← Chapters

ထူးရှယ်နတ်ဘုရားကျောင်းတော်တစ်ခုလုံး လှုပ်ရှားခြင်း

Vol. 42 Ch. 619

ထူးရှယ်နတ်ဘုရားကျောင်းတော်တစ်ခုလုံး လှုပ်ရှားခြင်း

Vol. 42 Ch. 619

"ကယ်လီဖိုးနီးယားရဲ့သက်ဆိုင်ရာဌာနတွေက ဟွာရှားမှာကျူးလွန်ခဲ့တဲ့ ဟော့ပုဖန်ရဲ့လုပ်ရပ်တွေကို အတည်ပြုပြီး ပြည်တွင်းဥပဒေအရ ထောင်ဒဏ်ဆယ်နှစ်ချမှတ်လိုက်ပါတယ်"

ကယ်လီဖိုးနီးယား၏ ဥပဒေလုပ်ငန်းစဉ်အရဆိုပါက ပြစ်မှုကျူးလွန်သူတစ်ယောက်ကို တရားစွဲဆိုရာမှ စီရင်ချက်ချသည်အထိ အနည်းဆုံးခြောက်လလောက် အချိန်ယူရပြီး ပိုကြာရှည်သော အမှုများဆိုလျှင် သုံးနှစ်အထိ ကြာနိုင်သည်။

ကယ်လီဖိုးနီးယားဘက်က မည်သို့များ အချိန်ဆွဲရဲမည်နည်း။ ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာ၁၀ထရီလီယံဖြင့် အသင့်စောင့်ဆိုင်းနေပေသည်။ သုံးနှစ်သုံးလလောက်အထိ အချိန်ဆွဲထားဖို့ မဆိုထားနှင့်။ သုံးရက်လောက်အချိန်ဆွဲနေမိလျှင်ပင် သူတို့နိုင်ငံလည်း ဇောက်ထိုးမိုးမျှော်ဖြစ်သွားပေလိမ့်မည်။

သက်သေများစုဆောင်းခြင်း၊ အတည်ပြုခြင်း၊ စီရင်ချက်ချခြင်း အစရှိသော လုပ်ငန်းစဉ်များကို သုံးရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ခဲ့သည်။ ဤလုပ်ငန်းစဉ်များကို ဟော့ပုဖန်ကိုယ်တိုင်ပင် ဟွာရှားနိုင်ငံမှာ ဤမျှမြန်မြန်ဆန်ဆန်ပြီးအောင် မလုပ်နိုင်ချေ။

ဟော့ပုဖန်ခမျာ လက်ထိပ်ခတ်ခံလိုက်ရသည့်အချိန်မှာပင် စိတ်အစဉ်ကား ပြိုလဲသွားလေပြီ။ သူ အိမ်ပြန်ရောက်နေပြီမဟုတ်လား။ သူ့မိသားစု၏နောက်ခံနှင့် ကယ်လီဖိုးနီးယားရှိ ဩဇာအာဏာအရ ထောင်ဒဏ်ကို လုံးဝလွတ်မြောက်အောင် မလုပ်နိုင်လျှင်ပင် အနည်းဆုံးတော့ တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက်အထိ လျှော့ချနိုင်သည်မဟုတ်ပါလား။

သူသည် သေမင်းခံတွင်းဝက လွတ်မြောက်ခဲ့ပြီဟု ထင်ခဲ့သော်လည်း ယခုမှသာ မီးစတစ်စထံမှ မီးတောက်ကြီးထဲသို့ ခုန်ဆင်းခဲ့မိကြောင်း သဘောပေါက်လိုက်သည်။ သူ့စိတ်အစဉ်ကား လုံးဝပြိုလဲရလေပြီ။

...

