမိသားစု ကျေးရွာထံက ကံကောင်းခြင်းများ စုပ်ယူနိုင်ဖို့အတွက် အစီအရင် တစ်ခု ခင်းကျင်းခိုင်းလိုက်သည်။
အင်မတန် ယုတ်မာရက်စက် အောက်တန်းကျသည့် အစီအစဉ် တစ်ခု ဖြစ်၏။
လီမိသားစု ကျေးရွာ၏ ကောင်းချီးများအားလုံး မကုန်မချင်း အစီအရင်က စုပ်ယူနေတာကို ရပ်တန့်လိမ့်မှာ မဟုတ်ချေ။
ကန်ထဲကို သားစားငါးတစ်ကောင် လွှတ်ပေးလိုက်သကဲ့သို့ ကန်ထဲရှိ သားငါးမျိုးစိတ်များ မကုန်မချင်း ၎င်းက စားသုံးတာကို ရပ်တန့်လိမ့်မှာ မဟုတ်ချေ။
ချန်ယွီ့ စိတ်ထဲ၌ ဖျော်ဖြေရေးကုမ္ပဏီ ပိုင်ရှင်ကို ဤမျှ နှလုံးသား မည်းညှစ်ရကောင်းလားဟူ၍ ကျိန်ဆဲလိုက်၏။
ဤမကောင်းသည့် နည်းစနစ်ကတစ်ဆင့် ၊ တစ်စုံတစ်ယောက်က ကံကောင်းမှုကို သူတို့ကိုယ်ပိုင် အကျိုးအမြတ် အတွက် အသုံးချ၍ရသည်။
ကံကောင်းမှုတို့ လုံးဝ စုပ်ယူပြီးသွားသည်နှင့် မြေကလည်း မရဏ နယ်မြေ တစ်ခု ဖြစ်လာမည်။
ပြောပလောက်စရာ အသက်စွမ်းအင် ရှိတော့မှာ မဟုတ်ဘဲ ထိုမြေတွင် နေထိုင်ကြသည့် ရွာသားများ၏ ကံတရားကလည်း ခမ်းခြောက်သွားလိမ့်မည်။
ထိုကပ်ဘေးကြီး၌ ရွာသားတိုင်းက ကံကောင်းမှုတို့မရှိ၊ အဆုံးမသတ်နိုင်သည့် ဆိုးရွားမှုများကို ဆက်တိုက် ခံစားရလိမ့်မည်။
ထိုကံတရားကို စုပ်ယူသွားသည့် ဖျော်ဖြေရေး ကုမ္ပဏီပိုင်ရှင်ကတော့ နာမည်ကျော်ကြား ၊ ကြွယ်ဝချမ်းသာလာမည်ဖြစ်ကာ သူ့စည်းစိမ်ဥစ္စာတို့ကလည်း နေ့စဉ်နှင့်အမျှ တိုးပွားနေမှာ ဖြစ်၏။
ကံကောင်းခြင်း ကင်းမဲ့မှုက လူသားများ၏ အသက်ကို ထိခိုက်ရုံမျှ မကဘဲ ၊ မြေအပေါ်လည်း သက်ရောက်မှု ရှိသည်။
ယင်ယန် မျှခြေက ဖျက်စီးခံလိုက်ရပြီး ထိုမြေတွင် ရှိသည့် ဂြိုလ်ခွင်တို့က ရှုပ်ထွေးလာမည်။
ဇာတ်လမ်းကို ရှင်းပြပြီးနောက် ချန်ယွီ့ ပြောလိုက်၏။ “ ခင်များက သီးပင်စားပင်တွေကို အဲ့တောင်ကုန်းအောက်ခြေမှာ စိုက်ပျိုးပြီးတော့ မရဏမြေက ရလာတဲ့ ဟင်းသီးဟင်းရွက်တွေကို ခင်များသမီး အစာအိမ်ထဲ ကျွေးတယ် … အချိန်ကြာလာတော့ သူ့ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်မှုတွေ ရှိလာတာက သဘာဝပဲ …”
“ တောင်ကုန်းပေါ်မှာ ခင်းကျင်းထားတဲ့ အစီအရင်ကို မရပ်တန့်ဘူးဆိုရင် ခင်များတို့ ရွာမှာ ရှိတဲ့ တခြားလူတွေလည်း အဖြစ်ဆိုးနဲ့ ကြုံရဖို့ သိပ်မလိုတော့ဘူး …”
“ အဲ့ရွာမှာ ဖြစ်ထွန်းတဲ့ အစားအသောက် တစ်ခုမှ မစားဘူးဆိုရင်တောင် ခင်များရဲ့ ခန္ဓာကိုယ်က လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အကြောင်းတစ်မျိုးမျိုးကြောင့် နွမ်းနယ်နေမယ် … မသက်မသာ ခံစားရမယ် …”
“ ဖုန်းရွှေကောင်းချီးတွေ ကုန်စင်သွားပြီဆိုရင်တော့ အဲ့ရွာမှာ နေထိုင်တဲ့လူတိုင်းမှာ မရဏစွမ်းအင် တစ်မျိုး ပေါက်ဖွားလာမယ် ….”
