← Chapters

ရုတ်တရက်ကြီးရယ်ချင်လာသလိုပဲ

Vol. 42 Ch. 623

ရုတ်တရက်ကြီးရယ်ချင်လာသလိုပဲ

Vol. 42 Ch. 623

"မုန့်လောင်.. ငါ မင်းကို အတန်းလစ်ခွင့်ပေးထားတယ်။ ပရောဂျက်အဆိုင်းမန့်တွေလည်း မထပ်ခိုင်းထားဘူး။ ဒါပေမဲ့ မင်း နောက်ဆုံးစာမေးပွဲကိုတော့ လာဖြေပါဦးကွ။ မင်းရဲ့အဖြေလွှာက အလွတ်ကြီးဖြစ်နေရင် ငါ မင်းကို ဘွဲ့ရအောင်လုပ်ပေးဖို့ ခက်လိမ့်မယ်"

"ဟုတ်ကဲ့။ ဟုတ်ကဲ့ပါ ပါမောက္ခဟန်.. ကျွန်တော်လာခဲ့ပါ့မယ်"

ကျန်းမုန့်လောင်မှာ ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။ သူ ကျောင်းက လုံးဝလွတ်မြောက်ပြီဟု ထင်ထားခဲ့သည်။ စောစောကသာ ကြိုသိလျှင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခရာထူးကို လက်ခံခဲ့သည်။

ဂုဏ်ထူးဆောင်ပါမောက္ခဟူသော ဘွဲ့က ဘွဲ့လွန်ကျောင်းသားများနှင့် ပါရဂူကျောင်းသားများထက် ပိုသာသည်မဟုတ်လော။ သူသာ ဆန္ဒရှိလျှင် ဘယ်နိုင်ငံမှာမဆို တော်ဝင်ပညာရှင်တစ်ယောက် အသာလေးဖြစ်လာနိုင်သည်။

"အာ.. နောက်ထပ်သာမန်နှစ်တစ်နှစ် ကုန်ဆုံးသွားပြန်ပြီ"

ကျန်းမုန့်လောင်လည်း ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်သည်။ သူ လုပ်စရာမရှိဖြစ်နေသည်မှာ ကြာလှလေပြီ။ သူ့နေ့ရက်များကို ထူးရှယ်နတ်ဘုရားကျောင်းတော်တွင်သာ အချိန်ဖြုန်းနေခဲ့ပြီး ညဘက်တွင် လုရီယောင်နှင့် လူသားဇစ်မြစ်အကြောင်း ဆွေးနွေးသည်။ ကြွားစရာမရှိသည့် ဘဝကား နှင်းစက်လေးအလား အထီးကျန်လှသည်။

ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ယခုအခါ ဆရာအယောက်ငါးဆယ်ကျော်နေပြီဖြစ်သော်ငြား ကျန်းမုန့်လောင်တွင် ပြဿနာတစ်ခု ကြုံလာခဲ့သည်။ ခွန်အားအမှတ်များ ရယူရန်အတွက် ပိုမိုခက်ခဲလာခြင်းပင်။

သူ နာမည်မကြီးခင်တုန်းက သူလုပ်သမျှအရာတိုင်းက လူအများကို လှုပ်ခတ်စေပြီး လမ်းပေါ်မှာ ပြိုင်ကားတစ်စီးဖြင့် လျှောက်မောင်းနေလျှင်ပင် ခွန်အားအမှတ်များကို တစ်လှေကြီးရတတ်သည်။

သို့သော် ယခုမူ ကြွားဝါးရမည့် စံနှုန်းက ပိုမြင့်လာပြီး ခွန်အားအမှတ်များကလည်း ရယူရန်ခက်ခဲလာသည်။ ဆရာအသစ်တစ်သိုက်ကို လော့ဖွင့်ပြီးနောက် သူ့ခွန်အားအမှတ်ကား ကုန်သလောက်နီးပါး ဖြစ်သွားချေပြီ။

"တကယ်တော့ တည်ငြိမ်အေးဆေးတဲ့ဘဝမှာ နေထိုင်ရတာလည်း မဆိုးပါဘူး"

ကျန်းမုန့်လောင်က ပျင်းပျင်းဖြင့် ဝေးပေါ်တစ်လျှောက် မွှေနှောက်နေရင်း သတင်းတစ်ခုက သူ့သိချင်စိတ်ကို နှိုးဆွလိုက်၏။

