ငါ့ကျွန်တွေတည်ထောင်ထားတဲ့နိုင်ငံ
Vol. 42 Ch. 624
"နင် ဘာလို့ အဲဒီလိုရယ်နေတာလဲ"
ရေချိုးဝတ်ရုံဝတ်ထားသည့် လုရီယောင်က ကျန်းမုန့်လောင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
"မွ အရမ်းမွှေးတာပဲ"
ကျန်းမုန့်လောင်က သူ(မ)၏ပါးပြင်ကို အားရပါးရနမ်းလိုက်သည်။
"ချင်းချိုးနိုင်ငံက ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုအကြောင်း မင်းသိလား"
"နည်းနည်းတော့ ကြားမိတယ်"
လုရီယောင် ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီရှေးဟောင်းမျိုးနွယ်စုက အနည်းဆုံး သက်တမ်းငါးထောင်ကျော်ရှိပြီး ရှေးဟောင်းအကျဆုံး ဘေဘီလုံထက်တောင် ပိုရှေးကျတယ်တဲ့။ ကမ္ဘာပေါ်မှာ အဲဒီထက်ပိုစောတဲ့ မျိုးနွယ်စုတစ်ခုရှိတယ်ဆိုတာ ယုံရခပ်ခက်ခက်ပဲ"
"ဒါပေမဲ့ အဲဒီချင်းချိုးလူမျိုးတွေက ဂုဏ်ယူစရာဆိုရင် သူတို့ဟာချည်းပဲ အမြဲပြောတတ်ကြတယ်"
လုရီယောင်လည်း မလှောင်ပြောင်ဘဲ မနေနိုင်ချေ။
"ငါမှတ်မိသလောက်ဆိုရင် သူတို့ရဲ့ဘိုးဘေးတွေက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်လောက်က ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာခဲ့တဲ့ လူမျိုးစုတစ်ခုမဟုတ်လား။ ဖမ်းဆီးပြီး ကျွန်ပြုတာတောင် ခံခဲ့ရသေးတယ်လေ။ အခုကျမှ ကံကောင်းလို့ နေရာလေးတစ်ခုရပြီး နိုင်ငံတစ်ခုထူထောင်နိုင်သွားတာနဲ့ ပပြောပလောက်တဲ့ သူတို့ရဲ့သမိုင်းကို ချဲ့ကားပြောကြတော့တာပဲ"
"ဟားဟားဟား ဟုတ်ပါရဲ့"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ဒီရှေးဟောင်းနိုင်ငံက အစွမ်းအစတချို့တော့ ရှိတယ်။ ငါမှတ်မိသလောက်ဆိုရင် ငါတို့ဟွာရှားနိုင်ငံက ရွှေထည်ပစ္စည်းလုပ်နည်းကို အေဒီမတိုင်ခင် ရာစုနှစ်ဆယ်ခုစာအထိ မတတ်ခဲ့သေးဘူးမလား"
လုရီယောင်လည်း တက်ဘလက်ကိုဖွင့်ပြီး ဝေးပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံတစ်ပုံကို ဖွင့်ပြလိုက်၏။
ထိုဓာတ်ပုံကား အင်တာနက်အသုံးပြုသူများကြားတွင် အဆုံးမရှိသော ငြင်းခုံမှုများကို ဖြစ်စေခဲ့သည်။ နိုင်ငံအသီးသီးမှ ရှေးဟောင်းသုတေသနပညာရှင်များနှင့် သိပ္ပံပညာရှင်များ၏ အတည်ပြုချက်ကို ရရှိပြီးနောက် အလွန်တိကျသော သက်တမ်းတစ်ခုကို သတ်မှတ်နိုင်ခဲ့သည်။ ဤအရာကို လွန်ခဲ့သည့်နှစ်ပေါင်း၅၆၀၀မှ ၅၈၀၀အတွင်း ဖန်တီးခဲ့ခြင်းပင်။
ရွှေရောင်အထိမ်းအမှတ်သင်္ကေတကြီးက အမြင့် ၅.၇၂မီတာရှိပြီး အထူဆုံးနေရာတွင် ၅၁စင်တီမီတာရှိကာ တန်ပေါင်းများစွာ လေးသည်။ နမူနာတချို့ကို ကြည့်ရုံမျှဖြင့် ရွှေသန့်စင်မှုမှာ ၉၉.၉၈ရာခိုင်နှုန်းပင်။
