အရူးအမူးဝယ်ယူကြခြင်း
Vol. 42 Ch. 621
ဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းစဉ်များတွင် လျှို့ဝှက်ဆန်းကြယ်လှသော ပုဂ္ဂိုလ်များစွာ ပေါ်ထွက်လာခဲ့ပြီး လူအမြောက်အများကို အန္တရာယ်များသော နေရာမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။
စိတ်စွမ်းအားရှင်များကလည်း အနန္တတန်ခိုးရှင်များ မဟုတ်သည့်အတွက် ထိုနေ့တွင် မကယ်တင်နိုင်ခဲ့သော လူအများအပြားလည်းရှိ၏။ သူတို့အနေနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို အတတ်နိုင်ဆုံးကြိုးစားကြရုံသာ တတ်နိုင်သည်။
သို့သော် ထိုအချိန်မှာပင် ပြဿနာအသစ်တစ်ခု ပေါ်လာခဲ့သည်။ လူများမှာ ဘေးကင်းကြသော်လည်း ရေကြီးမှုကြောင့် မြို့ပြအဆောက်အအုံများစွာ ပျက်စီးသွားပြီး စက်ရုံအမြောက်အများလည်း ရေမြုပ်ခဲ့ရသဖြင့် အစားအသောက်များစွာ ညစ်ညမ်းသွားခဲ့သည်။ ရုတ်ခြည်းပင် နန်ဟယ်မြို့၏ စားနပ်ရိက္ခာထောက်ပံ့မှုမှာ သိသိသာသာပြတ်လပ်သွားခဲ့သည်။
ထိုအချိန်တွင် နိုင်ငံတော်၏စည်းလုံးညီညွတ်မှုမှာ ထင်းခနဲပေါ်လွင်လာခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှ အလှူငွေအမြောက်အများ စီးဝင်လာခဲ့သည်။ ယွမ်နှစ်ဆယ်သုံးဆယ်ဟူ၍ နည်းလွန်းလှသော ပမာဏလည်း မရှိသလို ယွမ်သုံးသောင်းငါးသောင်းဟူ၍လည်း များလွန်းလှခြင်းမရှိပါဘဲ နည်းသည်များသည်မခွဲခြားဘဲ လူတိုင်းပါဝင်ခဲ့ကြသည်။ လုပ်ငန်းစုများ၊ လူပုဂ္ဂိုလ်များ၊ အင်တာနက်ဆယ်လီများနှင့် အနုပညာရှင်များအားလုံးလည်း ဤလူမှုတာဝန်ကို ကိုယ်စီထမ်းရွက်ခဲ့ကြသည်။
ဝူလိထောင်ထောင်က ဟွာရှားယွမ်ငွေသုံးသန်း လှူဒါန်းခဲ့သည်။
အိန်ဂျလာဘေဘီက ဟွာရှားယွမ်ငွေတစ်သန်း လှူဒါန်းခဲ့သည်။
...
ဤသည်မှာ ဖျော်ဖြေရေးလောကမှ ထောက်ပံ့မှုများပင်။
ပီဒီဒီမှ ဟွာရှားယွမ်ငွေငါးသန်းလှူဒါန်းခဲ့သည်။
လီကျားချီက ယွမ်နှစ်သန်း လှူဒါန်းခဲ့သည်။
...
ဤသည်မှာ အင်တာနက်ဆယ်လီများနှင့် E-sportsလောကသားများ၏ အင်အားပင်တည်း။
ရှင်းကျန်းထျန်းသုန်းက သန်းတစ်ရာလှူဒါန်းခဲ့သည်။
ထျန်ရွှင်းက သန်းတစ်ရာလှူဒါန်းခဲ့သည်။
...