"ဒီလိုပဲဖြစ်သင့်တာလေ"

"သေစမ်း။ ဆယ်နှစ်တည်းပဲ ထောင်ဒဏ်ချမှတ်တာလား။ သူ တော်တော်သက်သာသွားတာပဲ"

"မဆိုးဘူး။ မဆိုးဘူး။ ကယ်လီဖိုးနီးယားက တော်တော်အမြင်ကျယ်တဲ့နိုင်ငံပဲ"

"အထိမခံတဲ့ သခင်လေးတစ်ယောက်ရယ် ကယ်လီးဖိုးနီးယားငါးရှဉ့်တစ်ကောင်ရယ်… ဒီလိုထက်မြက်တဲ့လူနှစ်ယောက်ရှိနေမှတော့ ဘယ်သူကများ ဖျော်ဖြေရေးလောကထဲမှာ အကွက်ထပ်ရွှေ့ရဲဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဤစီရင်ချက်ကြောင့် အင်တာနက်အသုံးပြုသူများ ပျော်ရွှင်နေကြသည်။ ဆယ်နှစ်ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ သူ ပြန်ထွက်လာသည်နှင့် ဖျော်ဖြေရေးလောကထဲရှိ အပြောင်းအလဲများကလည်း အလွန်လျင်မြန်နေပြီဖြစ်ရာ အဓိကကျသော လက်ရာများမရှိသည့် ဟော့ပုဖန်လို လူတစ်ယောက်ကို အလွယ်တကူမေ့သွားကြမည်သာ။

နှစ်ပေါင်းများစွာကြာပြီးလျှင် သူ့နာမည် ပြန်တက်လာခဲ့လျှင်ပင် သူနှင့်အတူ တွဲပါလာမည့် ဂုဏ်ပုဒ်များမှာ ကယ်လီဖိုးနီးယားငါးရှဉ့်၊ ကယ်လီဖိုးနီးယားအမြောက်ဘုရင်၊ ဟော့ဆိုင်း၊ ဟော့နာကျင်စေသောအပ်စိုက်ကုထုံး… အစရှိသည့် ရယ်စရာကောင်းသော စကားလုံးများသာ ဖြစ်နေပေလိမ့်မည်။

ဤအခွင့်အရေးကို အမိအရယူပြီး သက်ဆိုင်ရာဌာနများကလည်း ဖျော်ဖြေရေးလောကကို ပြန်လည်စီမံခန့်ခွဲရန်အတွက် ခပ်ကြီးကြီးဓားတစ်လက်ကို ကိုင်စွဲခဲ့ကြပြီး အခွန်ရှောင်တိမ်းမှု စုံစမ်းစစ်ဆေးရေးများ ပြုလုပ်ခဲ့လေရာ အနုပညာရှင်အတော်များများကို ဆွဲချနိုင်ခဲ့သည်။

ဖျော်ဖြေရေးလောကကို သတင်းပေးတိုင်ကြားရန် ရည်ရွယ်ထားသည့် ရုံးတစ်ခုကိုလည်း ဖွင့်လှစ်ခဲ့ပြီး မိမိတွင် ခိုင်လုံသော သက်သေအထောက်အထားသာ ရှိပါက ဤပလက်ဖောင်းပေါ်တွင် မည်သူ့ကိုမဆို တိုင်ကြားနိုင်သည်။

"မဆိုးဘူး။ မဆိုးဘူး။ ကယ်လီဖိုးနီးယားသားတွေက ရေရှည်ကို မြင်တတ်ပုံပဲ"

ကျန်းမုန့်လောင်က ကယ်လီဖိုးနီးယားဘက်က တရားဝင်ထုတ်ပြန်စာကို ကြည့်လိုက်သည်။ ဟော့ပုဖန်ကို ဖမ်းဆီးခဲ့ရုံသာမက ဤအမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားသူကြီးနှင့် ဟော့ပုဖန်၏အဖေကိုယ်တိုင်လည်း ကယ်လီဖိုးနီးယားဥပဒေဖြင့် အပြစ်ပေးခံရတော့မည်သာ။