"ချင်းချိုးနိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်တစ်ခုကို တူးဖော်ရရှိခဲ့ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်းအမြောက်အများနဲ့ လူသားတွေနေထိုင်ခဲ့ကြောင်း ပြသနေတဲ့ အထောက်အထားလည်း တွေ့ရှိရပြီး တစ်ချိန်တုန်းက စည်ပင်ဝပြောခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်း သံသယဝင်နိုင်တဲ့ လူမျိုးစုကိုယ်စားပြုသင်္ကေတတွေကိုပါ တွေ့ရှိခဲ့ရပါတယ်"

"ဪ ဒီလိုနေရာသေးသေးလေးမှာလည်း ရှေးဟောင်းအမွေအနှစ်အကြွင်းအကျန်တွေ ရှိနေတာလား"

ကျန်းမုန့်လောင် အတန်ငယ်အံ့ဩသွားရသည်။ ဤလူမျိုးက လွန်လေပြီးသော အတိတ်တစ်ရံတုန်းက နေထိုင်ခဲ့သူများ ဖြစ်ဟန်တူသည်။ ဓာတ်ပုံက နည်းပါးပြီး မထင်ရှားသောကြောင့် သူ့အနေနှင့် ဝေဖန်ပိုင်းခြား၍ မဖြစ်နိုင်ပေ။

"ဒီအဖွဲ့က ဘာတွေထုတ်ပြမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"

ကျန်းမုန့်လောင် တွေးလိုက်မိသည်။ အတွင်းစိတ်နိမ့်ကျပြီး အခြားနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ခိုးယူကာ လျှောက်လွှာတင်ရင်း အလုပ်များနေတတ်သော နိုင်ငံပင်။ ဤကဲ့သို့သော ယဉ်ကျေးမှုအမွေအနှစ်မျိုးကို တူးဖော်ရရှိလိုက်သည်ဖြစ်ရာ သူတို့ကိုယ်သူတို့ အဟုတ်ကြီးမှတ်ယူကြပေဦးမည်။

သို့သော် မျှမျှတတပြောရလျှင် ဤသည်မှာ အံ့မခန်းဖွယ်ကောင်းသော ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုမျိုးပင်။ ဤရှေးဟောင်းနိုင်ငံကို မီးတောင်ရှင်တစ်ခုနားတွင် တည်ဆောက်ထားပြီး ပုံပေရှေးဟောင်းမြို့တော်နှယ် မီးတောင်ပေါက်ကွဲမှုကြောင့် မြေမြှုပ်ခံလိုက်ရဟန်တူသည်။

ကျွမ်းကျင်သူများ၏ ကနဦးခန့်မှန်းချက်အရ အောက်ဆုံးအလွှာများမှာ အနည်းဆုံး နှစ်ပေါင်းနှစ်ထောင်သုံးထောင်ခန့် သက်တမ်းရှိနိုင်သည်ဟု ဆိုကြသည်။ အဓိပ္ပာယ်မှာ ဤနိုင်ငံက ခရစ်နှစ်မပေါ်ခင်ကတည်းက တည်ရှိနေခဲ့ခြင်းပင်။

ချင်းချိုးနိုင်ငံမှာ ပျက်စီးလိုက်၊ ပြန်တည်ထောင်လိုက်ဖြင့် သံသရာလည်နေခဲ့သည်။ တိတိကျကျပြောရလျှင် သူတို့၏သမိုင်းက နှစ်ပေါင်းတစ်ရာကျော်လောက်သာ ရှိ၏။ ဟွာရှားနိုင်ငံကဲ့သို့ နှစ်ပေါင်းငါးထောင်သမိုင်းကြောင်းနှင့် ယှဉ်လိုက်လျှင် လုံးဝပြောပလောက်စရာမရှိပေ။

သို့သော် သူတို့ကတော့ လုံးဝလက်မခံပေ။ သူတို့အပိုင်မဟုတ်သည့် အရာများကိုလည်း သူတို့အပိုင်ပါဟု ပြောတတ်ကြသည်။ အမြဲတမ်းလည်း တစ်ခုမဟုတ်တစ်ခု ပြဿနာရှာတတ်သည်။ ထိုနယ်မြေတွင် ပေါ်လာခဲ့ဖူးသော ဘယ်နိုင်ငံကိုမဆို ချင်းချိုးနိုင်ငံနှင့် ပတ်သက်မှုရှိရှိမရှိရှိ သူတို့သမိုင်းကြောင်းပါဟု ပြောတတ်ကြသည်။