ထိုသို့သောလက်ရာမျိုးကို ထိုခေတ်တုန်းက ဖန်တီးထားသည်ဆိုခြင်းမှာ စင်စစ်အံ့ဩဖွယ်ကောင်းလှသည်။
အနည်းဆုံးတော့ လက်ရှိလူသားများ သိထားသလောက်ဆိုလျှင် ထိုစဉ်တုန်းက ဘယ်မျိုးနွယ်စုကမှ ဤအံ့ဖွယ်နိုင်ငံကို မကျော်နိုင်ခဲ့ပေ။
"ဒါက ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံးရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုပဲ ဖြစ်ရမယ်"
"သေစမ်း.. ဒီလိုအရာမျိုးကို ချင်းချိုးနိုင်ငံရဲ့နယ်မြေထဲမှာ တွေ့ရတယ်ဆိုတော့ ကောင်းကင်ဘုံက မျက်စိကန်းနေသလားပဲ"
"ကျစ် ကျစ် ကျစ်..သူတို့တွေ လုပ်ကြပြန်ပြီ။ ကောင်းပါပြီ။ ကောင်းပါပြီ။ အကုန် မင်းတို့အပိုင်ပါပဲ။ စကြာဝဋ္ဌာတစ်ခုလုံးက မင်းတို့အပိုင်ပါပဲ"
"ဒီအမှတ်တံဆိပ်က သူတို့နိုင်ငံရဲ့ သင်္ကေတပဲဖြစ်ရမယ်။ ဟုတ်တယ်မလား။ ဒီဇိုင်းက အရမ်းမိုက်တာပဲ"
"ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ သူတို့မြေပေါ်မှာတွေ့တာ ကံကောင်းလို့ပေါ့။ ကြည့်ရတာတော့ ဒီယဉ်ကျေးမှုက ချင်းချိုးနိုင်ငံရဲ့ပိုင်ဆိုင်မှုတစ်ခု ဖြစ်သွားတော့မယ်ထင်ပါရဲ့"
"ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုက ငါးခုဖြစ်တော့မယ်။ ဒါက တော်တော်ရှုပ်တာပဲ"
...
"မုန့်လောင်… ငါ ဒီဟာကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ"
လုရီယောင်ခမျာ ရုတ်ခြည်းပင် တစ်စုံတစ်ခုကို သတိရလိုက်သည်။
"ဒီအမှတ်တံဆိပ်ကို အရင်ကမြင်ဖူးသလိုလိုပဲ"
"ဟိုမှာလေ"
ကျန်းမုန့်လောင်က အနားရှိ နံရံတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"နံရံပေါ်က အမှတ်အသားမဟုတ်လား"
သေချာကြည့်လိုက်သောအခါ နံရံထက်တွင် ခရမ်းရောင်အမှတ်တံဆိပ်တစ်ခုကို မြင်လိုက်ရသည်။ အပေါ်ယံကြည့်လိုက်လျှင်မူ ဓာတ်ပုံထဲရှိ အမှတ်တံဆိပ်နှင့် ပုံသဏ္ဌာန်တူသည်ဟု ထင်ရသော်ငြား သေချာကြည့်လိုက်ပါက ကွဲပြားခြားနားမှုတချို့ကို တွေ့နိုင်သည်။
"ဟုတ်တယ်။ အဲဒါပဲ"
လုရီယောင်မှာ စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်သည်။
"ဒါက နင့်မိသားစုရဲ့မျိုးနွယ်စုအမှတ်တံဆိပ်မဟုတ်ဘူးလား။ တစ်ပုံစံတည်းနီးပါး တူနေတာနော်။ နင့်မိသားစုက အဲဒီနိုင်ငံရဲ့ တော်ဝင်မိသားစုက ဆင်းသက်လာတာများလား"
လုရီယောင်မှာ အသက်နှစ်ဆယ်အရွယ် ဖြစ်သော်လည်း ကလေးမလေးတစ်ယောက်နှယ် စိတ်ကူးယဉ်တတ်ဆဲသာ။