"နောက်ပိုင်းမှာ ဒီအနုပညာရှင်တွေကို တိုင်ကြားချင်တဲ့လူမှန်သမျှ သက်သေသာခိုင်လုံရင် ငါ့ဆီကို တိုက်ရိုက်လာနိုင်တယ်။ မင်းတို့ရဲ့အလုပ်အကိုင်နဲ့ အနာဂတ်ကို ထိခိုက်မှုရှိခဲ့ရင်တောင်မှ စိတ်မပူနဲ့။ ငါ မင်းတို့ကို ထောက်ပံ့ပေးမယ်"

ကျန်းမုန့်လောင်က ဝေးပေါ်တွင် စာတစ်စောင်တင်လိုက်ပြန်သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ကောမန့်များက ထောင်သောင်းမက တက်လာခဲ့သည်။

မည်သူကများ ဤသည်ကို ခံနိုင်မည်နည်း။ လူအမြောက်အများက သူတို့၏အလုပ်အကိုင်နှင့် အနာဂတ်ကို ထိခိုက်မည်စိုး၍သာ ဒေါသများကို မျိုသိပ်ပြီး နှုတ်ဆိတ်နေကြသည်မဟုတ်လား။ ကျန်းမုန့်လောင်၏ "စိတ်မပူနဲ့။ ငါ မင်းတို့ကို ထောက်ပံ့ပေးမယ်"ဟူသော စကားက သူတို့ကို အားတက်သွားစေသည်။

ရုတ်ခြည်းပင် ဖျော်ဖြေရေးလောကထဲရှိ လူတိုင်းမှာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ယခင်က လူတိုင်းကြားမှာ ခိုင်မာသောဆက်စပ်မှုတစ်ခု ရှိခဲ့သော်ငြား ကျန်းမုန့်လောင်က ယခုလိုလှုပ်ခါပစ်လိုက်သောအခါ မည်သူကများ ပြဿနာရှာရဲတော့မည်နည်း။ ယခင်က ထိုကဲ့သို့သော ကိစ္စများတွင် ပါဝင်ပတ်သက်ဖူးသူများမှာ အထိတ်တလန့်ဖြစ်သွားပြီး အချို့ဆိုလျှင် စိတ်ကျရောဂါပင် ရကုန်ကြသည်။

နောက်တစ်လတွင် သက်ဆိုင်ရာဌာနများမှာ ဖျော်ဖြေရေးလောကထဲတွင် အလုပ်လုပ်နေသည့် လူများထံမှ တိုင်ကြားစာအမြောက်အများရရှိခဲ့ရုံသာမက ကိုယ်တိုင်အဖမ်းခံသူအများအပြားလည်း ရှိခဲ့သည်။

ဌာနများက ဘာကြောင့်အဖမ်းခံရသလဲဟု မေးလိုက်သည့်အခါ ဝန်ထမ်းများပင် အံ့အားသင့်ခဲ့ရသည်။

နောက်ကြောင်းမရှင်းသည့် အနုပညာရှင်များကို ဖော်ထုတ်နိုင်ရန်အတွက် သဲလွန်စပေးနိုင်ပြီး မှန်ကန်ကြောင်းသက်သေပြနိုင်ပါက ဟွာရှားယွမ်ငွေတစ်သန်းပေးမည်ဟု ကျန်းမုန့်လောင်က ဆိုထားသည်။ ပိုပြင်းထန်သည့်ပြစ်မှုများအတွက်မူ ဆုငွေက ဆယ်ဆပိုများနိုင်ပေသည်။

ဤသတင်းကိုမြင်နေရခြင်းမှာ ဖမ်းဝရမ်းအထုတ်ခံထားရသည့်နှယ် အမြဲထိတ်လန့်ကြောက်ရွံ့စေသည်။ အိပ်ကောင်းခြင်းမအိပ်ရသလို စားကောင်းခြင်းလည်း မစားရပေ။ မည်သူကများ ဤဒုက္ခကို ခံနိုင်မည်နည်း။ ဤဝေဒနာက ကိုယ်တိုင်သွားအဖမ်းခံရတာထက်ပင် ပိုဆိုးနေလေပြီ။

ခြိမ်းခြောက်နိုင်စွမ်းကြီးလိုက်တာ!