သို့တိုင် ဖာထေးထားသော ဤသမိုင်းကြောင်းမှာ ဟွာရှားယဉ်ကျေးမှု၏ တစ်ဝက်မျှပင်မရှိချေ။

သို့သော် သူတို့ကတော့ သူတို့၏သမိုင်းကြောင်းကို ပိုတောက်ပပြီး ပိုခိုင်မာလာအောင် လုပ်နေကြဆဲသာ။ ယခုလိုကြီးကျယ်ခမ်းနားလှသော ရှေးဟောင်းသုတေသေနရှာဖွေတွေ့ရှိမှုမျိုးမှာ ချင်းချိုးတစ်နိုင်ငံလုံးရှိ သမိုင်းပညာရှင်များကို အရူးအမူးပျော်ရွှင်ဝမ်းသာစေသည်။

ဘုရားရေ…သက်တမ်းက အနည်းဆုံးနှစ်ထောင်သုံးထောင်တဲ့လား။

ဤသည်မှာ ယိုယွင်းပျက်စီးနေသော သူတို့၏နေရာရှိ ခေတ်သစ်လူသားမျိုးနွယ်၏ အစောဆုံးမှတ်တမ်းထက်ပင် ပိုရှေးကျနေသေးသည်။ ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုထဲက တစ်ခုဖြစ်သည့် သူတို့၏အိမ်နီးချင်းဟောင်းထက်ပင် ပိုစောချင်စောနေနိုင်သည်။

သို့ဖြစ်လေရာ ဤကိစ္စကို တစ်ကမ္ဘာလုံးသိအောင် မကြွားဘဲ မနေနိုင်ပေ။

ထိုရှေးဟောင်းနိုင်ငံကို ရှာတွေ့တွေ့ချင်းညမှာပင် ချင်းချိုးနိုင်ငံက စူးစမ်းရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ အဖွဲ့၏လွှမ်းမိုးမှုကို မြှင့်တင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ ရှေးဟောင်းသုတေသနပညာရှင်များကို ဖိတ်ခေါ်ပြီး ဤမျိုးနွယ်စုကို အတူတကွတူးဖော်ဖို့ ကမ်းလှမ်းခဲ့သည်။

ဤသည်မှာ ရက်ရောလှသော လုပ်ရပ်တစ်ခုဟု ထင်ရသော်ငြား တကယ်တမ်းတွင်မူ ကြွားလုံးထုတ်နေခြင်းသာ။

"လာကြည့်ကြဦး။ ငါတို့နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက နိုင်ငံတစ်ခု ရှိနေခဲ့တာနော်။ မမိုက်ဘူးလား"

ဤစကားက ချင်းချိုးရှေးဟောင်းသုတေနပညာရှင်များ၏ မျက်နှာထက်တွင် ရေးထားသလိုပင်။

ဖိတ်ကြားခံရသူများမှာ အတန်ငယ်စိတ်မသက်မသာဖြစ်မိသော်လည်း လက်ရှိအချက်အလက်များအရ ဤရှေးဟောင်းနိုင်ငံ၏ မျိုးနွယ်စုက အမှန်စင်စစ်ရှေးကျဟန်တူပြီး ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုထက်ပင် ပိုရှေးကျနိုင်သည်။

ဤယဉ်ကျေးမှုကို တူးဖော်ခွင့် လွဲချော်သွားခဲ့ပါက အလွန်နောင်တရဖို့ကောင်းနေမည်ဖြစ်ရာ ထိုရှေးဟောင်းသုတေသနပညာရှင်များမှာ သူတို့၏မကျေနပ်ချက်များကို‌ ဘေးဖယ်ပြီး ကမ္ဘာအနှံ့မှတစ်ဆင့် ချင်းချိုးနိုင်ငံသို့ အပြေးရောက်လာကြသည်။

တူးဖော်မှုကို အသည်းအသန်လုပ်ဆောင်ခဲ့ကြပြီး အပျက်အစီးများကြားက လက်ရာမြောက်လှသော ရှေးဟောင်းပစ္စည်းအမြောက်အများကို တူးဖော်ရရှိခဲ့သည်။ ကာဗွန်၁၂အိုင်ဆိုတုပ်စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ဤပစ္စည်းများမှာ နှစ်ပေါင်းငါးထောင်သက်တမ်းရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။

