← Chapters

ဘယ်လိုစွဲချက်မျိုးကို လိုချင်လဲ.. ငါထပ်ဖြည့်ပေးမယ်

Vol. 42 Ch. 618

ဘယ်လိုစွဲချက်မျိုးကို လိုချင်လဲ.. ငါထပ်ဖြည့်ပေးမယ်

Vol. 42 Ch. 618

"မစ္စတာကျန်း.. ခင်ဗျားပြောတာကို ကျုပ်နားမလည်ဘူး"

မိုအန်းက ပြောလိုက်သည်။

"ကျွန်တော်တို့ကယ်လီဖိုးနီးယားက ခင်ဗျားတို့နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို အမြဲထိန်းသိမ်းခဲ့တာပါ။ ဘာအခြေခံမူကိုမှလည်း ဝင်မစွက်ဖက်ခဲ့ပါဘူး။ ဖိအားပေးတယ်ဆိုတဲ့ကိစ္စက ဘယ်ကပါလာတာလဲ"

"ဝန်ကြီးမိုအန်း.. စိတ်မလှုပ်ရှားပါနဲ့။ ခင်ဗျားက စီးပွားရေးကဏ္ဍကို တာဝန်ယူထားတာမို့ ဥပဒေရေးရာအကြောင်းတွေကို မသိတာလည်းဖြစ်ချင်ဖြစ်မှာပါ။ အဲဒါကြောင့် ခင်ဗျား မသိလောက်ဘူးဆိုတာကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ဆက်မပြောခင် ခင်ဗျား ဟွာရှားနိုင်ငံရဲ့ နောက်ဆုံးရသတင်းကို တစ်ချက်စစ်ဆေးကြည့်ပါ့လား"

"သတင်းလား"

"လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ခင်ဗျားတို့နိုင်ငံက ကျုပ်တို့နိုင်ငံမှာ အရမ်းဒေါသထွက်ဖို့ကောင်းတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ ဆန်ကုန်မြေလေးတစ်ကောင်ကို အဆက်အသွယ်တွေကတစ်ဆင့် ကယ်ထုတ်သွားတယ်။ ဒါပေမဲ့ သူက ခင်ဗျားတို့နိုင်ငံသားဖြစ်နေတဲ့အတွက် လူတချို့က သူ့ကို ခင်ဗျားတို့နိုင်ငံကို ပြန်ပို့ပြီး သူတာဝန်ယူရမဲ့ ကိစ္စတွေအားလုံးကိုလည်း ဖြေလျှော့ပေးလိုက်တယ်။ အဲဒီကိစ္စကြောင့် ကျုပ် တကယ်စိတ်ပျက်မိတယ်"

"သေစမ်း.. ဘယ်သူကလုပ်တာလဲ"

မိုအန်းမှာ စိတ်ထဲမှ တိတ်တိတ်ကျိန်ဆဲလိုက်မိသည်။

ဥပဒေရေးရာဌာနက ပြဿနာရှာထားသည့်ကိစ္စကို စီးပွားရေးဌာနက လိုက်ရှင်းရမည်တဲ့လား။ ဤကိစ္စ၏နောက်ကွယ်တွင် မည်သူရှိကြောင်းကိုသာ သိရလျှင် သူတို့ကို အရှင်လတ်လတ် အရေခွံခွာပစ်လိုက်ချင်သေးသည်။

ကျန်းမုန့်လောင်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသူတစ်ယောက်ကို သွားကူညီရဲရလောက်အောင် ထိုလူက ဘယ်ခေတ်မှာများ နေနေလေသလဲ။

"မစ္စတာကျန်း စိတ်ချပါ.. ဒီကိစ္စကိုကိုင်တွယ်ဖို့အတွက် ကျွန်တော့်အဆက်အသွယ်တွေအားလုံးကို ထုတ်သုံးပြီး ညှိနှိုင်းဆောင်ရွက်ပေးပါ့မယ်။ တကယ်လို့ အဲဒီလိုအမှိုက်ကောင်တစ်ကောင်ရှိနေခဲ့ရင် ကျုပ်တို့ကယ်လီဖိုးနီးယားအတွက်လည်း သိက္ခာကျဖို့ကောင်းလိမ့်မယ်"