ဤသည်မှာမူ စီးပွားရေးလောကထဲမှ လှူဒါန်းမှုများပင်။
ကြည်နူးဖို့ကောင်းသည်မှာ စီးပွားရေးလုပ်ငန်းရှင်တော်တော်များများက သူတို့ကိုယ်တိုင် အခက်ကြုံနေရသည့်တိုင် အနာဂတ်အတွက် ထည့်မတွက်ပါဘဲ ရက်ရက်ရောရောလှူဒါန်းခဲ့ကြသည်။
ပြည်တွင်းဘရန်းတစ်ခုဖြစ်သော ဟုန်ရှင်းအာ့ခယ်မှာ နှစ်ပေါင်းများစွာတိုင်အောင် အရှုံးပေါ်နေသည်ဟု သိရသည်။ မနှစ်တုန်းက အစီရင်ခံစာတွင် ဟွာရှားယွမ်ငွေသန်း၂၂၀အထိ အရှုံးပြနေခဲ့သည်။ သို့တိုင် ထိုကဲ့သို့သော အခြေအနေအောက်မှာပင် သူတို့သည် ရေဘေးသင့်ဒေသများကို ကူညီရန်အတွက် ဟွာရှားယွမ်ငွေသန်းငါးဆယ်တိတိ လှူဒါန်းခဲ့ကြသည်။
ဟွိုက်ယွမ်ဖျော်ရည်ကုမ္ပဏီဆိုလျှင် ဒေဝါလီခံလိုက်ရကြောင်း ကြေညာထားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ကိုင်နေစဉ်မှာပင် လေးစားဖို့ကောင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ကာ ဟွာရှားယွမ်ငွေ၅သန်းကို လှူဒါန်းခဲ့ကြသည်။ ကုမ္ပဏီကြီးများနှင့် ယှဉ်လျှင် ဤပမာဏက မသိသာသော်ငြား ကုန်ခမ်းလုမတတ်ဖြစ်နေသော ဘဏ္ဍာရေးအရင်းအမြစ်ထဲမှ အစွမ်းကုန်ထုတ်သုံးပေးထားခြင်းပင်။
မီရွှယ်ပင်းချန်းကလည်း ပစ္စည်းတစ်ခုလျှင် တစ်ယွမ်နှစ်ယွမ်လောက်သာ အမြတ်ရသော်လည်း ၂၂သန်းအထိ လှူဒါန်းခဲ့သည်။
ထိုအချိန်တွင် အင်တာနက်အသုံးပြုသူများမှာ ဤကဲ့သို့ တာဝန်သိတတ်သည့် ပြည်တွင်းလုပ်ငန်းစုများကိုကြည့်၍ စိတ်လှုပ်ရှားသွားကြသည်။
ဆန့်ကျင်ဘက်အားဖြင့် ကိုလာကုမ္ပဏီများနှင့် ပြိုင်ကားကုမ္ပဏီများမှာမူ မျက်နှာပျက်စရာကောင်းလှသည်။ ဤသည်မှာ အင်တာနက်အသုံးပြုသူများက ကိုယ်ကျင့်တရားဖြင့် ဖိအားပေးနေခြင်းမဟုတ်ပေ။ နှိုင်းယှဉ်ကြည့်လိုက်ပါက စိတ်ဓာတ်များ ပေါ်လွင်သွားခြင်းသာ။
"သေစမ်း… ငါ အိုသွားပြီထင်တယ်။ ရာဆင်ဂန်ထိထားသလိုမျိုး မျက်ရည်တွေကျလာပြီ"
ကျန်းမုန့်လောင်ကိုယ်တိုင်ပင် ဤအချက်အလက်များကိုကြည့်ပြီး မျက်ရည်ဝဲချင်သလိုလိုဖြစ်သွားသည်။
အမှန်ပင်။ အင်တာနက်အသုံးပြုသူများ ပြောကြသည့်အတိုင်း လုပ်ငန်းတော်တော်များများက မားကတ်တင်းလုပ်လိုသော ရည်ရွယ်ချက်လည်း ရှိကောင်းရှိနိုင်သော်ငြား မားကတ်တင်းဆင်းရန်အတွက် ဆိုလျှင်ပင် သူတို့ဘက်က မတွန့်မဆုတ်လှူဒါန်းခဲ့ကြသည်။ မားကတ်တင်းအတွက်ဆိုလျှင်လည်း ဘာဖြစ်သေးလဲ။