ကမ္ဘာ့အစောဆုံးမျိုးနွယ်စုဖြစ်သည့် ဘေဘီလုံမျိုးနွယ်စုတောင် ဤမျှအထိ သက်တမ်းမများပေ။

ဤရလဒ်ကြောင့် ချင်းချိုးတစ်နိုင်ငံလုံး ရူးသွပ်ကုန်ကြသည်။

နှစ်ပေါင်းငါးထောင်သမိုင်းသက်တမ်း ရှိသတဲ့။ သက်တမ်းအစောဆုံး ဘေဘီလုံယဉ်ကျေးမှုကပင် လွန်ခဲ့သည့်နှစ်ပေါင်း၃၅၀၀ခန့်ကပင်။ ဤသည်မှာ သူတို့၏ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုထက်ပင် ပိုစောနေနိုင်သည်မဟုတ်ပါလော။

ထိုအချိန်တုန်းက သူတို့၏ဘိုးဘေးများမှာ တစ်နေရာရာတွင် အစေခံများ ဖြစ်နေလျှင်ပင် ဤအရာက သူတို့မြေပေါ်တွင် ရှိနေသရွေ့တော့ ဤလူများမှာ သူတို့၏ဘိုးဘေးများပင်။ သွေးသားတော်စပ်မှုရှိသည်ဟု သူတို့ ခံစားရလျှင် ဘယ်သူ့စကားကမှ အရာမရောက်ချေ။

"ငါတို့က ကမ္ဘာ့သက်တမ်းအစောဆုံးနိုင်ငံဖြစ်နေတာပဲ"

"ကမ္ဘာကြီးက အခုဆိုရင် ရှေးဟောင်းမျိုးနွယ်စုငါးခုရှိတယ်ဆိုတာကို အသိအမှတ်ပြုသင့်ပြီ"

"ဘာကို ရှေးဟောင်းမျိုးနွယ်စုငါးခုလဲ။ ရှေးဟောင်းမျိုးနွယ်စုလေးခုကို ဘယ်နည်းနဲ့မှ ပြောင်းလို့မရဘူး။ သမိုင်းကြောင်းအတိုဆုံးနိုင်ငံက ထွက်သွားသင့်တယ်။ ဒီဘွဲ့က ငါတို့ချင်းချိုးလူမျိုးတွေအတွက်ပဲ"

"ဒါက သိသာထင်ရှားတဲ့ ရှေးဟောင်းသုတေသနတွေ့ရှိမှုလေးတစ်ခုပဲ။ သမိုင်းစာပေထဲမှာ မှတ်သားထားသင့်တယ်"

...

သမိုင်းနှင့်ဖျော်ဖြေရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်ကြီးများထဲတွင် ချင်းချိုးနိုင်ငံသားများ၏ အကောင့်နာမည်များက ရုတ်တရက်ပေါ်လာပုံမှာ သူတို့၏ဒီအန်အေထဲတွင် အိပ်မောကျနေသော သွေးသားမျိုးဆက်များကို လှုံ့ဆော်လိုက်သည့်အလားပင်။

သူတို့တွင် ရည်မှန်းချက်တစ်ခုသာ ရှိ၏။ ယခုမှ အသစ်ရှာဖွေတွေ့ရှိထားသော ဤမျိုးနွယ်စုက သူတို့ချင်းချိုးနိုင်ငံ၏ မျိုးနွယ်စုဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို ပြောပြရန်ပင်။

ထိုရှေးဟောင်းနိုင်ငံကို ချင်းချိုးနိုင်ငံသားများက တစ်ယောက်ယောက် ခိုးယူသွားမည်ကို စိုးရိမ်သည့်အလား မူပိုင်ခွင့် ချက်ချင်းတင်လိုက်ပြီး ယဉ်ကျေးမှုအမွေအနှစ်မှတ်ပုံတင်များလည်း အမျိုးမျိုးလျှောက်ထားလိုက်ကြသည်။

"ငါတော့ ဘာပြောရမှန်းတောင်မသိတော့ဘူး။ ပစ္စည်းတစ်ခုက သူတိုမြေပေါ်မှာ ရှာဖွေတွေ့ရှိတာနဲ့ပဲ သူတို့ပစ္စည်းလို့ ဘာလို့သတ်မှတ်လိုက်ရတာလဲ"