"ခင်ဗျားမှာ သုံးရက်အချိန်ရှိတယ်။ စိတ်ကျေနပ်ဖို့ကောင်းတဲ့ ရလဒ်တစ်ခုကို မြင်ရမယ်ဆိုရင်တော့ အဲဒီစက်ရုံတွေအကုန်လုံးကို ပြန်လည်ပတ်အောင် လုပ်ပေးမယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ဘဏ်အတိုးနှုန်းတွေ ပြန်တည်ငြိမ်သွားအောင်လည်း ကူညီပေးမယ်။ ငွေကြေးဖောင်းပွမှုပြဿနာကိုပါ ဖြေရှင်းပေးမယ်"

"တကယ်လား"

လူတစ်ယောက်တည်းက နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို ကယ်တင်နိုင်သည်ဆိုခြင်းမှာ ရယ်စရာကောင်းလှသော်ငြား ဦးနှောက်ရှိသူတိုင်း ကျန်းမုန့်လောင်၏စကားကို သံသယဝင်မည်မဟုတ်ချေ။

သူ့တွင် ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ၁၀ထရီလီယံရှိသည်ဟု အဖြေထွက်လာခဲ့ပြီးလေပြီ။ ယခုလိုပိုင်ဆိုင်မှုမျိုးဖြင့်သာဆိုလျှင် နိုင်ငံတစ်နိုင်ငံကို ဒူးထောက်လာအောင်လုပ်ရန်ဖြစ်စေ၊ ပြန်နာလန်ထူလာအောင်လုပ်ရန်ဖြစ်စေ သူသာ ဆန္ဒရှိလျှင် အလွယ်တကူလုပ်နိုင်ပေသည်။

"ဒါပေမဲ့ ဘာရလဒ်မှမမြင်ရဘူးဆိုရင်"

ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်လေသည်။

"ကျုပ် အမေရိကန်ဒေါ်လာ၁၀ထရီလီယံကို ငွေသားနဲ့ပြင်ထားတယ်။ အဲဒီငွေတွေကို ခင်ဗျားတို့ရဲ့နိုင်ငံခြားဈေးကွက်ထဲကို ပုံချပစ်လိုက်မှာ။ ခင်ဗျားတို့ရဲ့နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်က ဒေါ်လာတစ်ထရီလီယံကျော်ကျော်လေးပဲ ရှိတာလားလို့"

ဤသည်မှာ ခြိမ်းခြောက်နေခြင်းပင်။

ကယ်လီဖိုးနီးယား၏ ငွေကြေးဈေးကွက်က လှုပ်ရှားတက်ကြွခြင်းမရှိသော်လည်း အမေရိကန်ဒေါ်လာ၁၀ထရီလီယံဆိုသည်မှာ ဘာအဓိပ္ပာယ်လေလဲ။

အကွက်သာ မှန်မှန်ရွှေ့ပါက အမေရိကန်ဒေါ်လာနှစ်ထရီလီယံ၊ သုံးထရီလီယံမျှဖြင့် အမေရိကန်နိုင်ငံရှိ Wall Streetတွင် သတ်ပွဲကြီးတစ်ခုဖြစ်သွားနိုင်ပြီး မြောက်များလှစွာသော ငွေကြေးများကို ထုတ်ယူသွားနိုင်လေသည်။

အမေရိကန်ဒေါ်လာ၁၀ထရီလီယံဖြင့်သာဆိုလျှင် တတိယအဆင့်အဖွဲ့တစ်ဖွဲ့ကပင် ကယ်လီဖိုးနီးယား၏ ငွေကြေးဈေးကွက်ကို ဗလာဖြစ်သွားအောင် အသာလေးလုပ်နိုင်သည်။

သူတို့၏နိုင်ငံတော်ကြွေးမြီကတင် စိတ်ပူစရာကောင်းနေလေပြီ။ ယခုလိုကိစ္စမျိုးသာ ဖြစ်လာပါက ဘဏ်အတိုးနှုန်းပြဿနာက ရာခိုင်နှုန်းအနည်းငယ်မျှဖြင့် မပြီးနိုင်ပေ။ ဘဏ်တွင် ထုတ်ချေးဖို့ ပိုက်ဆံရှိမရှိဆိုသည်နှင့် ဆက်ရပ်တည်နိုင်ဦးမလားဆိုသည်မှာ ပြဿနာဖြစ်လာပေလိမ့်မည်။

သာမန်ပြည်သူများ၏ အကြွေးအချိုးအဆမှာ ညတွင်းချင်း အဆပေါင်းများစွာမြင့်တက်လာနိုင်ပြီး တစ်နိုင်ငံလုံးရှိ လူဦးရေတစ်ဝက်နှင့် စက်ရုံများလည်း ညတွင်းချင်း ဒေဝါလီခံရပေလိမ့်မည်။