ကြီးကြပ်ရေးဌာနကို မည်သူက တာဝန်ယူနေလေသလဲ။ ကျန်းမုန့်လောင်သာ တာဝန်ယူလိုက်ပါတော့လား။

သက်ဆိုင်ရာဌာနခေါင်းဆောင်များလည်း ဤကိစ္စကြောင့် မွန်းကျပ်ရပါသော်ငြား ဤသည်မှာ မည်သို့ပင်ဖြစ်စေ သတင်းကောင်းပင်တည်း။ "ရဲလျှင် မင်းဖြစ်"ဟူသော ဆိုရိုးစကားအတိုင်းပင်။ ဤမျှအထိတင်းကျပ်လှသော စောင့်ကြည့်စစ်ဆေးမှုအောက်တွင် ဖျော်ဖြေရေးလောကတစ်ခုလုံးမှာ ရုတ်ခြည်းပင် အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသွားလေသည်။

...

"ကောင်းပြီ။ နောက်မှ ထပ်ကစားကြမယ်"

ကျန်းမုန့်လောင်က ကိရိယာများကို ချွတ်ပြီးနောက် အိမ်ထဲရှိ ဂိမ်းအခန်းထဲမှ ထွက်လာခဲ့သည်။

"မုန့်လောင်..မြန်မြန်လာဦး"

ကျန်းမုန့်လောင် ဂိမ်းကစား၍ ပြီးစီးသွားကြောင်း မြင်လိုက်ရသောအခါ လုရီယောင်က သူ့အား အမြန်အော်ခေါ်လိုက်၏။

"ဘာဖြစ်လို့လဲ"

ကျန်းမုန့်လောင်က လုရီယောင်၏ဖုန်းမျက်နှာပြင်နားသို့ ငုံ့ကိုင်းလိုက်သည်။

"ဘာဖြစ်တာလဲ"

"မုန့်လောင်.. ဒီနှစ် တိုင်ဖွန်းမုန်တိုင်းရဲ့ သက်ရောက်မှုက တော်တော်ပြင်းထန်တယ်နော်"

လုရီယောင်က သူ(မ)ဖုန်းထဲရှိ သတင်းအချက်အလက်ကိုကြည့်ရင်း စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်သည်။

"ရာသီဥတုအခြေအနေက ဆိုးရွားသထက် ဆိုးရွားလာပြီ။ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ နေရာတော်တော်များများမှာ မိုးကြီးမယ်လို့ ခန့်မှန်းရတယ်တဲ့။ တချို့နေရာတွေဆိုရင် စံချိန်တောင်ကျော်နေပြီ"

"ဒါက တော်တော်ဆိုးဝါးနေတာပဲ"

ကျန်းမုန့်လောင်က သတင်းများကိုကြည့်ပြီးနောက် စိုးရိမ်သွားသည်။

တကယ်တော့ တိုင်ဖွန်းမုန်တိုင်းနှင့်ပတ်သက်၍ ကျန်းမုန့်လောင် များများစားစားမတွေးခဲ့ပေ။ သူသည် သုန်းကျီမြို့တွင် ကြီးပြင်းလာသူဖြစ်ရာ နှစ်တိုင်း တိုင်ဖွန်းမုန်တိုင်းများကို ခဏခဏတွေ့ကြုံခံစားခဲ့ရသည်။