"ဒါဆို ငါတို့နိုင်ငံမှာ ဒိုင်နိုဆောအရိုးစုတွေ ရှာတွေ့ခဲ့ရင် ငါတို့နိုင်ငံက ဒိုင်နိုဆောတွေရဲ့ မွေးရပ်မြေဖြစ်သွားရောလား"

"ဟားဟား.. သူတို့နိုင်ငံမှာ ရှေးဟောင်းလူဝံတွေရဲ့ အကြွင်းအကျန်တွေများ ရှာတွေ့ခဲ့ရင် လူသားတွေရဲ့ဇစ်မြစ်က သူတို့ပါလို့များ ပြောမလား"

"ငါတော့ ရယ်သေတော့မှာပဲ။ ဒါပေမဲ့ မသေသေးဘူး။ ကိုယ့်ဘိုးဘေးကိုယ် ဘယ်သူမှန်းတောင် မသိတဲ့လူတစ်သိုက်က ရှေးဟောင်းမျိုးနွယ်စုလေးခုအကြောင်းကို လာပြောနေသေးတယ်။ အဲဒီခေတ်တုန်းက သူတို့ချင်းချိုးဘိုးဘေးတွေက ဘယ်နေရာမှာ သွားရုန်းကန်နေရလဲဆိုတာတောင် သိတာမဟုတ်ဘူး"

ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေသော စိတ်ဓာတ်ကြောင့် အင်တာနက်အသုံးပြုသူများအားလုံးက လှောင်ပြောင်ရယ်မောကြလေတော့သည်။

သို့သော် ထိုအချိန်မှာပင် ချင်းချိုးနိုင်ငံက နောက်ထပ်ရှာဖွေတွေ့ရှိမှုကြီးတစ်ခုကို ထပ်ကြေညာလိုက်ပြန်သည်။ ဤရှေးဟောင်းမြို့တော်ကြီးထဲတွင် ယဇ်ပလ္လင်တစ်ခုနှင့် အလားသဏ္ဍာန်တူသော နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆို၏။

ထိုနေရာတွင် ငါးမီတာကျော်မြင့်မားသော ရွှေရောင်အဆောက်အအုံကြီးတစ်ခုလည်းရှိသည်။ ဤသည်မှာ လူနေအဆောက်အအုံမျိုးမဟုတ်ပါဘဲ ဤမျိုးနွယ်စု၏ အထိမ်းအမှတ်သင်္ကေတကို ကိုယ်စားပြုသည့် ရွှေရောင်သင်္ကေတတစ်ခု ဖြစ်ဟန်တူသည်။

လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ကျော်က လူတစ်ယောက်သည် ရွှေကို ဤမျှအထိသန့်စင်အောင် ဖန်တီးပြီး ယခုလိုပုံစံပေါ်အောင် သွန်းလုပ်ခဲ့သည်။ ထို့ပြင် နှစ်ပေါင်းငါးထောင်ကျော်ကြာပြီးသည့်တိုင် အရောင်မပြောင်းဘဲ တည်ရှိနေခြင်းမှာ ထိုခေတ်၏ နည်းပညာကိုပင် များစွာသာလွန်နေပြီဖြစ်၏။

ဤသည်မှာ အံ့ဖွယ်တစ်ခုပင်။ ဤအရာကား အီဂျစ်ရှိ လူခြင်္သေ့ရုပ်၊ မိုးပျံဥယျာဉ်နှင့် အခြားအံ့ဖွယ်များကိုပင် ယှဉ်နိုင်သည်။ ချင်းချိုးနိုင်ငံရှိ သမိုင်းပညာရှင်တချို့က ဤအရာများကို ဂြိုလ်သားများ ချန်ထားခဲ့သည်ဟုပင် ပြောနေကြပြီး ပိုလျှို့ဝှက်ဆန်းကြယ်ပြီး ယုံနိုင်စရာမရှိအောင် လုပ်ဇာတ်ခင်းနေကြသည်။

"ဒီဟာလား"

ကျန်းမုန့်လောင်က ထိုသင်္ကေကို စိုက်ကြည့်ရင်း မျက်နှာတစ်ခုလုံး တောင့်တင်းသွားသည်။

"ငါ ရုတ်တရက်ကြီး ဘာလို့ရယ်ချင်လာပါလိမ့်"

****************

All Chapters