ဤကိစ္စအားလုံးမှာ ကျန်းမုန့်လောင်ပေါ်မှာသာ မူတည်နေသည်။

"အမေရိကန်ဒေါ်လာ၁၀ထရီလီယံက ငွေသားချည်းပဲတဲ့"

မိုအန်းခမျာ မျက်ရည်ကျလုမတတ်ပင်။

Forbesမဂ္ဂဇင်းက လူတွေက ငတုံးတွေလား။ ကျန်းမုန့်လောင်မှာ ပိုင်ဆိုင်မှုတန်ဖိုးအမေရိကန်ဒေါ်လာ၁၀ထရီလီယံပဲ ရှိတယ်လို့ ဘယ်သူကပြောတာလဲ။ ဒီလူက အမေရိကန်ဒေါ်လာ၁၀ထရီလီယံကိုတောင် အသာလေးပစ်ပေးနိုင်တယ်ဆိုရင် စုစုပေါင်းပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာလေးဆယ်ငါးဆယ်ထရီလီယံ ဒါမှမဟုတ် အဲဒီထက်ပိုများနေမှာမဟုတ်ဘူးလား…

"မစ္စတာကျန်း..စိတ်မပူပါနဲ့။ ကျွန်တော် ဒီကိစ္စကိုစုံစမ်းဖို့ လူလွှတ်လိုက်ပါ့မယ်။ ဒီလူက ဟွာရှားနိုင်ငံမှာ ပြစ်မှုကျူးလွန်ထားတာဆိုတော့ ဟွာရှားနိုင်ငံရဲ့ ရာဇဝတ်သားဖြစ်သလို ကယ်လီဖိုးနီးယားရဲ့ရာဇဝတ်သားလည်း မှန်ပါတယ်။ သူ့ကို သေချာပေါက်အပြစ်ပေးမှာပါ"

ကျန်းမုန့်လောင်က ရုတ်တရက်ဆန်လှသော ဤကတိစကားကြောင့် ရယ်မိတော့မတတ်ပင်။

"သူ တကယ်အပြစ်လုပ်ခဲ့သလားဆိုတာကိုတောင် ခင်ဗျား မစုံစမ်းတော့ဘူးလား။ ကျုပ်တို့လူတွေ မှားနေတာဆိုရင်ရော"

"စုံစမ်းနေစရာမလိုပါဘူး။ သေချာပေါက် သူ့အပြစ်ပါပဲ။ သူ့အပြစ်မဟုတ်ဘူးဆိုရင် ကယ်လီဖိုးနီးယားရဲ့အပြစ်ပါပဲ"

"ကပ်ဖားကောင်"

မိုအန်း၏ ကပ်ဖားရပ်ဖားအပြုအမူကြောင့် ကျန်းမုန့်လောင်လည်း ဆွံ့အသွားရလေသည်။ တစ်ဖက်လူက ဤမျှအထိလိုက်လျောနေသည်ဖြစ်ရာ သူ့အနေနှင့် ဘာပြောနိုင်ဦးမည်နည်း။

"ဒါဆို ဝန်ကြီးမိုအန်းဆီက သတင်းစောင့်နေပါ့မယ်"

"လက်ထောက်! လက်ထောက်"

မိုအန်းက အကျယ်ကြီးအော်ခေါ်လိုက်၏။

"ဝန်ကြီး အလုပ်ဆင်းပြီလား။ ကျွန်တော် ကားစီစဉ်ပေးပါ့မယ်"

"အလုပ်ဆင်းရမယ် ဟုတ်လား။ ဒီနေ့ ဘယ်သူမှပြန်ခွင့်မရှိဘူး။ ငါ မင်းကို ကိစ္စတစ်ခုကို အမြန်ဆုံးစုံစမ်းခိုင်းချင်တယ်"

မိုအန်းက ပြောလိုက်သည်။

"တရားရေးဌာနက သိပ်မကြာခင်တုန်းက နိုင်ငံတော်အရင်းအမြစ်တစ်ခုခုကိုများ သုံးထားသေးလား။ ဒါနဲ့ ဟွာရှားနိုင်ငံကနေ အမေရိကန်ကို ပြန်ပို့ခံလိုက်ရတဲ့လူက ဘယ်သူရှိလဲ"