နှစ်ပေါင်းငါးထောင်သက်တမ်းရှိသော နိုင်ငံတစ်ခုမှာ လုံးဝမပျက်စီးဘဲ ယခုအချိန်အထိ တိုးတက်နေဦးမည်ဆိုလျှင် အလွန့်အလွန်ဩဇာအာဏာကြီးမားသော မိသားစုကြီးတစ်ခု ဖြစ်နေလောက်ပြီမဟုတ်လား။
သဘောပေါက်ပြီ။ အခုမှပဲ နားလည်တော့တယ်။
ကျန်းမုန့်လောင်က လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်တုန်းက ထိုနိုင်ငံ၏ တော်ဝင်မျိုးဆက် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုနိုင်ငံက မျိုးဆက်များကို ပြန့်ပွားစေပြီး ကမ္ဘာအနှံ့တွင် ခြေရာလက်ရာများ ချန်ထားရစ်ခဲ့သည်မှာ ယခုဆိုလျှင် တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည့် ဧရာမအင်အားစုကြီးတစ်ခု ဖြစ်နေချေပြီ။
နှစ်ပေါင်းထောင်ချီသမိုင်းကြောင်းရှိသည့် အရာမှန်သမျှတွင် ထွေးခံခွက်တစ်ခွက်ကပင် တန်ဖိုးမဖြတ်နိုင်ပေ။ လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ကတည်းက တည်ရှိလာခဲ့ပါက စည်းစိမ်ဥစ္စာများနှင့် နယ်မြေများမှာလည်း ပေါများကြွယ်ဝမည်သာ။
ထိုခေတ်တုန်းက တန်ဖိုးမရှိဘူးဟု ယူဆရသော အရာအားလုံးမှာ ယခုတော့ ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုများ ဖြစ်လာလေပြီ။
သူ့လုပ်ငန်းစုများက ကမ္ဘာအနှံ့တွင် ဖြန့်ကြက်ထားနိုင်သည်မှာ အံ့ဩစရာတော့မဟုတ်ချေ။ ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံများနှင့် မိသားစုများက သူ့အား ဦးညွတ်ရသည်မှာလည်း အံ့ဩစရာမရှိပါချေ။ ဤနှစ်ပေါင်းငါးထောင်အတွင်း သူ့မိသားစုက အကုန်လုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
"မင်း ဘာတွေတွေးနေတာလဲ"
ကျန်းမုန့်လောင်က လုရီယောင်၏ခေါင်းကို ခပ်ဖွဖွထိုးလိုက်သည်။
"မင်းက သိပ်စိတ်ကူးယဉ်တာပဲ။ ဒီလောက်အလှည့်အပြောင်းများတဲ့ ဇာတ်ကွက်မျိုးဆိုရင် ဝတ္ထုသာ ရေးလိုက်ပါတော့လား။ ငါက ဘယ်တော်ဝင်မျိုးနွယ်ရဲ့ မျိုးဆက်မှမဟုတ်ပါဘူး"
"ဒါဆို ဘာတွေဖြစ်နေတာလဲ"
"သေချာကြည့်လိုက်"
ကျန်းမုန့်လောင်က သူ့အဝတ်အစားပေါ်ရှိ ခရမ်းရောင်အမှတ်တံဆိပ်တစ်ခုကိုဖြုတ်ယူပြီး ပြောလိုက်၏။
"ကွာခြားချက်ကို မြင်ပြီလား"
"သူ့ဟာက ရွှေရောင်။ နင့်ဟာက ခရမ်းရောင်လေ"
"သေချာကြည့်လိုက်ပါဦး"
"ဟင်.. နင့်အမှတ်တံဆိပ်ပေါ်မှာ နေပုံစံအကွက်က အနားသတ်တွေ ပိုများနေသလိုပဲ။ ပြီးတော့ ပုံဖော်ထားတဲ့လူတွေရဲ့ ဝတ်စားဆင်ယင်ပုံကလည်း မတူဘူး။ နင့်အမှတ်တံဆိပ်က ပိုလက်ရာမြောက်ပြီး ခမ်းနားတယ်"