"မဖြစ်ဘူး။ ငါလည်း သူတို့ကို သွားအားပေးမှဖြစ်မယ်"
ကျန်းမုန့်လောင်က တိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းကိုဖွင့်ပြီး ဟုန်ရှင်းအာ့ခယ်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ သွားလိုက်သည်။
လွန်ခဲ့သည့်ရာစုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့သည့် ကုမ္ပဏီတစ်ခုအနေနှင့် ဟုန်ရှင်းအာ့ခယ်သည် အနိမ့်အမြင့်အတက်အကျများကို ကြုံတွေ့ခံစားခဲ့ရသည်။ သူတို့သည် နိုင်ငံထဲသို့ ပထမဆုံးဝင်ရောက်ခဲ့သော အားကစားအမှတ်တံဆိပ်ဖြစ်ပြီး ကျန်းမုန့်လောင်ငယ်စဉ်က သူတို့၏နာမည်နှင့် ကြော်ငြာစာသားများကို မကြာခဏကြားခဲ့ရသည်။
သို့သော် မကြာသေးမီနှစ်များအတွင်း ထိုအမှတ်တံဆိပ်များအားလုံး ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရသည်။ တတိယအဆင့်နှင့် စတုတ္ထအဆင့် မြို့ကြီးများတွင် ဆိုင်တချို့ရှိနေသေးသော်ငြား ပထမအဆင့်မြို့ကြီးများတွင်မူ Nikeနှင့် Adidasတို့ နေရာယူထားသည်မှာ ကြာလှလေပြီ။
ဟုန်ရှင်းအာ့ခယ်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းငါးခန်းရှိသော်လည်း ကြည့်ရှုသူအရေအတွက်က သိပ်မများလှပေ။ အများဆုံးအချိန်တွင် အယောက်ရာဂဏန်းလောက်ကပင် အလွန်ကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး နေ့စဉ်ရောင်းအားကလည်း ငါးသောင်းနှင့် တစ်သိန်းကြားသာ ရှိ၏။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အစီအစဉ်တင်ဆက်သူတစ်ယောက်က ထုံးစံအတိုင်း ကုန်ပစ္စည်းအကြောင်း ရှင်းပြနေသည်။ အွန်လိုင်းကြည့်ရှုသူ အယောက်နှစ်ရာသုံးရာခန့်သာ ရှိသောကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းက အလွန်တိတ်ဆိတ်နေပြီး ရံဖန်ရံခါ အော်ဒါတက်လာလျှင်လည်း သနားစရာကောင်းအောင် နည်းပါးလွန်းလှသည်။
"အချစ်ကလေးတို့… ဒီဖိနပ်လေးက ပြေးဖို့အတွက် တကယ်သက်သောင့်သက်သာရှိတယ်။ ဈေးနှုန်းကလည်း အရမ်းတန်တယ်။ ၁၉၉ယွမ်ပဲရှိတာ။ နှစ်နဲ့ချီပြီး ခံတယ်နော်။ သဘောကျတယ်ဆိုရင် အောက်က လင့်ခ်လေးထဲကိုဝင်ပြီး အော်ဒါတင်လို့ရပါတယ်"