လက်ထောက်လေး၏မျက်နှာထက်တွင် စိုးရိမ်ပူပန်လေဟန် အရိပ်အယောင်များ ပေါ်ပေါက်လာပြီး အနားမှာ ဘယ်သူမှမရှိကြောင်း သေချာမှသာ ပြောလိုက်လေသည်။

"ဝန်ကြီး.. ဟော့ပုဖန်အကြောင်းကို ပြောနေတာလား"

ဟော့ပုဖန်တဲ့လား။ ဟွာရှားနိုင်ငံသားလား။ သူ့ကို ငါတို့ကယ်လီဖိုးနီးယားကို ဘာလို့ပြန်ပို့တာလဲ…

မိုအန်းခမျာ နားမလည်နိုင်ဖြစ်သွားရသည်။

"ဟော့ပုဖန်ဆိုတာက သူ့ရဲ့ဟွာရှားနာမည်ပါ။ နာမည်အရင်းက ခရစ်တဲ့။ ကျွန်တော်တို့ဝန်ကြီးချုပ်ရုံး လက်ထောက်အတွင်းဝန်ရဲ့သားပါ"

ထိုလက်ထောက်လေးက ရှင်းပြလိုက်သည်။

"ကြည့်ရတာတော့ သူက ဟွာရှားမှာ ပြဿနာတစ်ခုကြုံခဲ့ရလို့ ကယ်လီဖိုးနီးယားကို ပြန်ပို့ခံခဲ့ရပုံပဲ။ နောက်တော့ အဆက်အသွယ်တွေကတစ်ဆင့် သူ့စွဲချက်တွေကို ပယ်ဖျက်ပစ်လိုက်ပါတယ်"

"အဘိုးကြီးခရစ်က အဲဒီလိုကိစ္စမျိုးကို လုပ်ရဲတယ်ပေါ့"

"ရှူး"

လက်ထောက်က ပြောလိုက်လေသည်။

"ဝန်ကြီး.. သူတို့က လက်ထောက်အတွင်းဝန်ဆိုပေမဲ့ အဲဒီနေရာမှာတော့ အရမ်းဩဇာညောင်းတာ။ ကျွန်တော်တို့ ဘဏ္ဍာရေးဌာနက သူတို့နဲ့ ပတ်သက်ဆက်ဆံစရာမရှိတာမို့ သွားမထိတာ အကောင်းဆုံးပါပဲ"

"ငတုံး.. အဲဒီလူယုတ်မာသားအဖကြောင့် ငါတို့နိုင်ငံရဲ့စီးပွားရေးက ပျက်ကပ်ဆိုက်နေတာဆိုတာ မင်းသိလား

မိုအန်းက ပြောလိုက်လေသည်။

"သူ့သားလုပ်ခဲ့တဲ့ ပြဿနာက ဘယ်လောက်ကြီးလဲဆိုတာကိုတောင် မသိရအောင်အထိ အိုနေပြီလား"

"ဝန်ကြီး.. ဒီကိစ္စတွေကို ဘယ်သူကြိုးကိုင်နေလဲဆိုတာ သိရပြီလား"

"ကျန်းမုန့်လောင်ရဲ့လက်ချက်ပဲ"

မိုအန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။

"ပြီးတော့ ဒီကိစ္စကို မဖြေရှင်းနိုင်ရင် ငါတို့ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ၁၀ထရီလီယံပစ်ထည့်လိုက်မယ်လို့တောင် ပြောနေတယ်။ အဘိုးကြီးခရစ်က ဒီကိစ္စကို ခေါင်းခံနိုင်လောက်မယ်များ ထင်လား"

"ကျန်းမုန့်လောင်က အဲဒီနစ်နာသူတွေနဲ့ ဘယ်လိုပတ်သက်နေလို့လဲ"

မိုအန်းက မေးလိုက်၏။

"မပတ်သက်ပါဘူး"

လက်ထောက်လေးခမျာ ခေါင်းတခါခါလုပ်လိုက်မိသည်။

"သူက အဘိုးကြီးခရစ်ရဲ့သားကို ဟွာရှားကနေ ထွက်မသွားနိုင်အောင် ဟွာရှားနိုင်ငံမှာရှိတဲ့ လေယာဉ်လက်မှတ်တွေအကုန်လုံးကိုဝယ်ပြီး တားဆီးနေလို့ အဘိုးကြီးခရစ်က သူ့အဆက်အသွယ်တွေကို လေယာဉ်နဲ့ လာခေါ်ခိုင်းခဲ့တာ"

"ငတုံး.. ကျန်းမုန့်လောင်က ဘယ်လောက်ခေါင်းမာလဲဆိုတာ မသိဘူးလား"