“ အဲ့တာက ခင်များတို့ရွာလေးကို မရဏရွာ ဖြစ်အောင် လုပ်လိမ့်မယ် …”
လီရှို့ဟွားမှာ မျက်နှာဖြူလျော်သည်အထိ ရှော့ခ်ရနေမိခဲ့သည်။
သူမက သူမ သမီးလေးကို ခေါ်လာပြီး ဆေးခန်းပြချင်ရုံသာ ဖြစ်သော်လည်း ဤမျှ ရှော့ခ်ရဖွယ်ကောင်းသည့် အရာကြီးကို သိရှိလိုက်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“ ရှင် … ရှင် … ညာတော့ မညာဘူးမလား …”
လီရှို့ဟွားက တုန်ယင်စွာ မေးလိုက်၏။
“ ခင်များ ပြန်သွားပြီးရင် …” ချန်ယွီ့ ဖော်ရွေသည့် လေသံဖြင့် “ ကျုပ် ပြောတဲ့ စကားတွေကို ခင်များတို့ တစ်ရွာလုံးကို ပြောလိုက် …”
“ သူတို့ကို တောင်ပေါ်တက်ပြီး ကျောက်တုံးအကြီးကြီး တစ်လုံးကို ရှာခိုင်း …. ကျောက်တုံး အလယ်ဗဟိုကနေ အနောက်စူးစူးကို ခြေခြောက်လှမ်းလျှောက်ပြီး အဲ့နေရာမှာ ကျွင်းတူးလိုက် …”
“ ၁.၅၅ မီတာလောက် တူးပြီးရင် တစ်ခုခု တွေ့ရလိမ့်မယ် ….”
“ ကျုပ် ပြောသွားတာတွေကို အတည်ပြုချင်တယ်ဆိုရင် သွားပြီး ကျွင်းတူးလိုက်ရုံပဲလေ … ဟုတ်တယ်ဟုတ် …”
လီရှို့ဟွားမှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ခွန်းတုံ့ပြန်လာသည်။ “ ကောင်းပြီလေ … ကျွန်မ ပြန်သွားရင် ရွာလူကြီးကို သွားရှာပြီး ဒီအကြောင်း ပြောပြလိုက်မယ် ….”
“ ဒါပေမယ့် ကျွန်မ သမီးလေးရဲ့ ရောဂါက ….”