ပင်လယ်နားတွင် နေရသည့်အတွက် လေနဲ့လှိုင်းဒဏ်က ပြင်းထန်သော်လည်း ဘေးအန္တရာယ်ဖြစ်ခြင်းမှာမူ ရှားပါးလှသည်။ မိုးဘယ်လောက်သည်းသည်း ရေများက ပင်လယ်ထဲသို့ စီးဝင်သွားသောကြောင့် ရေကြီးရေလျှံမှုကိုလည်း ရှောင်ရှားနိုင်ခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းကျသည့် နေ့ရက်များက အပျော်ဆုံးနေ့များဖြစ်ခဲ့ကြောင်း သူ မှတ်မိနေသေးသည်။ အကြောင်းမှာ ထိုနေ့များတွင် ကျောင်းပိတ်သောကြောင့်ပင်။ ထို့ပြင် သူသည် မိုးထဲလေထဲတွင် ပြေးလွှားရခြင်းကို သဘောကျသည်။

သို့သော် ကုန်းတွင်းပိုင်းမြို့များတွင်မူ ထိုကဲ့သို့ မိုးပြင်းထန်စွာ ရွာသွန်းသော တိုင်ဖွန်းမုန်တိုင်းမျိုးက အသက်အန္တရာယ်ရှိစေနိုင်သည်။ မြို့၏ရေနုတ်မြောင်းစနစ်မှာ ပြဿနာတက်သွားပါက ကပ်ဘေးဆိုက်နိုင်ပေသည်။

တချို့မြို့များတွင် ရုတ်တရက်မိုးရေချိန်မြင့်မားမှုကြောင့် လမ်းမထက်တွင် ရေလျှံပြီး မြေအောက်ရထားစနစ်များပင် အန္တရာယ်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

"မုန့်လောင်…မိုးသည်းရေလျှံဖြစ်နေတဲ့ နေရာမှာ လူတော်တော်များများပိတ်မိနေကြတယ်"

လုရီယောင်က ပြောလိုက်၏။

"မုန်တိုင်းက ဒီလောက်ပြင်းလိမ့်မယ်လို့ ထင်မထားဘူး"

ကျန်းမုန့်လောင်က ဤကဲ့သို့သော ကပ်ဘေးမျိုးကို မကြားရသည်မှာ ကြာလှလေပြီ။ ထို့ကြောင့် ရာသီဥတုဆိုးဝါးမှုက အလွန်အန္တရာယ်များသော အခြေအနေတစ်ခုဖြစ်ကြောင်း မေ့လုနီးပါးပင်။

"အဲဒီမြို့တွေကို ငါတို့ ကူညီကြရအောင်"

လုရီယောင်က ပြောလိုက်၏။

"အင်း"

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်သည်။ လုရီယောင် မပြောလည်း ယခုလိုအခြေအနေမျိုးတွင် သူ့အနေနှင့် တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသင့်သည်ဟု ခံစားမိသည်။

"ဟုန်းရီ.. ရေဘေးကယ်ဆယ်ရေးအတွက် ဒေသခံကြက်ခြေနီအသင်းကို ငါ့နာမည်နဲ့ ယွမ်တစ်ဘီလီယံလှူလိုက်"

ကျန်းမုန့်လောင်က ချက်ချင်းစီစဉ်လိုက်သည်။

"ခဏလေး"

"မစ္စတာကျန်း ဘာများညွှန်ကြားစရာရှိသေးလဲ"

"ပိုက်ဆံမလှူနဲ့တော့"

ကျန်းမုန့်လောင်က အေးတိအေးစက်ရယ်မောလိုက်ချေသည်။

"သူတို့က ဆယ်ရာခိုင်နှုန်းကို စီမံခန့်ခွဲခဖြတ်သေးတယ်"

ထိုအဖွဲ့အစည်းများ၏ လည်ပတ်ပုံအကြောင်း ကျန်းမုန့်လောင် ကောင်းကောင်းသိသည်။ ၁၀ရာခိုင်နှုန်းဟူသော ဤပမာဏက အလွန်ပြောင်းလွယ်ပြင်လွယ်ရှိပြီး အကျင့်ပျက်ခြစားမှုကို ဖြစ်ပေါ်စေနိုင်သည်။