အစီအစဉ်တင်ဆက်သူခမျာ အဲကွန်းမရှိသော အခန်းထဲတွင် ပြောနေရရှာသည်။ စကားအများကြီးပြောပြီးနောက် အစီအစဉ်တင်ဆက်သူက ဘေးဘက်သို့သွား၍ ရေတစ်ငုံသောက်ပြီးနောက် ထိန်းချုပ်ခန်းဘက်သို့ စူးစမ်းလိုဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
အော်ပရေတာများကမူ ခေါင်းခါယမ်းပြကြသည်။ ယနေ့ရောင်းအားက စိတ်ပျက်ချင်စရာပင်။ နာရီပေါင်းများစွာ တိုက်ရိုက်ထုတ်လွှင့်နေသည့်တိုင် ယွမ်တစ်သိန်းဖိုးပင် မရောင်းရချေ။ လူတိုင်းလည်း စိတ်ပျက်ကုန်ကြသည်။
သူတို့တွင် ကြော်ငြာဖို့အတွက် ဘတ်ဂျက်အလုံအလောက်မရှိသောကြောင့် လူအင်အားသက်သက်ဖြင့် တိုက်ရိုက်ထုတ်လွှင့်နေရသည်ဖြစ်ရာ အလွန်ခက်ခဲလှသည်။
"ဟုန်းရီ… နည်းပညာအဖွဲ့ကို ပြင်ဆင်မှုတွေလုပ်ခိုင်းလိုက်။ သူတို့ရဲ့တိုက်ရိုက်ထုတ်လွှင့်ခန်းတွေကို စာရင်းရဲ့ထိပ်ဆုံးအထိရောက်အောင်ပို့ပြီး အွန်လိုင်းမှာ ပို့စ်တွေတင်ခိုင်းလိုက်"
ပြည်တွင်းလုပ်ငန်းစုများကို ယခုလိုမျိုး ဒေဝါလီခံခွင့်မပေးနိုင်ပေ။ သူတို့ မဖြစ်မနေအားပေးရမည်။
"ဘာ? ဒေဝါလီခံရခါနီးဖြစ်နေတဲ့ ကုမ္ပဏီက သန်းငါးဆယ်လှူလိုက်တယ်တဲ့လား"
"ငါ ဒီဘရန်းကို ကြားဖူးတယ်။ ငယ်ငယ်တုန်းက သူတို့ရဲ့ပစ္စည်းတွေကို အများကြီးဝယ်ဖူးတယ်လေ"
"သူတို့ရဲ့တိုက်ရိုက်ထုတ်လွှင့်ခန်းကို သွားအားပေးရအောင်"
"သူငယ်ချင်းတို့… ဒီလုပ်ငန်းစုသာ ပြိုလဲသွားရင် ငါတို့တစ်ယောက်ချင်းစီနဲ့ သက်ဆိုင်သွားပြီနော်"
တကယ်တမ်းတွင် လူတော်တော်များများမှာ ဟုန်ရှင်းအာ့ခယ်၏ လှူဒါန်းမှုအကြောင်း သိထားကြပြီးဖြစ်သော်လည်း လေးစားနေရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။
သို့သော် ထိုပို့စ်များက သူတို့ကို ရုတ်တရက်နှိုးဆော်လိုက်သည်။ သူတို့အနေနှင့် ထိုထုတ်ကုန်များကို သွားဝယ်ယူအားပေးနိုင်သည်။ ဈေးအကြီးဆုံးထုတ်ကုန်ကပင် ရာဂဏန်းလောက်သာ ရှိသည်ဖြစ်ရာ မည်သူကများ မဝယ်နိုင်ဘဲရှိမည်နည်း။
မည်သို့ပင်ဖြစ်စေ သူတို့လည်း အဝတ်အစားများနှင့် ဖိနပ်များကို အမြဲဝယ်နေရသည်မဟုတ်လား။ ဝယ်မည့်အတူတူတော့ သူတို့ဆီက ဝယ်လိုက်ခြင်းမှာ ပိုမကောင်းပေဘူးလား။