“ ခဏလေးစောင့် …”
ချန်ယွီ့ စင်ထံသို့ လျှောက်သွားပြီး AD ကယ်လဆီယမ်နွားနို့ပုလင်းကို လက်ထဲ ကိုင်လာသည်။
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ဒါပေမယ့် မြှောင်မြှောင်က သွားရည်စာတွေ မစားလို့ပါ …” လီရှို့ဟွားက ငြင်းလိုက်၏။
“ ဒါ သွားရည်စာမုန့်မဟုတ်ဘူး ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ သူ့ အဖျားကို ကုသဖို့ ဆေးဝါး …”
လီရှို့ဟွားမှာ ထပ်မံ၍ အောင့်သက်သက်ဖြစ်သွားခဲ့ရသည်။
နွားနို့ပုလင်းကြီးမှန်း သိသာနေတာကို ဘယ်နားက အဖျားပျောက်ဆေးဖြစ်ရမှာ …
အင်္ဂလိပ် အက္ခရာ A နဲ့ D က ပြူးနေအောင် ရေးထားတယ်လေ …
သူမက တက္ကသိုလ် မတက်ခဲ့ဖူးဘူးဆိုရင်တောင် လီရှို့ဟွားက အနည်းဆုံးတော့ အထက်တန်းထိပြီးအောင်တော့ ကျောင်းတက်ခဲ့ဖူးပါတယ် …
“ ယွမ်တစ်သိန်း ဟုတ်လား ….”
လီရှို့ဟွားမှာ ငေးငိုင်နေရာမှာ ကောင်းစွာ မတုံ့ပြန်နိုင်မီ AD ကယ်လ်ဆီယမ် နွားနို့ပုလင်းပေါ်ရှိ ဈေးတံဆိပ်ကိုမြင်တော့ ထပ်ပြီး ကြက်သေသေသွားခဲ့ရသည်။
တစ်ဂဏန်း အနောက်တွင် တစ်၊နှစ်၊သုံး၊လေး၊ငါး … သုညငါးလုံး …
ချန်ယွီ့က ဈေးတံဆိပ်ကို ခွာ၍ AD ကယ်လ်ဆီယမ် နွားနို့ပုလင်းကို လီရှို့ဟွားထံ ကမ်းပေးလိုက်သည်။
“ ခင်များ အိမ်ပြန်ရောက်ရင် ကလေးကို မနက်ခင်း ၊ နေ့လည်ခင်း၊ ညနေခင်း တစ်နေ့ သုံးကြိမ် တိုက်ရမယ် …”
“ ကလေးရဲ့ အခြေအနေလည်း လုံးဝ ပြန်ကောင်းသွားလိမ့်မယ် ….”
“ ဒါပေမယ့် … ကျွန်မမှာ ယွမ် တစ်သိန်း မရှိဘူးလေ …” လီရှို့ဟွားက ချန်ယွီ့ကို တိုက်ရိုက် မငြင်းဆန်ဝံ့ပေ။
သူမ အရာအားလုံးကို ရောင်းထုတ်လိုက်လျှင်ပင် ယွမ် တစ်သိန်း စုနိုင်မှာ မဟုတ်ဟူ၍သာ ပြောနိုင်သည်။
“ တစ်ယွမ်ပါပဲ ….”
“ တစ်ယွမ်တည်း …”
လီရှို့ဟွားမှာ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီးနောက် ဤဈေးပေးရသည့် အကြောင်းအရင်းကို သဘောပေါက်သွားခဲ့သည်။
ချန်ယွီ့က သူမနှင့် ဖတဆိုးလေး မြှောင်မြှောင်ကို သနားကြင်နာသောကြောင့် ဈေးနှုန်းကို တစ်ယွမ်အထိ ချပေးလိုက်တာ ဖြစ်မည်။
“ ဒေါက်တာချန် … တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် …..”
“ ဘာမှ မပြောနဲ့ … ခင်များက ပိုက်ဆံပေးတယ် … ကျုပ်က လူနာကို ကုသပေးတယ် … ကျုပ်တို့ကြားမှာ ဘာအကြွေးမှ မတင်ဘူး ….”