ဒီဇိုင်းတစ်ခုလုံးက အကြမ်းဖျင်းအားဖြင့် နေမင်းပုံစံရှိပြီး အလင်းစက်ဝန်းတစ်ခုနှင့် ဝိုင်းရံထားပြီး အပေါ်ဘက်တွင် တူတစ်လက်နှင့် ဓားတစ်ချောင်းရှိ၏။ နေမင်း၏ကိုယ်ထည်ထက်တွင်မူ အလွန်ရှုပ်ထွေးလှသော ရုပ်ကြွများကို ထွင်းထုထားသည်။ သေချာစစ်ဆေးကြည့်မည်ဆိုပါက ထိုဒီဇိုင်းနှစ်ခုမှာ ကွာခြားမှုတော်တော်များများ ရှိနေလေသည်။
"ဒါပေမဲ့ မင်းပြောတာမှန်တယ်။ ဒါက တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူး။ ငါတို့မိသားစုက ဒီနိုင်ငံနဲ့ ပတ်သက်မှုရှိတယ်"
ကျန်းမုန့်လောင်က ဆို၏။
"အဲဒီထဲမှာ ငါတို့မိသားစုရဲ့သမိုင်းကြောင်းတချို့ ပါဝင်နေတာ။ ငါတို့မိသားစုရဲ့သမိုင်းကြောင်းကို မင်းကို တစ်ခါမှမပြောဖူးဘူးမလား"
"ဘာလဲ။ မစ္စတာကျန်း.. ရှင်က ဒီနေ့တော့ ပြောပြချင်ပြီပေါ့"
လုရီယောင်လည်း ကျန်းမုန့်လောင်၏မိသားစုအကြောင်း အမြဲသိချင်နေခဲ့သည်။ သို့သော် ယခုအချိန်အထိ ကျန်းမုန့်လောင်က အပေါ်ယံလောက်သာ ထုတ်ပြောပြခဲ့သည်။
ကျန်းမုန့်လောင်လည်း လုရီယောင်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်သည်။
"မင်းက ငါ့အပိုင်ဖြစ်နေတာကြာပြီ။ နောက်ဆုံးကျရင် မင်းက ကျန်းမိသားစုရဲ့အရှင်သခင်မဖြစ်လာမှာ။ တကယ်တော့ မင်းကိုပြောပြရမဲ့ကိစ္စတွေရှိသေးတယ်။ ဒါပေမဲ့ ငါတို့မိသားစုသမိုင်းက အရမ်းကျယ်ပြန့်လွန်းတော့ ငါကိုယ်တိုင်တောင် ကောင်းကောင်းမမှတ်မိဘူး။ ဟုန်းရီကပဲ မင်းကို ရှင်းပြလိမ့်မယ်"
"ဟုန်းရီ.. ဒီကိုလာဦး။ PPTယူလာခဲ့"
ဟွာရှားနိုင်ငံရှိ ကျန်းမိသားစု၏ အကြီးဆုံးလက်အောက်ခံမိသားစုတစ်ခုအနေနှင့် ဟုန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်တိုင်းသည် မွေးကတည်းက နက္ခတ္တဗေဒ၊ ပထဝီဝင်၊ ဂီတ၊ စစ်တုရင်၊ လက်ရေးလှပညာနှင့် ပန်းချီပညာတို့ကို သင်ယူရခြင်းမဟုတ်ပါဘဲ ကျန်းမိသားစု၏သမိုင်းကြောင်းကိုသာ သင်ယူကြရသည်။ သူတို့သည် ဤမိသားစုအကြောင်းကို အလွတ်ရနေကြသည်။
မကြာခင်မှာပင် ဟုန်းရီက တီဗီနှင့် ချိတ်ဆက်ထားသော ကွန်ပျူတာတစ်လုံးနှင့်အတူ ရောက်လာခဲ့သည်။ သူ(မ)က အမှန်တကယ် PPTလုပ်ပြရန် ပြင်ဆင်လာခဲ့သည်။
ဆိုရိုးစကားအရ ဟွာရှားနိုင်ငံတွင် နှစ်ပေါင်းငါးထောင်သမိုင်းရှိသည်ဟု ဆိုကြသလို ကျန်းမိသားစုကလည်း လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ကတည်းက စတင်ခဲ့သည်။ အထူးသဖြင့် ကျန်းမုန့်လောင်၏ဘိုးဘေးများက ဘီစီ၃၉၁၅၌ ထူးရှယ်နတ်ဘုရားကျောင်းတော်ကို ရရှိခဲ့သည်။ ဤသည်မှာ လွန်ခဲ့သောနှစ်ပေါင်း၅၉၀၀ခန့်ကဖြစ်ပြီး တိတိကျကျဆိုရလျှင် နှစ်ပေါင်းခြောက်ထောင်နီးပါးကြာလေပြီ။
ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အံ့ဖွယ်ကောင်းသော ကဏ္ဍများကြောင့် သူ့ဘိုးဘေးများမှာ လူသားမျိုးရိုးဗီဇကန့်သတ်မှုများကို အမြန်ကျော်လွှားကာ ဦးနှောက်နယ်ပယ်ကလည်း သိသိသာသာဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထို့နောက် သာမန်လူသားများအနေနှင့် လက်လှမ်းမမီသော ရုပ်ပိုင်းဆိုင်ရာခွန်အားများကိုပါ ရရှိခဲ့သည်။ ဟွာရှားမြေပေါ်တွင် သူတို့က အစောဆုံးမြို့ပြငယ်များကို တည်ထောင်ခဲ့ကြသည်။
အင်အားကြီးမားပြီး ချမ်းသာကြွယ်ဝသောကြောင့် ထိုအချိန်တုန်းက ဘယ်လူမျိုးစုကမှ သူတို့ကို မယှဉ်ရဲခဲ့ကြပေ။ ကျန်းမိသားစုထံတွင် နယ်မြေအမြောက်အများနှင့် အစေခံများလည်း ပါရှိပေသည်။
သူတို့၏ဩဇာအရှိန်အဝါကြီးမားကြောင်း ပြသရန်အတွက် ကျန်းမုန့်လောင်၏ဘိုးဘေးများက ထိုသို့သောမိသားစုအမှတ်တံဆိပ်တစ်ခုကို ဖန်တီးခဲ့ကြသည်။
မျိုးနွယ်စုအမှတ်တံဆိပ်၏အရောင်များမှာ ခရမ်းရောင်၊ အနီရောင်နှင့် ရွှေရောင်တို့ပင်။ ခရမ်းရောင်ဆိုသည်မှာ ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်များအတွက် သီးသန့်သတ်မှတ်ထားသည်။ အနီရောင်မှာမူ ကျန်းမိသားစု၏လူယုံများ၊ လက်အောက်ခံမိသားစုများနှင့် လူမျိုးစုများအတွက်ပင်။ ရွှေရောင်ကတော့ ပုံစံအရ မြင့်မြတ်ပုံပေါ်သော်ငြား တကယ်တမ်းတွင်မူ အရောင်သုံးရောင်ထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်သည်။
ရွှေရောင်သည် အစေခံများကို ကိုယ်စားပြုသဖြင့် ကျန်းမိသားစု၏ အစေခံများအတွက် ရည်ရွယ်ထားခြင်းပင်။
ကျန်းမိသားစုက အင်အားပိုမိုကြီးထွားလာသည်နှင့်အမျှ လက်အောက်ခံအင်အားစုများနှင့် မျိုးနွယ်စုများကလည်း မိသားစု၏နယ်မြေများကို ချဲ့ထွင်ရန်အတွက် တဖြည်းဖြည်းလူစုခွဲသွားကြသည်။ တချို့ကမူ ကျန်းမိသားစု၏ ကာကွယ်စောင့်ရှောက်မှုကို မရတော့သည့်အတွက် သဘာဝဘေးနှင့် ရောဂါဘယများကြောင့် အချိန်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ကံကောင်းသူများလည်းရှိ၏။ သူတို့သည် ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်များထံမှ စိုက်ပျိုးရေး၊ သတ္တုဗေဒနှင့် အခြားအထူးစွမ်းရည်များကို သင်ယူကြရသည်။ ဤအစွမ်းအစများကြောင့် သူတို့လည်း သူတို့ကိုယ်ပိုင်မျိုးနွယ်စုများကို တည်ထောင်ခဲ့ကြသည်။
ဤရွှေရောင်အမှတ်တံဆိပ်ကို ကြည့်ခြင်းအားဖြင့် ထိုနိုင်ငံမှာ လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်ကျော်ခန့်က ကျန်းမုန့်လောင်၏အစေခံများ တည်ထောင်ထားသောနိုင်ငံပင် ဖြစ်ချေသည်။
*******************