"ဒီလိုလုပ်ရအောင်။ ဟန်ဟုန်ဖောင်ဒေးရှင်းကိုပဲ လှူမယ်။ ဒီဖောင်ဒေးရှင်းကို ငါယုံတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ပြီးတော့ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း တစ်ဘီလီယံဖိုး လှူလိုက်။ ဘာနည်းလမ်းကိုသုံးသုံး ဂရုမစိုက်ဘူး။ ဒေသခံကြက်ခြေနီအသင်းဆီကို အမြန်ဆုံးနည်းနဲ့ ပို့ပေးလိုက်"

"နားလည်ပါပြီ"

ဟုန်းရီက အမိန့်များအတိုင်း‌ ဆောင်ရွက်ရန် ထွက်သွားလေသည်။

"ယဲ့ရင်"

"မစ္စတာကျန်း ကျွန်တော်ရှိပါတယ်"

"အိမ်မှာရှိတဲ့လူတိုင်းကို ချက်ချင်းလူစုပြီး ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ စလိုက်တော့။ ခပ်လျှိုလျှိုနေနော်။ မလိုအပ်ဘဲ သာမန်လူတွေရှေ့မှာ ကိုယ့်အစွမ်းတွေကို ထုတ်မပြမိစေနဲ့။ စေတနာ့ဝန်ထမ်းအနေနဲ့ သွားကြ"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

ကျန်းမုန့်လောင်က စိတ်ထဲမှ တွေးလိုက်ပြီးနောက် လုရီယောင်နှင့်အတူ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ ဝင်သွားလိုက်၏။

ယခုဆိုလျှင် ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် လူအယောက်တစ်ထောင်ကျော်နေပြီဖြစ်ပြီး တစ်ယောက်ချင်းစီတွင် ထူးခြားစွမ်းရည်ကိုယ်စီရှိကြသည်။

ကျန်းမိသားစုက တိုက်ခိုက်ရေးမှာ အစွမ်းထက်သော်ငြား သူတို့၏စွမ်းရည်မှာ တစ်မျိုးတည်းပင်။ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အဖွဲ့ဝင်များကမူ ယခုလိုအချိန်မျိုးမှာ ပိုပြီးအသုံးဝင်နိုင်သည်။

"ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းသားတွေအားလုံး လူစုကြ"

ကျန်းမုန့်လောင်၏အမိန့်ကြောင့် ကျောင်းသားများအားလုံးမှာ အဆောက်အအုံတစ်ခုချင်းစီ၏ နေရာရွှေ့ပြောင်းနိုင်သည့် အစွမ်းဖြင့် စက္ကန့်ပိုင်းအတွင်း သူ့ရှေ့သို့ ရောက်လာကြသည်။

"ကျောင်းအုပ်ကြီး"

"ကျောင်းသားတို့.. တိုင်ဖွန်းမုန်တိုင်းက နေရာတော်တော်များများကို ပျက်စီးစေခဲ့လို့ နေထိုင်သူတွေအများကြီး ဒုက္ခရောက်နေကြတယ်။ ဒေသတွင်းကယ်ဆယ်ရေးလူအင်အားကလည်း မလုံလောက်ဘူး။ ဒီတော့ ငါ မင်းတို့ရဲ့အကူအညီကို လိုအပ်တယ်"

"ကျောင်းအုပ်ကြီး အဲဒီကိစ္စက ကျွန်တော်တို့အတွက်တော့ အသေးအဖွဲလေးပါ"

"ကျောင်းအုပ်ကြီး.. ကျွန်တော်တို့ လုပ်အားပေးနိုင်ပါတယ်"

"ကျောင်းအုပ်ကြီး.. ကယ်ဆယ်ရေးလုပ်ငန်းအတွက် ကျွန်တော်တို့ကို ခေါ်သွားပါ"

"ကောင်းတယ်"

ကျန်းမုန့်လောင်ကလည်း စိတ်ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် လက်ခံထားသူများမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အလွန်အရည်အချင်းပြည့်မီကြသည်။

"ထူးရှယ်နတ်ဘုရားကျောင်းတော်တစ်ခုလုံး လှုပ်ရှားကြ"

********************

All Chapters