သူက လီရှို့ဟွားထံကနေ တစ်ယွမ်ယူပြီး သူတို့ကို ပြန်ခိုင်းလိုက်သည်။
အပြန်လမ်းတွင် လီရှို့ဟွားက မယုံ့တယုံဖြင့် နွားနို့ပုလင်းကို သူမ သမီးလေးအား တစ်ငုံနှစ်ငုံမျှ သောက်ခိုင်းလိုက်၏။
သုံးငုံစာခန့် ဆက်တိုက် သောက်ပြီးနောက် မြှောင်မြှောင်၏ အခြေအနေက သိသိသာသာ ကောင်းမွန်လာသည်။
သူမ သမီးလေး တက်တက်ကြွကြွ ပြန်ဖြစ်လာတာကို မြင်တော့ လီရှို့ဟွားလည်း တုံ့ဆိုင်းမနေတော့ဘဲ ရွာသို့ အပြေးနှင်တော့သည်။
သူမ ချက်ချင်းပဲ ရွာလူကြီးကို ရှာပြီး ချန်ယွီ့ထံက ကြားသိခဲ့ရသမျှ အရာရာတိုင်းကို ပြန်ပြောင်းပြောပြလိုက်သည်။
မြှောင်မြှောင်၏ အခြေအနေက တကယ်လည်း တိုးတက်လာပြီး ချန်ယွီ့ စကားလုံးကလည်း မှန်ကန်နေသယောင် ရှိနေတာကြောင့် ရွာလူကြီးနှင့် အတွင်းရေးမှူးအိုကြီးကလည်း အနည်းငယ် ကြောက်လန့်သွားခဲ့သည်။
သူတို့တွေ ချက်ချင်းပဲ လူငယ် တစ်အုပ်နှင့် သန်မာသည့် ရွာသားတစ်သိုက်ကို ခေါ်ပြီး ချန်ယွီ့ပြောသည့် အတိုင်း ကျောက်တုံးကြီးနှင့် အနောက်စူးစူး ခြောက်လှမ်းအကွာတွင် ကျွင်းတူးသည်။
“ ရွာလူကြီး … ဒီမှာ အခေါင်းတစ်ခေါင်းနဲ့ အရိုးတွေ တကယ်ကြီး ရှိနေတယ် …”
မိနစ် နှစ်ဆယ်ခန့်ကြာပြီးနောက် ရွာသားများက အခေါင်းကို အပြင်သို့ တူးထုတ်လိုက်ကြသည်။
အခေါင်းကို ဆေးနီသုတ်ထားပြီး ထူးဆန်းသည့် ပုံစံသင်္ကေတမျိုးစုံလည်း ရေးထိုးထားသေး၏။
သူတို့တွေ အခေါင်းကို အတင်းအကြပ် ဖွင့်ကြည့်လိုက်ကြတော့ အထဲတွင် သေသူ အရိုးစုတစ်ခုက လဲလျောင်းနေသည်။
“ ခွေးမသား ….”
ဒေါသကြီးသည့် ရွာလူကြီးက ဒေါသထွက်လွန်း၍ အခေါင်းကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။
“ ဒေါက်တာချန် ပြောတာတွေက တကယ်မှန်နေတာပဲ ….” အတွင်းရေးမှူးအိုကြီးက လေးနက်သည့် အမူအရာဖြင့် ဆိုလိုက်ပြီး “ ကံကောင်းချင်တော့ ရှို့ဟွားက သူ့ကို သွားရှာခဲ့မိလို့ပဲ … မဟုတ်ရင် ကျုပ်တို့ တစ်ရွာလုံး သေသွားခဲ့ရင်တောင် ဘာကြောင့်မှန်း သိလိုက်မှာ မဟုတ်ဘူး …”
“ ဦးလေး … ကျုပ်ကိုပြော … ကျုပ်တို့ ဘာလုပ်သင့်လဲ … ရွာသားတွေလဲ ခင်များပြောစကားကို နားထောင်မယ် ….”
ရွာလူကြီးက ဘေးရှိ အတွင်းရေးမှူးအိုကြီးကို ကြည့်လိုက်သည်။
အတွင်းရေးမှူးအိုကြီးက မျက်မှောင်ကြုတ်သွားခဲ့ပြီး အဖြူရောင် အရိုးစု ထည့်ထားသည့် အခေါင်းကို ကြည့်လိုက်သည်။
“ လောင်စန်း … မင်း လူတွေ ခေါ်သွားပြီး ထင်းချောင်းနဲ့ ဓာတ်ဆီတွေ ယူခဲ့စမ်း ….”
စာစဉ် (၁၄) ပြီး၏။