"ဗီဗီ ဒါက.. ဒါက.. ငါတို့တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကိန်းဂဏန်းတွေ…"
တိုက်ရိုက်ထုတ်လွှင့်ခန်း၏ တာဝန်ခံမှာ ဖန်သားပြင်ကိုစိုက်ကြည့်ပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းများ တောက်ပလာသည်။
"တစ်ထောင်ကျော်သွားပြီ"
"ခဏလေး.. ငါးထောင်ကျော်သွားပြီ"
"အခု တစ်သောင်းကျော်သွားပြီ။ ဆက်တက်နေတုန်းပဲ"
"ဘာ"
ဗီဗီဟုခေါ်သော အစီအစဉ်မှူးက မတ်တတ်ထရပ်လိုက်ပြီးနောက် ကင်မရာရှေ့သို့ လျှောက်သွားလိုက်၏။
ဘာဖြစ်သွားမှန်း ကောင်းကောင်းမမြင်လိုက်ရချိန်မှာပင် တာဝန်ခံက ထပ်ပြောလာပြန်လေသည်။
"ဗီဗီ.. ငါတို့ ခုနကတင်ထားတဲ့ လင့်ခ်တွေအကုန်လုံးကို အလုအယက်ဝယ်ကုန်ကြပြီ"
"အလုအယက်ဝယ်တာလား။ ငါတို့ လင့်ခ်တွေ၁၂ခုလောက် တင်ထားတာလေ။ တစ်ခုချင်းစီမှာ ပစ္စည်းလက်ကျန် နှစ်ရာသုံးရာလောက်ရှိတာကို"
"အကုန်ကုန်သွားပြီ။ တစ်စက္ကန့်အတွင်းမှာတင် ကုန်သွားတာ"
"ဘာ"
အစီအစဉ်မှူးက တိုက်ရိုက်ထုတ်လွှင့်ခန်းကို လှမ်းကြည့်လိုက်လေရာ ကောမန့်များ တရစပ်တက်လာသဖြင့် မျက်လုံးကန်းမတတ်ဖြစ်သွားလေသည်။
"ဘာလို့ကြောင်ပြီးရပ်နေတာလဲ။ လင့်ခ်တွေ ထပ်တင်လေ"
"မြန်မြန်လုပ်.. စကားတွေသိပ်ပြောမနေနဲ့။ လင့်ခ်သာ ချပေးတော့။ ငါတို့ဘာသာ ဝယ်လိုက်မယ်"
"ဈေးအကြီးဆုံးပစ္စည်းတွေ တင်ပေးပါ"
...
"မြန်မြန်လုပ် ပစ္စည်းလက်ကျန်တွေ သွားစစ်ကြ"
တိုက်ရိုက်ထုတ်လွှင့်ရေးရှိ အော်ပရေတာများမှာ ချက်ချင်းအလုပ်များသွားကြသည်။ ပစ္စည်းလက်ကျန်အမြောက်အများကို ရွှေ့ပြောင်းပေးနေသော်လည်း သူတို့ လင့်ခ်တင်ပေးသည့် အရှိန်က ကြည့်ရှုသူများ၏ အော်ဒါတင်နှုန်းကို လိုက်မမီအောင်ဖြစ်နေချေသည်။
"တောင်းပန်ပါတယ်။ ဒီဒီဇိုင်းက ပစ္စည်းလက်ကျန်ပြတ်သွားပါပြီ"
အစီအစဉ်မှူးက တောင်းပန်လိုက်သည်။
"မင်းဝတ်ထားတဲ့တစ်ထည် ကျန်သေးတယ်လေ။ အဲဒီတစ်ထည်အတွက် လင့်ခ်ချပေး"
"အားလုံးပဲ.. ဖိနပ်ဆိုဒ်ကို သေချာကြည့်ပြီးမှ ဝယ်ကြနော်။ ကျွန်မတို့ဘက်က သယ်ယူပို့ဆောင်ရေးအာမခံထည့်ပေးထားပါတယ်။ ဆိုဒ်မတော်ရင် ပြန်လဲလို့ရပါတယ်ရှင့်"