မိုအန်းက စားပွဲကို ရိုက်ချလိုက်သည်။

"အမေရိကန်ဒေါ်လာ၁၀ထရီလီယံနော်။ ၁၀ထရီလီယံတောင်မှ.. အဲဒီငွေပမာဏနဲ့သာဆိုရင် ငါတို့နိုင်ငံရဲ့စီးပွားရေးကို တစ်စစီဖြစ်သွားအောင် ရိုက်ချိုးပစ်လိုက်လို့ရတယ်။ ဒီလူက မကောင်းဆိုးဝါးတစ်ကောင်ပဲကွ။ ကျောချမ်းဖို့ကောင်းလိုက်တာ"

"ဝန်ကြီး ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

"အချက်အလက်တွေအားလုံးကို စုစည်းထား။ ငါတို့ ဝန်ကြီးချုပ်ကို ဒီညချက်ချင်းသွားတွေ့မယ်။ ငါတို့အနေနဲ့ အဘိုးကြီးခရစ်ကို မကိုင်တွယ်နိုင်ပေမဲ့ သူကတော့ သေချာပေါက်ကိုင်တွယ်နိုင်တယ်"

...

"ဘာ? ကျန်းမုန့်လောင်လား။ သူပဲလား"

ဤသတင်းကို ကြားသောအခါ ကယ်လီဖိုးနီးယားရှိ ထိုလူလည်း ငြိမ်ငြိမ်မနေနိုင်တော့ပေ။

"ကျွန်တော်တို့ အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ"

မိုအန်း သက်ပြင်းချလိုက်မိသည်။

"ကျန်းမုန့်လောင်က ကျွန်တော်တို့ကို သုံးရက်တည်းပဲ အချိန်ပေးထားတာ။ မလုပ်နိုင်လို့ကတော့ အမေရိကန်ဒေါ်လာ၁၀ထရီလီယံနဲ့ ကျွန်တော်တို့ကို အမှုန့်ခြေပစ်မယ်တဲ့။ အဲဒီပိုက်ဆံသာ ဝင်လာရင် ကျွန်တော်တို့နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းက ခဏလေးအတွင်းမှာတင် အဆပေါင်းများစွာ တက်လာလိမ့်မယ်"

"ဘာသုံးရက်လဲ။ သုံးရက်ဆိုရင်တောင် နောက်ကျနေပြီ။ ဒီညတွင်းချင်း ဖြေရှင်းရမယ်။ ငါတို့နိုင်ငံက ကျန်းမုန့်လောင်ကို သွားစော်ကားလို့ရတဲ့အနေအထားမို့လို့လား။ ဘယ်သူကများ လုပ်နိုင်လို့လဲ။ သူ့ကို အခုချက်ချင်းဖုန်းပြန်ခေါ်လိုက်"

"ဒါပေမဲ့..သူ့ကို ဘာပြောရမှာလဲ"

မိုအန်းက မေးလိုက်သည်။

"အဘိုးကြီးခရစ်ကို ရာထူးကရုပ်သိမ်းပြီး အရေးယူလိုက်။ ထောင်ထဲမှာပဲ သူ့အပြစ်ကို သုံးသပ်နေပါစေ"

"သူ့သားကိုရော ဘယ်လိုလုပ်မလဲ"

"ဟွာရှားနိုင်ငံဘက်က သူ့ကို ဘာစွဲချက်တွေ တင်ထားတာလဲ"

"မူးယစ်ဆေးဝါးအမှု၊ မုဒိမ်းမှု…"

"ဟွာရှားနိုင်ငံဘက်က ဘယ်လိုစွဲချက်မျိုးပဲတင်ထားတင်ထား ဒီမှာလည်း အဲဒီအတိုင်း စွဲချက်တင်လိုက်။ ကျန်းမုန့်လောင်ဘက်က မကျေနပ်သေးဘူးဆိုရင် သူ ဘာလိုချင်လဲဆိုတာကိုသာ တိုက်ရိုက်မေးလိုက်။ ငါကိုယ်တိုင် စွဲချက်တွေထပ်တိုးပေးမယ်။ ဒီပြစ်မှုတွေက ငါတို့နိုင်ငံမှာ ထောင်ချဖို့ မလုံလောက်ဘူးဆိုရင် နိုင်ငံရဲ့ရာဇဝတ်မှုဥပဒေကို ပြောင်းပစ်လိုက်မယ်"

**********************

All Chapters