"မဖြစ်နိုင်တာ..ဆိုဒ်မတော်ဘူးဆိုရင် ငါ့ခြေထောက်ကိုပဲ အပြစ်တင်ရမှာ"
"ဆိုဒ်မတော်ဘူးဆိုရင်လည်း ငါ့ခြေထောက်ကို ခုတ်ဖြစ်ပစ်လိုက်မယ်"
"ငါ လေးလေးနက်နက်ကြေညာလိုက်မယ်။ ဒီနေ့ ဟုန်ရှင်းအာ့ခယ်ကနေ တစ်ကိုယ်လုံးစာအတွက် ဝယ်လိုက်ပြီ။ ခဏနေလို့မှ ငါ ကြည့်မကောင်းနေဘူးဆိုရင် ဟုန်ရှင်းအာ့ခယ်ရဲ့ထုတ်ကုန်နဲ့မဆိုင်ဘူး။ ငါကိုယ်တိုင်က ချောမနေလို့ပဲ"
အစီအစဉ်တင်ဆက်သူ : "တောင်းပန်ပါတယ် အားလုံးပဲ… ဒီပစ္စည်းက လက်ကျန်ပြတ်သွားပါပြီ။ တစ်ရန်လေးတောင် မကျန်တော့ပါဘူး။ အစီအစဉ်တင်ဆက်သူစီးထားတဲ့ ဖိနပ်အတွက်လည်း ထုပ်ပိုးပေးထားပြီးပါပြီ"
"ငါ့ကို အမှတ်တံဆိပ်ပဲပို့လိုက်။ ငါ့ဘာသာငါ ချုပ်လိုက်မယ်"
"ငါကတော့ ဖိနပ်မလိုဘူး။ ဖိနပ်ဘူးပဲ ပို့ပေး"
"ဖိနပ်တစ်ဖက်တည်းပို့ပေးလည်းရတယ်"
"ဘယ်ကောင်က တစ်ယောက်တည်းနဲ့ ဖိနပ်၁၅ရန်တောင် ဝယ်သွားတာလဲ။ မင်းက ကင်းခြေများမို့လို့လားကွ"
အစီအစဉ်တင်ဆက်သူ : "အချစ်ကလေးတို့.. ကျွန်မတို့ရဲ့အဝတ်အစားတွေအားလုံး ရောင်းကုန်သွားပါပြီ"
"လေကာအင်္ကျီတွေ ထုတ်ရောင်းလေ။ ငါ အဲကွန်းဖွင့်ပြီး ဝတ်မယ်"
"အနွေးထည်တွေကို ကြိုရောင်းပေး။ နိုဝင်ဘာကျမှ ပို့ပေးလည်းရတယ်"
"အထည်ချုပ်စက်နဲ့ အထည်စတွေသာ ချရောင်းပေး။ ငါ့ဘာသာ ချုပ်ဝတ်လိုက်မယ်"
အစီအစဉ်တင်ဆက်သူ : "အချစ်ကလေးတို့.. အော်ဒါတွေက များလွန်းနေလို့ ပစ္စည်းပို့တာ နည်းနည်းကြန့်ကြာနိုင်ပါတယ်နော်"
"ကိစ္စမရှိဘူး။ ပစ္စည်းရပြီးပြီလို့ အတည်ပြုပေးလို့ရတယ်။ ပစ္စည်းပို့တာကြာလို့ဆိုပြီး ပလက်ဖောင်းဘက်က ဒဏ်ကြေးရိုက်ရင် အဲဒီပလက်ဖောင်းကို ငါတို့ ဖောက်ခွဲပစ်မယ်"
အစီအစဉ်တင်ဆက်သူ : "ကျွန်မတို့သူဌေးက မှာထားပါတယ်။ မျက်လုံးစုံမှိတ်ပြီး လျှောက်မဝယ်ပါနဲ့တဲ့။ ကျိုးကြောင်းဆီလျော်စွာ သုံးစွဲကြပါတဲ့"
"မင်းတို့တွေကျတော့ အရူးအမူးလှူထားပြီးတော့ ငါတို့ကျတော့ ကျိုးကြောင်းဆီလျော်စွာ သုံးစွဲရမယ်တဲ့လား"
"ငါတို့ အသည်းအသန်ဝယ်ချင်နေတာ"
"မင်းတို့သူဌေးကို ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြောလိုက်စမ်းပါ"
"ချဟေ့"
*******************